❝ ရင်ကွဲဇရပ် ❞
( မြတ်သင်း )
( ၁ )
တောင်တော်ခန်းမ ဆီမှ တံပိုးမှုတ်သံများ ကို ကြားရ၏ ။
အရုဏ်ကျင်းလုနီးလေပြီ ။
ဆရာတော် ၏ ကျောင်းသင်္ခမ်းလေး မှ လှေကားခုံ ပေါ်တွင် တံပူ၊ မျက်နှာသစ်ရေ တို့ ကို တင်ထား လိုက်၏ ။
“ နာမ် ရုပ်တို့၏ ရှေ့နောက် လှုပ်ရှားမှု အစဉ်မျှ သာတည်း ”
ကျောင်း ထဲ မှ လေးလေးတွဲ့တွဲ့ ရွတ်ဆိုနေသံ ကို ကြားရ၏ ။
ဆရာတော် နိုး နေပြီကိုး ။
တိလောကဂုရု ဘေးမှ ကျောက်သားလှေကားထစ်များ ကို နင်းတတ်လာ
ခဲ့သည် ။ ညဉ့်လေပြည် ထဲတွင် စကားပန်းနံ့တွေ က သင်းပျံ့နေကြ၏ ။
ကျောက်လှေကား တစ်လျှောက်လုံး စကားရိပ်များ အုပ်မိုး နေသည် ။
အေးစေတီ ၏ ထီးတော် မှ ဝေ့ဝဲ သက်ဆင်း လာသော ဆွဲလည်းသံ တချွင်ချွင် ကို ကြားရ၏ ။
ပုညရှင် စေတီ သို့ တက် သော သွပ်မိုး စောင်းတန်းကြီး သို့ ရောက်သောအခါ ၌
ရင်ကွဲဇရပ် တွင် ထိုင်ပြီး အမောဖြေသည် ။
စောင်းတန်း ၏ ဘေး တစ်ဖက်တစ်ချက် စီ တွင် သစ်သားကွပ်ပျစ် ရိုက်ထားပြီး အလယ် တွင် လှေကားထစ်များ ရှိနေလေရာ ဇရပ် ၏ ရင် ကို ခွဲထားသည့် နှယ် ရှိသောကြောင့် ဤ ဇရပ် ကို ရင်ကွဲဇရပ် ဟု ခေါ်ကြသည် ။
မိမိ သည် မိုးသောက်ယံ တိုင်း တွင် ဤ ရင်ကွဲဇရပ် သို့ လာထိုင်ရင်း တရား ရှုမှတ်မြဲ ဖြစ်ပေသည် ။
ဇရပ် ၏ နောက်ဘက် သို့ မျှော်ကြည့် လိုက် လျှင် မင်းဝံတောင်ထိပ် ၌ အိပ်စက် နေသော လခြမ်းငယ် ကို သီဟိုဠ်စေ့လေး တစ်စေ့ သဖွယ် မြင်တွေ့ရ၏ ။
ဇရပ် ၏ အရှေ့ဘက် ဒဟပ်ပင် အနီး၌ အုတ်ရေအိုးစင် အသစ်လေး တစ်ခု ရှိသည် ။ ဤရေအိုးစင်လေး မှ ရေအိုးများ ကို မိမိ သည် ဝတ်တစ်ခု ထား၍ နေ့စဉ် ရေဖြည့်မြဲ ဖြစ်၏ ။ မိမိ ထိုင်နေသော နေရာမှ လှမ်းကြည့်လျှင် အုတ်ရေအိုးစင်ကလေး ကို ဘေးတိုက် မြင်တွေ့ရ၏ ။ အုတ်ရေးအိုးစင်ကလေး ၏ ထုံးသုတ်ထားသော နံရံ ပေါ် တွင် မျဉ်းနက် တစ်ကြောင်း ကို မြင်ရ၏ ။ ဤမျှ ဖွေးဥနေသော နံရံ ပေါ်တွင် ဘယ်သူ က များ မီးသွေးခဲ ဖြင့် ရေးခြစ် သွားပါလိမ့် ။
အရှေ့ဘက် တောင်စဉ် တောင်တန်းများရှိ စေတီ၊ တန်ဆောင်းများ တွင် ထွန်းညှိ ထားသော လျှပ်စစ်မီးပွင့်များကို တမျှော်တခေါ်ကြီး မြင်တွေ့ ရ၏ ။ ကြယ်တာရာများ အုပ်ဖွဲ့ ဆင်းသက် လာကာ လူးလှိမ့်ဆော့ကစား နေသော တောအုပ် ကို အပေါ်စီး မြင်နေရသည့် နှယ် ရှိသည် ။
မီးပွင့်များ ကို ကြည့်ရင်း ဤကား ဆံကျင်တာရာ တည်း ၊ ဤကား ဟင်္သာတာရာ တည်း ၊ ဤကား ကျီးတာရာ တည်း ၊ ဤကား သရဝဏ် နတ်က္ခတ်တည်း စသဖြင့် ဆိုချင်စရာ ဖြစ်သည် ။
အရှေ့ဣစ္ဆာသယကျောင်း အနီး ဇရပ် တစ်ခု ၏ ပြတင်းဝ မှ မီးရောင်များ ဖြာထွက်နေပုံမှာ နဂါးခံတွင်း မှ အခိုးအငွေ့များ မှုတ်လွှတ် နေသလို ရှိသည် ။
ထို ဇရပ် ၏ အောက်ဘက် ရှိ သမီးတော်ချိုင့်ဝှမ်း ကား တွင်းနက်ကြီး တစ်ခု သဖွယ် မှောင်ပိန်းလျက် ရှိလေသည် ။
လွန်ခဲ့သော ရက်သတ္တပတ်ခန့် က မူ ဆိုးဝါးလှသော ကံကြမ္မာ တစ်ရပ် သည် သမီးတော် ချိုင့်ဝှမ်း အတွင်း သို့ ဥက္ကာပျံ တစ်ခုသဖွယ် ပြင်းထန်သော အရှိန်အဟုန် ဖြင့် ကျရောက်ခဲ့လေသည် ။
ooooooooooooooo
( ၂ )
“ ပိုက်ဆံကြဲပါဗျို့ ”
“ ပိုက်ဆံကြဲပါဗျို့ ”
ဂန္ဓာရုံဝိဟာရ သို့ မိမိ ရောက်စ နွေနေ့လယ်ခင်း တစ် ခုတွင် သိမ်တော် ၌ မိမိ စာဖတ်နေစဉ် ဆူညံစွာ အော်ဟစ်နေသော ကလေးတစ်သိုက် ၏ အသံများ ကို ကြားရ၏ ။
မိမိတို့ ကျောင်းတိုက် အတွင်းမှ ဖြစ်သည် ။ ဧကသီ ကို ပြင်၍ ရုံလိုက်ရင်း သွားကြည့်ရာ၌ ဟောင်ကမ်းပါးယံ မြေလွတ်တစ်ခု တွင် ပေါက်နေသော ကုက္ကိုပင်ကြီး တစ်ပင် အောက် ၌ စုဝေး ရပ်နေသော ကလေးများ ကို မြင်ရသည် ။
ကုက္ကိုပင်ကြီး ကို မော့ ကြည့်ရင်း အော်ဟစ် နေကြခြင်း ဖြစ်၏ ။
လူသူလေးပါး လည်း မတွေ့ရသောကြောင့် ကလေးများ ၏ အပြုအမူ မှာ မိမိ အဖို့ အထူးအဆန်း ဖြစ်နေသည် ။
ထိုစဉ် လေကလေး တစ်ချက် သုတ်လိုက်ရာ ကုက္ကိုရွက်များ ဖွေးခနဲ ကြွေကျ လာကြ၏ ။
“ ဟေး ... ဟေး ... ဟေး ”
ကလေးတွေ က ညာသံ ပေးရင်း ကုက္ကိုရွက်များ ကို အလုအယက် ကောက်ကြသည်။ ရှာရှာဖွေဖွေ ရှိလိုက်တာနော် ။ သူတို့ မို့ ကစားတတ်ပလေ။ ရွက်ကြွေ များ ကို ခါးပိုက် ထဲ ထည့်လိုက်ကြပြီး နောက် ကုက္ကိုပင်ကြီး ကို မော့ကြည့်ရင်း “ ပိုက်ဆံ ကြဲပါဗျို့၊ ပိုက်ဆံကြဲပါဗျို့ ” ဟု အော်ကြပြန်၏ ။ လေအလာ ကို မျှော်ကြ ပြန်သည် ။
နေ့လယ်ခင်း ကျိန်းစက် နေသော ဆရာတော်ကြီး နိုးမည် စိုးသောကြောင့် မိမိ က သူတို့ ကို ငေါက် ထုတ်ရသည် ။
“ ဘယ်က ကောင်တွေလဲ ၊ ဘာလာ ရှုပ်နေကြတာပဲ ၊ ဆူကြချည်လား ၊ သွားကြစမ်း ၊ သွားကြစမ်း ”
ကလေးများ အားလုံး ထွက်ပြေး သွားကြသည် ။ ဤတွင် မပြေးနိုင်သဖြင့်
တစ်ယောက်တည်း ရပ်၍ ကျန်ရစ်သော သုံးနှစ်သားရွယ် ကလေငယ်ကလေး ကို တွေ့လိုက်ရ၏ ။
ကလေးငယ် က မြေတလင်းဝယ် ရပ်ရင်း မိမိ ကို မျက်လုံး ဝိုင်းဝိုင်းလေး များဖြင့် မော့ကြည့် နေသည်။ ကုက္ကိုရွက်တွေ ကို လက် တစ်ဖက် စီ မှာ အပြည့်များဖြင့် မော့ ကြည့်နေသည်။ ကုက္ကိုရွက်တွေ ကို လက် တစ်ဖက် စီ မှာ အပြည့် ဆုပ်ထား၏ ။ အနီးသို့ ရောက်သွားသည့် အခါ၌ သူ့ လက်နှစ်ဖက် ကို မြှောက်ရင်း ကုက္ကိုရွက်များ ကို မိမိ အား လှမ်းပေး နေရှာသည်။ မိမိ ရင်ထဲဝယ် ဆို့နင့်သော ဝေဒနာ တစ်ရပ် စွဲကပ်လာသည် ကို သတိချပ်မိ၏ ။
ဤသည်ကား မောင်ချစ်ဖွယ်လေး ကို မိမိ စတင် တွေ့ရခြင်း ဖြစ်လေသည် ။
နောက်မှ ဆရာတော် ၏ တူမ တော်စပ်သော ခင်စန်းရီ ၏ သားငယ် ဖြစ်ကြောင်း သိရသည် ။
အရှေ့ဣစ္ဆာသယ တောင်ခြေချိုင့်ဝှမ်း ထဲ၌ အိမ်ရာဟောင်း အုတ်ခုံ တစ်ခု ရှိသည် ။ ရတနာဂီရိ မှ ပြန်လာသော သီပေါဘုရင် ၏ တတိယ သမီးတော်သည် ဤနေရာ တွင် အိမ်တော် ဆောက်၍ နေထိုင်သွားခဲ့သည် ဟု အစဉ်အဆက်
ပြောဆိုကြ၏ ။
ထိုနေရာ ကို ယနေ့တိုင် သမီးတော်ချိုင့်ဝှမ်း ဟု ခေါ်ကြသည် ။ ယင်း အုတ်ခုံ ပေါ်တွင် ခင်စန်းရီ တို့ မိသားစု တဲထိုး နေကြသည် ။ ခင်စန်းရီ ၏ ခင်ပွန်း မှာ ကိုမြအေး ဖြစ်သည် ။
ခင်စန်းရီ က စစ်ကိုင်းဈေး ထဲမှ သားငါး ဟင်းသီးဟင်းရွက် များ ကို ဝယ်ပြီး ဈေးတောင်း ခေါင်းရွက် ရောင်း၏ ။ ကိုမြအေး က တော့ ကြုံရာကျပန်း လုပ်ကိုင်သည် ။ ၎င်းတို့ တွင် သားနှစ်ယောက် ထွန်းကားရာ မောင်ဦး မှာ အကြီး ဖြစ်ပြီး မောင်ချစ်ဖွယ်လေး က အငယ် ဖြစ်သည် ။
“ ဒီကလေး ကြီး လာရင်တော့ ဆရာတော်ကြီး ဖြစ်မှာပဲ နော် ဦးပညာ ”
သီတင်းသုံးဖော် တစ်ဦး က မိမိ ကို ပြောဖူး၏ ။
မောင်ချစ်ဖွယ်လေး ကား အရွယ်နှင့် မလိုက်အောင် ဣန္ဒြေ ကြီးလှ၏ ။
မျက်လုံးအဝိုင်းဝိုင်း ၊ ပါးဖောင်းဖောင်း နှင့် မို့ ခန့်ညားသော ရုပ်ရည် ရှိသည် ။
နောက်ပိုင်းတွင် တော့ မောင်ချစ်ဖွယ်လေး သည် ကျောင်း ကို မကြာမကြာ
ရောက်လာတတ်၏ ။
တစ်ခါတစ်ရံ ကျောင်းအောက် ၌ သပိတ် ၊ ဝတ်ခွက်များ ကို လက်သုတ်ပုဝါ တစ်ထည် ဖြင့် သုတ်နေစဉ် ဝရန်တာ ပေါ်မှာ မေး တင်၍ မိမိ ကို အကြာကြီး စိုက်ကြည့် နေတတ်၏ ။
ငှက်ပျောသီး တစ်လုံး ကို ယူ၍ ပေးမည် ပြုသည့် အခါ မယူဘဲ ချာခနဲ လှည့်ပြေး သွားတတ်သည် ။
တစ်ခါတစ်ရံ မှာတော့ ပုံတော်စုံ ဇိနတ္တကာသနီ စာအုပ် ထဲမှ ရောင်စုံ ပန်းချီကားချပ်များ ကို မိမိ က ပြပေးလျှင် စိတ်ဝင်တစား ကြည့်နေတတ်၏ ။
မန္တလေး ပန်းချီကျော် ဦးချစ်မြဲ ၏ လက်ရာများ ဖြစ်သည်။ ဖွားတော်မူခန်း မှ ကြာပန်းများ ပေါ်တွင် လျှောက်လမ်းရင်း လက်ညှိုးထောင် ထားသော အလောင်းတော် ၏ ပုံလေး ကို သူ အလွန် သဘောကျသည် ။ မကြာမကြာ အပြ ခိုင်းတတ်၏ ။
ဆွမ်းစားကျောင်း ရှေ့ မှ သော်ကပင်ကြီး အောက်တွင် ထိုင် နေကြသည့် အခါတွင်မူ တျာတေးရှင် သပိတ်လွယ်ငှက်ကလေး နှင့် လူသားတို့သည် အတူတူ ဖြစ်ကြောင်း ၊ ကွေ့ကောက် ပျံသန်းတတ်သော လိပ်ပြာလေးများ နှင့် လူသားတို့ သည် လည်း အတူတူ ပင်ဖြစ်ကြောင်း သူ့ ကို ရှင်းပြရ၏။ သူ နားလည်သည် ၊ မလည်သည် ကိုတော့ မသိရ ။ “ လိပ်ပြာ ... လိပ်ပြာ ” ဟူ၍ သာ လက် ကို ဝှေ့ယမ်းရင်း အော်ဟစ်နေတတ်သည် ။
ကျောင်း မှာ ဝက်မြေဥပြုတ် ရှိသည့် အခါများ၌ မောင်ချစ်ဖွယ်လေး ကို တမင် ခေါ်ကျွေးရ၏ ။ သူ က ဝက်မြေဥပြုတ် အလွန် ကြိုက်သည် ။ ဝက်မြေဥ ဆိုရာတွင် လည်း တရုတ်ဝက်မြေဥ ကို သူ က မကြိုက်၊ မြန်မာ ဝက်မြေဥ ကို မှ ကြိုက်သည် ။
“ ဦးစွန်းဖုတ် နဲ့ ဝက်မြေဥရယ် ၊ ကတုံးကြီး နဲ့ ဝက်မြေဥရယ် ဘယ်ဟာ ပိုကြိုက်လဲ ” ဟု မေးလျှင် “ ကတုံး ... တုံး ” ဟု ပြန် ပြောတတ်၏ ။
သူ့ အဖေ နှင့် ကျောင်းသို့ လိုက်လာသည့် အခါ သူ့ အဖေ က မောင်ချစ်ဖွယ်
လေး ၏ ကုပ်ပိုး ကို သူ့ မေးမွေးငုတ်တိုလေးတွေ နှင့် ပွတ်သည်။ ထိုအခါ မျိုးတွင် မောင်ချစ်ဖွယ် က ကုပ်ကလေး ကို ပု၍ ခါးကလေး ကို တွန့်ရင်း ခိုးခိုးခစ်ခစ် ရယ် နေတတ်၏ ။
တစ်ရက်တွင် တော့ သရက်ပင် ဆိပ် မှ အပြန် ခင်စန်းရီ တို့ တဲကလေး သို့
မိမိ ရောက်သွားသည်။ မိသားစု ထမင်းစား နေကြ၏ ။
မန်ကျည်းရွက် ချဉ်ရည်တွေ ရွဲ နေအောင် ဆမ်းထားသော ထမင်းများ ကို ဇလုံ ထဲမှ သဲ့သဲ့ စား နေသော မောင်ချစ်ဖွယ်လေး ကို တွေ့ရ၏ ။ နှုတ်ခမ်း တစ်ဝိုက် နှင့် ပါးပေါ်မှာ ထမင်းလုံးတွေ တွယ်ကပ် နေသည်။ သူ့ အစ်ကို က ထမင်းလုံးတွေ ကို ဖယ်ပေး၏ ။
“ ဦးပဉ္စင်း တူ က အစား သိပ်ကြီးတယ် ဘုရာ့ ၊ ခဏခဏ လည်း ဆာတတ်တယ် ”
မောင်ချစ်ဖွယ် က သူ့ အား ဝေဖန်သည် ကို မကြိုက်ဟန် ဖြင့် အောက်နှုတ်ခမ်း ကို ကိုက် ရင်း သူ့ အမေ ကို မျက်လုံးပြူးကြီး ဖြင့် ကြည့်၏ ။
“ ဟော ... သူ့ ပြောတော့ လည်း မကြိုက်ဘူး ”
ခင်စန်းရီ က ပြောသည် ။ မောင်ချစ်ဖွယ် ၏ အမူအရာ ကို ကြည့်ရင်း အားလုံး
ရယ်မောကြ၏ ။
သမီးတော်ချိုင့်ဝှမ်း ထဲ တွင် ရယ်သံများ ဝေစည်သွား၏ ။
နွမ်းပါး သော်လည်း ရောင့်ရဲမှု ဖြင့် ပျော်ရွှင်ဖွယ် ကောင်းသော သမီးတော်
ချိုင့်ဝှမ်း အတွင်း သို့ ဆိုးဝါးသော ကံကြမ္မာ တစ်ရပ်သည် ဥက္ကာပျံ တစ်ခု သဖွယ်သက်ဆင်း ကျရောက်ခဲ့လေသည်။
oooooooooooooo
( ၃ )
မဂ္ဂင်ချောင် အောက်ထပ် သို့ ဆင်းသော လှေကား အနီး၌ ဆင်ခေါင်းကန် ရှိသည်။ ထို ရေကန်ထဲ သို့ ရေကျသော ပြွန်တွင် အင်္ဂတေဖြင့် ဆင်ခေါင်း သဏ္ဌာန် ထုလုပ်ထားသော ကြောင့် ဆင်ခေါင်းကန် ဟု ခေါ်ကြခြင်းဖြစ်သည် ။
သမီးတော်ချိုင့်ဝှမ်း မှ အနောက်ဘက် ကုန်းမြင့် ပေါ်သို့ တက်လာလျှင်
ဘိုကလေးချောင် သို့ ရောက်၏ ။ ဘိုကလေးချောင် ၏ တောင်ဘက် ကပ်လျက်
ဆုတောင်းပြည့်ဘုရားလေး မှ အုတ်လှေကား အတိုင်း ဆင်းလာလျှင် ဆင်ခေါင်းကန် သို့ ရောက်၏ ။
လွန်ခဲ့သော ရက်သတ္တပတ် ၏ နေ့ခင်း တစ်ခု ၌ မောင်ချစ်ဖွယ်ကလေး ပျောက်၍ ရှာဖွေကြရာတွင် ဆင်ခေါင်းကန် ထဲ ၌ မှောက်လျက်သား ပေါလောမျော နေသော မောင်ချစ်ဖွယ်လေး အလောင်း ကို တွေ့ကြရသည်။
မောင်ချစ်ဖွယ်လေး ၏ နောက်စေ့ မှာ ဆံပင်ရှည် ဖွားဖွားများ လည်း ရေမှော်စိမ်းစိမ်းများ အကြား တွင် တလှုပ်လှုပ် ဝေ့ဝဲဖြာကျလျက် ရှိလေသည် ။
“ တပည့်တော် သားလေး ကို မကယ်နိုင် ကြတော့ဘူးလား ဘုရား ”
မောင်ချစ်ဖွယ်လေး သည် မည်သည့် အချိန်က မည်သည့် အကြောင်း ကြောင့် ရေကန် ထဲ တွင် မည်သို့ သေဆုံး နေကြောင်း မည်သူမျှ မသိကြပေ ။
မိမိ ရောက်သွားသည့် အချိန်မှာတော့ မောင်ချစ်ဖွယ်လေး ၏ အလောင်း ကို ခုတင် ပေါ်မှာ ပြင်ထားပြီး ဖြစ်၏ ။ လေသုတ်လိုက်တိုင်း ညောင်ရွက်တွေ တရှဲရှဲ မြည်နေသော ညောင်ပင်ကြီး ၏ အောက်မှ ခုတင်လေး ပေါ်တွင် မောင်ချစ်ဖွယ်လေး ၏ အလောင်း ကို ပြင်ထား၏ ။ တစ်ကိုယ်လုံး ပြာနှမ်း နေသော လူကလေး ၏ ရုပ်အလောင်း ကို မိမိ မကြည့်ရက်တော့ပါ ။
ခင်စန်းရီ က ခုတင်ဘောင် ကို နဖူး ဖြင့် တိုက်ရင်း အော်ဟစ်ငိုယို နေ၏ ။
ကိုမြအေး ကတော့ တဲတိုင်တစ်လုံးကို မှီထိုင်ရင်း တရှုံ့ရှုံ့ ငိုနေ၏ ။
“ ခါတိုင်းတော့ တဲ မှာ တစ်ယောက် မဟုတ် တစ်ယောက် ရှိပါတယ် ဘုရား ၊ အဲဒီ နေ့ က တပည့်တော်တို့ လင်မယား နှစ်ယောက်လုံး ဆေးစုဖို့ အတွက် ယင်းမကျင်း ကို သွားနေကြတယ် ဘုရား ၊ တပည့်တော် ပေါ့ဆမိလို့ ဖြစ်ရတာ ပါဘုရား ”
ကိုမြအေး က ပြောသည်။ ဆရာတော်ကြီး တွင် လေးဖက်နာရောဂါ ရှိသည် ။ ပြီးခဲ့သည့် ရက်များက မူ လက်တွေ ယောင်ကိုင်း လာသောကြောင့် လက်ဖြင့်
ဆွမ်း မစားနိုင်အောင် ဆိုးဝါးလာခဲ့၏ ။ ထိုသို့ လေးဖက်နာ ထလလျှင် လက်ပံခါး နှင့် ဆင်မီးတောက်ဥ တို့ ကို ဆေးမယ် ပြု၍ ဆရာတော် ကို ကုသရ၏ ။
လက်ပံခါး အခေါက် ကို နေလှန်း၍ အမှုန့်ပြုပြီး ပျားရည် နှင့် တေ၍ မန်ကျည်းစေ့ခန့် နံနက်ပိုင်း မှာ တိုက်ရ၏ ။ ဆင်မီးတောက်ဥ ကို နေလှန်း ပြီး လှော် ၊ အမှုန့်ပြု ကာ ပျားရည် နှင့် တေ၍ မီးခြစ်ဆံခေါင်း ခန့် ညပိုင်း မှာ တိုက်ရ၏ ။ ထို ဆေးကို သောက်လိုက်လျှင် ဆရာတော် ကျန်းမာ လာလေ့ ရှိသည် ။
ဆေးဖက်ဝင် ပစ္စည်းများ ရရန် အတွက် ကိုမြအေး တို့ လင်မယား ခရီး ထွက်ကြခြင်း ဖြစ်သည် ။
မောင်ချစ်ဖွယ်ကလေး ဆုံးပါးကြောင်း သတင်း ကြားသိစဉ်က ဆရာတော် သည် အတော် စိတ် ထိခိုက်သွားသည် ။
“ အင်း ... တရား မရှိသေးကြောင်း ကိုယ့် ကိုယ် ကိုယ် သိရတာပလေ ၊ ဒီလို ဖြစ်မယ်များ သိရင်ဖြင့် ငါ့လ က်တွေ ကြွေကျသွားပါစေကွယ် ၊ ဒီ ခရီး ကို ဒင်းတို့ မသွားစေရပါဘူးဟဲ့ ”
ဆရာတော် က ညှိုးငယ်သော မျက်နှာ ဖြင့် မိန့်ကြားရှာသည် ။
“ ဆရာတော် လွှတ်တာမှ မဟုတ်ဘဲ ဘုရား ၊ သူတို့ သဘောနဲ့ သူတို့ သွားခဲ့ကြတာပါ ဘုရား ”
ဆရာတော်ကြီး အား မိမိ က စိတ် သက်သာရာ ရအောင် လျှောက်ထားခဲ့၏ ။
ညောင်ပင် အောက် မှာတော့ ပရိသတ်များ တဖြည်းဖြည်း တိုးပွား လာသည် ။ သရိုင်ရွာ မှ ခင်စန်းရီ ၏ အမေ လည်း ရောက်လာ၏ ။ ခပ်ရို့ရို့ လှမ်း လာသော အဘွားအို ကို မောင်ဦး က တွဲခေါ် လာသည် ။
“ တပည့်တော် တို့ ခေါ် သွားရင် ဖြစ်ရဲ့သား နဲ့ ကလေး ကို ခေါ်မသွားမိတာ
တပည့်တော် အမှားပါဘုရား ”
ခင်စန်းရီ က ဆံပင် ကို ပြင် ထုံးရင်း လျှောက်၏ ။ တဲကလေး ၏ မြောက်ဘက် တွင် ဆယ်ဝင်သံပုံး ဖြင့် တည် ထားသော ရေနွေးအိုးကြီး တစ်လုံး ကို ဒကာကြီး တစ်ယောက် က ထင်းမီး ထိုး နေသည် ။ ယောဂီ အမျိုးသမီး တစ်ဦး က ပရိသတ်များ အား လက်ဖက် လိုက် ဝေ နေသည် ။
ကုက္ကိုပင်ကြီး မှ ကုက္ကိုရွက်တွေ တဖွဲဖွဲ ကြွေကျ လာ၏ ။ ညောင်းကိုင်း ပေါ်မှ သပိတ်လွယ်ငှက်ကလေး တစ်ကောင် ထ ပျံ သွားသည် ။ စဉ့်အိုးကြီး ဘေးမှ ဇလပ်ပင်လေး တွင် လိပ်ပြာတွေ က တရစ်ဝဲဝဲ နှင့် ကွေ့ကောက်ပျံသန်း နေကြ၏ ။
“ ညီလေး ကို ကျောပိုးပြီး ပို့နေကျပါဗျာ ၊ ထမင်းအိုး တည် နေတုန်းမို့ သူ ထွက်သွား တာ ကို ကျုပ် မသိလိုက်တာပါ ”
မောင်ဦး က သူ့ အဘွား အနီးမှ ရုတ်တရက် ထ ပြေးသွားသည် ။ သူ့ ညီလေး ၏ ခြေထောက်လေး များ ကို ကိုင်ရင်း တသိမ့်သိမ့် ငိုရှိုက် နေ၏ ။
“ ဒီ ရက်ထဲ တွေ မှာ ကျုပ် စိတ်တွေ သိပ် လေးတာပဲ၊ အိပ်မက်တွေ ကလည်း
မကောင်းဘူး၊ သွားတွေ ညစ်နေတယ်လို့ အိပ်မက် မက်တယ် ၊ သူတို့ ဆီ ကို လာချင်နေတာ ၊ ပဲ သိမ်းလို့ မပြီးသေးတာ နဲ့ မလာနိုင်တာ ”
ခင်စန်းရီ ၏ အမေ က အတူ ထိုင်နေသူများ ကို ပြောပြနေ၏ ။
ငှက်ပျောပင် တွင် ထိုးစိုက် ထားသော စကြာလေး တစ်ခု လေတိုက်လာ သောကြောင့် ချာချာလည် နေသည် ကို တွေ့ရ၏ ။ မောင်ချစ်ဖွယ်လေး ၏ ကစားစရာ စကြာလေး ဖြစ်ပေမည် ။
အုတ်ရေကန် ဘေး မှ ဗုဒ္ဓသရဏပင်များ တွင် အပွင့် နီနီဝါဝါတွေ ပွင့်နေသည် ။ ဘယ် အရပ်ဆီ မှ ပေါ်ထွက် လာမှန်း မသိရသော ချိုးကူသံ ကို လွမ်းစဖွယ် ကြားရ၏ ။ ချိုးကူသံလေး မှာ တုန်ယင်နွဲ့လျက် ရှိရာ လည်စလုတ် ထဲ တွင် ဘောစေ့ငယ် ကလေးများ ထည့်၍ မြည်ကြွေးနေသ ယောင် ထင်ရ၏ ။
မဂ္ဂင်ချောင် အောက်ထပ်မှ ဆရာလေး ဒေါ်ယဿ တို့ ရောက်လာသည် ။
“ တပည့်တော် မနေ့ က မောင်ချစ်ဖွယ်လေး နဲ့ တွေ့သေးတယ် ဘုရား ၊ ဒေါ်လေးတို့ ဇရပ် မှာ စတုမဓူ လာ စားလှည့်ဦးနော် လို့ ပြောခဲ့မိသေးတယ် ၊
တပည့်တော်တို့ ဇရပ် ကို လာရင်းနဲ့များ ဖြစ်ရသလားလို့ လုံးလုံး စိတ်မကောင်းဘူး ဘုရား ”
“ ဒီလိုလည်း ဘယ် ဟုတ်ပါ့မလဲ မယဿ ရယ် ”
ဒေါ်ရူပ က ဆရာလေး ကို ဖျောင်းဖျသည်။
မန်ကျည်းကိုင်း ပေါ်၌ ရှဉ့်ကလေးများ ပြေးလွှား နေကြသည် ။ ရှဉ့်ငယ် တစ်ကောင်မှာ ပါးစပ် က တတောက်တောက် မြည်လိုက် ၊ နှုတ်သီး ကို လက်နှစ်ဖက် ဖြင့် သပ်လိုက် ၊ အမြီးဖွားဖွား ကို အထက်သို့ တလှုပ်လှုပ် ထောင်လိုက် ၊ သစ်ကိုင်း ကို အမြီး ဖြင့် ရိုက်လိုက် နှင့် ကိုင်းဖျားဆီ သို့ တဖြည်းဖြည်း လျှောက် သွားနေ၏ ။
ထို့နောက် သရက်ပင် ပေါ်သို့ ခုန်ကူး သွားသည် ။
“ ဒီ ရေကန် ကို အုတ်တံတိုင်း ခတ်ဖို့ လုပ်နေတာ ကြာပါပြီ ဘုရား ၊ သီတဂူ ရေ ကလည်း လိုသလောက် ရ နေတော့ အသုံး မလိုတော့မယ့် အတူတူ ဖို့ပစ်ရ ကောင်းမလားလို့ စဉ်းစား နေတာနဲ့ မလုပ်ဖြစ်တာပါ ”
တိုးတိုး ညင်ညင် လျှောက်ထား နေသော မဓီရ ၏ အသံ ကို မနည်း နားထောင် ယူရ၏ ။
အညိုရောင် ကိုယ်လုံး ထဲ၌ ဝှက်သိမ်း ထားသော တောင်ပံဖြူများ ကို ထုတ်ရင်း ဇရက်တစ်အုပ် တမာပင် ပေါ် မှ ပျံထွက် သွားကြသည် ။
ဇေယျသိင်္ဂီချောင် မှ သီလရှင်လေးများ ၏ စာအံသံ ကို ကြားရ၏။ ဘုရားဖူး အချို့ အရှေ့ဣစ္ဆာသယချောင် ဘက်မှ တောင်ဆင်းလမ်းလေး အတိုင်း ဆင်းလာကြ၏ ။
သမီးတော် ချိုင့်ဝှမ်း ထဲမှ လူစုစု ကို အကဲခတ်သလို ကြည့်ပြီး အောင်ချမ်းသာ
ချောင် ဘက် ဆီသို့ ဆက်သွားကြသည် ။
သွပ်မိုးစောင်းတန်း တို့ဖြင့် ကုပ်သတ်ထားသည့် စစ်ကိုင်းတောင်ရိုး မှာ ဇာနားကွပ် ထားသော အစိမ်းရောင် တင်းတိမ်တစ်ထည် နှင့် တူနေသည် ။
တောင်ထိပ် ဆီသို့ လှမ်းမျှော် ကြည့် လိုက်လျှင် ပုညရှင်စေတီ ၏ ချရားသီး အနီးတွင် ပျပ်ဝပ်ခစား နေသော ဖြူလွလွ တိမ်တိုက် အချို့ ကို မြင်တွေ့ ရလေသည် ။
ooooooooooooooo
( ၄ )
ပိတ်ထားသော မျက်ခွံများ ရှေ့တွင် နီနီဝါဝါ အရောင်တွေ သမ်း လာ၏ ။
ကျေးငှက်တို့ ၏ စိုးစိုးစီစီ မြည်သံတွေ နား ထဲ သို့ ဝင်လာကြသည် ။
နှာသီးဖျား ကို အာရုံ ကပ်၍ ရှုမှတ် နေရာမှ အချိန်နာရီ စေ့ ရောက်ပြီ ဖြစ်သောကြောင့် မျက်လုံးများ ကို တဖြည်းဖြည်း ဖွင့် ၊ ပေါင်ပေါ်၌ ယှက်တင် ထားသော လက်နှစ်ဖက် ကို ဖြည်းဖြည်း မ ၍ ကွပ်ပျစ် ပေါ်မှာ ထောက် လိုက်သည် ။ တင်ပျဉ်ခွေ ကို ဖျက်၍ ခြေထောက်များ ကို ကွပ်ပျစ် ပေါ်မှ အောက်သို့ တွဲလောင်း ချ လိုက်သည် ။
အရှေ့ တစ်ခွင်လုံး ၌ နှင်းဆီရောင် လျှမ်းတောက် လျက် ရှိလေပြီ ။
အုတ်ရေအိုးစင်လေး ၏ နံရံဖြူဖြူ ပေါ်သို့ စက္ခုအာရုံ တင် လိုက်သည် ။
နံနက် နေခြည် ထဲတွင် မျဉ်းနက် တစ်ကြောင်း ကို ပြက်ပြက်ထင်ထင် မြင်တွေ့ရ၏ ။
လှုပ်လှုပ်ရွရွ ဖြစ် နေသောကြောင့် ဇရပ် ပေါ်မှ ဆင်း ပြီး ရေအိုးစင်လေး အနီး သို့ သေချာစွာ သွား ကြည့်သည် ။
မီးသွေး ဖြင့် ရေးခြစ်ထားခြင်း ကား မဟုတ် ။
(ပု) (ရွက်) (ဆိတ်) (များ) (တစ်) (ကောင်) (ပြီး) (တစ်) (ကောင်) (တန်း) (စီ) (၍ ) (သွား) (နေ) (ခြင်း) (သာ) (ပါ) (တ) (ကား) ။
⎕ မြတ်သင်း
📖 မုသားပျားရည် နှစ်စက်
.
No comments:
Post a Comment