Friday, November 24, 2023

အပ်ဖျား ပေါ် က ဆေးစက်


 ❝ အပ်ဖျား ပေါ် က ဆေးစက် ❞ 


( ၁ )


စိတ် မောရပါလား .... ၊ သည် တစ်ခါ တော့ လူ့ပြည် က အပ် တစ်စင်း နှင့် ဗြဟ္မာ့ပြည် က အပ်တစ်စင်း တို့ အပ်ဖျား ချင်း ထိတွေ့ကြတော့မည် ထင်သည် ။


တစ်ခုသော ညနေခင်း ၌ ဘယ်ဘက် ဒူးခေါင်း ပေါ် သို့ ညာဘက် ခြေသလုံး ကို အကျအန တင်ကာ မေးစေ့ ပွတ်လျက် ရောက်တတ် ရာရာ စဉ်းစားခန်း ဝင်နေသည့် ကိုစိန်ခို ရဲ့ အနီး သို့ ဇနီးချော မအေးတုတ် တစ်ယောက် ဝေခွဲ မရသော အမူအရာဖြင့် ရောက်ရှိ လာခဲ့သည် ။ မအေးတုတ် သည် ခပ်လှမ်းလှမ်း နေရာ မှ ခွေးခြေ တစ်လုံး ကို ဆွဲယူ ထိုင်လိုက် ကာ သက်ပြင်းရှည်ကြီး ချသည် ။ ထို့နောက် ....


“ ကျုပ်တော့ ဟိုဟာ မဖြစ်တာ သုံးလ တောင် ရှိပြီ ကိုစိန်ခို ရယ် ” 


လို့ လင်မယားချင်း သာ နားလည်မယ့် စကား ကို ဆိုင်းမဆင့် ဗုံမဆင့် ပြော ချ လိုက်သည် ။ မေးစေ့ ပွတ်နေသည့် ကိုစိန်ခို ရဲ့ ဆက်ရက်မင်း စည်းစိမ် ပျက် သွားရ ချေပြီ ။ မမျှော်လင့် တဲ့ စကား ကို ကြားလိုက်ရ လို့ သူ့ မျက်လုံး အစုံ က အထက် သို့ ၂ လက်မ လောက် မြင့်တက်

သွားသည် ။


“ သေချာရဲ့လား ကွာ .... လစဉ် ဆေးစား နေတဲ့ ဥစ္စာ .... မဖြစ်နိုင်ဘူး ထင်တယ် ” 


ကိုစိန်ခို ရဲ့ စကားကြောင့် မအေးတုတ် တစ်ယောက် ခေါင်းရှုပ် သွားရပါ၏ ။ မှန်ပါသည် ။ ပုံမှန် ဆေး စားနေပါ လျက် ဘာကြောင့် ဒီလို ဖြစ်သွားရပါသလဲ ။ ငါ ထင်တာ များ မှား နေ ရော့လား ။ အတွေ့အကြုံ အရ ပြော ရရင် သည်ကိစ္စ သည် မှားစရာ အကြောင်း မရှိ ။ အဲ ... သေချာပြီ ဆိုရင်တော့ ။ မအေးတုတ် ခေါင်း တစ်ချက် ကုတ် လိုက်သည် ။ ခက်တော့တာပဲ ဟု ညည်းညူ မိသည် ။ အသက် ၄၅ နှစ် အရွယ် ရောက် မှ ကံပေါ် လာရပြန် သမို့ သူ့ အဖြစ် က ငိုရ ရယ်ရ အခက်ကြီးပါ ။ သည်လို အရွယ်ကြီး ရောက် မှ သား မွေးချင်စိတ် လည်း

ကုန်ခန်း နေပြီ ။ ပြီးတော့ ကိုယ်ဝန်ကြီး တကားကား နဲ့ သွားရ လာရ မှာလည်း ပတ်ဝန်းကျင် ကို မျက်နှာ ပူသည် ။ အရွယ် ရောက် လာကြသည့် အိမ် က က လေးတွေ ကို လည်း ရှက်မိ ပြန်သည် ။


သူတို့ မှာ သားသမီး လေးယောက် ရှိ သည် ။ သမီး နှစ်ယောက် ၊ သား နှစ်ယောက် ညီတူ ညီမျှ ။ အကြီးဆုံး သမီး ကြည်ဝင့် က အသက် တစ်ဆယ့်ရှစ်နှစ် အရွယ် ၊ တက္ကသိုလ် ဒုတိယနှစ် ။ အလတ်မ သန္တာ က ဆယ်တန်း ဖြေထား ပြီးပြီ ။ သူတို့ အောက် မှာ သား ယောက်ျားလေး နှစ်ယောက် ဖြစ်သည့် ကျော်ဆန်း နှင့် သိန်းဇော် ။


ဒါလေးတွေ မွေးခဲ့စဉ် က သူ့ မှာ ပင်ပန်း လှသည် ။ ကလေးတွေ က လည်း မွေး ကတည်း က ချူချာ သည် ။ တစ်ယောက် ပြီး တစ်ယောက် ရောဂါ တစ်မျိုး ပြီး တစ်မျိုး ဖြစ်ကြသည် ။ လစဉ် လတိုင်း ဆေးခန်း ကို မသွားခဲ့ရသည့် နေ့ရက်မျိုး က ခပ်ရှားရှား ။ အကြီးမ နေကောင်း ပြန်တော့ ကျော်ဆန်း က အာသီးရောင် ကာ ဖျား၏ ။ ကျော်ဆန်း နာလန် ထ စ ရှိသေး အငယ်ဆုံး သား သိန်းဇော် ချောင်း တဟွတ်ဟွတ် ဆိုးရင်း အသက်ရှူကျပ်ပြီး တစ်ကိုယ်လုံး ပြာ နှမ်း သွား၍ ပြူးပြူးပျာပျာ နှင့် ဆေး တိုက် သို့ ပြေး ရပြန်၏ ။ သည် ကလေး တွေ အရွယ် ရောက်ပြီး အမော ပြေ တော့မည် လို့ ထင် နေတုန်းမှာ နောက် တစ်ယောက် က ဝမ်နိမ်ပေး ၍ အိမ်တံခါး ကို ခေါက်လာပြန် ပကော ။ မအေးတုတ် သည် အယောင်ယောင် အမှားမှား နှင့် စူပုံ့ပုံ့ သူ့ ဗိုက်ကလေး ကို ကပျာကယာ ငုံ့ ၍ ကြည့် လိုက်မိပါ၏ ။ အို .... ဘာလေးများ လာဦးမှာ ပါလိမ့် ။ ရင်သွေး ဆိုသည့် အသိ က သူ့ ရဲ့ နှလုံးသား ကို ရိုက်ခတ် သွားသည် ။ မျက်ဝန်းအိမ် မှာ လည်း ကြည်နူးရိပ် ဖြင့် ရွှန်းလဲ့ လာ ခဲ့သည် ။ ဒါပေမဲ့ အနား မှာ ရှိ နေသည့် လင်တော်မောင် ကိုစိန်ခို က သူ့ ကို စိတ်ဝင်စား ဟန် မပြဘဲ မေးစေ့ ကို ပွတ်မြဲ ပွတ်လျက် ရှိချေသည် ။


ဟောသည့် ကမ္ဘာကြီး မှာ အေးစက်စက် ထုံတုံတုံ နိုင်လှသည့် သူ လို လူမျိုး က ရှား မှ ရှား ။ ဘယ်လို ယောက်ျားမျိုး မှန်း မသိ ။ ဘာ အစွမ်းအစ မှ မရှိ ။ မအေးတုတ် ရဲ့မျက်နှာ မှာ အလို မကျသည့် အရိပ်တွေ ယှက်သန်း လာခဲ့သည် ။ သူ့ ရဲ့ပင်ကို စိတ် က ခပ်အေးအေး နေ တတ် တာပါ ။ ဒါပေမဲ့ စိတ် ဆတ်သည် ။ ထစ်ခနဲ ဆိုလျှင် ဒေါသ ထွက်ချင် လာသည် ။ ဒေါသ ဖြစ် လာပြီ ဆိုလျှင်လည်း ကုတ်ဖဲ့ ရိုက်နှက် လိုက်ရမှ ကျေနပ်သည် ။ ယခုလည်း စိန်ခို ရဲ့ အမူ အကျင့် ကို ကြည့် ကာ ဖျင်းခနဲ ဖြစ် သွားသည် ။ စိတ်လွတ် ကိုယ်လွတ် ဖြင့် ရုတ်တရက် မတ်တတ် ရပ် လိုက်ဖို့ ဟန် ပြင် ပြီးမှ ကိုယ့် အခြေအနေ ကို သတိထား မိ၍ သက်ပြင်း တစ်ချက် မှုတ်ထုတ် လိုက် ရလေတော့သည် ။


 •••••   •••••   •••••


( ၂ )


လူ ထွင်းတဲ့ ခံတွင်း မဟုတ် ။ နတ် ထွင်း တဲ့ ခံတွင်း ဖြစ်ပါ သတဲ့ ။ ရှေး လူကြီးတွေ က အဲဒီလို ပြောခဲ့ဖူး ကြ၏ ။ မှန်ပေသည် ။ လူ့ ဘဝ ဆိုတာ ရခဲ သလို ကုသိုလ်ကံ ကြီးမားကြသူတွေ သာ ရောက်လာခွင့် ရှိ တာကိုး ။ ဒါပေမဲ့ လူ ဖြစ်လာရတာ ချင်းအတူတူ ဝဝလင် လင် စား နိုင်ဖို့ ၊ အေးအေးချမ်းချမ်း နေ နိုင်ဖို့ အတွက် တစ်ယောက် နဲ့ တစ် ယောက် ကံကြမ္မာချင်း မတူညီ ကြပြန် ။ ကံ ကောင်းသူတွေ က ရွှေပင် မှာ နားခွင့် ရ ခဲ့သည် ။ မအေးတုတ် ရဲ့ ရင်ခွင် သည် ရွှေပင် မဟုတ်သော် လည်း မေတ္တာရိပ် တွေ နှင့် အေးမြ နေသည့် သစ်ပင်လေး တစ်ပင် ဖြစ်သည် ။ သားသမီးတွေ အားလုံး သူ့ ရဲ့ မေတ္တာရိပ် မှာ ခိုလှုံရင်း လူလား မြောက် ခဲ့ကြရတာပဲ ။ အခု အချိန် မှာ သူတို့ မိသားစု ဘဝလေး ထဲ ကို နောက်ထပ် ပါးစပ်ပေါက် တစ်ပေါက် တိုး လာ လျှင် လည်း ပူပန် ကြောင့်ကြမှု မ ရှိတော့ပါ ။ လွန်ခဲ့သည့် ၁၅ နှစ် လောက် ကတည်း က အရွယ် မရောက်နိုင် သေးသည့် အတွက် ကလေးတွေ နှင့် အတူ လူ့ဘဝ ရဲ့ ခရီး ကြမ်းကြီး ကို ခါးသီးစွာ ဖြတ်သန်း ခဲ့ရဖူးပြီ ၊ မရှိ ဆိုသည့် စကားလုံး ကို လည်း မကြာမကြာ ကြားရဖန် များ ၍ နားယဉ် နေပြီ ။ အဲဒီ စကားလုံး သည် သူ့ အတွက် သီးသန့် တံဆိပ် ကပ် ထားသည့် ထရိတ်မတ် တစ်ခု ဖြစ်ပါ၏ ။


နေ့စဉ် နှင့်အမျှ ဆန် အတွက် ပူပန်ရသည် ။ ဆီ အတွက် ကြောင့်ကြရသည် ။ ဆီ ၊ ဆန် အဆင် ပြေတော့ မီးသွေး နှင့် ဟင်းချက် စရာတွေ က မရှိ ပြန် ။ အဲဒါ တွေ အားလုံး စုံ ပြန်တော့ လည်း ကလေး တွေ က နေမကောင်း ၊ ငွေ က ရှာဖွေရ ခက်ခဲပေမယ့် ကုန်ပေါက် က နေ့တိုင်း လိုလို ကြုံတွေ့ရ စမြဲ ။ ဒါတွေကို အဆင်ပြေဖို့ အရေး ကို ခေါင်း ပူအောင် စဉ်းစား ကာ ကြံရ ဖန်ရ သည် ။ ထိုအခါ သူ့ ရဲ့ စိတ် သည် အရင် က လို မဟုတ်ချေ ပြီ ။ ထစ်ခနဲ ဆို ဒေါသ ဖြစ်လာ၏ ။ စိတ် အလို မတွေ့လိုက်တာ နဲ့ သူ့ ပါးစပ် မှ စက်သေနတ် ပစ်လိုက် သလို

ဖရုဿဝါစာ ချစ်ဖွယ်သော စကားတွေ ဒလဟော  ထွက်လာ ကုန်တော့၏ ။


အဲသည်လို အချိန်မျိုး တွင် ကိုစိန်ခို သည် လည်း တင်ပျဉ်ခွေ ပြီး မေးစေ့ ပွတ်လေ့ ရှိသည့်

ပြုနေကျ အကျင့် ကို အလျင်အမြန် ရုတ်သိမ်း ၍ လက်ဖက်ရည်ဆိုင် သို့ လှစ်ခနဲ ထွက် သွား ရ လေသည် ။ မသွားလို့ မဖြစ်ပါ ။ ဒေါသဗုံးအိုးဒဏ် ကို ခံရချက် က မသက်သာ ။


သည် မိန်းမ ဘယ်လို ဖြစ် သွားရတာလဲ ဟု ကိုစိန်ခို က ခေါင်းကုတ် ရင်း စဉ်းစား ကာ အဖြေ ရှာသည် ။ အရင်တုန်း က မအေးတုတ် ဆိုတာ သည်ပုံ သည်နှယ် မဟုတ် ။ အေးအေးဆေးဆေး နွဲ့နွဲ့နှောင်းနှောင်း လေး ။ အင်မတန်မှ အရှက်အကြောက် ကြီး ဘိသည် ။ မည်သူ့ ကို မျှ စကား ဟဟ မပြောရဲ ။ ထိုအခါ အနေအထိုင် ယဉ်ကျေး သိမ်မွေ့သော လူ့လောက အကြောင်း ကို ဘာမှ နားမလည် ရှာသော သမီးလေး ရဲ့ နောင်ရေး အတွက် အမေ စိတ် ပူသည် ။ အမေ တစ်ခု သမီး တစ်ခု နေ ခဲ့ရသည့် ဘဝလေး သည် လည်း မည်ရွေ့မည်မျှ အထိ ကြာကြာ နေခွင့် ရှိမည် မှန်း မသိနိုင် ။ 


မအေးတုတ် ရဲ့ အဖေ က တိုင်းရင်းမြန်မာ ဆေးဆရာကြီး ဖြစ်သည် ။ သူ အပျိုဖော် ဝင် ကာ စ တွင် အဖေ ကွယ်လွန် အနိစ္စ ရောက် သွားခဲ့သည် ။ အားကိုးအားထား စရာ ရွှေတောင်ကြီး ပြိုလဲ ကျ သွားခဲ့ ပေမယ့် ရှေ့ရေး အတွက် ပူပန်စရာ မရှိတော့ ။ ရွှေ ၅၀ ကျပ်သား ကျန်ရစ် ခဲ့သည် ။ အဖေ့ ဆီ က တိုင်းရင်းဆေးပညာ အမွေ မရလိုက် သော်လည်း အိမ် မှာ မုန့်ပဲသားရေစာ ဆိုင်ငယ်လေး ဖွင့်ထား နိုင်၍ ဝမ်းရေး အတွက် စိတ် အေး ရသည် ။ ကျယ်ဝန်းသော အိမ်ဝိုင်း ထဲ မှာ သီးပင်စားပင်လေးတွေ စိုက်ပျိုး ထားသော ကြောင့် ရာသီ အခါ လိုက် အဲဒီ ငွေ လည်း နည်းနည်းပါးပါး ဝင်သည် ။ သူတို့ သားအမိ နှစ်ယောက် ရဲ့ ဘဝ ကား လောဘ ၊ ဒေါသ ၊ မောဟ မရှိ ။ ငြိမ်းအေး ချမ်းမြေ့သည် ။ ဒါပေမဲ့ ဘဝ ဆိုတာ သည်လိုချည်း ပုံသေ တွက်ထား လို့ ရတာ မှ မဟုတ်ဘဲ ။ တရားသဘော အရ ဆန့်သော လက် မကွေးမီ ၊ ကွေးသော လက် မဆန့်ခင် မှာ မိမိ မျက်စိ မှိတ် သွားလျှင် ကျန်ရစ်သူ သမီးလေး အတွက် ခက် ရပြီ ။ တစ်နေ့တခြား အလှသွေး ကြွယ်လာသည့် သမီးလေး ကို တစိမ့်စိမ့် ကြည့်ရင်း အမေ ခမျာ သက်ပြင်း အခါခါ ချမိသည် ။ ကဲ ... ဘယ့် နှယ် စီစဉ်ရပါ့ မလဲ ။


အဲသလိုဖြင့် အမေ သည် နေ့စဉ် နှင့် အမျှ စဉ်းစား တွေးတောရင်း  ရင်ဆူ လှိုက်ပူကာ ရတက်မအေး ဖြစ်ရ ပါသည် ။ ရိုးသားသော မိခင် တစ်ဦး ပီပီ သမီး ရဲ့အိမ်ထောင်ဖက် ကို ကိုယ်တိုင် လည်း ရှာဖွေ နိုင်စွမ်း မရှိ ရှာ ။ ဒါပေမဲ့ ပေါ့ မိုးရာသီ ၏ သာယာ လှပသည့် တစ်ခု သော ညနေခင်း မှာ စိတ်မောပြေ ပျော်ရွှင်စရာ မျှော်လင့်ချက် ရောင်ခြည်လေး ကို အမေ တွေ့ရှိ လိုက်သည် ။ ကိုစိန်ခို သည် အမေ့ မျက်လုံး ထဲ တွင်  ကိုယ်ရောင် ကိုယ်ဝါ ထွန်းလင်း တောက်ပ နေလျက် ရှိသည် ။ မအေးတုတ် တို့ နှင့် မျက်နှာချင်းဆိုင် မှာ ရှိသည့် ကြက်တောင်ကွင်း မှာ ညနေတိုင်း ကြက်တောင် လာ ရိုက်လေ့ ရှိသည့် ကိုစိန်ခို နှင့် အမေ သိကျွမ်းခဲ့ရသည် ။ အမေ့ ကို တွေ့ လေတိုင်း လက်အုပ်လေး ချီကာ ... “ အမေ နေကောင်းတယ် နော် ၊ အမေ စားပြီးပြီလား ခင်ဗျ .. ” ဟူသော စကား တို့ ဖြင့် ဂါရဝ ပြု၏ ။ ယင်းသမို့ ကြောင့် ထို လူငယ် သည် လိမ္မာရေးခြား ရှိသည် လို့ သတ်မှတ် လိုက်သည် ။


တစ်ခါတစ်ရံ၌ ကိုစိန်ခို သည် အမေ ရဲ့ အလစ် မှာ ရက်ကက်ကြီး ကို တဝှီးဝှီး ရမ်းရင်း မအေးတုတ် ကို ပြုံးပြုံးကြီး စိုက် ကြည့် တတ်သည် ။ အဲသည် အခါမျိုး မှာ မအေးတုတ် တစ်ယောက် ဘယ်လို ဖြစ်သွားရတာလဲ မသိ ။ စိတ်တွေ လှုပ်ရှားရင်း ငိုချင် သလိုလို ၊ ရယ်ချင်

သလိုလို ဖြစ်သွားရတာပေါ့ ။


“ နင် က ဂရု မစိုက်သလို နေပေါ့ ဟဲ့ ... ယောက်ကျား ဆိုတာ ဒီလို ချည်းပဲ ... ရ မလား လို့ သွေးတိုး စမ်း ကြည့်တာနေ မှာ ” 


စိန်ပွင့် က မျက်မှောင် တစ်ချက် ကြုတ် ကာ ဝေဖန်ချက် ပေး လိုက်သည် ။ စိန်ပွင့် သည် မအေးတုတ် ရဲ့ တစ်ဦးတည်း သော အရင်းနှီးဆုံး သူငယ်ချင်း ။ ထဘီ မကပ်သေး တဲ့ အရွယ် ကတည်း က ပေါင်းသင်း လာ ခဲ့ကြတာ ကြောင့် တစ်ဦး အကြောင်း ကို တစ်ဦး က အူမချေးခါး

မကျန် သိသည် ။ ဒါပေမဲ့ သူတို့ နှစ်ယောက် က တစ်ယောက် နဲ့ တစ်ယောက် စရိုက်ချင်း မတူ ။ စိန်ပွင့် သည် မအေးတုတ် လို မဟုတ် ။ သွက်လက် ဖျတ်လတ်သည် ။ ပြောစရာ ရှိ လျှင် ဟောဟောဒိုင်းဒိုင်း ပြော တတ်သည် ။ 


အဲသည်တော့ ရိုးသား အေးဆေးသည့် သူ့ သူငယ်ချင်း အတွက် စိတ် ပူ မိ၏ ။ မမှားသင့်တာတွေ ကို မှားသွား မှာ ကို စိုးရိမ်၏ ။ ယောက်ျား ဆိုတာ ယုံရတာ မှ မဟုတ်ဘဲ ။ ဒင်းတို့ တစ်တွေ နဲ့ တွေ့လျှင် ခပ်တင်းတင်း ဆက်ဆံ မှ တော်ရုံကျသည် ။ မျက်နှာသာ ပေးလျှင်

ကမ်းတက် ချင်သည် ။


ဟို တစ်နေ့က မောင်သိုက် ဆိုသည့် အကောင် ပေါ့ ။ လူ ပုံစံက လည် သလိုလို ၊ နည်းနည်းလေး အခွင့်အရေး ပေးလိုက်တာ နဲ့ သေနာ က ထိကပါး ရိကပါး လုပ် ချင်သည် ။ ဟင်း ... ဟင်း ဘာရမလဲ စိန်ပွင့် တဲ့ တစ်ပွင့် တည်း ရှိတယ် ။ ချာခနဲ လှည့် ပြီး ပါး ကို ဖြောင်းခနဲ မြည်အောင် ရိုက် ထည့် လိုက်သည် ။ အဲဒီ နောက်ပိုင်း သူ တို့ မျက်နှာချင်း တောင် မရင်ဆိုင် ရဲတော့ ။ ဤသို့ဖြင့် စိန်ပွင့် သည် ယောက်ျားတို့ အကြောင်း ကို မအေးတုတ် အား လက်ချာ ပေးသည် ။ လက်ချာ ပေးသည့် အချိန် ကို တော့ သတ်မှတ် မထား ။ ရဟိုင်းဈေး ကို ဈေး ဝယ် သွားကြရင်း နဲ့ လည်း ပို့ချသည် ။ တစ်ဖန် ဥပုသ်နေ့ တိုင်း ရပ်ကွက် ဓမ္မာရုံ က ဓမ္မစကြာဝတ်ရွတ် အသင်းမှာ ဆုံတွေ့ကြ ပြန်တော့ “ ယဿနုဘာ ဝတော ယက္ခာ ၊ နေ၀ ဒေဿန္တိ ဘီသနံ ” ဟူသော မေတ္တသုတ် ကို ရွတ်ဖတ် ရင်း ယောက်ျားတို့ မကောင်းကြောင်း ကို

ဟောကြား ပြန်သည် ။


စိန်ပွင့် ရဲ့ တရားဒေသနာ ကို မအေးတုတ် ခမျာ မျက်လုံးကလေး ကလယ် ကလယ် နဲ့ နားထောင် ရ ရှာသည် ။ တစ်ခါတစ်ရံ တော့ ဘာ မသိ ၊ ညာ မသိ ဘဲ စိန်ပွင့် ကျေနပ်အောင် ခေါင်းညိတ်ပြ ရသည် ။ ဒါပေမဲ့ သူ့ ရဲ့ နှလုံးသား ထဲ မှာ အသားညိုမောင်း သော ၊ ကိုယ်နေဟန် မြင့်မားသော ၊ ယဉ်ကျေးသိမ်မွေ့ စွာ စကား ပြောတတ် သော ကိုစိန်ခို ရောက် နေတာကို တော့ စိန်ပွင့် ခမျာ မသိရှာ ။


  •••••   •••••   •••••


( ၃ )


“ အမေ မရှိဘူး အန်တီအေး..... အသုဘ သွား ပို့နေတယ် .... ခဏနေ တော့ ပြန်လာမှာပါ ရှင့် ”  


စိန်ပွင့် ရဲ့ သမီးကြီး မြင့်မြင့်စိန် က ဆီးကြို ကာ ပြော လိုက်၍ မအေးတုတ် ရင်မော သွား ရသည် ။ စိန်ပွင့် ဆီ ကို လာ ရတဲ့ ခရီး က မသက်သာ ။ ဘတ်စ်ကား နှစ်ဆင့် စီး ရသည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် စိန်ပွင့် ကို စောင့်ရ ပေမည် ။ သူ့ ရဲ့ ဟို ကိစ္စ တိုင်ပင် သမှု ပြုကာ အကြံဉာဏ် တောင်း ချင်သည် ။ မအေးတုတ် သည် ယနေ့ အထိ စိန်ပွင့် ရဲ့ နည်းပေး လမ်းညွှန်မှု အောက် မှ မလွတ်ကင်း နိုင်သေးပါ ။ ကိုစိန်ခို ကို ယူ လိုက်တဲ့ ပြစ်ချက် က လွဲ လို့ ပေါ့ ။ စိန်ပွင့် က မအေးတုတ် နဲ့ ကိုစိန်ခို ကို လုံးဝ သဘော မတူပါ ။


ယူစရာ ရှားလို့ ကျောက်သမား ကို မှ လင် တော်ရသတဲ့လား လို့ ပက်ပက်စက်စက်ကြီး ပြောသည် ။ ဒါပေမဲ့ သူ့ အပေါ် မှာ တော့ အရင် လို ပင် ခင်မင်မှု မပျက် ။ အိမ်ထောင် ကျ ၍

ဒေးဝန်း ကို ပြောင်းရွှေ့ သွား တော့ လည်း သံယောဇဉ် မကုန်နိုင်ဘဲ သူ့ ဆီ ကို ရောက်လာ တတ်သည် ။ သူ က လည်း အရေးအကြောင်း ရှိလျှင် စိန်ပွင့် ဆီ သွားရ စမြဲ ။ ယခု လည်း ဟို ကိစ္စ ကြောင့် ရောက်လာရ ပြန်ပြီ ။


မြင့်မြင့်စိန် ရဲ့လက် ထဲ က သောက်ရေ ခွက် ကို ယူကာ အငမ်းမရ သောက်လိုက် ရ ပေမယ့် ရင် ထဲ မှာ အမော မပြေချင် ။ တကယ်တော့ ဘဝ ဆိုတာ ဖြစ်လာ ကတည်း က အမော နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့လာရ သလား ။ ဘဝ ခရီးရှည်ကြီး ကို တစ်ယောက် တည်း လျှောက်လှမ်း ရ မှာ စိုးကြောက်လှ ပါသည် ။ သည် ခရီး ကား ကြမ်းတမ်း လှ ချေသည် ။


ဆူးငြောင့်ခလုတ်တွေ ပေါများ လှ သော ခရီးလမ်း ကို မဝံ့မရဲ လှမ်းရင်း နဲ့ ခြေဖဝါးတော်နုနု သွေးခြေ ဥချင် လာ သည် ။ ဇာတ် ထဲ က လို ခြေဖဝါးတော် က နာတယ် နာတယ်တော်ရဲ့ တေးသီချင်း ကို မသီဆို ဖြစ်ပေမယ့် အလိုလို စိတ်အားငယ် မိတတ်သော အချိန်မျိုး တွင် ကို

စိန်ခို ရဲ့ ရင်ခွင် သို့ ခိုလှဲလိုက် ချင်စိတ်တွေ တစ်အုံ တစ်ခဲကြီး ပေါက်ဖွား လာရသည် ။ အရေးထဲ အမေ က လည်း ကိုစိန်ခို ရဲ့ အကြောင်း ကိုပဲ ပြောလို့ မဆုံးနိုင် ။ မောင်စိန်ခိုလေး က သနားကမား နဲ့ကွယ် လို့ စကား စ လိုက်တာနဲ့ သူ့ခမျာ ရှက်ကိုးရှက်ကန်း ဖြစ် သွားရင်း အမေ့ စကား ကို မကြားယောင် ပြု၍ ကောင်းကင် က လမင်းကြီး ကို ငေးမောကြည့် နေ မိသည် ။ ဟယ် ... အဲဒါမှ ဒုက္ခ ၊ လမင်းကြီး ရဲ့ မျက်နှာမှာလည်း ကိုစိန်ခို့ ကို တွေ့ရပြန် ပြီလေ ။ ခက်ရပါလား နော် ။


အမေ က နံ့သာပုတီးလေး ကို စိပ်ရင်း သမီး ရဲ့ အခြေအနေ ကို အကဲခတ် မိသည် ။ အမေ လည်း ငယ် ရာ က ကြီး လာတာ ဖြစ်ပေမယ့် ရိုးရိုးအအ မို့ အမေ့ ခမျာ သမီး သဘော ကို တိတိကျကျ မခန့်မှန်း နိုင်ရှာ ။ အမေ့ လက် ထဲ က ပုတီးလေး ကို စောင်းငဲ့ ကြည့်ရင်း မအေး တုတ် မျက်နှာ မှာ အပြုံးရိပ်လေး ပြေး ဖြတ်သွားသည် ။ အဲသည် နံ့သာပုတီးလေး က လည်း နှလုံးအိမ် မှာ ပြုံးရယ် ကြည်နူးစရာ ပေ ကိုး ။ တစ်ရံရော အခါ က အဆိုပါ ကိုစိန်ခို သည် မင်းဘူး ရွှေစက်တော် မှ ဘုရားဖူး အပြန် အမေ့ အတွက် နံ့သာပုတီးလေး ဝယ်ခဲ့ပါ သတဲ့ ။


“ အမေရယ် .. သား ကုသိုလ် ရအောင် ည အိပ်ရာဝင် တိုင်း ဒီ ပုတီးလေး ကို စိပ်ပေးပါ နော် ”


ဟူသော စကား ကြောင့် အမေ့ မှာ ကျေနပ်ပီတိ ဖြစ်လို့ မဆုံး ။ တကယ့် ကို ရှား မှ ရှားသည့် ကလေး ။ အမေ သည် မောင်စိန်ခို... မောင်စိန်ခို ဟု ခေါ်ရာမှ နှုတ် မှ လွှတ်ခနဲ “ သား ” လို့ ယောင်မှား ခေါ် လိုက် မိ ရှာသည် ။ သားလေး မောင်စိန်ခို က လည်း လိမ္မာရေးခြား ရှိပေသည် ကိုး ။


တစ်ခါတုန်း က လည်း ကတိုက်ကရိုက် ဖြင့် ကိုစိန်ခို ရောက်လာ ခဲ့သည် ။ မိုးကောင်း ကို ခရီး

ထွက် ခါနီး မှာ အမေ့ အား ကန်တော့ သွားချင်ပါ သတဲ့ ။ အဲသည် နေ့ က ဥပုသ်နေ့ မို့ အမေ က အိမ် မှာ မရှိ ။ ဘုရားကြီး မှာ ရောက် နေသည် ။ ကိုစိန်ခို ရဲ့ မျက်နှာ မှာ ရုတ်ခြည်းပင် ဆွေးရိပ် သန်း သွားခဲ့သည် ။


“ အမေ မရှိ လည်း အမေ အိ ပ်တဲ့ ခုတင်လေး ကို ပဲ ကန်တော့ သွားပါရစေ မအေးတုတ် ရယ် ” 


ဟု ကြေကြေကွဲကွဲ ပြော လိုက်သည် ။ ထို့နောက် ရိုကျိုးပျက်ဝပ်စွာ ဖြင့် အမေ့ ခုတင်လေး အား ကန်တော့ ပါသည် ။ အဲသည် ဟာမျိုးတွေကြောင့် ကိုစိန်ခို သည် အမေ့ ထံ မှ အမှတ်ပြည့် ရ ခဲ့သည် ။


ပထမ ရက် မှာ မောင်စိန်ခိုလေး က မဆိုးဘူး သမီး ရဲ့ ဟု စကား စ ၏ ။ လူကြီးမိဘတွေ အပေါ် မှာ ဂါရဝတရား ရှိတယ် ဟု ဒုတိယမြောက် ရက်မှာ ပြော ပြန်၏ ။ တတိယ ရက် ကို ရောက်တော့ မောင်စိန်ခိုလေး ကို ပဲ အိမ်ထောင်ဖက် အဖြစ် စဉ်းစားစေချင်တယ် သမီးရယ် ဟု ပွင့်ပွင့်လင်းလင်း အဆို တင်သွင်း သည် ။ အမေ သည် ကိုစိန်ခို အကောင်းမြင် ဝါဒ ကြောင့် သူ့ သမီး ကို ကိုယ်တိုင် အောင်သွယ် ပေးနေမိတဲ့ အဖြစ် ကို ပင် သတိ ပြုမိဟန် မတူပါ ။ မည်သို့ပင် ဖြစ်စေ ကာ မူ မအေးတုတ် ကလ ည်း မဆွတ်ခင် ကတည်း က ညွတ်ချင် နေတာပဲ ။

ဤသို့ဖြင့် လင် စံ ရွေး ၊ လင် ရွေး မမှားအောင် အမေ့ အလိုကျ ခေါင်းညိတ်ရ ပါလေ၏ ။


“ ဟယ် ... အေးတုတ် ” 


အသုဘ ပို့ပြီး ပြန်လာသည့် စိန်ပွင့် တစ်ယောက် သူ့ ကို မမျှော်လင့်ဘဲ တွေ့လိုက် ရ၍ အံ့သြ ဝမ်းသာသွားသည် ။ သူတို့ နှစ်ယောက် မဆုံဖြစ် တာ ကြာပြီ ။ အဆင်မှ ပြေရဲ့လား လို့ တွေးပြီး ပူ မိသည် ။ ငယ် သူငယ်ချင်းတွေ ထဲမှာ အေး လည်း အေး ၊ အ လည်း အ သမို့ သူ့ ကို အချစ်ခင်ဆုံး ဖြစ်သည် ။ ဒါပေမဲ့ သူ့ ခမျာ လင် ရ ကံ မကောင်းရှာ ၊ သူ့ ယောက်ျား စိန်ခိုသည် ဟိတ်ကလေး ဟန်ကလေး နှင့် နေ တတ်တာ က လွဲ လို့ အလုပ် ကို လက်ကြော တင်းအောင် မလုပ် ။ အဲသည်တော့ အေးတုတ် ပဲ ပင်ပန်း ရှာ၏ ။ အပျိုတုန်း က လို ကြော့ကြော့မော့မော့ နဲ့ မနေနိုင် ဘဲ ဖိုသီဖတ်သီ ဖြစ် နေသည် သူ့ ကို တွေ့ရတိုင်း စိတ်မကောင်း ဖြစ်ရသည် ။ အေးတုတ် အနား ဆက်တီခုံ မှာ ထိုင်ရင်း မော လိုက်တာ ဟု ပြော လိုက်သည် ။ စိန်ပွင့် သည် ဘာကို မောတာမှန်း မသိ ။ 


နေပူပူကြီး ထဲ မှာ အသုဘ ပို့ လာပြီး မောရ သလော ။ ဒါမှမဟုတ် အေးတုတ် ကို တွေ့မြင်ရ လို့ လော ။ သို့ပေမယ့် အေးတုတ် ကို ကြည့်ရတာ အရင်နဲ့ မတူ အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုး ရှိနေသည် လို့ ထင်သည် ။ ဒီ ကောင်မ ဘယ်လို အရသာများ တွေ့လာလို့ ပါလိမ့် ။


“ ကောင်မ. .. ခုမှ ဘာစိတ်ကူး ပေါက်ပြီး ငါ့ ဆီ ကို ရောက်လာရ တုံး .... အေးလေ ညည်းကတော့ အကြောင်းကိစ္စ ရှိမှ လာတတ်တာပါ ” 


ဟု စိန်ပွင့် က မျက်စောင်း တထိုးထိုး နှင့် ထေ့ငေါ့ ပြော လိုက်သည် ။ ပြီးတော့ အနား မှာ ရပ် နေသည့် သူ့ သမီးမြင့်မြင့်စိန် ကို တွေ့ လိုက်၍ မအေးတုတ် ကို မေ့သွား ကာ ....


“ ကောင်မလေး သနားစရာလေး ဟယ် .... သေတယ် ဆိုပေမယ့် အိပ်ပျော်နေတဲ့ အတိုင်း ဟဲ့ ” 


ဟု ပို့ခဲ့ရသည့် အသုဘ ကို သတိရ ကာ မဆီမဆိုင် ပြော လိုက်ပါသည် ။ ဆိုင်ဆိုင် မဆိုင်ဆိုင်ပေါ့ ။ သေဆုံး သွား ရှာသည့် မိန်းကလေး အကြောင်း ကို တစ်ယောက် ယောက် အား ပြောပြ ချင်သည် ။ စိတ် မကောင်းစရာ ။ ကောင်မလေး က အရွယ်ကောင်း လေး ။ ကြံကြံဖန်ဖန် ဖြစ်ချင်တော့ ဆေးပုလင်း မှား ပြီး သောက်လို့ သေရသတဲ့ လား ။ ပဋာမြေလူး နေရသည့် ကောင်မလေး ရဲ့ အမေ ကို ကြည့် ကာ အသုဘ လာ ပို့ကြ သူတိုင်း စိတ် ထိခိုက် ကြရသည် ။ 


“ သူ့ ရဲ့ ကုသိုလ်ကံ က လူ့ ဘဝ မှာ ဒီလောက်ပဲ နေခွင့် ရဟန် တူပါရဲ့ ဟယ် ” 


စိတ် မကောင်းစရာ ကြုံတွေ့ ခဲ့ရသည့် အသုဘ မြင်ကွင်း ကို စိန်ပွင့် က သက်ပြင်း ချ ရင်း နိဌိတံ အဆုံးသတ် လိုက်သည် ။ မအေးတုတ် လည်း စီကာပတ်ကုံး ပြောပြ နေသည့် စိန်ပွင့် ရဲ့

ဇာတ်လမ်း ထဲ မှာ နစ်မြော ရင်း စိတ်ထိခိုက် ခဲ့ရသည် ။ သူ့ ရဲ့လာရင်း ကိစ္စ ကို မေ့လျော့ ပြီး မမြင်ဖူး ပေမယ့် သေဆုံး သွားသူ ၏ ကလေးမလေး အပေါ် ကရုဏာ သက်မိသည် ။ သားသမီးချင်း ကိုယ်ချင်းစာ မိပါ၏ ။ တကယ်လို့ ... ဖွ .... မပြောကောင်း မဆိုကောင်း သမီးကြီး ကြည်ဝင့် သာ အဲဒီလို အဖြစ်မျိုး နှင့် ကြုံတွေ့ ခဲ့ ရလျှင် .... ရှေ့ဆက် မတွေးရဲတော့ ။ အလိုလို နေရင်း အသက်ရှူ ကျပ်လာ ခဲ့သည် ။ အောက်နှုတ်ခမ်း ကို အသာအယာ ကိုက် လိုက်ရင်း ခေါင်း ခါရမ်း လိုက်သည် ။


  •••••   •••••   •••••


( ၄ )


တကယ်တော့ လူ့ ဘဝ ဆိုတာ ကံ စီမံရာ နာခံကြရ စမြဲ ။ ကံ ပြုသမျှ နု ရတယ် ။ ကံကြမ္မာ က ဖန်တီး ပေး လျှင် ဘယ်လိုမှ ရှောင်လွှဲလို့ မရပေ ။ အဲသည်တော့ ကိုစိန်ခို နှင့် အကြင် လင်မယား ဘဝ ကို ရောက်ခဲ့ရတာ က လည်း ရှေးရေစက် ကြောင့် ပဲ လို့ စိတ်တုံးတုံး ချ ကာ ယူဆ လိုက်သည် ။ တစ်ခါ တစ်ခါ တော့ စိတ် ပူပင် အားငယ်မှုတွေ ဖြစ်တိုင်း တမလွန် ခရီး ကို ထွက်ခွာ သွားသည့်အမေ အား တမ်းတ ကာ ဟစ်အော်ငို လိုက် ချင် သည် ။ အိမ်ထောင်ပြု ပြီးမှ ဘဝ ခရီးကြမ်း ကို ဖြတ်သန်းရင်း လူကြမ်း စိတ်ကြမ်း မိန်းမကြမ်း ကြီး ဖြစ်သွားရ သည့် သူ့ ကို အခွင့် သင့် လျှင် အမေ မြင်စမ်းချင် လှသည် ။


ကိုစိန်ခို လည်း စီးပွား ရှာ ပါ၏ ။ ဒါပေမဲ့ ကျောက်သမား ရဲ့ စီးပွားရေး ကား ဘာမှ မသေချာ ။ ဖောင်း တဲ့ အခါ ဖောင်း ၊ ပြား တဲ့ အခါ ပြား ဆိုပေမယ့် ဖောင်း တာ ထက် ပြားတဲ့ နေ့ရက် တွေ ပဲ အမြဲ ကြုံတွေ့ ခဲ့ရသည် ။ ဤသို့ဖြင့် တစ်ချိန် က သားအမိ နှစ်ယောက် ကျစ်ကျစ် ပါ အောင် သိမ်းထုပ် ထားခဲ့သည့်ရွှေ ငါးဆယ်သား သည် လည်း ချစ်သူလင် ရဲ့ ကောင်းမှု ကြောင့် တစ်တုံတုံတိ တစ်တိတိ ကုန် ကာ တတိယမြောက် သား ကျော်ဆန်း ရွှေပန်း ငေါက်တောက် နဲ့ လမ်း စ လျှောက် သွားချိန် တွင် လုံးဝ ပြောင်သလင်း ခါ သွား ရလေပြီ ။ ကံ အကျိုး မပေးတော့ သည်လို ပေါ့ကွယ် ဟူသော ကိုစိန်ခို ရဲ့ စကား ချိုချို ကြောင့် မကြင်နာဘဲ စိမ်းကားသွား ရှာသည့် သူ့ ရဲ့ ရွှေထုပ်ကလေး ကို သံယောဇဉ် ဖြတ်တောက် လိုက်ရသည် ။ မှန်ပါသည် ။ ကံ မပေးရင် ဘာမှ မတတ်နိုင် ။ ကံ မရှိ ဉာဏ် ရှိတိုင်း မွဲ လို့ ဆိုသည် မဟုတ်လား ။ သူတို့ အပေါ် မှာ တစ်ချက်လေး မှ မျက်နှာသာ ပေးဖော် မရသည့် ကံကြမ္မာ ကို စိတ်နာ မိသည် ။


အိမ်ဝိုင်း တစ်ခြမ်း ကို ဖဲ့ ရောင်းပြီး ရောင်းရသည့် ငွေလေး နှင့် ခန္တီး သို့ ကိုစိန်ခို ခရီး ထက် သွားသည် ။ သုံးလေးလ မက ကြာသည် ။ စာ မလာ သတင်း မကြားရ သည့် အတွက် ဒေါသ ထွက် မိသည် ။ ဒါပေမဲ့ ငှက်ဖျား မိ ၍ အလဲလဲ အပြိုပြို နဲ့ တပ်ခေါက် ပြန်လာရသည့် လင်တော်မောင် ကို တွေ့မြင် ရ တော့ ရင်ဆို့ သွားရသည် ။ အိပ်ရာ ထဲ လဲနေသည့် သူ့ ကို ပြုစုရ ပြန်သည် ။ အဲဒီတုန်း က နေ့ရက်တွေ ကို ဘယ်လို ဖြတ်သန်းပြီး ကုန်လွန် သွားခဲ့သည် မသိ ။ အိမ် မှာ ဈေးဆိုင်ငယ်ကလေး ဖွင့် ထားသည် ။ ကလေးတွေ က လည်း ငယ်ငယ်ရွယ်ရွယ် ၊ ကလေးတွေ တစ်ဖက် ၊ ဆိုင် က တစ်ဖက် ချာချာလည် နေရသည့် အချိန် ကိုစိန်ခို သည် မအေးတုတ် ရဲ့ လက် ကို ညင်သာစွာ ဆုပ်ကိုင် လိုက် ရင်း ...


“ အားနာလိုက်တာ .... ငါ့ မိန်းမ ပင်ပန်းရှာ မှာ ပဲ ” 


ဟု အကြင်နာ စကား ပြောသည် ။ အို ... တော်ပါတော့ သူ့ ရဲ့ ဒီလို စကားတွေ ထဲ မှာ မအေးတုတ် ကြွေခဲ့ရတယ် လေ ။


ကိုစိန်ခို နာလန် ထပြီး နှစ်လ အကြာ မှာ အငယ်ဆုံး ကောင် သိန်းဇော် ကို ကိုယ်ဝန်ကြီးတကားကား နဲ့ နေပူမိုးရွာ မရှောင် သွားလာ နေသည့် သူ့ ကို “ ညည်း ကတော့ စံပါပဲ အေ ”  လို့ စိန်ပွင့် က ချီးမွမ်း ထောပနာ ပြုသည် ။ အပျိုတုန်း က နဲ့ မတူ ၊ အိမ်ထောင်ကျ ကတည်း က ဘဝ ကို ကြုံသလို ရင်ဆိုင် ပြီး ခုနစ်ထွေ က နေသည့် မအေးတုတ် ရဲ့ အဖြစ် ကား အံ့သြ မကုန်နိုင်ဖွယ် မို့ စံပါ ပဲလို့ စိန်ပွင့် ရဲ့ အပြောအဆို ကို ခံခဲ့ရ သည် ။ “ ဟော ... အခုလည်း စံပါပဲ ဟယ် ”  လို့ လည်း စိန်ပွင့် ထုံးစံ အတိုင်း ရေရွတ် ရ ပြန်ပြီ ။ မအေးတုတ် ရှက်ပြုံး

လေးဖြင့် စိန်ပွင့် ကို ကြည့် လိုက်သည် ။


သူ ထင်သည့် အတိုင်းပင် သူ့ မှာ ကိုယ်ဝန် သုံးလ ရှိပြီတဲ့ ။ သေချာရဲ့လား လို့ ထပ်မံ မေးစရာမလိုပါ ။ စိန်ပွင့် တို့ အရပ် ထဲ က လက်သည် မအေးရှင် ရဲ့ သဘာ နှင့် ဝါ ကို လုံးဝ ယုံကြည် စိတ်ချပြီး သားပါ ။ အဲဒါက မြား ပြထားသည့် ဟို ... တားဆေးလေးတွေ ကို နေ့စဉ် စား ပါလျက် ဘာကြောင့်များ ကိုယ်ဝန် ရ လာပါသလဲ ။


သူ သိချင်တာ ကို ဘယ်သူမှ မဖြေနိုင်ခဲ့ ။ ခေတ်ကာလ ဆေးဝါးတွေ အကြောင်း ကို ကျုပ် လည်း မသိဘူး လို့ လက်သည် မအေးရှင် က ပြောသည် ။ ဆေးခန်း တစ်ခု ခု ကိုသွားပြီး ဆရာဝန် ကို ပြသ စစ်ဆေး လျှင် ဖြင့် သည် ကိစ္စ ကို ရှင်းရှင်းလင်းလင်း သိနိုင် ခဲ့သည် ။ ဒါပေမဲ့ ကလေး လေးယောက် စလုံး စရိတ် သက်သက်သာသာ ဖြင့် အရပ် လက်သည် နဲ့ မွေးခဲ့ရသည့် သူ့ အဖို့ ဆေးခန်း ကို သွားရမှာ ဝန်လေး သလို ရှက် လည်း ရှက် မိသည် ။


“ နင် စားတဲ့ ဆေးတွေ က အတုများ ဖြစ်နေမလား ဟယ် ” 


ဟု တွေးတွေးဆဆ ဖြင့် ပြော လိုက် သည့် စိန်ပွင့် ရဲ့ စကားကြောင့် သူ့ မှာ အံ့ သြ သွားသည် ။ အိမ် မှာ ကျန်ရစ်သည့် ဆေးကတ်လေး ကို လည်း မြင်ယောင် မိသည် ။ ဘယ်လို ပြောရမလဲ ၊ စိန်ပွင့် ပြော သလိုပဲ အဲဒီ ဆေးတွေ ဟာ အတု ဖြစ်နေ သလား ၊ ဒါမှမဟုတ် သက်တမ်း လွန် နေပြီလား ။ ဆေးကတ် ပေါ် မှာ အင်္ဂလိပ် လို ရေးထား ၍ ဘာတွေမှန်း သူ လည်း မသိပါ ။ ၎င်း ဆေး ကို မျက်စောင်းထိုး နေရာ ရှိ သန်းဦး ရဲ့ ကွမ်းယာဆိုင် က ဝယ် လာခဲ့ခြင်း

ဖြစ်သည် ။ သန်းဦး က ကွမ်းယာ အပြင် အိမ်သုံးဆေးဝါးတွေ လည်း နည်းနည်းပါးပါး ရောင်း လိုက်သေးသည် ။ အရင်တုန်း က လည်း သူ့ ဆိုင်က ပဲ ဒီ ဆေး ကို ဝယ်ယူ ခဲ့ပေမယ့် ဘာမှ မဖြစ် ။ ခုမှ ဘယ်လို ဖြစ် ။ အတွေး ရှုပ် ၍ ခေါင်းကုတ် နေမိရာ မှ မအေးတုတ် တစ်ယောက် မပွင့် တစ်ပွင့် ပြုံးရယ်လိုက် မိသည် ။ ကြည့်စမ်းပါဦး ... ။ လူ့ ဘဝ နဲ့ လူ့ ကံကြမ္မာ အံ့သြစရာ ပါလား ။ ဆေးစား မှား၍ စိန်ပွင့် တို့ အရပ် ထဲ က ကလေးမလေး သေဆုံး သွားသည် ။

ဟော ... ။ အခုတော့ သက်တမ်းလွန် ဆေး လား ၊ ဆေး အတု လား ။ ဘာမှန်း မသိတဲ့ ဆေး ကို အစား မှား ကာ လူ့ လောက ကို ရောက်လာတော့မည့် သန္ဓေသားလေး ကို လွယ်ထားရ လေပြီ ။ အဲဒါကို ကံကြမ္မာ ကြောင့် မဟုတ်ဘူးလို့ ဘယ်သူ က ပြောမလဲ ။


ကိုစိန်ခို က သူ့ ရဲ့ အကျင့်အတိုင်း မေးစေ့ ပွတ်ခါ စဉ်းစားလျက် ရှိသည် ။ အေးတုတ် ပြောတာ ကို ငြိမ်သက်စွာ နားထောင်သည် ။ တစ်ခါတစ်ရံ ၌ ခေါင်း တဆတ်ဆတ် ညိတ် လိုက်ချေသေးသည် ။


“ အေးကွာ.... တို့ ရဲ့ မိသားစု ထဲ မှာ နောက်ထပ် တစ်ယောက် တိုးဝင် လာ တာ ဝမ်းသာစရာကွ မအေးတုတ် ရဲ့ ကျန်းမာရေး တော့ ဂရုစိုက်နော် ... ဒီ အချိန်ကြီး မှာ လူကြီး ရော....ကလေးပါ ကျန်းမာ အောင် အားဆေးလေး ၊ ဘာလေး စားကွာ ... မင်း နဲ့ ဘယ်လို

အားဆေး ” 


ကိုစိန်ခို ခမျာ မအေးတုတ် ရဲ့ “ အလို တော်  ” ဟူသော အော်သံကြောင့် စကား ကို ဆုံးအောင် မပြောလိုက်ရ ။


“ မစားပေါင် ကိုစိန်ခို ရယ် ... ကလေး လေးယောက် စလုံး ဘာ အားဆေး မှ မစားဘဲ မွေးလာခဲ့သေးတာ ၊ ဒီ ကလေး ကို ကိုယ်ဝန် လွယ် မှ ကျွန်မ အားဆေး စား နေရဦးမှာလား ” 


ပျာပျာသလဲ ပြောကာ ငြင်း လိုက်သည် ။ သူ ပြောတာတွေ လည်း မှန်ပါ၏ ။ အရင် ကလေးတွေ တုန်း က အားဆေး တွေ မမှီဝဲ ဘဲ နဲ့ ကိုယ်ဝန်ဆောင် မီးဖွား နိုင် ခဲ့သည် ။ ဒါပေမဲ့ ယခင်တုန်း က အခြေအနေ နှင့် မတူပြီ ။ ယခုလို အရွယ် ရောက် မှ ကိုယ်ဝန် လွယ် ရသည့်

အချိန် မှာ ဆေးဝါးတွေ သုံးစွဲ ဖို့ လိုအပ် သည် ။ မအေးတုတ် လည်း အားဆေးတွေ ကို

သောက်သုံး သင့်မှန်း သိပါသည် ။ ခက်တာ က ဆေးစား မှားခဲ့ ရင် ဆိုသည့် သံသယ စိတ်ကြီး က သူ့ ကို စိုးမိုး နေလျက် ရှိသည် ။


ကံကောင်း ထောက်မစွာဖြင့် လူ့ လောက ထဲ ကို ရောက်လာ တော့မည့် ကလေး အတွက် တစ်စုံ တစ်ခု လွဲချော် မှားယွင်း သွားတာမျိုး အဖြစ် မခံနိုင်ပါ ။ သားလေး လား ၊ သမီးလေး လား ... ။ သူ့ ဗိုက်လေး ကို တယုတယ ကြည့်လိုက် သည့် မအေးတုတ် ရဲ့ မျက်နှာ တွင် မေတ္တာရိပ် တွေ လွှမ်းခြုံ ထားသော ကြောင့် လပြည့်လဝန်းကြီး လို သန့်စင် ကြည်လင် ၍ နေပါသည် ။ မကြာခင် မှာ မေမေ ရဲ့ နှလုံးသား ကို ရိုက်ခတ် လာမည့် ဆည်းလည်းသံလေး ကို ကြားရ ပေတော့မည် ။


ကိုစိန်ခို က မူ မှုန်ကုပ် နေရာမှ ချက်ချင်း ကြည်လင် ဝင်းပ သွားသည့် ဇနီးသည် ရဲ့ ရွှေမျက်နှာ ကို နားမလည် နိုင်စွာ ဖြင့် ငေးမောလျက် ရှိသည် ။ တစ်ခုခု တော့ ထူးခြား နေပြီလို့ အံ့အံ့ဩသြ တွေး လိုက် ရှာ၏ ။


◾ညိုထွန်းလူ


📖 စန္ဒကူးအိမ် ဝတ္ထုတိုစု 

     ၂ဝဝ၂ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment