Tuesday, December 26, 2023

ဆေးသက်


 

❝ ဆေးသက် ❞

“ ကြံကြံဖန်ဖန် လွန်းရှိန် ရယ် ၊ လုပ်စရာ ရှားလို့ ၊ ဒါလောက် အသက် အန္တရာယ် များတဲ့ အလုပ်ကြီး ကို နင် မို့ လုပ်ချင်ပလေ ”

“ မိဝိုင်း နဲ့ ငါ မြန်မြန် နီးရအောင်လို့ ဟ ၊ သိပြီလား ”

“ အလိုတော် မဆီလေးရယ် တဲ့ မှ အို မဆိုင် ”

“ ဘာ မဆိုင်ရမှာလဲ ။ နင့် အဘ ပြောင်းဖူး ပွဲစား ၊ ကြံသကာ ပွဲစားကြီး က ငွေ သိပ် မက်သနဲ့ ။ တော်နေကြာ ငါ့ သမီး မိဝိုင်းစိန်မ ကို ကြိုက်တဲ့သူ ငွေ ဘယ်လောက် တင်တောင်း မှ ဆို ”

“ လွန်းရှိန် ၊ နင့် မုန့်ဆီကြော် က ဖြင့် ဘယ် နေမှန်း မသိဘူး ။ နှုတ်ခမ်းနာ နဲ့ တည့်ပါ့မလားလို့ ”

“ ပြောရက်လိုက်တာ အဝိုင်း ရယ် ။ ငါ့ မှာ တော့ အလုပ် ပိတ်ရက် ကလေး မှာ နင့် မျက်နှာလေး မြင်ချင်လွန်း လို့ ဟိုး လေးငါးမိုင် ခြေကျင် ခရီး ကို အပြေး လာခဲ့ရသူပါ ”

“ ဒီ က လည်း သူ့ အတွက် ပြောတာပါ နော် ။ သမီးရည်းစား ဖြစ် တာ မှ မကြာသေးဘူး ။ မသကာ သူ ခြေချော် လက်ချော် များ ဖြစ်ခဲ့ ရင် ဝိုင်းစိန်မ မှာ တော့ ရည်းစား မုဆိုးမလေး အနေ နဲ့ လွမ်း ပြီး ကျန်ခဲ့မှာ စိုး လို့ ပြောတာ တော့ ကဲ သိပြီလား ရွှေကိုယ်တော် ရဲ့ ”

“ ဘာ ဘာ ရည်းစားမုဆိုးမ ဟုတ်လား ။ နင် မို့ ပြောတတ်ပလေ အဝိုင်း ရယ် ၊ ဟား ဟား ဟား ”

“ အဟီး ဟီး ”

ဒီ တစ်ပတ် အလုပ် ပိတ်ရက် ရွာ ပြန်ခဲ့ရတာ “ တန် ” သည် ။ ပင်ပန်းရ ကျိုး ၊ ခြေညောင်းရ ကျိုး နပ်သည် ။ ခါတိုင်း ပတ်များ မှာ တော့ ဝိုင်းစိန်မ နဲ့ စကားများ ၊ စကားနိုင် လုရင်း လမ်းခွဲ ခဲ့ရတာ များသည် ။ ဒီ တစ်ပတ် တော့ ဝိုင်းစိန်မ ရဲ့ လွန်းရှိန် အပေါ် မှာ ထားတဲ့ ကြီးမားသော သံယောဇဉ်ကြိုး ကို တွေ့ ခဲ့ရသည် ။ ဘာတဲ့ ၊ အဟင်း ရည်းစားမုဆိုးမ ဆိုလား ။ နင် မို့ ကြံကြံ ဖန်ဖန် ဝိုင်းစိန်မ ရယ် ။ အဟင်း ဝိုင်းစိန်မ နှင့် ပြောခဲ့ရတာလေးတွေ အမှတ် ရပြီး ပြုံးမိ ပြန်သည် ။

“ ဟဲ့ ကောင်လေး ငါးခူပြုံး လိုလို ၊ ငါးရံ့ပြုံး လိုလို နှင့် ဘာ ပြုံးနေတာလဲ ။ အလုပ် ကို သေချာလည်း လုပ်ဦး နော် ။ ဒါ သပြေပန်း တက် ချိုး နေတာ မဟုတ် ဘူးဗျ ။ ဂုတ်ထိပ် တံတားကြီး ပေါ် မှာ တွဲလဲ ခို နေတာ ။ သတိတစ်ချက် လွတ် လိုက်လို့ ကတော့ ခေါင်း နဲ့ ကိုယ် အိုးစား ကွဲ ပြီသာ မှတ် ”

“ ဟာဗျာ ဦးကြီးကျော် ကလဲ ”

လွန်းရှိန် ရှက်ရမ်း ရမ်းရင်း အလုပ် ကို ဆက် လုပ်ရသည် ။ မျက်နှာ ပေါ် ၊ လက်တွေ ပေါ် တွင် သံချေးဖတ် ၊ ဆေးဖတ် အမှုန်အမွှားလေးများ ကပ် နေကြသည် ။ မှဲ့ခြောက်များ သော နိုင်ငံခြားသူ မျက်နှာ ပမာ ရှိ ချေမည် ။ အဆိုး ဆုံး ၊ အခံရခက် ဆုံး က မျက်လုံး မျက်ဆံ ထဲ ဝင်မှ ဖြ င့် ခိုးလိုးခုလု ဖြင့် လွှတ် အခံ ရ ခက်သည် ။ မျက်နှာသစ် ရေဆေး ပစ်ဖို့ အပေါ်  ပြန်တက် ရ အောင် က လည်း လွန်းရှိန် ရောက် နေသည့် နေရာ က တံတား အလယ် လောက် မှာ ရှိနေသည် ။ ပြန်တက် ၊ ပြန်ဆင်း လိုက် လုပ်နေတာ နှင့် ပင် အချိန်တွေ ဖင့်နွဲ နေချေ ရော့မည် ။ လွန်းရှိန် ရဲ့ အထက်အောက် ဝဲယာ မှာ လည်း လွန်းရှိန် လိုပင် ဂုတ်ထိပ် တံတားကြီး ကို ဆေး သုတ်ရန် အတွက် သံချေး ခွာ နေတဲ့ သူတွေ တိုးလို့ တွဲလောင်း ။

လွန်းရှိန် မျက်လုံး ထဲ က အခံရ ခက် တာ ကို အံကြိတ် ခံရင်း ဘားတန်း နှစ်ချောင်း ပေါ် မြဲမြဲ ထိုင် ၊ ဘယ်ဘက် လက် က ကြိုးတန်း ကို မြဲမြဲ ကိုင် ရင်း စိတ် ကို အလုပ် ထဲ  နစ်မြုပ် လိုက်ပြန်သည် ။

“ ကြိုးစားလိုက်ကြဦးစို့ လွန်းရှိန် ရေ ။ ဝိုင်းစိန်မ အတွက် ထဘီ တစ်ကွင်း ဖိုး ”

“ ဝါး ဟား ဟား ”

ဘယ်သူ က နောက်ပြောင် လိုက်မှန်း မသိ ။ သံချေးခွာ နေသူတွေ တသောသော ရယ်ကုန်ကြသည် ။ ခါတိုင်း လို တောင်ယာခုတ်ရင်း ၊ ဓား ကောက်ရမ်း ရင်း သာ ဒီလို ရယ်စရာမျိုး ကြုံပါ က အနီး မှ သစ်ပင်တွေ ကျိုး ကြေ ကုန်အောင် ပစ်လှဲပြီး အားရ ပါးရ လှောင်ပြောင် ရယ်လိုက်ကြမည့် ဖြစ်ခြင်း ။ အင်း အခုမှာ တော့ အန္တရာယ် များ တဲ့ အလုပ် မို့ ရယ်စရာ တွေ့ တာ တောင် ထိန်းထိန်းသိမ်းသိမ်း ရယ်နေကြရသည် ။

ဆေး မသုတ်ရသေး ခင် သံချေး ခွာ သည့် အလုပ် က ပင် တစ်ရက် လည်း မဟုတ် ။ တစ်ပတ် လည်း မဟုတ် ။ တစ်လ နှစ်လ ကြာသည် ။

လားရှိုး ဘက် က လာတဲ့ ကုန်ရထား နောင်ချိုဘက် အကူး ဂုတ်ထိပ် တံတား ကို ဖြတ် အပြီး တွင် လွန်းရှိန် တို့ အဖွဲ့ တစ်နေ့ တာ အလုပ် သိမ်း ကြ သည် ။ တစ်နေကုန် လက်ပမ်းကျ နေတာကြောင့် သံချေးဖတ်များ က ရေဆေး လည်း မပြောင်မည့် အတူတူ တော်ရိ ရော်ရိ ဆေးကြော ကာ ထမင်း လွေး ပစ် လိုက်သည် ။

တပေါင်း တန်ခူး လ ဆိုပေမယ့် ရှမ်းပြည်နယ် မှာ တော့ မြူခိုးမင်းလွင် တွေ နှင့် မို့ ချမ်းအေးအေး ရှိလှ ပါသည် ။ ဂုတ်ထိပ်ချောင်း က တက်လာတဲ့ အငွေ့ တွေ ရယ် ၊ တောင်ကြား ၊ လျှိုကြား က ထွက် လာတဲ့ အငွေ့ တွေ ရယ် ဂုတ်ထိပ်တံတား အောက် တွင် တွေ့ဆုံ ကြကာ ကာလ အတန်ကြာ ကွဲကွာ သော မိတ်ဆွေများ ပြန် တွေ့ပြီး စကား လက်ဆုံ ပြော မကုန်အောင် ရှိ သကဲ့သို့ နံနက်ခင်း နေခြည် ဖြာသည့် တို င် မြူခြေများ က တော့ ဆိုင်း တုန်းပင် ။

ဂုတ်ထိပ်တံတားကြီး တွင် သံမှိုပေါင်း များစွာ တပ်ဆင် ထားသည် ။ အင်္ဂလိပ်တွေ က တံတားကြီး ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် သံမှိုများ ထဲ တွင် ငွေမှို ၊ ရွှေမှိုများ ကပ်ထားခဲ့သည် ဟု လွန်းရှိန် ကြားဖူးသည် ။သံချေး ခွာရင်း လွန်းရှိန် ကြည့်တော့ တစ်ခါ မှ မတွေ့ပါ ။ ဦးဘအေး ၊ ပန်းစိန် ၊ အောင်မြ ၊ အိုက်ကံ တို့ တစ်တွေ လည်း မတွေ့ကြ ဟု ပြောပါသည် ။ ဦးကြီးကျော် တစ်ယောက် သာ ဟို အရင်နှစ်တွေ တုန်းက ဆေး သုတ် လိုက်ရင်း တစ်ခါ တွေ့ ဖူးသည် ဆို၏ ။ အခုတော့ ဘယ်တိုင် ၊ ဘယ်နေရာ ၊ ဘယ်အခန်း မှာ ရှိမှန်း သူ မမှတ်မိ တော့ပါ ။ တံတားကြီး တစ်ခုလုံး ဆိုတော့ ဝက်အူတွေ က လည်း နည်း မှတ် လို့ ။ သေချာတယ် ၊ ရှိတယ် ထားပါဦး ။ ကိုင်း ငွေဝက်အူ က တံတားကြီး ရဲ့ အမြင့် ဆုံး နံပါတ် ဆယ့်တစ်တိုင် ရဲ့ အလယ် လောက် မှာ ရှိပါပြီ တဲ့ ။ အတော်လေး စွန့်စား အားထုတ်ပြီး မှ မြင်ဖူးတယ် ရှိအောင် သွား ကြည့်ရမည့် ဖြစ်ခြင်း ။

နှစ်လ တာ သံချေးခွာ လုပ်ငန်း ပြီးတော့ လွန်းရှိန် တို့ အဖွဲ့ တံတားကြီး ကို ဆေးသုတ်  ပြင်ဆင် ရသည် ။ ကန်ထရိုက် ကိုပီတာ က ဂိုဒေါင် ထဲ မှ ငွေမင်ရောင် ဆေးပုံးတွေ ထုတ်လာသည် ။ သူ ကိုယ်တိုင် ဆေးတွေ ဖျော်ပေး သည် ။ ဆေး သုတ်ဖို့ ကတော့ သုံးလက်မ ၊ လေးလက်မ စုတ်တံ အပြားကြီး တွေ ထုတ် ပေးသည် ။ စုတ်တံ အပြား ၏ လက်ကိုင်ရိုး အမြီး မှာ အပေါက်ကလေး ဖောက် ပြီး အုန်းဆံကြိုးလေး တွေ ချည် ထားသည် ။

“ ဦးပီတာကြီး ၊ ဒီ ကြိုးလေးတွေ က ဘာ လုပ် ရမှာလဲဗျ ။ ဟောဒီလို ခါး မှာ ချိတ်ထားဖို့လား ”

“ ဘယ် ဟုတ်ရမှာလဲ အိုက်ကံ ရ ။ မင်း တို့ တံတား ပေါ် မှာ ဆေးတက် သုတ် ရင်း စုတ်တံ လွတ်ကျ မှာ စိုးလို့ ညာဘက် လက်ကောက်ဝတ် မှာ ချည်ထားရမှာ ”

“ ဟုတ်တယ်နော် ။ စုတ်တံ လွတ်ကျ လို့ ပြန် ကောက် နေရရင် မသကာ  နေ့ ဝက် တော့ ကျိုး မှာ ”

“ အေးပေါ့ကွ ၊ ဒါကြောင့်မို့ အရင် အတွေ့ အကြုံ ရှိတဲ့ လူကြီးတွေ က တီထွင် ခဲ့ကြတာ နေမှာပေါ့ ။ ကိုင်း ဆေးပုံးတွေ လာယူကြ ။ လုပ်ငန်း စမယ်လို့ ”

အင်္ကျီ လက်ရှည် ၊ ဘောင်းဘီ ကိုယ်စီ ဆွဲ ကာ တံတားကြီး ဆီ သို့ ဆင်း ခဲ့ကြသည် ။ တံတားကြီး ပေါ်မှ ကြိုးပုခက်များ ၊ သံချိတ်များ ဖြင့် တွဲလဲခို စီးကာ ဆေးသုတ် ကြရမည် ဖြစ်သည် ။ ဆေးသုတ် နေရင်း တန်းလန်း တံတားကြီး ပေါ်မှ ရထားကြီး ဖြတ် ခုတ်မောင်း သွားသည့် အခါများ တွင် တံတားကြီး သည် လှုပ်ယမ်း လျက် ရှိသည် ။ ထိုအခါများ တွင် လွန်းရှိန် တို့ သည် ဆေးသုတ်ခြင်း အလုပ် ကို ခေတ္တ ရပ်ဆိုင်း ကာ ကိုယ် ရောက်သည့် နေရာ မှာ ပင် ခြေလက် မြဲအောင် ဖက်တွယ် ထားရ၏ ။ ကိုယ် ရသည့် ဘုရားစာ ကို နှုတ်တိုက် ရွတ်နေ သူ က လည်း ရွတ်နေရ၏ ။

“ ဟန်ကျတယ် ဟေ့ ။ တို့ အလုပ် က ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ တဲ့ အလုပ်ဟ ”

ဪ ကိုအောင်မြ နှယ် ၊အန္တရာယ် လွယ်ထားတယ် ဆိုပါ မှ အရွှန်း က ဖောက် ချင်သေးသည် ။ လွန်းရှိန် စဉ်းစား ရင်း မချိပြုံးကလေး ပြုံး ကာ ဖြတ်နေ ဆဲ ရထားကြီး ၏ ဝမ်းဗိုက် ကို မော့ကြည့် မိသည် ။ ရထားကြီး ၏ ဝမ်းဗိုက်ပိုင်း ကို မြင်ရဖို့ အခွင့်အရေး ကတော့ ရှားပေ လိမ့်မည် ။ လင်းမြွေကြီး တစ်ကောင် ၏ ဝမ်းဗိုက်ကြီး အလား တွေ့ ရ၏ ။ ရထားကြီး သည် တံတား ပေါ် မို့ စက်ရှိန်သပ် ကာ တရွေ့ရွေ့ သွား နေ၏ ။ နောက်တော့ လည်း ထုံးစံ အတိုင်း ကျောက်မဲနယ် ဘက် သို့ ရောက်ရှိ ကာ လိုဏ်ခေါင်း မည်းမည်းကြီး ထဲ သို့ ဝင်ရောက် ရင်း ပျောက်ကွယ် သွား ပါတော့သည် ။

အထက် တစ်တန်း သုတ် ပြီးပြီ မို့ အောက် တစ်တန်း သို့ ကူးရမည် ။ လွန်းရှိန် သည် စက်သီးကြိုး ကို အောက်ဘက် သို့ တစ်ထစ် လျှော့ ချ လိုက်၏ ။ ဘားတန်း သည် အောက်ဘက် ဆီသို့ အိခနဲ ပြိုဆင်း သွား၏ ။ လွန်းရှိန် ရင် ထဲ မှာ လည်း လှိုက်ခနဲ ခံစား လိုက်ရ၏ ။ နောက် တစ်ကန့် ဆေး စ သုတ် လိုက်သည် ။

အကာအကွယ်မဲ့ ဟင်းလင်းပြင် မှာ တွဲလဲခို နေရသူမို့ လေတွေက  တဟူးဟူး လွင့် တိုက် နေကြသည် ။ တန်ခူးလ ၊ ရွာ မှာ ဆို ပူလိုက်မည့် ဖြစ်ခြင်း ။ သည် မှာ တော့ အင်္ကျီ ဘောင်းဘီတွေ လေ တဖြတ်ဖြတ် နှင့် အေး လိုက်တာ ။ ကန်ထရိုက် ဦးပီတာ က လွန်းရှိန် တို့ ကို တစ်နာရီ တစ်ယောက် လူ လဲ နှင့် ဆေးသုတ်ဖို့ တံတား ပေါ် ကနေ စီစဉ် ပေးသည် ။ လူ တစ်ယောက် ကို တစ်နာရီ ထက် ပိုပြီး အလုပ် မလုပ်နိုင် ။ ဇွတ် ပေပြီး လုပ်နေ ပြန် ရင်လည်း မေးခိုက်ခိုက် တုန် လာပြီ သာ မှတ် ။

ရာသီဥတုဒဏ် ခံ နိုင်အောင် ဦးပီတာက ဆေးသုတ်သမား တစ်ယောက် ကို တစ်ရက် မှာ တောအရက် တစ်ပုလင်း ကျ စီ ပေးသည် ။ အစက တော့ လွန်းရှိန် အရက် မသောက် ။ ပြီးတော့ ဝိုင်းစိန်မ က လည်း လွန်းရှိန် အရက် သောက် တာ လုံးဝ မကြိုက် ။ လွန်းရှိန် ကိုယ်တိုင် မကြိုက် တာ လည်း ပါသည် ။

ဒါပေမယ့် နောက် တော့ မရ ။ အေးတာ ၊ ချမ်းတာ လုံးဝ မခံနိုင် ။ အလုပ် လည်း မတွင် ။ နောက်ပြီး မရဲ ။ ကြောက် လာသည် ။ နောက် ရက်တွေ တော့ လွန်းရှိန် လည်း အအေးဒဏ် ကာကွယ် လာ ရသည် ။ ဝိုင်းစိန်မ ရေ ငါ့ ကို စိတ် မဆိုးပါနဲ့ ကွာ ။ အလုပ် သဘော အရပါ ။ ငါ မစွဲပါဘူး ။

တံတားကြီး ပေါ် ကနေ အောက် ဘက် ငုံ့ ကြည့် လိုက်တော့ အသစ် ဖောက် ထားသော အောက် ရထားလမ်း ကွေးကွေးကလေး ကို သားရေကွင်း ပြတ်ကလေး ချထားသည့် အလား တွေ့ ရသည် ။ ဂုတ်ထိပ်ချောင်း ကတော့ အနောက် မှ အရှေ့ သို့ ဖဲစလေး တစ်ခု ပမာ တလူးလူး လွင့်၍ စီးဆင်း နေ၏ ။ ရေးရေး ရိပ်ရိပ် မျှ သာ မြင်ရသည် ။

တစ်ခါက ကုန်းစံအုပ်စု ဘက် မှ လုပ်အားပေး ရွာသားများ သည် ရထားလမ်း ဘေး ဝဲယာ တောခုတ် လုပ်အားပေး တာဝန် ကျ၏ ။ တံတားကြီး ကို ဖြတ် ၍ မြောက်ဘက်ပိုင်း တွင် သွား လုပ်ကြရသည် ။ တချို့ ရွာသားများ နှင့် မိန်းမများ သည် တံတားကြီး ကို မတ်မတ် မဖြတ်ရဲ သဖြင့် လေးဖက်ကုန်း ၍ ဖြတ်ခဲ့ကြဖူးသည် ။

လွန်းရှိန် တို့ ခပ်ငယ်ငယ် အမေ တို့ ရှိတုန်း က ရထားကြီး ကို စီး ၊ ကျောက်မဲ ဘုန်းကြီးပျံပွဲ သွား ခဲ့သည် ။ တံတားကြီး ပေါ် အရောက် တွင် သူများ တကာတွေ ငုံ့ ကြည့် သော ဂုတ်ထိပ်ချောင်း ကို ပင် မကြည့်ရဲ ခဲ့ ။ အခုလို ဆေး သုတ်သမား ဘဝ ကို ရောက်မယ် ဆိုတာ အိပ်မက် တောင် မမက်ဘူးခဲ့ ။ ရထား စီး ရင်း တံတား ပေါ် က အဖြတ် ရထား ပေါ် မှ ခုန်ဆင်း ချသွားခဲ့ဖူးသည် ဆိုသော အမျိုးသမီးတစ်ဦး ၏ ဒဏ္ဍာရီပုံပြင် ကြောင့် ပင် တံတားကြီး ကို ရွံ့ နေ မိသည် ။ အော် အခုများ မှာ တော့လည်း လွန်းရှိန် အဖြစ် က .... ။

မြောက်ဘက် လိုဏ်ခေါင်းကြီးများ ရှိသော ဘက်တွင် ကျောက်သား နံရံများ သည် မားမားမတ်မတ် ရပ်လျက် ရှိသည် ။ ကျောက်သား နံရံများ ၏ အထက် မျက်နှာပြင် ရှိ မြေညီမြေပြန့် ၌ တောင်ယာစိုက်ခင်း မြေနီပြင်များ ရှိသည် ။ တောင်ယာခင်းနီနီများ ကို ဖြတ်စီး လာသော ရေနီ များကြောင့် ကျောက်သားနံရံ တို့ သည် မူလ အရောင် ပျောက်ကာ အနီရောင်တို့  ဖြင့် စွန်းပေ လျက် ရှိသည် ။ သို့ပေမယ့် ဆေးသား က မညီ ။ ဆေးသားများ ကွာကျ စွန်း ထင်းနေသော တိုက်အိုကြီး ၏ နံရံ ပမာ ရှိသည် ။

“ ကိုကျော်ထွေး တစ်ယောက် ဒီ ကနေ့ ခွင့် ပြန် သွားတာ သူ့ ရွာ မှာ ဆုံးလို့တဲ့ ကွာ ”

ကန်ထရိုက် ဦးပီတာ က လွန်းရှိန် တို့ ကို စိတ် မကောင်းစွာ ပြောပြ နေသည် ။

“ ဗျာ ဦးကြီးကျော် ဆုံးလို့ ဟုတ်လား ”

“ အေးကွ ၊ သူ့ အိမ် က စာ လာတယ် ။ ဆုံးတာ မှ ကွာ ရင်နာစရာ ကောင်းပါတယ် ။ မန်ကျည်းပင် ပေါ် က ကျ သေရတာတဲ့ ”

“ တောက် ၊ ဖြစ်ရလေဗျာ ”

“ ရေပြောင်း မြေပြောင်း ဆိုတော့ကွာ ။ ဒီ က အပြန် ရွာ ရောက် တော့ ဖျားတယ် ဆိုလားပဲ ။ အဲဒီမှာ အဖျား ပျောက် ၊ နာလံ ထတော့ မန်ကျည်းရွက် ဟင်းချို စားချင်တာ နဲ့ တက် အခူး ”

ဦးပီတာစကား ကို လွန်းရှိန် ဆက် မကြားတော့ပါ ။ ဦးကြီးကျော် သည် လွန်းရှိန် တို့ ဆေးသုတ်သမားအဖွဲ့ တွင် ဝါရင့် အကျွမ်းကျင်ဆုံး ၊ နောက်ပြီး အားအကိုးရဆုံး သူ ဖြစ်သည် ။ စစ်ကိုင်း တံတား ၊ စစ်တောင်း တံတား ၊ ဂုတ်ထိပ် တံတား ဆေးသုတ် အတွေ့အကြုံတွေ က လည်း မနည်းတော့ ။ ခြေ တစ်ဖဝါးစာ တံတားတန်းလေး ကို တစ်ဖက် မှ ဆေး သုတ်ပြီး ဘေး မှာ တန်း မပါ ဘာ မပါ လက်ကိုင် မရှိဘဲ ဟန်ချက် ညီညီ နှင့် နောက်ပြန် ဆေးသုတ် ပြသွားပုံလေးများ ဒီနေ့ အထိ လွန်းရှိန် မျက်စိ ထဲက  မထွက်သေး ။

ဂုတ်ထိပ် တံတား တွင် ဂုတ်ထိပ်ချောင်း နှင့် တည့်တည့် နံပါတ် ဆယ့်တစ် တိုင် သည် အမြင့် တကာ အမြင့်ဆုံး ဖြစ်သည် ။ ထို တိုင် သုတ်ရ လျှင် ဦးကြီးကျော် ဘယ်သူ့ မှ မခိုင်း ။ ဘယ်သူ့ မှ လည်း စိတ် မချ ။ သူ ကိုယ်တိုင် သုတ်ရမှ ကျေနပ် သူ ဖြစ်သည် ။ ထို့ကြောင့်လည်း ဦးပီတာကြီး က ဦးကြီးကျော် ကို လက် မလွှတ်ခြင်း ဖြစ်သည် ။ ဪ အခုတော့ ဦးကြီးကျော် ဆုံးရှာပြီ တဲ့ ။ ဒီလောက် မြင့်လှတဲ့ တံတားကြီး ကို ဆေး တက် သုတ် တုန်း က ဘာမှ မဖြစ်ပါ ဘဲ မန်ကျည်းပင် တက်ခါ မှ ။ လွန်းရှိန် ဆက် မတွေးချင်တော့ ။

   •••••   •••••   •••••

“ ဒီအလုပ် ကို မလုပ်ပါနဲ့ ဆိုတာကို လုပ်ချင်ဦးဟဲ့ ၊ ကဲ လုပ်ချင်ဦး ”

“ အလဲ့ လဲ့ နာတယ် ။ တကယ် နာတယ်ဗျ ”

“ နာမှာပေါ့ တကယ် လုပ်တဲ့ ဟာကို ။ဘယ်လို လူမှန်း မသိ ပြောမရ ဆိုမရ နဲ့ ”

ဒီ တစ်ပတ် အလုပ် ပိတ်ရက် ရွာ မရောက်တာ လည်း ကြာ ၊ နောက်ပြီး ဝိုင်းစိန်မ ကို လည်း တွေ့ ချင်တာနဲ့ ငါးမိုင် ခရီး ကို မညည်းမညူ လျှောက်ဖြစ် ခဲ့ ပြန်သည် ။

လွန်းရှိန်တို့ မူလတန်းကျောင်းသား ဘဝ ညန်တော မူလတန်းကျောင်း မှာ စာ သင်ခဲ့စဉ် က ကလေး ဘဝ ကို  ပြန် အမှတ်ရ နေ မိသည် ။ အဲဒီတုန်း က ကျောင်းအုပ်ဆရာကြီး က ဦးဘကျော် ။ စာ မကြိုးစားတဲ့ သူ ဆို အရိုက် က လည်း ကြမ်း သလား မမေးနဲ့ ။

“ ဟိုး နောက်ဆုံးတန်း က စာ မရတဲ့ ကောင်တွေ ထစမ်း ။ နောက် တစ်ခါ စာမေးပွဲ ကျရင် မင်း တို့ ကို ဂုတ်ထိပ်တံတားကြီး ဆေးသုတ် ခိုင်းမယ် ကြားလား ”

ထိုစဉ် က နောက်ဆုံးတန်း မှ လူများ ထဲ တွင် လွန်းရှိန် လည်း အပါ အဝင် ဖြစ်ခဲ့သည် ။ အောင်မလေး တကယ် မလုပ်ရသေးဘူး ၊ တွေးရုံ နှင့် ပင် ကြောက်စရာ ကောင်းလှတဲ့ အလုပ်ကြီး ။ အခုတော့ လွန်းရှိန် ကိုယ်တိုင် ဆေးသုတ်သမား ဘဝ ရောက် နေပါပြီ ။

ရွာ အလာ လမ်း တုန်း က တော့ ဒီ အကြောင်းတွေ ဝိုင်းစိန်မ ကို ပြောလို့ မဖြစ်ပါဘူးလေ ဟု စဉ်းတော့ အစဉ်းစားမိသား ။ ဒါပေမယ့် ဝိုင်းစိန်မ နှင့် လည်း တွေ့ ရော သတိထား ခဲ့တာတွေ အကုန် ပျောက် ၊ စကား ကို ခြေဦး တည့်ရာ ပြောရင်း ဦးကြီးကျော် ဆုံးတဲ့ အကြောင်း ရောက် သွားတော့ ဝိုင်းစိန်မ ၏ လက်သီးဆုပ်များ က သူ့ ကျော ပေါ် တဗုန်းဗုန်း ကျ လာခဲ့သည် ။

“ အလား လား တကယ် နာတာ ဟ မိဝို င်း ရ ။ ငါ နင့် စကား နား ထောင်ပါ့မယ် ။ နောင် နှစ် တွေ ဆို မလုပ်တော့ပါဘူး ။ ဒီနှစ် တော့ လုပ်ခငွေ လည်း မရှင်းသေး ၊ အလုပ် က လည်း မပြတ်သေး တော့ ပြီးအောင် ဆက် လုပ် ပါရစေ ၊ နော် နော် ”

“ သူ့ ပြောလိုက်ရင် ဆင်ခြေ ဆင်လက် က အများသား ၊ ဟင်း ”

ဒါတောင် ဝိုင်းစိန်မ မျက်စောင်း က မလွတ် ။

ဝိုင်းစိန်မ ပြော လည်း ပြောစရာ ။ စိုးရိမ် လည်း စိုးရိမ်စရာ ပါပေ ။ ဘယ် မိဘ ၊ ဘယ် သမီးရည်းစား က ရော ကိုယ့် ချစ်သူ ကို ဒီ အလုပ်မျိုး ခိုင်းရက်ပါ့ မည်နည်း ။ ထမင်းလုတ် ကော ဘယ်လို လုပ် မျိုကျ ကြပါမည်နည်း ။

ဝိုင်းစိန်မ ပြော သလို ရွာ မှာ သူရင်းငှား အလုပ် က မရှား ။ တောင်ယာ ခုတ် ၊ ထယ်ထိုး ၊ ကြက်သွန်ခင်း ရေလောင်း ၊ ကြံကြိတ် အငှားလိုက် လုပ်စရာ တွေ ရှိသည် ။ ဒါပေမယ့် လုပ်ခ က တော့ နည်းသည် ။ တစ်နေကုန် တစ်နေ ခန်း မှာ မှ လုပ်ခ က အစိတ် သုံးဆယ် ။ ဒီတော့ ငွေများများ ရ ၊ ဝိုင်းစိန်မ နှင့် မြန်မြန် နီးအောင် လွန်းရှိန် စွန့်စားခဲ့ ခြင်း ဖြစ်သည် ။

အစ က တော့ ဒီ တစ်နှစ် ပါ ဆို သော်လည်း ဒီလို နှင့် ပင် အမူး ပြေတော့ ထန်းပင်  ဘက် ကို လှည့်ခဲ့ စမြဲ ဖြစ်သည် ။ ဝိုင်းစိန်မ က ဆူမြဲ ၊ လွန်းရှိန် က လည်း ချော့ရစမြဲ ဖြစ်သည် ။ ဆေးသုတ် နေတုန်း ခြေချော် ၊ လက်ချော် ၊ ဆေးပုံး လွတ် ကျ  ၊ လေထဲ မှာ တန်းလန်း ဖြစ် နေတာတွေ ဝိုင်းစိန်မ များ မြင် လျှင်တော့ ဘယ်လို နေရှာမည် မသိ ။

“ လွန်းရှိန် ၊ မင်း အတွက် မင်္ဂလာစရိတ် ရချင်လို့ ကတော့ မောင် ဒီ တံတားကြီး တစ်ခု တည်း မှာ အလုပ် ဆင်းရုံ နဲ့ မလုံလောက်ဘူး  ကွ ။ စစ်ကိုင်း တံတား တို့ စစ်တောင်း တံတား တို့ ဘက်ပါ ငါ နဲ့ လိုက်ခဲ့ ။ ငါ ကတော့ မင့် သတ္တိ ကို သဘောကျတယ် မောင် ”

ဝါရင့် ဆေးသုတ်သမား ဦးဘအေး က လည်း ခေါ်နေ ပြန်သည် ။ သူ့ အင်္ကျီ ဘောင်းဘီများ မှာ ငွေမင်တွေ အစွန်းစွန်း အပေပေ နှင့် ။ သူ့ လက်တွေ ခြေတွေ မှာ လည်း ငွေမင်တွေ နှင့် ဖွေး လို့ နေ၏ ။ ဘာ ထူးလို့လဲ ။ လွန်းရှိန် ကိုယ် မှာ လည်း ငွေမင်တွေ နှင့် ချည်းပဲ ဟာ ကို  ။ အစ က တော့ “ ကဲ ” သေးသည် ။ ဆေး သုတ်ပြီး ပြန် အလာ ငွေမင်တွေ ကို ရေနံဆီ နှင့် အသေအချာ ပွတ်ဆေး နေ သေးသည် ။ ထမင်း အတော် နှင့် မစား ။ ခြေကြား လက်ကြား မကျန် ပေါ့ ။ လူပျို ဆို တော့ ဆေးတွေ အစွန်းစွန်း နှင့် အပျိုတွေ မြင် မှာ ရှက်ရ သေးသည် ။ အို နောက်တော့ လွန်းရှိန် လည်း ဦးဘအေး တို့ အစား ထဲ က မျိုး ဖြစ်သွား တော့သည် ။

ဆေးသုတ်ခလေး တစ်နှစ် ရလိုက် ။ မျိုးဖိုး ၊ ထွန်ထယ်ခလေး ရှင်း လိုက် ။ အိမ်ကလေး သက်ငယ် မိုး လိုက် ၊ အမေ့ ကို ဆေး ကု လိုက် နှင့် ပင် စုမိ တယ် ၊ တယ် မရှိ ။

“ ဒီ တံတားကြီး ကို ဆောက်ခဲ့ တာ အာမခံနှစ် ကုန် နေပြီတဲ့ တော့ ။ ဆေးသက် ကြောင့် သာ ဒီ တံတားကြီး ဒီလောက် ထိ ခံနေတာတဲ့ ”

မီးရထားကြီး စီးပြီး ခရီးသွား သူ တွေရဲ့ ဝေဖန်သံတွေ ၊ ဆွေးနွေးသံ တွေ ကို လွန်းရှိန် ကြားဖူး ပါသည် ။ တံတားကြီး က ဆေးသက် ကြောင့် အသက် ရှည် သတဲ့ ။ ဘာ ထူးလို့လဲ ။ လွန်းရှိန် တို့ လို ဆေးသုတ်သမားတွေ ရဲ့ ဘဝ က လည်း ပဲ ။

( ရေးဖော် - ညိုဦးလွင် သို့ အမှတ်တရ )

◾ မောင်သင်းထုံ ( ကျောက်မဲ )

📖 မဟေသီ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၉၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment