Monday, November 13, 2023

ကုန်း ပေါ် က ငါးများ


 ❝ ကုန်း ပေါ် က ငါးများ ❞


“ မင့် သား အကြော် သွားဝယ်တာ ကြာ လိုက်တာ ခုနှစ်နာရီခွဲ တော့မယ် ။ သွားရမှာ က မိုး နဲ့ လေ နဲ့ ကို ... ”


ယောက်ျား ဖြစ်သူ ကိုထွန်းတင် စကား ကို ပြန် မဖြေမိ ၊ ဖိုခွင် ပေါ် မှာ တဗွက်ဗွက် ဆူ နေသည့် ချဉ်ပေါင် စပ်ချဉ်ဟင်း ကို သာ အလေးအပေါ့ မြည်း ကြည့် နေခဲ့၏ ။ အိမ်ဆိုင် ငါးပိ တစ်ရာ ဖိုး က မတန် သဖြင့် ရှိသည့် ငါးပိ နှင့် ချက်ရ သည့် ချဉ်ပေါင်ဟင်းက  ချဉ် မဆုံး ။ ဟင်း ကို အစပ်ကလေး ထည့် ကာ အကြော် နှစ်ခု လောက် နဲ့ ဆို စားလို့ ရသည် ပင် ။


မနေ့ က ဥပုသ်နေ့ မို့ ကိုထွန်းတင် အလုပ် နား ရသည် ။ နေ့စား ဆို တော့ ပိတ်ရက် ဆို ဝင်ငွေ မရှိ ။ အဖိတ်နေ့ ညနေ က ပါ လာသည့် နေ့တွက်ကလေး နှင့် နှစ်ရက် စား ရအောင် မနည်း လုပ် ရသည် ။ အခု မနက်စာ ဆန်လေးလုံး ကို မနေ့ည ကတည်း က အိမ်ဆိုင် က ကြို ယူ ထားရတာ ဖြစ်သည် ။ ညနေ ကိုထွန်းတင် ပြန် လာမှ အဟောင်းပေး အသစ်ယူ ရသည် ။ အလုပ် သွားမည့် အလုပ်သမား မီ အောင် မရှိ ရှိတာလေး နဲ့ ကြံဖန် ကျွေးရမြဲ ဖြစ်၏ ။ သူ သွား မှ ကျန်တာလေးတွေ ကို အမေ နှင့် အတူ သားမိ လေးယောက် ဝေငှ စား ရသည် ။


မနက် စောစော စားပြီးတာ နှင့် မသန်းခင် က ဟိုအိမ် ဒီအိမ် သွား ၊ ဟိုလူ ဒီလူ ခိုင်းတာလေး လုပ်ကိုင် ပေး ၊ ရ လာသည့် ဟိုဟာ ဒီဟာလေး တွေ နှင့် နေ့လည်စာ ဖန်တီးရသည် ။ အိမ် မှာ ရင်ကြပ်ပန်းနာသည် အမေ့ ကို သမီး အကြီးလေး နှင့် အတူ ထားခဲ့ရလို့ တော် သေးသည် ။ အကြီးလေး က မွေးရာ ပါ မသန်မစွမ်း ဆိုပေမယ့် အိမ် မှာ ကူဖော် လောင်ဖက် တော့ ရသည် ။ အဘွား ကို ခူးခပ် ကျွေးမွေး သိမ်းဆည်းရင်း မောင်အငယ်လေး ကို ထိန်း သည် ။ 


အလတ်ကောင် က အဲဒီလို မဟုတ် ။


အိမ် က ဟိုပြောင်း ဒီပြောင်း မို့ ကျောင်းရယ် လို့ ပီပီသသ မအပ်ရ သေးဘူး ။ ရှေ့နှစ် တော့ ဖြစ်အောင် အပ် ရမည် ။ ခုတိုင်း လွှတ် ထားလို့ သူ က မလွယ် ။ လူတကာ ခိုင်း သမျှ ဖင်ပေါ့ပေါ့ နှင့် လုပ်ပေးတာ ကိစ္စ မရှိ ။ ကလေး ဆိုတော့ မလွတ်တာ မကင်းတာတွေ ဘုမသိ ဘမသိ လုပ်မိ မှာ စိုးရသည် ။ စပ်စပ်စုစု ငေးငေးမောမော အကျင့် ရှိတာလဲ အမှန်ပင် ။ ထိုအကျင့် ကြောင့် ပင် ဘယ်မှာ ဘာကျွေးတယ် ၊ ဘုန်းကြီးကျောင်း မှာ ဘာရှိတယ် ၊ အကုန် သိတာ ။ အငယ်ကောင် ကို ပါ လက် ဆွဲလျက် ရောက် သွား တတ်သည် ။ သူ့ ဝမ်း သူ သာ မက အိမ် က လူတွေ ဖို့ ပါ ရလာ လျှင် ဆွဲလာ တတ်ခဲ့၏ ။ ဘာမှ အကြောင်း မရှိ လျှင် လက်ဖက်ရည်ဆိုင် မှာ မီး မပျက်မချင်း တီဗွီ ထိုင် ကြည့် နေတော့သည် ။ ခုလည်း ဘယ်မှာ ရပ်ငေး နေသလဲ မသိ ။ ထမင်း ခူးပေးပြီး အိမ်ပေါက် ကို လှမ်း ကြည့် နေရသည် ။ ဟော ... လာပါပြီ ။ အပြေးအလွှား အမောတကော နှင့် ။ 


“ အမေ ရေ အရှေ့မြို့သစ် မှာ ရေတွေ ကြီး လို့တဲ့ ။ လူတွေ ပြေး လာ ကြတယ်တဲ့ ” ဟု သတင်း ပေးသည် ။


မနေ့ ည က မိုးတွေ တအား ရွာတာ တော့ အမှန် ဖြစ်သည် ။ ခုလည်း မိုးရိပ် ဆင် နေဆဲ ။ မသန်းခင် တို့ အိမ်ကလေး ထဲ မှာ တောင် ရေ က ခြေသလုံး လောက် ဝင်နေပြီ ဖြစ်သည် ။ အိမ်ရှေ့ ကျောက်ခင်းလမ်းကလေး မှာ တော့ ရေ မတင် ။ မသန်းခင် တို့ ငှား နေသည့် အိမ်ကလေး မှာ အိမ်ရှင် က လာ မနေနိုင် ၊ မကြည့်နိုင် လို့ ဈေးနှုန်း ချိုသာစွာ ငှားရမ်း ပေးထားသဖြင့် သိပ်ပြီး ပြုပြင် ဖြည့်ဆည်းပေးခြင်း မရှိတာ ကြောင့် အနည်းငယ် နိမ့် ကာ ရေ ဝင်ခြင်းဖြစ်သည် ။ ဒီ အရပ် ထဲ မှာ နှစ်အိမ် သုံးအိမ် လောက် သာ ရေ တင်ပြီး ကျန်သည့် အိမ်တွေ က တင်လေ့ မရှိပါ ။


“ ဒါဆို ငါ အလုပ် အခြေအနေ သွား ကြည့် ဦးမယ် သန်းခင် ” 


ကိုထွန်းတင် ထမင်း အမြန် စားပြီး စက်ဘီး အပြေး နင်း ထွက် သွား သည် ။ သူ့မ လည်း ဒီစက်ဘီးလေး ရှိနေ လို့သာ အလုပ်မှန်မှန် ဆင်း နေ နိုင်ခြင်း ဖြစ်၏ ။ ဒါတောင် အပိုင် မဟုတ် ။ ငှားခ တစ်လ ငါးထောင် နှင့် ငှားထား ရ သည် ။ အသေးအဖွဲ ပြုပြင်စရာ ကိစ္စများ ရှိပါက ကိုယ့် ဘာသာ ပြင်ရသည် ။ ပစ္စည်း လဲ ရမယ် ဆို မှ ပိုင်ရှင် နှင့် ညှိ ရသည် ။


မန္တလေး ၏ အခြေခံ အကျဆုံး လူတွေ မှာ စက်ဘီး က အရေး ကြီး သည် ။ မရှိလို့ မဖြစ် ။ စက်ဘီး ရှိနေပါ က ကမ္ဘာ ပတ်ပြီး အလုပ် ဆင်းရဦးတော့ မန္တလေးသားတွေ မပျင်း မရိ မခိုမကပ် သွားကြမည် ဖြစ်သည် ။


ကိုထွန်းတင် ထွက်သွားတာ နှင့် မခင်သန်း တို့ သားမိတစ်တွေ ထမင်း စားကြသည် ။ အမေ့ ကို ရင်ကြပ် မှာ စိုးလို့ ချဉ်ပေါင်ဟင်း မကျွေး ဝံ့ ။ ဆီ ဆမ်း ကာ ကြက်သွန်ကြော် နှစ်ခု နှင့် ကျွေးရသည် ။ စားပြီးတာ နှင့် .. ။


“ အကြီးလေး ရေ ... အဝတ် လျှော်စရာ ရှိတယ်လို့ ဆရာမ က မှာ ထားတာ အမေ သွားလိုက်ဦးမယ် ။ အလတ်ကောင် နဲ့ အငယ်ကောင် ... မိုးက  ရွာချင် ရွာဦးမှာ ၊ လျှောက် သွားမနေကြနဲ့ဦး ။ အဘွား ကို ကွမ်းရွက်ပုံ လျှက်ဆား ဝယ်ပေး ဖို့ မမေ့နဲ့ ”


ပြောပြောမှာမှာ နှင့် ပင် မသန်းခင် ဂျုံရိုးဦးထုပ်ကလေး ဆောင်း ကာ ထွက်လာ ခဲ့သည် ။ မှာ လို့ သာ မှာ ခဲ့ရသည် ။ အလတ်ကောင် က မလွယ် ။ အကြောင်းထူး တစ်ခု ခု ရှိပြီ ဆို ဒီကလေး ခြေ မငြိမ်တော့ ။ ကိုယ် က လည်း မျက်စိ ဒေါက်ထောက် မကြည့်အား ။ သူများ ခိုင်းတာလေးတွေ လုပ် ရင်း သားအမိ လမ်း မှာ ဆုံ မှ သာ ။


“ ဟဲ့ ကောင်လေး နေ ပူတယ် သွား ... အိမ် ပြန်စမ်း ” လို့ လုပ်ရသည် ။


ဆရာမ တို့ အိမ် ရောက်တော့ ဧည့်သည် တွေ ပါ ရှိနေသည် ။ အရှေ့မြို့သစ် က နေ ရေလာ ရှောင်ကြတဲ့ သူတို့ အပြော အရ လူ တောင် အသေအပျောက် ရှိတယ် တဲ့ ။ အခု ကယ်ဆယ်ရွှေ့ပြောင်းရေးတွေ ဝိုင်း လုပ်နေကြပြီ တဲ့ ။ ရေ လွတ်ရာ မှာ စခန်းတွေ ဖွင့် ထားရတယ် တဲ့ ။ 


မြစ်ဆိပ် က ငှက်တွေ ၊ လှေတွေ ရော မီးသတ်ကား တွေ ရော ၊ နာရေး ယာဉ်တွေ ကို ရော ရောက်နေပြီ တဲ့ ။


ရေ တိုးတာ မမြင်ဘူးလို့ လာ ကြည့်ကြသူတွေ လည်း အများကြီး တဲ့ ။ သက်ဆိုင်ရာ က မဝင်ဖို့ တား တာ ဇွတ်ဝင် ကြည့်ကြလို့ ထိခိုက်မိကြ သတဲ့ ။


ဘုရား ... ၊ မသန်းခင် ရင်တုန် သွားသည် ။ အလတ်ကောင် က သိချင် ၊ ကြည့်ချင်တာ က အလွန် ။ ဆရာမကြီး ဝယ်ခိုင်းတဲ့ လက်ဖက်ရည် ဝယ်ပေး ပြီးတာနဲ့ အိမ် ကို အပြေး ပြန်လာရသည် ။ ထင်သည့် အတိုင်း အလတ်ကောင် အိမ် မှာ မရှိ ။ အကြီးလေး က ...


“ ၁၁ နာရီ မှာ ထမင်းထုပ် လာ ကောက်မှာတဲ့ အမေ ၊ အဲဒါ အမေ့ ကို လိုက်ခေါ်မယ် ဆိုပြီး မောင်လေး ထွက် သွားတာ ”


“ ဟင် ... ဟုတ်လား ။ ထမင်းထုပ် ပို့ရမှာလား ”


မသန်းခင် အလတ်ကောင် ကို မေ့ သွားသည် ။ မဖြစ်မနေ လှူ ကို လှူရမှာ ဖြစ်၏ ။ ကိုယ် က ဘယ်လို စားစား ထမင်းထုပ် က တော့ ဖွယ်ဖွယ်ရာရာလေး ဖြစ်မှ ကောင်း လိမ့်မည် ။ ဒီလိုမှန်း သိရင် ခုနက ဆရာမ ဆီ က ပိုက်ဆံ ယူခဲ့တာပေါ့ ။ ခုတော့ ဘယ်လို လုပ်ရမှန်း မသိ ။


စိတ်ပျက်လက်ပျက် နှင့် အိမ် ထဲ က ရေညစ်ညစ်တွေ ကို ငေးကြည့် နေ မိသည် ။ မြောင်းထဲ က ငဖလောင်း ( ဖါးလောင်း ) တွေ မည်းမည်း မည်းမည်း နှင့် ရေစပ် မှာ လုံးထွေး နေကြသည် ။ ငါးပြေမ တစ်ကောင် က ဘယ်လို ဖြစ် သည် မသိ ။ ကုန်း ပေါ် မှာ ဖျတ်ဖျတ်ခါနေသည် ။ ပါးဟက်တွေ ဖွင့်လိုက် ပိတ်လိုက် နှင့် ကြည့်ရတာ မသန်းခင် ပါ မော လာသည် ။ ကြာကြာ ကြည့်တော့ အမေ ပန်းနာ ထ တာနဲ့ တူ လာလို့ ။ 


“ အငယ်ကောင် ရေ .. ကုန်းပေါ် က ငါး ကို ရေ ထဲ ပြန် လွှတ်လိုက် စမ်း ” ဟု လှမ်း ပြောရင်း ကိုယ့် ခေါင်း ကိုယ် ဗျင်းဗျင်း ပါ အောင် ကုတ်နေ မိ သည် ။ ဆန် က ထပ် ယူ လို့ ရနိုင် ပေမယ့် ဟင်းစား က တော့ ကိုယ်တိုင် ချက်တာ လောက် အဆင် မပြေနိုင် ။ စက်ဘီး တွန်း ဝင်လာသည့် ယောက်ျား ဖြစ်သူ က 


“ ဒီနေ့တော့ အလုပ် က နားပြီ သန်းခင် ရေ ”


“ ဘာရယ် တော် ... ဒီမှာ ထမင်းထုပ် ကူ ရမှာပါ ဆို ” 


“ ငါတို့ ရေပိုက် ဆင်နေတဲ့ တိုက် က ဝင်လို့မှ မရတော့တာ ။ သွား ကြည့်ပါဦး ။ ရေတွေ က ဖြင့် ကြောက်စရာကြီး ဗျား ”  


“ ရေ ကို နောက် မှ ကြောက် ခု ... ဘယ်လို လုပ်မလဲ ” 


“ မသိဘူးလေ ကွာ ... ငါ့ လက်ထဲ ရှိတာလည်း မင့် ပေးလိုက်ရတဲ့ ဥစ္စာ ”


မသန်းခင် စိတ်ညစ် သွားသည် ။ သူ ပြောတာ မမှားပါ ။ ရှိ သလောက် ပေးပါသည် ။ ပေးတာ နှင့် မလောက်တာ သာ စိတ်ရှုပ် ရသည် ။ 


“ ဘယ်လောက် တောင် နားရမှာ တဲ့ လဲ ”


“ မသိနိုင်သေးပါဘူး ကွာ ၊ ရေ ကျ မှ လုပ်လို့ဖြစ်မယ် ထင်ပါရဲ့ ” 


ကိုထွန်းတင် က စိတ်ပျက်လက်ပျက် နှင့် သက်ပြင်း ချ နေသည် ။


မသန်းခင် က အိမ် ထဲ မျက်လုံး ဝေ့ ကြည့်မိသည် ။ ပေါင်စရာ နှံစရာ ထည်ထည် ဝါဝါ ဘာမှ မရှိ ။ ပုတီး စိတ် နေသည့် အမေ က ...


“ တစ်နေ့ က အမေ့ ကို ညည်း အစ်မ မုန့်ဖိုး ပေးသွားတဲ့ ပိုက်ဆံ သုံးထောင် ရှိတယ် ။ အဲဒါလေးနဲ့ ဝယ်ခြမ်းပြီး ထမင်းထုပ်ကလေး ၊ ကောင်း ကောင်း ကူ လိုက်ပါအေ ... ကုသိုလ် ရပါတယ် ”


မသန်းခင် မငြင်းနိုင် ။


“ ကျုပ် အဆင်ပြေတော့ ပြန် ပေးပါမယ် အမေ ရယ် ” 


“ မလိုပါဘူး အေ ၊ အမေ့ ကုသိုလ် ညည်း ကုသိုလ် ပေါ့ ။ သွား ... သွား .. ၁၁ နာရီ မီ အောင် ဈေး ပြေးဦး ။ ဒီလို ရေမျိုး က ကြောက်ဖို့ ကောင်း တယ် ”


ဈေး ထဲ မှာ သတင်းစကားတွေ က အစုံအလင် ။


အရေးပေါ် အကူအညီတွေ ဝိုင်း လုပ်နေကြပြီ တဲ့ ။ အစားအသောက် နဲ့ အဝတ်အထည်တွေ ဝေငှမယ့် အဖွဲ့အစည်းတွေ အလှူရှင်တွေ ရောက်ကြ ပြီ တဲ့ ။


မသန်းခင် ထမင်းထုပ် ကို နောက်ရက် အတွက်ပါ ဟင်းစား ရအောင် ငါးပိကြော် တစ်ခွက် ၊ သရက်သီးနှပ် တစ်ခွက် နှင့် အတူ အထား ခံအောင် ကြက်ဥ သုံးလုံး ပြုတ် ပေး လိုက်သည် ။ ဆားထုပ်ကလေး လည်း ထည့် ပေး လိုက် သေးတယ် ။ လက် ထဲ ပိုက်ဆံ ပိုကလေး ရှိရင် ငါးရာတန်ကလေး တစ်ရွက် လောက် ဆီစိမ်စက္ကူ နှင့်ပတ်ကာ ထမင်း ထဲ မြုပ်ပေး လိုက်ချင် မိသည် ။ ထမင်းထုပ် ရတဲ့ သူ လက်ဖက်ရည်ဖိုးလေး ပါ ရ လို့ ကြည်နူး သွားမှာ ကို တွေးကာ ထည့် မပေးနိုင်တာ ကို မချင့်မရဲ ဖြစ်နေမိသည် ။


အိမ် ကမိသားစု အတွက် စွန်တာနီပဲဟင်းချို တစ်ခွက် ထည့် ချက်ကာ ငါးပိကြော် နှင့် ခူးခပ် ကျွေးပြီး ပြန် ထွက်ဖို့ ပြင်ရသည် ။ မထွက်လို့ မဖြစ် ။ 


“ ငါ လည်း ရပေါက် ရလမ်းလေး ဖန် ဦး မှ သန်းခင် ရေ ... ကိုယ့် လူ တွေ ဘယ်သူ ဘာဖြစ်သေးလဲ ဆိုတာလဲ စုံစမ်း လိုက်ဦးမယ် ” ဟု ဆိုကာ ကိုထွန်းတင် က အရင် ထွက် သွားသည် ။


“ နင့် မောင် အလတ်ကောင် ပြန် လာရင် ထမင်း ကျွေး လိုက်တော့ ။ ထပ် မထွက်စေနဲ့ နော် ။ အမေ က ဘာလေး ရရ လုပ်ချည် ဦး မယ် ” 


ဘယ် အိမ် သွားရမလဲ စဉ်းစား လိုက်တော့ ဈေး ထဲ က အထည်သည် အပျိုကြီး ဆီ သွားဖို့ စိတ်ကူး ရသည် ။ မနက်က ဆိုင် ခင်းတာ မမြင်မိ ၊ အပျိုကြီး က အိမ် မှာ ရှိနေခဲ့သည် ။


“ ဒီကနေ့ ဆိုင် မဖွင့်ဘူးလား အစ်မ ”


“ မဖွင့်နိုင်သေးဘူး မသန်းခင် ရေ .. ရှင် လာတာ နဲ့ အတော်ပဲ ။ ပိုက်ကျုံး က အဒေါ်တွေ ရေများ နေလို့ ဒီကို လာ နေကြမှာ မို့ အိမ်ရှင်း နေရတာ ။ ခုလောလောဆယ် ထမင်းထုပ် ပို့ဖို့ အရင် လုပ် ပေးပါလား ”


အကွင်းလိုက် ကြော်ထားသည့် ငါးကြော် ၊ ချဉ်ပေါင် နှင့် မျှစ် ကို ဆီတွေ နစ် နေအောင် ကြော်ထားသည့် အချဉ်စပ် ၊ ကြက်ဥပြုတ် တို့ အပြင် ဧလမုန့် နှင့် တီးမစ်ထုပ် ပါ ပါ သေးသည် ။ ကောင်း လိုက်တာ ။ ရမယ့်သူ အစား မသန်းခင် ဝမ်းသာ နေမိသည် ။


ထမင်းထုပ် ပို့ပြီး တာ နှင့် ရေရှောင် လာကြမည့် ဧည့်သည်တွေ အတွက် အိပ်ရာခင်းကျင်း ပြင်ဆင် ချက်ပြုတ် ပေး နှင့် ညနေ ၅ နာရီ လောက် မှ အိမ်ပြန် ရ တော့သည် ။ အပျိုကြီး က ပိုက်ဆံ တစ်ထောင် နှင့် ဆန် တစ်ပြည် ပေး လိုက်သည် ။


မသန်းခင် က အိမ်ဆိုင် မှာ ပိုက်ဆံ အဝင် တစ်ထောင် သွင်းပြီး အခြား လိုတာလေးတွေ ဝယ်ပြီး မှ အိမ်ပြန် ရသည် ။ မြေးအဘွား တွေ ဆာ နေ တော့မည် မို့ ခြေလှမ်း သုတ်သုတ် လှမ်း ရသည် ။ ခုမှ အလတ်ကောင် ပြန် ရောက်ပြီလား ၊ ကိုထွန်းတင် ကော ရောက်နေပြီလား တွေး မိသည် ။ အိမ် ရောက်တာ နှင့် အကြီးလေး ကို သာ ထမင်းထည့် ခိုင်း ရတော့မည် ။ မသန်းခင် တော်တော် မော နေပြီ ။


“ အဖေ ရော မောင်လေး ရော ပြန် မလာသေးဘူး အမေ ။ မနက်ဖန် မနက် လည်း ထမင်းထုပ် ကူရမယ်လို့ ခုန က ပဲ လာ ပြော သွားတယ် ” ဟု အကြီးလေး က သတင်း ပေးသည် ။


“ ခက်ပြီ .. ” ဟု စိတ် ထဲ က ရေရွတ် ရင်း မသန်းခင် ပို မော သွားသည် ။ မော ပေမယ့် ကောင်လေး နောက် ကို လိုက်ဦး မှ ဖြစ်မည် ။ တော်ကြာ ရေထဲ မိုးထဲ ကျော်မကောင်း ကြားမကောင်း ဖြစ်မှာ စိုးရသည် ။ 


“ ထမင်းလေး မြန်မြန် ချက်လိုက်တော့ အကြီးလေး ရေ ။ အမေ ညည်း မောင်လေး ကို လိုက် ရှာရင်း မုန်လာချဉ်လေး ဝယ် ချည်မယ် ။ အဘွား ကို တော့ ကြက်ဥလေး ကြော် ပေး နော် ” 


မသန်းခင် ပြောလို့ မှ မဆုံးသေး ...


“ အမေ ရေ ... ဗျို့ အမေ ရေ ... ဟောဒီမှာ ကြည့်စမ်း ဘာတွေလဲ လို့ ” 


အလတ်ကောင် လက် ထဲ မှာ ထမင်းထုပ် တွေ နှင့် ။


“ ဟဲ့ .. နင် ဘာတွေ လုပ်လာပြန်ပြီလဲ ကောင်လေး ” 


“ ရေဘေး ကယ်ဆယ်ရေးစခန်း မှာ ထမင်းထုပ်တွေ လာ ဝေတာ အမေ ရေ ၊ သိလား ။ ကျုပ် တန်းစီ ပြီး တိုး တောင်းလာတာ ။ ဟောဒီမှာ ကြည့် အငယ်ကောင်နဲ့ အဘွား ဖို့ သဇင်ဘီစကွတ်တွေ လဲ ရ လာတယ် ။ ရေသန့်ဘူး လဲ ရ သေးတယ် ။ ကျုပ် သောက်ပစ် လိုက်တာ ”


နောက်နေ့ တွေ လဲ ဝေဦးမှာ တဲ့ သိလား ၊ အမေ .. ဘာမှ မပူနဲ့ ကျုပ် နေ့တိုင်း သွား တိုးပေးမယ် ။ မနက်ဖန် ကျ အငယ်ကောင် ကို ပါ ခေါ် သွားမယ် ။ တချို့က ကလေးတွေ ကို မှ ပိုပေးတာဗျ .. ”


ချွေးတွေသံတွေ နဲ့ သူ့ ခမျာ မမောနိုင် မပန်းနိုင် ပြောပြ နေ ရှာသည် ။


မသန်းခင် က သား လုပ်သူ ကို ငိုင်တွေ ပြီး စိုက်ကြည့် နေမိသည် ။ အောက်ပိုင်း မှာ ရေတွေရွဲစို နေသည် ။ ဒါပေမယ့် အလတ်ကောင် ကို ကြည့်ရတာ စိုမှန်း ခြောက်မှန်း သတိထား မိပုံ မရ ။ အိမ် က လူတွေ ဖို့ ထမင်း ရခဲ့တာ ကို ဝမ်းသာလုံး ဆို့ နေပုံမျိုး ။ အရေး ပါသည့် ထမင်း ကို ရလာလို့ အကြီးအကျယ် ကြည်နူး နေ ပုံမျိုး ။


ထမင်းတွေ က တော်တော် များ ပါသည် ။ မသန်းခင် တို့ မိသားစု တစ်နပ်စာ ကောင်းကောင်း ရသည့် အနေအထား ဖြစ်သည် ။ ဒါပေမယ့် မသန်းခင် ရင်ထဲ မကောင်း ။ နင့်တင့်ကြီး ဖြစ်နေသည် ။


“ ထမင်းတွေ ခူး ထားလိုက်မယ် နော် အမေ ။  နို့မို့ရင် ချဉ်ကုန် မှာ စိုးရတယ် ။ အဖေ ယူလာတဲ့ ဆန် က မနက်စာ ရတာပေါ့ ” 


အကြီးလေး က ပန်းကန်ပြားတွေ စီ ချ ရင်း မအေ ကို လှမ်း ပြောတယ် ။


“ အမေရေ ကြက်သားဟင်းတွေ ဗျ ကြည့်စမ်းပါဦး ။ ဒီမှာ ပုဇွန်ခြောက်ကြော် တွေ လဲ ပါတယ် ”


အငယ်ကောင် အသံ က ရွှင်လို့ ပင် ။


“ နောက် တစ်ထုပ် က ငါးဟင်း ဗျ ။ အဘွား ကို ကျွေး ရအောင် ။ အမေ ကော လာလေ ဗျာ ... ”


အလတ်ကောင် အသံ က လည်း အားရပါးရ ။ ဒါပေမယ့် မသန်းခင် နေရာ မရွေ့ အသံ မထွက် ငေး နေ ကြည့် မိသည် ။


ကလေးတွေ ခမျာ ထမင်း ရယ် ဟင်း ရယ် ကောင်းမွန် ဝလင် စွာ စားခွင့် ရတာ ကို ပင် ကြီးမားသည့် နှစ်သိမ့်ကျေနပ်မှု အပြည့် ရတာ ပျော်နေကြ ရှာသည် ။ အခြား ဘာမှ မသိ ၊ နားမလည် ၊ စားသင့်သည် လား ၊ မစားသင့် သည် လား ၊ သူတို့ကလေး တွေ မသိ ။


“ အမေ ရာ ... နောက် တစ်ခါ အိမ်ငှား ရင် အဲဒီ ရေနစ်တဲ့ ဘက် ကို ငှားစမ်းပါ ။ ကျုပ်တို့ နေ့တိုင်း ထမင်းထုပ် ရမှာ ဗျ ... သိလား ”


အလတ်ကောင် ကို အော်ငေါက် ထုရိုက် ပစ်လိုက်ချင်ပေမယ့် မလုပ် မိ ။ ထူးထူးကဲကဲ ပေါ်ပေါက်လာသည့် ကြင်နာ ဝမ်းနည်းစိတ် ဖြင့် ကြည့်နေမိသည် ။ ဘွားအေကြီး က ထမင်းလေး လက်တစ်ဆုပ် ဦးချ ဆုပ် ကိုင်ရင်း တိုးတိုး တွတ်တွတ် ရွတ်ဖတ် နေခဲ့သည် ။ ဒီ ကနေ့ မှာ တော်တော် ကြာသည် ။ မသန်းခင် ရင် ထဲ ငိုချ လိုက်ချင်စိတ်တွေ တလိပ်လိပ် တက်လာ ကာ ငူငူကြီး ထိုင် ငိုင် နေ ခဲ့တာ မိုးကြီး ချုပ် လို့ ကိုထွန်းတင် ပြန်လာသည် အထိ နေရာမရွေ့ ။


အဖေ က လည်း သား လို ပင် ချွေးတွေသံတွေ နှင့် လက် ထဲ မှာ အထုပ် တစ်ထုပ် ဆွဲ လာသည် ။ မသန်းခင် လက် ထဲ အထုပ် လှမ်း ပေးလိုက် ၍ ဖြည် ကြည့် တော့ ဆန် တချို့ ဆပ်ပြာခဲ နှင့် ဖယောင်းတိုင် တစ်ထုပ် မြင်လိုက်ရ သဖြင့် စိတ် က မသိုးမသန့် ဖြစ်သွားသည် ။


“ တော် ... ဒါတွေက ဘယ် က ရလာတာ တုန်း ”


“ ဘယ်က ရ ရမှာလဲ ဟ ၊ ကျွဲဆည်ကန် က သူငယ်ချင်း ဆန်အိတ်တွေ ဂိုဒေါင် ပြောင်းဖို့ အရေးပေါ် လုပ်အား လိုတယ် ဆိုတာနဲ့ လိုက် လုပ်ပေးတာ ။ နေ့တွက် နှစ်ထောင် အပြင် သူတို့ သူဌေး က ရေဘေး မှာ လိုက် ဝေတဲ့ အလှူ ထုပ် ထဲ က နေ ဆန်သယ်တဲ့ လူတိုင်း ကို တစ်ထုပ် စီ ပေး လိုက်တာလေ ။ မနက်ဖန် လည်း လာခဲ့ဦးလို့ မှာ လိုက်တယ် ။ တော်သေးကွာ .. ရေ မကျခင် တော့ အဲဒီလို ပဲ သွား ကူရင်း နေ့တွက် ရှာ ရမယ် ”


ကိုထွန်းတင် ရေ သွား သောက်တော့မှ မသန်းခင် ရင် ထဲ အလုံး က လျှောကျ သွားခဲ့သည် ။ တော်ပါသေးရဲ့ ။ ဒါဆို မနက်ဖန် တစ်ရက် အသက်ရှူ ချောင် သွားပြီ ။ မသန်းခင် ကို ကြည့်နေခဲ့သည့် အမေ က ...


“ သန်းခင် ရယ် .. မနက်ဖန် ကိုယ့် အိမ် က ထမင်းထု ပ်ပို့ တော့သာ ရှိတာလေး စေတနာ ပါပါနဲ့ ထည့်ပေး လိုက်စမ်းပါ အေ ။ တခြား ဘာမှ ဥပဒ် မနေနဲ့ ။ စိတ် ကို သာ ထားတတ်အောင် ထားရတယ် ။ ခေတ်ကာလကြီး ဖန်တီးတဲ့ အတိုင်း မဖြစ် ဖြစ်အောင် နေကြ ရ တာ ၊ လူတိုင်း ... လူတို င်းပဲ ။ ကိုယ် တစ်ယောက်တည်း မှ မဟုတ်တာ ”


အမေ ဘယ်လိုပဲ ပြောပြော အဲဒီ နေ့ ည က မသန်းခင် ညစာ မစားဖြစ် ။


ရေ မဝင်သည့် ရပ်ကွက် ထဲ က ရေဝင် နေသည့် အိမ်ကလေး ထဲ မှာ မသန်းခင် တစ်ယောက် ဓာရဏ ပရိတ်တော် ကို အထပ်ထပ် ရွတ်ဖတ် ပူဇော် ရင်း ခုနှစ်ရက် သားသမီးများ ကို မေတ္တာ ပို့ နေသည်မှာ တစ်ညလုံး နီးပါး ဖြစ်သည် ။


◾နှင်းဆီအောင်


📖 မြန်မာသစ် မဂ္ဂဇင်း 

      ဖေဖော်ဝါရီလ ၊ ၂၀၁၁ ခုနှစ်


#ကိုအောင်နိုင်ဦး

8:57 PM 12-Nov-23


.

No comments:

Post a Comment