Saturday, November 25, 2023

ပန်းဖြူ တစ်ပွင့်


 ❝  ပန်းဖြူ တစ်ပွင့်  ❞


၁ ။


ရင် ထဲ ၌ ပန်းချီကား တစ်ချပ် ရေးဆွဲပြီး သင့် ရှိနေပြီ ဟု မိမိ ကိုယ် မိမိ ရိပ်မိ လိုက်သည် ။ သို့ရာတွင် ထို ပန်းချီကား မှာ ဘယ်ပုံ ဘယ်ပန်း ရှိသည် ဟု ကား တိတိကျကျ မပြောနိုင်ဘဲ ရှိ သည်  ။ ပန်းချီကား ကို ကျွန်ုပ် မြင် နေမိ သည် ။ သို့ရာတွင် ရိုးတိုးရိပ်တိပ် မျှ သာ ။ ဆေးရောင် ဘယ်ပုံ သွင်း ရမှန်း ကို မပြောနိုင် ။ အစိမ်း လည်း ပီသည် မထင် ။ အနီ လည်း ပီသည် မထ င် ။ အဝါ လည်း ပီသည် မထင် ။ ဘယ် အရောင် ကို မှ ကျွန်ုပ် သည် ပီပီ မမြင်သေး ။


ဝိုးတဝါး ထွေးယှက် လျက် ရှိသည် ။ ဤ ဝိုးတဝါး အရသာ ကို ကျွန်ုပ် သည် မြိန်ရှက်လျက် ရှိသည်  ။ သို့သော် တစ်ခု တော့ သေသေချာချာ ပြော နိုင်ပါသည် ။ ရင် ထဲ မှာ ပန်းချီကား တစ်ချပ် ရေးဆွဲပြီး အသင့် ရှိနေပြီ ဟူ၍ ။


၂ ။


နွေဦးကာလ ၌ ကျွန်ုပ် အချိန် အတော်ကြာ ငေး မိသည် ။ မြူကလေးများ သည် ရစ်ဆိုင်းစ ပြုပြီ ။ လေပွေ ကလေးများ လည်း ခရုပတ် လှည့်စ ပြုပြီ ။ ထိုအချိန် တွင် ပွင့်သစ် လာ ကြသော ပန်းကလေးများ ကို မြင်သည် ။ ကျွန်ုပ် မည်မျှ အကြည်ဆိုက် နေမိသည် ကို ပင် သတိ မပြုမိ ။


မြူခြေဆိုင်းဆိုင်း သည် နောက်ခံ အရောင် ဖြစ်သည် ။


ရီမှုန်မှုန် ၊ ဝေပြာပြာ လေပွေကလေး ဆော့ မြူး လှည့်ပတ် နေဟန် သည် နွေလောက ကို အသက်သွင်းလိုက် သကဲ့သို့ ပင် ။


သစ်ပင်များ မျက်စိမှိတ် နေကြသည် ထင် သည် ။ ဖုန်များ ၊ စက္ကူ အစအနများ ၊ သစ်ရွက် အစအနများ ၊ အိမ်မိုး ပေါ် ၊ သစ်ကိုင်း ပေါ် ၊ စပါး ကျီ ပေါ် ငြိလျက် ၊ ကပ်လျက် ၊ ချိတ်လျက် ။ ထို မှုန်ဝါးဝါး ရှုခင်းထဲ တွင် တစ်ခု ကို ပီပီ မြင် နိုင်သည် ။ နွေဦး ပန်းဖြူ တစ်ပွင့် တစ်ပွင့် ကား လေပွေ နှင့် မြူခြေ ကို ကျောခံ ၍ ရဲရဲ ပွင့်လိုက်ပုံ  ၊ ဟုတ်ကဲ့ ။ ရဲရဲ ပွင့်လိုက်ပုံ ပါ ပဲ ။


ကျွန်ုပ် မှာ အတောမသတ် နှစ်သက်မိသည် ။ ဤ ပန်းကလေး သည် မည်သူ့ ကို အားကိုး ၍ ရဲတင်းစွာ ပွင့်လိုက်ပါ သနည်း ။ ပန်းဖြူကလေး သည် မည်သူ့ ကို မျှ အားမကိုး ။ သူ့ အင်အား သူ့ ဘဝ ကို အားကိုး ၍ ပွင့် လိုက်ခြင်း ဖြစ်လေဟန် ကျွန်ုပ် သည် စိတ်ကူး ဖြင့် မှန်းဆ၍ အဓိပ္ပာယ် ကောက် ကြည့်ရာ ပန်းကလေး ၏ အဖြူဓာတ် မှာ ပိုမို တောက်ပ ထွန်းလင်း သွား လေသည် ။


၃ ။


စင်စစ် အားဖြင့် ကျွန်ုပ် ပန်းချီ မဆွဲ ဖြစ်သည် မှာ အချိန် ညောင်းခဲ့ဟန် တူသည် ။ ပန်းချီသွေး သည် ကျွန်ုပ် ထံ မှ ထွက်ပြေးခဲ့ပုံ ရ သည် ။ ပန်းချီ အနုပညာ ကို စောင့်သော နတ်သည် ကျွန်ုပ် ထံ မှ ခွာခဲ့သည် မှာ ကြာခဲ့ပြီ ထင်၏ ။ ပန်းချီ ဆွဲစရာ အကြောင်းအရာ တို့ သည် ကျွန်ုပ် ၏ သတိမေ့လျော့ ခြင်း ကို ပြက်ရယ် ပြု နေကောင်း ပြု နေ ပေလိမ့်မည် ။ သို့မဟုတ် ကျွန်ပ် ၏ အနီးသို့ သီလာ ကောင်း မှ သီလာ ပေ လိမ့်မည် ။ ကျွန်ုပ် လည်း အမှတ်တမဲ့ သာ ဖြစ် ချေသည် ။


ကျွန်ုပ်သည် ပန်းချီကားများ ကို တစ်ကား ပြီး တစ်ကား ရေးဆွဲ ခဲ့သည် ။ ကျွန်ုပ် သည် နာမည်ကျော် ပန်းချီ ဆရာ ဖြစ်ခဲ့သည် ။ ပြပွဲတွေ မှာ ပြခဲ့သည် ။ ကားများ ကို လက်မလည် အောင် ရောင်းခဲ့သည် ။ ပန်းချီဈေးသည် ဖြစ် ပေလိမ့်မည် ။ သို့သော် ကျွန်ုပ် သည် ကျွန်ုပ် ၏ နာမည်ကျော် ပန်းချီဈေးသည် ဘဝ ကို မေ့ စ ပြု ပြီ ။ ထို ပန်းချီကားများ အကြောင်း ကို ပင် သတိ မရ တစ်ချက် ၊ ရ တစ်ချက် ။ မည်သည့် ပန်းချီ ကားများ ကို ရေးဆွဲခဲ့ မိမှန်း ကောင်းကောင်း မသိတော့ချေ ။ ကြာလှပြီ ဖြစ်မည် ။ ကျွန်ပ် ခေတ် ကောင်းချိန် သည် ခပ်လှမ်းလှမ်း မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည် ။ 


ကျွန်ုပ် ကို ‘ ပန်းချီဆရာကြီး ’ ဟု အများက ခေါ်ကြသော အခါ ကျွန်ုပ် သည် အမှတ်မဲ့ အံ့အားသင့်မိ လျက်သား ဖြစ်သွားသေးသည် ။ “ ငါ ဘယ်တုန်းက ဘာ ပန်းချီ ဆွဲခဲ့မိဖူးပါလိမ့် ” ဟု

တွေးမိ လျက်သား ရှိသည် ။


သို့သော် ကျွန်ုပ် ၏ သတိ ကား အလွန် မဆိုး လှ သေးပါ ။ ဟုတ်မှာပဲ ၊ ငါ့ အိမ် မှာ စုတ်တံ တွေ ၊ ဆေးခွက်တွေ ၊ ပန်းချီကား အစအန တွေ ရှိ သားပဲ ။ ငါ ပန်းချီဆရာ ပဲ ဖြစ်ခဲ့ မှာ ပါပဲ ။ မလွဲနိုင်ပါဘူး ။ ဟုတ်မှာ ပေါ့ ။ မေ့လျော့တတ် ခြင်း ကြောင့် အများက ကျွန်ုပ် ကို မသနား မီ ကျွန်ုပ် ကိုယ် ကျွန်ပ် ပန်းချီဆရာ ပါ ဟု ဝန်ခံ လိုက် နိုင်ခဲ့ပါသည်  ။


၄ ။


အမှန်ပင် ။ ကျွန်ုပ် သည် နိုင်ငံကျော် ပန်းချီ ဆရာ ဖြစ်ခဲ့သည် ။ လက်ဖျား ၌ ငွေ သီးခဲ့သည် ။

နိုင်ငံ ၏ မျက်နှာဖုံး ပန်းချီကျော် အဖြစ် စာနယ်ဇင်းများ က အကြိမ်ကြိမ် ချီးကျူး ကြသည် ကို ခံခဲ့ရသည် ။ သံရုံးများ က ဧည့်သည်တော်များ သည် ကျွန်ုပ် ၏ ပန်းချီကား ကို အလုအယက် လာရောက် ဝယ်ခဲ့ကြသည် ။ ကြေးရတတ် မျက်နှာကြီး ပုဂ္ဂိုလ်များ ၏ အိမ်တိုင်း တွင် ကျွန်ုပ် ၏ ပန်းချီကား မချိတ်သည့် အိမ် ဟူ၍ မရှိသလောက်ပင် ။ ကျွန်ုပ် ပန်းချီကား သည် အိမ် ၏ ဂုဏ်သရေ အထိမ်းအမှတ် တစ်ခု ဖြစ်ခဲ့ လေပြီ ။


ကျွန်ုပ် သည် တော်ဝင် အနုပညာ တံခွန်အသင်းကြီး က ချီးမြှင့်သော ဆုတံဆိပ်များ အကြိမ်ကြိမ် ရခဲ့ရုံမျှ မက ထို အသင်းကြီး ၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင် လည်း ဖြစ်ချေသည် ။ သံရုံးတကာ ဧည့်ခံပွဲများ တွင် လည်းကောင်း ၊ တော်ဝင် အနုပညာ အသင်းကြီး ၏ ဆုနှင်းသဘင် အခမ်းအနားများ တွင် လည်းကောင်း ကျွန်ုပ် အမည် သည် လူတိုင်း ၏ နှုတ်ဖျား ပေါ် က ပျံသန်း နေသော လိပ်ပြာကလေး ဖြစ်ခဲ့ သည် ။ ကျွန်ုပ် ၌ ဘာ လိုတော့သနည်း ။ နာမည် မလို ။ ဂုဏ် မလို ။ ငွေလည်း မလိုတော့ ပြီ ။ လို သည် မှာ အနုပညာ ပင် ဖြစ်သည် ။ မှန်သည် ။ ဤ အချက် ကို မြို့တော် ၏ အစွန်အဖျားများ က ထုတ်ဝေသော သတင်းစာကလေး တစ်စောင် တွင် အညတရ ပန်းချီဝေဖန်ရေး သမား တစ်ယောက် က ထောက်ပြခဲ့သည် ။


ကျွန်ုပ် သည် အကြီးအကျယ်  စိတ်ဆိုး ခဲ့သည် ။ ဆင် ကို ပုရွက်ဆိတ် အကိုက် ခံရ သကဲ့သို့ ဆတ်ဆတ်ခါ နာခဲ့သည် ။ ကျွန်ုပ် အတ္တ မာန ဟုန်းဟုန်း ထခဲ့သည် ။ မိမိ ဂုဏ် ကို ငဲ့၍ ထို ဝေဖန်ရေး သမားလေး ကို လူသိရှင်ကြား မချေပခဲ့ သော်လည်း စိတ် ထဲ တွင် အနာ တစ်ခု ကဲ့သို့ ခံစားခဲ့ရ လေသည် ။


ယင်းသို့ ခံစား ရ တိုင်း မိမိ ကိုယ် ကို မေးခွန်း ထုတ်ခဲ့ သည်  ။ သူက ....  ‘ ဤ ပန်းချီဆရာ ၌ ကျော်ကြားမှု က လွဲ၍ ဘာမျှ မရှိ ။ သူ သည် ပန်းချီကား အရောင်းအဝယ် ပြုနေသော ကုန်သည် တစ်ဦး မျှ သာ ဖြစ်၏ ။ သူ့ ၌ ခံစားမှု အစစ် အမှန် မရှိ ။ ယုံကြည်မှု အစစ်အမှန် မရှိ ’ ဟူ၍ ရက်ရက်စက်စက် ဝေဖန် ခဲ့သည် မှာ မှန်သလော ။


အချိန် အတန်ကြာသော အခါ ကျွန်ုပ် သည် အမှန် ကို သိလာခဲ့သည် ။ ကျွန်ုပ် သည် အနုပညာ ကို ကုန်ထုတ်လုပ်ငန်း တစ်ခု ကဲ့သို့ ထုတ်လုပ်နေသူ တစ်ဦး သာ ဖြစ်ကြောင်း သဘောပေါက် ခဲ့သည်  ။ ဒေါသ ပြေ၍ မာန် လျှော့ လိုက် သော အခါတွင် အညတရ ဝေဖန်ရေးသမား က လေး တစ်ဦး ၏ စကား သည် အမှန်ပင် ဖြစ်ကြောင်း သိနားလည် ခဲ့ ရလေသည် ။


ထိုသို့ နားလည်သည် နှင့် တစ်ပြိုင်နက် ကျွန်ုပ် သည် ပန်းချီလောက မှ တစ်စ တစ်စ ဖဲ ခွာ ခဲ့လေပြီ ။ ဧည့်ခံပွဲများ ကို ကျွန်ပ် ရှောင် လေ ပြီ ။ သတင်းစာ မျက်နှာဖုံး တွင် ပါ တတ်သော အ နုပညာ ပွဲလမ်းသဘင် တို့ တွင် ကျွန်ုပ် ၏ အမည် ပျောက် စ ပြုလေပြီ ။


ကျွန်ုပ် သည် ပန်းချီလောက ကို စွန့်ခဲ့၏ ။


၅ ။


ကျွန်ုပ် ၏ ကလေးငယ် သည် အလွန် အဆော့ သန်သည် ။ ကျွန်ုပ် ၏ ပစ္စည်းပစ္စယ တို့ မှာ သူ ဆော့သည် နှင့် ပင် မကျန်သလောက် ပျ က်စီး ကုန်ခဲ့သည် ။ သို့သော် ကလေးငယ် ၏ လွတ်လပ်ခြင်းသည် ပစ္စည်းပစ္စယ တို့ ထက် အဖိုး ထိုက်သည် မဟုတ်လော ။ ဆော့ပါစေ ၊ ကစား ပါစေ ။ ပစ္စည်း များ ကို လွှင့်ပစ်ပါစေ ။ လွတ်လပ်မှု ၊ ဖွံ့ဖြိုးမှု နှင့် ကြည်နူးမှု အတွက် ကျွန်ုပ် ၏ ပစ္စည်းများ ကို စိတ် ကျေနပ်လောက် အောင် လွှင့်ပစ်ပါစေ ။ ကျွန်ုပ် ကား ကျေနပ်လှ သည် ။ ပီတိ ဖြစ်လှ သည် ။ ထို့ကြောင့် ကျွန်ပ် သည် လွတ်လွတ်လပ်လပ် ခုန်ပေါက် လွှင့်ပစ် ကစား နေသော ကလေးငယ် ကို အပြုံးကြီး ပြုံး ကာ ကြည့် နေ မိသည် ။ ကလေးငယ် သည် ပစ္စည်းတကာ တို့ ထက် အဖိုးတန်သော သက်ရှိ ပစ္စည်း ပေ တကား ။ ကျွန်ုပ် သည် ပီတိ ၌ ကြာကြာ နစ်ခွင့်မရပါ ။


“ ဟဲ့ ကလေး ဘယ့်နှယ် မင့် အဖေ ရဲ့ ပစ္စည်း တွေ ဖျက်ဆီး နေသလဲ လူကလေး ရဲ့ ၊ လာလာ ... ဒီကို ၊ အမေ့ ဆီ ကို ” 


သူ့ အမေသည် ကလေး ကို ပွေ့ ခေါ်၍ မုန့်ကျွေး ချော့မော့ နေ လေသည် ။


အခုမှ ပင် သတိ ရသည် ။ သူ့ အမေ အလုပ် က ဆင်း လာ ခဲ့ပြီ ။ ကလေး အမေ သည် ရုံး တစ် ရုံးတွင် စာရေးမ ဝင် လုပ်နေသည် မှာ နှစ် နှင့် ချီ ခဲ့ လေပြီ ။ ကျွန်ုပ် ပန်းချီ မဆွဲဖြစ် ကတည်း က အိမ် မှာ ဝင်ငွေ နည်းခဲ့သည် ။ တစ်စ ထက် တစ်စ စားရေးသောက်တာ ကျပ်တည်း လာ ခဲ့သည် ။


ကျွန်ပ် ဝင်ငွေ မရှိတော့သည့် နောက် အိမ် က မိန်းမ သည် ပစ္စည်း နှင့် ပရိဘောဂ အချို့ ကို ထုခွဲ ရောင်းချ စားသောက် ခဲ့ရသည် ။ ထုခွဲ ရောင်းချစရာ မရှိတော့သည့် နောက် အိမ် စရိတ် ရ အောင် ရုံးစာရေးမ ဝင် လုပ်ခဲ့သည် ။ အတော် ကြာပြီ ။ မိန်းမ ငွေ ကို မှီ၍ ချို့ချို့တဲ့တဲ့ စားသောက် နေထိုင် ရသည် မှာ အတော် ကြာလောက်ပြီ ။ ထို အခက်အခဲ ကို ပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်ခဲ့ သည် ။ မိန်းမ ဖြစ်သူ သည် သူ့ လခ ထဲ က ဖဲ့၍ ပန်းချီပစ္စည်း များ ကို ဆင်းဆင်းရဲရဲ ဝယ်ပေးခဲ့ ရှာပေသည် ။ သို့ရာတွင် ကျွန်ုပ် ကား ပန်းချီ ဆွဲ ဖို့ ဝေးစွ ။ မိမိ ကိုယ် ကို ပန်းချီဆရာ ဟု ပင် အမှ တ်မ ရတော့ပါ ။ ပန်းချီ ။ မိမိ ကိုယ် ကို ပန်းချီဆရာ ဖြစ်ခဲ့သည် ဟု ပင် အတော် စဉ်းစား ယူ နေ ရ ပေတော့သည် ။


၆ ။


အိမ်ရှေ့ မြောင်းငယ် ထဲ တွင် ပန်းချီဆေးခွက် ရောက် နေသည် ။ စုတ်တံ ကို လည်း ကလေးငယ် ရိုက်ချိုး ပစ်ခဲ့လေပြီ ။


မိန်းမ ဖြစ်သူ သည် အလွန် နှမြော နေပုံ ရ သည် ။ ကလေးငယ် ကို တတွတ်တွတ် ဆိုမြည် နေသည် ဟု ကျွန်ုပ် ထင်၏ ။


ကျွန်ုပ် ၏ ကလေးငယ် မှာ ကစားစရာ ဟူ၍ မည်မည်ရရ ရှိရှာသည် မဟုတ်ပါ ။ ဝယ်လည်း ပေးနိုင်သည် မဟုတ်ပါ ။ သူ့ ပတ်ဝန်းကျင်တွင် ကစားစရာ ဟူ၍ စုတ်တံ နှင့် ဆေးခွက်များ သာ ဖြစ်ပေလိမ့်မည် ။


ထိုအချိန် ၌ ကျွန်ုပ် သည် အိမ်ရှေ့ သို့ ငေးမျှော် လိုက်မိ ပါသည် ။ ထွန်းတောက်သည့် အရောင် တစ်ခု သည် ကျွန်ုပ် ၏ မျက်စိ ကို ဟပ်လိုက် သကဲ့သို့ ရှိသည် ။ ဟုတ်သည် ။ ပန်းဖြူ တစ်ပွင့် ။ စင်ကြယ်သော ပန်းဖြူ တစ်ပွင့် ။


ကျွန်ုပ် ၏ စိတ် တွင် လေပွေရိုင်း တစ်ခု ဝင် မွှေ့ လိုက် သကဲ့သို့ ရှိသည် ။ သားနားခြင်း ၊ နှစ်သက်ခြင်း ဟူသော ရသ သည် ကျွန်ုပ် ၏ စိတ်နှလုံး ကို ဦးခေါင်း ဖြင့် တိုးဝှေ့ကစား လာ ဘိ သကဲ့ သို့ ဖြစ်သည် ။


ရုတ်တရက် ကျွန်ုပ် ဘာကို မျှ မမြင် ၊ ဘာကိုမျှ သတိ မရ ။ ပီတိ စဲ သွားသော အခါ မျက်စိ ရှေ့ တွင် ပန်းချီကား တစ်ချပ် ပေါ်နေသည် ကို မြင် လိုက်ရသည် ။


နွေဦး က ပန်း သည် ကျွန်ုပ် ၏ ကလေးငယ် ကို ဝင်ရောက် ပူးကပ် လိုက် လေပြီ ။ ပန်းဖြူ နှင့် ကလေးငယ် သည် တစ်ထပ်တည်း ကျ လာ သကဲ့ သို့ ဖြစ်သည် ။ ပွင့်ချပ်ပွင့်ဖတ် ကလေးတို့ သည် ကလေးငယ် ၏ လှုပ်ရှားခြင်းမျိုး ဖြင့် လှုပ်ရှား လာသည် ။ ထို မေတ္တာစိတ် သည် အနုပညာ ကို အစစ်အမှန် ဖန်တီး လေပြီ ။


ကျွန်ုပ် သည် ယနေ့ ပန်းချီကား တစ်ချပ် ကို စတင် ရေးဆွဲ မိသည် ။ ကျွန်ုပ်မှာ စုတ်တံ လည်း မရှိ ။ ဆေးခွက် လည်း မှောက် ခဲ့ပြီ ။ သို့သော် ကိစ္စ မရှိ ။ ကျွန်ုပ် တွင် ပန်းချီကား တစ်ကား ရပြီ ။ ရုပ်ပုံ သည် ကျွန်ုပ် ၏ နှလုံးသား အိမ် ၌ အရိပ် ပေါ်ပြီ ။


ကျွန်ုပ် သည် ပန်းချီ ဆရာ ဘဝ သို့ ပြန်လည် ဝင်ရောက် နိုင်ခဲ့၏ ။


◾တင်မိုး


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် - ၉၂ 

      ဖေဖော်ဝါရီလ ၊ ၁၉၆၈ ခုနှစ်


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

     အမှတ် ၂၉ဝ 

     ဇန်နဝါရီလ ၊ ၂ဝ၁၄ ခုနှစ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment