❝ ငါးပိရည် ကြိုက်သွားသော အညာသား ❞
ညနေညနေ ကျောင်းဆင်းချိန်များတွင် ကျွန်တော်သည် အိမ်သို့ တိုက်ရိုက်ပြန်လေ့မရှိ ၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းတိုက် စာကြည့်ခန်းသွား၍ စာနယ်ဇင်းများ ဖတ်လေ့ရှိသည် ။တစ်ခါတစ်ရံ နိုင်ငံရေးစာအုပ်များငှားခဲ့၏ ။ အိုင်ယာလန် လွတ်လပ်ရေးအတွက် ငါတို့၏ စွန့်စားချက် များ ၊ အိုင်ယာလန်သူပုန်ဗုံးအဖွဲ့စသော အိုင်ယာလန်လွတ်လပ်ရေးနှင့် ပတ်သက်သောစာအုပ်များ ၊ အိန္ဒိယပြည်လွတ်လပ်ရေးနှင့် အိန္ဒိယအမျိုးသားကွန်ဂရက်တို့နှင့် ပတ်သက်၍ ဂန္ဒီ ၊နေရူး ၊ မစ္စက်နိုင်ယီဒူး ၊ စူဘတ်စ်ဘို့စ် စသော ခေါင်းဆောင်များရေးသည့် စာအုပ်များ ၊ ရုရှားတော်လှန်ရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများကို တွေ့ရပေသည် ။
ကျောင်းသားများသမဂ္ဂ စာကြည့်ခန်းသည် တက္ကသိုလ်ပိဋကတ်တိုက် စာဖတ်ခန်းထက် ပိုကောင်း၏ ။ အခင်းအကျင်း ၊ စားပွဲကုလားထိုင် ၊ ပန်ကာတို့ဖြင့် တခမ်းတနား ထားသည့်အပြင်အလင်းရောင်လည်း ပိုရ၏ ။ ညနေစောင်း အိုက်လျှင် ဆင်ဝင်ဘက်ထွက်၍ ကြိမ်ကုလားထိုင်ကြီးများ ချကာ စာဖတ်နိုင်သည် ။
ကျောင်းသားများသမဂ္ဂ စာကြည့်ခန်းတွင် စာဖတ်ရင်း မျိုးချစ်စိတ်ရှိသော ကျောင်းသားများနှင့်ကျောင်းသားခေါင်းဆောင်များကို တွေ့ဆုံကာ မိတ်ဖြစ်ရတတ်လေသည် ။ ဤသို့အားဖြင့်ကျွန်တော် သည် ကိုထွန်းရှိန် ၊ ကိုအောင်ကျော် ၊ ကိုအေးငွေ စသူတို့နှင့် အသိအကျွမ်း ဖြစ်ရပေသည် ။သူတို့ကား ကျွန်တော်တို့နှင့် ရွယ်တူရွယ်တန်မျှ ဖြစ်ကြပေ၏ ။ ၎င်းပြင် ကိုယ်လုံးကိုယ်ပေါက်အချိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းလိုလို မပိန်မဝ ၊ မပုမရှည်များ ဖြစ်ကြသည် ။သို့ရာတွင် ခြားနားချက် များတော့ ရှိပေသည် ။ အသားအရေအရောင်အဆင်း ကွဲကြ၏ ။ကိုအောင်ကျော် မှာ မည်းသည် ။ ကိုထွန်းရှိန် မှာ ညိုညိုနှင့် ဝဲပေါက်နေသည် ။ ကိုအေးငွေ မှာဖြူသည် ။ ကျွန်တော်တို့ အထဲတွင် ကိုအောင်ကျော် ၏ မျက်နှာမှာ အထူးခြားဆုံး ဖြစ်ပေသည် ။ မာတောက်တောက် ကြွပ်ဆတ်ဆတ်နိုင်လှသော မျက်နှာနှင့် ခေါင်းတုံးဗိုလ်ကေကို တစ်ခါမြင်ပြီးလျှင်မမေ့နိုင်ပေ ။ ကိုထွန်းရှိန် ကား ကြီးမားသော ရှေ့သွားနှစ်ချောင်း ထင်းခနဲပေါ်အောင် ပြုံးနေတတ်၏ ။ သူစကားပြောပုံမှာ အညာလေမပျောက် ။ ကိုအေးငွေ မှာ နှုတ်ခမ်းမဟဘဲနှင့် ပြုံးနေသောမျက်နှာရှိ၏ ။ သူစကားပြောသောအခါ တမင် အားထုတ်ဟန် လက္ခဏာမရှိဘဲနှင့် အသံစာစာနှင့်ပြောလေ့ရှိ၏ ။ သူတို့သည် ကျွန်တော့်အား နိုင်ငံရေးသို့ ခြေစုံပစ်ဝင်ရန်ဆုံးဖြတ်ဖို့ မကြာခဏတိုက်တွန်းကြသူများ ဖြစ်လေသည် ။
တစ်နေ့သ၌ ကျွန်တော်သည် စာကြည့်ခန်းတွင် စာထိုင်မဖတ်တော့ဘဲ စာအုပ်ငှားပြီး ပြန်တော့မည်ဟူသော ရည်ရွယ်ချက်ဖြင့် စာအုပ်ဗီရိုရှေ့မှာ ရပ်၍ စာအုပ်ရွေးလျက်ရှိလေသည် ။ ကျွန်တော့်နောက်နားက လူတစ်ယောက်လာရပ်သည်ကို လှည့်မကြည့်ဘဲနှင့်သိလိုက်၏ ။ ကြိုက်သောစာအုပ်ရှာမတွေ့သဖြင့် လှည့်မကြည့်အားလောက်အောင် ဖြစ်နေလေသည် ။
၎င်းသူက -
“ ဘာစာအုပ် ရှာနေတာလဲ ”
ထိုအခါမှ သူ့အားကျွန်တော် လှည့်ကြည့်လိုက်လေသည် ။ ၎င်းသူမှာ ကိုကျော်ငြိမ်း ဖြစ်၏ ။ သူ့မှာပိန်လှသည့်အပြင် ပြိုလဲတော့မည့် ကိုယ်နေမျိုး ရှိလေသည် ။ ဝတ်ထားသောအပေါ်အင်္ကျီမှာ သူပိုင်မှဟုတ်ပါလေလားဟု သံသယဖြစ်လောက်အောင် ချောင်၍ တွဲကျနေလေသည် ။ လေယာဉ်ပျံကွင်းထိုးဖိနပ်ကိုလည်း အားရှိပါးရှိ စီးနင်းမထား ၊ တေ့ရုံသာ တေ့ထားဟန် ရှိပေ၏ ။ ကိုကျော်ငြိမ်းကို ကျွန်တော် သိကျွမ်းဖူးသည်မဟုတ်ပါ ။ ကိုကျော်ငြိမ်း သည် ဘီအေအောင်ပြီး အင်္ဂလိပ်စာပေဌာနတွင် နည်းပြဆရာ ( ကျူတာ ) လုပ်ရင်း အိုင်စီအက်စ် စာမေးပွဲ ဝင်နေသူ ဖြစ်ပါသည် ။ထို့ကြောင့် ကိုကျော်ငြိမ်း အား ကျွန်တော်က အဝေးမှမြင်ပြီး ကိုကျော်ငြိမ်း ဟု သိထားပါသည် ။ကျွန်တော်က အံအားသင့်ရာက ပြုံးပြီး -
“ ဟာ .. ဆရာပါလား ၊ ဘာစာအုပ်ရယ်လို့တော့ မည်မည်ရရ ရှာတာမဟုတ်ပါဘူးဆရာ ၊ ဖတ်ကောင်းမယ့်စာအုပ် ရှာနေတာပါပဲ ”
ကိုကျော်ငြိမ်း သည် စာအုပ်များကို ကြည့်နေရာမှ ကျွန်တော့်ကို ကြည့်လိုက်သည် ။ သူ့မျက်နှာမှာခပ်မော့မော့ထားသဖြင့် မျက် မှန်များက ဝင်းနေပေသည် ။ ၎င်းနောက် အကြောဆွဲသော ဟန်မျိုးဖြင့်ခေါင်းတစ်ဖက် စောင်းသွားအောင် မေးကို ဆတ်ခနဲထိုးလိုက်ပြီး -
“ Secret Agent of Japan ( ဂျပန်သူလျှို ) ဆိုတဲ့စာအုပ်ကို ဖတ်ပြီးပြီလား .... အဲဒါမျိုးကဖတ်လည်း ကောင်းတယ် ဗဟုသုတလည်း များတယ် ။ နိုင်ငံရေးသူလျှိုလုပ်ငန်းနဲ့ ပတ်သက်တဲ့စာအုပ်တွေဟာ ဖတ်လိုက်ရင် မပြီးမချင်း စာအုပ်ချမထားနိုင်လောက်အောင် စိတ်ဝင်စားဖို့ကောင်းတယ် ။ ပြီးတော့ မျိုးချစ်စိတ်ဓာတ်လည်း တိုးတက်စေတယ် ၊ စွန့်စားလိုတဲ့ စိတ်ဓာတ်လည်း ရင့်သန်စေတယ် ။ မင်းဖတ်ချင်ရင် ကိုယ်ရှာပေးမယ် ”
“ ဖတ်ချင်ပါတယ် ဆရာ ၊ ရှာပေးစမ်းပါ ”
“ ဒါ့ထက် မင်းနာမည် ဘယ်သူတဲ့လဲ ”
သို့ဖြင့် ကျွန်တော်နှင့် ကိုကျော်ငြိမ်းတို့ သိကျွမ်းသွားကြပါသည် ။ ထိုနေ့က ချက်ချင်းပင် သူ့အခန်းသို့ လိုက်ခဲ့၍ စာအုပ်တစ်အုပ်ယူရန် ခေါ်သေး၏ ။ ကျွန်တော်က မအားသဖြင့် မလိုက်နိုင်သေးကြောင်း ၊ သူ့အခန်းသို့ လာ၍ ယူမည့်အကြောင်း ပြော၍ ရက်ချိန်းလိုက်ရပေသည် ။
ကျွန်တော် မအားသည့်အကြောင်းမှာ ဝင်နီဖေ ( ခေါ် ) မသိန်းဝင်း တို့ အိမ်သို့ သွားရန်ရှိသဖြင့် ဖြစ်ပေသည် ။ မသိန်းဝင်း ၏ လတ်ဆတ်သော အလှကလေးကို နောက်တစ်ကြိမ် ထပ်ကြည်နူးနိုင်ရန်လည်းကောင်း ၊ ဦးဖေ နှင့် မိတ်ဖွဲ့ရန်လည်းကောင်း သူတို့ထံ အလည်သွားရန် လွန်စွာ စိတ်စောနေလေသည် ။
ဒေါ်ဌေးကြည် ကိုယ်တိုင်ပင် ကျွန်တော့်အား ဦးဖေ ထံသို့ ခေါ်သွား၏ ။ ဧည့်ခန်းနှင့်ဆက်လျက် အိမ်ဦးတွင် အကာမပါ ဝရန်တာတပ်ထားသော အဖီကလေးတစ်ခု ရှိလေသည် ။ ထိုအဖီတွင် ခန်းလုံးပြည့်မျှကျယ်သော ကြိမ်ပက်လက်ကုလားထိုင်ကြီးတစ်လုံး ရှိလေရာ ဦးဖေ သည်ခြေပစ်လက်ပစ်ဇိမ်ရှိရှိနှင့် ထိုင်နေလေသည် ။ ဦးဖေ ၏ အသက်အရွယ် ရုပ်ရည်ရူပကာမှာ အငြိမ်းစား ဝန်ထောက်ကြီး ပီသရုံမက သူဌေးရုပ်လည်း ပေါ်နေလေသည် ။ ငွေရောင်ဆံပင်နှင့် ပြည့်ဖြိုးဝဖောင်းသောကိုယ်ခန္ဓာကြီးမှာ ဦးဖေ အား ကြီးစွာသော ကျက်သရေ ဖြစ်စေပေ၏ ။ သူ့မျက်နှာမှာ ဝန်ထောက်ကြီးဘဝ၌ မာနရောင်ရှိန် ထိန်ကောင်းခဲ့ပေမည် ။ ယခုမူကား ချိုသာလှပေ၏ ။ ကျွန်တော်သည်ဦးဖေ အား မြင်မြင်ချင်း ခင်မင်သွားပေသည် ။
ဒေါ်ဌေးကြည် က -
“ အစ်ကိုကြီး ဟောဒီ သူငယ်ပေါ့ ၊ အကြည် ပြောတဲ့ကောလိပ်ကျောင်းသား မောင်တင်ထွန်း ဆိုတာ ၊မောင်တင်ထွန်း ရေ ဟောဒါပဲ မင်း အန်ကယ်လ် ”
ဦးဖေ ၏ ခြေထောက် များသည် အခြား ကုလားထိုင်တစ်လုံးတွင် တင်လျက်ရှိနေရာ ဦးဖေ သည်ခြေတို့ကို ရုပ်သိမ်းပြီး ထိုကုလားထိုင်ကို ကျွန်တော့်အား ပေးလေသည် ။
“ ထိုင်ဟေ့ ထိုင်ပါ မောင်တင်ထွန်း ခုဘယ်က လျှောက်လာသလဲ ”
“ ကဲ ကဲ စကားပြောကြဦး ၊ အန်တီ မီးဖိုဘက် သွားလိုက်ဦးမယ် ၊ မောင်တင်ထွန်း ညစာစားပြီးမှပြန်ရမယ်နော် ”
ဒေါ်ဌေးကြည် ကား ပြောပြောဆိုဆို ထွက်သွားလေ၏ ။ ကျွန်တော်က “ နေပါစေ ဒေါ်ဒေါ် မစားပါရစေနှင့် ” ဟုမှ မပြောလိုက်ရ ။ ဦးဖေ မေးသည်ကိုသာ ဖြေရတော့၏ ။
“ ကျွန်တော် ကျောင်းက အဆင်းမှာ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စာကြည့်ခန်းကို ခဏဝင်တယ် ။ ပြီးတော့ ဦးနှင့် တွေ့ရအောင်ဆိုပြီး ဒီကိုတန်းလာခဲ့တာပဲ ”
“ မင်းတို့ သမဂ္ဂမှာ တရားပွဲတွေ ခဏခဏ လုပ်တယ်လို့ သတင်းစာမှာ ဖတ်ရတယ် ၊ အန်ကယ်လ်တစ်ခါလောက် လိုက်နားထောင်ချင်တယ် ။ ဒေါက်တာဘမော် နဲ့ ဦးစော တရားပြိုင်ဟောမယ် လို့ဆိုတာ လုပ်ဖြစ်မလား ”
“ လုပ်ဖြစ်မယ်လို့ ကြားတယ် ၊ ဘယ်တော့လဲတော့ မသိဘူးခင်ဗျ ”
“ အေး လုပ်ဖြစ်ရင် အန်ကယ်လ်ကို လာခေါ်စမ်းဟေ့ ၊ လိုက်နားထောင်မယ် ”
ဤသို့လျှင် ဦးဖေ သည် ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ လုပ်ငန်းများနှင့် နိုင်ငံရေး ဟောပြောပွဲများတွင် စိတ်ဝင်စားသည်ကို တွေ့ရသောအခါ ကျွန်တော့်မှာ အတော်ဝမ်းမြောက် မိ၏ ။ ဦးဖေ အား
ရင်းနှီးခင်မင်မှုမှာလည်း ကြီးမားလာလေ၏ ။ ဦးဖေ က ဒေါက်တာဘမော် စကားပြောကောင်းပုံ ၊
အင်္ဂလိပ်စာတော်ပုံ ချီးကျူး၏ ။ အင်္ဂလိပ်စာ ၆ - တန်းအောင်သော ဦးစော က အင်္ဂလိပ်စကားဖြင့်ဒေါက်တာဘမော် နှင့် ယှဉ်ပြိုင်ကာ မည်သို့ပြောနိုင်မည်ကို ခန့်မှန်းကြည့်နေ၏ ။
“ ဦးစော က ကြိုးစားတယ် ဦးရဲ့ ၊ ပြောရဲဆိုရဲ သတ္တိလည်း ရှိတယ် ”
“ အင်း ၊ သူလည်း လူတော် တစ်ယောက်ပဲနော် ၊ ကြည့်စမ်း ဦးဘဖေ က သူ့ကို လက်သပ်မွေးလာခဲ့တာ ၊ သူရိယတိုက် မှာ အစုဝယ်ပြီး အလုပ်လုပ်နိုင်အောင်လည်း ဦးဘဖေ ကပဲ သွင်းလာတာပဲတဲ့ ။ခုတော့ ဦးဘဖေ လိုလူကိုတောင် ဘေးဖယ်ပစ်ပြီး ကိုယ်တိုင် တက်လာတယ် ။ မျိုးချစ်ပါတီကိုလည်းခွဲထောင်တယ် ၊ လူတော်ပဲဟေ့ ”
ဦးဖေ က သူ့အမြင်ဖြင့် ဒေါက်တာဘမော် နှင့် ဂဠုန်ဦးစော တို့အား ချီးကျူးနိုင်သော်လည်းကျွန်တော်ကား တိုင်းပြည်လွတ်လပ်အောင် ခေါင်းဆောင်ခြင်းနှင့်ပတ်သက်၍ကား ချီးကျူးဖွယ်မရှိဟု ကျွန်တော်ထင်ပါသည် ။ ထို့အပြင် ထိုအချိန်က ကျွန်တော်သည် ဥပဒေပြုလွှတ်တော်မင်းတိုင်ပင် အမတ်ဆိုသော နိုင်ငံရေးခေါင်းဆောင် ကြီးများကို များစွာ စက်ဆုပ်နေလေသည် ။
“ ကျွန်တော်ကတော့ ဒီလူကြီးတွေရော ၊ သူတို့နောက်က မင်းတိုင်ပင်အမတ်တွေရောဟာ အလကားလူတွေချည်းပဲ ထင်တယ် အန်ကယ်လ် ။ တိုင်းပြည်ရောင်းစားပြီး ကိုယ်ကျိုးရှာနေကြတဲ့ လူတွေပဲ ”
ဦးဖေ သည် ကျွန်တော့်စကားဖြင့် အထိတ်တလန့် ဖြစ်သွားသည်ဟုထင်၏ ။ နဖူးရေများ တွန့်သွားအောင် မျက်လုံးပြူးသွားပြီး ခါးဆန့်၍ထိုင်ကာ -
“ ဆိုစမ်းပါဦး မောင်ရ”
“ ကျွန်တော် အထူးပြောဖို့ မလိုပါဘူး ။ မကြာသေးခင်က ခုနန်းရင်းဝန် ဒေါက်တာဘမော်ရဲ့ ညွန့်ပေါင်းအစိုးရ ပြည်ထဲရေးဝန်ကြီးချုပ် ဦးပေါ်ထွန်း ပြောတာကို သတင်းစာထဲမှာ ဦး ဖတ်လိုက် မိမှာပေါ့ ။ ညွန့်ပေါင်းအစိုးရဖွဲ့ခါနီး အမတ်ဈေးတွေ ၂၅ဝဝိ - ၃ဝဝဝိ တက်သွားတာတို့ ၊ ထောက်ခံဖို့အမတ်တွေကို ဖာအိမ်လိုက်ခေါ်ရတာ တို့လေ ”
ဦးဖေ က တဟားဟား ရယ်လိုက်ပြီး -
“ အင်း အင်း သူကတော့ ပြောမှာပဲ ၊ ပါးစပ်က ခပ်လွယ်လွယ်ရယ် ။ ပရိယာယ်လည်း မရှိဘူး ။အန်ကယ်လ် မြို့အုပ်ဖြစ်စက သူက နယ်ပိုင်ဝန်ထောက် ၊ သူလက်အောက် မှာ ခဏ လုပ်လိုက်ရသေးတယ် ။ လူချင်းလည်း ခင်ပါတယ် ။ သူပြောပုံတွေ လုံးစေ့ပတ်စေ့ ပြောစမ်းပါဦး ဟား ဟားဟား ”
ထိုအခိုက် ဝင်နီ သည် ခြံထဲမှတက်ပြီး ဧည့်ခန်းထဲမှဖြတ်ကာ အိမ်ထဲဝင်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ပေသည် ။ ကျွန်တော်က အာသာငမ်းငမ်းဖြင့် သူမအား လှမ်းကြည့်မိသော်လည်း သူကကျွန်တော့်အား တစေ့တစောင်းမျှ ကြည့်မသွားပါ ။ ကျွန်တော့်စကားစဉ်သည် အနည်းငယ်ပင်ဆွံ့သွားသေး၏ ။
“ သဲကုန်းမြို့နယ် အင်းမရွာမှာ ပြောတာ ဦးရဲ့ ။ ဥပဒေပြုလွှတ်တော်ခေါ်တဲ့ ကောင်စီမှာ အမတ်၇ဝ ကျော် ထောက်ခံမှ အစိုးရအဖွဲ့ ဖွဲ့နိုင်တယ်တဲ့ ။ ဦးပေါ်ထွန်း ရဲ့ လှိုင်မြတ်ပေါ် ပါတီမှာ၁၄ ယောက် ၊ ဒေါက်တာဘမော် ပါတီမှာ ၁၆ ယောက်သာ ရှိတယ် ။ ဒီတော့သည့်ပြင် အမတ် ၄ဝ ကျော်ရအောင် ဆွဲရတယ် ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ အမတ်တို့ကို ချော့မော့ နှူးနှပ်ယူရတယ် ။ ငါးပွင့်ဆိုင် ပါတီ မှာရှိတဲ့အမတ်အချို့ကို ဝန်ကြီးချုပ်ရာထူးနေရာ ပေးပါမယ်ဆိုပြီး ဖဲ့ထုတ်ရတယ် ။ ဒေါက်တာသိန်းမောင်ကို ငါးပွင့်ဆိုင်ပါတီက ဖဲ့ထုတ်ပြီး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးချုပ်ရာထူး ပေးရတယ် ။ဒါကြောင့် ဒေါက်တာသိန်းမောင် နဲ့ အမတ်ဆယ်ယောက်ဟာ ညွန့်ပေါင်းဘက် ကူးလာတယ် ။ ဒါနဲ့မလုံလောက်သေးတာ့ တချို့အမတ်တွေကို ငွေပေးခေါ်ရတယ် ။ နှစ်ဖက် - အကြိတ်အနယ် ဆွဲခေါ်နေလေတော့ အမတ်ဈေးဟာ ၂၅ဝဝိ - ၃ဝဝဝိ အထိ တက်တယ်တဲ့ ။ ဒါနဲ့တောင် စိတ်မချရသေးလို့အမတ်တချို့ကို ကားနဲ့ တင်ခေါ်ပြီး မဲပေးချိန် မရောက် မချင်း ဝှက်ထားရသတဲ့ ။ အချို့အမတ်တွေကို ဖာအိမ်မှာ လိုက်ခေါ်ရတယ်တဲ့ ။ ဒါတွေဟာ ဦးပေါ်ထွန်း ကိုယ်တိုင် ထုတ်ပြောတဲ့ စကားတွေပဲအန်ကယ်လ် ”
ဦးဖေ ကား တဟားဟား ရယ်နေပြန်လေသည် ။
“ ဒီလောက် လုပ်တာတောင်မှ ညွန့်ပေါင်းအစိုးရဟာ သူ့နှာခေါင်းနဲ့သူ အသက်ရှူနိုင်သေးဘူး ဦးရဲ့ ။ညွန့်ပေါင်းအစိုးရကို ထောက်ခံတဲ့ အမတ်ဦးရေဟာ ငါးပွင့်ဆိုင် ၊ ဖေဘီယံ ၊ တို့ဗမာ စတဲ့ အတိုက်အခံ အမတ်ဦးရေထက် သိပ် သာလှတာ မဟုတ်ဘူး ။ တစ်မဲ ၊ နှစ်မဲပဲ သာတယ် ။ ဒီတော့ ကြားနေပါတယ်ဆိုတဲ့ အင်္ဂလိပ်မဲ - ၈ မဲကို ညွန့်ပေါင်းအစိုးရ တည်မြဲရေးအတွက် အားကိုးနေရသေးတယ် ။ဒီတော့ ညွန့်ပေါင်းအစိုးရဟာ ဘုရင်ခံ မကြည်သာတာကိုတော့ ထားပါဦး ၊ အင်္ဂလိပ်အမတ်၈ ယောက် မကြည်သာတာကို ဘာမှ မလုပ်ရဲဘူး ။ ငါးပွင့်ဆိုင် က ပြန်တက်ချင်ရင်လည်း အင်္ဂလိပ်မဲ၈ မဲ ကို သဘောကျအောင် လုပ်ပြီးမှ တက်ရမှာပဲ ”
“ အေးလေ ၊ ၄ဝဝဝိ - စား ၊ ၅ဝဝဝိ - စား ဝန်ကြီးချုပ်တွေ ၊ နန်းရင်းဝန်တွေ လုပ်ချင်ရင်တော့ ဒီလိုပဲလုပ်ရပေမှာပေါ့ ။ ဒီတစ်ပွဲမှာတော့ ဒေါက်တာဘမော် တို့ ၊ ဦးပေါ်ထွန်း တို့က ဉာဏ်သာသွားတယ်လို့ ဆိုရမှာပေါ့ ၊ ဟား ဟား ဟား ”
“ ဟုတ်တယ် ၊ ကလိမ်ဉာဏ် သာသွားတာပဲ ”
ဦးဖေ ကား တဟားဟား ရယ်ပြန်သည် ။ ဦးဖေ ရယ်ပုံမှာ အားရပါးရ ရှိလှသည် ။ နောက် ဣန္နြေရုတ်ခြည်း ဆည်လိုက်ပြီး -
“ မောင်တင်ထွန်း သဘောက ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်သလဲ ”
“ ကျွန်တော်တော့ တို့ဗမာအစည်းအရုံးက လှုံ့ဆော်နေသလို အမတ်အားလုံး ပါတီမရွေး ညီညွတ်ပြီး ရာထူး လက် မခံ ၊ အစိုးရမဖွဲ့ဘူးလို့ တစ်သံတည်း ငြင်းပယ်ရမယ် ။ ပြီးတော့ မြန်မာပြည်( ၁၉၃၅ ) အုပ်ချုပ်ရေးဥပဒေကို ဖျက်ပစ်ရမယ် ”
“ မောင်တင်ထွန်းက သခင်လားဟေ့ ”
“ သခင်တော့ မဟုတ်ပါဘူး ၊ သခင်ဝါဒနဲ့ သခင်တွေကိုတော့ ကြိုက်တယ် ”
ကျွန်တော် ဦးဖေ ၏ နောက်ဆင့် မေးခွန်းတစ်ခု လာလိမ့်နိုးနိုးနှင့် စောင့်ရင်း ခြံထဲသို့ ငေးကြည့်နေသည် ။ ဦးဖေ ကား ဘာမျှမပြောဘဲ စဉ်းစားနေဟန်ရှိ၏ ။ ထို့ကြောင့် ဒေါ်ဌေးကြည် ကျွန်တော်တို့အနီးသို့ ရောက်လာသည်ကို သတိမထားမိလိုက်ချေ ။
“ ကဲ အစ်ကိုကြီး နဲ့ မောင်တင်ထွန်း လာကြ ၊ ထမင်းစားကြရအောင် ”
“ ကျွန်တော် မစားတော့ဘူး အန်တီ ”
“ အို ဘယ်ဖြစ်မလဲ ၊ ပြင်ဆင်ပြီးပြီ ၊ မင်းက ဒေါ်ဒေါ်တို့ ခင်သလို မခင်လို့ ထမင်း မစားတာလား ”
ဒေါ်ဌေးကြည် က ကလိဆွသော အပြုံးဖြင့် ကျွန်တော့်အား မေးလိုက်သည် ။
ဦးဖေ က ထိုင်ရာမှ ထရင်း -
“ အိုင်ဆေး လာ စားရအောင် ၊ ပေါ့တ်လပ်ခ် ( ကံကောင်းရင် ဟင်းကောင်းလိမ့်မယ် ) ပေါ့ကွယ် ”
ကျွန်တော့်မှာ မငြင်းသာပြီ ။
ထမင်းစားခန်းမှာ နောက်ဖေးမီးဖိုချောင် အဆောင်ငယ်နှင့် အိမ်မကြီးကြားတွင်ရှိ၍ ဧည့်ခန်းမှ တစ်ဆင့် အိပ်ခန်းများကြားမှ ဖြတ်သွားရလေသည် ။ ဤအခန်းကား ဒေါ်ဌေးကြည် နှင့် ဦးဖေ တို့၏အိပ်ခန်း ဖြစ်တန်ရာ၏ ။ ဤအခန်းကား ဝင်နီ တို့ ညီအစ်မ၏ အိပ်ခန်းဖြစ်ပေမည်လော ။ ဤအခန်းမှာ အဝတ်တန်ဆာပြင်ဆင်ရာ အခန်း ဖြစ်ကောင်း ဖြစ်ရာ၏ စသည်ဖြင့် ခန့်မှန်းရင်း ဦးဖေ နောက်က လိုက်သွားရပေသည် ။
ထမင်းစားခန်းမှအိမ်ထောင်ပရိဘောဂတို့သည်လည်း ခေတ်မမီ ၊ ဟောင်းမြင်းသော ပုံသဏ္ဌာန်အရောင်အဆင်းတို့ကို ဆောင်နေကြ၏ ။ သို့ရာတွင် လင်းထိန်နေသော မီးသည် လည်းကောင်း ၊တဟူးဟူးတိုက်ခတ်နေသော စားပွဲတင် ပန်ကာသည် လည်းကောင်း ၊ အဆီအအိမ့် အချိုအချဉ် အငန်အစပ် အသားအသီးအရွက် စုံလင်စွာနှင့် ပြင်ဆင်တည်ခင်းထားအပ်သော ထမင်းစားပွဲဝိုင်းကြီးသည် လည်းကောင်း ၊ ထို့ပြင်တစ်ဝ နှစ်လိုဖွယ်ရာ ပျူငှာစွာဖြင့် ကြိုဆိုနေသော ဝင်နီ သည် လည်းကောင်း ၊ ကျွန်တော့်အား သံလိုက်ဓာတ် ဆွဲငင်သလို ဆွဲငင်နေကြပေရာ ဟောင်းမြင်းသောပရိဘောဂတို့ကို နောက်တစ်ကြိမ် ထပ်၍ အမှတ်ပင် မပြုမိတော့ချေ ။
ထမင်းစားပွဲတွင် ဦးဖေ နှင့် ဒေါ်ဌေးကြည် တို့က မျက်နှာချင်းဆိုင် ထိုင်ကြသည် ။
ကျွန်တော် နှင့် ဝင်နီ တို့ကလည်း မျက်နှာချင်းဆိုင် ။
ဦးဖေ က သူ့ပန်းကန်ထဲ ထမင်းထည့်ပြီး ကျွန်တော့်ထံ ထမင်းအုပ်ကို ကမ်းလိုက်ရင်း -
“ ကဲ အိုင်ဆေး များများထည့် မောင် ၊ အကြည် ရေ မေစီ ကော မစားသေးဘူးလား ”
ဒေါ်ဌေးကြည်က ခပ်သဲ့သဲ့ ပြုံးပြီး -
“ မေစီ မစားသေးဘူး အစ်ကိုကြီးရဲ့ ၊ သူ့ကို ဟင်းလိုက်ဖို့ တာဝန် ပေးထားတယ် ။ ဪ - ဒါထက်မောင်တင်ထွန်း နဲ့ မေစီ မိတ်ဆက် မပေးရသေးဘူးနော် ၊ မေစီရေ သမီး မေစီရေ”
“ လာပြီ မာမီ ” ဟူသော အသံနှင့်အတူ မေစီ ထွက်လာလေသည် ။ မေစီ၏ အရပ်အမောင်း အသားအရေ စသည်တို့မှာ ဝင်နီ နှင့် တစ်ထေရာတည်းလိုပင် ဖြစ်၏ ။ သို့ရာတွင် မေစီ ၏ နှာတံမှာပိုပေါ်၍ နှာခေါင်းနည်းနည်း ချွန်သည် ။ မျက်လုံးကလည်း ပိုကျယ်ပြီး မျက်ခုံး ပိုထူသည် ။ ̶က̶̶ု̶̶လ̶̶ာ̶̶း̶ဆင်ကလေးဟု ဆိုထိုက်ပေ၏ ။ ဆံပင်ကို လိပ်ပြာအတောင်ဖြန့်သလို ပုံသဏ္ဌာန်ပြုထားသောဖဲကြိုးဖြင့် စည်းထားလေသည် ။
“ မောင်တင်ထွန်း ၊ ဟောဒါ သမီးအငယ် မေစီလေ ”
ကျွန်တော်က ပြုံး၍ နှုတ်ဆက်လိုက်သည် ။ “ နေကောင်းပါရဲ့လား ၊ တွေ့ရတာ ဝမ်းသာပါတယ် ”
“ ကျေးဇူးတင်ပါတယ် ၊ တွေ့ရတာ အင်မတန် ဝမ်းသာနေပါတယ် ”
ဒေါ်ဌေးကြည်က ကြက်သားဆီပြန်ဟင်းကို ခပ်၍ ကျွန်တော့်ပန်းကန်ထဲ ထည့်ရင်း -
“ အန်တီ က ဒီနေ့ည မေစီ ကို ထမင်းလိုက်ဖို့ တာဝန်ပေးထားတယ် ။ ဟဲ ဟဲ ဒီနေ့ညအဖို့စားပွဲထိုး ခန့်ထားတာပေါ့ကွယ် ။ အန်တီ ကလေ သမီးတွေကို အိမ်မှုရေးရာ သင်ပေးတယ် ၊ အစေခံတွေရှိမယ့် သူတို့လည်း အချက်အပြုတ် ၊ အကျွေးအမွေး ဧည့်ခံတာတွေမှာ ဝင်လုပ်စေတယ် ၊ ဒါမှတတ်မှာကိုး မောင်တင်ထွန်း ရဲ့ ။ ဝင်နီ ရေ သမီးဘက်က ငါးချဉ်ရေပန်းကန်ကို မောင်တင်ထွန်းဘက် ပေးပါကွယ် ”
“ နေပါစေ အန်တီ ကျွန်တော် မီပါတယ် ။ ဟဲ ဟဲ နေပါစေ ဝင်နီ ကိုတင်ထွန်း မီပါတယ် ။ ခုလိုသိပ်ဂရုစိုက်ကြတော့ စားရတာတောင် အားနာတာတာ ဖြစ်လာတယ် ၊ ဟဲ ဟဲ ထမင်းထည့်ပါဦးမေစီ ”
အားလုံးက ဟဲ ဟဲ နှင့် လိုက်ရယ်ကြသည် ။
ဒေါ်ဌေးကြည် က -
“ မောင်တင်ထွန်း ငါးပိရည် ကြိုက်ပြီလား ”
“ ငါးပိရည် မပါရင် ထမင်း မစားတတ်သလောက် ဖြစ်နေပြီ အန်တီ ”
“ ဒါဖြင့် အညာသား အညာမပြန်နိုင်တော့ဘူးပေါ့ ဟဲ ဟဲ ဟဲ ”
ကျွန်တော်က ဟဲ ဟဲ ဟဲ နှင့် ဒေါ်ဌေးကြည် နှင့်အတူ လိုက်ရယ်သည် ။ ကျန်လူများက ပြုံးရုံသာ ပြုံးကြသည် ။
သို့ဖြင့် ဦးဖေ ဒေါ်ဌေးကြည် တို့၏ အိမ်မှာ ကျွန်တော့် စားအိမ် သောက်အိမ်သဖွယ် ဖြစ်လာလျက်ဦးဖေ ၏ အိမ်မိသားစုနှင့် အထဲဝင် အပြင်ထွက် ရင်းနှီးလာခဲ့ပေသည် ။ ဝင်နီဖေ ( ခေါ် ) မသိန်းဝင်းနှင့်မူကား ရိသဲ့သဲ့ ၊ ချိတ်တိတ်တိတ် ၊ ထေ့တေ့တေ့ ပြုကြမိလျက် ဘာကလိုလို ၊ ဘိုကလာတာတာအဖြစ်သို့ ရောက်ခဲ့ရပေသတည်း ။
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment