Sunday, February 12, 2023

မဟူရာပညတ် နှင့် ပရမတ် မီးသွေး ( ၃ )


 လျှပ်တစ်ပြက် အတွင်း ၌ မမျှော်လင့် သူ ကို တွေ့ ရ၏ ။ တွေ့ ရသော တဒင်္ဂ ကာလ မှာ လည်း အိပ်မက် ကဲ့သို့ ရှိ၏ ။ ပြီးလျှင် လည်း တွေ့ဆုံ သော သူ သည် ရင့်ကျက်သော ဣန္ဒြေကို ဆောင်သည့် စစ်သားကြီး ဖြစ် နေ၏ ။ စစ်သားကြီး သည် စစ်သား နှင့် ဆိုင်သော စကားတစ်ခွန်း နှစ်ခွန်း ကို သာ ပြောပြီး ပျောက်ကွယ် သွားလေပြန်ပြီ ။ 


မြ သည် နေအိမ် သို့ ရောက်လာသည့် တိုင်အောင် စိတ် အတွင်း ၌ ခံစား လာရသည့် ဝေဒနာ ကို အမည် မပေးတတ်နိုင်အောင် ရှိနေသည် ။ ရင်များ သည် တလှပ်လှပ် တုန်လျက် ရှိနေ၏ ။ ထိုမျှ မကသေး မခံချင်သော စိတ် ဒေါမနဿ ဝေဒနာကိုပါ ခံစား နေရလေသည် ။


မျှော်လင့်ချက် ကြီးမားစွာ နှင့် ပင် စောင့်ဆိုင်း နေခဲ့သည် ။ ယခု အကြိမ် ပြန်လည် တွေ့ဆုံသည့် အခါတွင် ဘာပဲ ဖြစ်ဖြစ် သည် ကိစ္စ တစ်ခု ကို အပြီးအပိုင် ဆုံးဖြတ်ချက် ချတော့မည် ဟု ဆုံးဖြတ် ထားပြီးခါမှ စစ်သားလူထွက် သည် စစ်သားကြီး ပြန် ဖြစ်ကာ စစ်မြေပြင် သို့ ထွက်ခွာ သွားနေ သည့် အဖြစ် နှင့် ကြုံ နေရ၏ ။


တကယ်တော့ လည်း မိမိ မှာ မိန်းမသား ဖြစ် လေသည် ။ မိန်းမသား ၏ အထံ မှ လိုအပ်သော မေတ္တာပန်းလွှာ ကို တောင်းဆို ခဲ့ပြီး နောက်ပိုင်း ၌ မိမိ ၏ သဘောထား ပြောင်းလဲ ခဲ့သည့် အဖြစ် ကို ပင် စူးစမ်းရန် အချိန် မရ သော စစ်သားကြီး အား မြ သည် ရန် တွေ့ချင် နေ လေသည် ။


ထို့ကြောင့်ပင် မြ သည် တစ်ထိုင်တည်း နှင့် စာရှည်ကြီး တစ်စောင် ကို ရေး၏ ။ ပြီးတော့ကာ စာ ကို ဆုတ် ပစ်၏ ။ ပြီးတော့ ကာ ခုတင် မှာ မှောက် ပြီး ငိုလေသည် ။


“ ဒါ သူ့ အပြစ် ၊ ဒါ သူ့ အပြစ် ... ” ဟု လည်း ဗိုလ်သိန်းဒန် အား အပြစ် တင် လေသည် ။ အနီး မှာ ရှိသော မဉ္ဇူ သည် မြ ၏ အဖြစ် ကို တစ်ချက် မျှ ငိုင် ၍ ကြည့်၏ ။ ပြီးလျှင် ကိုဘထွန်း နှင့် အတူ တစ်ဖက် မှာ ရှိသော ဧည့်သည်ခန်းဆောင် သို့ ဝင်သွား လေသည် ။ 


၁၉၅၁ - ၅၂ - ၅၃ ခုနှစ် ။


•••••   •••••   •••••   •••••


ကြာပဒုံ သည် မငုံပါတကား... ။


အဝေးသို့ မျှော်၍ မြင်ရသော ရှုခင်း ကို ပင် ဗိုလ်သိန်းဒန် သည် ငေး၍ နေလေသည် ။ ပြည်ပ မှ ဝင်ရောက် ကျူးကျော်ခြင်း ကို ဗမာ့မြေ အပြင် ပေါ် သို့ တစ်လက်မ မျှ မရောက်စေ လိုသော ဆန္ဒ ၏ ပြင်းပြခြင်း နှင့် အတူ ဗိုလ်သိန်းဒန် သည် မိုင်းဆတ် ၊ ကျိုင်းတုံနယ်ပယ်ဒေသ များ သို့ ရောက်ခဲ့သည် ။ ရန်သူ နှင့် စစ်သား တို့တွေ့ကြသော အခါ စစ်သား သည် စစ်မြေအပြင် ကို ဖျာသင်ဖြူး ကဲ့သို့ မှတ်ထင်လျက် အချိန် ကို ကုန်လင့်၏ ။ ဤအတွင်း မှာ ပင် ယိုးဒယားနယ်မြေ အတွင်း ၌ ကျူးကျော် သူ တို့ က စေ့စပ်ပြေငြိမ်းပွဲ ပြုလုပ် လေသည် ။ သည့်နောက် တော့ ကာ ဗမာ့မြေ အပြင် မှ ထွက်ခွာ ပေးကြလေသည် ။


ဤအခါ တွင် ဗိုလ်သိန်းဒန် သည် စစ်မြေ ၏ ကြမ်းတမ်းခက်မာ သော ခရီး မှ စွဲကပ်လာသော ငှက်ဖျားဝေဒနာ ကို ခံယူ ထားရ ပေပြီ ။ ဗိုလ်မှူး သည် မည်သည့် အချိန် က မင်္ဂလာဒုံစစ်ဆေးရုံ သို့ ရောက်လာ သည် ကို ပင် မသိခဲ့ပေ ။


“ တပ်မတော် အထူးလေယာဉ် နဲ့ ဗိုလ်မှူး ကို ပို့ခဲ့တယ် ” ဟူသော အသံ ကို သာ ကြား လိုက်ရ၏ ။ စစ်ဆေးရုံ တွင် ပင် ကုသနေဆဲ ၌ မင်္ဂလာသတင်း ဟူသော သတင်း အပိုင်းအစ ကို သတင်းစာ တွင် တွေ့  လိုက် ရ၏ ။


“ မောင်သက်ခိုင် နှင့် မြ ”


စစ်ဆေးရုံ သို့ ရောက်၍ တစ်လမျှ အကြာ ဝေဒနာ သက်သာသော အရိပ်အငွေ့  ကို တွေ့ပြီး နောက် မကြာမီ မှာ ပင် ဤသတင်း ကို တွေ့ ရ သည် ။ ' မြ ' ဟူသော စာလုံး မှာ ဗိုလ်မှူး အား စိတ်ပါဝင်စား စေခဲ့၏ ။ အဘယ် မြ နည်း ။


ဗိုလ်မှူး သည် မင်္ဂလာသတင်း ကို သေချာစွာ ဖတ်လေသည် ။


“ တောင်ကြီးမြို့ ကျောင်းဆရာမ မြ ” ဟူသော စာလုံးများ ကို လည်း တစ်လုံးစီ တစ်လုံးစီ ကြည့် မိလေသည် ။ ပြီးနောက် အဝေး သို့ မျှော်၍ မြင်ရသော ရှုခင်း ဝေရီရီ ကို ကြည့် နေ လိုက်၏ ။


တပေါင်းလ ဖြစ် သဖြင့် အပူရှိန်သည် တရိပ်ရိပ် တက် နေလေ သည် ။


“ ဗိုလ်မှူး ဧည့်သည်များ လာ ပါတယ် ” 


အသံ ကြား လေ မှ ဗိုလ်မှူး သည် လှည့်၍ ကြည့်လေသည် ။ တပ်သား ၏ နောက် မှ ကပ်၍ ပါလာ သူ မှာ ကိုဘထွန်း နှင့် မဉ္ဇူ ဖြစ်ကြ လေသည် ။ 


“ အား .. ပူလိုက်တာ ၊ ဘယ့်နှယ်လဲ ကိုယ့် လူ နေထိုင် ကောင်းရဲ့ လား ၊ မဉ္ဇူ ကတော့ အပြစ် တင် နေတယ် ”


“ ဗိုလ်မှူး ကို အပြစ် တင်ရုံတင် မကဘူး ”


မဉ္ဇူ က ဤသို့သာ ပြောသည် ။ ထိုနောက် အနီး မှ ရဲဘော် လာ ရောက် ချထားပေးသော ကုလားထိုင် တွင် ဝင်ရောက် ထိုင် ကာ တရုတ်ပြည် ဖြစ် ယပ်တောင်အဝိုင်းကလေး ကို ဖြန့်ပြီး ယပ်ခတ် နေ လိုက် သည် ။ 


ဗိုလ်မှူး သည် ကိုဘထွန်း နှင့် မဉ္စူ ကို တစ်လှည့်စီ ကြည့်လိုက် လေသည် ။ ဘာမျှ မပြောသေးဘဲ နေရာ မှ ...


“ ဆိုပါဦး သက်ဆိုင်ရာ ရဲဘော် သိဖို့ ကိစ္စကို... ” 


“ ဗိုလ်သိန်းဒန် ဟာ အရင် စတွေ့  ကတည်း က ဉာဉ် ကို ခုထက် ထိ မဖျောက်ဘူး ။ အင်္ဂလိပ်တွေ ပြေး တုန်းက တွေ့ တယ် ။ နောက်ပြီး အစ ပျောက် သွားတယ် ။ တစ်ခါ ပင်လုံကွန်ဖရင့် မှာ တွေ့ တယ် ။ အစ ပျောက် သွားတယ် ။ နောက် တစ်ခါ စစ်သား အဖြစ်နဲ့ တစ်ခါ ပြန်တွေ့ တယ် ။ အစ ပျောက် သွားတယ် ။ စာကလေး ပေကလေးတွေ ကို တစ်ခါ တလေ ရေးဖော် မရဘူး ။ ဒါကြောင့်မို့လို့ ' မြ ’ က ဗိုလ်မှူး ကို အပြစ် တင် တယ် ”


“ မြ က အပြစ် တင်သလား ၊ ကျွန်တော် ဒါတွေ ကို မသိဘူး ၊ ကျိုင်းတုံ ကို ရောက်ပြီးစ က စာ ရေးဖို့ သတိ ရပါသေးတယ် ။ ဒါပေမဲ့ မရေး ဖြစ်ခဲ့ဘူး ။ ရေး လည်းပဲ သိပ်ပြီး အကြောင်း ထူး လိမ့်မယ် မထင် ဘူး မဉ္ဇူ  ”


“ ဘယ်လို အကြောင်း မထူးဘူး  ထင်တာလဲ ၊ ဗိုလ်သိန်းဒန် ” 


“ မြ တစ်ယောက် ကို ပြောတာပါ ။ ခုတော့ လမ်း က အဆုံး ကို ရောက် နေပါပြီလေ ”


ဗိုလ်သိန်းဒန် သည် ထို စကား ကို ပြောဆို ပြီးလျှင် သတင်းစာ ကို အသာ လက် မှ ချလိုက်လေသည် ။ မင်္ဂလာသတင်း သည် အထင်း သား ပေါ် နေ၏ ။


“ ဟာ ”


ကိုဘထွန်း သည် မင်္ဂလာသတင်း ကို တွေ့ရသော အခါ ဤသို့ အသံ ထွက်လာ၏ ။ မဉ္ဇူ သည် ထို သတင်း ကို မျက်မှောင် ကြုတ်ပြီး ကြည့် လေသည် ။


“ ဒါ ဗိုလ်သိန်းဒန် အပြစ် ပဲ ”


“ ဆိုပါဦး .. ကျွန်တော် ဟာ လူပျိုစစ်သား တစ်ယောက် ပါ ။ စစ်သား ပီပီ ပဲ ကျွန်တော် က ပွင့်လင်း စေချင်တယ် ။ မြ ဟာ ကျွန်တော့် ဆန္ဒ ကို နား မလည်ဘူး ။ ပြီးတော့လည်း ပဲ မုဆိုးမ တစ်ယောက် ပါ ” 


“ အဲဒါ အပြောရ ခက်တယ် ”


ကိုဘထွန်း က ပြုံးပြီး ပြော လာ၏ ။ မဉ္ဇူ က လည်း ပြုံး၏ ။ 


“ မဉ္စူ နားလည်ပြီ ဗိုလ်သိန်းဒန် ။ အစက ဒီလို နားလည် လိုက်ရင် အကောင်းသား ပဲ ။ မြ ဟာ မုဆိုးမ ပဲ ၊ ဘာဖြစ်လို့ ဟန်ဆောင် နေရသလဲ ဆိုပြီး ဗိုလ်မှူး က စိတ်ဆိုး နေတယ် ဆိုပါတော့ ”


“ ဒီလို တွေး ရင်လည်း တွေး နိုင်ပါတယ် ။ ဒါဟာ တစ်သက်လုံး အတွက် ကိစ္စကြီး တစ်ရပ်ပါ မဉ္ဇူ ၊ ကျွန်တော် ဟာ စစ်သားဘဝ က ထွက်ပြီး စီးပွားရေး ဘက် ကို လိုက်မယ် ဆိုပြီး ရည်ရွယ် ထားတာ လည်း ကိုဘထွန်း အသိဆုံး ပါ ။ စီးပွား ရှာရမယ် ဆိုရင် စီးပွားဘက် ကောင်း ကောင်း လိုပါ တယ် ။ ကျွန်တော် တို့ နိုင်ငံ အတွက် စီးပွားရေးသမား ကောင်း တွေ အများ ကြီး လိုတယ် ။ နိုင်ငံရေးသမား တွေ အထူးသဖြင့် ပေါများ နေတယ် ။ ဒီတော့ကာ နိုင်ငံ ရဲ့ စီးပွားရေး ကို ပြန်လည် ထူထောင် ချင်တဲ့ လူ တစ်ယောက် ဟာ သူ့ ဘဝ ရဲ့တည်ငြိမ် ဖို့ ကို ပထမ စဉ်းစားတယ် ။ ဒီ စဉ်းစားချက် ဟာ ဟန်ဆောင်မှု အောက် မှာ မြုပ်သွား ရမှာလား ”


“ မြ ကို ဗိုလ်သိန်းဒန် အထင် လွဲ နေတယ် ” 


“ မလွဲပါဘူး ၊ မှန်တာ ပြော တာပါ ” 


“ လွဲပါတယ် ၊ လွဲတာမှ နှစ်ဆင့် တိတိ ” 


မဉ္ဇူ နှင့် ဗိုလ်သိန်းဒန် တို့ ပြော နေသော စကားများ အကြား သို့ ကိုဘထွန်း က ဝင်ရောက် ပြောဆို လိုက်လေသည် ။ ကိုဘထွန်း သည် မဉ္ဇူ ကို လှည့် ကြည့်၏ ။


“ ကဲ .. ရှင်းပြပါဦး မဉ္ဇူ ” 


“ ဒီမှာ ဗိုလ်သိန်းဒန် ၊ မဉ္ဇူ ကို ယုံသလား ”


“ ဘာကို အကြောင်းပြုပြီး မေးတာလဲ မဉ္ဇူ ” 


“ ဪ … မဉ္ဇူ ဟာ မြ နဲ့ အသက်အရွယ် ချင်း မတိမ်းမယိမ်း ရှိပေမဲ့ မြ ရဲ့ ယောက်ျား စဝ်ဆိုင်ထွန်း ကို အကြောင်း ပြုပြီး မြ ရဲ့အဒေါ် တော်စပ် နေ တာလေ ။ ပြီးတော့လည်း မြ နဲ့ မိန်းကလေး ချင်း ဆိုတဲ့ ဘဝ တူညီမှု ရှိတယ် လေ ။ မြ အကြောင်း ကို ဗိုလ်သိန်းဒန် ထက် မဉ္ဇူ က ပိုပြီး သိတာ ကို ဗိုလ်သိန်းဒန် ယုံပါသလား လို့ မေးတာ ... ”


“ ဒါဖြင့်ရင် ယုံပါတယ် ”


“ မြ ဟာ မုဆိုးမကလေး တော့ မှန်တယ် ။ ဒါပေမဲ့ အပျိုစင် ပါ ဗိုလ်သိန်းဒန် ... ”


ဗိုလ်သိန်းဒန် သည် ထို စကား ကြောင့် ဦးခေါင်း ကို ဆတ်ခနဲ လှုပ် လိုက် လေသည် ။


“ မဉ္ဇူ သိသမျှ ပြောရရင် မြ ဟာ အင်မတန် အရှက် ကြီးတယ် ။ ဖုံးဖုံး ဖိဖိ နေ တတ်တယ် ။ အဲဒါကြောင့်ပဲ သူ့ ကို အင်မတန် ချစ်တဲ့ စဝ်ဆိုင်ထွန်း ဟာ အလို လိုက် ထားတယ် ။ မြ က သူ အသက် ၂၁ ပြည့် မှ အိမ်ထောင် နဲ့ နေမယ် ဆိုလို့ ဒီကြား ထဲ မှာ အဆီးအတား အကာအရံ သဘော လောက် နဲ့ သာ သူ တို့ မင်္ဂလာ ဆောင် ခဲ့ ကြတယ် ”


“ ဒီ စကားတွေ ကြား ရတာ ယုံတမ်းစကား လို ဖြစ် မနေဘူးလား ဗိုလ်သိန်းဒန် ”


ကိုဘထွန်း က ဝင်၍ ထောက် လိုက်လေသည် ။ တကယ်တော့ လည်း ယုံတမ်းစကား ကဲ့သို့ ပင်ဖြစ်၍ နေလေသည် ။ ဗိုလ်သိန်းဒန် သည် မေမြို့ တွင် တွေ့ဆုံခဲ့စဉ် ကာလက တွေ့ ရသည့် အတွေ့အကြုံများ ကို ပြန် လည်၍ ဆန်းစစ် နေမိ၏ ။ ထိုစဉ် အခါ က မြ အား တွေ့ရသည် မှာ အပျိုစင် တစ်ဦး ကဲ့သို့ ပင် ရှိ လေသည် ။ စဝ်ဆိုင်ထွန်း ကိုယ်တိုင် က လည်း မေမြို့ တွင် တွေ့ဆုံကြလေ မှ သူ့ တွင် ဟော်သိမ်းပွဲ အတွက် မြ အား မင်္ဂလာဆောင် ရသည်ဟု ဖွင့်ဟ ပြောဆို လာ ဖူးသည် ။ သည်မျှ မက မင်္ဂလာ ဆောင်ပြီးနောက် မြ ကို ကောလိပ် သို့ ဆက်လက် ပို့ ထားသည် ဟု လည်း ဆို ဖူး လေသည် ။


ဗိုလ်သိန်းဒန် သည် ဘာမျှ မပြောဘဲ မဉ္ဇူ ကို သာ ကြည့် နေလိုက် လေသည် ။


“ ဒီ အကြောင်းတွေ ကို သိတဲ့ လူ ဟာ စဝ်သန္တာ ရယ် ၊ မဉ္ဇူ ရယ် ၊ ကာယကံရှင် နှစ်ဦး ရယ် ပဲ ရှိတယ် ။ ဒီက ကိုဘထွန်း တောင် အစ က ဒီ အကြောင်း ကို မယုံဘူး ။ မြ ဟာ သူ အင်မတန် ချစ်တဲ့ လူ လို့ စဝ်ဆိုင်ထွန်း ကို အသိအမှတ် ပြုချင် မှ ပြုမယ် ။ မြ ဟာ အင်္ဂလိပ်သွေး ပါတယ် ။ သူ့ အဖေ က နယ်ပိုင်ဝန်ထောက် တစ်ယောက် ပဲ ဆိုပါ တော့ ။ သူ့ အမေ နဲ့ သူ့ ကို ရှမ်းပြည် မှာ ထားခဲ့ပြီး ဘိလပ် ကို ပြန် သွားတာ စစ် မဖြစ် ခင်ကလေး က ပဲ မြ ရဲ့အမေ ဟာ မဉ္ဇူ ရဲ့ အဒေါ် တစ်ယောက် ပါ ။ ဒီလောက် အထိ ဗိုလ်သိန်းဒန် ကို ပြောပြ နေတာ ဟာ မြ အပေါ်  မှာ အထင် မလွဲ ဖို့ပါ ”


“ ဒါပေမဲ့ အခုတော့ ဘာမှ မတတ်နိုင်တော့ပါဘူး ” 


ဗိုလ်သိန်းဒန် သည် ဤ စကား ကို ခပ်လေးလေး ပြော လိုက် လေသည် ။


“ ဟုတ်ပါတယ် ၊ ဒီ မင်္ဂလာသတင်း အရ ဆိုရင်တော့ မတတ်နိုင် တော့ပါဘူး ။ မြ ဟာ ဗိုလ်သိန်းဒန် ကို တော်တော် ချစ်တယ် ။ ဗိုလ်သိန်းဒန် က သူ့ ကို မက်မက်မောမော မလိုက်လာတဲ့ အခါ မှာ သူ က လည်း ဗိုလ်သိန်းဒန် ကို နောက်ဆုံး မျှော်လင့်ချက် မထားနိုင်တော့ ဘူး လို့ ယူဆ သွားပုံ ရတယ် ”


“ ဒါဖြင့် အားလုံး အလွဲလွဲပဲ ”


“ ဟုတ်ပါတယ် ၊ ပညတ် နဲ့ ပရမတ် မကွဲဘူး ” 


“ ဘယ်လိုလဲ ကိုဘထွန်း ”


“ ဪ ... မဟူရာ ၊ မဟူရာ ဆိုပြီး ပညတ် တယ် ။ မဟူရာ ဆိုပေ မယ့် အမည်း အနက်ရောင် က သာ လွှမ်း တယ် ။ ဒီလိုပဲ မီးသွေးမီးသွေး ဆိုပြီး ပညတ် တယ် ။ အရောင် က တော့ အမည်းအနက် ပါ ပဲ ။ အဲဒီ အထဲမှာ ( မဟူရာ ပညတ် ပရမတ် မီးသွေး ) ဆိုပြီး ငြင်း နေလို့ မရဘူး ... အတူတူပဲ .. ” 


ဗိုလ်သိန်းဒန် က ပြုံးလေသည် ။


“ ကျွန်တော် ဒီ ကိစ္စ ကို ရှင်းချင်တယ် ” 


ဟု လည်း စကား ကို ဆက် ပြီး သွက်လက်စွာ ပြော လိုက် လေသည် ။


“ ပွင့်ပြီးတဲ့ ကြာပဒုမ္မာ တွေ ဟာ ပြန်ပြီးတော့ ဖြင့် မငုံဘူး ဗိုလ်သိန်းဒန် ”


မဉ္ဇူ သည် ဗိုလ်သိန်းဒန် ၏ အကဲ ကို စမ်း လိုက်လေသည် ။ 


“ နှစ်ယောက် စလုံး ဟာ တစ်ယောက် ကို တစ်ယောက် တန်းတန်း မတ်မတ်ကြီး ချစ်ကြ ပြီး မှ ဘာ ထူးသလဲ ၊ အတူတူပဲ ”


ကိုဘထွန်း သည် သူ ၏ စကား ကို ပြန် ဆက် လာ လေသည် ။


“ ခင်ဗျား ကို ကျုပ် တစ်ခု ပြော ချင်တယ် ။ စီးပွားရေးနယ် ထဲ ကို ပြန် ဝင်ဦးမလား ”


“ ဒါကိုတော့ မပြောနိုင်သေးဘူး ၊ ကိုဘထွန်း ”


“ ဒီမှာ ဗိုလ်သိန်းဒန် ၊ ကျိုင်းတုံ ဘက် က နေပြီး ဒီ ရန်ကုန် ကို ပြန် ရောက်လာတာ တောင် ဘာဖြစ်လို့ အကြောင်း မကြားသလဲ ”


“ ကျွန်တော့် အပြစ် ပါ မဉ္ဇူ ”


ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကို ငုံ့၍ နေ လိုက်လေသည် ။


“ သွားရင်း လာရင်း ကျွန်တော် သတင်း ကြားလို့ မဉ္စူ ကို ခေါ်ပြီး ဒီမှာ လာ ကြည့်တာပဲ ဗိုလ်သိန်းဒန် ၊ မြ သာ သိရင် ဘယ်လောက် များ ဝမ်းသာ ဦးမလဲ ”


မဉ္ဇူ က အားရပါးရ ပြော နေသော ကိုဘထွန်း အား စကား ကို ရပ်တန့် စေ လိုက်လေသည် ။


•••••   •••••   •••••   •••••


ထွက်သွားသော ကားငယ် ၏ အသံ ကို ကြားရ၏ ။ အသံ သည် တဖြည်းဖြည်း နှင့် ဝေး၍ ဝေး၍ သွား လေသည် ။ ဗိုလ်သိန်းဒန် သည် စောစောက မဉ္ဇူ ပြော သွားသော စကားများ ကို ကြား နေ သကဲ့ သို့ လည်း ရှိလေသည် ။ ပြီးတော့ကာ ကိုဘထွန်း ၏ မဟူရာ နှင့် မီးသွေး ၏ တူ သော အရောင်အဆင်း ကို လည်း တွေး မိ၏ ။


ဇာတ်လမ်း သည် ဤအတိုင်းသာ ဆိုပါက တစ်ခန်း ရပ်ပေပြီ လော ... ။ 


မဉ္ဇူ သည် ကားငယ် ၏ တံခါး ကို ဂျိုင်းခနဲ နေအောင် ပင် ပိတ် လိုက်သည် ။ ပြီးတော့ကာ အိမ် ပေါ် သို့ ခပ်သွက်သွက်ကလေး ပြေး ပြီး တက်သွား၏ ။ ပါးစပ်မှ “ မြရေ .. မြ .. မြ ... ” စသည် ဖြင့် တတွတ်တွတ် ဟစ်အော် လာ လေသည် ။


မြ ၏ အခန်းတွင်း သို့ လည်း တောက်လျှောက် ပင် ဝင်ရောက် ကြည့် ရှု လိုက်လေသည် ။ မြ သည် သတင်းစာ ကိုကိုင်ပြီး ဧည့်ခန်းဆောင် ဘက် ဆီ မှ ထွက် လာကာ “ အန်တီ ... မြ ဒီမှာ ... ” ဟု အသံ ပေး လိုက် ၏ ။ မြ ၏ အသံ ကို ကြား မှပင် မဉ္ဇူ သည် ကပျာကယာ ဧည့်ခန်းဆောင် ဘက် ဆီ သို့ လှည့် လာလေသည် ။


“ ဒါတွေ ရိုစီ ဉာဏ် တွေ ပဲပေါ့ ၊ မဟုတ်ဘူးလား ဟင် ” 


ဟု ငုံးတိတိ နှင့် မေးလေသည် ။


မြ သည် ရုတ်တရက် သော် ခပ်ကြောင်ကြောင် ဖြစ်သွား၏ ။ မဉ္ဇူ သည် တယ်လီဖုန်း ရှိရာ သို့ တန်းတန်းမတ်မတ် သွားပြန် လေသည် ။


“ ဒီမှာ .. ဒီမှာ .. ဟယ်လို .. ဟယ်လို ၊ ဆောက် ( သ် ) ကို ပေးပါ ။ ဒီမှာ စကား ပြော နေတာ ဘယ်သူလဲ ၊ ဪ .. ရိုစီ ကို ခေါ်ပေးပါ ။ မဉ္စူ ပါ ၊ ရိုစီ အား သလား ၊ ခဏ အိမ် ကို လာခဲ့ပါ ။ ဟုတ်ပါတယ် ။ အဲဒီ ကိစ္စပါ ။ ဒီမှာ အခု လာပါ ”


ကျယ်ကျယ်လောင်လောင် နှင့် စကားများ ကို ပြော ပြီးလျှင် မဉ္ဇူ သည် တယ်လီဖုန်း ကို ဂျောက်ခနဲ မြည်အောင် ချ လိုက်လေသည် ။ ပြီးတော့ ကာ အနီး တွင် ရပ် နေသော မြ ကို လှမ်း ကြည့်၏ ။ 


“ ဒီ မင်္ဂလာ သတင်း ကို ဖတ် ပြီးပလား မြ ” 


“ ပြီးပြီ မဉ္ဇူ ၊ မြ ဘာမှ မသိဘူး ”


“ သက်ခိုင် ကို မဉ္ဇူ သိပါတယ် ။ ကိုဘထွန်း လည်း သိပါတယ် ။ သူ မြ ကို ကြိုက် နေတယ် မဟုတ်လား ”


“ ဒါတော့ မြ မသိဘူး ။ ရိုစီ တော့ တစ်ခါ နှစ်ခါ ပြော ဖူးတယ် ။ သက်ခိုင် နဲ့ မြ ဆိုရင် မကောင်းဘူးလား တဲ့ ။ ဗိုလ်သိန်းဒန် လည်း မျှော်လင့် ချက် မရှိဘူးတဲ့ ”


“ မြ က ဘာ ပြန်ပြော မိ သေးသလဲ ”


“ ဘာမှ ပြန် မပြောခဲ့ဘူး ။ မြ  အေးအေးပဲ နေချင်တယ် မဉ္ဇူ ” 


“ ခုမှ ခက်တယ် ၊ ဗိုလ်သိန်းဒန် မင်္ဂလာဒုံဆေးရုံ မှာ ရှိတယ် ”


“ တကယ်လား မဉ္ဇူ ၊ သူ ဘာရောဂါ နဲ့ လဲ ” 


“ ရောဂါ က ငှက်ဖျားရောဂါ ပါ ။ ခု သက်သာ နေပါပြီ ” 


“ ဘုရား ... ဘုရား ... ”


မြ သည် အသံများ ထွက်လာလေအောင်ပင် ဘုရား တ မိလေသည် ။ မင်္ဂလာသတင်း သည် သတင်းစာ တွင် ပါရှိပြီး ဖြစ်လေသည် ။ ဤ သတင်း ကို ဗိုလ်သိန်းဒန် ဖတ်မိ လျှင် ...


မြ သည် ရှေ့သို့ ဆက်ပြီး မတွေးရဲပေ ။ ဤအချိန် မှာ ပင် နေအိမ် ၏ ဝင်းအတွင်း သို့ ဝင်ရောက်လာ သည့် ကားငယ် ၏ အသံ ကို ကြား ရ၏ ။ ကားငယ် ၏ အပေါ် မှ ရိုစီ နှင့် မောင်သက်ခိုင် တို့ သည် ဆင်းသက် လာ ကြ၏ ။


“ ဒီမှာ ကိုသက်ခိုင် ၊ ဒီ ကိစ္စ ကို ရှင် က အင်ပို့လိုင်စင် လျှောက်သလို လွယ်တယ် အောက်မေ့ နေသလား ”


သက်ခိုင် ကို တွေ့ တွေ့ချင်း မဉ္ဇူ က မေး လေသည် ။ သက်ခိုင် သည် ဘာမျှ ပြန် မပြောနိုင်ဘဲ ရှိ၏ ။ တကယ်တော့လည်း ဤ ကိစ္စ သည် သက်ခိုင် ထက် ရိုစီ နှင့် သာ ပိုမို သက်ဆိုင်လေသည် ။


ရိုစီ သည် ရုတ်တရက် စကား မပြောသေးဘဲ အားလုံး ကို လှည့် ပတ် ကြည့် လိုက်၏ ။ ပြီးမှ “ မြ အတွက် ကောင်းမယ် ထင်လို့  ကိုယ် လုပ်တာပဲ ” ဟု ပြော လေသည် ။ ဤစကား ကို ကြားရသော မဉ္ဇူ သည် အသားများ ဆတ်ဆတ် တုန် ၍ နေလေသည် ။


“ ကောင်းမယ် ထင်လို့ လုပ်ရင်လည်း မြ ဆိုတဲ့ မိန်းကလေး မှာ အဒေါ် တွေ ၊ အစ်မတွေ ရှိသေးတာ ပဲ ရိုစီ ရယ် ၊ တိုင်ပင်ဦးမှပေါ့ ” 


“ ရိုစီ လည်း အင်မတန် ချစ်တဲ့ သူငယ်ချင်း တစ်ယောက် အတွက် မို့ လုပ် ရတာပါ ၊ အပြစ် ရှိ သလား မဉ္ဇူ ” 


“ အပြစ် ရှိတယ် ၊ ကာယကံရှင် ခွင့်ပြုချက် မရှိဘူး ”


အားလုံး သည် ကာယကံရှင် ဆိုသော မြ အား လှမ်း ကြည့် ကြ လေသည် ။ မြ သည် မျက်နှာ ကို နှစ်ဖက်သော လက်များ နှင့် အုပ်၍ ထား လေသည် ။ ပြီးတော့ ကာ ငို လေသည် ။


“ ကိုသက်ခိုင် အတွက် ရိုစီ တာဝန် ယူပါတယ် မဉ္ဇူ ”


ရိုစီ သည် ထိုင်ရာမှ ထ၍ သွားသော မြ အား တစ်ချက် ကြည့်ပြီး ထို စကား ကို ပြော လိုက်လေသည် ။


“ ရိုစီ ရယ် ၊ ဒီ ခေတ် မှာ ဝင်ကုန်ထွက်ကုန် ဆိုင်းဘုတ် ချိတ်တိုင်း အဓိပတိ ကုန်သည်တွေ မဟုတ်ဘူး ဆိုတာ မဉ္ဇူ သိပါတယ် ”


ဤ စကား ကို သက်ခိုင် သည် ကြားနိုင်မည် မဟုတ်ပေ ။ မြ နှင့် မရှေးမနှောင်း ပင် သူ သည်လည်း ဤ ဧည့်ခန်းဆောင် မှ ထွက်ခွာ သွား ပြီ ဖြစ်၏ ။


“ စေ့စပ်ကြောင်းလမ်းခြင်း ဆိုပြီး မြ ရဲ့စိတ် ကို သိရအောင်  စမ်း လိုက် တာပါကွယ် ၊ ဒီ ကိစ္စမှာ ကိုယ် မှားတယ် ၊ ပြန်ရုပ်သိမ်း ပေးပါ့မယ် ” 


“ မှားတယ် ၊ ဟုတ်လား ရိုစီ ၊ ခံရတဲ့ လူ အတွက် အစ ကတည်း  က အဲသလို သိရင် မြ မနစ်နာဘူး ။ ခု ဗိုလ်သိန်းဒန် ကို တောင် ဘယ်လို လုပ်ပြီး ရှင်း ပြရမယ် မသိတော့ဘူး ”


မဉ္ဇူ သည် ပြောရင်း ပြောရင်း က ပင် မျက်ရည်များ ရစ်ဝဲ လာ၏ ။ သည်အချိန် သို့ တိုင်အောင်ပင် ဧည့်ခန်းဆောင် သည် တိတ်ဆိတ် ခြင်း ကို အဖော်ပြု လာလေသည် ။ ရိုစီ သည် မြ ၏ အိပ်ခန်းတွင်း သို့ လှမ်းငဲ့ ကာ ကြည့် လိုက်၏ ။


မြ တစ်ယောက် မှာ အိပ်ရာ ထက် တွင် မှောက်ကာ ငိုလျက် ရှိနေ လေသည် ။


ကျား ရဲရာ ၌ ကြမ္မာ ကို မယိုးသာချေ ။ ဖြစ်ခဲ့သမျှ သော အကြောင်း များ သည် အကောင်း ဟူ၍ ကား မရှိ ။


ထိုကြောင့်ပင် မြ သည် ငိုလျက် ရှိ နေလေသည် ။ ခန်းမသဉ္ဇာ မှ ပင်တိုင်စံ သည် ဝဋ်ကြွေး မပြေ ရှိလေအံ့ ထင်ရ၏ ။


တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ။


ဖြစ်ခဲ့သမျှ သည် အသစ်များ သာ ချည်း ဟု ဆိုပါချေ လျှင် ထို အသစ် များ သည် ပျက်၍ ပျက်၍ ကွဲ၍ ကွဲ၍ ပြိုအိ ကျဆင်း သွားသော ထုထည် ဒြပ်ကြီး တစ်ခု နှင့် တူ ပေမည် ။


ခြောက်သွေ့ လျက် ရှိသော နေအိမ် ၏ သဉ္ဇာခန်းမ အတွင်း မှာ ဖြစ် လေသည် ။ အချိန် သည် တိတ်ဆိတ် သည် ဟု ဆိုသော အကာလ ည အခါ မှာဖြစ်၏ ။ ယခင့် ယခင် သော ညများ ထက် ယနေ့ ည သည် ပိုမို တိတ်ဆိတ် ပေလိမ့်မည် ။


ဗိုလ်သိန်းဒန် သည် ဦးခေါင်း ကိုမော့ပြီး ကုလားထိုင် ၏ နောက်မှီ ပေါ် သို့ တင် ထား လိုက်လေသည် ။ လှိုက်လှဲစွာ နှင့် လှုပ်ရှားနေသော ရင်ခုန်သံများ သည် တဒက်ဒက် တဒိတ်ဒိတ် မြည်ဟည်း နေ သကဲ့သို့ ရှိ လေသည် ။ မျက်နှာပြင် မှာ မူ ဖွာရှိုက် ထားသော စီးကရက် မီးခိုးမီးငွေ့များ ၏ နောက်ဘက် တွင် နီကြင်ကြင် နှင့် ရှိ နေသည် ။


အန်တီမဉ္ဇူ


ရှက်လှစွာ ဖြင့် ဗိုလ်မှူး ကို မတွေ့ချင်တော့ပါ ။

                               မြ


စာငယ် သည် ဗိုလ်မှူး ၏ လက်ထဲ ၌ ကြေမွလျက် ရှိလေသည် ။ ဆေးရုံ မှ ဆင်း လာ ပြီး နောက် အထင် လွဲမိ သမျှ ရှင်းလင်းပါရန် ဟူ၍ မဉ္ဇူ တို့ ၏ နေအိမ် သို့ အရောက် လာခဲ့ကာ မှ မြ နှင့် လွဲ ရ လေသည် ။ မြ ၏ အကြောင်းများ ကို ကြားသိ ရသော အခါ ရင် မှာ ဆို့နင့် ၍ လည်း သွား ခဲ့၏ ။


စိတ်ပြေလက်ပျောက် ရှိလေမည် လား ဟု မြ နေထိုင်ရာ အခန်းငယ် ၏ အတွင်း သို့ ဝင်ရောက်ခဲ့ လေ ရာ ယခု မှ ပင် ဝီထိ မကျသေးသော စိတ် ၏ အကြောင်း ကို သိ ရသည် ။


ဗိုလ်သိန်းတန် သည် မြ ၏ ခန်းမဆောင် မှ စိန်ကရာသီ ၏ အဆောင် သို့ ဝင်ရောက် လာသော ဣန္ဒာဝံသ မင်းသားငယ် အား စူးစိုက်၍ ကြည့် နေလိုက်၏ ။


ပြီးလျှင် တစ်စုံတစ်ခု ကို ယတိပြတ် ဆုံးဖြတ်ချက် ချလိုက် သကဲ့ သို့ ထိုင်ရာ မှ ဆတ်ခနဲ ထ လိုက်လေသည် ။


ပျောက်သော သူ အား ရှာဖွေရာ တွင် တွေ့ စကောင်း၏ ။ မဟူရာ  လည်း မဟုတ် ၊ မီးသွေး လည်း မဟုတ် ၊ နက်ကျောသော အရောင်အဆင်း သည် သာ ပရမတ် ဖြစ်သည် ဆိုလျှင် .. 


ဗိုလ်သိန်းဒန် တစ်ယောက် ရွှေမန်းအမြန်သွား ဒီဇယ်ရထားကြီး ၏ အပေါ် သို့ ရောက်လျက် ရှိသည် ကို အဆန်း ဟု မဆိုသာတော့ ။ သွက် လက်ဖျတ်လတ်ခြင်း က စိုးမိုးလျက် ရှိနေ၏ ။ မန္တလေး ၊ ထိုမှ တစ်ဆင့် လားရှိုး ၊ တောင်ကြီး စသည့် ဒေသများ တွင် ဗိုလ်သိန်းဒန် အား အမှတ်မထင် တွေ့ ရ၏ ။


၅၄ - ၅၅ - ၅၆ ခုနှစ် ။


•••••   •••••   •••••   •••••


မမဉ္ဇူ


ကျွန်တော်တို့ တပ်မတော် ရောက်သည့် ဒေသတိုင်း ၊ သို့မဟုတ် ကျွန်တော် ခွင့်ရက်များ ရသည့် အခါတိုင်း ကျွန်တော် ၏ ပျောက်ဆုံး နေသူကို ရှာဖွေလျက်ပင် ရှိပါသည် ။ သောင်းကျန်းသူများ ၏ ကျေးရွာ တစ်ရွာ ကို ကျွန်တော် တို့ တပ်မတော် ဝင်ရောက် သိမ်းပိုက် မိသော အခါ ကျွန်တော် မေ့၍ မရသော မြ နှင့် သွားရောက် တွေ့ဆုံ ပါသည် ။


ကျွန်တော် ၏ မူလ မြ နှင့် တစ်ထေရာတည်း တူ လှသဖြင့် ကျွန်တော် က ပင် စတင်ပြီး အသိမိတ်ဆွေ ဖွဲ့ ရသည် ။ မြ ၏ အရှက်အကြောက် ကို နားလည်ပြီး ဖြစ်သည့် အတိုင်း ကျွန်တော် မည်သူ ဖြစ်ကြောင်းကို ပြောပြသည့် အခါ ရင်းနှီးစွာ စကား ပြန် ခြင်း မရှိပါ ။


ကွဲကွာနေကြသည့် နေ့ရက်လတာ ကြာညောင်း ခဲ့သဖြင့် ခပ်စိမ်းစိမ်း ဖြစ်လျက် ရှိပါသည် ။ မြ အား ကျွန်တော် က ဖြစ်ခဲ့ သမျှ အကြောင်းများ ကို ရေးသား ဖော်ပြပြီး နောက် ယခုအချိန် တွင် ကျွန်တော် တို့ သည် ငယ်ရွယ်ကြသည့် သူ များ မဟုတ် တော့လေသည့် အတွက် ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေး လိုကြောင်း ပြောပြသောအခါ မြ သည် အတန်တန် ငြင်းပယ် ပါသည် ။


သူ ၏ အကြောင်းပြ ချက် မှာ အေးအေးဆေးဆေး နေထိုင် လိုကြောင်း ပင် ဖြစ်ပါသည် ။


သို့တိုင်အောင် ကျွန်တော် ၏ ဆက်လက် တောင်းပန်ချက် ကြောင့် မြ သည် ကျွန်တော် ၏ အလိုဆန္ဒ သို့ လိုက်လျောခဲ့ သဖြင့် လွန်ခဲ့သော လဆန်း ကပင် ကျေးရွာလူကြီးများ ၏ ရှေ့မှောက် တွင် လက်ထပ် ခဲ့ပါသည် ။


ကျွန်တော်တို့ မကြာမီ ရန်ကုန်သို့ ပြန် ရောက်ရှိ လိမ့်မည် ဟု ယူဆ ပါသည် ။


ကိုဘထွန်း တစ်ယောက် အား လည်း အစဉ် သတိရရှိ ကြောင်း ပြောပြ စေလိုပါသည် ။


မမဉ္ဇူ


ကျွန်တော် ၏ မြ သည် ကျွန်တော် ၏ မူလ မြ မဟုတ်ပါ ။ အံ့အား မသင့် စေ လိုကြောင်း တောင်းပန်ပါသည် ။ တူလွန်းသော မြ ကိုယ်စား တစ်ယောက် ပင် ဖြစ်ပါသည် ။ 


သို့သော် အံ့အား သင့် ဖွယ်ရာ မင်္ဂလာ လက်ဆောင်များ ကို ကျွန်တော် လက်ခံ ရရှိ ခဲ့ပါသည် ။ ထို လက်ဆောင်များ မှာ စိန်ကရာသီ မင်းသမီး နှင့် ဣန္ဒာဝံသ မင်းသား ၊ အယ်လီဇဘက် မင်းသမီး တို့ ၏ ပုံ များ ဖြစ်ပါသည် ။ ထို ပုံများ ကို လက်ဖွဲ့ သူ မည်သူ ဖြစ်ကြောင်း ကို လိုက်လံ စုံစမ်းသောအခါ များမကြာမီ က ပင် ဤ ကျေးရွာ သို့ ရောက်ရှိ လာသည့် ကျောင်းဆရာမကြီး တစ်ဦး ဖြစ်ကြောင်း သိ ရပါသည် ။


သို့နှင့် ကျွန်တော် ကိုယ်တိုင် ထို ကျောင်းဆရာမကြီး အား တွေ့ဆုံရန် ကြိုးစား ရာ မင်္ဂလာ ဆောင် သည့် ရက် အတွင်း က ပင် ဤ ကျေးရွာ မှ ထွက်ခွာ သွားကြောင်း ကို သိရှိ ရ ပါသည် ။ 


အကယ်၍ ဆရာမကြီး မြ ၏ သတင်းများ ကို ရရှိပါက အကြောင်း ပြန်စေလိုပါသည် ။


                        သိန်းဒန်


မှတ်ချက် ။  ။ မဟူရာ နှင့် မီးသွေး တို့ မှာ အသွေးအရောင် တူ သော်လည်း ဓာတ်သဘာဝ ၌ မတူကြောင်း ကို ကိုဘထွန်း သို့ ပြောပြ စေလိုပါသည်ခင်ဗျား ။


◾ရွှေဓါး


📖 မြဝတီ မဂ္ဂဇင်း

      ဇွန် ၊ ၁၉၆ဝ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment