❝ ဗိုလ်အောင်ကျော် ဆုံးလေပြီ ❞
ထိုနေ့ညတွင် ရန်ကုန်မြို့ကြီး သည် ခြောက်သွေ့နေလေသည် ။
ရန်ကုန်မြို့သူ မြို့သားများ သည် မလှုံ့ဆော် မစည်းရုံးရဘဲ သူတို့ဘာသာ ဆန္ဒပြကြ၏ ။ ဈေးဆိုင်များကို ပိတ်ကြ၏ ။
“ ကျောင်းသားတို့သွေး မြေသို့ကျကုန်ပြီ ”
“ ကျောင်းသားတွေသာမက ကျောင်းသူကလေးတွေကိုပါ ပုလိပ်က ရိုက်သတဲ့ ”
“ တချို့ဒဏ်ရာရသူတွေမှာ သေလုမြောပါး ဖြစ်နေသတဲ့ ”
“ က̶̶ု̶̶လ̶̶ာ̶̶း̶ နဲ့ အင်္ဂလိပ် စစ်ပုလိပ် တွေက ကျောင်းသား ၊ ကျောင်းသူတွေအပေါ် ဖိနပ်နဲ့ တက်နင်းသတဲ့ ”
ထိုကဲ့သို့သော စကားများသည် တောမီးလောင်သလို ပျံ့နှံ့လျက်ရှိလေသည် ။ ပြည်သူလူထု၏
ဒေါသမီးသည် တဟုန်းဟုန်း တောက်လောင်လာလေ၏ ။
“ ဟယ် - မတရားတဲ့ အင်္ဂလိပ်ဓနရှင် ”
“ ဟယ် - ဆိုးရွားတဲ့ နယ်ချဲ့ ”
“ ဟယ် - ယုတ်မာတဲ့ ညွန့်ပေါင်းအစိုးရ ”
သို့ကလို ရှုတ်ချရုံဖြင့် မကျေနပ်သေး ။
ပြည်သူတို့သည် လက်လှမ်းမီရာ မျက်ဝါးထင်ထင် မြင်နိုင်ရာ အင်္ဂလိပ်ဓနရှင်တို့ ၏ အဆောက်အအုံများကို သူတို့၏ ဒေါသမီးတွင် လောင်မြိုက်စေလိုကြသည် ။ လက်လှမ်းမီရာ မျက်ဝါး
ထင်ထင်မြင်ရာ အစိုးရ ၏ အဆောက်အအုံများ ကို ဖြိုဖျက်လိုကြသည် ။
ပုဇွန်တောင် ၊ ရေကျော် နှင့် ကြည့်မြင်တိုင် ရပ်ကွက် များတွင် အာရ်အီးတီ မီးလုံးများ ကို ရိုက်ခွဲကြ၏ ။
တကယ် ထိရောက်တာ မထိရောက်တာ အပထား၍ သူတို့စိတ်တွင်တော့ အင်္ဂလိပ်ဓနရှင် ကို ရိုက်ခွဲပြလိုက်ခြင်း မဟုတ်ပါလော ။ ကြက်တန်းတွင် အာရ်အီးတီ ထရော်လီ ဘတ်စ်ကားများ ကို ဖျက်ဆီးပစ်ကြ၏ ။ တကယ် ထိရောက်တာ မရောက်တာ အပထား၍ သူတို့စိတ်မှာတော့ အင်္ဂလိပ်ဓနရှင်
စနစ် ကို ဖျက်ဆီးခြင်း မဟုတ်ပါလော ။
စပတ်လမ်း တွင် လမ်းသလားကာ ပြည်သူတွေ ကြောက်အောင် ဟု အင်အားပြနေသော စစ်ပုလိပ်
တပ်များ ကို ပြည်သူလူထု က ခဲများပုလင်းများနှင့် ပေါက်ကြ၏ ။ တကယ် ထိရောက်တာ မထိရောက်တာ အပထား၍ သူတို့စိတ်ထဲမှာတော့ ဖိနှိပ်ချုပ်ချယ်သော နယ်ချဲ့ညွန့်ပေါင်းအစိုးရ ကို
တိုက်ခိုက်ကြောင်း ကြေညာလိုက်ခြင်း မဟုတ်ပါလော ။
လူထု သည် ဒဏ်ရာရသူ ဖိနှိပ်ခံရသူများဘက်က ကရုဏာသက်ကြောင်း ၊ ဝမ်းနည်းကြောင်းနှင့်
အင်္ဂလိပ်ဓနရှင် နှင့် ညွန့်ပေါင်းအစိုးရတို့အား ကန့်ကွက်ရှုတ်ချကြောင်းများကို နည်းအမျိုးမျိုးဖြင့်
ဆန္ဒပြကြသည် ။ ဈေးဆိုင်များကို ပိတ်ကြ၏ ။ ကီလီလမ်း နှင့် ထီးတန်း ရှိ ဗမာသစ်ဆိုင်များသည်
ဆိုင်များကို ပိတ်ကြရုံမက ဒေါင်းလံများကို တစ်ဝက်ထူကြသည် ။ ဘတ်စ်ကားများ ၊ လန်ချားများ
နှင့် မြင်းလှည်းများ ကလည်း အလုပ်ရပ်စဲလိုက်ကြသည် ။ တစ်ခုတည်းသော ဗမာပိုင် သွင် စီနီမာရုံ
သစ်ကြီးကိုလည်း ပိတ်လိုက်သည် ။
အင်းစိန်ထောင် တွင် သခင်လေးမောင် အစရှိသော နိုင်ငံရေးအကျဉ်းသမားများက အစာမစားဘဲ
နေပြီး ဆန္ဒပြကြလေသည် ။
သာယာဝတီအမတ် ဖြစ်သူ သခင်မြ နှင့် ပခုက္ကူအမတ် သခင်အံ့ကြီး တို့ကလည်း အမတ်အဖြစ်မှ
နုတ်ထွက်ကာ အင်္ဂလိပ်ဓနရှင် နှင့် ညွန့်ပေါင်း တို့၏ အပြုအမူကို ကန့်ကွက်လိုက်လေသည် ။
မြို့မကျောင်းအုပ်ကြီး ဦးဘလွင် ကလည်း ဆီးနိတ် ( အထက်လွှတ်တော် ) ဒုတိယဥက္ကဌအဖြစ် မှ
လည်းကောင်း ၊ အမတ်အဖြစ်မှ လည်းကောင်း နုတ်ထွက်ပြီး အစိုးရက ပေးထားသည့် ကေအိုင်အိပ်ချ် ဘွဲ့ကို ပြန်အပ်လိုက်လေသည် ။ မအူပင်အမတ် ဦးဖေမောင် နှင့် နတ်တလင်းအမတ် ဦးမောင်မောင် တို့သည် ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်လေသည် ။ များစွာသော ကျေးရွာလူကြီး မြူနီစပယ် အဖွဲ့ဝင် လူကြီးတို့သည် ရာထူးမှ ထွက်ကြလေသည် ။
သံဃာတော် အများအပြားက ဆွမ်းမစားဘဲနေကာ ဆန္ဒပြကြသည် ။ သာသနာ့ဝေပုလ္လ သံဃာအဖွဲ့ က အစည်းအဝေးကြီးကျင်းပပြီး နှစ်စဉ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပရန် ဆုံးဖြတ်ကြလေသည် ။
ကြည့်မြင်တိုင် တစ်နေရာတွင်ကား ပိုစတာကြီးတစ်ခုကို ထောင်ထား၏ ။ ပိုစတာတွင် ဘုရင်ခံ
ကော့ကရိန်း ၊ နန်းရင်းဝန် ဒေါက်တာဘမော် နှင့် ရန်ကုန်အရေးပိုင် ဦးဖိုးစ တို့အား ကြိုက်ရာနေရာ၌
ချိန်းဆိုကာ ဓားချင်း ယှဉ်ခုတ်ရန် သခင်စိန်လွင် ဆိုသူက ဖိတ်ခေါ်ထားလေသည် ။
ဤကဲ့သို့သော ပြည်သူတို့၏ ကန့်ကွက် မှုကို အစိုးရတို့က ပို၍ ဖိနှိပ်ချုပ်ချယ်မှုဖြင့် တုံ့ပြန်လေသည် ။
ရန်ကုန်အရေးပိုင် ဦးဖိုးစ ၏ အမိန့်ဖြင့် အများပြည်သူတို့ ငြိမ်းချမ်းရေးနှင့် ဥပဒေစည်းကမ်း
ရိုသေရေးတို့ကို အကြောင်းပြကာ သတင်းစာတို့ကို ပိတ်လိုက်သည် ။ သူရိယ နှင့် ဒီးဒုတ်
သတင်းစာတို့ကို အာမခံ တောင်းလိုက်သည် ။
အာရ်အီးအက်စ် ( R . E . S ) ရန်ကုန် လတ်တလော လုံခြုံရေးဥပဒေ ခေါ် ဘုရင်ခံ၏ တစ်ချက်လွှတ်အာဏာ ဖြင့် ကြေညာထားသော ဥပဒေကို တွင်တွင်သုံးကာ နိုင်ငံရေးသမားများ ၊ ကျောင်းသားခေါင်းဆောင်များ နှင့် သတင်းစာဆရာများ ကို ဖမ်းလေသည် ။ တက္ကသိုလ်သမဂ္ဂ ငွေထိန်း
ကိုသိန်းအောင် နှင့် ကိုထွန်းရှိန် တို့ အဖမ်းခံကြရ၏ ။ လက်နက်ကိုင် စစ်ပုလိပ် ၂ဝဝ မျှနှင့်
တက္ကသိုလ်သမဂ္ဂ အဆောက်အအုံ ကို ဝိုင်းပြီး သမဂ္ဂအမှုဆောင်လူကြီး ကိုစိုးမောင် ကို ဖမ်းသွားလေသည် ။
ကိုလှရွှေ အား လိုက်ဖမ်းရာ ကိုလှရွှေ သည် ရှောင်တိမ်းထွက်သွားပြီး ပုန်းနေရလေသည် ။
လူငယ်ပိုင်း သတင်းစာဆရာများသည် အထူးတိုးတက်လျက်ရှိကာ အစည်းအဝေးခေါ်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို တိုက်ဖျက်နေသည့် တို့ဗမာအစည်းအရုံး နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ကြလေသည် ။ ရေနံမြေသပိတ်တပ်ကြီး ကို သွားရောက်ကူညီရန် ဗိုလ်စာရင်းသွင်းသူက သွင်းလေသည် ။ ၎င်းတို့အနက် ကိုကိုလေး သည် အာရ်အီးအက်စ်ဥပဒေ နှင့် အဖမ်းခံရ၏ ။
သို့သော် အခြေအနေကား ဖိလေကြွလေဖြစ်နေပေ၏ ။
ရန်ကုန် မှာ ဖိလျှင် နယ်က ကြွသည် ။ နယ် မှာ ဖိသည်ဆိုလျှင် ရန်ကုန် က ကြွသည် ။
ဟိုမြို့က ကန့်ကွက် ၊ သည်မြို့က ဆန္ဒပြ ၊ ဟိုမြို့က အာဏာဖီဆန် ၊ သည်မြို့က သပိတ်မှောက်
အရေးတော်ပုံ လှိုင်းဂယက်သည် အချို့တောရွာများသို့ပင် ရိုက်ခတ်လေသည် ။ တကယ့်
တစ်မျိုးသားလုံး အရေးတော်ပုံကြီးပေတည်း ။
အမျိုးသားရေးအတွက် လှူကြတန်းကြသည်မှာလည်း ဘာသာရေး စိတ်အားထက်သန်မှုထက်
သာလျှင် သာမည် ၊ မလျော့ ။
သပိတ်မှောက် ကျောင်းသားများ စားဖို့ ထမင်းထုပ်ကောက်ကြရာ စမ်းချောင်းရပ်ကွက် တစ်ခုတည်းမှ ထမင်းထုပ် ၃ဝဝဝ ရရှိလေသည် ။
ကျွန်တော်တို့သည် မြို့ထဲထွက်၍ တစ်အိမ်တက်ဆင်း ရန်ပုံငွေကောက်ခံကြသည် ။ သော့ခတ်ထားသော ပုံးစိမ်းကလေးများပေါ်တွင် ' ကျောင်းသားများ၏ အာဏာဖီဆန်ရေး ရန်ပုံငွေ ' ဟု
ရေးထားလေသည် ။ ခဲရာခဲဆစ် ဘာမျှ မပြောရ ။ အထွေအထူး တရားဟော မနေရ ။ ပုံးကိုကိုင်၍
အိမ်ရှေ့မှာ သွားရပ်လျှင် အိမ်ရှင်သည် အပြေးအလွှား လာ၍ တက်နိုင်သလောက် ထည့်လိုက်သည် ။
ဈေးမှာဆိုလျှင် ဆိုင်ရှေ့သွားရပ်၍ ပုံးကို ထိုးခံရုံသာ ရှိသည် ။ ဆိုင်ကလေး ဆိုင်ကြီးရှင်တို့သည်
အဆင်သင့် မူးစေ့ ၊ မတ်စေ့ ၊ ငါးမူးစေ့ ၊ ကျပ်ပြား ၊ ငွေစက္ကူများ ကိုင်စောင့်နေကြသည် ။
ကျွန်တော်တို့သည် ဈေးဝယ်တို့ထံမှလည်း အလှူခံကြ၏ ။ လမ်းသွားလမ်းလာများထံမှ ဆီး၍လည်း အလှူခံသည် ။ ဒီဇင်ဘာလ ၂၂ ရက်လား ၊ ၂၃ ရက်လား ကျွန်တော် မမှတ်မိ ။ တစ်ရက်တည်း
ကျွန်တော်တို့လူစု ထွက်ကောက်ရုံဖြင့် ငွေ ၃ဝဝဝိ ကျော် ရလေရာ ကျွန်တော်တို့ပင် အံ့အားသင့်
နေကြလေသည် ။
ပြည်သူတို့၏ စေတနာသဒ္ဓါတရားကား ထက်သန်လှပေစွ ။ ပြည်သူတို့၏ ထောက်ခံမှုကား
ကြီးမားလှပေစွ ။
ကိုအောင်ကျော် တစ်ယောက် မသက်သာ ၊ အခြေအနေ ဆိုး၍သာ လာသည်ဟု သိကြရသဖြင့်
ကျွန်တော်တို့ အားလုံး များစွာ စိုးရိမ်နေကြသည် ။ ကျွန်တော်သည် ကိုလှရွှေ အား မေးကြည့်၏ ။
ဦးနှောက် ကို ထိခိုက်သွားသဖြင့် ဤမျှ ဆိုးသွားသည်ဟု ဆို၏ ။ ကိုအောင်ကျော် ပက်လက်ကလေး
လဲ၍ ခံစားနေရသော တက္ကသိုလ်ဆင်နီတိုရီယံ သို့ ပြေးသွား၍ ကြည့်မိ၏ ။ ကိုအောင်ကျော် ကား
လုံးဝ သတိမရ ။ ကျွန်တော့်မှာ ရင်တဖိုဖိုနှင့် ငေးကြည့်ပြီးသာပြန်ခဲ့ရသည် ။ ဘာမျှလည်း မတတ်နိုင် ၊ နှစ်သိမ့်အားပေး စကားမျှ ပြောလို့ မရ ။
ကျွန်တော်သည် ကျောင်းသားများအရေး ၊ ကျောင်းသားများတိုက်ပွဲတွင်သာ နစ်မြုပ်၍ အလုပ်လုပ်
နေသော်လည်း ရန်ကုန်မြို့သို့ ဦးတည်၍ ချီတက်လာသော ရေနံမြေသပိတ်တပ်ကြီးကိုကား
မေ့မသွားပါ ။ ရေနံသပိတ်တပ်ကြီးသည် အနှောင့်အယှက် အမျိုးမျိုးကို ကျော်နင်းကာ ချီတက်လာနေရာ နတ်တလင်းမြို့ သို့ပင် ရောက်လာပြီ ။ သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော လူကြီးတစ်စုသည် နတ်တလင်းမြို့သို့ သွားလျက် ရေနံသပိတ်တပ်ကြီးကို ကြိုဆိုကြသည် ။ အမျိုးမျိုး
ပိတ်ပင်တားဆီးခဲ့သော အစိုးရလည်း လက်လျှော့လိုက်ဟန် တူလေပြီ ။ မင်္ဂလာဒုံစစ်တပ် ကို အမိန့်
မရဘဲ ဖြတ်သန်းသွားလာခြင်း မပြုရဟု ဘုရင်ခံက တားမြစ်ထားရာ ရေနံသပိတ်တပ်ကြီး
ဖြတ်သန်းခွင့် တောင်းကြလေသည် ။ ဘုရင်ခံသည် ဖြတ်သန်းခွင့် ပေးလိုက်ရပေ၏ ။ ဘုရင်ခံ
ကော့ကရိန်း သည် ပြည်သူတို့၏ အင်အားကို လေးစားရပေပြီ ။
လယ်သမားတပ်ကြီးများ ကလည်း သာယာဝတီ ၊ ပဲခူး ၊ သထုံ တို့မှ သာမက မအူပင် မှလည်း
လယ်သမား ၂ဝဝဝ တပ်ကြီးတစ်ခု ချီတက်လာမည်ဟု သိရလေသည် ။
ကျွန်တော်တို့ကား အဖက်ဖက် မှ အားတက်နေကြပေ၏ ။
ကမာရွတ်ဘူတာရုံလမ်း နှင့် အင်းစိန်လမ်း ထောင့်နားတွင် ဝင်းခြံကျယ်ကျယ်နှင့် အိမ်ကြီးတစ်လုံး
ရှိလေသည် ။ ဝင်းခြံတွင်းမှာ ပင်စောက်ကြီးများအုပ်နေပြီး ပန်းပင် သီးပင်ကလေးများကို ပြုပြင်ထားခြင်း မရှိသဖြင့် လည်းကောင်း ၊ အိမ်ကြီးမှာ ဟောင်းမြင်းသဖြင့် လည်းကောင်း ပေါ်လွင်
ထင်ရှားခြင်းမရှိ ဖြစ်နေလေသည် ။
ထိုအိမ်မှာ ကိုလှရွှေ ရှောင်တိမ်းပုန်းအောင်းနေသော အိမ်ဖြစ်ပေ၏ ။
ကိုလှရွှေ အား ဖမ်းရန် ပုလိပ်များက ဝရမ်းထုတ်ထားသည် ။ ကိုလှရွှေ ကား အစည်းအဝေးရှိလျှင်
တက်၍ ဟောပြောသည် ။ နောက် လူထုကြားထဲမှ ပျောက်ကွယ်သွားပြီး ထိုအိမ်ကြီးတွင် ဘွားခနဲ
ရောက်သွားတတ်သည် ။ ကိုလှရွှေ ပုန်းရှောင်နည်းမှာ လုံလည်း လုံခြုံ၏ ။ အလုပ်လည်း မပျက် ။
ကျွန်တော့်မှာ အခြားတာဝန်များအပြင် ပုန်းရှောင်နေသော ကိုလှရွှေ နှင့် အခြား သမဂ္ဂ ခေါင်းဆောင်များကြားတွင် အဆက်လည်း လုပ်ရလေသည် ။
ထို့ကြောင့် ကျွန်တော်သည် ကိုလှရွှေ ပုန်းရှောင်နေသော ထိုအိမ်ကြီးသို့ ရောက်ရလေသည် ။
ကိုလှရွှေ က ကျွန်တော်ရောက်သွားသွားချင်း -
“ ဒီမှာ ဘဦး ပြောတဲ့စကား ဖတ်ပြီးပြီလား ”
“ သတင်းစာများဗျာ လုံးစေ့ပတ်စေ့ကို မဖတ်ရပါဘူး ၊ လှန်ကြည့်ရုံသာ ကြည့်နိုင်တော့တယ် ”
“ ဖတ်ကြည့်စမ်းပါဦး ”
“ မြို့သူမြို့သားများသည် မိမိတို့ ရထိုက်သည့် အခွင့်အရေးထက် ပိုမိုကျူးကျော်လာခဲ့ကြပြီး မြို့ရွာ
ငြိမ်သက်ရေးကို ထိခိုက်လာသည့်အခါ ကျွန်ုပ်တို့သည် နိုင်နင်းစွာ ဖိနှိပ်ကြရမည် ။ ကျွန်ုပ်တို့သည်
ကျောင်းသားများ ၏ အာဏာဖီဆန်ရေးကိစ္စကို နိုင်နင်းစွာ နှိမ်နင်းအုပ်ချုပ်နိုင်ပြီးဖြစ်၍ ရှေ့အဖို့တွင် ဘာမျှ ဘေးဥပဒ် မရှိတော့ကြောင်း ”
ကျွန်တော့်မှာ ဖတ်ရင်း ဒေါသထွက်လာပြီး -
“ ဒါကြောင့်လည်း ဝန်ကြီးပေါက်စ ဘဦး အို့ အို့ လို့ လူတွေက ခေါ်ကြတာပဲ ၊ ဝန်ကြီးဖြစ်တာ
မကြာသေးလို့ပေါ့ ၊ ကြာရင် ဘယ်လောက် ကဲမလဲ မသိဘူးဗျာ ”
“ ဟေ့ မောင်ရင် ၊ ဒါထက်အရေးကြီးတာက အောက်နားက စကား ၊ သူက တို့တစ်တွေ ခုလို ဆူပူလှုပ်ရှားနေကြတာဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ ၊ ဂဠုန်မောင်စော တို့ တစ်တွေ မြှောက်ပေးလို့ပါတဲ့ ၊ တို့ကိုများ သူငယ်နှပ်စားပြောတာဟာ တို့ရဲ့ အရေးတော်ပုံကို သိမ်ဖျင်းသွားအောင်
လုပ်တာပဲ ၊ တို့ကို သခင်တွေ ရှို့ပေးလို့ ထလောင်တယ်လို့ ပြောရင် ခံသာသေးတယ် ”
“ ဟုတ်တယ် ၊ ဂဠုန်မောင်စော မြှောက်ပေးလို့ လုပ်တယ်ဆိုတာကတော့ ကျုပ်တို့ကို စော်ကားတာပဲ
ကိုလှရွှေ ရဲ့ ။ ဂဠုန် ဆိုတဲ့ လူက လိုက်ပြီး ကြွားချင် ကြွားနေမှာ ၊ ကျွန်တော်တို့က သူ့တပည့်ပါလို့ ”
“ အင်း အဲဒါလည်း ဖြစ်နိုင်တယ် ၊ ဂဠုန်မောင်စော ကတော့ စတိပြ အာဏာဖီဆန်ရေး လုပ်တယ် ၊
ထောင်ကျခံပြီး နာမည်ကောင်း ယူမယ် ၊ ပြီးတော့ ဗြိတိသျှနယ်ချဲ့သမားရဲ့ ခံတပ်ကြီး အုတ်များပြိုကျလေရာ ကျောက်နှင့်ဝင်တည်မယ့်လူ ၊ တို့ကို ငြမ်းလုပ်ပြီး ဘမော် ကို ဖြုတ်ချပြီးတော့ ဘမော်
နေရာ တက်ယူ ၊ ဒါပဲ သူ့ရည်ရွယ်ချက် ”
“ ဒီ ညွန့်ပေါင်းအစိုးရကို တိုက်တဲ့နေရာမှာ ဒီလို လူမျိုးတွေနဲ့ ပခုံးချင်း ယှဉ်မိလျက်သား ဖြစ်ရတာ
စိတ်သန သဗျာ ”
“ အေးလေ သန စရာပဲ ၊ သို့ပေမယ့် ဘယ်တတ်နိုင်မလဲ ၊ ဂရုစိုက်ပြီး ကြည့်လုပ်ရမှာပဲ ၊ သူက
တို့ဆီကို လာပြီး သူ့ကို လိုရာခိုင်းဖို့ ပြောတယ် ၊ ကိုယ်က ခင်ဗျား တို့ဗမာအစည်းအရုံးသွားပြီး
သခင်တွေနှင့် ပူးပေါင်းလုပ်ပါဗျာလို့ ပြောလိုက်ရတယ် ။ မောင်မင်းကြီးသား ကောင်းရာမွန်ရာ
ရောက်ပါစေလို့သာ ဆုတောင်းရတာပဲ ဟား ဟား ”
ကိုလှရွှေ က ရယ်ကောင်းကောင်းနှင့် အားရပါးရရယ်နေစဉ်ပင် ကျွန်တော် က -
“ သူက သခင်ခေါင်းဆောင်တွေဆီ မသွားဘဲနဲ့ ကျွန်တော်တို့ဆီကိုလာတာ ဘာကြောင့်လဲဗျ ”
“ သခင်ခေါင်းဆောင်တွေကိုတော့ နှပ်လို့ မရဘူး ၊ ကိုယ်တို့ကိုတော့ နှပ်လို့ရမယ် မှတ်လို့ပေါ့ ၊
ပြီးတော့ တို့ကျောင်းသားတွေကို တိုင်းပြည်က မေတ္တာထားမှန်းသိတော့ဆင်ဖြူတော်မှီ ကြံစုပ်
ရအောင် လုပ်တာပေါ့လေ ။ ကိုယ်တို့က သူ့ကို သခင်တွေဆီ သွားလုပ်ပါလို့ ညွှန်းလိုက်တာဟာ
အဖက်ဖက်က ကောင်းတယ် ၊ သူရိုးသားရင်လည်း ကျောင်းသား အလုပ်သမား လယ်သမား တွေမှာ တကယ့်စေတနာနဲ့ ဆောင်ရွက်ချင်ရင်လည်း တို့ဗမာအစည်းအရုံးနဲ့ သူပေါင်းမှာပေါ့ ၊
ပြီးတော့ တိုင်းပြည်မှာလည်း ကိုယ်တို့ ကျောင်းသားတွေဟာ နိုင်ငံရေး ကစားပွဲမှာ မပါဘူးဆိုတာ
ထင်ရှားစေမယ် ”
“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပါလားဗျာ ၊ ဂဠုန်မောင်စော က မြှောက်ပေးလို့
လုပ်တယ်ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်လည်း ပျောက်သွားအောင် ဦးစော လည်း ကောင်းရာမွန်ရာ
ရောက်ချင် ရောက်သွားအောင် ”
“ အင်း ကိုယ်လည်း ဒီလိုပဲ စိတ်ကူးမိတာပဲ ”
“ ဒါဖြင့် ခုရေးဗျာ ”
ကိုလှရွှေ က ကြေညာချက်ကို ရေးနေစဉ် ကျွန်တော်သည် သတင်းစာကို ဖတ်၏ ။ သို့သော်
သတင်းစာတွင် ကြာကြာ စိတ်မဝင်စားဘဲ ကိုလှရွှေ ရေးနေသော ကြေညာချက်တွင်သာ စိတ်ဝင်စား
နေသဖြင့် လှမ်းကြည့်လိုက်သည် ။
' ..... မည်သည့်နိုင်ငံရေးပါတီများ၏ ပယောဂများကြောင့်မျှ မဟုတ်ကြောင်း ။
ဦးစော က ကျွန်တော်တို့အား သူ့ကိုခိုင်းလိုရာ ခိုင်းဖို့ လာရောက်ပြောဆိုသော်လည်း သခင်
အစည်းအရုံးနှင့်သာ တိုင်ပင်၍ ဆောင်ရွက်ရန် ပြောကြားလိုက်၏ ။ '
သို့ကလို ကိုလှရွှေ ကရေး၍ ကျွန်တော်က လှမ်းဖတ်နေစဉ် ဗြုန်းခနဲ လူတစ်ယောက်
ရောက်လာလေသည် ။ ထိုသူကား ကျွန်တော် မသိ ။ အသားဖြူဖြူ ပိန်ပိန်ပါးပါး ခပ်ရှည်ရှည်
ဖြစ်လေသည် ။ သူသည် လှေကားပေါက်ဝ ကပင် -
“ ဟေ့ ကိုလှရွှေ ” ဟု ခေါ်ပြီး အမြန်ဝင်လာသည် ။ သူ့မျက်နှာကား မကြည်လင်လှချေ ။
“ ဘာလဲဗျို့ အိမ်ပြောင်းရဦးမလား ”
“ ဒါမှမဟုတ်ပါဘူး ၊ မပြောင်းရပါဘူး ၊ ကျောင်းကလာပြီး သတင်းပေးလို့ ”
“ ဆိုစမ်းပါဦး ဘာသတင်းလဲ ”
“ မောင်အောင်ကျော် ဆိုတဲ့ ကျောင်းသား သေသွားပြီတဲ့ ”
ကျွန်တော့် ရင်ကား ဒိတ်ခနဲ ခုန်သွားပြီး ဟာသွားသည် ။ နောက် ဖိုလှိုက်လာသည် ။
ကိုလှရွှေ ကား ဖောင်တိန်ကို တရုတ်စုတ်တံ ကိုင်သလို ကိုင်ကာ စက္ကူပေါ်မှာ တရုတ်စုတ်တံ ဆွဲသလို
ဆွဲနေပြီး အတန်ကြာငိုင်နေသည် ။ နောက် မှ မျက်နှာ မော့ပြီး -
“ အင်း ရဲဘော်ကောင်းတစ်ယောက် ဆုံးသွားပေါ့ ၊ ထင်တော့ ထင်သားပဲ ဦးနှောက်ခွံ အက်သွားတယ်
ဆိုတော့ ”
ကိုလှရွှေ သည် မျက်နှာကို ငုံ့ပြီး တွေးနေပြန်သည် ။ ကျွန်တော့်မှာ ကိုအောင်ကျော် ၏ စိတ်အားထက်သန်၍ ခိုင်မာဆောက်တည်သော မျက်နှာကို မြင်နေလေသည် ။ ထိုမျက်နှာသည် ခဏအတွင်း
ပြောင်းသွား၏ ၊ နောက်ဆုံး ဆေးရုံတွင် မြင်ခဲ့ရသည့် ဝေဒနာခံစားနေရသော မျက်နှာ ။
ကိုလှရွှေ က ထိုင်ရာမှ ထပြီး -
“ ကဲ သွားကြစို့ ”
သတင်းပေးလာသော မိတ်ဆွေက -
“ ဘယ်ကိုလဲ ”
“ အလောင်းရှိရာ ကိုပေါ့ဗျ ”
“ သွားလို့ ဖြစ်ပါ့မလား ၊ မင်းကို ပုလိပ်က ဖမ်းသွားမှဖြင့် ”
“ အလစ် ဝင်ရမှာပေါ့ဗျာ ၊ ဖမ်းလည်း ဘယ်တတ်နိုင်မလဲလေ ၊ ကဲ - လာ သွားကြပါစို့ ”
“ မင်းတို့ပဲ သွားကြကွာ ၊ ငါဒီမှာပဲ နေရစ်ဦးမယ် ”
ကျွန်တော်တို့ နှစ်ယောက်သည် ကိုအောင်ကျော် ၏ အလောင်းရှိရာသို့ သွားကြလေသည် ။
ကိုအောင်ကျော် သေခြင်းသည် တစ်ဆင့် တစ်ဆင့် ကြီးကျယ်လာသော အရေးတော်ပုံ အင်အားပြပွဲ
ကြီးများကို ဖြစ်စေလေသည် ။
ယခင်က ကျွန်တော်တို့သည် ကျောင်းများကို သပိတ်မှောက်ရန် မညွှန်ကြားသေး ။ ကျောင်းတက်
ရင်းပင် နယ်ချဲ့အစိုးရ ဆန့်ကျင်ရေးတိုက်ပွဲများကို ဆင်နွဲသွားကြမည် ဟု သဘောပိုက် ထားကြလေသည် ။ ဒီဇင်ဘာလ ၂ဝ ရက် နေ့တွင် ကျောင်းသားတို့သွေး မြေသို့ကျသောအခါမှ -
ရဲဘော်တို့
ငါတို့၏ တရားသော လိုလားချက် များကို အကြမ်းမဖက်ဘဲ စည်းစနစ်ကျနစွာ
ငါတို့ တောင်းဆိုခဲ့ရာ ငါတို့တောင်းဆိုသည်ကိုမပေး ၊ အစိုးရသည် ငါတို့
ကျောင်းသား ကျောင်းသူ ၂ဝဝ ကျော်ကို ဒဏ်ရာပြင်းထန်စွာရအောင် မြင်း နှင့်
တိုက်ခြင်း ၊ တုတ် နှင့် ရိုက်ခြင်း ၊ ဖမ်းဆီးခြင်း စသော အမှုတို့ဖြင့် စော်ကား ရန်မူခဲ့သည်ကို ကန့်ကွက်သောအားဖြင့် ဗမာတစ်ပြည်လုံးရှိ ကျောင်းဟူသမျှကို
သပိတ်မှောက်ကြရန် ငါတို့ ဆင့်ဆိုလိုက်သည် ။ ငါတို့က အမိန့်မထုတ်မချင်း
သပိတ်များကို မလှန်ရ ။ ရွာကြို ရွာကြား ရပ်ကြို ရပ်ကြားရှိ သေးငယ်သော
မြန်မာစာသင် ကျောင်းကလေးများပါမကျန် အစိုးရ၏ အထောက်အပံ့ကို
တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်၍သော် လည်းကောင်း ယူနေသော
ကျောင်းဟူသမျှ ပါ သပိတ်မှောက်ရမည် ဖြစ်ကြောင်း ။
လှရွှေ
မြန်မာပြည်လုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအသင်း
ဒုတိယဥက္ကဌ
၂၁ - ၁၂ - ၃၈
ယခု ကိုအောင်ကျော် ကွယ်လွန်ခြင်းသည် အထက်ပါ ကိုလှရွှေ ၏ ညွှန်ကြားချက်ကို ဖြည့်စွက်ပေးလိုက်သည်နှင့် တူတော့၏ ။ တစ်ပြည်လုံးရှိ ကျောင်းဟူသမျှ ရွာသိမ်ရွာငယ် မြန်မာစာသင်ကျောင်းကလေးများပါမကျန် သပိတ်မှောက်၍ ဆန္ဒပြကြလေသည် ။
ကိုအောင်ကျော် ၏ အလောင်းကို ဆေးရုံကြီးရင်ခွဲရုံမှ တက္ကသိုလ်သမဂ္ဂ အဆောက်အအုံသို့
ရွှေ့ပြောင်းသည့် အခမ်းအနားမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုသဖွယ် ဖြစ်လာလေသည် ။
လူထုပရိသတ်ကြီး သည် အလောင်းကို စောင့်မျှော်နေဆဲ လူထုထဲမှာရှိနေသော ရန်ကုန်စီရင်စု
တို့ဗမာအစည်းအရုံး အတွင်းအရေးမှူး သခင်စံထွန်းလှ ကို ပုလိပ်တို့က အာရ်အီးအက်စ် ဥပဒေဖြင့် ဖမ်းလိုက်သောအခါ လူထုသည် ဝိုင်းလုရန် ဟန်ပြင်ကြလေသည် ။ သခင်စံထွန်းလှ
ကိုယ်တိုင်က တားထားပြီး -
“ အရေးကြီးတာ ပြီးအောင် လုပ်ကြပါ ၊ လယ်သမား နဲ့ ရေနံသပိတ်တပ်ကြီးများ ကိုသာ ရန်ကုန်
အရောက် ချီတက်အောင် လုပ်ကြပါ ” စသည့် စကားများပါသော သဝဏ်လွှာကို ရေးထားခဲ့လေသည် ။
ကိုအောင်ကျော် အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်ဖြင့် တစ်ပြည်လုံးတွင် အစည်းအဝေး
လုပ်ကြ၏ ။ အလံထက်ဝက် တင်ကြ၏ ။ ချီးကျူးပြီး ဘွဲ့ထူးအမျိုးမျိုး ပေးကြ၏ ။ ကိုအောင်ကျော်
သည် ဗိုလ်အောင်ကျော် ဖြစ်သွားလေပြီ ။
ဗိုလ်အောင်ကျော် ၏ ဈာပနသို့ ရန်ကုန်မှ လူထုအသင်းအဖွဲ့များသာမက သန်လျင် ၊ လှည်းကူး
စသော နီးစပ်ရာဒေသများမှလည်း အသင်းအဖွဲ့နှင့်လာရန် ဆုံးဖြတ်ကြလေသည် ။
ကျွန်တော့်အဖို့ ဤမျှ များပြားသော လူထုပရိသတ်ကို မမြင်ဖူးသေးပါ ။ တက္ကသိုလ်သမဂ္ဂ
အဆောက်အအုံရှေ့မှ ဘွဲ့နှင်းသဘင် အဆောင်ကြီးထိ ၊ ထိုမှ ပြည်လမ်းထိ ၊ ပြည်လမ်းမှ ကြံတော
သင်းချိုင်း အထိ လူထုအဆက် မပြတ် ကြိတ်ကြိတ်တိုး စည်ကားနေလေသည် ။
အင်္ဂလိပ်ဓနရှင်နှင့် ညွန့်ပေါင်းအစိုးရတို့အား မျက်လုံးပြူးသွားစေသော လူထုပရိသတ်ကြီး
ပေတည်း ။
ဗိုလ်အောင်ကျော် ၏ ဈာပနာတွင် ကိုလှရွှေ သည် ရှေ့ဆောင်၍ ပို့၏ ။ ပုလိပ်များသည် ကိုလှရွှေ ကို
မြင်ကြ၏ ။ သို့သော် မဖမ်းရဲချေ ။ ဤမျှသာ မကသေး ၊ ကြံတောသင်းချိုင်းသို့ ရောက်သောအခါ
ကိုလှရွှေ သည် ဈာပနမိန့်ခွန်း ပြော၏ ။ ပုလိပ်များကား ဖမ်းဝရမ်းကို ဆုပ်ကိုင်၍ ကြည့်၍သာ
နေရသည် ။ နားထောင်၍သာ နေရသည် ။ ဘာမျှ မလုပ်ရဲ ။
ကိုလှရွှေ ၏ ဗိုလ်အောင်ကျော် ဈာပန မိန့်ခွန်းကို ကျွန်တော် တစ်သက်လုံး မေ့မည် မထင်ပါ ။
ထိုနေ့က ရောက်ရှိသူ ပရိသတ်တို့လည်း ဘယ်တော့မျှ မေ့နိုင်ကြမည် မထင်ပါ ။
“ ဟယ် - ဓနရှင် အင်္ဂလိပ် ”
“ ဟယ် - ညွန့်ပေါင်း ဘမော်အစိုးရ ”
စသည်ဖြင့် တရားခံများအား ခေါ်လိုက်ပုံမှာ တစ်မျိုးလုံး တစ်ပြည်လုံး၏ ဒေါသသံကို တိကျစွာ
ပဲ့တင်လိုက်သလို ရှိပေ၏ ။
ဓနရှင်အင်္ဂလိပ် နှင့် ညွန့်ပေါင်းအစိုးရအား အပြောင်လက်ဆုံးသော စကားများဖြင့် ရှုတ်ချသည် ။
အထိရောက်ဆုံး အပိုင်ဆုံးသော အကြောင်းများဖြင့် ဖော်ထုတ်သည် ။ တစ်မျိုးလုံး တစ်ပြည်လုံးသည် ကျဆုံးသော ဗိုလ်အောင်ကျော် ကို အလံသဖွယ် လွှင့်ထူ၍ လွတ်လပ်ရေး တိုက်ပွဲ ဆက်လက်
ဆင်နွှဲကြရန် လှုံ့ဆော်လေသည် ။
မသာပို့သူများထဲတွင် ဗိုလ်အောင်ကျော် နှင့်အတူ ပုလိပ်အရိုက်ခံရသော ကျောင်းသူကျောင်းသား
အချို့လည်း ပါလေသည် ။ အချို့မှာ ပတ်တီးစည်းကိုပင် မဖြုတ်ရသေးချေ ။
မခင်သစ် ကား ပတ်တီးဖြုတ်ထားလေပြီ ။ လုံးဝ ဒဏ်ရာပျောက်ကင်းသွားလေဟန် ရှိ၏ ။ သူ့ကို
ကျွန်တော်က မြင်သော်လည်း သူက ကျွန်တော့်အား မြင်ဟန် မရှိ ။ ကျွန်တော်ကလည်း သွား၍
နှုတ်မဆက်ပေ ။
မမြင့်ဦး နှင့်တကွသော တက္ကသိုလ်ကျောင်းသူတစ်စုလည်း မသာပို့လိုက်ကြသည် ။ မမြင့်ဦး ကား
ယောဂီရောင် ပိုးတွန့်လုံချည်ကို ဝတ်ထားသည် ။ အင်္ကျီမှာတော့ ပဒုမ္မာ မပါးမထူသာဖြစ်၏ ။
ကျွန်တော်က သူ့ကိုမြင်၍ သူက ကျွန်တော့်အား မြင်သည် ။ မမြင်ဦး သည် ကျွန်တော့်အား
ခဏခဏကြည့်ရုံမက ရစ်သီရစ်သီ လုပ်နေသဖြင့် ကျွန်တော်နှင့် စကားပြောလိုကြောင်း သိနိုင်ပေသည် ။ ကျွန်တော်က သူ့အနားကပ်သွားသည်ဆိုလျှင်ပင် ဆီး၍ -
“ ကိုတင်ထွန်း မနက်ဖြန် ညနေ နည်းနည်း အားမယ်လား ”
ကျွန်တော်သည် ခေါင်းကုတ်၍ စဉ်းစားလိုက်သည် ။ ကျွန်တော့်ခေါင်းသည် ဟာလာဟင်းလင်း
ဖြစ်သည်ဟုလည်း ဆိုနိုင်သည် ။ ပြည့်ညပ်နေသည်ဟုလည်း ဆိုနိုင်သည် ။ ဤလို ပြင်းထန်သော
လှုပ်ရှားမှု လှိုင်းတံပိုးများပေါ်ဝယ် လှေလှော်သလို လုပ်နေရသောအချိန်တွင် အလုပ်မများဘဲ နေပါမည်လော ။ သို့သော် အလုပ်များလွန်းသဖြင့် စက်ခုတ်သလို ဖြစ်နေလေပြီ ။ သူ့အရှိန်နှင့်သူ
လှုပ်ရှားနေလေပြီ ။ အလုပ် များသလား ၊ နည်းသလားပင် မစဉ်းစားမိနိုင်တော့ပြီ ။
ကျွန်တော့်မှာ ခေါင်းကုတ်ကာ စဉ်းစားရင်း ဘာမျှ မဖြေသေးဘဲ နေမိရာ မမြင့်ဦး ကပင် -
“ မအားလည်း နေပါစေတော့လေ ”
“ အားပါတယ် ၊ ဘာလုပ်မလို့လဲ ”
“ ရုပ်ရှင် သွားကြည့်မလားလို့ ၊ ကိုတင်ထွန်း သိပ်ပင်ပန်းနေတယ် ၊ ဒီတော့ ခဏ အအားယူပြီး စိတ်ပြေ
လက်ပျောက် ရုပ်ရှင်သွားကြည့်ရင် ကောင်းမယ်ထင်လို့ မေးတာ ”
ပြင်းထန်သော လှိုင်းတံပိုးပေါ်တွင် လှေလှော်သူသည်ပင် ဆေးလိပ်မီးညှိ၍ သောက်သေးသည် ။
မဟုတ်ပါလော ။ မမြင့်ဦး ၏ အကြံပေးချက်ကို ကျွန်တော် များစွာ သဘောကျသွားပေသည် ။
အလုပ်နှင့် အနားယူမှုသည် ဆက်နေသည် ။ အလုပ်လုပ်သလောက် အနားယူရာမှာ ဇိမ်ရှိသည် ။
နိုင်ငံရေး ဆူပူလှုပ်ရှားမှုကြားမှ တစ်ခါတစ်ရံ ရုပ်ရှင်သွားကြည့်ရခြင်းသည် ကျွန်တော်တို့အဖို့
အကောင်းဆုံး ဇိမ်တစ်ခု ဖြစ်နေလေပြီ ။
“ ကောင်းသားပဲ နက်ဖြန်ညနေ လာခေါ်မယ် ”
“ ထမင်း မစားခဲ့နဲ့နော် မြို့ထဲကျမှ စားကြမယ် ”
◾သိန်းဖေမြင့်
📖 အရှေ့ကနေဝန်းထွက်သည့်ပမာ
koaungnaingoo.blogspot.com
.
No comments:
Post a Comment