Thursday, November 23, 2023

တစ်ခါတုန်းက


 ❝ တစ်ခါတုန်းက ❞


အချိန် ၉ နာရီ ခန့် မျှ ရှိသော် လည်း အတော်ချည်း မှောင်၍ နေ၏ ။ မှောင် ရုံသာ မဟုတ်သေး ၊ တိတ် လည်း တိတ်ဆိတ် လှ၏ ။


စောစောက ဟို တစ်ကွက် ဒီ တစ်ကွက် နှင့် တိုက်တန်းလျားများ ပေါ် မှ ထွက် နေသော မှိတ်တုတ်တုတ် မီးရောင်ကလေးများ သည် လည်း လုံးဝ ပျောက်၍ သွား လေပြီ ။


ယခု ဝန်ကြီးချုပ် ဖြစ် နေသော ကိုဗဆွေကြီး သည် မိုးမိုးမဲမဲ နှင့် မြင် နေရသော တိုက်ပျက်ကြီးများ ကို ကြည့်ကာ ပင့်သက် မှုတ်ထုတ် လိုက်၏ ။


“ အေးကွာ … ငါ က အဲဒါ ခက်နေတာ ၊ သူတို့ က စီးပွားရေးသမား ၊ ငါ က ဖြစ်ကတတ်ဆန်း ခြေသလုံး အိမ်တိုင် နေတဲ့ နိုင်ငံရေးသမား ၊ ဒါပေမယ့် သူ က ပြောပါတယ် ၊ ငါ လုပ်ချင် တာ လုပ်ပါ ၊ နေချင် သလို နေပါ ၊ သူ ကျေနပ်ပါ့မယ် တဲ့ ”


ထို့နောက် ခဏ ငြိမ် ကာ အသံ တိတ် သွားကြ ပြန်သည် ။ မှိတ်တုတ် မှိတ်တုတ် နှင့် နားထောင် နေကြပုံ ရသော ကြယ်ပြောင်ကလေးများ သည် အိပ်ငိုက် ၍ လာကြ ကာ မိုးသားများ ၏ အောက် သို့ လျှိုးဝင် ၍ သွားကြ ရှာလေပြီ ။


မိုးဖွဲကလေးများ ကျ၍ လာ၏ ။


ည ၏ အမှောင် တွင် မိုးရေ အရောင် ကြောင့် နက်ပြောင်လျက် ရှိသော ကတ္တရာစေး လမ်းမကြီး သည် အမှောင်ထု အတွင်းသို့ တိတ်ဆိတ် ငြိမ်သက်စွာ တိုးဝင် ၍ နေ၏ ။


အိမ်ရှေ့ ရှိ ကွင်းပြင်ကြီး ဆီ မှ ပြေးလွှား ကျော်ဖြတ်၍ လာသော မိုးသက်လေ သည် ရပ်နေသော လူ နှစ်ယောက် ၏ မျက်နှာ ကို ပက်ဖျန်း၍ သွား လေသည် ။


တစ်ယောက် က ပြော လိုက်၏ ။


“ ဘာဆိုင်လဲ ဗျ ၊ သူတို့ ဟာ သူတို့ စီးပွားရေးသမား ဖြစ်ဖြစ် ဘာ ဖြစ်ဖြစ် ကိုယ့် ဆီ ရောက်လို့ ကိုယ့် အလို လိုက်ပြီး ကိုယ် နဲ့ အဆင် ပြေရင် ပြီးတာပဲ မဟုတ်လား ၊ ယူ သာ ယူ ဗျို့ ၊ တော်တော်ကြာ လူ ဖြစ် လာပြီး မိန်းမ မယူဘူးခင် သေသွား မှ ဖြင့် လူ ဖြစ် ရှုံး နေ ဦးမယ် ၊ ခင်ဗျားတို့ ကျွန်တော်တို့ က သေချင် သေ ကုန်ကြမယ့် အကောင်တွေ ”


မိုးဖွဲကလေးများ ကြောင့် အတော် ရွှဲ လာကြပြီ ဖြစ်သဖြင့် နှစ်ယောက်သား အိမ် ပေါ် သို့ တက်လာခဲ့ ကြ၏ ။


“ ဟေ့ ... ဒါထက် မင်း … ကင်ပေတိုင် က အကောင်တွေ နဲ့ သွား တွေ့ပြီး ရှင်းလိုက်ပါလားကွ ”


“ ဟာဗျာ ... ဒါတော့ မဖြစ်နိုင်တာ ၊ ကျွန်တော် သတ္တိ ကြောင်တာ တော့ မဟုတ်ဘူး ၊ ဒါပေမယ့် ဒီ ကောင်တွေ နဲ့ တော့ မရှင်းဘူး ဗျ ၊ သူတို့ ကို ယုံလဲ မယုံဘူး ”


“ ဘယ် မင်းက ဒီလို တစ်ယူသန် လို့ ဖြစ်မလဲကွ ၊ မကောင်း တဲ့ အကောင်တွေ ထဲ မှာ ကောင်းတဲ့ ကောင်တွေ လည်း ရှိတာပေါ့ ၊ ငါ သိ သလောက် တော့ ကင်ပေဌာနချုပ် က အကောင်ကြီးတွေ ဟာ သိပ် မဆိုးပါဘူး ၊ မွန်မွန်ရည်ရည် ရှိပါတယ် ”


“ ဒါ ... ခင်ဗျား မပြတ်သားတာပဲ ၊ ကျွန်တော် က တော့ ဒီ ငပုတွေ ဟာ လူ အနေ နဲ့ စိတ် အကောင်း ရှိချင် ရှိပေမယ့် နိုင်ငံရေး အရ တော့ ဘယ်သူ့ အပေါ် ကို မှ ကောင်း မှာ မဟုတ်ဘူး ဗျ ၊ ရက်စက်ကြ ယုတ်မာကြ မှာ ချည်းပဲ ”


“ အေး ... ငါ က လဲ မင်း ကို အတင်း တိုက်တွန်း နေတာ မဟုတ်ပါဘူး ၊ မင်း သွားချင် မှ သွားပေါ့ ၊ မင်း ... သူတို့ နဲ့ တွေ့ပြီး မရှင်းနိုင်ဘူး ဆိုရင် ဒီလိုပဲ တစ်သက်လုံး ပြေး နေရမှာပဲ ”


“ ရှင်း လိုက်ရင် လဲ သူတို့ မျက်စိ အောက် မှာ တစ်သက်လုံး ခြေချုပ် နဲ့ နေ ရမှာ ၊ ဒီကြား ထဲ စိတ် မထင်ရင် အလွယ်တကူ အဖမ်း ခံရ အနှိပ်စက် ခံရ ဦးမယ် မဟုတ်လား ၊ မဟုတ်ဘူးဗျာ ၊ ဘယ်သူ့ အပေါ်  ဖြစ်ဖြစ် မယုံ လွယ်ရင် ကောင်းမယ် ၊ ဒီ အတိုင်း ဆိုရင် တစ်နေ့ ခင်ဗျား အတွက် စိတ်ပူ ရမယ် ”


“ နန့်မေကလိုး ... လီးချိန်း ... တော်ကွာ ၊ တော်ကွာ အိပ်မယ် ၊ မင်း ည ကျရင် ငါ့ အပေါ် မခွနဲ့ ...”


သို့နှင့် နှစ်ယောက်သား ခုတင် ကျဉ်းကျဉ်းလေး ပေါ် တွင် အိပ်ကြရသည် ။ ကိုဗဆွေကြီး ကား အိပ်ခါနီး ၌ ၁၅ မိနစ် ခန့် ပုတီး စိပ် ၍ နေတတ်၏ ။


ခပ်ဝေးဝေး ဆီ မှ သံရှည် ဆွဲ၍ အူ လိုက်သော ခွေး အူသံသည် နား ထဲ တွင် ခပ်သဲ့သဲ့ ကြား နေရာ မှ ပျောက်၍ သွားလေသည် ။


•••••   •••••   •••••


ရွှီ .. ဝုန်းဒိုင်း ဟူသော အသံ နှင့် အတူ လူးလဲ၍ ထ လိုက်သောအခါ ကိုဗဆွေကြီး သည် အပြင် ထွက် ရန် အဆင်သင့်  ဖြစ်နေ၏ ။ “ ကျွန်တော် ပါ လိုက်မယ် ” ဟု ပြောပြောဆိုဆို ပြေး ၍ ဆင်း လိုက်သွားသော အခါ သူ သည် စက်ဘီး ပေါ် သို့ ရောက် နေပြီး ဖြစ် လေသည် ။


“ ပေး … ကျွန်တော် နင်းမယ် ၊ ခင်ဗျား ထိုင် လိုက် ”


“ ဟေ့ကောင် … တက် …”


သို့နှင့် ကျွန်တော် သည် သူ့ ရှေ့ က ဘားတန်း ပေါ် တွင် ထိုင် လိုက် ရသည် ။


စတော့ဂိတ် ဘက် ဆီ သို့ တရကြမ်း နင်း လာခဲ့ကြ၏ ။ ကိုဗဆွေကြီး ၏ အသက် ရှူသံ ပြင်းပြင်း သည် ချွေးနံ့ နှင့် ရော၍ ပေါ် လာ၏ ။


လမ်း ဘေး ရှိ မိုးမိုးမဲမဲ အရာတို့ သည် တရိပ်ရိပ် နှင့် ကျန်ရစ် ခဲ့၏ ။


မိုးသက်လေ သည် နားရွက်ကလေးများ ကို တဝှီးဝှီး နှင့် တိုး နေ၏ ။


ကောင်းကင် မှ ရုတ်တရက် လင်း လာသော အလင်းရောင် အောက် တွင် တုတ်တုတ် မျှ လှုပ်ဖော် မရသော ဤ လမ်းမကြီး ပေါ် ၌ ဤ နှစ်ယောက် တို့ သာ လျှင် စက်ဘီး တစ်စီး နှင့် အပြင်း စီးနင်း လျက် ရှိကြရလေသည် ။


စွီ … ဟူသော အသံ နှင့် အတူ ဒုံးပျံ တစ်ခု သည် စက်ဘီး ၏ နောက် ဆီ မှ နေ၍ လမ်းမကြီး အတိုင်း ရှေ့သို့ ကျော်ဖြတ် ကာ ဖြတ်လမ်းလေးချိုး လောက် အကွာ တွင် လမ်းမကြီး ထဲ သို့ ဝင်ကာ မီးပွင့် ပေါက်ကွဲ ၍ သွား၏ ။


“ ဟ ... ဓာတ်ကြိုး ” ဟူသော အသံ နှင့် အတူ နှစ်ယောက်သား စက်ဘီး တခြား လူ တခြား ကျွမ်း ပြန်၍ သွား ကြ၏ ။


ကောင်းကင် မှ မီးကျည် ငြိမ်း သွား သဖြင့် မှောင် အတိ ကျ သွား၏  ။ မလှမ်းမကမ်း ရှိ ဗုံးခိုကျင်းများ ဆီ မှ ငိုသံ ၊ အော်သံများ ကို ခပ်သဲ့သဲ့ ကြား နေကြရ၏ ။


“ ဟေ့ကောင် … မင်း ဘယ်မလဲ ၊ ဘာမှ မထိဘူး မဟုတ်လား ၊ လာ လာ ဓာတ်ကြိုးတွေ ပြတ်ကျ နေတယ် သတိထား ” ဟု ပြောပြောဆိုဆို ပြေး သွားသော ခြေသံ ကို ကြားရ သဖြင့် ကျွန်တော် လည်း မှောင် ထဲ သို့ မှန်းကာ ပြေး ၍ လိုက်ရ၏ ။


ပြို နေသော ဗုံးခိုကျင်း တစ်ခု အဝ ပိတ်လျက် အထဲ တွင် ရေပိုက် ပေါက်ကာ ရေတွေ ဝင် ၍ နေလေသည် ။


ဗုံးခိုကျင်း ထဲ မှ ကလေး လူကြီးများ ငိုယို အော်ဟစ် နေကြ၏ ။ အချို့မှာ အော် ပင် မအော် နိုင် ရှာကြတော့ ။


ကျင်းဝ ရှိ မြေစိုင်ခဲကြီးများ ကို တွန်းဖယ် နေကြစဉ် ကား တစ်စီး ရောက် လာ၏ ။


ထို ကား သည် ကား ကိုဗဆွေကြီး ၏ ကေ,ဘို,တိုင် အဖွဲ့ တပ်သားများ ၏ ကား ပေတည်း ။


“ ဟေ့ … ထွန်းလွင် လား ဟေ့ ၊ မင်းတို့ ဘာလို့ ဒါလောက် နောက်ကျ နေရတာလဲ ၊ နောက် မှ ပြော ဒီမှာ မြန်မြန် လုပ် ”


သို့နှင့် နံနက် ၄ နာရီ အချိန် အထိ လူနာများ ကို ဆေးရုံ ပို့ ၍ အားလုံး ရှင်းလင်းပြီး မှ ပစ်ထားခဲ့သော စက်ဘီး ကို လမ်းမ ပေါ် ၌ ရှာဖွေ၍ နှစ်ယောက်သား တွန်း ကာ ခပ်ဖြည်းဖြည်း ပြန် လာ ကြသည် ။


“ စစ် ဖြစ်ရတာကွာ ... လူတွေ သနားစရာ သိပ် ကောင်းတာပဲ ၊ အခု သေတဲ့ လူ ဒဏ်ရာ ရ ကုန်ကြတဲ့ လူတွေ ဟာ စစ် နဲ့ ဘာမှ မဆိုင်ဘူး ”


“ ဒါကတော့ ဗျာ စစ် ဖြစ်တဲ့ နောက် လူ သေရမှာ ချည်းပဲပေါ့ ၊ ဆိုင်တယ် မဆိုင်ဘူး ဘယ် ဟုတ်မလဲ ”


“ မင်း က ဖက်,ဆစ် ပဲ ၊ အလကား အကောင် ... ”


သို့နှင့် စကား ပြတ်သွားကြပြီး အိမ် သို့ ရောက်ခဲ့ကြရသည် ။


အိမ် သို့ ရောက်သော အခါ သခင်ဗသိန်းတင် သည် အိမ်ရှေ့ ရှိ မြန်မာ လက်ဖက်ရည်ဆိုင် ကို နှိုး လျက် ကော်ဖီ အဆင်သင့် ပြင် စေကာ စောင့်နေ နှင့်သည် ။


“ ဘယ့်နှယ်လဲ ကွ ၊ ဘယ်တွေ ဘယ်တွေ ထိ ကုန်လဲ ”


“ မန္တလေးလမ်း ဘက် မှာ လူနည်းနည်း သေတယ် ၊ တချို့ ဒဏ်ရာ ရ ကုန်ကြတယ် ”


“ တောက် ... ဒီ စစ် မြန်မြန် ပြီးပါမှ ၊ မပြီး ရင် ဒီလိုပဲ သေနေကြမှာပဲ ”


ဤ အတွင်း ကိုဗဆွေကြီး က ကျွန်တော့် ဘက် ခေါင်း နှင့် ပြရင်း ပြော လိုက်လေသည် ။


“ ဒီကောင် က စစ် ဖြစ်ရင် လူ သေတာ မဆန်းဘူး တဲ့ ”


ကိုဗသိန်းတင် သည် ကျွန်တော့် အား ကြည့် ၍ ပြုံး လိုက်ပါသည် ။ ထို့နောက် ...


“ သူ က … သူရဲကောင်း ဝါဒသမား ပဲ ၊ ကဲ သူရဲကောင်းကြီး ကိစ္စ ကော ဘယ်လို စီစဉ်လဲ ”


“ ကျွန်တော် အသက် နဲ့ ကိုယ် နဲ့ တွဲ နေ လျက် နဲ့ တော့ ဒီ ကင်ပေတွေ နဲ့ အတွေ့ မခံဘူးလေ ”


“ ကောင်းတယ် … ကောင်းတယ် ၊ ကိုယ် လဲ ဒါပဲ ကြိုက်တယ် ၊ ဒီကောင်ကြီး က တော့ သွား တွေ့ပြီး ရှင်းစေချင်တယ် ၊ ကိုယ် က ဒီလို တစ်လွဲ သတ္တိ ကောင်း တာတော့ မကြိုက်ဘူး ၊ အေးလေ ... လွတ်လပ်ရေး ရပြီး ရင်တော့ မင်းတို့ ကိုယ်တို့ ဟာ ဒီလို ပြေး မနေရပါဘူး ”


ထိုအချိန်၌ ပင် လျှင် ကင်ပေ ဗိုလ်မှူးကြီးများ နှင့် နောက်လိုက် နောက်ပါ အချို့တို့ သည် မော်တော်ကား နှစ်စီး ဖြင့် လာ ကြကာ ဘိုလိန်းလမ်း ရှိ ကိုဗဆွေကြီး အိမ် ပေါ်သို့ တက် သွားကြ လေသည် ။


ကိုဗဆွေကြီး လည်း လက်ဖက်ရည်ဆိုင် မှ ထ ကာ အိမ် ပေါ် သို့ တက် လိုက်သွား၏ ။


ကျွန်တော် သည် ကိုဗသိန်းတင် ကို ကြည့်ရင်း နေရာ မှ ထ လျက် ပြုံး လိုက်မိပါသည် ။


ကိုဗသိန်းတင် က လက် ကို လှမ်း ပေးလိုက်၏ ။ ကျွန်တော် က ကိုဗသိန်းတင် ၏ လက် ကို ဆုပ်ရင်း ဖျစ်ညှစ် လိုက်၏ ။


“ လွတ်လပ်ပြီး ရင် တော့ မင်းတို့ ကိုယ်တို့ ဒီလို မနေကြရပါဘူးကွာ ”


ကျွန်တော် သည် ပြုံး ၍ မျက်တောင် ကို တစ်ချက် ခတ်ပြ လိုက်ပြီး နောက် ချာခနဲ လှည့် ၍ ထွက် ခဲ့ပါသည် ။


တော်လှန်ရေး အချိန် အတွင်း က ရင်းနှီးခဲ့ကြ ... တွေ့ခဲ့ကြ ... ပြောခဲ့ကြ ရ သော စကား အတိုအစကလေးများ ကား မေ့၍ မရနိုင်ပါ တကား ။


◾ရန်ကုန်ဘဆွေ


📖 မြဝတီ ၊ ၅/၅ 

      မတ် ၊ ၁၉၅၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment