Monday, November 20, 2023

ဆင်ခြောက်ကောင်


 

❝ ဆင်ခြောက်ကောင် ❞

ဆင်ခြောက်ကောင် မန္တလေး ဖိနပ် ဆိုရင် အရည်အသွေး ကောင်းတယ် လို့ ဝယ်သူ က စိတ်ချ ယုံကြည်တယ် ။

သည်လို စိတ်ချ ယုံကြည်မှုမျိုး ကို ရရှိအောင် ဦးဟန်သိန်း ( ယခု အသက် ၈၀ နှစ် ) က ကြိုးပမ်းခဲ့တယ် ။ ဦးဟန်သိန်း က ဆင်ခြောက်ကောင် ဖိနပ် ကို အရည်အသွေး မကျ အောင် ထိန်းခဲ့တယ် ။

ယခု ဆိုရင် ဆင်ခြောက်ကောင် ဖိနပ် က သက်တမ်း နှစ် ၅ဝ ကျော် ခဲ့ပြီ ။ အရည်အသွေး ကောင်း ဂုဏ်သိက္ခာ နဲ့ ထိပ်ဆုံး မှာ ရပ်တည် နေဆဲ ဖြစ်တယ် ။

ဆင်ခြောက်ကောင် ဖန်တီးရှင် ဦးဟန်သိန်း ကို မန္တလေးမြို့ ရှေ့တော်ပြေးဝင်း က နေထိုင်ရာ နေအိမ် မှာ သွားရောက် တွေ့ဆုံပြီး ဖြတ်သန်း ခဲ့ရတဲ့ ဘဝ ကို ကျွန်တော် မေးမြန်းပါတယ် ။

•••••   •••••   •••••

အဖေ က ဦးကြည် ၊ အမေ က ဒေါ်မ ။ ကျွန်တော် အမေ့ ဗိုက် ထဲ မှာ ကတည်း က အဖေ နဲ့ အမေ ကွဲကြတာ တဲ့ ။ အခြား အပြစ် တော့ မရှိပါဘူး ။ အဖေ က ကျောင်းပညာ ဆယ်တန်း လောက် အထိ တတ်တယ် ။ သူ တစ်ပါး ရဲ့ အလုပ် ကို တော့ သွား သွားပြီး ကူ လုပ်တယ် ။ ကိုယ့် အိမ် က အလုပ် ကျ မလုပ်ဘူး ။ ပျင်းတယ် တဲ့ ။ သည်အတိုင်း ဆက်ပေါင်း နေကြရင် အချိန် ကြာတာ နဲ့ အမျှ ကလေး များ တာပဲ ရှိမယ် ။ ကွဲကြစို့ လို့ အမေ က ပြောတယ် ။ နှစ်ဦး သဘောတူ စိတ်ပျက်ပြီး ကွဲ သွားတယ် ။

အမေ က အမျိုးသမီးဝတ် အင်္ကျီတွေ စက် ချုပ်ပြီး ကျွေးတယ် ။ သားလေး တစ်ယောက် တည်း နဲ့ အမေ ရုန်းကန် လာခဲ့တာ ။ အင်္ကျီ ချုပ် တာ လက်ရာ ကောင်း တော့ အလုပ် နဲ့ လက် နဲ့ မပြတ်ဘူး ။

ကျွန်တော် မွေးတဲ့ ရှေ့တော်ပြေးဝင်း ထဲ က ကျောင်း မှာ ပထမ စ နေတယ် ။ ပြီးတော့ နေရှင်နယ်ကျောင်း ကို ပြောင်း နေတယ် ။ စစ် ဖြစ်တော့ ခြောက်တန်း နဲ့ ကျောင်း နား လိုက်ရတယ် ။

ရှေ့တော်ပြေးဝင်း က မန္တလေး မြို့လယ် မှာ ဆိုတော့ ဂျပန် က ဗုံး ချတယ် ။ အိမ် မီးလောင်တာ နဲ့ ဆွဲမိ ဆွဲရာ ဆွဲပြီး သားအမိ နှစ်ယောက် ပြေးကြရ တာပေါ့ ။ အမေ့ အစ်ကို ကျွန်တော့် ဘကြီး ဦးလှကျော် တို့ ပြေး တဲ့ ရှမ်းကလေးကျွန်း ကို ပြေး ကြတယ် ။ စစ် အတွင်း မှာ ကျောက်ရောဂါ ၊ ပလိပ်ရောဂါတွေ ဖြစ် ရင်လည်း ရှမ်းကလေးကျွန်း ကို ပြေး ကြတယ် ။ အမေ က ပါလာတဲ့ အတွင်း ပစ္စည်းလေး တွေ ကို ထုခွဲ ရောင်းချပြီး စားရ သောက်ရ တာပေါ့ ။

နည်းနည်း အေးချမ်းတယ် ထင် ရင် ကိုယ့် အရပ် ကိုယ့် အိမ် ကို ပြန် လာလိုက် ၊ ဗုံးတွေ လာ ချရင် ပြန် ပြေး လိုက်ပေါ့ ။ စစ် အတွင်း ဆိုတော့ အင်္ကျီချုပ် တာ အလုပ် မဖြစ်ဘူး ။ အမေ က တရုတ်တန်းဈေး ထဲ မှာ ကုန်စိမ်း ရောင်းတယ် ။

တစ်ခါတော့ နန်းတော်ရှေ့ ကို စစ်ပြေး ကြတယ် ။ အဲသည်မှာ ကျွန်တော် စဉ်းစားတယ် ။ ပညာ ယူရာ မှာ ရက်တိုတို နဲ့ ပိုက်ဆံ ရမယ့် ဟာမျိုး ပေါ့ ။ ဆံပင်ညှပ် ပညာ ဆိုတာ လ တိုတို နဲ့ ဝမ်းရေး ဖြေရှင်း နိုင်တယ် ။ လူတွေ က လည်း ဆံပင် မညှပ် ဘဲ မနေဘူး ဆိုပြီး ဆံသပညာ သင်တယ် ။

ဆံပင်ညှပ်ဆိုင် က ဈေးချိုတော် အလယ်ပေါက် က အနောက်ဘက် ထွက် ရင် ရွှေတချောင်း ထိပ် က စိတ်ကြိုက် ဆံသ ။ အဲသည် မှာ လက်ခ တစ်ဝက်စား နဲ့ ညှပ်တယ် ။ ဥပုသ်နေ့ ဆိုရင် ကျောက်တော်ကြီးဘုရား မြောက်မုခ် သွားပြီး ဘီအိုင်အေ ၊ ဘီဒီအေ ရဲဘော်တွေ ကို ကျွန်တော့် ဆရာများ နဲ့ သွားပြီး ဆောင်ရွက် ပေးကြရတယ် ။

ဘကြီး ဦးလှကျော် က စောင်းကောက် ဖိနပ် လုပ်တယ် ။ နည်းနည်း အေးချမ်း လာပြီး ဆိတ်သားရေတွေ ဘာတွေ ပေါ်  လာတော့ ဘကြီး က ဖိနပ် လုပ်ငန်း ပြန် လုပ်တယ် ။

ဆံပင်ညှပ် တဲ့ အလုပ် က တဒင်္ဂ ဝမ်းရေး တော့ ပြေလည်တယ် ။ ကြီးပွားနိုင် တာ တော့ မဟုတ်ဘူး ။ ကြီးပွား ဖို့ ဆိုရင် ထုတ်လုပ်မှု လုပ်ငန်း ၊ များများ ဖြန့် နိုင်တဲ့ လုပ်ငန်းမျိုး လုပ်ရမယ်လို့ မြင်တယ် ။ ဖိနပ်ပညာ က ကြီးပွား နိုင်တယ် ။ ဘယ်ခေတ် ဘယ်အခါ ၊ ဘယ်ရာသီ ၊ ဘယ်ဌာန ၊ ဘယ်ပုဂ္ဂိုလ် ဖြစ်ဖြစ် ဖိနပ် စီးဖို့ လိုတယ် ။ ဖိနပ် လုပ်ငန်း ကို ဇောက်ချ လုပ်မယ် လို့ ဆုံးဖြတ်တယ် ။

ကျွန်တော် က ၁၈ နှစ် ၁၉ နှစ်သား ။ ဘကြီး ဆီ မှာ ပညာ သင်ပြီး ဝင် လုပ် တာ ။ တဖြည်းဖြည်း နဲ့ စောင်းကောက် ဖိနပ် မှာ မန်နေဂျာ သဘောမျိုး ဖြစ်လာ တယ် ။ အလုပ်သမား အုပ်ချုပ်တာ က အစ ပစ္စည်း ဝယ်တာ အဆုံး အားလုံး လုပ်ရတယ် ။

ကျွန်တော် မတင်တင်အုန်း နဲ့ အိမ်ထောင် ကျတယ် ။ သားကြီး မောင်ဝင်းမြင့် ကို မွေးတယ် ။ ဒုတိယ သား မောင်ဝေလွင် ကိုယ်ဝန် ရှိချိန် မှာ ကိုယ်ပိုင်တံဆိပ် နဲ့ ဖိနပ် လုပ်ဖို့ ဆုံးဖြတ်တယ် ။

ဆင်ခြောက်ကောင် ဆိုတဲ့ ဖိနပ်တံဆိပ် ကို ဆရာအောင် ဆိုတဲ့ ပုဏ္ဏား ဗေဒင်ဆရာကြီး က ရွေး ပေးတာ ၊ အဲသည်အချိန် က နာမည် ကြီး နေတဲ့ ဖိနပ်တံဆိပ် တွေ က စောင်းကောက် ၊ ငုံးတံဆိပ် ၊ ရှုတိုင်းယဉ် ၊ လေထီး တံဆိပ်တွေ ၊ ဆရာ ရွေးပေးတဲ့ တံဆိပ် က ဆင်ရုပ်ကလေးတွေ သေးသေးလေးတွေ မို့ သူများ တကာ ပြောင်စရာ ၊ လှောင်စရာ ဖြစ်နေပါဦးမယ် ဆိုတော့ ဗေဒင်ဆရာ က ဒါပဲ သုံးပါ ။ နှစ်ရှည်လများ နာမည် ကြီးမယ့် တံဆိပ် ၊ ငါ ကတော့ ဒါပဲ ပေးမှာပဲ တဲ့ ။ ဆရာအောင် က ပြောတယ် ။ မင်း နာမည် ကြီးတဲ့ အချိန် မှာ ငါ ရှိတော့ မှာ မဟုတ်ဘူး တဲ့ ။

၁၉၅၅ ခု ၊ ဒီဇင်ဘာလ မှာ မောင်ဝေလွင် မွေးပြီးတာ နဲ့ ကိုယ်ပိုင် ခွဲပြီး စ လုပ်တယ် ။ ယခု သမားတော်ကြီး ဒေါက်တာနေဝင်း ရဲ့ အမေ ဒေါ်ဝင်းမေ က ဒေါ်ဒေါ် က ဈေးဦးပေါက် ဝယ်မယ် ဆိုပြီး စ ဝယ်တာ ။

ကျွန်တော် က စောင်းကောက် ဖိနပ် မှာ အုပ်ချုပ်ပြီး လုပ်ခဲ့သူ ဆိုတော့ လက်ရာ ကို စိတ်ချပြီး အားပေးကြတယ် ။ ‘ ဃ ’ နယ် ပညာအုပ် ဦးရွှင်စိန်က လည်း အားပေးမယ် ဆိုပြီး သူ့ ရုံး ပေါ် က ဝန်ထမ်းတွေ ကို လခ ချပေး ရောင်းပေးတယ် ။ သစ်ဖောင်ဖွဲ့ရေး လူကြီး ဦးလေးမောင် တို့ ဒုတိယဗိုလ်မှူးကြီးဘသောင်းတို့ က ရန်ကုန် မှာ ရောင်း ပေးတယ် ။ မိတ်သင်္ဂဟတွေ ရဲ့ အထောက်အပံ့ ရ တာပေါ့ ။

ဈေးချို အောက်လိုင်း ဆိုင်နံပါတ် ၉၂ က အောင်ဗမာ ဖိနပ်ဆိုင် ဆိုတာ က ရင်းနှီး ပြီးသား တွေ ။ ဦးစံထွန်း ၊ ဦးချစ်စိန် တို့ ညီအစ်ကို နှစ်ယောက် က လည်း အားပေး တယ် ။ သူတို့ က လက်ငင်း ရှင်းတယ် ။ သည် နေ့ ဖိနပ် ပို့ သည် နေ့ ငွေ ရှင်းတယ် ။ အဟောင်း ပေး အသစ် ယူ မဟုတ်ဘူး ။ သူတို့ ဆိုင် ကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးတယ် ။

ဈေး မှာ စ ရောင်းတော့ သူများ ဖိနပ် က ခုနစ်ကျပ်ခွဲ ၊ ကျွန်တော် က ငါးမူး လျှော့ပြီး ခုနစ်ကျပ် နဲ့ ရောင်းတယ် ။ အောင်ဗမာ ညီအစ်ကိုတွေ က ခင်ဗျား ဈေးလျှော့ ရောင်း ရင် ဖိနပ် က အလိုလို ဒုတိယတန်းစား ဖြစ်သွားလိမ့်မယ် ဆိုတာ နဲ့ ဈေးတူ ရောင်းတယ် ။

နောက် အရှိန် ရ လာတော့ ညဈေးတန်း မှာ ကျွန်တော် ကိုယ်တိုင် ဖိနပ်ဆိုင် ထွက်တယ် ။ ဖိနပ် လာ ဝယ်သူ ကို မဲလိပ် သုံးလိပ် ပေးပြီး တစ်လိပ် နှိုက် ခိုင်းတယ် ။ အောင်ဘာလေ မဲ ပေါက် ရင် ထီလက်မှတ် တစ်စောင် ပေးတယ် ။ ထီ တစ်စောင် နှစ်ကျပ် ၊ အဲသည် အချိန် က ဖိနပ် တစ်ရန် ခုနစ်ကျပ်ခွဲ ရောင်းတာ နှစ်ကျပ် မမြတ်ဘူး ။ ဒါပေမဲ့ စီးဖူး သွားရင် ကောင်းမှန်း သိတယ် ။ ထပ် ဝယ် မှာ ပဲ ဆိုပြီး ဆွဲဆောင်မှု လုပ် ရတာပေါ့ ။

ဖိနပ် ကို လူကြိုက် များ လာပြီး အော်ဒါတွေ တအား ရောက် လာတယ် ။ အချို့က လည်း မိုးရွာတုန်း ရေခံပါ ဆိုပြီး တွန်း လုပ်စေ ချင်တယ် ။ ကျွန်တော် က လက်ရွေးစင် ပဲ လုပ်တာ ။ လက်ရွေးစင် က ကုန်ကြမ်း မပေါဘူး ။ အလယ်အလတ် တန်းစား လုပ်တဲ့ သူ က ကုန်ကြမ်း ပေါတယ် ။ ကျွန်တော့် ဖိနပ် က ဖောဖောသီသီ မထွက်ဘူး ။ ဖိနပ် တစ်ရန် ရဖို့ တစ်လခွဲ ၊ နှစ်လ ကြို မှာပြီး ချိန်းပြီး လုပ်ခဲ့ရတာ ။ ခက်ခက်ခဲခဲ ဝယ် ရတော့ စီးတဲ့ သူတွေ က လည်း ရိုရိုသေသေ စီးကြတယ် ။ ရိုရိုသေသေ စီး တော့ ဖိနပ် က ပို ခိုင်တာပေါ့ ။ ပို ခိုင်တော့ နာမည် ရ ပြန် ရော ။

သားရေ ဆို ရင် နွားသားရေ  သုံးတယ် ။ တစ်ချပ် ကို ဝိတ်ချိန် ပေါင် ၂ဝ ဝန်းကျင် ရှိတာ သုံးတယ် ။ ပေါင် ၂၀ ထက် နဲ ရင် သားရေ က နုတယ် ။ ပို ရင် ရင့်တယ် ။ သားရေ မှာ တင်ပါးသား ကို ပဲ သုံးတယ် ။ တင်ပါးသား က ညီတယ် ။ ကောင်းတယ် ။ ဗိုက်သား ၊ ဘေးသား ၊ ခေါင်းပိုင်းသားတွေ ကို ပြန် ရောင်းတယ် ။ ကြေး တစ်ဝက် လောက် တော့ ရ တာပေါ့ ။

ကုန်ကြမ်းပစ္စည်း ကတ္တီပါစ ၊ ကင်းဘတ်စ ၊ ရော်ဘာ က အစ နိုင်ငံခြား ကို ပဲ အားကိုး ရတာ ။ တစ်ခါ မှာ တော့ ကင်းဘတ်စ က ဝယ် မရဘူး ။ အိန္ဒိယ က လာ တဲ့ ပက်လက် ကုလားထိုင်ခင်း ဖျင်စ ကို ကင်းဘတ်စ အစား ထိုးပြီး သုံး လိုက်တယ် ။ ကင်းဘတ်စ ကို ကတ္တီပါစ အုပ်ပြီး သဲကြိုး လုပ်တာ ၊ ကင်းဘတ်စ က ပျော့ပြီး နွဲ့ နေတယ် ။ သုံးလေးရက် စီး လိုက်ရင် ကင်းဘက်စ က လျော့ ။ ကတ္တီပါစ က တောင့်ပြီး ကွဲ ကုန်ရော ။

ဖိနပ် လာ ဝယ်သူတွေ ကို ကျွန်တော် က နှုတ် က အမြဲ ပြောတယ် ။ စီး ကြည့်လို့ အဆင် မပြေရင် လာ ပြောကြပါ ။ အကြံဉာဏ် ပေးတဲ့ သဘော ၊ အပြု သဘော နဲ့ ပြောတာ လို့ သဘော ထားပါတယ် ။ လက်ခံပါတယ် လို့ ။ သည်တော့ ဘယ်လိုလေး ဖြစ်တယ် ။ ဟိုလိုလေး ဖြစ်တယ် ။ ပြောကြတာပေါ့ ၊ ပြင်ရတာပေါ့ ။

ကတ္တီပါသဲကြိုးတွေ ကွဲတယ် လာ ပြောတော့ ပစ္စည်း ချွတ်ယွင်းလို့ ဖြစ်ရတာပဲ ဆိုပြီး ဖိနပ်အသစ် နဲ့ လဲ ပေးတယ် ။ အားလုံး အရန် ၇ဝ လောက် လဲ ပေးလိုက် ရတယ် ။ အဲသည်လို လဲ ပေး လိုက်တာ ကို က ကြော်ငြာ သလို ဖြစ်သွား ပြန်တယ် ။ ဆင်ခြောက်ကောင် က အာမခံချက် ရှိတယ်ပေါ့ ။

တစ်ခါ က လည်း ကတ္တီပါစတွေ ပြတ် သွား တယ် ။ ဖိနပ်သမား အချို့ ဆိုရင် အငြိမ့်တွေ ၊ ဇာတ်တွေ က ကတ္တီပါ ကားလိပ်ကြီးတွေ ဝယ် ပြီး သဲကြိုး လုပ်တာ ရှိတယ် ။ ကျွန်တော် က တော့ လိုချင်တဲ့ ကုန်ကြမ်းမျိုး မရလို့ လုပ်ငန်း နား ထား လိုက်တယ် ။ ဖောက်သည်တွေ က ဖြစ်တဲ့နည်း နဲ့ လုပ်စမ်းပါ လုပ်စမ်းပါ တိုက်တွန်း ကြတာ နဲ့ တက်ထရက်စ တွေ ကို သဲကြိုး လုပ်ပြီး ထုတ်တာ တစ်နှစ် လောက် ကြာတယ် ။

ဖိနပ် တိုင်း ချွတ်ယွင်းချက် မပါအောင် ကျွန်တော် ကိုယ်တိုင် စစ်ဆေး ကြည့် ပြီး စိတ်တိုင်းကျ မှ လက် လွှတ်တာ ။ ယခုတော့ သားသမီးတွေ အရွယ် ရောက် လာ တော့ သူတို့ ကို လက်ထပ် သင် ပေးတယ် ။ သူတို့ က ကျွန်တော့် ကိုယ်စား လုပ်နိုင်ကြပါပြီ ။

ဟိုတုန်း က တော့ ကုန်ကြမ်း က လည်း မှောင်ခို က ဝင် မှ ရတာ ။ ပစ္စည်း ပေါပေါ လည်း မထုတ်နိုင်ဘူး ။ ယခု တော့ ပစ္စည်းတွေ က လည်း လိုတဲ့ပစ္စည်း ဝယ်လို့ ရနိုင် ပြီ ။ သားရေကြိတ်စက် လို ပုံရိုက်စက် လို စက်ကိရိယာ ပစ္စည်းတွေ လည်း ရှိလာ ပြီ မို့ အရည်အသွေး ကောင်းကောင်း ကို စိတ်တိုင်း ကျ လိုသလောက် လုပ်နိုင်ပါပြီ ။

ကျွန်တော့် လုပ်ငန်း အောင်မြင် တာ က ပစ္စည်း မှန်ကန်မှု ၊ အလုပ် အပေါ် စေတနာ ထားမှု ၊ လုပ်ငန်း ကျွမ်းကျင် ပြီး လက်ရာ ကောင်းမွန်မှု ၊ မိတ်သင်္ဂဟ ကောင်းရှိမှုတွေ ပါ တာပေါ့ ။ ပစ္စည်းတွေ ဘယ်လို ကောင်းကောင်း လုပ်တဲ့ သူ က စေတနာ မထား ရင် တော့ အလကားပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment