Thursday, November 23, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁၀ )


 တတိယ အကြိမ် တွေ့ရှိပုံ က လည်း မည်သို့မှ မထူးဆန်းပါ ။ သို့သော် ထူးဆန်းသည် က ကျွန်တော် သူမ ခိုင်းသော အလုပ် ကို လုပ်မိခြင်း ဖြစ်ပါသည် ။ သူမ တွင် မည်သို့သော ညှို့ဓါတ် ရှိသည် ကို လည်း ကျွန်တော် မသိပါသည် ။ သို့သော် သူမ ကို မငြင်းဆန် နိုင်အောင် သူမ လုပ်ရပ် အားလုံး မှာ စိတ်ဝင်စား စရာများ နှင့် သာ ပြည့်စုံ နေပါသည် ။


ယခု ကဲ့သို့ သူမ ကြံစည် နေခြင်းသည် ကို လည်း ကောင်းသည် မကောင်းသည် ဟု မခွဲခြားနိုင်ပါ ။ သို့သော် မည်သည့် စံပေတံ မှ ထောက်တိုင်း ၍ မရနိုင် အောင် ထူးဆန်း နေသည် ကို တော့ တွေ့ရပါသည် ။


သူ့ ချစ်သူ က သူမ ကို အကြောင်းမဲ့ ဖြတ်သွား၍ လက်စားချေခြင်း လား ။ သူ့ ချစ်သူ က သူ့ကို စိတ် ပြန်လည် လာ အောင် ပြုလုပ် နေခြင်းလား ကျွန်တော် ကောင်းစွာ မသိပါ ။ သို့သော် သူမ ၏ လုပ်ကွက်များ သည် ဘာ နှင့် တူနေသည် ဆိုရသော် ။


ကောင်မလေး တစ်ယောက် က သူ့ ချစ်သူ ကောင်လေး ကို သူမ ၏ အလှဆုံး ဓါတ်ပုံ တစ်ပုံ ပေး လိုက်သည် ။ ထို ဓါတ်ပုံ ၏ နောက်ကျော တွင် သေသပ်လှပသော လက်ရေး ဖြင့် ဤသို့ ရေး ထားပါသည် ။


“ ကို ”


သတိရတိုင်း “ မ ” ဓါတ်ပုံလေး ကို ထုတ်ကြည့်ပေါ့ ... 

မ က တော့ ဓါတ်ပုံ ကြည့် နေစရာ မလိုဘူး ... 

ကို့ ပုံရိပ် က “ မ” စိတ် ထဲ မှာ အမြဲရှိတယ် ... 

ကို့ ကို အသည်းပေါက်မတတ် ချစ်တယ် ... 

ကို လည်း မေ့ ကို အသည်း ပေါက်မတတ် ချစ်နေမယ်လို့ 

ယုံကြည်တယ် ... ”


       အချစ်များစွာ နဲ့

       မေစန္ဒာတိုးညွှန့် ။


မှတ်ချက် ။ ကို နဲ့ မေ တကယ်လို့ မပေါင်းဖြစ်ခဲ့ရင် ဒီ ဓါတ်ပုံလေး ကို ပြန် ပေးပါနော် ... ဒီဓါတ်ပုံ က ဒီ တစ်ပုံ ထဲ ရှိလို့ပါ ...  ။


အဲဒီလို မျိုး ဖြစ်နေတယ် ။ ပြောတော့ အသည်း ပေါက်မတတ် ချစ် တယ်တဲ့ ။ ကွဲ သွားရင်တော့ ပေးထားတဲ့ ဓါတ်ပုံ ပြန် လိုချင်တယ် ။ ဘယ်လို ဆုံးဖြတ် ရမှာလဲ ။


ဘာပဲဖြစ်ဖြစ် သူမ သည် ကျွန်တော့ အတွက် တော့ စိတ်ဝင်စား စရာ ဓါတ်ပုံ တစ်ပုံ ဖြစ်နေသည် ။


ထိုသို့ဆိုလျှင် လူရွှင်တော်များ စကား လည်း သတိရပါ သေး၏ ။


ဆိုပါစို့ ...


“ သူ က မင်းသမီး ကို ကြိတ် ချစ်နေတယ် ”


“ သူ က လား ”


“ ဟုတ်တယ် အဲဒါကြောင့် မနက် က တောင် မျက်နှာ သစ်ရင်း နဲ့ မင်းသမီး နဲ့ ဆုံတော့ မင်းသမီး ဆီ ဓါတ်ပုံ တောင်း နေတာ ကြားလိုက်သေးတယ် ”


“ မင်းသမီး က ပေး လိုက်လား ” 


“ မပေးလိုက်ပါဘူး ” 


“ ဘာဖြစ်လို့တုံး ”


“ မင်းသမီး က ပြောတယ် ”


“ ဘာပြောတုံး ” 


“ အစ်ကိုရယ် တဲ့ ”


“ အင်း ”


“ ဓါတ်ပုံ ကို ဒီနေ့ တော့ မယူပါနဲ့ တဲ့ ” 


“ ဘာဖြစ်လို့တုန်း ”


“ သမီး က ဒီနေ့ ဓါတ်ချုပ် နေ လို့ ... မနက်ဖြန် ဝမ်းနှုတ်ဆေး စား ပြီး မှ ဓါတ်ပုံ ပေးပါ့မယ် တဲ့ ”


“ ဟာကွာ မင်း က လည်း ဘယ် ဓါတ်ပုံကြီး ဖြစ်သွားတာတုံး ဟ ” 


ဟုတ်ကဲ့ .. သူမ သည် ဓါတ်ပုံ တစ်ပုံ ဖြစ်သည် ။ ထို ဓါတ်ပုံ မှာ လူရွှင်တော် များ ပြောသည့်ဓါတ်ပုံ မဟုတ်ပါ ။ ကျွန်တော့ အမြင် ပြောရရင် အလှကြည့် ဓါတ်ပုံ သာ ဖြစ်သည် ။ သို့သော် ...


အနံ့ လည်း နည်းနည်း ထွက် နေသည် ။


မဆိုစကောင်း ဆိုစကောင်း ဓါတ်ပုံ ပေါ် က ဓါတ်ပုံ လည်း ဖြစ်နိုင်ပါသည် ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment