Wednesday, November 22, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၈ )


 နှင်းမှုန်မှုန်များ တဖွဲဖွဲ ကျနေ၏ ။ ပတ်ဝန်းကျင် တစ်ခုလုံး သည် လည်း ဖြူဖွေးပိတ်လှောင်သော အရောင်အဆင်း များ ဖြင့် လွှမ်းခြုံ နေ သည် ။ ယခု နှစ် မှ နှင်းမှုန်များ ပို၍ ကျရောက်သည် ထင့် ၊ ကောင်းကင် တစ်ခုလုံး ပိန်းပိတ်အောင် ဖြူဖွေး နေ သည် ။ အခုလို အချိန်မျိုး ၌ အငွေ့တထောင်းထောင်း ထ နေသော ကော်ဖီခွက် က အရာရာ အားလုံး ကို ပို၍ ပြည့်စုံစေသည် ။ ပြည့်စုံသည် ထက် ပြည့်စုံအောင် သူ့ ရှေ့ ၌ အငွေ့တထောင်းထောင်း ထ နေ သော ကော်ဖီ တစ်ခွက် ရှိနေပြီ ။


ဤ ကော်ဖီဆိုင်လေး သည် သန့်ရှင်းသပ်ရပ်သော အဆင်အပြင် ရှိပြီး တိတ်ဆိတ်အေးချမ်းလှ သဖြင့် သူ့ အကြိုက် တွေ့နေရခြင်း ဖြစ်သည် ။ ဤ ကော်ဖီဆိုင်လေး ကို သူ့ လို အေးအေးဆေးဆေး ထိုင်တတ်သူများ နှင့်သမီးရည်းစား အတွဲလေးများ သာ လာရောက်လေ့ ရှိသည် ။ ယခုတော့ နည်းနည်း စော သေး၍ ထင့် သူ တစ်ယောက်တည်း ။


“ ဟင် ... ”


ဆိုင် ထဲ ကို ခပ်တည်တည် လှမ်းဝင် လာသော သူမ ကို တွေ့ ၍ သူ အံ့အားသင့် သွားသည် ။ သူမ ကတော့ ဘယ်သူ့ ကို မှ ဂရုမစိုက်ဘဲ ခပ်မာမာ မျက်နှာပေး နှင့် မော့တော့ မော့တော့ လျှောက် လာ၏ ။ နောက် သူ့ အရှေ့ခုံ ပေါ် ကို သူ့ လက်ကိုင်အိတ် ကို “ ဘုတ် ” ခနဲ ပစ် တင် လိုက်ပြီး ခပ်တည်တည် နဲ့ ဝင် ထိုင် လိုက်သည် ။ သူ က တော့ သူမ ကို ကြောင်ငေးကြည့် နေဆဲ ။ သူမ က သူ့ ကို တစ်ချက် မှ ပြန် မကြည့် ပဲ သူ့ အိတ် ကို သူ ဖွင့် ၍ ရှာနေသည် ။ နောက် ထို အိတ် ထဲ မှ စာ တစ်ရွက် ကို ထုတ်၍ ထို စာရွက် ကို သာ ခပ်တည်တည် နဲ့ ထိုင် ကြည့်နေသည် ။


သူမ ၏ အပြုအမူ ကြောင့် သူ လည်း စိတ်ဝင်စားပြီး စာရွက် ကို ကြည့်လိုက်သည် ။


“ ဘာများ သုံးဆောင်မှာလဲ ခင်ဗျာ ...”


စားပွဲထိုး ၏ အမေး ...  ။ သူမ မကြားတာ လား မသိချင်ယောင် ဆောင် နေတာလား မသိ ၊ စာရွက် ကို သာ စိုက် ကြည့်နေသည် ။ သူ က သာ စားပွဲထိုး ကို လက် ပြ၍ နောက် မှ မှာမယ် ဟု ခပ်တိုးတိုး ပြော လိုက်သည် ။ သူမ က တော့ စာရွက် ကို စိုက်ကြည့် နေတာ လှုပ်ပင်မလှုပ် ။ ကြာတော့ သူ လည်း မနေနိုင်တော့ သူမ နား ကပ်၍


“ ဟိတ် ... ” 


“ ဟိတ် ... ပုတုတွေ ကြွကုန်ပြီ ... အော် ... လန့်လိုက်တာ ကလူကလူ ... ” 


သူ့ အနီးကပ် ခေါ်သံ ကြောင့် သူမ လန့်ပြီး ထ ခုန်သည် ။ နောက် သူ့ ကို တစ်ချက် ကြည့်ပြီး ဘာမှ မဖြစ်သလို ပုံစံမျိုး နှင့်  ...


“ ဟာ .. လန့်လိုက်တာ .. နင် က လည်း .. ဒီမှာ အောင်မြင်ခါ နီး အချိန်ကျ မှ .. တောက် ... ဖီးလ် ပါ ပျက်တယ် တကတဲ ” 


ဟု ဆို၍ စာရွက် ကို ပြန် စိုက်ကြည့်နေသည် ။ သူမ ကို ကြည့်၍ သူ လည်း ဘာ ဆက် ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားသည် ။ နောက်မှ ... 


“ ဘာ လုပ်နေတာလဲ ဟင် ” 


သူ့ အမေး ကို သူမ က ခေါင်းပင် မော့ မလာဘဲ  ...


“ ဟာ ... ဒီမှာ လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် ပေးဖို့ ကြံနေတာ မသိ အသာနေ ... ဝင် မရှုပ်စမ်းပါနဲ့ ” 


“ ဘာတွေ လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် ပေးမှာလဲ ” 


သူ့ စကား ကို သူမ နှုတ်ဖြင့်မဖြေဘဲ သူ ကိုင်ထားသော စာရွက် ကို ထိုး ပြပြီး ..


“ ဒီမှာလေ ... ပြတ် သွားတဲ့ ငါ့ ရည်းစား ကို ငါ ပေးဖို့ စာ အဲဒီ စာ ရဲ့ ထိပ်ဆုံး စာလုံး ဟောဒီမှာ တွေ့လား ” 


သူမ က စာရွက် ထဲ က ထိပ်ဆုံးစာလုံး ကို သူ့ လက်ညှိုးသေးသေးလေး နဲ့ အသေအချာ ထောက်ပြသည် ။


“ ကို  ” 


တဲ့ ... ။


“ တွေ့လား ... အဲဒီ စာလုံးပေါ် တည့်တည့် ကျအောင် မျက်ရည် ထိုင် ညှစ် နေတာ ”


“ အင် ... ” 


“ ဘယ်လိုကြီးလဲ ... ရည်းစားစာ စာရွက်ပေါ် မျက်ရည် ထိုင် ညှစ် နေတာတဲ့ ... ကြားကြားဖူးပေါင် ” 


“ ဟာ ... နင့် ဟာ က အဓိပ္ပါယ် မရှိတာဟာ ” 


သူ့ စကား လည်း ကြားရော သူမ က ထုံးစံ အတိုင်း စားပွဲ ကို တဖြန်းဖြန်း ပုတ် ခါ ...


“ ဘာ အဓိပ္ပါယ် မရှိတာလဲ ... ဘာကို ပြောတာလဲ အဓိပ္ပါယ် မရှိ ဘူး ဆိုတာ ... ဒီလို လုပ်လို့ရအောင် မှင်စို ဘောပင် နဲ့ ရေးပြီး မျက်ရည်သီး ချွေ နေတာ... ရည်းစား နဲ့ ပြတ်ရင် မိန်းကလေးတွေ က ဒါမျိုး ဒီလိုပဲ လုပ်ရ တယ်မှတ်ထား ” 


“ အဲဒီတော့မှ သူ က .. ဪ ... ငါ့ ချစ်သူဟောင်းလေး သူ့ ကြောင့် ငိုနေရတယ် ဆိုတာ သိမှာ .. ဒါမှ .. လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် ပေးမှာ ” 


“ အင် ”


သူ ဘာ ပြန် ပြောလို့ ပြောရမှန်း မသိတော့ ။ သူမ ကတော့ အင်္ကျီလက် ကို ခပ်ကြမ်းကြမ်း ဆွဲတင် လိုက်သည် ။


“ တောက် ... ငါ ထိုင် ညှစ်နေတာ ငါးနာရီ လောက် ရှိပြီ ... နေရာ လည်း စုံနေပြီ ... ဒီ မျက်ရည် က ခုထိ မကျသေးဘူး ... ဘယ်လို လုပ်ရ မှန်းတောင် မသိတော့ဘူး ”


“ ဟာ ... နင် က လည်း လွယ်လွယ်လေး ... ရေစက် တစ်စက် ယူပြီး ချ လိုက်ပေါ့ .. ပြီးတာပဲ .. ဘယ်သူ သိတာ မှတ်လို့  ” 


သူ့ စကား ကို သူမ မျက်နှာ ရှုံ့မဲ့လိုက်သည် ။


“ ငတုံး ... အဲဒီလောက် တော့ ငါ လည်း သိတာပေါ့ .. ဒါပေမယ့် ငါ က ငါ့ ရင် ထဲ က ညှစ်တဲ့ မျက်ရည် အစစ် ပဲ သုံးချင်တာ ... ဒါမှ ခံစားချက် ပါမှာ ” 


“ အင် ”


မျက်ရည် အစစ် မှ ခံစားချက် ပါမှာ တဲ့ .. ဒါဆို ပြုံးပြုံးကြီး ထိုင်ညှစ် နေတာ က ရော ခံစားချက် နဲ့ ညှစ် နေတာလား ။


“ နင့် ဟာ က မဟုတ်တာ ဟာ  ”


“ တော်ပါဟာ .. နင် နားမလည် ရင် ငြိမ်ငြိမ်လေး ထိုင်နေ ... ငါ လုပ်စရာ ရှိတာ ဆက်လုပ်လိုက်ဦးမယ် ... အီးစ် .. အီးစ် ”


ဟု ဆို၍ စာရွက် ကို အသေအချာ ပြန် စိုက်ကြည့် ကာ မျက်ရည် ထိုင် ညှစ် နေသည် ။ သူလည်း ဘာမှ ဆက် မပြောဖြစ်တော့ ။ သူမ ကို သာ တအံ့တဩ နှင့် ငေးကြည့် နေမိသည် ။ အတော် ကြာပါသည် ။ နာရီဝက်ခန့် ကြာပါ သည် ။ အတော်လေး ကြာမှ ‘ ပတစ် ’ ခနဲ သူ့မျက်ဝန်း ပေါ် မျက်ရည်များ ဝေ့သီ လာသည် ။ ကမန်းကတမ်း သူ စာရွက် ကို ဆွဲယူ ၍ သူ့မျက်လုံး နှင့် စာလုံး ကို ချိန်သည် ။ နောက် မျက်စိ တစ်ဖက် မှိတ်၍ စာလုံး ကို အသေအချာ ကြည့် ကာ ထပ် ချိန်သည် ။ မျက်ရည် နှင့် စာရွက် ကို ကပ်ချိန်သည် ။ မျက်ရည် က ဟို ဘက် ကျ မလို ဒီဘက် ကျ မလိုနှင့် မျက်ခမ်း ပေါ် ရီးလေး ခို နေသည် ။ နောက်မှ မျက်တောင်ဖျား ပေါ် လိမ့်စီး၍ ‘ ပလောက် ’ ခနဲ စာရွက် ပေါ်ကျ သွားသည် ။


“ ဟာ ... ”


မျက်ရည် က သူ ထင် ထားသလို မဖြစ် ။ သူ ရည်ရွယ်သော “ ကို ” ဟူသော စာလုံး နှင့် ကပ်ရက် မှ သာ ကျသွားသည် ။ သူမ စာရွက် တစ်ဖက် ကို ကမန်းကတမ်း မ ၍ စာလုံး ပေါ်မျက်ရည် ကို လှိမ့်တင်သည် ။ မကျ ။ နောက် ပါးစပ် က လည်း တစ်ဖူးဖူး နဲ့ ထိုင် မှုတ် နေသည် ။ ထိုတော့ မှ “ ကို ” ဆိုသော စာလုံးလေး က မျက်ရည် ၏ တိုက်စား မှု ကြောင့် ပြန့်ခနဲ ဖြစ်သွား၏ ။ 


“ ရပြီ ... ငါကွ ”


သူမ စာရွက် ကို ဝမ်းသားအားရ မြှောက် ၍ ထ အော်သည် ။ ပြီးနောက် သူ့ ဖာသာသူ ရေရွတ် သလို ဖြင့်  ...  ။


“ တောက် ... အဘွား ဆုံးတုန်း က အကြောင်း ပြန် စဉ်းစားမိ မှ ပဲ မျက်ရည် က ပေါက်ခနဲကျတော့ တာ ... ဒင်း အကြောင်း စဉ်းစားတုန်း က တစ်စက် မှ ကို မကျ ဘူး အကျိုးမပေးပုံများ ”


ဟု ဆို၍ သူ့ ဖာသာ သူ တဟီးဟီး နဲ့ သဘောတွေ ကျနေသည် ။


နောက် သူ့ မျက်နှာ ရှေ့ စာရွက် ကို တဖျပ်ဖျပ် ခပ်ပြီး ...


“ ဟောဒီမှာ တွေ့လား လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် ပေးမဲ့ စာ ”


သူ ပြတော့ ဟုတ်လည်း ဟုတ်သည် ။ မသိရင် မျက်ရည် တဝိုင်းဝိုင်း နှပ် တရှုံ့ရှုံ့ နှင့် ရေးထားသည့် အတိုင်း ။ အော် ... လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် ပေး ထားပုံ ။ ( မှတ်ချက် - သူမ အပြော အရ မိန်းကလေး တိုင်း လုပ်တတ်သည် ဟူ၏ ။ )


“ ဟဲ့ ... နင် က ငါ့ ကို တစ်ခု ကူညီဦး ”


သူမ ၏ စကားကြောင့် သူ လန့်သွားသည် ။ သူမ က တော့ သူ့ ကို  ငယ်ပေါင်း ကြီးဖော် အတိုင်း ။


“ ဘာလဲ ... နောက်တစ်ခါ နင့် နဲ့ လိုက် သေပေးရဦး မှာလား ” 


သူမ ပြုံးပါသည် ။


“ ဒီတစ်ခါ အဲဒီလောက် မကြမ်းပါဘူး ငါ သူ့ကြောင့် သေလည်း မသေချင် တော့ပါဘူး .. ဘာလို့လည်း ဆိုတော့ ငါ သေသွားရင် သူ့ ကို အရှုံး ပေး လိုက်ရာ ကျ မယ်လေ ... ငါ သူ့ ကို ဘယ်တော့ မှ အရှုံး မပေးဘူး ငါ့ အရှုံးတွေ ကို ငါ့ ရင် ထဲ မှာ သိမ်းထားမယ် ... သူ့ ကို တော့ နောင်တတွေ ပေးရ ဦးမယ် .. ဒီတော့ ”


သူမ သူ့ ကို ဝေ့ ကြည့်ပါသည် ။


“ ဒီ စာ ကို .. ငါ့ ရည်းစားဟောင်း ဆီ သွားပို့ပေး ”


“ အင် ”


သူ စဉ်းစားရ ကျပ် သွားသည် ။ ကြည့်လေ ... မဆီမဆိုင် ။ 


“ နေပါဦး ... နင် က ငါ့ ကို အဲဒီလိုခိုင်း ရအောင် နင် နဲ့ ငါ က ဘယ်လောက် ရင်းနှီးလို့လဲ .. ငါ့ နာမည်တောင် နင် သိလို့လား ” 


“ သိတယ်လေ .. နင့် နာမည် ဘောက်ထော် ”


“ အင် ”


သူမ နှင့် စ တွေ့စဉ်က ပြောခဲ့သော သူ ၏ ရပ်ကွက်အမည်ဖြစ်သည် ။ တော်သေးတာပေါ့ စော်ဘွားကြီးကုန်း တို့ ၊ ကျောက်ရေတွင်း တို့ ၊ ချော်တွင်းကုန်း တို့ မနေ မိ တာပဲ ။


“ လုပ်ပါဟာ .. ဒီတစ်ခါပဲ နောက် ဆို လည်း နင့် ကို မခေါ်တော့ ဘူး ... နင့် ဖာသာ စိတ် ပါမှ ကူညီ .. ဒီ တစ်ခေါက်တော့ ” 


“ အလိုဗျာ ”


အတော်လေး ကို ဂွကျသည့် အမျိုးသမီး ပဲ ။ သူ လည်း ညစ်ချင်ချင် မို့ ...


“ ငါ က ဘာလို့ လုပ်ပေးရမှာလဲ  ... ဟို တစ်ည က နင် ငါ့ ကို ပဲခူး မှာ ထားခဲ့တာ ကို လွန်လှပြီ ... လူ့ မှာ ပိုက်ဆံ က မရှိ ဗိုက် က ဆာ နဲ့... ကားသမား ကို မနည်း တောင်းပန်ပြီး စီး ခဲ့ရတယ် အဲဒီအတွက် ငါ့ ကို တောင်းပန်သင့်တယ် ”


သူမ မျက်မှောင် ကြုတ် သွားသည် ။ ပြီးနောက် လည်ချောင်းသံ လုံးလုံးကြီး ဖြင့် တစ်တုံးတစ်ခဲကြီး ပြောသည် ။


“ ငါ က ဘာ ကို တောင်းပန်ရမှာလဲ ”


“ ဟ ... တောင်းပန်ရ မှာ ပေါ့ ... နင် ငါ့ ကို ရစ်ပြီး ခေါ်သွားတာ ။ နှလုံးရောဂါ အခံများ ထွန်းကား နေလို့ က တော့ အခုလောက် ရှိ ငရဲ လား နိဗ္ဗာန် လား ရောက် နေလောက်ရောပေါ့ ... ဟွင် .. ပြီးတော့ ... ငါ့ မှာ ဘာမဆိုင် ညာမဆိုင် နဲ့ အဲဒီ ည က ပဲခူး မှာ မိုး လင်းခဲ့ရတယ် ... အဲဒီအတွက် နင် Sorry တစ်လုံး လောက် တော့ ပြောသင့်တယ် ”

 

“  Sorry ဟုတ်လား ”


သူမက သူ့စ ကား ကို သံယောင် လိုက်သည် ။ 


“ ဟုတ်တယ် ”


သူ ရင် ကော့၍ ထောက်ခံ လိုက်သည် ။ သူမ က မျက်နှာကို မဲ့လိုက်ပြီး ...


“ မေထူးချွန်ရဲ့ Dictionary မှာ Sorry ဆိုတဲ့ စကားလုံး မရှိဘူး ”


“ အေး ... နင့် ကို Sorry လို့ ပြောစေချင်ရင် နင့် နာမည် ကို Sorry လို့ ပြောင်းလိုက် .. အဲဒါဆိုငါ က Sorry ရေ လို့  ... ဘယ် သွား မလို့လဲ ... ဩော် ဘယ်သူများ မှတ်တယ် Sorry ပဲနော်လို့ ပြော ပေးမယ် ”


“ ဟာ ... နင်ကလည်း ”


သူ့ စကားကြောင့် ဘာ ပြန် ပြောလို့ ပြောရမှန်း မသိတော့ ။ ဟုတ်တယ် လေ ။


သူ့ ဆီ က Sorry လို့ အပြော ခံရဖို့ကို ကိုယ့် နာမည် ကို ပါ Sorry လို့ ပြောင်း ပေးရမယ့် ပုံ ။ သူ့ ပြောပုံ နှင့် ဖြစ်နေပုံ ကို ကြည့်ပြီး အလျှော့မပေး ချင် ၍ ...


“ ဒါဆို ... နင် ... နင့် ရည်းစားဟောင်း ကို အသနားခံစာ ရေး နေ တာ ကရော ”


သူမ ခပ်ဟဟ ရယ် လိုက်သည် ။ ပြီးနောက် စာရွက် ကို သူ့ ရှေ့ ပစ်ချ လိုက် သည် ။


“ ဟားဟား.. .စာကိုလည်းဖတ်ကြည့်ပါဦး ... သူ့ ကိုငါ တောင်းပန် တဲ့ စကား တစ်လုံး မှ မပါဘူး .. တောင်းပန်စရာ လည်း မလိုဘူး ”


“ ဒါဆို... ”


သူမ မျက်နှာ မာ သွားသည် ။ နောက် ခပ်တည်တည် နှင့် ။


“ ငါ့ မှာ ဘာ အပြစ်မှ မရှိဘဲ အလကား နေရင်း ဖြတ်သွားလို့ ... ငါ မကျေမနပ် ဖြစ်နေတာ ”


“ ဪ ... ”


ထို့သို့ ဆိုတော့လည်း သူမ ကို သနားမိသည် ။ သို့သော်လည်း မသနား ရဲ ။ သူ့ စကား ကို သူ ကိုယ်တိုင်ပင် ယုံလား မယုံလား မသိ ။


“ လုပ်ပါဟာ သွား ပေးပေး စမ်းပါ ... ငါ သွား ပေးရင် သူ့ ကောင်မ နဲ့ နပန်းလုံး နေရမယ် ... အဲဒီလို နပန်းလုံး မိရင် သူ့ ကောင်မ ရဲ့ ကြက်မောက် ကို ဆွဲပြီး ညာဒူး နဲ့ ချမိလိမ့်မယ် .. ငါထင်တယ် .. ဆယ်ချက် .. အချက် နှစ်ဆယ် လောက်တော့ ချမိမယ် ထင်တယ် .. ဒါဆို ငါလည်း ဒူးပြဲ သူ လည်း နဖူးကွဲတွေ ဖြစ်ကုန်လိမ့်မယ် .. အဲဒီလို ငါ ချမိရင်သူ ငါ့ ကို ပိုပြီး အသည်း နာ သွားလိမ့်မယ် .. အဲဒါကြောင့် ပါ ... သွား ပေး ပေးပါနော် ”


“ ဟင်း ... ”


သူ သက်ပြင်း ချ မိသည် ။ ကိုယ့် ဖာသာ ကိုယ် အေးအေး နေရင် နေလို့ ရ ရဲ့သား နဲ့ သူ နဲ့ မှ လာထိုင်မိတာကိုး ။ အခုတော့ သူ့ နဂို အားနာစိတ် နဲ့ မငြင်းသာတော့ ။


“ အေးလေ ... သွား ပေးဆိုလည်း ပေးရတာပေါ့ .. ဒါပေမယ့် ဒီ တစ်ခါ ပဲနော် ”


သူ့ စကားကြောင့် သူမ မျက်လုံး အရောင် တောက်သွားသည် ။ ပြီးနောက် ခေါင်း ကို တရစပ် ညိတ်ကာ...


“ အေး .. အေးပါဟာ .. ဒီ တစ်ခါတည်း ပါ .. ရော့ .. ဒီမှာ စာ .. အဲ .. နေဦး  ... စာအိတ် ထဲ ထည့် ပေးလိုက်မယ် ”


ဟု ဆို၍ သူ့ လက် ထဲ မှ ပန်းနုရောင် စာအိတ်ကလေး ကို ကမန်း ကတမ်း ဆွဲထုတ် လိုက်သည် ။ စာအိပ်ကလေး က လှပါသည် ။ အရောင် ကို က အချစ်သင်္ကေတ အရောင်ပါ ။ စာကို စာအိပ် ထဲ ထည့် လိုက်ပြီး သူ့ ဘက် ခပ်တည်တည် နဲ့ လှည့်ကာ မျက်မှောင်ကြုတ် ၍ ...


“ နင် နေရော ကောင်းရဲ့လား ”


သူမ စကား ကြောင့် သူ အူကြောင်ကြောင် ဖြစ်သွားကာ ... 


“ ကောင်းပါတယ်ဟ ဘာဖြစ်လို့လဲ ”


သူမ က သူ့ မျက်လုံး ကို လာရောက် ဖြဲကြည့်ကာ ... 


“ မျက်ခမ်းတွေ ဖြူနေတယ် ။ လျှာ ရော ပြစမ်း ”


သူမ ၏ စကားကြောင့် သူ ယောင်ကန်းကန်း နှင့် လျှာ ထုတ်ပြ လိုက်သည် ။ ထိုတော့ မှ သူမ က သူ့ လျှာပေါ် စာအိတ် နှင့် ဖျပ်ခနဲ ပွတ် လိုက်ပြီး ...


“ ရပြီ ... ရပြီ .. ဘာမှ မဟုတ်တော့ဘူး .. ဟီးဟီးဟီး ”


ဟု ဆို၍ စာအိတ် ကိုခ ပ်တည်တည် ပိတ်လိုက်သည် ။ ထိုတော့မှ သူမ ၏ အကြံ ကို သူ သဘောပေါက် တော့၏ ။ “ တောက် ” စာအိတ် ကို တံတွေးဆွတ် ပြီးပိတ် ရမည် ကို သူ့ တံတွေး နှင့် ဆွတ်ပြီး မပိတ်ချင် ၍ ကိုယ့် လျှာ ခဏ ငှား လိုက်ခြင်း သာဖြစ် သည် ။ 


“ တောက် ခံလိုက်ရပြန်ပြီ ” 


မကျေမနပ် နှင့်ရေရွတ်ဆဲ မှာ ပင် သူမ က ...


“ နင် က ဟာ ငါ က သူ နဲ့ ပြတ်ပဟေ့ ဆိုမှ ဖြင့် ငါ့ အငွေ့အသက် လေးတစ် စက်တောင် မှမပေးချင်တော့ လို့ နင့် တံတွေး ယူ ဆွတ်တာ ပါ ဟ ... နင် ... သူတို့ အိမ် ထဲ ဒီ စာ ကို သွားဝင် ပေး ကြားလား ... ငါ သူ တို့ လမ်းထိပ် အထိ လိုက်ပို့ပေးမယ် ”


သူ ဘာမှ ပြန် မပြောမိ ။ သူမ ကို သာ ငေးကြည့် နေမိသည် ။ အတော် လည် တဲ့ အမျိုးသမီး ပဲ ။ သူမ က သူ့ တွင် ပါလာသော ပစ္စည်းများ ကို သိမ်းကာ ။ 


“ လာ သွားရအောင် ”


ဟု ဆိုပြီး ထိုင်ရာ မှ ထ လိုက်သည် ။ ထိုတော့မှ သူ က ...


“ မေထူးချွန် ”


သူ့ ကို ပြန် ဝေ့ ကြည့်သည် ။


“ ငါ့ နာမည် ကို ရော နင် သိရဲ့လား ”


သူမ ဘာမှ ပြန် မပြောပါ ။ သူ့ ကို သာ ငေးကြည့် နေသည် ။


“ ငါ့ နာမည် ကျော်ဇောဦး တဲ့ ”


သူမ ခပ်မဲ့မဲ့ ပြုံး လိုက်သည် ။ ပြီးနောက် တစ်ဖက် လှည့် ကာ ... 


“ ငါ သိပါတယ် ဘောက်ထော် ရာ ”


တဲ့ ... ။


သူ ဘာမှ ဆက် မပြောမိတော့ ။ 


ရန်ကင်း ဆယ့်နှစ်လုံးတန်း ၏ လမ်းထိပ် တစ်နေရာ တွင် သူမ ကား ကို ထိုး ရပ် လိုက်သည် ။


“ ဒီက နေ သွား .. ဟိုမှာ တွေ့လား အဲဒီ သုံးအိမ် မြောက် ပဲ ... ဒီ အချိန် ဆို သူတို့ ခြံ ထဲ မှာရှိနေလိမ့်မယ် ... အသာလေး ခေါ်ပြီး ဒီ စာ ကို ပေး လိုက် ကြားလား ”


“ ကြားပါတယ် ”


“ အေး ... အဲဒါဆို သွားတော့ ငါ ဒီက နေ ပဲ စောင့်နေမယ် ” 


သူ ကား ပေါ် မှ ဖြည်းညင်းစွာ ဆင်း လိုက်သည် ။ တစ်သက် နဲ့  တစ်ကိုယ် မိမိ ကိုယ်တိုင် အတွက်ပင် ရည်းစားစာ မပေးဖူးဘူး ။ ခုတော့ သူများ အတွက် ပေး ပေး ရမှာ ဆိုတော့စိ တ် ထဲ မှာတော့ ရွံ့တွန့်တွန့် ပဲ ။ သို့သော် ဘာ ဖြစ်ဖြစ်ဒီ တစ်ခါတော့ ကူညီလိုက်မယ် ဟု စိတ် ပိုင်းဖြတ်ထား ၍ သူမ ညွှန်ပြ ရာ အိမ် သို့ ခြေဦး လှည့် လိုက်သည် ။ ရင် ထဲ မှာ တော့ လူပျိုသားပေါက် က အပျိုဖားလောင်းကလေး ကို ရည်းစားစာ ပေး ရသလို တဒိန်းဒိန်း နဲ့ ခုန်လှုပ် နေသည် ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment