Friday, January 10, 2025

ဝါရှင်တန်ဒီစီ

 

❝ ဝါရှင်တန်ဒီစီ ❞   
  ( မောင်ညိုပြာ )

“ ဖေဖေ သူ့ နာမည် မေကလျာ လို့ ခေါ်တယ် ။ သမီး သူငယ်ချင်း ပေါ့ ။ ဒီ အထက မှာ ပဲ ကျောင်းတက် တယ် ။ သူတို့ သားအမိ ကမာရွတ် မှာ နေကြတယ် ”

“ ဪ ... ဪ ... ဪ ”

ကျွန်တော့် သမီး အကြီးမ သည် အိမ် အလည်အပတ် ရောက်လာသော သူ့ သူငယ်ချင်းများ နှင့် မိတ် ဆက် ပေးတတ်သည် ။ မိတ်မဆက် ပေးသည့် အခါများလည်း ရှိပါသည် ။ မိတ်မဆက် ပေးသည့် အခါ များတွင် သူတို့တတွေ လွတ်လွတ်လပ်လပ် နေနိုင် ရန် မမြင်ချင်ယောင် ဆောင်ရသည် ။ ဒီ ကြားထဲ ပက် ပင်းတိုး မျက်နှာချင်း ဆိုင်မိလျှင် ပြုံး ပြ ရသည် ။ ခေါင်းညိတ် ပြ ရသည် ။ ဒီလို ခေါင်းညိတ် ပြသည့် အဓိပ္ပာယ် ကို ကျွန်တော် သေသေချာချာ မသိပါ ။ ရာထူး ကြီးသူ က ရာထူး ငယ်သူ ကို ၊ သူဌေး က ဆင်းရဲသား ကို ၊ ဆရာ က တပည့် ကို ၊ အုပ်ထိန်းသူ က အအုပ်ထိန်းခံ ၏ သူငယ်ချင်းများ ကို ဒီလိုပဲ ခေါင်းညိတ် ပြ နေသည်ကို ကျွန်တော် တွေ့တွေ့ နေရသောကြောင့် ကျွန်တော် အတုခိုးပြီး လိုက်လုပ်ပါသည် ။ အသိအမှတ် ပြုသည့် သဘောလား တော့ မသိပါ ။ သို့သော်လည်း ဆင်းရဲသား က သူဌေး ကို ဒီလို လုပ်၍ မရ သလို ၊ တပည့် က လည်း ဆရာ့ ကို ခေါင်းညိတ် ပြတာ မျိုး မတွေ့ဖူးပါ ။ အကယ်၍ အလုပ်သမလေး က သူဌေး ကို ခေါင်းညိတ် ပြပြီး မလေးမစား ဆက်ဆံ လျှင်တော့ သူတို့ ကြား မှာ ဝှက်ဖဲ တစ်ချပ် တော့ ရှိ လိမ့်မည် ။

သမီးအကြီးမ က တစ်ခါတလေ သူ့ သူငယ် ချင်းများ နှင့် မိတ်ဆက် မပေးသည့် အခါများတွင် ၊ သူတို့တွေ လွတ်လွတ်လပ်လပ် နေနိုင်ရန် မမြင်ချင် ယောင် ဆောင်ရသည် ။

ယခု မေကလျာ နှင့် မိတ်ဆက် ပေးနေသည် ။ မေကလျာ နှင့် မိတ်ဆက် မပေးမီ မှာပင် သမီး နှင့် တွဲ သွားတွဲလာ ၊ တစ်ခါနှစ်ခါ လောက်တော့ တွေ့ ဖူးပြီးသား လိုလို ထင်နေမိသည် ။ သို့သော် မသေချာ ။ ကျွန်တော်တို့ ခဝဲခြံ ရပ်ကွက် ထဲမှာ မေကလျာ တို့လို ပုံစံမျိုးတွေ အများကြီး ။ နောက်ပိုင်း ကျွန်တော် နှစ်ထပ်အိမ် ဆောက်လိုက် သဖြင့် ကျွန်တော် က အပေါ် ထပ် မှာ နေပါသည် ။ ဒီတော့ အကြောင်းအရာ တစ်ခု ခု သက်သေ ထူချင်လျှင် “ တစ်ထပ်အိမ် တဲကလေးတုန်း ကလေ ” လို့ ပြောသံ ကြားရသည် ။ ကျွန်တော် အပေါ်ထပ် မှာ နေသော နောက်ပိုင်းတွင် သမီး ၏ သူ ငယ်ချင်းများနှင့် အတွေ့ အဆုံ နည်းသွားတော့ သည် ။

“ စာ ကြိုးစားနော် မေကလျာ ”

ဒီလောက်ပဲ ပြောပြီး ကျွန်တော် ဖတ်လက်စ စာအုပ် ကို ဆက် ဖတ်နေမိသည် ။ မိမိတို့ သားသမီး ၏ သူငယ်ချင်းများ ကို လေးလေးစားစား နှင့် ပြုံးပြုံး ရွှင်ရွှင် လှိုက်လှိုက် လှဲလှဲ စကား ပြောသင့်သည် ။ သို့ဖြင့် သူတို့ကလေးတွေ ဦးနှောက်ကြည်လင် ရွှင်ပျ ရေးတွင် အထောက်အကူ ပြုနိုင်သည် ။ များပြားရှုပ် ထွေးသော ကျောင်းစာများ နှင့် ဘဝ အခက်အခဲများ ကြောင့် လေးလံနေသော ဦးနှောက်များ ကို စာနာ ကြောင်း ပြသရာ ရောက်ပေလိမ့်မည် ။ ကလေးတွေ ဦးနှောက် က နုနယ်သည် ။ ကြောက်စရာ ရှိလျှင် လည်း လူကြီးများ ထက် ပို ကြောက်တတ်သည် ။ မုန်း စရာ ရှိလျှင်လည်း ပို မုန်းတတ်သည် ။ တစ္ဆေ ၊ သရဲ ကို လည်း အရမ်း ယုံသည် ။

“ သူတို့ ဖေဖေ က ဘယ်လိုမှန်း မသိဘူး ။ ဟက်ဟက်ပက်ပက် မရှိဘူး ။ ဆက်ဆံရေး မကောင်း ဘူး ။ ဘယ်လို လူကြီး လည်း မသိဘူး ” ဟု အပြော ခံရမည် ။

ကလေးတွေ ဆိုတာ မျက်စိ နောက်တတ်သည် ။ သူတို့ စိတ်နှင့် မတွေ့လျှင် ဟန်ဆောင် နေကြမည် မဟုတ် ။ ပိုပြီး စိတ်ထဲ မတွေ့သည့် အခါများတွင် “ ဘဝင်ကြီး ” ဟု ကင်ပွန်းတပ် လိုက်လေမည် ။

“ ဟို ကောင်မလေး ရဲ့ ဖေဖေ က သိပ် စိတ်နေသဘောထား ပြည့်ဝတာ ။ ပုတီးသမား ၊ သူတော် ကောင်းကြီး ”  စသည်ဖြင့် ကျွန်တော့် သမီးတွေ ကိုယ်တိုင် ၊ သူတစ်ပါး ၏ ဖေဖေများ အကြောင်း ဖောက်သည် ချတတ်သေးသည် ။ များသောအားဖြင့် ကျောင်း သူ ကျောင်းသားကလေးများမှာ သူတို့ သူငယ်ချင်း များ ၏ မေမေများ နှင့်သာ ရင်းနှီးကြ၏ ။

“ ဦးလေး ပြန်လိုက်ပါဦးမယ် ”

“ အေးကွယ် ဦးလေး လည်း သမီးတို့ နဲ့ အေးအေးဆေးဆေး စကား မပြောလိုက်ရဘူး ” 

“ ရပါတယ် ဦးလေး ”

“ ရပါတယ် ဦးလေး ”  တစ်နေ့တစ်နေ့ “ ပြန်လိုက်ပါဦးမယ် ဦးလေး ” လို့ နှုတ်ဆက်သံများ မှာ နားယဉ် နေပေမယ့် ရောက်ရှိ နေသော အရွယ် ကို သတိပေး လိုက်သလို ခံစားရသည် ။ သားသမီးတွေ အထက်တန်း ကျောင်းသူ ၊ ကျောင်းသား အရွယ် မှာ ၊ သူတို့ သူငယ်ချင်းတွေ ပြန်လျှင် “ ပြန်လိုက်ပါဦး မယ် ဦးလေး ” လို့ နှုတ်ဆက်ကြမည် ။ မြေးများ အထက ရောက်၍ သူတို့ သူငယ်ချင်းတွေ က “ ပြန် လိုက်ပါဦးမယ် အဘ ”  “ ပြန်လိုက်ပါဦးမယ် အဘိုး ”  လို့ နှုတ်ဆက်ကြဦးမည် ။ တချို့များ ထိုသို့ မည်သည့် အခါမျှ အခေါ် မခံကြရ ။ ထို အရွယ် မတိုင်မီ သေဆုံး သွားခဲ့ကြသည် ။

မေကလျာ ပြန်သွားတော့ သမီး အကြီးမ ကျွန်တော့် နား လာ ရပ်သည် ။ သူ့ ကို ကြည့်ရသည် မှာ မေကလျာ နှင့် ပတ်သက်ပြီး ပြောစရာ ကျန်နေသေးပုံ ရ၏ ။

“ ကလျာလေး ဟာ သိပ် သနားစရာ ကောင်း တာ ။ သူ့ အဖေ ကို သူ မမြင်ဖူးဘူး ။ သူ့ အဖေ က လည်း သူ့ ကို မမြင်ဖူးဘူး ”

“ ဟေ့ သူ့ အဖေ ရှိသေးလား ”

“ ရှိတယ် ။ အမေရိကန် မှာ ။ ဝါရှင်တန်ဒီစီ မှာ ” 

“ အမေရိကန် မှာ ဟုတ်လား ”

“ ဟုတ်တယ် ။ သူ့ အဖေနဲ့ သူ့ အမေ အိမ်ထောင် ကျပြီး သိပ် မကြာဘူး ။ သူ့ အဖေ အမေရိကန် ကို သွားရတယ် ။ လူပျိုဘဝ ကတည်း က လျှောက်ထားတဲ့ အလုပ် တစ်ခု အတွက် အဲဒီအချိန် ကျမှ ဟိုက ခေါ်တာလေ ။ သူ့ အဖေ က သူ့ အမေ ကို ခေါ်တယ် ။ ဟိုတုန်းက ခေါ်တာကို ပြောတာ ” 

“ သူ့ အမေ မလိုက်ဘူးလား ”

“ ဟုတ်တယ် ။ သူ့ အမေ က သူ့ မိဘ နဲ့ မခွဲနိုင်ဘူး ဆိုပြီး လိုက် မသွားဘူး ”

“ ဟိုလူကြီး က ပြန်ကို မလာတော့တာလား ။ စာလေး ဘာလေးရော မထည့်ဘူးလား ”

“ စောစောပိုင်း ကတော့ တစ်စောင် နှစ်စောင် ထည့်သေးတယ် ။ နောက်ပိုင်း ကျတော့ အဆက်အ သွယ် ကို မလုပ်တော့တာ ။ သူ ပေးထားတဲ့ လိပ်စာ နဲ့ စာ ထည့်တော့ လည်း စာ မပြန်ဘူး ။ တခြား မြို့ကို ပြောင်းသွားပြီ လို့လည်း ကြားတယ် ။ သူ့ မိန်းမ မှာ ကိုယ်ဝန် ရှိနေပြီ ဆိုတာ အဲဒီ လူကြီး သိမသွားဘူး ”

မေကလျာ အကြောင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည် ။ သို့သော် စွဲမက်စရာ ထိုဇာတ် လမ်းမျိုး က လူတွေ ၏ ရှေ့နောက် မစဉ်းစားတတ် သော ၊ အကြင်နာ ကင်းမဲ့သော ၊ သီးခြားဆန်သည့် စရိုက်များ ကြောင့် ကမ္ဘာတစ်ဝန်း မှာ ငိုသံများ လွှမ်း နေခြင်းပဲ ဖြစ်သည် ။

သန်းပေါင်း များစွာသော လူတွေ ထဲမှာ ထို စရိုက်မျိုး သည် သန်း နှင့် ချီပြီး တည်ရှိတတ်ပြီး ဇာတ် လမ်းတွေ က သန်းနှင့် ချီပြီး တူ နေတတ်သည် ။ အခြေခံ ကျောရိုး တူနေတတ်သော်လည်း ဖြေရှင်းပုံ ဖြေရှင်းနည်း ၊ မြင်ပုံ မြင်နည်း ဒုတိယမျိုးဆက် ဇာတ်ကောင်များ ၊ ဥပဓိရုပ်များ ၊ သူတို့ ၏ စိတ်နေစိတ်ထား ၊ သူတို့ အကြောင်း ကို တာဝန်ယူ ပြောပြနေသူ၏ တာဝန် ကျေမှု ၊ တင်ပြပုံ အတတ်ပညာ စသည်တို့မှာ ကွဲပြား ခြားနားစွာ သရုပ်ဖော် နေကြသည် ။ ထို့ကြောင့် သူ ငယ်ချင်း စာရေးဆရာ တစ်ယောက် ပြောပြသော “ ဝတ္ထု တစ်ပုဒ် ရေးတော့မယ် ဆိုရင် အခက်အခဲ က တော့ မတူအောင် မထပ်အောင် ၊ ခိုးချတယ် လို့ အပြော မခံရအောင် ” ဆိုသော အဆိုအမိန့် မှာ မိမိ အတွက် ဘာမှ အသုံးမဝင် ၊ ပေါ့ဆသော လူ တစ်ယောက် ကြောင့် ဖြစ်ပေါ်ခဲ့ရသော မေကလျာ ၏ သနားစရာ ဇာတ်လမ်း ကို ကျွန်တော် စိတ်ဝင်စားသည့် အတွက် ဆက်လက် မေးမြန်း စုံစမ်းခဲ့သည် ။

မေကလျာလေး အူကြောင်ကြောင် နှင့် ကမ္ဘာ ပေါ် ရောက်လာခဲ့ပြီ ။ မေကလျာလေး အသက် ၂ နှစ်ခွဲ မှာ ပျောက်နေသော သူ့ ဖခင်ကို အရင်ဆုံး မေး မြန်းခဲ့သည် ။ ထို မေးခွန်း ကို မေကလျာ အမေ ပင် ဖြေစရာ မလိုဘဲ ပတ်ဝန်းကျင် က ဖြေပေးခဲ့သည် ။ ပတ်ဝန်းကျင် က မေကလျာ မိဘ နှစ်ယောက် ၏ ဇာတ် လမ်း ကို သိနေကြသဖြင့် မေကလျာတို့ သားအမိ မှာ အရှက် မကွဲခဲ့ ။ အိမ်နီးနားချင်းများ က သူတို့ ကို အသနား ပိုခဲ့ကြ၏ ။

မေကဗျာ့ အမေသည် မေကလျာလေး မျက်နှာ မငယ်အောင် အများနည်းတူ ဝတ်စားနိုင် ၊ ကျောင်း နေနိုင်အောင် နည်းမျိုးစုံဖြင့် ရုန်းကန် ကြိုးစားခဲ့သည် ။ လင်ကောင် မပေါ်သော မိန်းမ တစ်ယောက် အဖြစ်ထက် လင်ပစ်မ တစ်ယောက် အဖြစ် မေကဗျာ အမေ ကြိုးစားတီထွင် ယူရသည် ။ ထို အနေအထားမျိုး ကို သိရှိသူများ ကလည်း အခိုင်အမာ ထောက်ခံကြ သဖြင့် ပတ်ဝန်းကျင် ၏ မျက်စောင်း ထိုးခြင်း မှ ငါးပုံလေးပုံ မက သက်သာ သွားခဲ့သည် ။

မေကလျာလေး သည် အဖေ မပေါ်သည့် အဖြစ်မျိုး မေးငေါ့ မခံရသော်လည်း အဖေ သည် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိထား သဖြင့် အဖေ့ ကို စိတ်နာမှုသည် မေးငေါ့ ခံရသလောက် ပမာဏနှင့် အညီအမျှ ခံစားရသည် ။

အမေရိကန် ဝါရှင်တန်ဒီစီ ကို ဓာတ်ပုံ ထဲ တွင် မြင်ဖူးသဖြင့် သူ့ အဖေ ကို တိုက်ကြီးတွေ ကြား ထဲ လျှောက်သွား နေသည် ကို ဖြည့်စွက် မြင်ယောင် လာသည် ။ အမေရိကန် ပြည်ထောင်စုအကြောင်း ပြောလျှင် အမေရိကန် လူမျိုး တစ်ယောက် ယောက် ကို တွေ့ လျှင် ၊ လော့စ်အိန်ဂျယ် ၊ ပင်ဆေဗေးနီးယား ၊ မစ္စစ္စပီမြစ် စသည့် ဝေါဟာရများ ကို တွေ့လျှင် ဖေဖေ့ ကို သတိရသည် ။

“ မေမေ သူ ဟာ ဘယ်လို လူလဲ ။ ရက်စက် တတ်တဲ့ လူလား ၊ သူ့ ရုပ် က ဘယ်သူ နှင့် တူသလဲ ။ သူ့ ဓာတ်ပုံ ကော ရှာ မတွေ့သေးဘူးလား ”

“ မျက်လုံးတို့ ၊ နှာတံတို့ ကတော့ သမီးနဲ့ တူတယ် ။ အသားအရေ က သမီး ထက်တောင် ဝင်းသေး တယ် ။ သူ ဟာ လူချော တစ်ယောက် ပဲ ။ ဓာတ်ပုံ မရှိ တော့ဘူး ”

“ သမီး ဖေဖေ့ ကို သိပ် တွေ့ချင်တယ် ။ သမီး ကို ပစ်ထားလို့ သမီး ခံစားနေရ သမျှတွေ တဝကြီး ရန်တွေ့ ပစ်လိုက်ချင်တယ် ။ ငိုချလိုက်ချင်တယ် ။ ဖေဖေ့ မှာ နှလုံးသားမှ ရှိရဲ့လားလို့ ငိုငိုပြီး အော် ပြောလိုက်ချင်တယ် ”

တစ်နေရာစီ ထိုင်နေသော သားအမိ နှစ်ယောက် အတူတကွ ညီတူညီမျှ ခံစားကြရသည် ။ လက်သည် တရားခံကြီး ၏ လက်ချက်ကြောင့် ကျခဲ့ ရသော မျက်ရည် အကြိမ်များစွာ ထဲတွင် တစ်ကြိမ် ထပ်တိုးခဲ့ရသည် ။

“ သူ့ မှာ သမီး တစ်ယောက် ရှိတယ် ဆိုတာ သူ မသိဘူးလေ ။ ဒီတော့ သမီး ကို ရက်စက်တယ်လို့ မပြောနိုင်ပါဘူး ။ ဘယ် မိဘ မဆို ရင်သွေး ဆိုရင် မရက်စက်နိုင်ကြဘူး ။ သူတို့ နဲ့ သွေးသား မတော်တဲ့ ၊ လင်ယောက်ျားတို့ ၊ ဇနီးမယားတို့ ကို သာ ရက်စက် နိုင်ကြတာ ။ မေမေ ဆိုရင် သမီး ၈ တန်း ရောက် အောင် ရရာ အလုပ် နည်းမျိုးစုံနဲ့ ရှာဖွေကျွေးမွေးပြီး ကျောင်းထား ခဲ့ရတာ ။ နောက်ပြီး ရှိသေးတယ် ။ သူ နဲ့ ၈ လ ပဲ ပေါင်းလိုက်ရတာ ။ ခုဆို ၁၉ နှစ် ကျော်ပြီ ။ ဘယ်သူ မပြု မိမိမှု တဲ့ ။ ကိုယ် နှစ်သက်လို့ ကိုယ် ယူ ခဲ့တာ ။ မေမေ့ ဘဝမှာ အရွယ် ကောင်းတုန်း အဖော် လာ စပ်ကြသေးတယ် ။ သူ တစ်နေ့ ပြန်လာမလားလို့ မျှော်ခဲ့ရတာပါ ။ ကိုယ့် ချစ်သူ နဲ့ ၈ လ ပဲ ပေါင်းသင်း ပြီးတော့ နောင် သေဆုံးတဲ့ အထိ မေမေ ဒီအတိုင်း နေသွားရတော့မှာပါ ။ အခု မေမေ အသက် ၅၀ ကျော်ပြီ ။ သမီး တစ်ယောက် အပေါ်မှာ မေမေ တာဝန် ကျေခဲ့တယ် လို့လည်း ပြောလို့ရတယ် ။ ဆင်းဆင်းရဲရဲ နေထိုင် စားသောက်ရလို့ မေမေ တာဝန်မကျေဘူး လို့လည်း ပြောလို့ရတယ် ။ မေမေ သမီး ကို ကတိ တစ်ခုတော့ ပေးနိုင်တယ် ။ အဲဒါကတော့ သမီး မှာ ဘယ်တော့မှ ပထွေး မရှိစေရဘူး ”

“ တစ်ခါတုန်းက မေမေ ပြောတော့ သူ သေသွားပြီ လို့ ကြားတယ် ဆို ”

“ အေး အဲဒီလို ကြားတာပဲ ။ ရုပ်ရှင်တွေ ထဲ မှာလို စိတ်နာပြီးပြောတာမျိုး မဟုတ်ဘူး ။ တကယ် ကြားလို့ ပြောတာပါ ”

မေကလျာ သည် သူ့ မေမေ နား သို့ အသား ချင်း ကပ်သည် အထိ တိုး ထိုင်လိုက်ပြီး “ တော်ပါ တော့ မေမေ ရယ် ၊ ဒါကတော့ သူ့ ဘက်က လွှင့်လိုက် တဲ့ သတင်း ကော မဖြစ်နိုင်ဘူးလား ” လို့ စိတ်ဆိုး မာန်ဆိုး နှင့် ပြောထည့်လိုက်သည် ။ မေကလျာ၏ နာမည် အပြည့်အစုံ မှာ မေကလျာမောင် ဖြစ်သည် ။

သူ့ ဖခင် နာမည် ဦးတင်မောင် မှ မောင် ကို ယူထား ခြင်း ဖြစ်သည် ။ မေကလျာ ၈ တန်း ရောက်စ နှစ်တွင် “ မောင် ” ကို ဖြုတ်ပစ်ခဲ့သည် ။

“ သမီး နာမည် ရဲ့နောက်မှာ ဖေဖေ့ နာမည် ကို မထည့်ချင်ဘူး ။ ထည့်ချင်စရာ လည်း မကောင်းဘူး ။ မေမေ့ ဘာသာ မေမေ လွမ်းရင် မေမေ့ နာမည် နောက် မှာ ထည့် ” ဆိုပြီး ဖြုတ်ပစ် ခဲ့သည် ။

“ သမီး ပြောမယ့်သာ ပြော နေတာပါ ။ အမှန် ဆိုရင် သမီး ဖေဖေ့ ကို ဘယ်တော့မှ မတွေ့လိုက်ဘဲ နဲ့ ဒီ ကမ္ဘာပေါ် ကနေ ပျောက်ဆုံး သွားချင်တယ် ။ ဒီ တော့မှ သူ ဘယ်တော့မှ မတွေ့ ဖူးလိုက်ဘဲ သေဆုံး သွားခဲ့တဲ့ သမီး အတွက် သူ ပြန် ခံစားရမှာပါ ” 

“ ဒီလိုမျိုး မပြောပါနဲ့လို့ အမေ ခဏခဏ ပြောထားရက်သားနဲ့ “

သူတို့ တစ်ကြိမ် မျက်ရည် ကျပြန်သည် ။

“ သမီး နဲ့ မေမေ မျက်ရည် ကျနေချိန်မှာ သူ ဟိုမှာ နောက် မိန်းမတွေ နဲ့ ပျော် ချင် ပျော် နေမှာပါ ” 

မေကလျာ က သူ့ အဖေ ကို စိတ်နာမှု မှာ အခံ ကောင်းသည် ထက် အားကောင်း လာသည် ။

“ ရုပ် က ချောတယ် ဆိုပေမယ့် မျက်လုံးတွေ က ရက်စက်နေကြမှာပါ မေမေ ”

မိခင် တစ်ယောက် အနေနှင့် ဖခင် တစ် ယောက် အပေါ်မှာ သားသမီး တစ်ယောက် က ခုလို မပြောရန် မေကလျာ ကို မတားမြစ်သည့် အခါလည်း ရှိသည် ။ သူ့ တွင် တားမြစ်ရန် ခွန်အား သိပ် မရှိပါ ။ လက်ပိုက် ကြည့်နေရန် ဟို တစ်ဖက်သား ၏ အခြေအနေ မှာ လည်း လုံလောက် နေပေပြီ ။

ထိုသို့ ဆန့်ကျင် ပြောဆို လာသောအခါများ ၌ မေကလျာ သည် မိခင် အပါအဝင် တစ်ကမ္ဘာလုံး ကို ပင် ဂရု မထားသည့် ပုံစံ ပေါက်နေသည် ။

မေကလျာ ဆယ်တန်း ရောက်သည့် နှစ်တွင် မေကလျာ ၏ မိခင် သည် အခက်အခဲ များစွာ ရင်ဆိုင် ရ၏ ။ တစ်ခါတစ်ရံ များပြားလှသော အခက်အခဲ များကို ရင်ဆိုင်ရ တိုင်း အမေရိကန် ရောက် ယောက်ျား ကို သတိရ ကာ ဒေါသ ထွက်မိ၏ ။ တာဝန် မဲ့လွန်းသည် ။ မတရား အနိုင်ကျင့်သည် ဟု နာကျည်း လွန်း လျက် မျက်ရည် ကျမိပြန်သည် ။ မန္တလေး လောက် မှာ နေသည် ဆိုလျှင် သွားရောက် ရန်တွေ့ ပစ်လိုက်မည် ။ ယခုတော့ အမေရိကန်နိုင်ငံ မှာ ရောက် နေသော ယောက်ျား ကို စာလေး တစ်စောင် ဖြင့် ပင် လှမ်း ရန်မတွေ့ နိုင်ခဲ့ ။ လိပ်စာ လည်း မသိ ၊ ဝါရှင်တန်ဒီစီ ဆိုတာပဲ သိသည် ။

ဒေါ်ပိုးမြ အသက် ၃၀ အရွယ် မှာ အိမ်ထောင် ကျခဲ့သည် ။

အကယ်၍ သမီး တစ်ယောက် မရှိခဲ့ လျှင် သူ အိမ်ထောင် ပြုမိကောင်း ပြုမိမည် ။ သူ့ တွင် ကလေး တစ်ယောက် မရှိသော အခြေအနေမျိုး ဆိုလျှင် သူ့ အား လက်ထပ်ရန် ကမ်းလှမ်း လာသူတွေ ပို များနိုင်ပြီး တစ်ယောက် မဟုတ် တစ်ယောက် နှင့် ငြိနိုင်သေး
သည် ။ ယခုတော့ သမီး သည် သူ့ အတွက် အဖော် ကောင်း ဆိုလည်း ဟုတ်သည် ။ အနှောင့်အယှက် ဆို လည်း ဟုတ်တယ် ။

၁၉၉၄ ခုနှစ် တွင် ဒေါ်ပိုးမြ မျှော်လင့်ချက် တချို့နှင့် ကြုံကြိုက်ခဲ့သည် ။ သူ့ ယောက်ျား အမေရိကန်နိုင်ငံ တွင် အသက်ထင်ရှား ရှိနေသေးကြောင်း သတင်း အတိအကျ ရလိုက်သည် ။ သမီး ဆယ်တန်း အောင် သည် ။ သမီး တစ်ယောက် ရှိခဲ့ ကြောင်း သတင်း ရသည့် အချိန်တွင် သမီး အသက် အနှစ်နှစ် ဆယ်ခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသဖြင့် အံ့သြ ဝမ်း သာမိပါကြောင်း ၊ ဒေါ်ပိုးမြ ကို သူ မမေ့ကြောင်း ၊ သူတို့ တတွေ ပျော်ပျော်ရွှင်ရွှင် ပြန်လည် တွေ့ဆုံရန် မဝေးတော့ကြောင်း စသည်ဖြင့် သူ့ ယောက်ျား ကိုတင်မောင် ထံမှ စာ တစ်စောင် ရောက် လာသည် ။

စာ ထဲက အတိုင်း အမှန် ဆိုပါက သူ့ ယောက်ျား ရသည့် လခမှာ တစ်လ တစ်လ နည်းနည်း နောနော မဟုတ်ပေ ။ စာ ကို ဖတ်ပြီး မေကလျာ နှင့် ဒေါ်ပိုးမြ တို့ နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ဖက်ထား လိုက်ကြသည် ။ ည ၁၂ နာရီ ကျော်သည့် တိုင်အောင် မအိပ်ကြသေး ။ စာ ကို အလွတ် ရလုနီး ပါး ပြန် ဖတ်ကြသည် ။ ထို့နောက် မီးပိတ်ပြီး အိပ်ရာ ထဲမှာ အတွေး ကိုယ်စီ နှင့် ငြိမ် နေကြပြန်သည် ။ စိတ် လှုပ်ရှား နေကြ၏ ။ “ အမေ ” လို့ ခေါ်တိုင်း “ ဟင် ” လို့ ထူးသည် ။ နံနက် ၃ နာရီ ။

“ အမေ ” 

“ ဟင် ”

“ အမေ မအိပ်သေးဘူးလား ” 

“ နင် ကော ”

နောက် တစ်လ မရှိ တရှိ တွင် လူစိမ်း တစ်ယောက် ရောက်လာသည် ။ အမေရိကန်နိုင်ငံ မှ ဦးတင်မောင် က သူ့ သမီး မေကလျာ ကို ခေါ်ခိုင်း လိုက် သဖြင့် လာ ခေါ်ခြင်းဖြစ်၏ ။ ဒေါ်ပိုးမြ အတွက်လည်း အနွေးထည် နှင့် ငွေတွေ ပါလာသည် ။ ငွေ ဆယ်သိန်း တောင် ။

“ ဦးလေး အမေ ပါ တစ်ပါတည်း လိုက်လို့ မရသေးဘူးလား ”

“ နောက်တော့ ခေါ်မှာပေါ့ ။ နင့် ကို နင့် အဖေ က ဟိုမှာ ကျောင်းထား ပေးမှာ ။ ပြီးတော့ အလုပ် ရှာ ပေးမှာ ။ အဲဒီ အခါကျ နင့် အမေ ကို ခေါ်လိုက်ပေါ့ ။ ဦးလေး က သမီး အဖေ ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ ။ အမေရိကန် ဝါရှင်တန်ဒီစီ ကပါ ။ သူ လည်း ကိုယ်တိုင် လာပြီး နင့် အမေ နဲ့ တွေ့ဦးမယ်လို့ ပြောတယ် ” 

ဟို ဦးလေး က ရန်ကုန် မှာ သုံးလ လောက် ကြာဦးမည် ဆိုသည် ။ အဖေ နှင့် အမေရိကန် မှာ အလုပ် အတူတူ လုပ်တယ်လို့ ဆိုသည် ။

“ အဖေ မတရားဘူး ၊ အမေ နဲ့ သမီးကို ကိုယ် တိုင် လာခေါ်ဖို့ ကောင်းတယ် ။ ဖေဖေ က လာပြီး မေမေ နဲ့ တွေ့ဦးမယ်တဲ့ ။ ခုတော့ ဟိုမှာ အိမ်ထောင် ကျနေရင် မယားကြီး က မယားငယ် လို ဖြစ်နေပြီ ပေါ့ ။ မမိုက်ဘူး ”

ဒေါ်ပိုးမြ ငြိမ် မနေနိုင်တော့ ။

“ သမီး ကိုယ့် အဖေ ကို ဒီလို မပြောရဘူး ။ သံယောဇဉ် ရှိလို့ တာဝန် သိလို့ အခေါ် ခိုင်းလိုက်တာပေါ့ ။ ပေးလိုက်တဲ့ ငွေ တွေလည်း နည်းတာ မဟုတ်ဘူး ”

သည်လိုနှင့် မေကလျာ အမေရိကန် ကို သွားရတော့မည် ။

လေယာဉ်ပေါ် တက်သည့် နေ့က ဒေါ်ပိုးမြ မျက်ရည် အကျဆုံး နေ့ တစ်နေ့ ။

“ သမီး ဟို ရောက်တာ နဲ့ အမေ့ ကို ခေါ်ဖို့ စီစဉ်မယ်  ။ အမေ မငိုပါနဲ့နော် ”

သူ့ ဘဝ မှာ အနှစ် နှစ်ဆယ် တိုင်တိုင် အဖော် ကောင်း ဖြစ်ခဲ့သော သမီး မရှိတော့ ။ ဇာတ်မျောတုန်း က မျောနိုင်လွန်းခဲ့ ။ မြန်ပြန်တော့ လည်း ဇာတ်လမ်း တွေက လိုက် မမီအောင် စူးရှ ခါးသီးလွန်းသည် ။ အကောင်းမြင်ဝါဒ ဖြင့် ကြည့်တော့လည်း ဒီလိုပဲ ဖြစ်ရမှာပေါ့ ဟု ဒေါ်ပိုးမြ ကျိတ် ဖြေပစ်ရသည် ။ သူ ကိုယ် တိုင် ကမ္ဘာ့ အချမ်းသာဆုံး ၊ အတိုးတက်ဆုံး ၊ အလှပ ဆုံး ဝါရှင်တန်ဒီစီ ကို ရောက်ချင် ရောက်ဦးမည် မဟုတ်လား ။ ရက်နှစ်ဆယ် လောက် ကြာသောအခါ မေကလျာ ထံ မှ သူ့ မေမေ ထံ စာ တစ်စောင် ရောက် လာသည် ။ စာမျက်နှာ ၉ မျက်နှာ ပါရှိသည် ။ ဇာတ်ဝင်ခန်း ပါသော အပိုဒ် ကို သာ ဖော်ပြ လိုက်ပါသည် ။

“ အမေ အဖေ ဒီမှာ အိမ်ထောင် ကျ နေပြီ ။ မောင်လေး က သမီး ထက် ၂ နှစ် ငယ်တယ် ။ သူ နဲ့ သမီး ကျောင်း အတူ တက်ရတယ် ။ ညီမလေး က တော့ ၄ နှစ် ငယ်တယ် ။ သူ့ မိန်းမ ဟာ သိပ် သဝန်ကြောင် တယ် ။ ဒါကြောင့် အမေ အမေရိကန် ကို ဘယ်တော့ မှ လာလို့ မဖြစ်တော့ဘူး ။ သမီး အလုပ် ရရင် ပိုက်ဆံ တွေ ရမယ် ။ ပိုက်ဆံတွေ အများကြီး ရရင် ပြန်လာခဲ့ မယ် ။ သမီး နဲ့ အမေ တစ်ခုခု လုပ်ကိုင် စားသောက်ကြ တာပေါ့ ။ အမေ့ ကို သမီး နေ့တိုင်း သတိရတယ် ။ အမေ လည်း သမီး ကို သတိရ မျက်ရည် ကျနေမယ် ဆိုတာ သမီး ယုံပါတယ် ။ အမေရိကန် ဝါရှင်တန်ဒီစီ ဆိုတာ အရမ်း ခမ်းနားထည်ဝါ ပေမယ့် အမေ နဲ့ မတွေ့ ရတဲ့ အရပ် မှာ သမီး အတွက် တစ်ခုခု လိုနေ သလိုပါ ပဲ ။ အမေ့ မေတ္တာ မရှိတဲ့ အရပ် ဟာ သမီး အတွက် တော့ ဇနပုဒ် ပါပဲ အမေ ။ အဖေ ရှိတဲ့ ဝါရှင်တန်ဒီစီ ကို အမေ ရှိတဲ့ ရန်ကုန် လောက် မချစ်ဘူး ။ အဲဒါ မေမေ ယုံနော် ”

⎕ မောင်ညိုပြာ

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၂၀၁၁

.

No comments:

Post a Comment