❝ ရှက်တယ် ဆိုတာ လွယ်ပါတယ် ❞
ကြည့်ပြီး မြင်ပြီး မှ မမြင်ချင် ဟန် ဆောင် လိုက်ခြင်း ကို ကျွန်တော် သတိ ထား မိလိုက်သည် ။
သူ က လှေကား ပေါ် အတက် ကျွန်တော် လှေကား ပေါ် တက်ပြီး စ ။
ကျွန်တော် လှေကားထိပ် လောက် အရောက် မှာ နောက်ဘက် မှ သူ့ အသံ ကို ကြား လိုက်ရသည် ။
“ ပြီးပြီလား ၊ တို့ က ကြည့်ချင်လို့ လာတာ ဥစ္စာ ”
ကျွန်တော် သိပါသည် ။
ကျွန်တော့် ရုပ်ရှင် ရိုက်ကွင်း ကို သူ လာ ကြည့်ခြင်း ဖြစ်ပါမည် ။ ကျွန်တော့် ကို ဒါရိုက်တာ မောင်ဣန္ဒာ ဟု သိပြီး သား ဖြစ်ပါသည် ။ သို့ရာတွင် ကျွန်တော့် ကို မသိသေး ဟန် ဆောင် နေပါသည် ။
သူ လာ တာ တစ်ယောက် တည်း ပါ ပဲ ။
သို့ပေမဲ့ သူ နှင့် စတူဒီယို က လူများ ရင်းနှီးပြီးသား ဖြစ်ပါ၏ ။ စတူဒီယို မှ အလုပ်သမား အများစု သည် သူ့ ကို ဂရုတစိုက် ရှိကြပါ၏ ။ ထုတ်လုပ်သူ ပရိုဂျူဆာ က လည်း သူ့ ကို ဂရုစိုက် နေကြောင်း ကျွန်တော် သိ၏ ။ သူ က ငယ်ငယ်နုနု လှလှချောချော ကောင်မလေး မဟုတ်လား ။
ကောင်မလေး ဟု သာ ခေါ် လိုက်ရ သော်လည်း ဘွဲ့ရ ပြီး စ အသက် နှစ်ဆယ် ကျော် မိန်းကလေး ။
တမြန်နေ့ လောက် ကတည်း က သူ့ ကို ကျွန်တော် ဂရုစိုက် မိပါ၏ ။ ထို နေ့ က သူ သည် ဆွယ်တာအင်္ကျီ အဖြူ လက်တိုကလေး ဝတ် ထားပါ သည် ။
လှတော့ လှပါသည် ။ အလှ အတွက် ဝတ်ထားတာ ပဲ ဖြစ်ပါလိမ့် မည် ။ ဇာပန်းဖော် ဆွယ်တာ အင်္ကျီလက်ပြတ် အဖြူလှလှကလေး အောက် မှာ ပန်းရောင်စွပ်ကျယ်အင်္ကျီ ရှိပါသည် ။ လုံချည် က လည်း ပန်းရောင် ပြောင် ။
ဆံပင် တိုတိုကလေး ၊ နှုတ်ခမ်းပန်းရောင်ကလေး အစ ရှိသည်ဖြင့် ကျွန်တော် က သူ့ ကို ဂရုမစိုက် သလို နှင့် ဂရုစိုက် ခဲ့ပြီး ဖြစ်ပါသည် ။
သူ့ လှုပ်ရှားဟန် ကို ပင် ကျွန်တော် “ စွဲလမ်းထား ” လိုက်ပြီး ဖြစ်ပါ၏ ။
ထမင်းဘူးကလေး ကို ကိုင် ၍ နိုင်လွန်လက်ဆွဲအိတ် ဆွဲ လျက် ရွေ့လျားပုံ မှာ သွက်လက် လှပါသည် ။ ကိုယ်ဟန် က နွဲ့ ပါသည် ။ ခါး ကို ဘယ်လို နွဲ့သည် မသိ ။ သူ အမြန် လျှောက်ပုံ မှာ နိုင်ငံခြား ရုပ်ရှင်ကားများ ထဲ မှ ညင်သာသော ကကွက် တစ်ခု ခု ကို ကြည့်လိုက်ရ သကဲ့သို့ ဖြစ်ပါသည် ။
ယခုအခါ မိန်းမပျိုကလေး အများစု သည် သွက်လက်စွာ ရွေ့လျား တတ်ကြပါသည် ။
သို့ရာတွင် သူတို့ ၏ သွက်လက်ပုံ မှာ ဆတ်တောက် ဆတ်တောက် မာကျောကျောကြီး မဟုတ်ပါ ။ သွက် သော် လည်း နွဲ့ နေ တတ်ပါသည် ။ ဤကဲ့သို့ သော အတတ်ပညာမျိုး ကို သူတို့ နေထိုင် လှုပ်ရှားရုန်းကန် ရသော ဘဝပေး အခြေအနေ က ပေး လိုက်ခြင်း ဖြစ်ပါ လိမ့်မည် ။
သွယ်နွဲ့စွာ သွက်လက်ခြင်း ဟု ဆိုပါရစေ ။
••••• ••••• •••••
စတူဒီယို ထဲ သို့ ကျွန်တော် ဝင် ခဲ့ပါသည် ။ လှေကား က ရှိလှ မှ ခြောက်ထစ် ခုနစ်ထစ် လောက် ဖြစ်ပါလိမ့်မည် ။ စတူဒီယို ၏ အဝင်အဝ တွင် အလယ် တည့်တည့် က မော်တော်ကားကြီးများ ၊ ကုန်တင်ကုန်ချ ၊ ဆက်တင် ၊ မီးမောင်း ၊ စက်ကိရိယာများ တင်ခြင်း ချခြင်း ပြုရန် အတွက် ဆင်ခြေလျှော ကွန်ကရစ်လမ်း တစ်ခု ရှိပါသည် ။ ၎င်း ကွန်ကရစ်လမ်း ၏ ဝဲယာ မှာ လူ အတက် အဆင်း လုပ်ရန် လှေကား နှစ်သွယ် ခင်း ထားပါ သည် ။ ကျွန်တော် သည် တစ်ဖက် သော လှေကား မှ တက်လာ ခဲ့ပြီး သူ က အခြား တစ်ဖက် မှ တက် လာ ပါသည် ။
စတူဒီယို ထဲ သို့ ကျွန်တော် ဝင် လိုက်သော အခါ လေအေးစက် အရှိန် ကြောင့် ဆတ်ခနဲ အေး သွားပါသည် ။
ထိုအခါ မှာ ပင် စတူဒီယို အ ဝမှ တံခါး ကို သူ တွန်းဖွင့် ဝင် လာပြီ ဖြစ်ကြောင်း ကျွန်တော့် အာရုံ ရောက် သွားဖြစ်ပါသည် ။ တမြန်နေ့ က ဟန်ပန် နှင့် သည်နေ့ ဟန်ပန် ဘယ်လိုများ ခြားနား သလဲ ဟု ကျွန်တော် သိချင်စိတ် ပြင်းပြ လာ ပါသည် ။ သို့သော် သူ့ ကို လှည့် မကြည့် ဖြစ်ပါ ။
သူ ဆွယ်တာအင်္ကျီကလေး ပဲ ဝတ်ထား သလား ၊ ဒါမှမဟုတ် ဂျင်း ရှပ်ကလေးပဲ ဝတ်ထား သလား ၊ လုံချည် အရောင် က အနီရဲရဲ ဖြစ်လိမ့်မည် အစ ရှိသည်ဖြင့် ကျွန်တော့် စိတ်ကူး နှင့် ကျွန်တော် ကြည်နူး နေပါသည် ။
မင်းသမီး သည် ရိုက်ကွင်း ပေါ် တွင် အဆင်သင့် ဖြစ် နေပါပြီ ။
••••• ••••• •••••
“ လိုက်ဘရောင်း ”
မီးမောင်းများ ဖွင့်ရန် အတွက် စက်အဖွဲ့ အလုပ်သမား တို့ ၏ အသုံး စကား ဖြစ်ပါသည် ။
မီးခလုတ်များ ကို တစ်ပြိုင်နက် ဆိုသလို ဖွင့် သဖြင့် နှစ်လက်မ ခန့် အဝန်း ရှိသည့် ခလုတ်ကြီးများ ကို ဆက်တိုက် ဖွင့်ချ လိုက်လျှင် ခလုတ်ဖွင့် သံများ စီရီ၍ ဘရောင်းခနဲ မြည်သည် ကို အစွဲ ပြုပြီး ‘ ဘရောင်း ’ ဟု အော်ခြင်း ဖြစ်ပါသည် ။ ‘ လိုက် ’ ကတော့ ရှင်းပါသည် ။ အလင်းရောင် ပေါ့ ။
မီးမောင်းကြီးများ သည် စတူဒီယို အထက် မှ တစ်ခဲနက် ထွန်းလင်း လာ၏ ။
မင်းသမီး နား မှ မိတ်ကပ်ဆံပင် အလှပြင်ဆရာ ကိုဆန်နီ သည် မင်းသမီး ဆံပင် ကို တစ်စုံတစ်ရာ ပြုပြင် ပေး လိုက်၏ ။
ကျွန်တော် ရိုက်ကွင်း ကို ဖြန့် ၍ ကြည့် လိုက်ပါသည် ။
အလုံးစုံ အဆင်သင့် ဖြစ် နေပြီ ။
ခုန ကျွန်တော် စတူဒီယို အပြင် သို့ မထွက်မီ အစီအစဉ် ချထား ပေး ခဲ့သည့် အတိုင်း သူတို့ တစ်တွေ လုပ်ကိုင် ပြင်ဆင် ထားကြပြီး ဖြစ်သည် ။
ယခုအခါ ကျွန်တော် သည် မင်းသမီး ကို အမူအရာ သင်ပြရတော့မည် ။ စကား ‘ ပေး ’ ရတော့မည် ။
••••• ••••• •••••
ဇာတ်ညွှန်း ကို ဖွင့် လိုက်၏ ။ အထပ်ထပ် ဖတ်ပြီး ထား သဖြင့် သိ နေသည် ။ ဇာတ်လမ်း ဇာတ်ကွက် တို့ သည် ခေါင်း ထဲ ၌ စီရီ ထားပြီးသား ဖြစ်သည် ။ မင်းသမီး ၏ ဟန်နေ ဟန်ထား ကို လည်း စိတ်ကူး ထဲ ၌ ပုံဖော် ပြီး ဖြစ်သည် ။
အခက်အခဲ တစ်ခု ရှိနေ၏ ။
မင်းသမီး က အသက်ကလေး နည်းနည်း ရပြီ ။ တကယ်တမ်း တော့ အသက် မကြီးသေးပါ ။ ရှိလှ မှ သုံးဆယ် ကျော်ရုံကလေး ပေါ့ ။ သို့သော် လည်း မင်းသမီး ဖြစ် သဖြင့် ‘ အရွယ် ’ သည် ပြင်ဆင် ခြယ်သမှုများ အောက်၌ ငုပ်လျှိုး နေ၏ ။
အသက် နှစ်ဆယ်ခန့် မိန်းကလေး တစ်ယောက် အခန်း မှ ပါဝင် သရုပ်ဆောင် နေ လျှင် ကြည့်ရင်း ကြည့်ရင်း နှင့် ငယ် သွားသည် ထင်ရ တတ်၏ ။
သူ မင်းသမီး စ ဖြစ်သည် မှာ အသက် ဆယ့်ခုနစ်နှစ် ခန့် က ဖြစ် ၏ ။ ခု ဆိုလျှင် မင်းသမီးအသက် နှစ်ဆယ် ကျော်ကျော် ရှိပြီ ။ သူ့ အသက် လည်း သုံးဆယ် ကျော်စ ပြုပြီ ။ သို့သော် အများ အားဖြင့်တော့ ဇာတ်ကား များ မှာ တက္ကသိုလ်ကျောင်းသူ ၊ ဆယ်တန်းကျောင်းသူ ၊ သူဌေးသမီး သို့မဟုတ် ရိုးရိုး အရပ်သူမလေး စသည်ဖြင့် အသက် နှစ်ဆယ် ဝန်းကျင် အခန်းများ ၌ သရုပ်ဆောင် ရသည် ။
ရုပ်ရှင်ကြည့် ပရိသတ် အများစု က လည်း မင်းသမီး ဆိုလျှင် အသက် အရွယ် ကို ခေတ္တ မေ့ထား ဟန် ရှိ၏ ။ သည်တော့ သူ သည် ခုထိ ‘ ကျွန်မ အသက် ဆယ့်ခြောက်နှစ် ပဲ ရှိပါသေးတယ်ရှင့် ’ ဟူသော အငြိမ့်မင်းသမီးကြီးများ ထုံး အတိုင်း နှလုံး မူ၏ ။
လူ က ဘယ်လိုပဲ ဟန်ဆောင် ကောင်းသည် ဖြစ်စေ ၊ အရွယ် နှင့် ဣန္ဒြေ သည် သူ့ ကို ဖမ်းစားစ ပြုနေပြီ ဖြစ်၏ ။
ယခု သူ သရုပ်ဆောင် ရမည့် အခန်း မှာ အသက် ငယ်ငယ် အပျိုပေါက် ကောင်မလေး တစ်ယောက် က သူ့ ထက် အသက် ကြီးသော သူဌေး သား လူပျိုကြီး တစ်ယောက် ကို ကျိတ်၍ ကြိုက် နေ ရသော အခန်း ။
မင်းသမီး သည် သရုပ်ဆောင်မှု အတတ် ၌ ကျွမ်းကျင် နေပြီ ဖြစ် သဖြင့် “ လုပ် ” တတ်မည် မှာ အသေအချာ ပင် ။
သို့သော် ကျွန်တော် လိုချင်သည် မှာ ‘ လုပ်ယူ ’ ခြင်းမျိုး မဟုတ် ၊ ကျွန်တော် က ‘ တကယ့် စိတ်ကလေး ’ ပါ စေချင်သည် ။
ခက်သည် ။
ဒါရိုက်တာ တစ်ယောက် အနေ နှင့် ကျွန်တော် က သူ့ ကို ရှင်း ပြရန် စကားလုံး မှာ ရွေးရ တော်တော် ခက်၏ ။
“ ဒီမှာ မင်းသမီး ၊ ခင်ဗျား က မင်းသား ကို ကျိတ် ကြိုက် နေတာ ၊ အဲဒါ ပေါ်အောင် လုပ် ” စသည်ဖြင့် ပြော၍ မဖြစ်ပါ ။
••••• ••••• •••••
မီးမောင်းများ လင်း နေသော ရိုက်ကွင်း တွင် မင်းသမီး သည် ရွှင်မြူးစွာ စီးကရက် ဖွာ နေ၏ ။
“ မရွှေမိ ၊ ခင်ဗျား မီးခိုး ခေါင်းတိုင် ကို ခဏ ပိတ် ထားလိုက်ပါ ”
မင်းသမီး ကို ကျွန်တော် က ဆေးလိပ် မသောက်ရန် ပြော လိုက်သည် ။
“ ဝမ်း စထရုတ် လောက် ပါ ပဲ အစ်ကို ရဲ့ ”
တစ်ရှိုက် အားရပါးရ ဖွာသည် ။ ပြီးတော့ မီးညှိ ပြီးခါစ ဘင်ဆင် အင် ဟဂ် စီးကရက် ကို လက်ညှိုး နှင့် လက်မ ကြား ထား၍ တောက် ပစ် လိုက်သည် ။
“ မရွှေမိ ”
သူ့ နာမည်ရင်း က ခင်မိမိ ဖြစ် သဖြင့် သူ့ ကို မရွှေမိ ဟု ကျွန်တော်တို့ တစ်တွေ က ခေါ်ကြသည် ။
“ ဆိုလေ ဆရာ ”
သူ့ လေသံ ၌ နော့တော့တော့ အငွေ့ အသက်ကလေး ပါသည် ၊ ဒါကတော့ ရိုး နေပါပြီ ။ မင်းသမီး အများစု သည် သူတို့ ၏ လုပ်ငန်း
ခွင် ၌ စိတ်ဝင်စားစ ပြုပြီ ဆိုလျှင် နဂို ဟန်ပန်များ ခေတ္တ ပျောက်၍ ဇာတ်ကောင် စရိုက် ဝင်ဝင် လာ တတ်၏ ။
“ ငယ်ငယ် က ရည်းစား ထား ဖူးတယ် မဟုတ်လား ”
“ များလွန်းလို့ မမှတ်မိတော့ဘူး ”
“ ယုံပါတယ် ၊ အဲဒီ အထဲ မှာ ကိုယ့် ထက် အသက် ကြီး တာမျိုး ”
“ ရှိပေါ့ ”
“ ပြန် စိတ်ကူးယဉ် ရင် ရင်ခုန်ဦး မလား ”
“ ရင်ခုန် ” ဆိုသော စကား ကို ကျွန်တော် တမင် ရွေး ၍ သုံး လိုက်သည် ။
သူ တစ်ချက် တွေ သွားသည် ။ ပြီးတော့ ရယ်၏ ။
“ ဆောရီးပဲ ၊ အဲဒီ ငနဲကြီးတွေ ခုဆို ဆံပင် တစ်ဝက် လောက် ဖြူ ကုန်ကြပြီ ”
ကျွန်တော် ခေါင်း ကုတ်၏ ။
“ ရပါတယ် အစ်ကို ရဲ့ ၊ သမီး ဖီလင် သွင်း တတ်ပါတယ် ”
“ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ သမီး ရဲ့ ဦးဦး သီချင်း ထဲ က လိုပေါ့ ၊ ကိုင်း လုပ်ကြည့် စမ်းပါဦး ”
သူ လုပ်ပြ၏ ။ ကျွန်တော် မကြိုက် ။ ‘ လုပ်ဟန် ’ က ပေါ်နေသည် ။
“ မီးတွေ ခဏ ပိတ်ကွာ ”
“ လိုက် ဖရီး ”
ရုပ်ရှင်စက်ဆရာ တို့ ၏ ဗန်းစကား နှင့် မီး မှိတ် ခိုင်း လိုက်သည် ။ တစ်ရာ့ငါးဆယ်ဝပ် မီးသီးကြီး တစ်လုံး သာ ထွန်း ထား၏ ။ ကျွန်တော် ရိုက်ကွင်း မှ နောက်ဘက် သို့ လှည့် ကြည့် လိုက်သည် ။ တကယ်တမ်းတော့ ကျွန်တော့် စိတ် ထဲ မှာ စတူဒီယို အဝ တွင် တွေ့ခဲ့ ရ သော မိန်းကလေး ကို စွဲလမ်း နေခြင်း ဖြစ်ပါလိမ့်မည် ။
အဆင်သင့်ပါပဲ ။
စတူဒီယိုမန်နေဂျာ နှင့် သူ ရပ် စကား ပြော နေသည် ။ မန်နေဂျာ က ရုပ်ရှင် ရိုက်ကွင်း အကြောင်း တစ်စုံတစ်ရာ ရှင်းလင်း ပြောပြ နေဟန် ရှိသည် ။
ကျွန်တော် မန်နေဂျာ ကို လှမ်း ခေါ်လိုက်၏ ။
“ ဗျို့ ၊ ကိုတင်အောင် ”
“ လာပြီ အာစရိ ”
မန်နေဂျာ ကိုတင်အောင် သည် ပျာပျာသလဲ အမူအရာ ဖြင့် ကျွန်တော့် နား ကပ် လာ၏ ။
ဒါမျိုးလည်း ရိုး နေပါပြီ ။
ရိုက်ကွင်း တစ်ခု ပေါ် ၌ ဒါရိုက်တာ က တစ်စုံတစ်ယောက် ကို ခေါ် လျှင် ( မင်းသား မင်းသမီး မှ အပ ) ပျာပျာသလဲ ရောက် လာ တတ်ကြသည် ။
ခေါ် မည့် သာ ခေါ်ရသည် ။ သူ့ ကို ဘာ ခိုင်းရမှန်း မသိသေး ။ အနား မှာ ကိုတင်အောင် လာရပ် နေ၏ ။
ကျွန်တော် စဉ်းစား သလို အိုက်တင် လုပ် နေ လိုက်သည် ။
ဆေးလိပ် တစ်လိပ် ထုတ်၏ ။ မီး ညှိသည် ။ ဖွာ သည် ။ အချိန် ယူ နေခြင်း ဖြစ်ပါသည် ။
အကြံကလေး တစ်ချက် ဖျတ်ခနဲ ထွက် လာသည် ။ ကိုတင်အောင့် ကို တိုးတိုး မေး လိုက်၏ ။
“ ခင်ဗျား နား က ကောင်မလေး က ဘယ်ကလဲ ”
“ အာစရိ ရဲ့ ပရိသတ် တစ်ယောက် ပဲ ၊ အာစရိ ကို တွေ့ချင် လို့ လာ တာ ၊ မမြင်ဖူးလို့ တဲ့ ၊ ဟိုဘက် ဘီပီအိုင် ဂိုဒေါင် မှာ အလုပ် လုပ်တယ် ၊ ယူဒီ တဲ့ ”
“ အတော်ပဲ ”
“ ဟာ ၊ အာစရိ က လည်း ”
“ တကယ် ၊ အဲဒီ့ ကောင်မလေး နဲ့ ကျွန်တော့် ကို ခဏ နေရင် မိတ်ဆက် ပေးစမ်းပါ ”
“ ခု သွား ခေါ် လိုက်မယ်လေ ”
“ ဟိုး ၊ ဟိုး ၊ မလုပ်နဲ့ဦး ၊ အချိန် မကျသေးဘူး ၊ တစ်ကတ် ၊ နှစ်ကတ် လောက် ရိုက်ပြီး ခဏ နားမယ် ၊ အဲဒီ့ အချိန် မှာ ကောင်မလေး ကို ကျွန်တော့် နား ခေါ်ခဲ့ ”
“ ပိုင်ပါတယ် အာစရိ ”
ကျွန်တော့် အကြံ က နည်းနည်း တော့ ဆိုးသည် ။
အဲဒီ့ ကောင်မလေး ကို ကျွန်တော့် နား ခေါ်လာ ခိုင်းပြီး ကျွန်တော် က ကောင်မလေး ကို ရှိတ်တိတ်တိတ် ရိပ်တိတ်တိတ်ကလေး လုပ်မည် ။ သည့် မတိုင်မီ မင်းသမီး ကို မှာ ထားမည် ။ အဲဒီ့ ကောင်မလေး ရှက်ကိုး ရှက်ကန်း နဲ့ တုံ့ပြန်မယ့် အမူအရာကလေး ကို မှတ်ထား ၊ စသည်ဖြင့် ... ။
“ ရိုက်ရအောင် ”
မီးများ ဖွင့်သည် ။
မင်းသမီး ကို အရေး မကြီးသော ကတ် နှစ်ကတ် ရိုက် ပစ်လိုက်သည် ။
“ ခဏ နားကွာ ၊ မီးတွေ ရွှေ့ ၊ ကင်မရာ ဟိုဘက်ထိပ် သွား ၊ ထရော်လီ ခင်း ”
အချိန် ကြာအောင် လုပ် လိုက်ခြင်း ဖြစ်ပါသည် ။ စက်အဖွဲ့သားများ အလုပ် ရှုပ် သွားကြ၏ ။
ကျွန်တော် ရိုက်ကွင်း မှ ခဏ ထွက်သည် ။ ကု,လားထိုင် တစ်လုံး မှာ ဝင် ထိုင်သည် ။ ကောင်မလေး ဘက် ကို ယောင်လို့ မှ လှည့် မကြည့် ။
ကျွန်တော့် နား သို့ ကိုတင်အောင် ရောက် လာသည် ။
“ ဆရာ ”
တလေးတစား မရွံ့မရဲ လေသံ ဖြင့် ခေါ်၏ ။
ကျွန်တော် လှည့် ကြည့်သည် ။
ကောင်မလေး က ဘေးနား မှာ ရပ် နေသည် ။
ကျွန်တော် မင်းသမီး ဆီ လှမ်း ကြည့်၏ ။ မင်းသမီး က ခေါင်းကလေး မသိမသာ ဆတ် ရင်း အချိတ်အဆက် လုပ်၏ ။ သူ ကြည့် နေမည် ။
“ ဒါ ဝင်းဝင်းသန်း တဲ့ ဆရာ ၊ ဆရာ့ ပရိသတ် ပဲ ”
ကိုတင်အောင် က ကောင်မလေး နှင့် ကျွန်တော့် ကို မိတ်ဆက် ပေး သည် ။ ကျွန်တော် ကြည့်သည် ဆိုရုံ ကြည့် လိုက်၏ ။
အား ၊ ထင်ထား တာ ထက် ပို ချောသည် ၊ ပို နုသည် ။
“ ဩော် ၊ ဩော် ၊ အင်း ၊ တွေ့ရတာ ဝမ်းသာ ပါတယ် ”
“ ဆရာ့ ပရိသတ် ပဲ ဆရာ ၊ ဆရာ့ ကားတွေ အားလုံး သူ ကြည့်တယ် ”
ကိုတင်အောင် က ဘေးတီး ပေး နေသည် ။
“ ဟုတ်လား ”
ကျွန်တော့် လေ တွင် ညုသံ ပါ၏ ။
“ ကျေးဇူး တင်ပါတယ် ၊ ဘယ်သူ တဲ့ ရယ် ၊ ဝင်းဝင်းသန်း နော် ”
“ ဟုတ်ကဲ့ ရှင့် ၊ ဆရာ့ ကားတွေ အကုန် ကြည့် ပါတယ် ၊ ကြိုက် လည်း ကြိုက်ပါတယ် ”
“ ဝမ်းသာစရာ ပဲ ၊ ထိုင်ဦးလေ ”
ကျွန်တော့် ဘေးနား က ကုလားထိုင် ကို ညွှန်ပြ လိုက်၏ ။
မိန်းကလေး က ဝင် ထိုင် သည် ။ ခပ်ရဲရဲ ပါ ပဲ ။
“ ဝင်းဝင်းသန်း က လှသားပဲ ၊ ရုပ်ရှင် မင်းသမီး လုပ်ပါလား ၊ ကိုယ် စိတ်ဝင်စား ပါတယ် ”
ကျွန်တော် က ကောင်မလေး ၏ အမူအရာ များ ရှက်ကိုးရှက်ကန်း ဖြစ်မည် ကို မျှော်လင့်တကြီး ကြည့် သည် ။
ကောင်မလေး က ရယ်သည် ။ ရှက်ဟန် မရှိ ။
“ ကျွန်မ က ဒါရိုက်တာ ဝါသနာ ပါတာ ဆရာ ရဲ့ ၊ အမျိုးသမီး ဒါရိုက်တာ ပေါ့ ၊ မဝါဝါဝင်းရွှေ တို့ ၊ ဒေါ်သင်းသင်းယု တို့ လို ”
ကျွန်တော် ဘာ ဆက် ပြောရမည် မသိဘဲ ခဏ ငိုင် နေမိသည် ။
“ ခုန ဆရာ သင် နေတာ သမီး ကြည့် နေတာ ၊ ဘာ ဆက် လုပ်မလဲ လို့ ”
ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ ကျွန်တော် အကြံသစ် တစ်ခု ရပြန်၏ ။
“ တကယ်လို့ ဝင်းဝင်းသန်း သာ ဒါရိုက်တာ ဆို အဲဒီလို နေရာမျိုး မှာ ဘယ်လို သင်မလဲ ”
“ မသိဘူးလေ ၊ ဝင်းဝင်း က ကြည့်တုန်း ဝါသနာ ပါ တုန်း ရှိသေးတာ ”
“ မဟုတ်ပါဘူး ၊ တကယ်လို့ သင်ရပြီ ဆိုပါတော့ ကွာ ”
မိန်းကလေး တစ်ချက် စဉ်းစားသည် ။
“ အခန်း က ကောင်မလေး တစ်ယောက် သူ့ ထက် အသက် ကြီးတဲ့ လူချောကြီး တစ်ယောက် ကို ကျိတ်ပြီး ကြိုက် နေတာ မဟုတ်လား ဦး ”
“ အင်း ၊ အင်း ၊ အဲ ဟုတ်တယ် ”
“ ဒါဆို ဘာမှ သင်စရာ မလိုပါဘူး ၊ သမီး လုပ် သလို လုပ် ဆိုပြီး လုပ်ပြ လိုက်မှာပဲ ”
“ အဲ ဟုတ်ပြီ ၊ ဘယ်လို လုပ်ပြ မလဲ ”
မိန်းကလေး သည် ကျွန်တော့် ကို ကြည့်၏ ။ မျက်လွှာ ပြန် ချ၏ ။ ပြုံး၏ ။
“ ဆရာ က ချော မှ မချောဘဲ ၊ ဒီတော့ သမီး ခု လုပ် မပြတတ်ဘူး ”
ကျွန်တော့် တွက်ကိန်း တွေ လွဲ ကုန်ပြီ ။
ထို့ ထက် ကျွန်တော့် အကြံအစည် ကို မိန်းကလေး သိ သွားခြင်း ကြောင့် ကျွန်တော် ရှက်သွား လေသည် ။
မင်းသမီး မရွှေမိ ကို လှမ်း ကြည့် လိုက်မိသည် ။
မင်းသမီး က ပြုံး ပြီး ခေါင်းကလေး ညိတ်သည် ဆိုရုံ ညိတ် ပြ၏ ။ ကျွန်တော် လိုချင်သော အမူအရာ ကို သူ လုပ်တတ် သွားပြီး ဆိုသည့် သဘော ။
ကျွန်တော် မိန်းကလေး နှင့် စကား ဖြတ် နိုင်ရန် -
“ အဆင်သင့် ဖြစ်ပြီလား ဟေ့ ”
လှမ်း အော်လိုက်သည် ။
“ ဓာတ်ခဲ ပဲ ဆရာ ရေ့ ”
အဲဗားရယ်ဒီ ဓာတ်ခဲ ကို စကားဝှက် အဖြစ် သုံးပြီး အဆင်သင့် ဖြစ်ကြောင်း စက်ဆရာများ က ပြော၏ ။
ကျွန်တော် ရိုက်ကွင်း သို့ ထ လာ လိုက်သည် ။
မင်းသမီး ကို ကပ်၍ မေးသည် ။
“ ကောင်မလေး ရှက်ကိုး ရှက်ကန်း အမူအရာ တွေ့ လိုက် လို့လား ”
“ ကောင်မလေး မဟုတ်ဘူး အစ်ကို ၊ အစ်ကို ရှက် သွားတာ ကို ယူ လိုက်တာ ”
••••• ••••• •••••
“ ကတ် ၊ ဗဲရီးဂွဒ် ”
◾မောင်ဝဏ္ဏ
📖 ချယ်ရီ မဂ္ဂဇင်း
အမှတ် ၂
စက်တင်ဘာ ၊ ၁၉၈၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment