Thursday, September 30, 2021

အလောင်းဘုရား နှင့် မယ်ယွန်းစံ


 

❝ အလောင်းဘုရား နှင့် မယ်ယွန်းစံ ❞

အလောင်းဘုရား နှင့် မယ်ယွန်းစံတို့ကား မောင်နှမ တစ်ဝမ်းကွဲ ဘဝမှ “ ဆွေချင်း ထပ်လျှင် မြတ် ၊ မျိုးချင်း ခြုံလျှင် လုံ ” ဟူသော မြန်မာစကားပုံအရ အကြင်လင်မယား အဖြစ်သို့ ရောက်ကြသူများဖြစ်သည် ။

အလောင်းဘုရား ၏ မယ်တော် စောငြိမ်းဦး နှင့် မယ်ယွန်းစံ ၏ ဖခင် ဦးဖြိုးမြ တို့မှာ မောင်နှမအရင်း ဖြစ်၏ ။ ဦးဖြိုးမြ သည် မုဆိုးဘို နှင့် ၁၀ မိုင် ခန့် ဝေးသော စည်ပုတ္တရာမြို့တွင် ထောင်မှူး ဖြစ်သည် ။ သူတို့နှစ်ဦး လက်ထပ်စဉ်က သတို့သား မောင်အောင်ဇေယျ ( အလောင်းဘုရား အလောင်းလျာ ) မှာ ၁၉ နှစ် ၊ သတို့သမီး မယ်ယွန်းစံ မှာ ၁၇ နှစ် ဖြစ်၏ ။

ထို ငယ်လင် ငယ်မယား တို့မှ ပေါက်ဖွားသူတို့မှာ သားတော် ၆ ပါး သမီးတော် ၃ ပါး ဖြစ်၏ ။ အားလုံး ၉ ပါး ဖြစ်၍ နဝရတ် ၉ ပါးနှင့် နှိုင်းယှဉ်ကာ “ ရတနာမဏ္ဍိုင် ၊ ပင်ရင်းခိုင်၍ ရောင်ဆိုင်ဖြူးဖြူး ၊ လေဖြာမြူးလျက် ” စသဖြင့် စပ်ဆို ချီးကျူးခဲ့ကြသည် ။ ထိုသို့ မြင်တော်မူသော သားတော် သမီးတော်များ၏ ထူးခြားသော ကုသိုလ်အဟုန်မှာ ရွှေလက်ထက်တော်အတွင်း တစ်ဦး တစ်ယောက် မျှ ဖိတ်စဉ် ပျက်စီးခြင်း မရှိချေ ။

သားတော်များကား ( ၁ ) မောင်လောက် ခေါ် နောင်တော်ကြီး ဘုရင် ၊ ( ၂ ) မောင်ရွ ခေါ် ဆင်ဖြူရှင်ဘုရင် ၊ ( ၃ ) မောင်ပိုး ခေါ် အမြင့်မြို့စား ၊ ( ၄ ) မောင်ဝိုင်း ခေါ် ဘိုးတော်ဘုရား ၊ ( ၅ ) မောင်စိုး ခေါ် ပခန်းမြို့စား ၊ ( ၆ ) မောင်ဖိုးရှင် ခေါ် ပင်းတလဲမြို့စားတို့ ဖြစ်၍ ၊ သမီးတော် ၃ ပါးတို့ကား ( ၁ ) မယ်သာ ၊ ( ၂ ) မယ်မြတ်လှ နှင့် ( ၃ ) မယ်အိပ် တို့ ဖြစ်သည် ။

ဦးအောင်ဇေယျ ကိုယ်တိုင် ထွန်ယက်လုပ်ကိုင်သော ယာခင်းမှာ ယခု တည်ရှိသော “ ရွှေတန်းစာ ” ဘုရား ပတ်လည်တွင် ရှိ၏ ။ “ ထိုယာခင်းအနီး ဘုရားပျက်ကို ရှာဖွေပြင်ဆင်ပါက သင့်အလိုအတိုင်း ပြည့်စုံအံ့ ” ဟူသော အိပ်မ က် အရ ဦးအောင်ဇေယျ သည် ဇနီး မယ်ယွန်းစံ နှင့်အတူ ပေါက်တူးနှင့် တူးရွင်းများ ကိုင်ဆောင်ရှာဖွေကြသည်  ။ ကျယ်ဝန်းပြန့်ပြူးသော မြေအပြင်၌ တောင်ပို့တစ်ခု တွေ့၍ စည်းခြံ ကာရံထားခဲ့သည် ။ အိမ်သို့ရောက်လျှင် မယ်ယွန်းစံ က ( ဟဲ့ သား …. မောင်လောက် ၊ မောင်ရွ ၊ မောင်ပိုး ၊ မောင်ဝိုင်းရို့ ၊ ငါ့သားများ စားရဖို့သာ ပြင်ထားကြပေတော့ ။ မောင်တို့ အဖေက ဥစ္စာသိုက် တွေ့ခဲ့၍ စည်းချ ကာရံထားခဲ့သည် ” ဟု ပြက်ရယ်ပြု၏ ။

နောက်တစ်နေ့၌ ရပ်သူရွာသား ပန်းရန်သမား တို့နှင့် သွားရောက်တူးဖော်သော် ဌာပနာတိုက်နှင့် တကွ စေတီဟောင်း တို့ကို တွေ့၍ ဦးအောင်ဇေယျ က ထပ်မံ ပြုပြင်တည်ထား ကိုးကွယ်လေသည် ။ ဘုရား ပြင်ပြီး၍ မကြာမီပင် ဦးအောင်ဇေယျ ၏ လက်ရုံးမှ မီးရောင်တောက်ခြင်းများ ဖြစ်ပေါ်လာ၏ ။

ထိုနှစ် ( ၁၁၁၁ ) တွင် အင်းဝ ရွှေနန်းရှင် ဘုရင်ကိုယ်တိုင် မြင်တော်မူသော အိပ်မ က်ကား “ မြောက်အရပ်သို့ ရှုစားရာ ၊ အရှေ့အရပ်မှ နေဗိမာန်သည် ၊ ကြယ်တာရာအပေါင်း ခြံရံလျက် ၊ အနောက်အရပ်သို့ ကြွမြန်းသည် ” ဟူ၍ ဖြစ်၏ ။ အမတ်များက မြောက်အရပ်၌ မင်းလောင်းပေါ်မည့် နိမိတ်မှန်း သိသော်လည်း ဘုရင်ကို ကြောက်ရွံ့၍ “ နေမှာ အင်းဝဘုရင် ၊ ကြယ်တာရာများမှာ ပဒေသရာဇ်မင်းများ ခစားပုံ ” ဟူ၍ လျှောက်တင်၏ ။

တစ်နေ့သောအခါ ဦးအောင်ဇေယျ သည် တောသို့ ယာထွန်သွားရာ နေမြင့်သောအခါ ခေတ္တနားနေ၏ ။ သစ်ပင်ရိပ်တွင် လဲလျောင်းရင်း အိပ်ပျော်သွား၏ ။ ထိုအခိုက် အိမ်မှ ထမင်းပို့လာသော အစေခံ မငြိမ်း ရောက်လာ၏ ။ ဦးအောင်ဇေယျ ၏ လက်ယာလက်ရုံး မှ အခိုးအလျှံနှင့် မီးတောက်ထလာသည်ကို မြင်သော် အူယားဖားယား ချဉ်းကပ်ကာ မိမိ၏ တဘက်ဖြင့် မီးကို ပုတ်သတ်၏ ။

ဦးအောင်ဇေယျ အိပ်ရာမှလန့်နိုးကာ အသို့နည်းဟု မေးရာ ကျွန်မက “ အရှင့်လက် မှ မီးခိုးမီးတောက် မြင်၍ ငြိမ်းသတ်မိသည် ” ဆို၏ ။ ဦးအောင်ဇေယျ လည်း “ သည်အတိုင်း မှန်လျှင် တောစကား တောမှာ ပျောက်စေ ၊ ရွာ မရောက်စေနှင့် " ဆိုကာ နှုတ်ပိတ်စေ၏ ။ သူ့အဖို့၌ကား စကြာရတနာကို မျှော်လင့်ချိန်တွင် ရရှိသော စကြမင်းကဲ့သို့ ပြန့်ကျယ်သော ပီတိရလျက် ဣန္ဒြေမပျက် နေလေသတည်း ။

အစေခံမလည်း အိမ်သို့ပြန်လာပြီးနောက် ဆင်ခြင်သည်ကား “ ငါတို့၏ အရှင်သည် ဘုန်းပညာနှင့်ပြည့်စုံသည် ။ မြောက်ဘက် မှ မင်းလောင်းပေါ်မည် ဟူသော တဘောင်လည်း ထွက်နေသည် ။ အရှင့်ကို ရည်ညွှန်းခြင်းကြောင့် မချွတ်ပင် အရှင်သည် ဘုန်းသမ္ဘာရှင် ဖြစ်မည် ။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ အရှင့်အား ရှင်ဘုရင်သဖွယ် ပြုစုအံ့ ” ဟု အထူးတလည် ဝတ်ပြုလေသည် ။

တစ်ညသ၌ သန်းခေါင်ကျော်လောက်တွင် ဇနီး မယ်ယွန်းစံ နိုးကြားနေခိုက် ဦးအောင်ဇေယျ ညာလက်ရုံးမှ မီးခိုးမီးလျှံများ ထရာ တစ်အိမ်လုံး ထိန်လင်းနေ၏ ။ မယ်ယွန်းစံ မြင်သော် အနီးရှိ ခြုံစောင်တို့နှင့် အုပ်ဖုံး သတ်ငြိမ်းလေ၏ ။ ဦးအောင်ဇေယျ နိုးသော် သူ့လက် မှ မီးထတောက်ကြောင်း မယ်ယွန်းစံက ပြောပြ၏ ။ “ သည်စကား သည်တွင်ပြီးစေ ၊ တစ်ပါး မရောက်စေနှင့် " ဟု တားမြစ်ပြန်လေ၏ ။

မယ်ယွန်းစံက " ကိုအောင်ဇေယျ ၊ ရှင်သည် ဘုန်းကြီးသော မင်းယောက်ျားဖြစ်သည် ။ မမေ့မလျော့သော သတိနှင့် ပြည့်စုံအောင် နေလေ ” ဟု ဆိုပြီးလျှင် ထိုနေ့မှစ၍ မင်းတို့၌ ပြုအပ်သော ဝတ္တရားအတိုင်း မယ်ယွန်းစံ က ပြုစုလေသည် ။

••••••  ••••••  ••••••

တစ်ရွာ၌ နေသော ဦးအောင်ဇေယျ ၏ သူငယ်ချင်း တစ်ယောက် အိပ်မ က် ရသည်ကား သူတို့ထံသို့ ဝတ်ဖြူစင်ကြယ်နှင့် လူတစ်ယောက် လာကာ “ နက်ဖြန် မိုးသောက်လျှင် သင့်အိမ်သို့ ရှင်ဘုရင်လင်မယား ယာဉ်ကိုစီး၍ တောင်အရပ်က လာလိမ့်မည် ။ မင်းတို့၌ ပြုအပ်သော ဝတ္တရားနှင့်အညီ ပြုစုလေ ။ သင့်အား စောင်မ ကြည့်ရှုသွားလိမ့်မည် ” ဟု မှာကြားလေသည် ။ အိပ်ရာမှ နိုးသောအခါ လူကြီးမိဘများကို ပြောပြပြီးနောက် သိကြားတို့ နှိုးဆော်ချက်အတိုင်း စားသောက်ဖွယ်ရာများ ခင်းကျင်းကာ စောင့်စားနေ၏ ။

ထိုသူငယ်ချင်းထံမှ အကြွေးငွေ ၅ဝ ကျပ် ရရန်ရှိ၍ ဦးအောင်ဇေယျ ဇနီးမောင်နှံတို့ လှည်းယဉ် နှင့် ထွက်ခဲ့ကြရာ ထိုရွာသို့ နံနက်ခင်းပင် ရောက်ကြ၏ ။ ရှင်ဘုရင် ကို စောင့်မျှော်နေသူက “ ငါ့အိပ်မ က် ၌ ရှင်ဘုရင် လင်မယား လာမည်ဆိုရာ ယခုကား အောင်ဇေယျ တို့ လင်မယား ပေါ်လာသည် ။ အောင်ဇေယျ တော့ ရှင်ဘုရင်စော် နံတဲ့လူ ” ဟု ဆီးကြိုနှုတ်ဆက်၏ ။

ဦးအောင်ဇေယျ က “ မင်းပြောသည့်အတိုင်း မှန်လျှင် နိမိတ် ကောင်းသည် ။ မင်းစကားကို ငါက ပူဇော်ထိုက်သည် ။ ထို့ကြောင့် ငါတို့ကို ပေးရန်ရှိသော အကြွေးငွေကို စာရင်းပယ်မည် ။ မပေးပါနှင့်တော့ ” ဟု ဆို၏ ။

ခင်းကျင်းထားသော စားသောက်ဖွယ်တို့ကို သုံးဆောင်ပြီးနောက် ဦးအောင်ဇေယျ က “ မင်းပြောတဲ့စကားကို မင်းအိမ်မှာပဲ ပြီးပါစေကွယ် ၊ တစ်ပါးကို မပေါက်ကြားစေလင့် ” ဟု သူငယ်ချင်းအား နှုတ်ပိတ်ပြီး ပြန်သွားလေသည် ။

မြောက်ဘက်တွင် မင်းလောင်းပေါ်မည် ဟူသော တဘောင်တို့ ခေတ်စားလာ၏ ။

မြောက်ဘက်တစ်ခို ၊ မုဆိုးဘို
မိုးခိုပါစို့ ၊ ညည်းနှင့်တို့ ၊
တိုင်းရက်သည့် ပက္ကလာ
မိုးရွာသည်နှင့် အသင့်ပဲ ။
တို့မေလေး မကျေဖျက်
မြောက်ဘက်ကယ်တဲ့ ဟိုတစ်ခို
ပြေးစို့ နှစ်ကိုယ် ။
ဆိုင်းစိုစိုက
ရန်လုံးဖြိုပါတဲ့
ပြည်ရွှေဘို ထိုမြို့မှာ
မိုးခိုစို့လေး ။

ပေါ်ပေါက်သမျှ တဘောင်တို့မှာ အများအားဖြင့် မုဆိုးဘိုသား ဦးအောင်ဇေယျ သို့သာ ဦးတည်နေကြ၏ ။ ထို့ကြောင့် သူ၏ သူငယ်ချင်းများ အိမ်သို့ အလည်သွားလျှင် “ ဟေ့ အောင်ဇေယျ ၊ မင်းလာလျှင် တယ်ပြီး ရှင်ဘုရင်စော် နံသကွာ ၊ မလာပါနှင့် ။ တို့တစ်တွေ ရာဇဝတ် သင့်ကုန်ပါမယ် ” ဟု ကျီစယ် ပြောဆိုလေ့ ရှိကြ၏ ။

ထို တဘောင် သတင်းများကို နေပြည်တော်က ကြားသိရာ စဉ့်ကိုင် တွင် အင်းဝဘုရင် ၏ နောင်တော်သဖွယ် သူကောင်းပြုထားသူ သတိုးမင်းခေါင် ခေါ် တောင်ငူရာဇာ က မောင်အောင်ဇေယျ ကို ခေါ်ယူ စစ်မေး၏ ။ “ ရှင်ဘုရင်စော်နံသည် ဆိုကြသည် ၊ ဆိုသည့်အတိုင်း မှန်သလော ” ဟူသော မေးခွန်းကို သည်ကား “ ဤစကားကို ရွှေနားတော်ကြား ပြောဆိုကျော်ကြားခြင်းမှာ မလိုသူတို့ ကုန်းချောခြင်းသာ အရင်းခံ ဖြစ်ပါသည် ” ဟူ၏ ။

တောင်ငူရာဇာ က မောင်အောင်ဇေယျ ၏ ရဲရင့်တည်ကြည်ခြင်း ၊ ရူပနိကာယ် ကောင်းခြင်းတို့ကို ထောက်ရှုကာ ယာယီယတြာများ ပြုလုပ်၏ ။ မုဆိုးဘို ကို ရွှေဘို ဟု အမည်ပြောင်းစေ၍ ထိုအရပ်ရှိ ရွှေတန်းစာ စေတီ၏ မြောက်ဘက်တွင် ကိန်း‌ေချ တဲနန်း ဆောက်စေရသည် ။

•••••  ••••••  •••••

ဦးအောင်ဇေယျ သည် မုဆိုးဘို အရပ်၌ ရိုးရိုးကုပ်ကုပ် တောင်သူလုပ်ငန်းနှင့် တင်းတိမ်နေသူ မဟုတ် ။ တိတ်နိမိတ်များကို သူကိုယ်တိုင် ယုံကြည်သည်ဖြစ်၍ အထွတ်အထိပ်သို့ ရောက်ရန် လိုအပ်သော စည်းရုံးရေး ၊ လေ့လာရေး များကို အမြဲအားထုတ်လျက် ရှိ၏ ။ အင်းဝမြို့ အရေးအခင်းများကို လူထောက်လွှတ်ခြင်း ၊ ကိုယ်တိုင်သွား၍ စုံစမ်းခြင်း ပြုလေ့ရှိသည် ။

ထိုသို့ လေ့လာရေးခရီး ထွက်ရင်း စစ်ကိုင်းမြို့တွင် မယားငယ် တစ်ယောက် ရှိလေရာ နောင်အခါ မိဖုရားငယ်တစ်ဦး ဖြစ်လာသည် ။ ဦးအောင်ဇေယျ သည် မြင်းစီး၍ စစ်ကိုင်း သို့ လာပြီးလျှင် ထိုမယားငယ် အိမ်တွင် နားနေ စားသောက်ပြီးမှ ဈေးဝယ်ကာ မုဆိုးဘို သို့ ပြန်လေ့ရှိသည်ဟု ဦးမောင်ကြီး ရေးသော စာအုပ်၌ ပါရှိသည် ။

တစ်ကြိမ်က စစ်ကိုင်း သို့ ထွက်ခွာခါနီးတွင် မယ်ယွန်းစံ က သူ့အတွက် ပိုးခါးစည်းကြိုးတစ်ချောင်း ခပ်ကောင်းကောင်း ဝယ်ခဲ့ရန် မှာကြားလိုက်၏ ။ ဦးအောင်ဇေယျ က “ ကောင်းပြီ ” ဟု ဝန်ခံခဲ့ပြီး စစ်ကိုင်းဈေးတွင် ရှာဖွေရာ မရချေ ။ အင်းဝဘက်သို့ ကူး၍ ရှာမည်ပြုရာ မယားငယ် ကလည်း ပိုးခါးစည်းကြိုး တစ်ချောင်း အပို ဝယ်ယူခဲ့ရန် မှာပြန်တော့သည် ။

အင်းဝဈေး ၌ ဦးအောင်ဇေယျ က မယား ၂ ယောက် အတွက် ပိုးခါးစည်းကြိုးများ ရှာဖွေရာ ရှားပါးခိုက်ဖြစ်၍ တစ်ချောင်းသာ ရလေသည် ။ ထို့ကြောင့် ချည်ခါးစည်းကြိုး တစ်ခု အစားထိုး ဝယ်ယူခဲ့လေသည် ။ စစ်ကိုင်း သို့ ပြန်ရောက်လျှင် မယားငယ် က ပိုးခါးစည်းကြိုးကို ဦးစွာ ယူလိုက်လေသည် ။

[ မှတ်ချက် ။  ။ အလောင်းမင်းတရားကြီး၌ မိဖုရားခေါင်ကြီး ခင်ယွန်းစံ အပြင် ကိုယ်လုပ်တော် ၆ ဦး ရှိရာ စစ်ကိုင်းမြို့တွင် ပိုးခါးစည်းကြိုးနှင့် ပတ်သက်သူမှာ ရှင်ငယ် ဖြစ်ဟန် တူ၏ ။
( ၁ ) ရှင်မင်းသူ ( သမီးတော် ပဒုမ္မဒေဝီ )
( ၂ ) ကျောက် မြောင်းကတော် ( သားတော်မင်းရဲဖျား )
( ၃ ) စိတ္တမဟေ ( သားတော် မင်းရဲညွန့် )
( ၄ ) ရှင်မင်းပြေ ( မင်းလှစည်သူ သမီး )
( ၅ ) ရှင်ရွှေခဲကြီး ( သမီးတော် မင်းရွှေမြ )
( ၆ ) ရှင်ရွှေငယ် ( သမီးတော် မင်းညိုမြ ) ]

မယားကြီး မယ်ယွန်းစံ ၏ မှာကြားချက်ကို ဦးအောင်ဇေယျ က သတိရ၏ ။ မယားငယ် ထံမှ ပိုးခါးစည်းကြိုးကို တောင်းဆိုရာ မရချေ ။ သို့သော် ဤပိုးခါးစည်းကြိုး တစ်ချောင်းအတွက် အရေးမကြီးလှ ၊ နောင်အခါ အခွင့်သင့်ဦးမည် မလွဲဟု နှလုံးပိုက်ကာ စစ်ကိုင်း မှ ပြန်ခဲ့သည် ။

မုဆိုးဘို သို့ ပြန်ရောက်သော် မယ်ယွန်းစံ သည် သူ မှာလိုက်သော ပိုးခါးစည်းကြိုး ရခဲ့၏လော ဟု မေးလေတော့သည် ။ ဦးအောင်ဇေယျက “ သည်တစ်ခေါက် အဆင်မသင့်၍ မရခဲ့သေးပါ ၊ ခေတ္တ အသုံးပြုရန် ချည်ခါးစည်းကြိုး ဝယ်ခဲ့ပါသည် ” ဆို၏ ။

မယ်ယွန်းစံ ။  ။ ကိုအောင်ဇေယျ ၊ ရှင့်ကို ကျုပ် မှာစဉ်က ပိုးကြိုးကို မှာသည် ၊ ယခု ဝယ်ခဲ့သည်ကား ချည်ကြိုး ဖြစ်နေသည် ။ ကျုပ်လို ဇနီးဟောင်းကိုပင်လျှင် ခါးစည်းကြိုး တစ်ချောင်းကိုမျှ ရှင်က မကြည်ဖြူနိုင်တကား ။

အောင် ။  ။ ယခု အချိန်မှာ ကာလဒေသ မကောင်းသည့် အခိုက်ဖြစ်၍ ကုန်ဈေးနှုန်း ကြီးမြင့်သည် ။ မိန်းမတစ်ဦး ကလည်း ပိုကြိုးကိုပင်မှာသဖြင့် သူ့ကို လက်ဆောင်ပါးခဲ့ရသည် ။ ပါရှိသော ငွေမှာလည်း မလုံလောက်ပါ ။ ပိုး နှင့် ချည် တစ်စုံသာ ဝယ်နိုင်ခဲ့သည် ။ နောင် အခွင့်သင့်က ထပ်မံ ဝယ်မည်သဘောပိုက် မိပါသည် ။

မယ်ယွန်းစံ ။  ။ ကိုအောင်ဇေယျ ၊ ရှင့်ကို ကျုပ်က နောင်အရေးမြော်၍ အရှင်သခင် အမှတ်ဖြင့် လုပ်ကျွေးခဲ့သည်ကား ကြာမြင့်ခဲ့ပြီး ယခုအချိန် သူလို ငါလို ဆင်းရဲသားဘဝ၌ပင် ရှင့်အလိုအတိုင်း ရှင် ပြုဘိ၏ ။ နောင် အထွတ်အထိပ်သို့ ရောက်သော် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း ။ ယနေ့မှစ၍ ရှင့်အရိပ်ကို ကျုပ် မခိုလှုံလိုတော့ပါ ။ ကောင်းဆိုးဟူသမျှကို နောက်နောင် တိုင်ပင် စိုင်းပြင်းခြင်း မပြုလေနှင့်တော့ ။

ဤသို့ဆိုကာ မယ်ယွန်းစံ သည် ခါးစည်းကြိုးကိုလည်း လက် မခံ ၊ ဘာကိစ္စမျှလည်း မဆက်ဆံဘဲ မိမိ၏ သမီးများနှင့် စည်ပုတ္တရာမြို့ ဆွေမျိုးများထံ သွားရောက်ကာလယ်ယာလုပ်ကိုင် စားသောက် နေထိုင်လေတော့သည် ။

••••  ••••••  ••••

ဦးအောင်ဇေယျ သည် မုဆိုးဘို ကို ရန်ကြီးအောင် ဟု ထီးနန်းများ စိုက်ထူသမုတ်ပြီးနောက် စည်ပုတ္တရာမြို့နေ မယ်ယွန်းစံ ကို ဆင် မြင်း ဝေါယာဉ် နှင့် သွားရောက် ပင့်ခေါ်စေ၏ ။ သို့သော် မယ်ယွန်းစံ က သမီးတော်များကိုသာ ထည့်လိုက်၍ သူကိုယ်တိုင်ကား မလိုက်ပါချေ ။

သာယာသော နန္ဒာကန်တော်ကြီး ရစ်ဝိုင်းရာ ပြည်ရွှေဘိုမြို့တော်ကြီးသို့ “ ချစ်၍ခေါ်ရာ ၊ လိုက်တော်မူခဲ့ ၊ မပျောင်းဖွဲ့နှင့် ” ဟူသော စိန္တကျော်သူ ရတုအတိုင်း မယ်ယွန်းစံ ကို ဦးအောင်ဇေယျ နန်းတက်ချိန်၌ ခေါ်ယူပါသော်လည်း မလိုက် မပါသောကြောင့် ရာဇပရိယာယ်ကို သုံးရလေသည် ။ ထိုနည်းကား မယ်ယွန်းစံ နေထိုင်ရာ စည်ပုတ္တရာမြို့နယ် ကို တစ်ပါးသော မြို့နယ်များထက် အခွန်ဘဏ္ဍာများ တိုးတက်ကောက်ခံစေခြင်း ဖြစ်သည် ။ အခွန် မကျေလည်သူများကို မောင်းတီး၍ လေလံပစ်စေ၏ ။ ထိုသောအခါ စည်ပုတ္တရာနယ် တွင် လူသူတို့သည် အိုးကင်း၌ လှော်အပ်သော စပါးကဲ့သို့ ဆူဆူပူပူ ရှိကြလေသည် ။

ရပ်ရွာသူကြီးများ ပေါင်းစု စည်းဝေးကာ အခွန်တော်ကြီးလေးလှကြောင်း ရွှေနားတော်ပေါက်စေရန် မယ်ယွန်းစံ ကို ချဉ်းကပ် စေလွှတ်ကြသည် ။ မယ်ယွန်းစံ လည်း ရပ်ရွာသူကြီးတို့၏ အလိုကို မပယ် မငြင်းနိုင်ရကား ၊ သူ့လင် ဦးအောင်ဇေယျ ကြိုက်တတ်သော မုန့်ဆန်းကလေးများကို သန့်စင်သော အဝတ်ဖြူတွင် ထုပ်၍ ဦးခေါင်း၌ ရွက်ပြီးလျှင် ပြည်ရွှေဘိုသို့ သွားလေ၏ ။ ရောက်သော် နံနက်ညီလာခံနှင့် ကြုံကြိုက်၍ သားတော် သမီးတော် ၊ မှူးတော်မတ်တော်တို့ အစုံရှေ့တွင် ဝင်ရောက် ခ စားလေသည် ။

မုန့်ဆန်းထုပ်ကလေးကို ရွက်လျက် ဝင်လာသော မယ်ယွန်းစံ ကို အလောင်းမင်းတရား ဦးအောင်ဇေယျ မြင်သော် နေရာထိုင်ခင်း ပေး၍ အကြောင်းကို မေး၏ ။ မယ်ယွန်းစံ က မုန့်ဆန်းထုပ်ကလေးကို ဖြေ၍ ပြ၏ ။

အောင် ။  ။ ဪ - ငါ့မိန်းမ ၊ သည်တစ်ခါ မုန့်ဆန်းကိုလက်ဆောင်ပြု၍ မြောက် နန်းမ ကို လုရန်ပင် လာသည် တမင့် ။

မယ်ယွန်းစံ ။  ။ကိုအောင်ဇေယျ ၊ ရှင့် မြောက်နန်းကို ရည်မှန်း၍ ကျုပ်လာသည် မဟုတ် ၊ ယခု စည်ပုတ္တရာ နှင့် စည်သာ တစ်ခွင်မှာ မင်းတိုင်းမင်းကြေး အခွဲအခန့် များလွန်းသည် ။ ပြည်သူ ဆင်းရဲသားတို့အလုပ်အကိုင်မှာ အခါတစ်ပါးနှင့် မတူ ။ မိုးခေါင်ရေရှားသည်က တစ်ဖက် ၊ စစ်ကြီးမ က် ကြီး အထွက်အရောက် များ၍ ဆင်းရဲသားတို့ ပြေးလွှား ရှောင်တိမ်းကြရသည်က တစ်ဖက် ၊ ခိုးသားဓားပြ စသည်တို့ကလည်း ကျွဲနွား ဆင်မြင်း တို့ကို မောင်းနှင် သိမ်းယူသွားကြသည်က တစ်ဖက် ၊ ဒီလို အပျက်အစီး ရှိနေကြသည့်အတွင်း အခွန်တော် မဆောင်နိုင်သူများကို မောင်းတီး လေလံပစ်ကာ ခြောက်လိုက် ၊ ကြိမ်းလိုက်ဖြင့် ပစ္စည်းကို သိမ်းယူသော အလုပ်ကို ရှင်က လုပ်စေသည့်အရာမှာ ပြည်ရွာတိုင်းကားကို စည်ကားဖွံ့ဖြိုးအောင် လုပ်သည် မမည် ။ ကိုယ့်ပြည် ကိုယ့်ရွာ ကိုယ်သာ ပျက်စီးသည် ဖြစ်ရာ၏ ။

ရှင့်ကို ကျုပ် အထူး သွန်သင်ရန် မလိုပါ ။ ဟံသာဝတီရောက် မင်းတရားကြီး သည် ရှေးမင်းတို့၏ ကျင့်ထုံးကို နှလုံးမမူသဖြင့် ရဟန်းရှင်လူတို့မှာ ညှိုးနွမ်း ဆင်းရဲလှသဖြင့် ဆူပူတော်လှန်ကြရာမှ ထီးနန်းကို စွန့်ရသည် အထိ ဖြစ်သည် ။ ရှင်ကလည်း မင်းကျင့်တရားများ လေ့လာခဲ့ပြီး ယခု ပြည့်ရှင်မင်း အဖြစ်သို့ ရောက် မှ ရှေးထုံးကျင့်ခန်းများကို မေ့မေ့လျော့လျော့ ရှိနေသည့် အရာမှ ကဲ့ရဲ့ဖွယ်ရာ ဖြစ်သည် ။ သို့ဖြစ်၍ ရှင့်လူများပင် ရှင် ခေါ်ယူဖျောင်းဖျ၍ ဆုံးမပါဦး ။

အောင် ။   ။ မယ်ယွန်းစံ ယခု ဤနိုင်ငံကို အုပ်ချုပ်၍ မင်းလုပ်ရသည် ဆိုငြားလည်း အလုံးစုံ ပိပြားသေဝပ် မရှိကြလေသေးပါ ။ ခိုးသားဓားပြ မအေးကြသေးသည့်အခါ ပြည်ရွာကစဉ့်ကရဲ လက်ကျဲ အုပ်ချုပ်ရချိန်တွင် ငြိမ်းချမ်းမှု မရှိနိုင်သေးပါ ။ ငါ၏ ရှေ့ရောက် မျက် မှောက် မထင် မမြင်ကွယ်ရာမှာ ဖြစ်ကြ ပျက်ကြသည့် အရာကို ငါမတတ်နိုင်ချေ ။ မြို့ဝေးပြည်ကွာ လွတ်ရာပေါက်စား တစ်ပါးအရပ်မှာ နေပြီး ထပ်ကာ ထပ်ကာ တိုင်ကြားလာလည်း အချည်းအနှီးပင် ။ မယ်ယွန်းစံ အနေဖြင့် ရွှေဘုံရွှေနန်း စံဆန်းရိပ်ငြိမ် မင်းစည်းစိမ်ကို မြန်မြန်ခံစား၍ ဤရွှေနန်းတော်ကြီးတွင်ပင် စံနေပါတော့လော ။

မယ်ယွန်းစံ ။   ။ အရှင်ဘုရင်က ချီးမြှောက်၍ ဘုန်းကျက်သရေ ရှိလေတုံလည်း အရှည်မကြာ ခဏတာကို သာယာနှစ်သက်ပြီး နောင် အမျက်ပွားရန်ကိုလည်း ကျုပ် မလို ။ ကိုယ်နှင့်အသက် မပျက်တည်ရှိစဉ် ရသလောက်နှင့် တင်းတိမ် မြိန်သလောက်သာ စားသုံး၍ စိတ်ချမ်းမြေ့ရာတွင် ကျုပ် နေပါတော့မည် ။ ကျုပ်နေရာအရပ်တွင် အခွန်ဘဏ္ဍာ အပြင်းအထန် မကောက်ခံအောင် ရှင်က အမှာစာတစ်စောင် ရေးလိုက်ပါ ။

မယ်ယွန်းစံ ကို မလွန်ဆန်နိုင်သည်နှင့် သူကြီး ၊ မြေတိုင်း အမှုထမ်းတို့အား လျှော့ပေါ့ အုပ်ချုပ်ကြစေရန် အမိန့်တော် ထုတ်ပေးသည်ဟု ရှေးမီသူတို့ အဆိုရှိသည် ။

စိတ်ကောက်နေသော မယ်ယွန်းစံ သည် စည်ပုတ္တရာ ၌ လင်သားများနှင့် ခွဲခွာလျက် ကြာကြာနေနိုင်ပုံ မရချေ ။ ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက် နေ့၌ ဦးအောင်ဇေယျ သည် အင်းဝမြို့ကို သိမ်းပိုက်ပြီးနောက် ကျောက် မြောင်း သို့ ပြန်ရောက်ချိန်တွင် “ မိဖုရားခေါင်ကြီး မယ်ယွန်းစံ နှင့် သားတော် သမီးတော်တို့ ကြိုဆို ဖူးမြော်ကြသည် ” ဟု ရာဇဝင်၌ ပါရှိ၏ ။ ထိုမှ အညာသီဟတော သို့ မိသားစုအားလုံး ဘုရားဖူးသွားတော်မူကြသည် ။

◾ ညိုမြ

📖 ကုန်းဘောင်ရှာပုံတော်

koaungnaingoo.blogspot.com

.

No comments:

Post a Comment