Tuesday, October 3, 2023

တဖုံလေ တနှုံးလေ တထုံးလေ တအင်လေ


 ❝ တဖုံလေ တနှုံးလေ တထုံးလေ တအင်လေ ❞ 


ကျွန်ုပ် မှားယွင်းခဲ့ပြီ ဖြစ်၏ ။ ဤသို့ ဖြစ်ပျက် လာလိမ့်မည် ဟု အစဦး ကာလ က ကျွန်ုပ် မှန်းမျှော် တွေးခေါ်ခဲ့ခြင်း မရှိသည့် အတွက် လည်း ကျွန်ုပ် မှာ သင်း ၏ ဒဏ် ကို ခံ နေရသည် ။ ယခုကဲ့သို့သော ရာသီမျိုး ၊ ကာလခရီးမျိုး နှင့် နောင် ကြုံတွေ့ ရမည် ဆိုလျှင်လည်း ကျွန်ုပ် သည် အလွန်ဆုံး ငါးနှစ် ထက် ပိုမို၍ ခံစား တွေ့ကြုံရ တော့မည် မဟုတ်ခြင်း ကြောင့် အောင့်အည်း သည်းခံကာ နေထိုင် သွားရပေတော့မည် ။


သင်း သည် အစ ပထမ က ဆရာရင်း တစ်ဦး ဖြစ်ရုံမျှ မက သူ့ အား အစစအရာရာ တွင် အလို လိုက် အကြိုက် ကို ဆောင်ရွက် ပေးနိုင်သော ကျွန်ုပ် အပေါ် တွင် အကြီးမားဆုံးသော ပြုစုနည်း ၊ ယုယနည်းများ နှင့် နည်းမျိုးစုံ ပင် ပြုစုယုယ နေထိုင်ခဲ့ဖူးသည် ။ ထိုရော ကာလ က ကျွန်ုပ် ၏ နှစ်သိမ့် ကြည်နူးခြင်း သည် အတိုင်းအဆ မရှိခဲ့ပါပေ ။ လူ ဆိုသည် မှာ နုစဉ် ကာလ ၊ အသက် ငယ်ရွယ်ချိန် ကာလ ၊ အတွေ့အကြုံ နည်းပါးချိန် ကာလ ၌ မိမိ ကိုယ် ကိုယ် ပိုမို တွက်ဆ အထင်ကြီး ထား တတ်၏ ။ သူ တစ်ပါး က လည်း မိမိ ကို အထင်ကြီး စေလိုသော သဘော ရှိ၏ ။ အရေအတွက် သည် အရည်အချင်း ကို ဖုံးလွှမ်း နေသော ကာလပိုင်း တွင် မိမိ ကိုယ် ကိုယ် မိမိ ဝန်ခံရမည့် လုပ်ငန်း အပေါ် ၌ ဝန်လေး လှဆုံးပင် ဖြစ်ပေသည် ။


အသက်အရွယ် ထောက် လာပြီး နောက် အမှားပေါင်း များစွာ ၊ အမှန်ပေါင်းများစွာ နှင့် ရင်ဆိုင်ပြီးသော အခါတွင် မူ တောက်ပြောင် လာသော အရည်အချင်း ၏ ကာလပိုင်း သို့ ရောက်ရှိလာသည် ဟု ပင် ယူဆရပေ လိမ့်မည် ထင်ရ၏ ။ ဤ စာရေးစားပွဲ ပေါ် တွင် ထိုင်ကာ ကျွန်ုပ် ၏ အကောင်း အဆိုးများ ကို ဖွင့်ဟ ဝန်ခံ၍ ရေးသား နေထိုင်ခြင်း ကို ပင် ကျွန်ုပ် သည် ပီတိ ဖြစ်လျက် ရှိ နေပေပြီ ။


ဤသို့ ရေးသား တင်ပြနိုင်သည့် ကျွန်ုပ် ၏ အကြောင်း သို့မဟုတ် ကျွန်ုပ် ပတ်ဝန်းကျင် ၏ အကြောင်းချင်းတများ ကား အခြား မဟုတ် ။ ရုပ်ရှင် ပြဇာတ် သဘင် နယ်ပယ် ပင် ဖြစ်သည် ။


ကျွန်ုပ် သည် အောင်မြင် ပြီးသော ရုပ်ရှင် ဒါရိုက်တာ တစ်ဦး ဖြစ် လေသည် ။ ကျွန်ုပ် ငယ်ရွယ်စဉ် ကာလ ရိုက်ထုတ်ခဲ့သော ရုပ်ရှင်ကားများ ၊ ဆက်ဆံခဲ့ဖူးသော ရုပ်ရှင်ကုမ္ပဏီများ ၊ မင်းသား မင်းသမီးများ အစရှိသည့် သူတို့ သည် ကွယ်လွန်ပြီးသူများ များပြား လျက် အနည်းငယ် မျှ သာ ကျန်ရှိ နေကြ၏ ။ ထို အနည်းငယ်မျှ ကျန်ရှိ နေသည့် အထဲ တွင် ခင်မင်ရင်းနှီးသူလည်းဖြစ် ၊ ယောက်ဖ တစ်ယောက် လည်း ဖြစ်ခဲ့သော မင်းသား ဌေးမောင် တစ်ယောက် သာ ကျွန်ုပ် တို့ ထံ ဝင်ထွက် သွားလာ နေသည် ။


ဌေးမောင် သည် ကျွန်ုပ် ၏ ဖြစ်အင် ကို ကြည့် ကာ “ ခင်ဗျား .. လေး ကြည် ရဲ့ ဒဏ် ကို ခံရတာ ” ဟု မကြာခဏ ပြောတတ်၏ ။ ဌေးမောင် က


ဤသို့ ပြော လိုက်သော အခါတိုင်း ကျွန်ုပ်သည် ဌေးမောင် အား အံ့သြခဲ့ ရ လေသည် ။ လေးကြည် သည် ဌေးမောင် ၏ နှမ ဖြစ်၏ ။ ဌေးမောင် သည် ကျွန်ုပ် လုပ်ကိုင်သော ရုပ်ရှင်ကုမ္ပဏီ တွင် ဇာတ်လိုက် အလုပ် ကို လာရောက် လုပ်ကိုင်ရန် ဆက်သွယ်ခဲ့စဉ် က ခေတ်ပညာတတ် သူဌေးသား တစ်ယောက် ပင် ဖြစ်သည် ။ မိဘများ ကွယ်လွန်ပြီး နောက် နှမငယ် နှင့်အတူ အမွေပစ္စည်းများ ကို ထိုင် ဖြုန်းကာ တေပေ နေသူ ဖြစ်၏ ။ ရုပ်ရှင် ဇာတ်လိုက် လုပ်ချင် လွန်း နေသော သူ့ အား ကျွန်ုပ် သည် ( အောက်ဒိုး ) ရှုတင်များ သို့ ခေါ်ဆောင် သွားလေ့ရှိ၏ ။ ( ရီဟာဇယ် ) လုပ်သည် ဟု ဆိုကာ သူ့ အား တောင်ကမူကလေး တစ်ခု ပေါ် သို့ ပြေးတက် ပြေးဆင်း လုပ်ခိုင်း ဖူး၏ ။ ရေငုပ်ခိုင်း ဖူး၏ ။ ထန်းပင် ပေါ် မှ ခုန်ချခိုင်း ဖူး၏ ။ များစွာသော ကျွဲနွားများ အလယ် သို့ ပြေးလွှားခိုင်း ဖူး၏ ။ ဌေးမောင် တစ်ယောက် ကျွဲ နှင့် နွားများ အလယ် တွင် ပြေးလွှား နေသည့် အချိန်၌ ကျွန်ုပ် က နွားများ ကို ဝှေ့လိုက်ပါစေ ဟု အကြိမ်ကြိမ် ဆုတောင်း နေလေသည် ။ ဤသို့ ဆုတောင်းရသည် မှာ လည်း အကြောင်း ရှိ၏ ။ ကျွန်ုပ် သည် ဌေးမောင် ထံ မှ ငွေပေါင်း များစွာ ကို ချေးငှား သုံးစွဲထား၏ ။ ဤမျှသာ မက ဌေးမောင် အား ( အက်တင် အမူအရာ ) များ သင်ကြားပေးရန် ဟု ဆိုကာ ဌေးမောင် တို့ ၏ နေအိမ် သို့ လိုက်၍ နေထိုင် စားသောက်ရင်း ကျောင်းပိတ်ရက်များ တွင် နေအိမ် သို့ ပြန်လာ သော သူ့ နှမ လေးကြည် အား ပင် ဗလက္ကာရ ပြု ထားပြီး ဖြစ်၏ ။


မှတ်မိပါသေး၏ ။ လေးကြည် နှင့် တွေ့ဆုံ ကြသော ည က ဌေးမောင် အား ကျွန်ုပ် က နောင် ရိုက်မည့် ရာဇဝင်ကား တွင် ဒုတိယ ဇာတ်လိုက် အဖြစ် ပါဝင်စေရန် အတွက် စကား ကမ်းလှမ်း လိုက်၏ ။ ဌေးမောင် က ဝမ်းသာလွန်းသည် ဟု ဆိုကာ ကျွန်ုပ် နှင့် အတူ ဟိုတယ်သို့ သွား ရောက်ခဲ့ သည် ။ ကျွန်ုပ် သည် အကြံသမား တစ်ယောက် ဖြစ် သဖြင့် ဌေးမောင် အား ဟိုတယ် တွင် အချိန် ကုန်ဆုံးစေသည် ။ ဟိုတယ်မယ် တစ်ဦး ဖြစ်သော ဘရန်ဒီ မယ်မြ အား လည်း ကျွန်ုပ် က မျက်စ ပစ် ထား၏ ။ မယ်မြ သည် ဌေးမောင် အား ဟိုတယ်ချိန် ကုန်သည့် တိုင်အောင် တစ်နေရာ ကို ခေါ်ဆောင် သွားမည် ဖြစ်လေသည် ။ လူမှန်း မသိအောင် မူးနေပြီ ဖြစ်သော ဌေးမောင် သည် ကျွန်ုပ် မည်သည့် အချိန် တွင် ပြန်သွား လိမ့်မည် ကို သိမည် မဟုတ်ပေ ။


ကျွန်ုပ် သည် ဌေးမောင် ၏ နေအိမ်သို့ ပြန်လာ၏ ။ နေအိမ် သို့ ရောက် လျှင် ဌေးမောင် တစ်ယောက် လူသတ်မှု ဖြစ်နေကြောင်း ၊ အမြန် ဆုံး လိုက်ဖို့ လိုကြောင်းများ ကို ပြောပြသောအခါ လေးကြည် သည် မျက်လုံးများ ပြူး ကာ သူ့ အိမ် မှ အစေခံ ကို ခေါ်လျက် ကျွန်ုပ် နှင့်အတူ လိုက်ပါ လာ၏ ။ ကမာရွတ် ဘက် သို့ ရောက်သောအခါ ခြံ တစ်ခြံ အတွင်း သို့ ဝင်ရောက် ပြီး နောက် ကျွန်ုပ် က သင်ကြား ထားပြီး ဖြစ်သော ဘရန်ဒီ မယ်မြ နှင့် လေးကြည် တို့ အား တွေ့ဆုံ ပေးရလေသည် ။


“ ညီမလေး ရဲ့ အစ်မ တော့ လူဖြစ် ရှုံး ပြီ ကွယ့် ။ မင်း အစ်ကို က အစ်မ ကို ဗလက္ကာရ ပြုပြီး အစ်မ ယောက်ျား ကို လည်း သ,တ်ပစ်တယ် ညီမရယ် ” စသည့် မယ်မြ ၏ လုပ်ကြံ ငိုယိုခန်း မှာ သရုပ်ပါ လှ၏ ။ မယ်မြ တစ်ယောက် မှာ ဤမျှ အက်တင် ကောင်းမည် ပင် မထင်ခဲ့ဖူးချေ ။ မယ်မြ က ငိုယို ပြောဆို သောအခါ လေးကြည် သည် မျက်ရည်များ ရစ်ဝဲ ကာ “ အစ်ကို ဘယ်မှာ လဲ ၊ ဟင် .. အစ်ကိုကြီး ဘယ်မှာလဲ ” ဟု မေး လာ၏ ။ ကျွန်ုပ် က “ ထွက်ပြေး သွားပြီကွယ် ... ရာဇဝတ်မှု မဟုတ်လားကွယ့် ” ဟု ဝင် ပြောရ၏ ။ ဤအခါ တွင် လေးကြည် သည် ချုံးပွဲချ ငိုကြွေး လေသည် ။ ကျွန်ုပ် သည် ငိုကြွေး လျက် ရှိသော လေးကြည် အား နှစ်သိမ့် ရ၏ ။ အစစ အားပေးရ၏ ။ ပြီးလျှင် လေးကြည် ၏ ပခုံး ကို ကိုင်ကာ အားကိုး တစ်ခု ပြုပါဟု ဖိတ်မန္တ က ပြု လေသည် ။ ထိုကာလ တွင် ဘရန်ဒီ မယ်မြ သည် လေးကြည် အဖော် ခေါ်လာ သော အစေခံ ယောကျ်ား အား ခေါ်ဆောင် သွားပြီ ဖြစ်လေသည် ။


လေးကြည် သည် ပထမဦးစွာ ငိုကြွေးခြင်း ကို ရပ်တန့် လိုက်လေ သည် ။ ပြီးလျှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော ကျွန်ုပ် အား မော် ကြည့် လာ၏ ။ ဤ ဟန်ပန် အမူအရာမျိုး အား ကျွန်ုပ် နားလည် ပါ၏ ။ ကျွန်ုပ် ကိုယ်တိုင် က ပင် မကြာခဏ ရုပ်ရှင် မင်းသမီးများ အား ပြသခဲ့သော ဟန်မူရာမျိုး ပင် ဖြစ်၏ ။


လေးကြည် ကျွန်ုပ် မယား ဖြစ်ချေပြီ ။  ။


 •••••   •••••   •••••


လေးကြည် ကဲ့သို့ ချောမွေ့ လှပသော ရုပ်ရည် ရှိ ပြီး နောက် ဥစ္စာ ပစ္စည်းများ ပါ ပေါကြွယ်သော ဇနီး အလိမ္မာ ကို ရရှိပြီးသော ကျွန်ုပ် ကား ရုပ်ရှင် ဒါရိုက်တာများ အလယ် ၌ မော်မဆုံး ရှိလာသည် ။ လေးကြည် သည် ကျွန်ုပ် အား စိတ်ဆိုးလျက် ရှိ၏ ။ စကား မပြောဘဲ နေ၏ ။ သူ့ အစ်ကို ဌေးမောင် တစ်ယောက် ဘာမျှ မဖြစ်ဘဲ နောက် တစ်နေ့ မနက် နေအိမ် သို့ ပြန်လာသော အခါ ကျွန်ုပ် ၏ လိမ်လည်ခြင်းများ မှာ ပေါ်ပေါက် လာ လေသည် ။


ကျွန်ုပ် က “ လေးကြည် ရယ် ... ၊ မင်း ကို ဒီက ဘယ်လောက် ချစ်တယ် ဆိုတာ အဲဒါကို သာ စဉ်းစား ကြည့်ပါတော့ကွယ် ၊ ချစ်လွန်း လို့ ကြံမိကြံရာ ကြံတာပါကွယ် ” ဟု မျက်ရည်ခံကလေး ထိုး လိုက်သော အခါ မိန်းမသား ဖြစ်သော လေးကြည် သည် ‘ ပျော့ကျ ’ ခဲ့လေသည် ။ သည့်နောက် တွင် ကား ကျွန်ုပ် ၏ ဒဏ် ကို အများဆုံး ခံယူရသည့် ဇနီး တစ်ယောက် ဖြစ်လာတော့၏ ။


ကျွန်ုပ် သည် ဒေါင်ဒေါင်မြည် ကာ ပြေးလွှား နေသည့် မြင်းကောင်း တစ်ကောင် ကဲ့သို့ ရှိလှသည် ။ ကျွန်ုပ်တို့ လုပ်ငန်းကား များစွာသော ဆက်ဆံရေး ရှိ၏ ။ ဆိုက်ပတ် ၊ နေ့စားများ ၊ ဇာတ်ကောင်များ တို့သည် ၎င်းတို့၏ အကျိုး အတွက် ကျွန်ုပ် အား လာရောက် ပေါင်းသင်း၏ ။ ထို့အတူပင် သူဌေး ၊ မန်နေဂျာ ၊ နယ် ရုပ်ရှင် ကန်ထရိုက်တာ စသည် တို့ က လည်း ၎င်းတို့ အကျိုး အတွက် ကျွန်ုပ် အား လာရောက် ပေါင်းသင်း ကြရရာ ၎င်းတို့ နည်းတူပင် ကျွန်ုပ် ကလည်း ကျွန်ုပ် အကျိုး အတွက် ၎င်းတို့ အား ပြန်လည် အသုံးချ ရသည် ။ လူ့ လောက ၌ ဦးစွာ လိုသည် မှာ ငွေ ဖြစ်၏ ။ ဆိုက်ပတ် ၊ နေ့စား ၊ ဇာတ်ကောင်များ ၊ နယ်ကန် ထရိုက်တာများ ထံ မှ ငွေ ကို ရ၏ ။ သူဌေး အတွက် ဝင်ငွေ ကောင်းသော ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ရိုက်လျှင် သူဌေး က ကျွန်ုပ် ၏ ဂုဏ် ကို တိုးမြှင့် တင် ပေးလာ၏ ။ များစွာသော ကုမ္ပဏီများ က လည်း ကျွန်ုပ် အား လက်လှမ်း လာကြ၏ ။


ငွေ လည်း ရှိ ၊ သင့်တင့်သော ဂုဏ်လည်း ရှိ ၊ ချောမွေ့ လှပသော ဇနီးသည် လည်း ရှိပြီး ဖြစ်သော ကျွန်ုပ် မှာ ပေါင်းသင်းဆက်ဆံရေး က မူလ အခြေအနေ ထက် ပိုမို ကျယ်ပြန့်လာ၏ ။ ထိုစဉ် ကာလ က မျက်နှာဖြူများ ၏ ပဲခူးကလပ် ဘုတ်ကလပ် စသည့် နေရာများ သို့ ပင် ကျွန်ုပ် ရောက်ခဲ့ရ၏ ။ ဤအခါ တွင် ရင်ဆိုင် တွေ့ရသော ပြဿနာ မှာ အရက် ဖြစ်လေသည် ။ အထက်တန်းကျကျ နေလို ပါ က အရက် ကို လက်လွှတ် ၍ မဖြစ်ပေ ။ အရက် သောက်ခြင်း ဖြင့် မသိသေးသူ ကို သိရပြီး လျှင် သိပြီးသူ များ အားလည်း ပိုမို ရင်းနှီး လာစေတတ်သောသဘော ရှိ၏ ။ ကျွန်ုပ် အရက် သောက်ခြင်း အတွက် လေးကြည် သည် စိတ် ကောင်း ဟန် မတူပါပေ ။ ယောက်ဖတော် ရွှေမင်းသား ဌေးမောင် က မူ ကောင်း ချီးသြဘာ ပေးခဲ့၏ ။ ဌေးမောင် နှင့် တွဲလျက် ဂုဏ် ရှိမည့် လုပ်ငန်းများ ကို လုပ်ရ၏ ။ နယ်များ သို့ ရုပ်ရှင်ကား ရိုက် ထွက်သည့် အခါများ ဆိုပါက ပါလာသော မင်းသမီး သည် ကျွန်ုပ် ၏ မင်းသမီး ပင် ဖြစ်နေတော့သည် ။ နယ်များ ၌ ရုပ်ရှင် ရူး ရူး နေသော မိန်းကလေးများ ကား ကျွန်ုပ် ၏ အနီး တွင် ဝိုင်းဝိုင်းလည် ရှိနေပေသည် ။


အထက်တန်းကျကျ နေတတ် ၊ ပေါင်းသင်း ဆက်ဆံတတ်ခြင်း သဘောကြောင့် ကျွန်ုပ် တည်းခိုရာ နေရာ မှ မြို့ပိုင်မင်းကတော် သည် ပင် ကျွန်ုပ် အား ဆရာ တစ်ဆူ ကဲ့သို့ ကိုးကွယ်လာ လေသည် ။ ကျွန်ုပ် သည် ဉာဏလေခ ကောင်းသော လက္ခဏာရှင် တစ်ယောက် ဖြစ်၏ ။ သောကြာဂြိုဟ် ကသစ် ရ သော သူ ဖြစ်၏ ။ မိန်းမမှု ပွေတတ်သော သဘော က ရှိ၏ ။ ဆေးကျမ်း ၊ ဗေဒင်ကျမ်းများ ကို လည်း မတောက်တခေါက် သိစွမ်းသည့် ပြင် တေးဂီတ အရာ ၌ ဦးပြုံးချို ၏ မဟာဂီတ အား သုံးပုံ တစ်ပုံ ကျိုး မျှ နှုတ်ငုံ ရ ဖူး၏ ။ ဤ ဒါရိုက်တာ လုပ်ငန်း မလုပ်ဆောင် မီ က နာမည်ကျော် အငြိမ့် မင်းသမီး ပထမ ပလိုတီယာ ၏ သီချင်းရေး ဆရာ ပင် လုပ်ကိုင် ခဲ့ဖူးသူ ဖြစ်လေသည် ။ မြို့ပိုင် ၏ နေအိမ် တွင် နေထိုင်လျက် ရုပ်ရှင်ကား ရိုက် နေသော ကျွန်ုပ် အတွက် ဟု အတည့် အလင်း ပင် ပြောကာ မြို့ပိုင်ကတော် က သူ ၏ တူမ အရင်း ခေါက်ခေါက် ကို ပုံအပ် လာသည် ။ ထို တူမငယ် ၏ အမည် မှာ ‘ မရင်ဌေး ’ ဟု ခေါ် ၏ ။ ပုံအပ်ခြင်း ခံရသော သူ့ အကြောင်း မှာ လည်း ကြေကွဲစရာပင် ဖြစ် ၏ ။ မရင်ဌေး သည် မိဘများ မရှိရှာချေ ။ တစ်ဦးတည်း သော သမီး ငယ် ၁၂ နှစ် အရွယ် တွင် မိဘများ က ကွယ်လွန်ခဲ့ကြ၏ ။ အားလုံး သော အမွေအနှစ်များ ငါးသောင်းဖိုး မျှ ကျန်ရစ် ခဲ့၏ ။ အဒေါ် ဖြစ်သူ မြို့ပိုင်ကတော် သည် ထို ငွေ ငါးသောင်း နှင့် လယ်ယာ ၊ ချောင်း ၊ မြောင်းများ အား အပိုင်စီး လို၏ ။ ထို ကိစ္စ ဖြစ်လာပါက ကျွန်ုပ်တို့ အား ငွေ သုံးသောင်း ပေးပါမည် ဟု လည်း ကတိ ပေး လာခဲ့၏ ။ ကျွန်ုပ် သည် မရင်ဌေး အား ကြည့်ပြီး သနားခြင်းစိတ်များ မဝင်ခဲ့ပေ ။


ငွေများ ရမည် ဟု ဆို ကတည်း က ပင် မရင်ဌေး အား အရေး ဆိုလာ ရ လေသည် ။ ဤသို့ အရေးဆို မှ ပင် မရင်ဌေး ၏ သဘော ကို သိလာ ရ၏ ။ သူ က ကျွန်ုပ် ထက် မင်းသား ဌေးမောင် အား အလိုရှိသည် ဟု ခပ်ပြောင်ပြောင် ဖွင့် ပြော လာသည် ။ ဌေးမောင် က မူ ဦးခေါင်း ကို အမြန်ဆုံး ညိတ်လာ၏ ။ သူတို့ မင်္ဂလာ ကိစ္စ ကို ဆောင်ရွက်ပေး ပြီး နောက် ငွေ နှင့် မယား တစ်ယောက် ကို ပါ ဌေးမောင် က ပြည်တော်ပြန် ယူဆောင်ခဲ့၏ ။


နေအိမ် တွင် လေးကြည် တစ်ယောက် အဖို့ အဖော် တိုး လေပြီ ။ သူ တို့ မိန်းမသား နှစ်ယောက် အား နေအိမ် တွင် ထားရစ်ခဲ့ကာ ကျွန်ုပ် နှင့် ဌေးမောင် တို့ သည် ရုပ်ရှင်ခြံ ၊ ကလပ်နှင့် ဘားများ တွင် သာ အချိန် ဖြုန်း နေကြလေသည် ။ ရန်ကုန်မြို့ သို့ ပြန်လည် ရောက်ရှိ လာသော အခါတွင် မြို့ပိုင် ထံ မှ စာ တစ်စောင် ရောက်ရှိ လာ၏ ။ စာ မှာ မရင်ဌေး အား ပြန်ပို့ ပေးရန် ဖြစ်၏ ။ မရင်ဌေး နှင့် သူတို့ အလွန်အကျွံ ဖြစ်နေကြောင်း ၊ မရင်ဌေး ၌ ကိုယ်ဝန် တစ်လ ပါ သွားကြောင်း ၊ သူ မရှိမီ သူ့ မိန်းမ က ဤကဲ့သို့ တစ်ဖက် လှည့် ၍ ထုတ်လိုက်ကြောင်း ၊ ငွေများ ကို မူ ယူထား နိုင်ကြောင်းများ ပါဝင်၏ ။ ဌေးမောင် က ဒေါသများ ဖြစ် ကာ မြို့ပိုင်ကတော် ကို သ,တ်ပစ်မည် ဟု ပြော လေသည် ။ မရင်ဌေး အား လည်း ဆူပူကြိမ်းမောင်း လေသည် ။


ဤအခါ တွင် မရင်ဌေး က မြို့ပိုင် ရေးသား သကဲ့သို့ မဟုတ်ပါ ကြောင်း ၊ ၎င်း အား မြို့ပိုင် က ဗလက္ကာရ ပြုကြောင်းများ ကို ပြော၏ ။ ကျွန်ုပ် က အနည်းငယ် သနား လာ လေသည် ။

သို့ကြောင့်ပင် ဌေးမောင် အား ခပ်ပြတ်ပြတ် မေးရ၏ ။ ဌေးမောင် က ‘ မရင်ဌေး ’ အပေါ်၌ ခေါင်းခါ လေသော အခါ ကျွန်ုပ် က အတိအလင်း ပင် ခပ်ပြောင်ပြောင် ယူထား လိုက်၏ ။ မြို့ပိုင် ထံ သို့ မူ ပြန်လည် ၍ မပို့ လိုက်ပေ ။ ဌေးမောင် သည် ဤအချိန် တွင် နေအိမ် မှ ပြောင်းရွှေ့ သွား၏ ။ သူ ၏ နှမ လေးကြည် အပေါ်၌ မျက်နှာ ပူဟန် ရှိပေသည် ။


ကျွန်ုပ် ၏ ဇာတ်လမ်း ကား ဤမှ စ လေသည် ။ မယား နှစ်ယောက် စလုံး မှာ ကျွန်ုပ် ၏ ရှေ့ ၌ ပျော်ပျော်ပါးပါး နေ ရ၏ ။ မနေ လျှင် ကျွန်ုပ် က ရိုက်၏ ။ ရန် မဖြစ်ရ ၊ အတူတူ မအိပ်ဘဲ မနေရ ။ ကျွန်ုပ် သည် ဤသို့ ဥပဒေများ ထုတ်ပြန် ထား၏ ။


ကျွန်ုပ် ၏ စကား ကို နှစ်ဦးစလုံး က နားထောင် ကြလေသည် ။ ကျွန်ုပ် သည် အောင်သေ အောင်သား စား ရသော ခြင်္သေ့မင်း ပင် ဖြစ်လေသည် ။ အရာရာ အား အောင်နိုင်သူ တစ်ယောက် မဟုတ်ပါလား ။


ဟုတ်ပေသည် ။ ရုပ်ရှင် ကုမ္ပဏီ သည် ပင် သိန်းချီ ၍ ချမ်းသာ လာ ပေပြီ ။ သူဌေး လက်စွဲ ဖြစ်သော ကျွန်ုပ် လည်း ခေါင်းမော် လာ နိုင်ပေပြီ ။


  •••••   •••••   •••••


      ကိုအံ့ကြွယ် 

   အမြန် လာခဲ့ပါ ။ 

                 ဦးကွန့်

     အင်ဒိုဘားမားဖလင်း


သုံးရက်ခန့် နေအိမ် သို့ မပြန်ဘဲ ဇာတ်ရံ မင်းသမီးကြီး တစ်ဦး ၏ အိမ် တွင် ဆိုက်ပတ် ဘဝ မှ မင်းသမီး ဖြစ်ချင်နေသည့် ကောင်မကလေး တစ်ကောင် အား မင်းသမီး တို့ ၌ ရှိအပ်သော အရည်အချင်း တစ်ရပ် ကို သင်ကြား ပေး နေခိုက် မှာ ဌေးမောင် ကိုယ်တိုင် ဤ ဖော်ပြပါ စာ ကို ယူဆောင် ခဲ့သည် ။ ကျွန်ုပ် သည် စာ ကို ဖတ်ပြီး အံ့အားသင့် သွား၏ ။ 


သူဌေး ဦးကွန့် သည် ဘာများ အရေးတကြီး ကိစ္စ နှင့် ရင်ဆိုင် နေရ သနည်း ။ ကျွန်ုပ် သည် ချက်ချင်းပင် ဌေးမောင် နှင့် အတူ လိုက် သွား၏ ။


ဦးကွန့် ၏ အခန်း တွင်း သို့ ရောက်သော အခါ ဦးကွန့် က မျက်နှာကြီးများ နီမြန်းကာ အနီးတွင် ထိုင်နေသော စတန့်မင်းသား ‘ ခင်ဖေ ’ အား ကြည့် နေ၏ ။ ခင်ဖေ သည် ကျွန်ုပ် တို့ ဝင်ရောက် လာသောအခါ နေရာ မှ ထ သွား လေသည် ။


“ ထိုင်ပါဦး ၊ ခင်ဗျား လည်း ပွေလှချည်လား ။ ခြံ ထဲ ကို မှန်မှန် လာပါဗျ ။ ဒီမှာ စတန့်မင်းသားတွေ ဘာဖြစ် နေသလဲ မသိဘူးလား ” 


“ ဆိုပါဦး ၊ ခင်ဗျား လူတွေ က ဘာ ပြောသတုံး ”


“ အဲဒါကို သာ ဖတ်ကြည့်ပါ ”


ဦးကွန့် က ပြောပြောဆိုဆို နှင့် စာ တစ်စောင် ထုတ်ပေး၏ ။


သူဌေးမင်း ခင်ဗျား


     ကျွန်တော်တို့ အောက်တွင် လက်မှတ် ရေးထိုးသူများ ဖြစ်ကြသော စတန့်မင်းသား ခင်ဖေ ၊ လှမောင် ၊ အေးလှိုင် တို့ က ကုမ္ပဏီ ၏ ငွေကြေး ဆက်ဆံမှု အပေါ် တွင် မကျေနပ်ကြပါ ။ တစ် ကား လျှင် ၃ဝဝိ နှင့် အပြီးအပိုင် လုပ်ကိုင်ကြ သော်လည်း ကား ၏ ဝင်ငွေ အပေါ်တွင် ကြည့်၍ ဆုငွေ ပေးရာ၌ နည်းလွန်းသည် ဟု ထင်ပါသည် ။ ယခု ကျွန်တော်တို့ အတွက် စတန့်ကား တစ်ကား လျှင် ၅ဝဝိ နှင့် ဆုငွေ အဖြစ် အမြတ်ငွေ ၁ဝဝိ လျှင် ၂၅ိ ခန့် တိုးပေး စေလိုပါသည် ။ ဤသို့ တိုး၍ မပေးနိုင်ပါ က နက်ဖြန် မှ စ၍ အလုပ် မှ နုတ်ထွက်ကြပါကြောင်း ။

         လက်မှတ်ရေးထိုးသူများ

        ခင်ဖေ ၊ လှမောင် ၊ အေးလှိုင် ။


ကျွန်ုပ် က ပြုံး လိုက်၏ ။ ဦးကွန့် သည် ကျွန်ုပ် အား မော်ကြည့် လျက် ရှိနေသည် ။


“ ကျွန်တော် စီစဉ် ပေးပါ့မယ် ။ ဒါပေမဲ့လို့ ကုမ္ပဏီ က ကားတွေ ကို ပြောင်း ပစ်ရမယ် ”


“ ဘယ်လိုလဲ ”


“ စတန့်ခေတ် ကို တိမ် သွားအောင် လုပ်ပေါ့ ။ မင်းသားနုနုတွေ ရွေး ခန့်ပြီး ဇာတ်နုတွေ လှည့် ရိုက်မယ် ”


“ ဖြစ်ပါ့မလား ”


“ ဖြစ်ပါတယ် ၊ ဒီ ကိစ္စ အောင်မြင်ဖို့ အတွက် ကျွန်တော့် တာဝန် ထားပါ ။ ဒီကောင်တွေ ကို ဖြုတ် ပစ်လိုက်ပါ ”


ဦးကွန့် က ပြုံးလျက် ကျွန်ုပ် အား ငွေ ၅ဝဝိ ထုတ် ပေးကာ လုပ်ငန်း တာဝန် ကို လွှဲ လာ၏ ။ ကျွန်ုပ် သည် အင်ဒိုဘားမား ကုမ္ပဏီ ၏ ကြိုးကိုင် တစ်ယောက် ဖြစ် နေပေပြီ ။ ဤအခါ တွင် ဌေးမောင် အား မြှင့် တင်ရန် ဌေးမောင် နှင့် လိုက်မည့် ရုပ်ရှင်ဇာတ်လမ်းများ ကို ရှာဖွေကာ အသံထွက် ကားများ ကို ဆက်တိုက် ရိုက် နေ လိုက်ရသည် ။


ကား တစ်ကား ပြီးလျှင် စွံ လေသည် ။ စွံ သဖြင့် ဆက်လက် ပြီး ဆက်တိုက် ရိုက်ကူးရ လေသည် ။ ဤအချိန် တွင် ကျွန်ုပ်သည် ပျက်စီးခြင်း မက ပျက်စီး လျက် ရှိနေပေပြီ ။


နှစ်ယောက် သော မယား အပြင် လေးယောက် သော တိတ်တိတ်ပုန်းမကလေးများ ကို ခြံ ထဲ မှာ မွေး ထား၏ ။ လက်ထောက် မင်းသမီး ကလေး ‘ သင်း ’ တစ်ယောက် ကား ကျွန်ုပ် ၏ အချစ်ဆုံးပင် ဖြစ်သည် ။ သင်း သည် ညိုပြာညက်မကလေး ဖြစ်၏ ။ သဘော ကောင်း၏ ။ သင်း နှင့် အတူ ဟိုတယ် တစ်ခု ၌ ထမင်း စားလျက် ရှိနေစဉ် မှာ ပင် ရန်ကုန်မြို့ ပေါ် သို့ ဗုံးများ ကြဲချ လာသည် ။ ကျွန်ုပ် သည် သင်း ၏ လက် ကို ဆွဲကာ ပြေးလွှား ကြရ၏ ။


စစ် ဖြစ်ချေပြီ ။ ဤ စစ် ဖြစ်လာသော ကြောင့် ပင် ကျွန်ုပ် သည် နှစ်ဦး သော မိန်းမများ သေဆုံးခြင်း ကို ယူလိုက်ရ၏ ။ တော သို့ ဆင်းပြေး လာစဉ်၌ ချစ်ဆွေကြီး တစ်ယောက် သေရှာပြီ ဟု ကြားရ၏ ။


စစ် ပြီး ၍ ရန်ကုန် သို့ ပြန် တက်လာသော အခါ ရုပ်ရှင်ကားများ ကို ချက်ချင်း မရိုက်ထုတ် နိုင်သည့် အဖြစ် နှင့် ရင်ဆိုင် ရ၏ ။ ဂျပန်ခေတ် က ပဲလှော် နှင့် ထင်းများ ကို ကုန်သည်လုပ်ဖူး၍ လည်းကောင်း ၊ ဂျပန်များ ထံ သို့ ဟင်းသီးဟင်းရွက်များ ကို ကန်ထရိုက် သွင်း၍ လည်းကောင်း လုပ်ကိုင် စားသောက် လာသော ကျွန်ုပ် မှာ ရန်ကုန် ၌ သင်းကလေး နှင့် အတူ ကုန်စုံဆိုင် တစ်ခု ကို ပါ ဖွင့်ရင်း ရုပ်ရှင် ရိုက်ရမည့် အချိန် ကို စောင့်မျှော် ရသည် ။ 


ကျွန်ုပ် ၏ အရက်ဖိုး နှင့် ပင် ကုန်စုံဆိုင် မှာ လည်း များမကြာ မီ ပင် ပြုတ် ချေသည် ။ အင်ဒိုဘားမား ဖလင်း သူဌေး ဦးကွန့် ကွယ်လွန်သွားသည့် အတွက် ကျွန်ုပ် မှာ ခက်ခဲ နွမ်းပါးသော သဘော ရှိ လာသည် ။ ထိုကြောင့် ပင် သင်း အား ဆရာခန့် ထံ သို့ ပို့ ပေးကာ ပြဇာတ်မင်းသမီး သင်း အဖြစ် အသက်မွေး ရ၏ ။


သင်း သည် ကျွန်ုပ် ၏ သင်ကြားခြင်း ၊ ဆရာခန့် ၏ သင်ကြားခြင်း များ ကြောင့် နာမည်ကျော် လာ၏ ။ ဝင်ငွေ ဖြောင့် လာ၏ ။ သင်း သည် ရသမျှ ငွေများ အား ကျွန်ုပ် ထံ သို့ အပ်နှံကာ အလုပ် ကို ကြိုးစား ရှာ၏ ။ ပြဇာတ် လုပ်ငန်း ကောင်းသဖြင့် သင်း ဝင်ငွေ ကောင်း၏ ။ နာမည် ကျော် ၏ ။ ငွေ နှင့် ဂုဏ် ရှိလာသော အခါ သင်း တစ်ယောက် မှာ ကျွန်ုပ် ကဲ့သို့ပင် ခြေပျက် လာ လေသည် ။


အိမ် သို့ ပြန်ချင် မှ ပြန်၏ ။ သွားလိုသော သူများ နှင့် ခပ်ပြောင်ပြောင် တွဲ သွား၏ ။ ဤ သတင်းများ ကို ကြားရသော အခါ ကျွန်ုပ် သည် အိပ်ရာ ထက် တွင် လဲသော လူမမာ ကဲ့သို့ ဖြစ်လျက် ရှိနေပေပြီ ။


အိမ် သို့ မပြန်သည် ဖြစ်စေ ၊ တွဲလိုသူ နှင့် တွဲနေသည် ပင် ဖြစ်စေ သင်း သည် ကျွန်ုပ် အား တွေ့ သော အခါ ဣန္ဒြေ မပျက် ပင် ရှိ၏ ။ ဆေးဆရာဝန် နှင့် အရက်ပုလင်း ကို မူ အမြဲတမ်း ကျွန်ုပ် အနီး မှာ ရှိစေ၏ ။ 


ဆရာသမား တစ်ယောက် ၊ ကျေးဇူးရှင် တစ်ယောက် ၊ လင်သား တစ်ယောက် ဟူ၍ အသိအမှတ် ပြုခြင်း ရှိသေး သမျှ ကာလပတ်လုံး ကျွန်ုပ် သည် ဤမျှသော အရက် တစ်ပုလင်း နှင့် တစ်ဦးသော ဆရာဝန် အား တွေ့ နေရဦးမည် ဖြစ်၏ ။


လေးကြည် နှင့် မရင်ဌေး တို့ သည် ကျွန်ုပ် ၏ ဒဏ်များ ကို အများ ဆုံး ခံယူ သွားကြ လေသည် ။ ကာလဝိပါတ် သည် နောက်ကျော မှ ပိုး ၍ တက်လာသည် ဟု ဆိုချင် ပါ က ဆိုနိုင်ပါ၏ ။ လေးကြည် နှင့် မရင်ဌေး တို့ အား ကျွန်ုပ် ပြုမူခဲ့သမျှ နှင့် တစ်ထပ်တည်း ပင် ယခု အခါ၌ သင်း တစ်ယောက် က ပြုမူလျက် ရှိ၏ ။


ရှိပါစေတော့ ။


ကျွန်ုပ် သည် သင်း ၏ ဒဏ်ကို ခံယူရမည် ဆိုလျှင် အလွန်ဆုံး ငါးနှစ် ခရီးသာ ရှိပေချိမ့်မည် ။ ကျွန်ုပ် သည် သင်း အား စတင် ချိတ်ဆက် ခဲ့စဉ် က သီဆိုခဲ့သော ပပဝင်းဝင်း သီချင်း ကို ကား ကြားယောင်၏ ။ ထို သီချင်း စာသား မှာ “ တဖုံလေ .. တနှုံးလေ .. တထုံးလေ .. တအင်လေ .. ” ဟူသော အပိုဒ် ကို မကြာခဏ ပြန်လည် ရွတ်ဆို မိ၏ ။


ဟုတ်ပေသည် ။ ယခု ဖြစ်ပျက် နေသည် ကား တဖုံ .. တနှုံး .. တထုံး .. တအင် ... ပင် ဖြစ်ပါသတည်း ။

 

◾ရွှေဓါး


📖 မြဝတီ မဂ္ဂဇင်း

      အောက်တိုဘာ ၊ ၁၉၆၁ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment