Tuesday, November 21, 2023

ကတ်ကင်းဓာတ်


 ❝ ကတ်ကင်းဓာတ် ❞ 


“ နေပါဦး သူငယ်ချင်း ရဲ့ ၊ ဥသျှစ်ပင် က အသီး တစ်လုံး ကို မီးအုံးဖုတ် လိုက်ရင် အဲဒီ အပင် က သီး သမျှ အကုန် ကွဲအက်တယ် ။ တစ်ဖန် မီးအုံး ထား တဲ့ ဥသျှစ်သီး ကို ရွှံ့ပုပ် ထဲ မှာ ပြန် စိမ် ထားရင် အကောင်းတွေ သီး ပြန်တယ် ။ ဒါတွေ ယုံရဲ့လား ”


“ အေး .. ဘယ် သဘောရယ် လို့ တော့ မပြောတတ်ဘူး ။ လက်တွေ့ စမ်းဖူးလို့ ယုံတယ်  ”


ကိုဘသီ သည် ဓာတ်ဆရာ ယောင်ယောင် နှင့် ကိုအောင်စိန် အား ဓာတ်သဘာဝ များ ကို ရှင်းလင်း ပြောဆို နေ၏ ။ ကိုဘသီ ၏ မျက်နှာမှာ ခပ်ပြုံးပြုံး ဖြစ် နေ၍ ကိုအောင်စိန် ၏ မျက်နှာ မှာ ဟန်လုပ် ပြုံးရ သော်လည်း အတွင်းစိတ် မရွှင်ကြောင်း တစ်ခါ တစ်ခါ မျက်နှာငယ် သွားခြင်း ဖြင့် သိရှိနိုင်၏ ။ ၎င်းတို့ နှစ်ဦး မှာ အပျင်းပြေ စကား နှီးနှော ရယ်ရွှင်စရာများ ပြောဆို နေသည် မဟုတ် ။ ကိုအောင်စိန် မှာ ညားခါစ မယားချောကလေး အိမ် မှ စိတ်ကောက် ထွက်သွား သော ကြောင့် သူငယ်ချင်း ကိုဘသီ က ဓာတ်ရိုက် ပေးမည် ဟု ပြောရာ က အထက်ပါ အတိုင်း နှီးနှော နေခြင်း ဖြစ်၏ ။


“ အနောက်ဘက်လွန် မင်းတရားကြီး တောင်ငူ ကို တိုက်တော့မယ် ဆိုတော့ ဘားမဲ့ဆရာတော် ရဲ့ အစီအရင် အတိုင်း တောင်ငူ ရဲ့ ကက်ကင်းဓာတ် ငူတောင် နဲ့ နံတူ ( ခတက် ) ပင် တပ်စွဲတိုက် လို့ စစ်နိုင်တယ် ဆိုတာတော့ ရာဇဝင် မှာ မင်း တွေ့ဖူးမှာပေါ့  ”


“ အေး .. ဆရာတော် အမိန့်ရ ခက်လို့ ဒေါက်ချာ ကို ခေါင်း က ဖြုတ်ချတာ ပါ ဖတ်ဖူးပါတယ်  ”


“ မူလကျမ်းရင်း မှာ လက်ပံမြင်းလား ၊ မှတ်သားတစ်ခန်း ၊ ဖွဲကြမ်းကင်ပွန်း ၊ ဓာတ်ပြန်ညွန်း၏ တဲ့ ကွ ။ အဓိပ္ပာယ် က လက်ပံပင် ကို သူ့ ရဲ့ ဓာတ်ပြန် ဖြစ်တဲ့ မြင်းလား ရဲ့ အစွယ် နဲ့ ရိုက်ပေးရင် အပင် ပေါ် က အသီးတွေ တဖုတ်ဖုတ် နဲ့ ကြွေကျ တာပဲ ။ ပြီးတော့ ကင်ပွန်း ကို သူ့ ရဲ့ ဓာတ်ပြန် ဖြစ်တဲ့ ဖွဲကြမ်း အပင် ရင်း မှာ မီးရှို့ ထား ရင် အဲဒီ ဖွဲမီးခိုး နဲ့ အငွေ့ဓာတ် ထိတာ နဲ့ တစ်ပြိုင်နက် ကင်ပွန်းသီးတွေ တဖြုတ်ဖြုတ် ကြွေကျ တာပဲ ။ က ၊ ခ ၊ ဂ ၊ ဃ ၊ င တနင်္လာ ၊ စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည အင်္ဂါ ဆိုတဲ့ နံကောက် လည်း နားလည်တယ် မဟုတ်လား ”


" အေး .. အဲဒါလည်း နားလည်တယ် ၊ မင်း ပြောတာ စမ်းကြည့်ဖူးရဲ့လား ကွ ”


“ စမ်းကြည့်ဖူးတယ် ၊ အမှန်အဆို အတိုင်း တွေ့လို့ ငါ .. ဒီ ပညာ လိုက်စားတာပေါ့ ။ တချို့ က အင်္ဂလိပ်စာ တတ် မှော်ရူး လို့ ငါ့ ကို လှောင်ကြတာ ၊ ပညာ ရဲ့ အဆီအနှစ် မသိကြလို့ပေါ့ ”


ကိုအောင်စိန် ကား ကိုဘသီ အား သက်တူရွယ်တူ ကျောင်းနေဖက် ၊ ဆဲမနာ ဆိုမနာ သူငယ်ချင်း ဖြစ်စေကာ မူ ဆရာ တစ်ဆူ ကဲ့သို့ ကြည်ညိုချင် စိတ် ပေါက် လာဟန် တူ၏ ။


“ လူတွေ မတော်တဆ သေကြ ၊ ဆရာဝန် က ရောဂါ ရှာ မတွေ့ရင် နှလုံးရောဂါ လို့ ဆုံးဖြတ်ကြတာဟာ စင်စစ် ဓာတ်ခိုက် ၊ ဓာတ်ငုတ် ၊ ဓာတ်အဖြေ နားမလည်လို့ ကွ ။ အချို့ ရောဂါသည်တွေ ဟာ အစား မှားပြီး ရောဂါတိုး ၊ ဖြေဆေး မသိ သေကြတာပဲ ။ ဥပမာ - နွားသား စား မိလို့ ရောဂါ တိုးတယ် ဆိုပါတော့ ။ နွား ဆိုတဲ့ စနေနံ ရဲ့ ဆပွတ်နံ ဟာ ကြာသပတေး ဖြစ်တော့ “ ဘူး ” ရွက် ကို ကျို တိုက်ရင် ပျောက်တယ် ကွဲ့ ။ အဲဒီ နည်း အတိုင်း ကြံရည် ကျွဲသား ကြောင့် ဖြစ်ရင် ဒန့်သလွန် အရွက်အခေါက် ကျို တိုက် ၊ မြေပဲကြောင့် ဆိုရင် ဆီးမြစ်ကို တိုက် ၊ အဲသလို ကု ရတယ် ။ ကျမ်းရင်း မှာ “ သူ့ ကို နိုင်လို ၊ ဆ - နှင့် ခို လိုရာဆေးဖော် သုံး ” လို့ ညွှန်းထားတာပဲ ။ ကဲ ကဲ .. ကက်ကင်းဓာတ် ဖွင့်ကြဦး စို့ ”


ကိုဘသီ သည် ကုန်လုနီး သော စီးကရက်တို ကို ပြာခံခွက် ထဲ သို့ ပစ်ချ ကာ ကိုအောင်စိန် ၏ အမူအရာ ကို အကဲခတ် ကြည့်ရှုရင်း....


“ အင်း ၊ ဝ ၊ ရှင် ၊ ငယ် ၊ နံ့ ၊ သာ ၊ ဆောင် ၊ ပါ ... ။ ဒါဟာ အရပ် ရှစ်မျက်နှာ ကို အနောက်တောင် အရပ် က စပြီး နံသင့် ကောက်ယူပြီး ချ ရ မှာပဲ ။ ဒီလို ချ လိုက်ရင် တနင်္ဂနွေသားသမီး အနောက်တောင် ၊ ဗုဒ္ဓဟူးသားသမီး မြောက် ၊ ရာဟုသားသမီး အရှေ့မြောက် ၊ အဲဒီလိုဖြစ်မှာပဲ "


“ ဒါတွေကျတော့ သိပ် နားမလည်ဘူး ကွာ ၊ ဓာတ်ရိုက် ဖို့ ပြောပါတော့ ”


"ဒီလိုကွာ .. မမသန်း က ကြာသပတေးသမီး မဟုတ်လား ။ အခု သွား နေတာက ဒလ ဘက်ဆိုတော့ ဒလ ရဲ့ ကက်ကင်းဓာတ် ရင်းတိုက်ပင် စိုက် ရမယ် ”


“ နေပါဦး သူငယ်ချင်း ရ ။ ဒလ ရဲ့ ကက်ကင်းဓာတ် ဟာ လဒ ကော မဖြစ်နိုင်ဘူးလား ၊ လင်းတ တစ်ကောင် လောက် ဖမ်းပြီး စီရင်ရင် ကော ”


“  မပြောတတ်ဘူး ၊ သူ့ ကျမ်း က တော့ ရင်းတိုက် ညွှန်း ထားတယ် ”


“ အပင် မှ လားကွာ ၊ ပုလိပ်နံပါတ်တုတ် လည်း ရင်းတိုက်သား တွေ ပဲ ။ အဲဒါ သုံးရင် ကော ”


“ အပင် ပါ ဆိုမှကွာ ၊ ငါ ရှာပြီး လုပ်ပေးပါ့မယ် ။ အဲဒီ ရင်းတိုက်သား ကို မင်းတို့ အိမ် ရဲ့ အနောက်ဘက် ၄ - ၅ လံ ကွာ မှာ စိုက်ထား ရမယ် ။ ဘာပြုလို့လည်း ဆိုတော့ ကြာသပတေးသမီး ရဲ့ မူလ အရပ် က အနောက်အရပ် ကိုး ကွ ” 


ကိုအောင်စိန် သည် အံ့ဩသော အမူအရာ နှင့် ကိုဘသီ ၏ မျက်နှာ ကို ကြည့် နေလေ၏ ။


“ အို ... ဘာပြုလို့လဲ ၊ မင်း မယုံလို့လား .. စမ်းကြည့်တာ ဘာ လွန်သလဲ ”


“ ငါ မယုံလို့ မဟုတ်ပါဘူး ၊ မင်း လည်း ငါ နေတဲ့ ဝါးခယ်မလမ်း ကို ရောက်ဖူးသားပဲ ၊ ငါ့ အိမ် က အရှေ့ အနောက် တန်း ပြီး နေတာ ၊ တစ်အိမ် နဲ့ တစ်အိမ် က လည်း အမိုးချင်း ထိကပ် နေတာ ။ အနောက်ဘက် ၄ - ၅ လံ ကွာ ဆိုတော့ ဘယ့်နှယ်လုပ် စိုက် မလဲ ”


ကိုဘသီ သည် ခဏမျှ ငိုင်သွား ပြီး လျှင် ကိုအောင်စိန်အား ဆက်ခနဲ ကြည့်ကာ


“ အေးကွာ .. ရန်ကုန် မှာ ဆိုရင် ဓာတ်ရိုက်ဆရာတွေ အကျပ် ပဲ ။ အခု မင်း အိ မ်က စမ်းချောင်း ထဲ မို့ မြေကြီး တွေ့ သေးတယ် ၊ မြို့လယ်ခေါင် ဆိုရင် အခက်ပဲ ။ ဒီလို လုပ်ကြစို့ကွာ .. အိမ် အောက် ... အနောက်ပိုင်း မှာ စိုက်ကြည့်တာ ပေါ့ ”


"မင်း သဘောပဲလေ ... စမ်းကြည့်တာပေါ့ ။ ဒါပေမဲ့ ဒီ့ပြင် လူတွေ မင်း မပြောရဘူး နော် ”


"ကဲ ... သွားမယ်ကွာ ၊ အိမ် ခိုင်းတဲ့ ကောင်မလေး တစ်ယောက် တည်း ရယ် ၊ ဟို အဒေါ်ကြီး က ဈေး သွားချင် သွားနေမှာ ” ဟု ၉ နာရီ ထိုးခါ နီးသော နာရီ ကို ကြည့်ကာ ၊ ကိုဘသီ အိမ် မှ ဆင်းသွား လေ၏ ။


“ ဟေ့ ... မမြသန်း ၊ တော်တော့ကွာ ။ တဖျစ်တောက်တောက် နဲ့ မပြီးနိုင်တော့ဘူး ”


“ ပြောမှာပေါ့ ... ရှင် က... ပြောစရာ လုပ်တာကိုး ၊ ကျွန်မ မို့ ဒီလောက်သာ ပြောတာ ” 


“ မင်း ကို နားလည်အောင် ရှင်းပြပကော ကွဲ့ ။ မင်း ဟာ မင်း သည်း နေတော့တာပဲ ”


“ ကျွန်မ ... မိန်းမ လက်ရေး နဲ့ စာ တစ်စောင် လာတုန်းက မယုံပါဘူး ။ အခုတော့ ... သက်သေသက္ကာယ နဲ့ မိနေဖြင့် ဟာ ... မဟုတ်ဘူး ဆိုတိုင်း ယုံရမှာလား ”


လင်မယား နှစ်ဦး ကား စကား စစ်ထိုး နေကြလေ၏ ။ ကိုအောင်စိန် ကား ပုလိပ်ရုံး အဆောက်အအုံ ရှိ ဟံသာဝတီရုံး တွင် စာရေးကြီး တစ်ယောက် ဖြစ်၏ ။ ၎င်း မှာ မကြာခဏ အထက်အရာရှိ နှင့် တော တက်ရာ သို့ လိုက်ပါ သွားရ၏ ။ ဤ စကား များသော အချိန်၌ မူ ကိုအောင်စိန် ၏ အိပ်ရာလိပ် ထဲ မှ ဝါးဘီး ၊ အခင်း ခေါင်းအုံး တွင် သနပ်ခါး ပေါင်ဒါများ လူးနေခြ င်းကို အိပ်ရာလိပ် ဖြေစဉ် မမြသန်း တွေ့ရသော ကြောင့် ဆူပူ နေခြင်း ဖြစ်၏ ။


ယခင် တစ်ကြိမ် က လည်း -


“ ကိုကို သည်တစ်ခါ တော တက် လာရင် ပုံဒီယာ ပေါင်ဒါ တစ်ဘူး ၊ ဂျော်ဂျက်လုံချည် ၊ ဇာဘော်လီ ၃ ထည် ဝယ်ခဲ့ပါနော် ” စသော မိန်းမ လက်ရေး နှင့် စာ တစ်စောင် ရဖူးသောကြောင့် ပွက်ပွက်ဆူ နေခြင်း ဖြစ်၏ ။


“ မင်း ဟာ ... သိပ် ခက်တာပဲ ၊ ဒီ ရုံး မှာ ကိုလှဖြူ ဆိုတဲ့ လူ တစ်ယောက် ရှိတယ် ။ ဒီလူ  က အလွန် နောက်တဲ့ လူ ၊ ငါ ပြန်လာတော့ အိပ်ရာလိပ် နား မှာ သူ ရှိတယ် ။ ငါ လက်ဖက်ရည် သောက် ထွက်တုန်း သူ ကြံကြံဖန်ဖန် ဘီး တို့ ၊သနပ်ခါးမှုန့် တို့ ထည့် လိုက်မှာပဲ ”


“ ရုံးတက် နေတဲ့ လူ တစ်ယောက် က ဒါတွေ ... ဘယ် က ရမှာလဲ ”


“ အရင် က လည်း စာရေး တစ်ယောက် သားရေသေတ္တာ ထဲ ဆံစု တစ်ခွေ သူ ထည့် လိုက်လို့ ရန်ဖြစ် လိုက်ကြတာ ... တို့တစ်တွေ လိုက် ရှင်း ပေးရတယ်  ”


“  အလကားပါ .... ဒါ က .. ရှင် က ဆင်လုံးတွေ ပြောနေတာပါ ”


“  မယုံရင် ကိုလှဖြူ ကို ခေါ်မေး ကြည့်ပါလား ၊ အမှန် သိမှာပေါ့ ။ တကယ်လို့ သာ ငါ ...မ ယားငယ် ထားရင် မင်း ဆူတာ ပြုံးဖြဲဖြဲ နဲ့ ခံ နေမှာပေါ့  ”


“ ပြုံးဖြဲဖြဲ နေ လည်း ဒီ က အေးမှာလား ၊ အစက တော့ ... မင်း အပြင် ဘယ်သူမှ မချစ်ပါဘူးလေ ၊ တစ်မိုးအောက် တစ်ယောက် ပဲ မှတ်တယ်နဲ့ .. ခုတော့ တကတဲ ... ”


“  တော်ကွာ .... ကဲ ... မယားငယ် ယူတယ်ဟေ့ ဘာဖြစ်သလဲ ၊ ဘာ တတ်နိုင်သလဲ ”


“ အခုလို ပြောင်ပြောင် ဝန်ခံပါလား ။ ဒီတော့ ... ကျွန်မ က လည်း ရှင် နဲ့ ကွာပြီး ယောက်ျားတစ်ယောက် ယူ ပြီး ပြ လိုက်မှာပေါ့  ”


ကိုအောင်စိန် သည် ထို အသုံးမျိုး ကို မခံနိုင်တော့ချေ ။ ဒေါသ တချောင်းချောင်း ထွက်လာသကဲ့သို့ ထင်ရ၏ ။ အံသွားကြီး ကြိတ်လျက် ...


“ မင်း လည်း မကွာဘူး ၊ ငါ ... မယားငယ် နဲ့ လည်း နေမယ် ...ကိုင်း သိရဲ့လား ”


“ အံမာ ... မကွာလည်း လင်ငယ် နေ လိုက်မှာပေါ့ ၊ သူတို့ မယားငယ် နေတော့ ဘာမှ မပြောရဘူး ။ မယား လင်ငယ် နေတော့ အယုတ်မ ဘာမ နဲ့ ဘာ တရား တဲ့ ယောက်ျားတွေ လဲ ”


“ တရားတယ် ... တရားတယ် ၊ ယောက်ျား ကောင်း မိန်းမ တစ်သောင်း တဲ့ သိရဲ့လား ”


“ အို ... မိန်းမခင် ရင် လည်း လင် တစ်သိန်း တဲ့ ၊ ကဲ ... ဘာဖြစ်သေးလဲ ယူပြ လိုက်မယ် ”


ကိုအောင်စိန် ကား စိတ် ကို မချုပ်တည်း နိုင်တော့ချေ ။ မမြသန်း ရှိရာသို့ အပြေးကလေး သွား ပြီးလျှင် ဆံပင် ဆွဲ ကာ ဖနောင့် နှင့် ပေါက်မည် လုပ်ပြီး မှ ခြေလွန်မည် စိုး၍ လက်ဖနောင့် ဖြင့် ကု,လားထု ၃ - ၄ ချက် ထု လေ၏ ။


“ လုပ် .. လုပ် ... သေအောင်လုပ် ၊ သူ က လည်း မယားငယ် နေသေးရဲ့ လူ လည်း ရိုက်သေးရဲ့ ။ အမယ်လေး အမေ ရဲ့ အမေ့ သမီး ဖြစ်ပုံ ကို မြင်လှည့်ပါဦး ” ဟု မမြသန်း သည် အော်ဟစ်ငိုကြွေးကာ တဖျစ်တောက်တောက် ပြောဆို နေလေ၏ ။ ကိုအောင်စိန် မှာ ရုံး သွားစရာ ကိစ္စရှိ သဖြင့် အဝတ်အစားများ လဲ ကာ ထွက်ခွာ ခဲ့လေ၏ ။ ညနေ အိမ်ပြန် လာသော အခါ၌ ကား မမြသန်း ကို မတွေ့ရတော့ချေ ။ အစေခံမလေး ပြောပြ သဖြင့် သူ့ မိဘ ရှိရာ ဒလ ဘက် သို့ ပြန် သွားကြောင်း သိရလေ၏ ။ ကိုအောင်စိန် ၌ ကား တွေ့နေကျ ၊ မျှော်နေကျ ဇနီးသည် ကို မတွေ့ရ သဖြင့် စိတ် ထဲ တွင် ဟာ သွား လေ၏ ။ ည အချိန်၌ မူကား ပို၍ပင် လွမ်းဆွတ် အမှတ်ရ လေ၏ ။ သို့ရာတွင် သူ့ မိ ဘက ပြန်၍ ပို့ လိမ့်မည် ဟု ၂ ရက် တိုင်တိုင် စောင့်စား ခဲ့ရာ မပေါ်လာတော့ မှ သူငယ်ချင်း ကိုဘသီ ၏ အိမ် သို့ တနင်္ဂနွေနေ့ တွင် သွားရောက် တိုင်ပင်ခဲ့ခြင်း ဖြစ်လေ၏ ။


ဤ လင်မယားကွဲခန်း ၌ ကိုဘသီ နှင့် ကိုလှဖြူ တို့ ဇာတ်ရှုပ် ကို မထည့် လျှင် မဖြစ်ချေ ။ ကိုဘသီ သည် ကိုအောင်စိန် နှင့် မမြသန်း တို့ ချစ်ခင်ကြပုံ ၊ တစ်ဦး ကို တစ်ဦး အလို လိုက်ကြပုံ ကို ကိုလှဖြူ အား ပြောပြ ဖူး၏ ။ ကိုလှဖြူ က လည်း ကိုအောင်စိန် ၏ ဇာတာ မှာ ပဌဏီအိမ် တွင် ဥပဒ် ကြိုက်ပြီး ၊ အင်္ဂါနဝင်း စီး နေ၍ အောက်လူများ နှင့် စကား များတတ်ကြောင်း ၊ မယားဂြိုဟ် ဖြစ်သော မူလ သောကြာဂြိုဟ် ပေး သို့လည်း ကောဇာအင်္ဂါဂြိုဟ်စီးနေ၍ လင်မယား ၇ - ရက် အတွင်း ကွဲကိန်း မြင်ကြောင်း ပြောပြ ရာ ...


“ ဟာ ... ခင်ဗျား က လည်း ၊ ဗေဒင် ယုံနေလို့ အလကားပါဗျာ ... မဖြစ်နိုင်ပါဘူး ”


“ ကိုင်း ... လောင်းမလား ၊ ဂျွန်နီဝါကား ကွပ် တစ်လုံး ကြေး လေ ”


ကိုဘသီ သည် ကိုလှဖြူ ၏ အကျင့် ကို သိ၏ ။ သို့ရာတွင် မမြသန်း မှာ အတော် စိတ် ရှည်၍ သည်းခံနိုင်သူ ဖြစ် သဖြင့် ကိုလှဖြူ ဉာဏ်ဆင် စေကာမူ မယုံကြည်တတ်ရာ ။ ယုံကြည်သည် ထားဦး ၊ သည်းခံ ဖျောင်းဖျ လိမ့်မည် ဟု ထင်ခဲ့လေ၏ ။ သို့ရာတွင် မိမိ ထင် သကဲ့သို့ မဟုတ် ၊ တကယ်ပင် ကွဲသွားကြောင်း ကို ကိုအောင်စိ န်လာရောက် မတိုင်ပင်မီ တစ်ရက် မနက်ခင်း က ပင် သိရှိ၍ ထို ညနေ တွင် ဝီစကီဖိုး ၈ိ ကျော် မိမိ က စိုက်ထုတ် ပေး၍ နှစ်ယောက် အပြင် အခြား အဖော် တစ်ယောက် ပါ တိုက်လိုက်ရ၏ ။ ကိုဘသီ မှာ ကိုလှဖြူ အား ကလဲ့စား ချေလို သဖြင့် မိမိ က လည်း ဓာတ်ရိုက် ပညာ ဖြင့် ပြန်ခေါ်မည် ။ ၂ ရက် အတွင်း ပြန်လာ ရမည် ၊ မလာ က ၁ဝိ တန် အိတ်ရှော့ တစ်လုံး တိုက်မည် ၊ မမြသန်း ပြန်လာ က ကိုလှဖြူ က တိုက်ရန် လောင်းကြ ပြန် လေ၏ ။


ကိုဘသီ စိတ်ကူး ၌ ကိုလှဖြူ ကလိမ်ကျ ကြောင်း မမြသန်း အား ရှင်း ပြောက ချက်ချင်း ပြန်လာမည် ဟု ထင်ခဲ့၏ ။ ကိုအောင်စိန် ပြောချက် အရ မူ ဝိုင်း ညာ ပေးကြတာပဲ ဟု တွေးစရာ ဖြစ် နေ၏ ။ မမြသန်း ယုံမည် မဟုတ် ၊ ကိုလှဖြူ ကိုယ်တိုင် ပင် ဘုရားကျိန် ကျမ်းကျိန် ၊ ယုတ္တိယုတ္တာ နှင့် အတော် ရှင်းယူရမည် ဖြစ်ကြောင်း ကို တွေးမိ လေ၏ ။ ကိုဘသီ မှာ လူနောက် ကိုလှဖြူ အား စိတ် မဆိုးသာ ။ လင်မယား ကွဲနေသော သူငယ်ချင်း အား သနား ၊ လောင်းကစား ရာ တွင် နိုင်ချင် ၍ ထို တနင်္ဂနွေနေ့ မှာ ပင် ဒလ ဘက် သို့ ကူး သွားကာ ....


“ ကိုအောင်စိန် မှာ မမြသန်း ထွက်သွား ပြီး နောက် အဆိပ်သောက် လို့ ဆေးရုံ ရောက်နေတယ် ၊ ခုလည်း ကယောင်ကတမ်း နဲ့ မမြသန်း ကို တ နေတာပဲ ” ဟု မျက်နှာ အမူအရာ ဟန်ပါပါ နှင့် ပြောလိုက်ရာ  မမြသန်း မှာ အစ ပထမသော် မျက်နှာ ပျက် သွားပြီး ခြေလှမ်း မှားမည် ကဲ့သို့ ဖြစ်ပြီး မှ ...


“ ဪ .. ဟုတ်လားရှင် ၊ ကိုဘသီ ခဏကလေး စောင့်ပါဦး ” ဟု အိမ် ပေါ် မှ ခပ်သွက်သွက် ဆင်းသွား လေ၏ ။ ၁ဝ မိနစ် ခန့် ကြာ လျှင် ပြန် ရောက် လာ၍ ....


“ ရှင် လည်း တစ်ကျိတ်တည်း တစ်ကြံတည်းပေါ့ ၊ သွား .. သွား ... ရှင် လည်း မလာခဲ့နဲ့ ၊ ကျွန်မ ကို ကိုလှဖြူ က မနက် စောစော က ပဲ .. သတိပေး သွားတယ် ။ ကိုအောင်စိန် ဟာ ကိုဘသီ နဲ့ တစ်ကျိတ်တည်း တစ်ကြံတည်း ၊ အသည်းအသန် ဖြစ်တယ် ၊ ဘာဖြစ်တယ် ၊ ဆေးရုံ ရောက်နေတယ် ဆိုရင် တယ်လီဖုန်း နဲ့ မေး ဆိုလို့ ဆေးရုံကြီး လှမ်း မေးတော့ ရှင် လာ ညာ သိရတယ် ” ပြောလိုက်ရာ ကိုဘသီ မှာ မည်သို့မျှ မတတ်နိုင်ဘဲ လက်လျှော့ ပြန် လှည့်ရလေ၏ ။


“ မမြသန်း ပြန် ရောက်ရမည့် နေ့ မှာ အင်္ဂါနေ့ ဖြစ်၏ ။ အင်္ဂါနေ့ မှ မရောက် လျှင် ဗုဒ္ဓဟူးနေ့တွင် ၁ဝိ တန် အရက် ကိုဘသီ က ဒကာ လုပ်ရမည် ဖြစ်သည် ။ တနင်္ဂနွေနေ့ က မိမိ စီမံထားသော ရင်းတိုက်ပင်ကလေး သည် ကိုဘသီ အား အကူအညီ မရ ။ နောက်ဆုံးတွင် အကြံပိုင် သော ကိုလှဖြူ အား ကိုဘသီ သည် အိတ်ရှော့ တစ်ပုလင်း ကို အောင့်သက်သက် နှင့် တိုက်လိုက် ရ လေ၏ ။


ကိုလှဖြူ ကား သို့စဉ်မှ နောက်ပြောင် သူ ဖြစ်ပေတော့၏ ။ ၎င်းမှာ ကား မထောင်း တာ ၊

ဓာတ်ဗေဒင်ဆရာ တို့ မှာ ကား အတော် ခံရ ခက်မည် ။ အိတ်ရှော့ သောက်ရပြီး နောက် တစ်ရက် တွင် ကား မိမိ အရက် သောက်ချင် ၍ ကြံရပုံ ၊ ဘီး ဘယ် က ရ၍ ၊ သနပ်ခါး ဘယ်သူ သွေးပေး သော အမှုန့် ကို ထည့် လိုက်ကြောင်း ၊ မျက်မြင်သက်သေများ နှင့် တကွ ရှင်းပြသော်လည်း ကိုအောင်စိန် ကား ကိုလှဖြူ တွေ့ တိုင်း ကတ်ကြေးကိုက် နှင့် တွေ့ သူ ကဲ့သို့ အထူး သတိထား နေရလေ သတည်း ။


◾ မဟာဆွေ


📖 ကြီးပွားရေး မဂ္ဂဇင်း

      ၁၉၄ဝ ၊ ဩဂုတ်လ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment