❝ လေထန်ကုန်း လက်သည်များ ❞
ဒီ အကြောင်း ကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေခဲ့မိ၏ ။ အရေး မပါလောက်ဘူး ဟု ထင်သောကြောင့် ဖြစ်၏ ။
သို့ရာတွင် အစဖော် သူများ ရှိလာ သဖြင့် ပြန်လည် စဉ်းစား သုံးသပ်ရပါတော့သည် ။
တစ်လောက အင်တာဗျူးဂျာနယ် မှာ အယ်ဒီတာများ ၏ တာဝန်ပေးချက် အရ ဆိုပြီး တူးတူးသာ ဆိုသော မိန်းကလေး ကျွန်တော့် ဆီ ရောက် လာသည် ။ သူ နှင့် ကျွန်တော် မှာ နဂိုကတည်း က သိကျွမ်း ပြီးသား ဖြစ်၏ ။ သူ သည် ကာတွန်းဆရာ အနောင် ၏ သမီး ဖြစ်ပြီး ဆရာအောင်ပြည့် ၏ တူမ လည်း ဖြစ်၏ ။ သူ က မေးစရာလေး ရှိလို့ပါ ဟု ဆို၏ ။
ကျွန်တော် သည် ခု နောက်ပိုင်း မှာ အင်တာဗျူးတွေ ကို ရှောင်လေ့ ရှိသည် ။ ပြောစရာ ထွေထွေထူးထူး လည်း မရှိလှ ။ ထူးထူးခြားခြား ရှိလာလျှင် လည်း ဂျာနယ်တွေ မှာ ဆောင်းပါး ရေးပြီး တင်ပြလို့ ရသောကြောင့် လည်း ဖြစ်၏ ။
ခု တစ်ခါတော့ မဗျူး လို့ မဖြစ်သည့် အခြေအနေ ။ တူးတူးသာ က ယခု လာရောက်ရသည့်ကိစ္စ မှာ သူ ၏ ဂျာနယ်သမား ဘဝ တွင် ပထဦးဆုံးသော အားထုတ်ကြိုးပမ်းမှု ဖြစ်ပါသည် ဟု ဆို၏ ။ ကျွန်တော့် အနေဖြင့် တက်ကြွ နေသော မျိုးဆက်သစ် လူငယ် တစ်ယောက် ၏ ပွဲဦးထွက် အတွေ့အကြုံ ကို အလဲလဲ အပြိုပြို တပ်လှန့် သွားတာမျိုး မဖြစ်စေချင် ။ ပြီးတော့ သူ က အင်တာဗျူး ဆိုသော်လည်း အားလုံးပေါင်း မှ မေးခွန်း တစ်ခုတည်း သာ မေးမှာပါ ဟု ဆို၏ ။
ဒီ မေးခွန်း က လည်း တစ်ခု ဆို ဆိုသလောက် ပါပဲ ။ သာမန် အားဖြင့်တော့ ဘာမှ အရေးကြီးသော ကိစ္စ မဟုတ် ။ စာပေလောက အတွက် လည်း သိပ် အကျိုးရှိတယ် လို့ မဆိုသာ ။ သို့တိုင်အောင် စာပေသမား အားလုံး နှင့် သက်ဆိုင် နေသည် ။ အထူးသဖြင့် နယ် က စာပေဝါသနာရှင်များ ၊ စာဖတ်ပရိသတ်များ စိတ်ဝင်စားကြသော ကိစ္စ ဖြစ်နေ၏ ။
ဒီတော့ ကျွန်တော် ဖြေ မှ ဖြစ်မည် ။
သူ့ မေးခွန်း က တော့ ...
“ ရန်ကုန်မြို့ သုံးဆယ့်သုံးလမ်း ရှိ စာပေသမားတို့ စုဝေးရာ လက်ဖက်ရည်ဆိုင်ကလေး ကို “ လေထန်ကုန်း ” ဟု ကျွန်တော် ( မင်းလူ ) က စတင် ကင်ပွန်းတပ် အမည် ပေးခဲ့သည် ဟု သိရကြောင်း ၊ ဘယ်လို စိတ်ကူး ၊ ဘယ်လို အကြောင်း နဲ့ ဒီ အမည်ကို ပေးခဲ့ခြင်း ဖြစ်ပါသလဲဆိုတာ သိလိုပါ သတဲ့ ”
••••• ••••• •••••
စာရေးဆရာများ သည် ကိုယ်ပိုင် ရုံးခန်းများ မှာ စတိုင်ကျကျ ထိုင်နိုင်ကြသူများ မဟုတ်ကြပါ ။ အများစု မှာ ရုံးခန်း မပြောနဲ့ ။ အိမ်ခန်း တောင် ကောင်းကောင်း ငှား နေနိုင်ကြသူများ မဟုတ် ။
စာရေးဆရာများ အနေဖြင့် စာပေကိစ္စ အတွက် မြို့ ထဲ ထွက်၍ သွားလာလှုပ်ရှား နေကြပြီးလျှင် အပန်းဖြေ နားနေရန် နေရာ တစ်ခု လိုသည် ။ အချင်းချင်း ချိန်းဆို တွေ့ဆုံနိုင်ရန် စုရပ် တစ်ခု လိုသည် ။
တချို့ကတော့ မဂ္ဂဇင်းတိုက် တွေ မှာ ဆုံကြ ၊ နားကြ၏ ။ သို့ရာတွင် မဂ္ဂဇင်းတိုက် တော်တော်များများ က နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိ ။ တိုက်ခန်းကျဉ်းကျဉ်းကလေး ထဲ မှာ အယ်ဒီတာများ ထိုင်ကြရခြင်း ဖြစ်၏ ။ ဧည့်သည်တွေ အတွက် ကုလားထိုင် အနည်းငယ် သာ ရှိ၏ ။ မဂ္ဂဇင်းတိုက် ဆိုတော့ လူ အဝင်အထွက် များသည် ။ ကိုယ် က အလိုက်ကန်းဆိုး မသိဘဲ တစ်ချိန်လုံး ထိုင်နေလို့ ဖြစ်တာ မဟုတ် ။
ဒီတော့ လက်ဖက်ရည်ဆိုင်တွေ ကို သာ အားကိုးကြရသည် ။ လက်ဖက်ရည်ဆိုင် ဆိုရာမှာလည်း လက်ဖက်ရည် ကောင်းတာ ၊ မကောင်းတာ အရေးမကြီး ။ ဆိုင်ရှင် သဘောကောင်းဖို့ သာ အရေးကြီးသည် ။ စာရေးဆရာတွေ က ငွေ ဖြုန်းနိုင်သူများ မဟုတ်ကြ ။ စာမူခ ရလာတဲ့ လူ က ရေးဖော်ရေးဖက်များ ကို ပြုစုတဲ့ အခါမျိုး မှာ သာ ပွဲတော်ကြီး ဖြစ်နိုင်သည် ။ ( ဒါတောင် ညနေ ယမကာဝိုင်း အတွက် အဓိက ထား ချန်ထားရဦးမည် )
များသောအားဖြင့် တော့ လူ လေးငါးခြောက်ယောက် ဝိုင်း ထိုင်ပြီး လက်ဖက်ရည် က နှစ်ခွက် လောက် ပဲ မှာ ၊ ဆေးလိပ် တစ်ဗန်း မှာ ပြီး ရေနွေး တစ်အိုး ပြီး တစ်အိုး မှာ သောက်ရင်း တစ်နေကုန် ထိုင်ကြသည် ။ တစ်ခါတစ်လေ ဘယ်သူ့ ဆီ မှ ပိုက်ဆံ မပါသဖြင့် လက်ဖက်ရည်မမှာသေးဘဲ ဒကာ ကို မျှော်ရင်း ထိုင် စောင့်ချင် စောင့်ကြသည် ။ ဒီအခါမျိုးမှာ ဆိုင်ရှင် က ရေနွေးကြမ်းအိုး အလိုက်သိစွာ ဖြည့် ပေးရသည် ။ ဒီကြားထဲ ဘယ်သူ လာရင် ဒီ စာအုပ်လေး ပေးလိုက်ပါ ဆိုတာမျိုး ၊ ဘယ်သူ လာရင် လေးဆယ့်ခုနစ်လမ်း ဆိုင် လိုက်ခဲ့ပါလို့ ပြောပေးပါ ဆိုတာမျိုး စာရေးဆရာ တို့ ၏ အချိန်းအချက် ကိစ္စတွေ ကူညီ ဆောင်ရွက် ပေးရသေးသည် ။ သိပ် ရင်းနှီး လာလို့ လက်ဖက်ရည် အကြွေး သောက်တာ ၊ ဆေးလိပ်ဖိုး မှတ်ထား ရတာ တစ်ခါတစ်လေ ပိုက်ဆံ တောင် ပြန် ချေးရတာမျိုး ရှိသေးသည် ။
ဒီလို စာရေးဆရာတွေ အပေါ် နားလည် သည်းခံတတ်သူ လည်း ဖြစ်ရမည် ။ ဆိုင် က လည်း အရိပ်အာဝါသ ကောင်းကောင်း ကျယ်ကျယ်ဝန်းဝန်း လွတ်လွတ်လပ်လပ် ရှိမည် ။ သွားရေးလာရေး လည်း အဆင် ပြေမည် ။ မဂ္ဂဇင်းတိုက်များ ၊ စာအုပ်တိုက်များ နှင့် လည်း နီးမည် ဆိုလျှင် စာပေသမားတွေ ဆုံစည်းရာ လက်ဖက်ရည်ဆိုင် အဖြစ် ဂုဏ်ယူပေတော့ ။ ဒါမှမဟုတ် နာပြီသာ မှတ်ပေတော့ ။
အဖေ တို့ ခေတ် က စာရေးဆရာ အတော်များများ သည် ရှုမဝမဂ္ဂဇင်းတိုက် ကို အဝင်အထွက် ရှိကြ၏ ။ ဒီတုန်းက ရှုမ ဝသည် ဗိုလ်ချုပ်ဈေး ၏ အနောက်ဘက်တန်း မှာ ရှိသည် ဟု ဆို၏ ။ ရှုမဝ ကို လာသည့် စာရေးဆရာတွေ စတည်းချရာ လက်ဖက်ရည်ဆိုင် က တော့ အနောက်ဘက်တန်း ၏ အတွင်းဘက် အစွန်ရှိ ဘသန်းကဖီး ဟု မှတ်သားခဲ့ဖူးသည် ။ ထို လက်ဖက်ရည်ဆိုင် သည် တော်တော် သက်တမ်း ရှည် ခဲ့သည် ။ ကျွန်တော် တို့ တက္ကသိုလ်ကျောင်းသား ဘဝ အထိ ရှိနေသေးသည် ။ ဟိုအရင် စာရေးဆရာတွေ ထိုင်ခဲ့တဲ့ ဆိုင် ဆိုပြီး အမှတ်တရ သွား သောက်ခဲ့ဖူးသည် ။ ဒီဆိုင် ခုထိ ရှိသေးလား ၊ မရှိတော့ဘူးလား ဆိုတာတော့ သေချာ မသိတော့ ။
အဖေ တို့ စာရေးဆရာတွေ စုပေါင်း ပိုင်ဆိုင်သော ပဒေသာမဂ္ဂဇင်း ၊ ထို့နောက် အဖေ ၏ သစ္စာမဂ္ဂဇင်း တို့ ထုတ်ဝေခဲ့စဉ် က ဘယ် လက်ဖက်ရည်ဆိုင် ထိုင်ကြသလဲ မပြောတတ် ။ အဖေ လေးဆယ့်ခုနစ်လမ်း ပြောင်းပြီး စာသဘင်စာအုပ်တိုက် နှင့် ပုံနှိပ်တိုက် ထောင်သောအခါ သူငယ်ချင်း စာရေးဆရာတွေ အဖေ့ အိမ် မှာ စတည်းချ ကြသည် ။
သူတို့ ကို အဖေ က ထမင်း ကျွေးရသည် ။ လက်ဖက်ရည် တိုက်ရသည် ။ အရက်တော့ မတိုက် ။ အဖေ က အရက် ကို မုန်းသူ ဖြစ်၏ ။ ဒါတောင် ဆရာသော်တာဆွေ တို့ က မရ ရအောင် အရက်ဖိုး ညှစ်ကြသေးသည် ။ ထိုစဉ် က တော့ အဖေ့ အိမ် နှင့် နီးသော မမကြီးကဖီး မှာ ထိုင်ကြသည် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် သိမ်ဖြူလမ်းထောင့် ခုံးတံတား အဆင်း မှာ ရှိသည် ။ နောက်ပိုင်း စိန်မမ ဟု အမည် ပြောင်းလိုက်တာ တွေ့ရသည် ။
••••• ••••• •••••
ကျွန်တော် စာရေးဆရာပေါက်စ ဘဝ တွင် စာပေသမား တို့ စတည်းချရာ ဆိုင်မှာ ရွှေကြည်အေးကဖီး ဖြစ်၏ ။ သုံးဆယ့်သုံးလမ်း ထိပ် တည့်တည့် ( ယခု အိတ်ဇဲလင့် စားသောက်ဆိုင် နေရာ ) မှာရှိ၏ ။ သူ က သုံးဆယ့်သုံးလမ်း နှင့် အနော်ရထာ လမ်းထောင့် မှာ ။ ဆိုင်မျက်နှာစာ က နှစ်ဖက်ဖွင့် ဖြစ်၏ ။ ထို့ကြောင့် ဒီ ဆိုင် မှာ ထိုင်လျှင် လမ်း ထဲ ဝင်လာသမျှ လူ ကို ဆီး၍ မြင်နိုင်သည် ။ ကိုယ် တွေ့ချင် သူ ကို လွယ်လွယ်ကူကူ စောင့်နိုင်သည် ။ လမ်း ထဲ ဝင်သူ က လည်း ကိုယ် တွေ့ချင်သူ ကို ဆိုင် မှာ ရှိ မရှိ အလွယ်တကူ ရှာ နိုင်သည် ။ ဒီ ဆိုင် မှာ တစ်ဦး နှင့် တစ်ဦး ချိန်းဆို နိုင်သည် ။
ရွှေကြည်အေးကဖီး သည် လည်း နှစ်ပေါင်း အတော် ကြာ အောင် စာပေသမားတို့ အပေါ် နားလည်မှု ရှိစွာ ကူညီ ရပ်တည် ပေးခဲ့ကြောင်း ဂုဏ်ပြုမှတ်တမ်း တင် သင့်ပါသည် ။
တချို့ စာပေသမားတွေ က တော့ ကိုယ့် အုပ်စု နဲ့ ကိုယ် အဆင်သင့်ရာ ဆိုင်တွေမှာ စုရပ် လုပ်ကြသည် ။
ရှုမဝအဖွဲ့သားတွေ က ဗိုလ်ချုပ်ဈေး အတွင်း ရှိ နီနီမြင့်ကဖီး မှာ ထိုင်ကြသည် ။
ထိုအချိန်က မော်ဒန်အုပ်စု က ဆူးလေဘုရားလမ်း ရွှေလမင်းတီးဟောက်စ် မှာ ဆုံကြသည် ။ ဆရာဖေညွန့်ဝေ တို့ ကတော့ သုံးဆယ့်ရှစ်လမ်း ထိပ် က ခရေ မှာ အမြဲ ရှိသည် ။
ကာတွန်းဆရာတွေ က တော့ ဘားလမ်း ( ယခု မဟာဗန္ဓုလပန်းခြံလမ်း ) မှ ရွှေမင်းသမီး မှာ ။ သူတို့ က တော့ စာရေးဆရာတွေ လို မဟုတ် ။ စည်းကမ်း ရှိသည် ။ ကိုယ် စားတာ သောက်တာ ကိုယ့် ဘာသာ ရှင်းကြသည် ။ ကိုယ့် ဧည့်သည် ဆိုလျှင် ကိုယ် တာဝန်ယူ ရသည် ။ သူတို့ ဝိုင်း ထဲ ဝင် ထိုင်မိလျှင် ဆရာငွေကြည် ၊ ဆရာမောင်မောင် ၊ ဆရာမောင်ဝဏ္ဏ တစ်ယောက် ယောက် က ကျွန်တော် သောက်သည့် လက်ဖက်ရည်ဖိုး ကို ရှင်း တတ်သည် ။
စာပေသမားတချို့ စက်ကျ တတ် သော ဆိုင် နှစ်ဆိုင် ရှိသေးသည် ။ တစ်ဆိုင် က ပြည်သူ့မုန့်တိုက် ။ ယခု ထရိတ်ဒါးစ်ဟိုတယ် ၏ ဗိုလ်ချုပ်လမ်းဘက်ခြမ်း နေရာ မှာ ရှိခဲ့သည် ။ တစ်ဆိုင် ကတော့ ပန်းဆိုးတန်း ၊ ပြည်သူ့ကုန်တိုက်ကြီး ၏ အောက်ထပ် က လက်ဖက်ရည်ဆိုင် ဖြစ်၏ ။ ထိုဆိုင်များ သည် အစိုးရကော်ပိုရေးရှင်းပိုင် ( ပြည်သူပိုင် ) ဆိုင်များ ဖြစ်ကြသည် ။ နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည် ။ လေဝင်လေထွက် ကောင်းပြီး အေးချမ်းချမ်း ရှိသည် ။ နေ့လည်ပိုင်း ဆိုလျှင် အမြဲလိုလို လူ ရှင်း နေတတ်သည် ။ စားပွဲထိုးဝန်ထမ်းတွေ က လည်း ပုဂ္ဂလိက ဆိုင်တွေ လို မျက်စိ နောက် လာအောင် ပျာယာခတ် နေတတ်တာမျိုး မရှိ ။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ပင် ဖြစ်၏ ။ ပြည်သူပိုင်ဆိုင်တွေ ဆိုတော့ ဘာမှ မစားမသောက်ဘဲ တစ်နေကုန် ထိုင် နေလည်း ကိစ္စ မရှိ ။ ဘယ်သူကမှ ဘာမျှ မပြော ။ ထို့ကြောင့် ဒီဆိုင်တွေ မှာ ရုံးခန်း တစ်ခု လို အသုံးပြုပြီး ကျောက်ချ ထိုင်ခဲ့သူတွေ လည်း ရှိ၏ ။
ကျွန်တော် က တော့ စာရေးဆရာ ပေါက်စ ဘဝ မှာ ဆရာအောင်ပြည့် နဲ့ အတွဲများ သဖြင့် သူ သွားလေ့ ရှိသော မဟာဗန္ဓုလပန်းခြံလမ်း မုတ်ဆိတ်ဆိုင် မှာ လိုက် ထိုင်သည် ။ ဆရာပြည့် ချယ်ရီမဂ္ဂဇင်း ကိုင်တော့ မှ ပင် မုတ်ဆိတ်ဆိုင် နှင့် အဆက် ပြတ် သွားသည် ။
ဆရာငြိမ်းကျော် ၏ ငွေတောင်စာအုပ် ရိုက်နှိပ် ရာ မှာ ကူညီလုပ်ကိုင် နေတုန်း က တော့ ပုဂံစာအုပ်တိုက် ဘေး ကပ်လျက် ဆိုင် မှာ ဖြစ်စေ ၊ ကန်တော်ကလေးစာတိုက် နား က ချိုချိုမြင့်ကဖီး မှာ ဖြစ်စေ ထိုင်ဖြစ်ခဲ့၏ ။
ကျွန်တော် တို့ သူငယ်ချင်းတွေ စုပြီး ကဗျာစာအုပ်ကလေးတွေ ထုတ်နေကြတုန်း က ညနေ စောင်း လျှင် မျိုးရာဇာညွန့် တို့ ဆေးဆိုင် ရှိရာ လဟာပြင်ဈေး ထဲ သွားကြသည် ။ သူ့ ဆိုင် သိမ်းပြီးနောက် စားသောက်ဆိုင်တန်း ရှိ စိန်သောင်းကဖီး မှာ ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း ကဗျာစာအုပ် ထုတ် ဖို့ ကိစ္စများ ကို ဆွေးနွေး တိုင်ပင် လေ့ရှိကြ၏ ။
နောက်ပိုင်းမှာ ကျွန်တော် အများဆုံး ထိုင်ဖြစ်သော နေရာ က မဟာဗန္ဓုလပန်းခြံလမ်း မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံ နား က ကိုထွန်းရီလက်ဖက်ရည်ဆိုင် ပင်ဖြစ်သည် ။ ကိုထွန်းရီ က သဘော ကောင်းသည် ။ ဆက်ဆံရေး ပြေပြစ်သည် ။ အားလုံးနှင့် တည့်အောင် ပေါင်းတတ်သည် ။ သူ့ ဆိုင်ရှေ့ အုတ်ခုံ နှင့် ပလက်ဖောင်း မှာ ရော လမ်းတစ်ဖက် မျက်နှာချင်းဆိုင် ပလက်ဖောင်း မှာ ပါ စားပွဲပုလေးတွေ ၊ ခွေးခြေလေးတွေ ခင်းပြီး ထိုင် လို့ ရသည် ။ ပလက်ဖောင်း က ကျယ်သဖြင့် လွတ်လွတ်လပ်လပ် ရှိ၏ ။ များသောအားဖြင့် အခန်း တစ်ခန်း ၏ ရှေ့လှေကား အုတ်ခုံ မှာ ကျွန်တော်တို့ ထိုင်လေ့ ရှိ၏ ။
ဒီ ဆိုင် က လက်ဖက်ရည် လည်း ကောင်းသည် ။ သူငယ်ချင်းတွေ နှင့် လည်း ဆုံဖို့ လွယ်သဖြင့် ဒီ ဆိုင် မှာ ပင် နှစ် အတော် ကြာအောင် စွဲစွဲမြဲမြဲ ထိုင်ဖြစ်ခဲ့၏ ။ နောက်ကျတော့ ဒီ ဆိုင်လေး ထိုင်လို့ ကောင်းတယ် ဆိုပြီး ဆရာမောင်ခိုင်မာ တို့ အုပ်စု လည်း မကြာမကြာ လာ ထိုင်လေ့ရှိ၏ ။ ကျွန်တော် မြို့ ထဲ အရောက်အပေါက် နည်းသွားသည့် အချိန် မှာ လည်း ဟန်သစ် မဂ္ဂဇင်းဝိုင်းတော်သားများ ဖြစ်ကြသော ကိုတင်ကိုအောင် ၊ ကိုဝင်းမင်းထွေး ၊ ကိုခင်ဇော် တို့ သည် ညနေတိုင်း ဒီ ဆိုင် မှာ ထိုင်ဖြစ်သည် ဟု ဆို၏ ။
••••• ••••• •••••
လွန်ခဲ့သော ဆယ်နှစ်ဝ န်းကျင် လောက်က သုံးဆယ့်သုံးလမ်း ( အထက်လမ်း ) ထဲ မှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ပေါ် လာသည် ။ ဆိုင်ရှင်တွေ က စာပေဝါသနာရှင် လူငယ်လေးတွေ ။ ထို့ကြောင့် စာရေးဆရာ တို့ ၏ အထာ ကို နားလည်သည် ။ ဆိုင် မှာ ဝင်ထိုင် လျှင် ဘာ သောက်မလဲ ဟု လာ မေးခြင်းဖြင့် စိတ်အနှောင့်အယှက် မဖြစ်စေရ ။ သောက်ချင် မှ လှမ်းမှာ ။ ရေနွေးကြမ်း အကြိမ်ကြိမ် ဖြည့်ပေးရခြင်း အတွက် ငြူစူခြင်း ၊ နှမြောတွန့်တိုခြင်း မရှိ ။
ဓမ္မာရုံရှေ့ အုတ်ခုံ ပေါ် မှာ ဆိုင် ကို တည်ထားခြင်း ဖြစ်၏ ။ တိုက်ဘေး လမ်းကြား မှာ လည်း တာလပတ် မိုးပေး ထား သဖြင့် မိုး ရွာ လျှင် ဝင် ခိုရင်း ထိုင် နိုင်သည် ။
အစပိုင်း က တော့ လမ်း ထဲ မှာ ပင် နီးနီးနားနား လွယ်လွယ်ကူကူ ရှိသဖြင့် ဝင် ထိုင်ကြခြင်းဖြစ်၏ ။ နောက်တော့ ထိုင်ရတာ အဆင် ပြေခြင်း ၊ အချင်းချင်း ချိန်းဆို တွေ့ဆုံဖို့ လွယ်ကူခြင်း ၊ ဆက်ဆံရေး ပြေပြစ်ခြင်း တို့ကြောင့် ဒီ ဆိုင်ကလေး ကို မျက်စိကျ လာ၏ ။ တဖြည်းဖြည်းလူသိ များပြီး စာပေသမား တို့ စတည်းချ နားနေရာ စုရပ်ကလေး ဖြစ်လာ၏ ။
အစပိုင်း တွင် ဆိုင်နာမည် ဟူ၍ မရှိသေး ။ ဓမ္မာရုံရှေ့ က ဆိုင် ဟူ၍ သာ ညွှန်းဆို ကြသည် ။ နောက်ပိုင်း ကျ တော့ “ လေထန်ကုန်း ” ဟု အမည် တွင် လာသည် ။
ပထမ တော့ ဒီဆိုင် လာနေကျ စာပေသမားတွေ သာ သိသည် ။ နောက်တော့ စာပေသမား အားလုံး သိလာသည် ။ နယ် က ကိစ္စ နှင့် ရောက်လာသူတွေ က လည်း ဒီ နာမည် ကို ပြန် သယ် သွားကြသည် ။ စာရေးဆရာတွေ က သူတို့ စာ ထဲ မှာ ထည့်ရေး ရာ မှ စာဖတ်ပရိသတ် တွေပါ သိပြီး လေထန်ကုန်းလက်ဖက်ရည်ဆိုင် သည် နိုင်ငံကျော် ဖြစ်လာခဲ့၏ ။ နယ် ၊ ရန်ကုန် မှ တက်သစ်စ လူငယ် စာပေသမားတို့ အဖို့ လေထန်ကုန်း မှ မရောက်ဖူး ရင် စာပေသမား မပီသ လောက် ထင်ပြီး တကူးတကန့် လာ ထိုင်ကြရ လောက် အောင် နာမည်ကြီး လာသည် ။
••••• ••••• •••••
ဆရာမ ခင်ဆွေဦး ၏ စာ တစ်ပိုဒ် ထဲ တွင် “ လေထန်ကုန်း ” ဆိုသော အမည် ကို မင်းလူ က စတင် မှည့်ခေါ်ခဲ့သည် ဟု ရေးခဲ့သည် ။ ဆရာမောင်တင်ဆင့် က လေထန်ကုန်း ညနေခင်းများ အကြောင်း ရေးရာ မှာ လည်း ဒီ နာမည် ကို မင်းလူ က ပေးခဲ့ကြောင်း ရေးထား ပြန်၏ ။ ဒီအကြောင်း သတင်း သယ်ဆောင် လာသူ က ဆရာမောင်ခိုင်မာ ဖြစ်သည် ဟု သိရ၏ ။
ထိုအခါ အရင် က အမှတ်တမဲ့ နေမိရာ မှ ဒီ နာမည် ငါ များ တကယ် ပေးမိသလား ဟု ပြန်စဉ်းစား ကြည့်ရသည် ။ သေသေချာချာ မမှတ်မိ ။ မေ့ နေပြီ ။ စေ့စေ့စပ်စပ် တွေး ကြည့်သောအခါ ဖြစ်နိုင်သော အချက် နှစ်ချက် ကို တွေ့ရသည် ။
ကျွန်တော် က ဒီ ဆိုင် မှာ ဆရာမောင်သင်းခိုင် ၊ ဆရာမောင်ခိုင်မာ ၊ ဆရာမောင်လူမှိန် ၊ ဆရာမြမြင့်မိုရ် ၊ ဆရာမြင့်ဦးဦးမြင့် စသော ကဗျာဆရာများ နှင့် အတူ ထိုင်ဖြစ်တာ များသည် ။ တစ်ခါတစ်လေ ဆရာခင်မောင်တိုး ( မိုးမိတ် ) ၊ ဆရာမောင်တင်ဆင့် ၊ ဆရာယဉ်မင်းပိုက် တို့နှင့် လည်း ဆုံတတ်သည် ။
ဒီ ဆိုင် မှာ က စားပွဲ အားလုံး မှာ စာပေသမားတွေချည်း ဖြစ်၏ ။ အုပ်စု တူစွာ သို့မဟုတ် နီးစပ်ရာ ၊ ခင်မင်ရာ တချို့လည်း ကြုံရာဆုံရာ လူ နှင့် အတူ ထိုင်ကြပြီး စာအကြောင်းပေအကြောင်း ၊ စာသတင်း ပေသတင်း ၊ တခြားလူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး တို့ ကို ပြောကြ ဆိုကြ ၊ ဆွေးနွေးကြ ၊ ငြင်းခုံကြသည် ။ တချို့က အေးအေးဆေးဆေး ၊ တိုးတိုးညင်သာ ၊ တချို့လည်း ဆူဆူညံညံ အာပေါင်အာရင်း သန်သန် ။
ဒါကို ကြည့်ပြီး ကျွန်တော် က ...
“ ဒီဆိုင် က တော့ တကယ့်ကို လေထန်ကုန်း ပါ ပဲ ဗျာ ”
ဟု ပြောကောင်း ပြောမိလိမ့်မည် ။ ဒီ စကား ကို ဆရာမောင်ခိုင်မာ ကြားတော့ သဘောကျပြီး “ မင်းလူ က တော့ ဒီ ဆိုင် ကို လေထန်ကုန်း လို့ နာမည် ပေးထားပြီ ” ဟု ( သူ့ ဝါသနာ အတိုင်း ) လျှောက်ပြီး သတင်း လွှင့်မည် ။ ဒီလိုနှင့် တစ်ဆင့် စကားတစ်ဆင့် ပျံ့နှံ့ ကြားသိကုန်ကြ ရာ မှ ဒီ နာမည် တွင် သွား ဖြစ်နိုင်၏ ။
နောက် ... ဖြစ်နိုင်တာ တစ်ခု က တော့ ...
ကျွန်တော် သည် ဒီလိုမျိုး ချစ်စနိုး နှင့် နောက်တတ် ပြောင်တတ်ကြောင်း စာပေ မိတ်ဆွေများ သိကြသည် ။ ဥပမာ ...
ဆရာမောင်ခိုင်မာ ၏ သိင်္ဂါရငှက်များ ကဗျာစာအုပ် မှာ အကြောင်းကြောင်း ကြောင့် မထွက်နိုင်ဘဲ ကြန့်ကြာ နေစဉ် ကျွန်တော် က ...
“ အစ်ကို့ စာအုပ်ကို သိင်္ဂါရငှက်များ လို့ နာမည် မပေးဘဲ သင်္ခါရငှက်များ လို့ ပြောင်းလိုက် ” ဟု ပြောခဲ့သည် ။
တစ်လောဆီ က ဆရာချစ်ဦးညို ၏ စာအုပ် တစ်အုပ် ထွက်သည် ။ လူကြိုက်များပြီး တော်တော် ရောင်းအား ကောင်း ခဲ့သည် ။ ထို စာအုပ် ထွက်ခါနီး မှာ သူ နှင့် ကျွန်တော် ဆုံကြတော့ ကျွန်တော် က မေးသည် ။
“ ဘာ စာအုပ် ထွက် ဖို့ရှိသေးလဲ ”
သူ က ...
“ လောကဓံ နှင့် လမ်းလျှောက် အတူ ထွက်ခြင်း ဆိုတဲ့ စာအုပ် ထွက်စရာ ရှိတယ် ”
ထိုအခါ ကျွန်တော် က ...
“ ဘာလဲ ကိုကြီးညို ရဲ့ အိမ် က လေဒီကြီး ကို စောင်းပြီး ရေးထားတာလား ”
ဟု ကျီစယ် ခဲ့၏ ။ ဒါနဲ့ ပတ်သက်ပြီး သူ ၏ လေဒီဖယောင်းတိုင်ကြီး က တောင် “ လူ ကို အဲ့လို ချိုးချိုးဖဲ့ဖဲ့ များများ ရေးနိုင်ပါစေတော် ” ဟု ကောင်းချီး ပေးခဲ့ပါသေးသည် ။ ဒီအကြောင်းတွေ သိနေကြသော စာပေသမား တို့ စကားဝို င်းတစ် ခုတွင် တစ်ယောက် က ...
“ နေစမ်းပါဦး ။ ဒီ ဆိုင် ကို လေထန်ကုန်း လို့ ဘယ်သူ က နာမည် ပေးခဲ့တာလဲ ”
ဟု မေးမည် ။ ထိုအခါ မောင်ခိုင်မာ က
“ ဒါမျိုး ပေါက်ပေါက်ရှာရှာ တွေးတတ် ပြောတတ် တာ ဘယ်သူ ရှိမလဲဗျာ ။ မင်းလူ ပဲ ဖြစ်မှာပေါ့ ”
ဟု ပြန် ပြောလိမ့်မည် ။ ဒီ စကား အဆင့်ဆင့် ပျံ့နှံ့ သွားရာမှ ကျွန်တော် သည် “ လေထန်ကုန်း ဖန်တီးရှင် ” ဟု သတ်မှတ် ခံရခြင်း လည်း ဖြစ်ချင် ဖြစ်ပါမည် ။
တကယ်တော့ “ လေထန်ကုန်း ” ဆိုသော အမည် ၏ မူလ ပိုင်ရှင်မှာ ဆရာမင်းကျော် သာ ဖြစ်ပါသည် ။ ဆရာ က ဝူးသရင်းဟိုက် ဆိုသော စာအုပ် ကို မြန်မာပြန် ရာ တွင် “ လေထန်ကုန်း ” ဟု အမည် ပေး ခဲ့သည် ။ ထို အမည် မှာ မူရင်းအင်္ဂလိပ် အမည် နှ င့်ကိုက်ညီရုံ သာမက ဇာတ်လမ်း နှင့် လည်း အလွန် လိုက်ဖက် လှသည် ။ စကားလုံး ကျစ်လျစ်ပြီး အဓိပ္ပာယ် လည်း တာ သွားလှသည် ။ ကျွန်တော် က ထို အမည်လေး ကို အလွန် သဘောကျ ပြီး စိတ် ထဲ စွဲနေ၏ ။ ထို့ကြောင့် အကြောင်း တိုက်ဆိုင် လာသော အခါ လွှတ်ခနဲ ပါးစပ် က ထွက်သွားတာ ဖြစ်လေမလားမ သိ ။
တကယ် လို့ သာ ဒီ လက်ဖက်ရည်ဆိုင် ကို ဒီ နာမည် ပေးခဲ့တာ တကယ်ပဲ ကျွန်တော် ကိုယ်တိုင် ဖြစ်နေခဲ့ လျှင် လည်း ဆရာမင်းကျော် ကို ဂုဏ်ပြုရာ ရောက် သဖြင့် ဝမ်းသာရပါမည် ။
လေထန်ကုန်း ဆိုသော အမည် ကို ကျွန်တော် သို့မဟုတ် အခြားသူ တစ်ဦးဦး က အမှတ်တမဲ့ စတင် ပြောမိပြီး ဆရာမောင်ခိုင်မာ က တွင်ကျယ်အောင် သတင်း ဖြန့်ချိကာ ဆရာ မခင်ဆွေဦး နှင့် ဆရာမောင်တင်ဆင့် တို့ က စာ နှင့် ပေ နှင့် မှတ်တမ်း တင် ခဲ့သည် ဟု ဆိုလျှင် မျှမျှတတ ရှိပြီး ကျေနပ်လောက်သော အဖြေ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည် ။
ဘာပဲဖြစ်ဖြစ် လေထန်ကုန်း ဆိုသော အမည် ကို ဘယ်သူက စတင် ပေးခဲ့သလဲ ဆိုတာ အရေး မကြီးပါ ။ ခုချိန်မှာ ထို အမည် သည် စာပေသမား အားလုံး တို့ နှင့် သက်ဆိုင် သောဝေါဟာရ တစ်ခု ဖြစ်နေပါပြီ ။
လေထန်ကုန်း မှာ ထိုင်ကြသော စာပေသမားများ အနေဖြင့် ကိုယ် နှစ်သက်ယုံကြည်ရာ စာပေ အယူအဆတွေ အမျိုးမျိုး ရှိနေကြ သော် လည်း စာဖတ် ပရိသတ် အပေါ် ထားရှိသည့် စေတနာ က တော့ တူညီကြလိမ့်မည် ဟု မျှော်လင့် ယုံကြည်ပါသည် ။
နောက်ဆုံး ရရှိသော သတင်း ( အင်တာဗျူးဂျာနယ် အတွဲ ၁ ၊ အမှတ် ၃ ) အရ လေထန်ကုန်း ဆိုသော အမည် ကို မိမိ စတင် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဆရာလင်းဝေမြိုင် က တရားဝင်ထုတ်ဖော် ဝန်ခံခဲ့ပြီး ဖြစ်သဖြင့် လက်သည် ပေါ်ပြီ ဟု ယူဆ နိုင်ပါကြောင်း ။
••••• ••••• •••••
နောက်ဆက်တွဲ
ဤ စာမူ မဂ္ဂဇင်း ထဲ ပါ လာပြီး နောက်မှ ထပ်မံ ကြားသိရပြန် သည် မှာ လေထန်ကုန်း ဆိုသော စကားလုံး ကို ရှေးမဆွ က ပင် မိမိ သုံးစွဲခဲ့ပြီး ဖြစ်ကြောင်း ဆရာမောင်ရန်ပိုင် က ဂျာနယ် သို့ ဖွင့်ဟ ပြောကြားခဲ့ပါသည် ။ ထို့ကြောင့် လေထန်ကုန်း ကိစ္စ မှာ ဖောင်ပိတ် လို့ မရသေးဘဲ ဖြစ်နေပြန်ပါသည် ။
လေထန်ကုန်း ၏ မူလ ပိုင်ရှင် ဟု ကျွန်တော် ဆိုခဲ့သော ဆရာမင်းကျော် ( ကျော်လှိုင်ဦး ) ၏ သားဖြစ်သူ အံ့ဘွယ်ကျော် နှင့် တလောက ဆုံမိရာ မှ လေထန်ကုန်း နာမည် အကြောင်း စကားစပ် မိပါသည် ။
အံ့ဘွယ်ကျော် က -
“ လေထန်ကုန်း ဆိုသော အမည် သည် သူ့ ဖခင် ဆရာမင်းကျော် ၏ ကိုယ်ပိုင် အတွေး မဟုတ်ကြောင်း ဆရာကြီး တက်တိုး ၏ ဆောင်းပါး တစ်ပုဒ် ထဲ တွင် ပါဝင်သော စကားလုံး ဖြစ်ကြောင်း ၊ ထို စကားလုံးကလေး ကို ဆရာမင်းကျော် က သဘောကျ သဖြင့် ဆရာကြီး တက်တိုး ထံ ခွင့်တောင်းပြီး အသုံးပြုခဲ့ခြ င်းဖြစ်ကြောင်း ” ပြောပြပါသည် ။
ကျွန်တော် က တော့ ဒီလောက် လှပပြီး ဂန္ထဝင် ဆန်လှသည့်နာမည် စကားလုံး ကို တီထွင်ဖန်တီးနိုင်သူ ကို ( ဘယ်သူ ပဲ ဖြစ်ဖြစ် ) လေးစားစွာ ချီးကျူး ဂုဏ်ပြုအပ်ပါသည် ။
◾မင်းလူ
📖 နဝဒေး မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၀၀
#ကိုအောင်နိုင်ဦး
8:09 PM 11/6/2023
.
No comments:
Post a Comment