❝ ကျောင်းသားများသွေး မြေသို့ကျသောနေ့ ❞
ဒီဇင်ဘာလ ၂ဝ ရက်နေ့ ။
ကျောင်းသားများသွေး မြေသို့ ကျသောနေ့ ။
နံနက်ခင်း ဆီးနှင်းတွေက ဝေဝေ ၊ နေခြည်နုကလည်း မဖောက်ထွင်းနိုင်သေး ။ မြောက်လေကလေး
ကလည်း သွေးလျက်ရှိပေရာ အတော်ပင် အေးနေပေသည် ။
သို့ရာတွင် ကျွန်တော်တို့ ကျောင်းသားများသွေးကား ပူဝေလျက်ရှိပေသည် ။ အအေးအချမ်းကို
ဂရုမပြုဘဲ အစောကြီးထကြသည် ။ ခပ်စောစောကပင် သမဂ္ဂတိုက်သို့ စုဝေးလာကြသည် ။
၇ နာရီ ခွဲ လျှင်ပင် တက္ကသိုလ်သမဂ္ဂခန်းမကြီး ပြည့်ရုံမက လျှံသွားလေသည် ။
အဓိပတိလမ်းမပေါ်တွင်ကား သမဂ္ဂတိုက် မှ ဘွဲ့နှင်းသဘင်ခန်းမအထိ ဘတ်စ်ကားများ စီတန်း
ရပ်ထားသည် ။
၈ နာရီ တွင် ကိုလှရွှေ က ဥက္ကဌ ကုလားထိုင်မှ နေ၍ -
“ ဒီကနေ့ ဗမာပြည်နိုင်ငံရေး ရာဇဝင်မှာ တွင်ရမယ့် ခြေလှမ်းတစ်လှမ်းကို လှမ်းကြရမယ် ၊ ချုပ်ချယ်တဲ့ ဥပဒေကို အာဏာဖီဆန်ကြရမယ် ၊ ဘယ်နေရာဆိုတာ ဘယ်လိုဆိုတာ ခင်ဗျားတို့ကို မပြောသေးဘူး ၊ သို့သော် ကျွန်တော်တို့က အကြမ်းပတမ်းမှု မပါဘူး ၊ ကျွန်တော်တို့ကို အစိုးရက
သေနတ်နဲ့ ပစ်ချင်လည်း ပစ်မယ် ၊ အဲဒါကို လိုက်ကြမလား ”
ပရိသတ်က “ လိုက် မယ် ...” ဟု ပဲ့တင်ထပ်လာသည် ။
ထိုအခါ ကိုလှရွှေ က ထပ်ပြောပြန်သည် ။
“ အောက် မှာ ဘတ်စ်ကားတွေ အဆင်သင့်ရှိတယ် ။ အခုသွားကြမယ် ၊ ကျွန်တော်တို့က ဘယ်သူ့ကိုမှ အတင်း မခေါ်ဘူး ၊ မလိုက်ချင်ရင် နေနိုင်တယ် ၊ တံခါးဖွင့်ထားတယ် ၊ ပြန်နိုင်တယ် ”
တက်ကြွနေသော ကျောင်းသားများက “ မပြန်ဘူး နယ်ချဲ့အစိုးရကို တိုက် မယ် ” ဟု ထစ်ချုန်းလိုက်သည် ။
ထို့နောက် ကျွန်တော်တို့သည် အစုလိုက်အစုလိုက် ကိုယ့်အစုခေါင်းဆောင်နှင့် ကိုယ် စည်းကမ်းတကျ ဖွဲ့ထားပြီး ဘတ်စ်ကားများပေါ်သို့ တက်ကြလေသည် ။
ဘတ်စ်ကားတန်းကြီးသည် တက္ကသိုလ်ရိပ်သာလမ်းမှ ကုက္ကိုင်းဘက်သို့ ၊ ကုက္ကိုင်းလမ်း တစ်လျှောက် မှ တိရစ္ဆာန်ရုံလမ်းကို ဖြတ်ကာ ကန်တော်ကလေးလမ်း ၊ စတော့ကိတ်လမ်း ( သိမ်ဖြူလမ်း ) ၊ မောင်ဂိုမာရီလမ်း တို့အတိုင်း သွားကာ စပတ်လမ်း ( ဗိုလ်အောင်ကျော်လမ်း ) စိန်ပေါ ဘုရားရှိခိုးကျောင်းကြီးရှေ့တွင် ရပ်ကြလေသည် ။ စိန်ပေါဘုရားရှိခိုးကျောင်းကြီးရှေ့တွင် ရန်ကုန် ကျောင်းပေါင်းစုံမှ ကျောင်းသား ၇ဝဝဝ လောက် ရောက်နေနှင့်ကြပြီဖြစ်ရာ ကျွန်တော်တို့ တက္ကသိုလ်
ကျောင်းသားများ ဘတ်စ်ကားပေါ်မှဆင်းရာ “ သခင်မျိုးဟေ့ တို့ဗမာ ” ၊ “ အရေးတော်ပုံအောင်ပါစေ ”
စသည်ဖြင့် ဆီး၍ နှုတ်ဆက်လေသည် ။
မြို့မကျောင်း မှ ကျောင်းသားတပ်ကား မရောက်လာသေး ။ သို့ရာတွင် မစောင့်ကြတော့ဘဲ
အစီအစဉ်အတိုင်း အတွင်းဝန်များရုံးကြီးကို ဝိုင်းကြလေတော့သည် ။ ဘာလုပ်မည်ကို သိသောအခါ
ကျောင်းသားများ ပို၍ တက်ကြွလာကြ၏ ။ အလံများ ၊ စာတန်းများကို ဝှေ့ယမ်းကာ -
“ တို့ခေါင်းဆောင်တွေ ချက်ချင်းလွှတ် ”
“ ပုဒ်ထီး ပုဒ်မ အလိုမရှိ ”
“ အလုပ်သမားအရေး ချက်ချင်းပေး ”
“ လယ်သမားအရေး ချက်ချင်းပေး ”
“ နယ်ချဲ့အစိုးရ ပျက်စီးပါစေ ”
စသော ကြွေးကြော်သံများကို အော်ဟစ်ကြလေသည် ။ လာရောက်ကြည့်ရှုကြသော ပရိသတ်ကလည်း ကျိတ်ကျိတ်ခဲခဲ စည်ကားလေသည် ။
အတွင်းဝန်များရုံးကြီး တံခါးပေါက်တိုင်းတွင် အစုလိုက်အစုလိုက် ပိတ်ဆို့ထားကြရာ စပတ်လမ်းဘက် သူရိယသတင်းစာတိုက်နှင့် မျက်နှာချင်းဆိုင်အပေါက်တွင် လူ ၇ဝဝ လောက် ပါမည်ဟု
ခန့်မှန်းရသော အဖွဲ့ကို အစုလိုက် ပိတ်ဆို့ထားပေသည် ။
၁၅ ရက်နေ့ အာဏာဖီဆန်ရေး အင်အားပြပွဲတွင် အမျိုးသမီးများ ပါဝင်ခွင့်မရခဲ့သော်လည်း
အတွင်းဝန်များရုံး ဝိုင်းရာတွင်မူ ကျောင်းသူများ ပါဝင်ခွင့် ရလေသည် ။ မြို့ပေါ် ကျောင်းပေါင်းစုံမှ
ကျောင်းသူများ လာကြရာ အများစုမှာ မြူနီစပယ် ဗမာကျောင်းသူများ ဖြစ်လေသည် ။ မြို့ပေါ်မှ
ကျောင်းသူများတွင် ဆရာဖေ နှင့် ဆရာကတော် ဒေါ်ညွန့် တို့၏ သမီး မခင်သစ် ကို တွေ့နိုင်ပေသည် ။ မခင်သစ် ၏ ပင်နီနုအင်္ကျီရင်ဖုံးပေါ်တွင် ကျွန်တော် ရောင်းချခဲ့သော ရေနံမြေရင်ထိုး
ဓာတ်ပုံကို တွေ့မြင်လိုက်ရာ ကျွန်တော့်မှာ မခင်သစ် ၏ စိတ်ဓာတ်ကို ကြည်ညိုနေမိရုံမက ကိုယ့်
လက်ရာကို ပရိသတ်ရှေ့မှာ ပြန်မြင်ရသော အနုပညာသည်တစ်ဦးပမာ ဝမ်းသာပီတိလည်း ပြည့်နေပေသည် ။
တက္ကသိုလ်မှ ခေါင်းဆောင်ကျောင်းသူများဖြစ်သော မန္တလေး မအုန်း ၊ ပဲခူး မခင်မြ ၊ ခြင်းကြား
မမကြီး နှင့် ကျွန်တော့် မမြင့်ဦး တို့ကို မတွေ့ရ ။ မမြင့်ဦး ကို မတွေ့ရသဖြင့် အထူး ဝမ်းနည်းမိသည် ။ အားမလို အားမရဖြင့် ဒေါပွခြင်းလည်း ဖြစ်မိသည် ။ သို့သော် တက္ကသိုလ်ကျောင်းသားများ
ဂုဏ်ယူရပေသည် ။
ကျွန်တော်နှင့်တကွ ကျောင်းသား နှစ်ဆယ်ခန့်မှာ ရေ နှင့်အစားအသောက် တာဝန်ခံများဖြစ်သဖြင့်
ဟိုဟိုသည်သည် လိုက်ကြည့်ခွင့်ရကြသည် ။ ဟိုတံခါးပေါက် သည်တံခါးပေါက် ရောက်ကြရလေသည် ။
ကျွန်တော်တို့ ဝိုင်းမိပြီး မကြာမီ̶ က̶̶ု̶̶လ̶̶ာ̶̶း̶ နှင့် ဂေါ်ရာပုလိပ်များ ရောက်လာသည် ။ စပတ်လမ်း
ခပ်လှမ်းလှမ်းတွင် မြင်းစီးဂေါ်ရာစာသင်များကိုလည်း တွေ့ရသည် ။ ကျောင်းသားများက မဖြုံကြ ။
နောက် မြို့မကျောင်းမှ ကျောင်းသား ၈ဝဝ တပ်ကြီး ချီတက်လာရာ “ သခင်မျိုးဟေ့ တို့ဗမာ ”
“ အရေးတော်ပုံ အောင်ပါစေ ” စသည်ဖြင့် နှုတ်ဆက်ကြရာ ဆူညံသွားပေသည် ။
စပတ်လမ်းနှင့် ဖရေဇာလမ်း ( အနော်ရထာလမ်း ) ထောင့်နားရှိ တံခါးပေါက် မှာ ပင်မတံခါးပေါက်
ဖြစ်လေရာ ကျွန်တော်တို့ကလည်း ကျောင်းသား ၇ဝဝ မျှ စုထားသည် ။ ပုလိပ်များကလည်း အားစုပုံထားသည် ။ ဆယ်နာရီထိုးသောအခါ ရုံးတက်ရန် စာရေး ၊ စာချီ ၊ ဝန်ထောက် ၊ အတွင်းဝန်
ကလေး စသည်တို့ လာစပြုလေပြီ ။ ဂေါ်ရာစာသင်အချို့သည် ထိုအပေါက် မှ ကျောင်းသူကလေး
နှစ်ယောက်ကို ခြေထောက် မှ ကိုင်ကာ တရွတ်ဆွဲ၍ ဖယ်လေရာ ရုတ်ရုတ်ရက်ရက် ဖြစ်သွားလေ၏ ။
သို့သော် ကျောင်းသားများကား အကြမ်းမဖက် ။ တရွတ်အဆွဲခံရသော ကျောင်းသူများနေရာတွင်
အခြား ကျောင်းသား ၊ ကျောင်းသူတို့က ယူလိုက်ကြလေသည် ။ တရွတ်အဆွဲခံရသော ကျောင်းသူ
ကလေးများမှာ ပွန်းပဲ့စုတ်ပြတ်ကုန်၏ ။ ပုလိပ်များသည်နောက်ထပ် ရွှေ့ဖယ်၍လည်း မရရှိသော
အခါ ဘေးကရန်စောင်၍သာ ကြည့်နေကြရလေသည် ။ ကိုအောင်ကျော် အား ထိုတံခါးပေါက်ဝမှာ
တွေ့ရပေသည် ။
နေကား ပူလာလေရာ ကျွန်တော်တို့ လူစုက ရေလိုက်တိုက်သည် ။ ၎င်းနောက် အရပ်သူအရပ်သားများကလည်း ရေတိုက်ခြင်း ၊ လိမ္မော်သီးများကို ခြင်းတောင်းနှင့် သယ်ယူလာပြီး ဝေငှခြင်း ၊
ယပ်တောင် ဝေငှခြင်း ၊ အဝတ်အမိုးများ လုပ်ပေးခြင်း ပြုကြ၏ ။ အားပေးသည့် ပရိသတ်ကြောင့်
ကျွန်တော်တို့မှာ ပို၍ အားတက်ကြပေသည် ။
ရုံးတက်ရန်လာကြသော စာရေး ၊ စာချီ ၊ ဝန်ထောက် စသည်တို့ကား ကြည့်နေသော ပရိသတ်နှင့်
အတူ ကြည့်ကာ ကျောင်းသားများအား ချီးကျူးနေကြတော့သည် ။ အတန်ကြာလျှင် အချို့မှာ
အိမ်ပြန်သွားကြလေ၏ ။ “ သိပ်အကြံပိုင်တဲ့ ကျောင်းသားတွေပဲ ” “ သိပ်ဇွဲသတ္တိ ကောင်းတဲ့
ကျောင်းသားတွေပဲ ” “ အစိုးရက ပဒူအုံ တုတ်နှင့်သွားထိုးတာကိုးကွ ” စသော စကားမျိုးများကို
ပရိသတ်ကြားမှာ ကြားနေရပေ၏ ။
ဆယ့်တစ်နာရီ ကျော်သောအခါ ရန်ကုန်အရေးပိုင် ဒီစတြိတ်တရားသူကြီး ဦးဖိုးစ သည် မော်တော်ကားဖြင့် ရောက်လာသည် ။ သူနှင့် အတွင်းဝန်ရုံးကြီးအနီးတွင် ဥဒဟိုသွားကာ စီမံခန့်ခွဲနေကြသော ပုလိပ်မင်းကြီး မစ္စတာပရက်စကော့ ၊ ရန်ကုန်ပုလိပ်မင်းကြီး မစ္စတာရေးနိုး ၊ ရာဇဝတ်ဝန်
မစ္စတာလုပ်ဒါး ၊ မစ္စတာတစ် ၊ ဦးထွန်းအုန် တို့ ဆွေးနွေးကြလေသည် ။
နောက်တစ်ခဏအတွင်းမြင်းစီးပုလိပ်တပ်များ ၊ စစ်ပုလိပ်တပ်များ ကြက်ပျောက်ငှက်ပျောက်
ပျောက်သွားရာ ကျွန်တော်တို့မှာ အံ့ဩနေကြလေသည် ။ အချို့က “ အောင်ပြီ အောင်ပြီ ” ဟု ပင်
အော်နေကြလေသည် ။
ကျွန်တော်တို့သည် အဆင်သင့်စီစဉ်ထားသော ငါးသေတ္တာ ပေါင်မုန့်များကို စက္ကူအိတ်များနှင့်
လိုက်ဝေကြလေ၏ ။ ကျောင်းသားများသည် ပျော်မြူးနေကြ၏ ။ အောင်မြင်စွာ ပြီးဆုံးတော့မည်ဟု
အားတက်နေကြ၏ ။
၁၂ နာရီတွင် ကိုလှရွှေ က “ အတွင်းဝန်များရုံး ဝိုင်း၍ပိတ်ဆို့ကာ အာဏာဖီဆန်သည့်လုပ်ငန်း
အောင်ပြီ ။ ယနေ့လုပ်ငန်းပြီးသဖြင့် ပြန်ကြရန် လူစုရမည် ” ဟု အမိန့်ပေး ထုတ်လိုက်လေသည် ။
ဖရောဇာလမ်း ပေါ်မှ ကျောင်းသူကျောင်းသားများကို ပထမ ရုပ်သိမ်းပြီး စုဝေးစေလေသည် ။
၎င်းနောက် ဂျူဒါအီဇကယ် ( သိမ်ဖြူလမ်း ) ဘက်သို့ စီတန်းလျှောက်ကြသည် ။ ဂျူဒါအီဇကယ်
လမ်းဘက်တွင် ဝိုင်းနေကြသော ကျောင်းသားများက ရုပ်သိမ်းပြီး စုပေါင်းချီတက်ကြသည် ။
နောက် ဒါလဟိုဇီလမ်းသို့ ချိုးပြီး ချီတက်ကြသည် ။ ဒါလဟိုဇီဘက် မှ ဝိုင်းထားသော ကျောင်းသားများက ရုပ်သိမ်းပြီး စုပေါင်းချီတက်ကြလေသည် ။ ရှေ့မှ အလံနီကြီးက တလွင့်လွင့်ဖြစ်ပေသည် ။
စပတ်လမ်းပေါ်သို့ ကျောင်းသားထု ရောက်သောအခါ မြင်းစီးပုလိပ်တပ်များက ရှေ့က တားဆီးလေသည် ။ သူတို့ကား မြန်မာ မပါ ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶နှင့် ဂေါ်ရာများ ကပြားများသာ ဖြစ်လေသည် ။ သူတို့
လက်တွင်ကား ကြာပွတ်များကိုင်လျက် ခါးတွင် ခြောက်လုံးပြူး ထိုးထားကြပေ၏ ။ သံခမောက်ပုံ
ဦးထုပ်များကိုလည်း ဆောင်းထားကြ၏ ။ ၎င်းပြင် နံပါတ်တုတ် ကိုင်ထားသော ̶က̶̶ု̶̶လ̶̶ာ̶̶း̶နှင့်ဂေါ်ရာ ၊
ကပြားပုလိပ်များလည်း အဖွဲ့အစည်းနှင့် အဆင်သင့်ရှိနေကြသည် ။ စပတ်လမ်း ကမ်းနားဘက်
အပိုင်းတွင်ကား သေနတ်ကိုင် စစ်ပုလိပ်များသည် အာရ်အီးတီ ဘတ်စ်ကားကြီးများပေါ်မှ စောင့်နေကြပေ၏ ။
ချီတက်လာသော ကျောင်းသားများကို မြင်းစီးပုလိပ်တို့က ဝင်တိုးသည် ။ ခဏရပ်တန့်သွား၏ ။
သို့သော် အချို့က “ အရေးတော်ပုံ အောင်ပါစေ ” “ သခင်မျိုးစေ့ တို့ဗမာ ” “ ချီတက်ကြရမယ်
ချီတက်ကြရမယ် ” ဟု အော်ပေးလိုက်ရာ ကျောင်းသားထုက ဆက်လက်ချီတက်ကြသည် ။
စပတ်လမ်း တံခါးပေါက်ရှိ ကျောင်းသားများကလည်း တံခါးပေါက်မှ ရုပ်သိမ်းကာ ချီတက်လာသော ကျောင်းသားထုထံ စုပေါင်းရန် လာကြလေသည် ။ မြင်းစီးပုလိပ်တို့သည် ကျောင်းသားထုကြား အတင်းဝင်၍ တိုက်၏ ။ ကျောင်းသားထု ပြိုလဲကျသွားသည် ။ နံပါတ်တုတ်ကိုင်ထားသော
ပုလိပ်များက ဝင်၍ ရိုက်လေသည် ။ ခွာသံ တခေါက်ခေါက် တုတ်သံတဖြောင်းဖြောင်း ၊ ကြာပွတ်သံ
တရွှမ်းရွှမ်း ။
“ ကျောင်းသားတို့သွေး မြေသို့ကျလေပြီ ”
“ ရက်စက်သော အင်္ဂလိပ်နယ်ချဲ့ ”
“ ယုတ်ညံ့သော ဘမော်အစိုးရ ”
ဘေးကကြည့်နေသော လူထုသည် သည်းမခံနိုင်တော့ပေ ။ ဆဲသူက ဆဲကြ၏ ။ တွေ့ကရာနှင့်
ကောက်ပေါက်သူက ပေါက်ကြ၏ ။ ရုံးတက်လာသော စာရေးကြီးတစ်ယောက်က လမ်းဘေးသစ်ပင်ငယ်ကို ကာကွယ်ထားသော တိုင်တစ်လုံးကို ဖြုတ်ယူ၍ ပုလိပ်များထံ ချီတက်သွားလေသည် ။ ခေါင်းပေါင်း ၊ အပေါ်အင်္ကျီ ၊ ပိုးလုံချည်တို့ကို ဝတ်ထားသူတစ်ယောက်က ခါးတောင်းကျိုက်ကာ ပုလိပ်များအား သွားချရန် ပြင်ဆင်နေသည်ကို မြင်ရသည် ။ ကျောင်းသားအချို့ကား
ဒေါသကို မချုပ်တည်းနိုင်တော့၍ တုတ်များရှာဖွေကာ ခုခံရန် ပြင်ဆင်ကြလေသည် ။ ခေါင်းဆောင်များက တားထားရ၏ ။
ကျွန်တော်ကား ရိုက်စက ကျောင်းသားထု အပြင်သို့ ရောက်နေလေသည် ။ ကျွန်တော့် တာဝန်က
ဝိုင်းရာတွင် မရှိပေ ။ သို့သော် မြင်းတိုက် ၊ လိုက်ရိုက်ခြင်းများ ပြုနေစဉ် ကျောင်းသားများဆီသို့
ပြေးဝင်၏ ။ ပြင်ပဗာဟီရတာဝန်သည် အရေးကြီးသည် မှန်သော်လည်း ဤသို့ ဖြစ်လာသော
အရေးတွင် ကျောင်းသားထုနှင့် သွေးတူသားတူ သေတူရှင်တူ တစ်သားတည်း ဖြစ်နေချင်ပေသည် ။
သို့သော် ကျွန်တော်ကား အရိုက် မခံရ ၊ မြင်းတိုက်လည်း မခံရ ။
ကျောင်းသားများအား ဖရိုဖရဲမဖြစ်အောင် ပြန်လည်စုစည်းကြသည် ။ ကျောင်းသားများကလည်း
စည်းကမ်းရှိလှ၏ ။ သည်းခံရမည့်အချိန်တွင် သည်းခံနိုင်စိတ် ခိုင်မာလှ၏ ။
စပတ်လမ်း တစ်ပြင်လုံးတွင် ဒဏ်ရာဖြင့် လဲနေသူတွေ ၊ သွေးသံရဲရဲ ဖြစ်နေသူတွေ ၊ မူးဝေခွေကျနေသူတွေ ပြည့်နေပေ၏ ။ ခံရသည့်အထဲတွင် အသက်အရွယ်ငယ်သော ဆယ့်နှစ်နှစ်သားကလေး
တစ်ယောက် နှစ်ယောက်နှင့် မိန်းကလေးများမှာ သနားစရာ အကောင်းဆုံး ဖြစ်ပေ၏ ။ ကျွန်တော်တို့သည် ထမ်းသင့်သူကိုထမ်း၍ ဖေးသင့်သူကို ဖေးပေးကြသည် ။ အမျိုးသားသူနာပြုတပ် ရောက်လာပြီး သူရိယတိုက်အောက်ထပ်သို့ ပို့သူပို့သည် ။ ဆေးရုံသို့ သူနာပြုကားပေါ်တင်လျက် ပို့သူ
ပို့သည် ။ ဒဏ်ရာရသော မိန်းကလေးများထဲတွင် မခင်သစ် ကို တွေ့မြင်လိုက်ရာ စိတ်အတော်
ထိခိုက်သွားပေသည် ။ ချက်ချင်းပင် ဆရာကတော် ဒေါ်ညွန့် ရောက်လာပြီး လန်ချားနှင့် တင်ခေါ် သွားလေသည် ။ ကျွန်တော်က “ ဆေးရုံ ပို့ပါဦးလား ဒေါ်ဒေါ် ” ဟု ပြောရာ “ နေပေစေ ၊ ဒင်းတို့
ဆေးရုံမှာ မကုဘူး ၊ အိမ်မှာကုမယ် ” ဟု ဖြေလိုက်သဖြင့် ကျွန်တော် နောက်ထပ်မပြောသာပြီ ။
“ ကျွန်တော်နောက် မှ လာကြည့်မယ် ဒေါ်ဒေါ် ”
“ အေး ကိစ္စ မရှိပါဘူးကွယ် ၊ မင်းတို့ သည့်ပြင် လုပ်စရာတွေ လုပ်ကြပေါ့ ”
ကျွန်တော်သည် သူရိယတိုက်အောက်ထပ်သို့ဝင်ကာ ဒဏ်ရာရသူများကို ကြည့်သည် ။ ကိုလှရွှေ
လည်း အရိုက်ခံထားရသည် ။ အကွဲအရှကား မတွေ့ရ ။ သို့သော် မအား အကန်ခံထားရသဖြင့် မူးဝေနေပေသည် ။ သတိမလစ်တာ ကံကောင်း ။ သူနှင့် ခေါင်းချင်းဆိုင်၍ လဲနေသူမှာ ကိုအောင်ကျော်
ဖြစ်ပေသည် ။ ကိုအောင်ကျော် ကား ဒဏ်ရာပြင်းလှ၏ ။ ခေါင်းသွေးတွေ အားကြီး ယိုစီးနေပေ၏ ။
သို့ရာတွင် ငန်းဖမ်းသလို လှုပ်ရှားနေသည် ။ ကျွန်တော်ကြည့်နေစဉ်ပင် ဖြုန်းခနဲ ကုန်းထပြီး
“ ကိုလှရွှေ ၊ ကိုလှရွှေ ကျုပ်တို့ ခေါင်းဆောင်ကြီး ဘယ်လို နေသလဲဟင် ၊ အရေးတော်ပုံ အောင်ရမယ် ” ဟု အသံကွဲကြီးဖြင့် အော်ပြီး လဲကျသွားပြန်သည် ။ ကျွန်တော်တို့က သူ့အား ငြိမ်အောင်
ဖက်ထားရလေသည် ။ ကိုအောင်ကျော် အား ဆေးရုံကြီးပို့၏ ။ နေရာ မရဟုဆိုသဖြင့် တက္ကသိုလ်
( ဆင်နီတိုးရီးယမ်း ) ဆေးရုံသို့ ပို့ရပြန်လေ၏ ။
“ ကျောင်းသားတို့သွေး မြေသို့ကျပြီ ”
“ တစ်တိုင်းပြည်လုံး ကန့်ကွက်ကြလော့ ”
“ တစ်တိုင်းပြည်လုံး ညီညီညာညာ ချီတက်၍ နယ်ချဲ့အင်္ဂလိပ်နှင့် ဘမော်ညွန့်ပေါင်းကို ဖြိုဖျက်ကြလော့ ”
ဤသည်တို့ကား ကျွန်တော်တို့၏ ပဲ့တင်သံ ။ လူထုပဲ့တင်သံ ။
ထိုနေ့ညနေတွင် အတွင်းဝန်ရုံးကြီး အလယ်၌ ညစာထမင်းစားပွဲ ရှိလေသည် ။ ညွန့်ပေါင်းဝန်ကြီးသစ် ဦးဘဦး ၊ မန္တလေးတွင် ဘုန်းကြီးသတ်မှု အစွဲခံရ၍ ထင်ရှားသော ဗဟိုရ်သည် ဦးဘဦး ၊
နေရှင်နယ်ကလပ်တွင် ဗမာပြာတာကလေးကို လက်သီးစွမ်းပြ၍ ထင်ရှားသွားသော ဝန်ကြီး
ဦးဘဦး ။ ထို ဦးဘဦး သည် မိန့်ခွန်းပြောရာ၌ ကျောင်းသားများအား ရှုတ်ချပြစ်တင်လေသည် ။
ဂဠုန်ဦးစော စသော အတိုက်အခံများ မြှောက်ပေး၍ ဖြစ်ပါသည်ဟု ကျွန်တော်တို့ ကျောင်းသားများ အရေး ၊ အလုပ်သမား ၊ လယ်သမားအရေး များကို သိမ်ဖျင်းစေလေသည် ။ ဦးဘဦး ပြောပြီးနောက် ဇွန်း ၊ ခက်ရင်းနှင့် ပန်းကန်သံများ ၊ ၎င်းနောက် အငြိမ့်တီးလုံး ၊ အငြိမ့်မင်းသမီး သီချင်းသံ ၊လူပြက်ပြက်သံ ။ ဤသည်တို့ကား အတွင်းဝန်များရုံးကြီး အလယ်မှနေ၍ ညွန့်ပေါင်းအစိုးရက
တုံ့ပြန်ပေးလိုက်သော အသံ ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment