Thursday, November 16, 2023

မြေ ကို လျှိုး ၍ မိုး ကို ပျံ


 ❝ မြေ ကို လျှိုး ၍ မိုး ကို ပျံ ❞


သည်နေရာ ကျ မှ ရွှေလ ငွေလ ချစ်သောလ က 

မလင်းလဲ့လဲ့ လင်းလဲ့လဲ့ 

မပြုံးသည်သို့ ပြုံးသည်သို့ 

မှိုင်းညို့ဝေရီ  

လေပြည်သည်သာ လွန့်လွန့်လူးလူး 

မြူးမြူးနောက်နောက် 

ဟိုမှ ရောက်လာသလိုလို 

သည်မှ ရောက်လာသလိုလို 

ကြိုကြိုကြားကြားမှ တရှဲရှဲ 

ဝဲယာ ရှေ့နောက်မှ တဖျတ်ဖျတ်

အို

ည သည် ချစ်ဦးသူ သို့ 

မိန်းမူး ရာ လား 

ဘီလူးဂုမ္ဘာန် သို့ 

ချောက်ချားအံ့ ရာ လား 

ခွဲခြားမထင် မတင်မကျ 

ရင် က လှပ်လှပ် 

စိတ် က လွင့်လွင့် 

သည်လို ည မှာ 

မိုး နှင့် ကျွန်တော် 

တွေ့ရကြုံရ အံ့သြရ ကြည်နူးရ 

ပြီးတော့ 

ပြေးကာ လွှားကာ သည်းထိတ်ရင်ဖိုကာ 

လက်စ သတ်တော့ မိုး ဆို တဲ့ မရွှေမိုး က ...


( ၁ )


ဟုတ်သည် ။ 


ဤနေရာ ကျ မှ ငွေလရောင် က မှိုင်းပျ သွားသည် ။ တိမ်လွှာပါးပါးကျဲကျဲ တို့ ရွှေ့ကာ ထပ်ကာ ဖုံးလွှမ်း လာ၍ ဖြစ်သည် ။ သည်တော့ ည သည် မလင်း သလို ၊ လင်း သလို ။


ကျွန်တော် သုတ်သုတ် လျှောက်သည် ။ မျှော်လင့်စွာ နှင့် မော့ ကြည့်သည် ။ အရှေ့သို့ လား သော် ယုဇနာ ငါးဆယ် ၊ အနောက်သို့ လားသော် ယူဇနာ ငါးဆယ် ၊ တောင် သို့ လားသော် ယူဇနာ ငါးဆယ် ၊ မြောက် သို့ လားသော် ယူဇနာ ငါးဆယ် ဟု ဆိုစလောက် သော သစ်ရွက်သစ်ခက် တို့ သည် ယှက်တင် မိုးကာလျက် ရှိကြသည် ။ နေ့ အခါ မှာ ပင် မှိုင်းမှုန်ရီလျက် ရှိသည် ။ ကြယ် မသာ ။ လ မသာ ။ ည အခါ ဆို လျှင် ပြောဖွယ် မရှိ ။ အမှောင်တိုက် ဖြင့် ပြီးသည် ။ ကြယ် ရောင် ၊ လရောင် ရှိလျှင် တော်သေးသည် ။ ပျပျလဲ့လဲ့ ၊ ရေးရေးရိပ်ရိပ် ။ 


ခု မတော့ ...


စောစောက ရှိနေသော ရွှေလ ငွေလ သည် တိမ်ညိုညို ဝါဝါ တို့ ကွယ်ခြင်း ၊ ကာခြင်း ၊ ဖုံးကွယ်ခြင်း ပြု၍ လျော့လျော့ သာ ဝင်းနိုင်သည် ။ အပြန့်အပြော ၊ အထုထည် ကြီးမား လှသော သစ်ပင်အုပ် ၊ သစ်ပင်တန်း ကို မထွင်းဖောက်နိုင် ရှိသည် ။ အရွက်အခက် တို့ ပါးလှပ် ရာ ကွက်ကွက်ပြောက်ပြောက် လောက် တွင် သာ စိမ့်ဝင် နိုင်သည် ။


သည်တော့ ...


ရွှေလ ငွေလ သည် သစ်ရွက်သစ်ခက် တို့ မဖုံးကာ လျှင် တိမ်ညိုညို ၊ ဝါဝါတိမ်လွှာ တို့ က ဖုံး ကာသည် ။ တိမ် လွှာတို့ က မကွယ်လျှင် သစ်ရွက် ညိုညိုမောင်းမောင်း တို့ က ကွယ် သည် ။ တိုက်တိုက်ဆိုင်ဆိုင် သည် နှစ်ခု စလုံး မှ ကင်း လွတ်သည့် အခါ တွင် သာ ကြယ်ဖြူပွင့်များ အကြား လဝါဝါ လှစ်ခနဲ ပြိုး ပြက်သည် ။


သို့သော် ဟိုအဝေးဝေး တွင်တော့ ဝင်းဝါရောင် ပျို့ပျို့ ။ ယင်းကြောင့် လည်း ည သည် မမှောင် တစ်ဝက် မှောင် တစ် ဝက် ။ သို့သော် အမှောင်ဘက် အားကြီးသည် ။ အထူးသဖြင့် ဤနေရာ ။ သစ်ရိပ် ကောင်းကောင်း ၊ လရောင် နည်းနည်း ၊ လူခြေ တိတ်တိတ် ။  


ဤနေရာ တစ်ဝိုက် သည် လူနေ အိမ်ခြေ မရှိသလောက် ဖြစ်သည် ။ လမ်း တစ်ဘက် တွင် အင်္ဂလိပ် သချိုင်း ရှိသည် ။ အနံအလျား ကောင်းသည် ။ နန်းမြို့ဟောင်း တမျှ ဖြစ်သည် ။ အေးချမ်း သန့်ပြန့် သဖြင့် ပိုမို တိတ်ဆိတ်သည် ဟု ထင်ရ သည် ။


အခြား တစ်ဘက် တွင်ကား ပထမဆုံး ဘုန်းကြီး ကျောင်း ၊ ကျောင်း ဟု သာ ဆိုရ သော်လည်း တောကြီးမြက် မည်း ။ ကျောင်းအိုကြီး ၊ ဇရပ်ပျက် နှင့် သိမ်ငယ် တို့ သည် သစ်ပင်များ အကြား တွင် မြုပ် နေသည် ။ စာသံပေသံ မဆူညံ ၊ လေ အတိုးအဝှေ့ ကြောင့် ဖြစ်ပေါ်သော ပြတင်း တံခါးများ တကျီကျီ ဖွင့်ပိတ်သံ ၊ လန်နေသော သွပ်မိုးများ တဗြန်းဗြန်း ရိုက်မြည်သံ တို့ က သာ ည ကို ခြောက်လှန့်လျက် ရှိသည် ။ ဤ ကျောင်း တွင် ဘုန်းတော်ကြီး တစ်ပါး သာ ရှိ သည် ။ ယင်း ဘုန်းတော်ကြီး ကို မြင်တွေ့ ရ လျှင် ထိတ်လန့်စရာ ။ မုတ်ဆိတ်ကျင်စွယ် ထူထပ်စွာ ။ သင်္ကန်း ညစ် ညစ် ။ ပါးစပ် မှ တတွတ်တွတ် တဖျစ်ဖျစ်  ။ လူ အများ က အဂ္ဂိရတ်ရူး ဟု အသိအမှတ် ပြုကြသည် ။ တစ်ခါ မ က စိတ္တဇ ဆေးရုံ သို့ ပို့ကြသည် ။ ပြန်၍ ပြန်၍ သာ ရောက် လာသည် ။


ထို့နောက် ကု,လားကြီး တစ်ယောက် ၏ နွားခြံ ။ ယင်း နွားခြံ သည် တစ်ချိန် က မူ အင်မတန် ကြီးကျယ် စည်ကားသည် ။ နို့စားနွားမ တစ်ထောင် ကျော် သည် ဟု ပြော ကြသည် ။ တစ်မြို့လုံး သုံးစွဲရန် နို့ ကို ဤမှ အများဆုံး ရ သည် ဟု ဆိုစမှတ် ရှိသည် ။ မျက်နှာချင်းဆိုင် တွင် ရှိသော အင်္ဂလိပ် သင်္ချိုင်း ပမာ သေသပ်လှပသည် ။


လွန်ခဲ့သော ငါးနှစ် မှ အစ ပြု၍ နို့သူဌေးကြီး စီးပွား ပျက်သည် ။ နွားခြံ ပျက်သည် ။ ယခုအခါ တွင် နွားခြံ သည် ဘေးချင်းကပ် ကျောင်းဝိုင်း နှင့် အတူ တောအုပ်ကြီး ဖြစ်နေ တော့သည် ။ နို့သူဌေးကြီး လည်း ဥစ္စာရူးကြီး ဖြစ်နေပြီ ။ အဝတ်အထည် မဝတ် ။ လန်ကွတ်တီ တစ်ထည် ဖြင့် ချုံနွယ် ပိတ်ပေါင်းများ အကြား တွင် ဥစ္စာစောင့် မ ကို ရှာဖွေလျက် ရှိ တော့သည် ။


ဤနေရာ တစ်ဝိုက် တွင် ဥစ္စာစောင့်မ ရှိသည် ဟု ဆို ကြသည် ။ လမိုက် ညဉ့်များ တွင် ဖြူဖွေးသော အဝတ်အ ထည် ဖြင့် တစ်ကိုယ်တည်း သွားလာ လှုပ်ရှား နေတတ်သည် ဟု ဆို ကြသည် ။


တစ်ချိန်တွင် ဤ တစ်ဝိုက် ကို ရဲအဖွဲ့ က ပိုက်စိပ်တိုက် ရှာဖွေရာ ရွှေချောင်း အချို့ ရ ရှိ သဖြင့် ဘုန်းတော်ကြီး ၏ အဆိုအမိန့် ကို ယုံကြည်သူ များ သွားသည် ။ ဘုန်းတော်ကြီး ကို ပင် သိဒ္ဓိ ပေါက်ရောက်ပြီ ဟု ယုံကြည် သွားကြသည် ။


သည် ကြားထဲ တွင် ခရစ်ယာန် သချိုင်းစောင့် ဖြစ်သူ ကရင်စ စ်သားဟောင်းကြီး က လည်း ဥစ္စာစောင့် ကို သူ ကိုယ်တိုင် လည်း မြင်တွေ့ရပါသည် ဟု ဆို လာသဖြင့် ဇာတ် ပို ရှုပ် လာသည် ။ ပို၍ သတင်း ကြီး လာသည် ။


ဤ ကြား ထဲ တွင် ဤ နေရာ တစ်ဝိုက် မှ တစ်လအတွင်း ဇက် ကျိုး နေသော အလောင်း သုံးလောင်း တွေ့ရှိကြ ရသည် ။ ဥစ္စာစောင့် ၏ အစေအပါးများ က ကုပ်ချိုးသတ် ဖြတ်ခြင်း ဖြစ်သည် ဟု သတင်း ကြီးသည် ။


သို့သော် ...


ခေတ်မီ တိုးတက်သော အမြင် ရှိသူများနှင့် ရဲအဖွဲ့ဝင် များ က မူ ဤ အခြေအနေ ၊ အဖြစ်အပျက် တို့ ကို သိပ္ပံနည်း ကျ တွေးခေါ် ကောက်ချက် ချကြသည် ။


ဤ ဒေသ သည် လူသူ ကင်းဝေး သဖြင့် ဥပဒေ မျက်ကွယ်ရာ သို့ ရှိသည် ။ ဥပဒေ ချိုးဖောက်သူများ ၏ အခြေစိုက် စခန်း ဖြစ်သည် ။ ခိုးဝှက်ရန် ဤမှ ချောင်းမြောင်း သည် ။ တိုက်ခိုက်ရန် ဤ မှာ စုဝေးသည် ။ မြူဆွယ်ရန် ဤမှာ စားကျက် ချသည် ။ ဤမှာ ပုန်းခိုကြသည် ။ ခြောက်လှန့်သော သတင်းများ ကို လည်း သူတို့ ပင် ဖန်တီး ကြမည် ။ လွှင့်ကြမည် ။


ဤ အယူအဆ ကို လက်တွေ့ အကောင်အထည် ဖော် သော အားဖြင့် ဤနယ်မြေ ကို ရဲအဖွဲ့ဝင်များ ပိုက်စိပ်တိုက် ရှာဖွေသည် ။ ကင်းလှည့်သည် ။ ကင်းဝပ်သည် ။ ဓားပြများ ၊ သူခိုးများ ၊ အရက်ပုန်း ချက်သူများ ၊ လောင်းကစားသူများ ၊ ပြည့်တန်ဆာများ တသီကြီး မိသည် ။ ဤသို့ နှစ်ကြိမ် သုံးကြိမ် မျှ ဆက်တိုက် အရေးယူ လိုက်သော အခါ ရုတ်ရုတ် သဲသဲများ အတော်ကလေး ငြိမ်သက် သွားသည် ။  


သည်အခါ လူအများ သည် ဤဒေသ ကို နှစ်ဆ တိုး ၍ ကြောက်ရွံ့ လာ ကြသည် ။ ဥစ္စာစောင် နှင့် နာနာဘာဝ များ လည်း ရှိသည် ။ လူဆိုးသူခိုး များ လည်း ရှိသည် ။


ထို့ကြောင့် အသွားအလာ တတ်နိုင် သမျှ ဆင်ခြင် ကြသည် ။ ညဘက် တွင် အရေး ကြီးသော ကိစ္စ မရှိ လျှင် လုံးဝ မသွားလာကြ ။ သည်တော့ ပို၍ တိတ်ဆိတ်ခြင်း ၊ ခြောက်ကပ်ခြင်း ဖြစ်ရသည် ။ ကြောက်လန့် ချောက်ချားဖွယ် ရာ ရှိ လှသည် ။  


အမှောင် သည် ခြောက်လှန့်ခြင်း ။ 

တိတ်ဆိတ်ခြင်း သည် ဖမ်းစားခြင်း ။


ကျွန်တော် သည် သုတ်သုတ် လျှောက်သည် ။ မျှော် လင့်စွာ မော့ ကြည့်သည် ။ ဝိုးဝိုးဝါးဝါး ။


နား အကြား တွင် 

တရှဲရှဲ ၊ တကျီကျီ ၊ တဗြန်းဗြန်း ။


ကျွန်တော် လည်း မကြောက်မလန့် တတ်တော့ မဟုတ် ။ ကြောက်လန့် တတ်ပါသည် ။ နာနာဘာဝ ဝိနာ ဘာဝ တို့ကို မယုံ သော် လည်း ဓားပြများ ၊ သူခိုးများ ၊ အရက် ပုန်းသမားများ ၊ လောင်းကစားသမားများ ၊ ပြည့်တန်ဆာ များ ရှိသည် ကိုကား ယုံပါသည် ။ ကြောက် လည်း ကြောက် ပါသည် ။ သူတို့ က လက်ဦးမှု ရနိုင်သည် ။ လူအင်အား ၊ လက်နက် အင်အား သာ နိုင်သည် ။ သူတို့ ဘက်တွင် အမှောင် ထု ရှိသည် ။ တိတ်ဆိတ်မှု ရှိသည် ။  


ကျွန်တော့် ဘက်တွင် ဘာမျှ မရှိ ။ ကြယ် နှင့် လ ပင် မရှိ ။ သူတို့ အတွက် ကျွန်တော့် ကို အမှောင်ထု က တိုးဝင် ချုပ် နှောင် ပေးထားသည် ။


သည်တော့ ကျွန်တော် အဘယ်မှာ မကြောက်မလန့် ဘဲ ရှိ ပါမည်နည်း ။ ကြောက်လန့် ပါသည် ။


ကိုယ့် ကိစ္စ နှင့် ကိုယ် မို့သာ ဤ ခရီး ကို သွားသည် ။ ဤ အန္တရာယ် ကို ဖြတ်သန်း ရသည် ။ ဤ စွန့်စားမှု ကို ပြုလုပ် ရသည် ။


ကိုယ့် ချစ်သူ နှင့် တွေ့ရမည့် အရေး ဆိုတော့လည်း ဤ အန္တရာယ် ၊ ဤ ခရီး လောက် ကို ကြောက်နေ၍ မဖြစ် ။ ဒါလောက် တော့ စွန့်စား ရမည် ။ ဒါထက် မက လည်း စွန့်စား ရ မည် ။  


ခုလောက် ဆိုလျှင် ကိုယ့် ချစ်သူ စောင့် နေရော့မည် ။ ကြောင့်ကြ နေရော့မည် ။ ကျွန်တော် သုတ်သုတ် လျှောက် သည် ။ ဘာကို မျှ မကြည့်တော့ ။


( ၂ )


ကျွန်တော် သုတ်သုတ် လျှောက်သည် ။ 


ကု,လားကြီး နွားခြံ နှင့် ဘုန်းကြီးကျောင်း အစပ် ကို လွန် လာပြီ ဖြစ်သည် ။ အန္တရာယ် ခရီး တစ်ဝက် ကျိုးပြီ ဟု ဆို နိုင်သည် ။ အမှန်တော့ တစ်ဝက် ပင် မကချေ ။ ဘုန်းကြီးကျောင်း ၏ အလျား သည် နွားခြံ ၏ အလျား လောက် မရှည် ပေ ။ 


အင်္ဂလိပ်သချိုင်း အတွင်းပိုင်း ကို မြင် လာရသည် ။ သင်္ချိုင်း ၏ အရှေ့ဘက်ပိုင်းအုတ်ဂူများ ကို ဖွေးဖွေးရေးရေး မြင် ရသည် ။  


ဟောဟို  အုတ်ဂူ က မနေ့ က မှ အသစ် တိုး လာခြင်း ။ ကပြားမကလေး တစ်ယောက် ။ ကျွန်တော် မြင် ဖူးသည် ။ လှသည် ။ တက္ကသိုလ် ကျောင်းသူ ၊ ကောင်ကလေး တစ်ယောက် က သူ့ ကို သစ္စာ ဖောက်ရ ကောင်းလား ဆိုပြီး ဓား နှင့် ထိုးသတ်ခြင်း ၊ အစိမ်းသေ ။


အဘယ့်ကြောင့် မှန်း မသိ ကျွန်တော့် နားရွက် မှာ ရုတ်တရက် ထူထူပူပူ ဖြစ်လာသည် ဟု ထင်မိသည် ။ မူလ က ထက် နှစ်ဆမျှ ကြီးသွားသည် ဟု ထင် ရသည် ။ စိတ် ၏ ခြောက်လှန့်ခြင်း သည် ဆန်းကြယ်သည် ။ မယုံပါဘူး ၊ မကြောက်ပါဘူး ဆိုသည့် ကြားက ကြက်သီးမွေးညင်း ထမိ သည် ။


မိမိ တွင် ရှိသော သတ္တိများ ကို ပြန်လည် စုစည်းသော အား ဖြင့် ကျွန်တော် တန့်ခနဲ ရပ် လိုက်သည် ။ ကျွန် တော် ဘာကိုမျှ မကြောက် ဟု ခိုင်မာစွာ ပြဆိုခြင်း ဖြစ်သည် ။ ဘာမျှ မရှိ ဆိုသည် ကို သေချာအောင် ဝန်းကျင် ကို ကြည့်သည် ။


ကျွန်တော့် ရင် အေးခနဲ ဖြစ်သွားသည် ။ သင်္ချိုင်း တံခါးဝ တွင် ရုတ်တရက် ပေါ်လာသော သဏ္ဍာန် တစ်ခု ကို မြင်တွေ့ရ ၍ ဖြစ်သည် ။ ကျွန်တော် က ကိုယ့် မျက်လုံး ကိုယ် မယုံသဖြင့် ပွတ်သပ်ပြီး ပြန် ကြည့်သည် ။


ဖြူဖြူ ရေးရေး လူ တစ်ယောက် ။ အမျိုးသမီး ၊ ကျွန်တော့် ဘက် သို့ မျက်နှာ တူရူ ပြုထားသည် ။


ဟော ... ကျွန်တော့် ဆီ ကို လာ နေပြီ ။  


ကျွန်တော် က အောက် နှုတ်ခမ်း ကို အထက် သွား ဖြင့် နာ နာ ကိုက်ထား မိသည် ။ ထို့နောက် ကျွန်တော့် ထံ သို့ တအိအိ ရွေ့လာသော ဖြူဖြူသဏ္ဌာန် ကို မျက်တောင် မခတ် ကြည့် ရင်း နေရာ တွင် ခိုင်မြဲစွာ ရပ် နေမိသည်  ။


ဖြူဖြူသဏ္ဌာန် ရွေ့လာပုံ မှာ လူ တစ်ယောက် လမ်း လျှောက်သည် နှင့် မတူဘဲ လေထဲ တွင် ဂွမ်းဆိုင်ဂွမ်းခဲကြီး လွင့်မျော လာသည်နှင့် တူသည် ။ သို့သော် တဖြည်းဖြည်း ခြေလှမ်း စိပ်စိပ် ၊ ခြေနုတ် မြန်မြန် လျှောက် လာနေမှန်း သိရ သည် ။ အသွင်သဏ္ဌာန် ပီသ လာသည် ။ အသက် နှစ်ဆယ် ဝန်းကျင် ရှိ မိန်းမရွယ် တစ်ဦး ။ ကိုယ်လုံးကိုယ်ထည် တောင့် တင်းလှပသည် ။ အင်္ကျီဖြူ ၊ လုံချည်ဖြူ ဝတ်ထားရုံမျှ မက ခေါင်းတွင်လည်း ပဝါ စည်းထားသည် ။ မျက်နှာ ကို တော့ သဲကွဲစွာ မမြင်သာသေး ။


အမျိုးသမီး သည် လမ်း တစ်ဘက် ကျွန်တော် နှင့် တည့်တည့် လောက် တွင် ခေတ္တမျှ ရပ် လိုက်သည်  ။ ကျွန်တော့် ကို အကဲ ခတ် ဟန် ရှိသည် ။ ကျွန်တော် က မလှုပ် မရှက် ။ ခပ်မဆိတ် ။ ခဏအကြာ တွင် အမျိုးသမီး သည် လမ်း ကို ဖြတ်ကူးလာသည် ။ စောစောက လို ခြေနုတ် မြန်မြန် ၊ ခြေလှမ်း စိပ်စိပ် မဟုတ်တော့ တစ်လှမ်းချင်း ယိမ်းကာ နွဲ့ကာ ၊ ယိမ်းနွဲ့ကာ နှင့် ။


သူမ ၏ မျက်နှာ ကို မှုန်ဝါးဝါး မြင်ရသည် ။ လှလိမ့် မည် ဟု ထင်ရသည် ။ သူမ ၏ ကိုယ် မှ ရနံ့ သင်းပျံ့လာ သည် ။ ထိုအခါ ကျွန်တော် ကျောချမ်း မိသည် ။


ကျွန်တော် နှင့် တစ်လှမ်းကွာ လောက် တွင် အမျိုးသမီး ရပ်တန့်သည် ။


“ ရှင် ဘယ်သူလဲ ” 


ဘုရား ၊ သူ ကပဲ စစ်ကာ ဆေးကာ  ။ သူမ ၏ အသံမှာ ကြည်လင်ချိုသာသော်လည်း မနွဲ့ ချေ ။ အနည်းငယ် မာ ပြတ်ဟန်ပင် ရှိသည် ။  


“ ခင်ဗျား က ကော ဘယ်သူလဲ ” 


ကျွန်တော် က ခပ်ကျယ်ကျယ် ခပ်မာမာ ပြန် မေး လိုက်သည် ။ ထို့နောက် ကျွန်တော် တို့ နှစ်ယောက် မည်သူ့ ကိုမျှ မည်သူ မဖြေဘဲ တိတ်ဆိတ်စွာ ရပ် နေ ကြသည် ။ တစ်ယောက် အကဲ ကို တစ်ယောက် ကြည့် နေကြသည် ။ သို့သော် သဲကွဲစွာ လည်း မမြင်ကြရ ။ 


“ ရှင် လူဆိုး တော့ မဟုတ်ပါဘူးနော် ”  


သူမ ၏ အသံ အနည်းငယ် ပျော့ သွားသည် ။ 


“ မဟုတ်ပါဘူး ၊ ကျွန်တော် လူကောင်းပါ ” 


“ ဟုတ်ပါတယ် ၊ ရှင် လူကောင်းပါပဲ ”  


“ ဟုတ်ကဲ့ ၊ ကျွန်တော် လူကောင်းပါ ။ ခင်ဗျား က ကော ” 


အမျိုးသမီး က ချက်ချင်း မဖြေ ။ တစ်ခုခု ကို ချိန်ဆ နေဟန် ရှိသည် ။


“ ဥစ္စာစောင့် တော့ မဟုတ်ဘူး မဟုတ်လား ”  


“ ကျွန်မ ကို ကူညီပါ ”  


“ ခင်ဗျာ ... ” 


အမျိုးသမီး ထံ မှ မမျှော်လင့်သော စကား ကို ရုတ်တရက် ကြား လိုက်ရသဖြင့် ကျွန်တော် က အာမေဋိတ်သံ ပြု လိုက်သည် ။ ထို့နောက် အကြံ ရသဖြင့် စီးကရက် တစ်လိပ် ကို ပါးစပ် တွင် လျင်မြန်စွာ တပ် လိုက်ပြီး မီး ခြစ်လိုက်သည် ။


အမျိုးသမီး မျက်နှာ သည် ကျွန်တော် ထင်ထားသည့် အတိုင်းပင် လှပသည် ။ သို့သော် တည်ငြိမ်သည် ။ မြူဆွယ်ခြင်း မရှိ ။ သူမ ၏ မျက်လုံးများ သည် တစ်စုံတစ်ခု တွင် အာရုံ စော နေကြောင်း ပြသသည် ။ ကျွန်တော် က ဆေးလိပ် မီး ညှိရင်း သူမ ၏ ပါး မှ မှဲ့ အနက် ကို သတိထား မိသည် ။ မှဲ့ ။ စံပယ်တင်မှဲ့ ။


မီး ငြိမ်း သွားပြီး နောက် လည်း မျက်စိ ထဲ တွင် စံပယ်တင်မှဲ့ သည် စွဲထင်၍ ကျန်ရစ်သည် ။


“ ဆေးလိပ် သောက်မလား ” 


ကျွန်တော် က ခပ်သောသော အမူအရာ ဖြင့် မေး လိုက် သည် ။ အမျိုးသမီး က ကျွန်တော့် အမေး ကို မဖြေဘဲ စောစော က စကား ကို ထပ် ပြောသည်  ။


“ ကျွန်မ ကို ကူညီပါ ”  


“ ဆိုပါဦး ” 


ကျွန်တော် က မယုံရဲရဲ ယုံရဲရဲ မေးကြည့်သည် ။ အမျိုးသမီးတို့ ကို အကဲ ခတ်ရသည်မှာ မလွယ်ကြောင်း ကျွန် တော် သိသည် ။ တကယ့်တကယ် ကျတော့ သူတို့ က အင်မတန် တတ်နိုင်သည် ။ မငိုချင် ဘဲ နှင့် လည်း ငို တတ် သည် ။ မရယ်ချင် ဘဲနှင့် လည်း ရယ် တတ်သည် ။  


“ ကျွန်မ ယောက်ျား နဲ့ စိတ်ဆိုးပြီး ဆင်း လာတာပါ ။ ကျွန်မ မိဘ အိမ် သွား မလို့ပါ ။ ကျွန်မ ကြောက်ကြောက် နဲ့ လျှောက် လာတုန်း ရှင် နောက် က လိုက် လာတာ တွေ့ လို့ ဟိုနား မှာ ခဏ ပုန်းနေတာပါ ” 


သူမ က အအို ဖြစ်ကြောင်း ကြေညာ လိုက်သည် ။ ကျွန်တော် မယုံပါ ။ အအို နှင့် မတူပါ ။ သို့သော် သည်ကိစ္စ တွေ ကျွန်တော် သိပ် မသိပါ ။ အအို လှ တာတွေ လည်း ရှိပါ လိမ့်မည် ။ အပျို နှင့် ခွဲ မရအောင် ရှိ ပါလိမ့်မည် ။


သို့သော် အချို့ အမျိုးသမီးများ သည် သူတို့ ကိုယ် ကို ကာကွယ်သော အားဖြင့် အအို ဟု ပြော တတ်ကြသည် မဟုတ်လား ။ ခက်သည် ။ အချိန် မတော်ကြီး မှာ ယောက်ျား နဲ့ စိတ်ဆိုးပြီး ဆင်း လာတာပါ ဟု ပြောခြင်း သည် ဘယ် သဘောနည်း ၊ အရောင်းအဝယ် စ  တင်ခြင်း လား ၊ ဈေးကြီးကြီး ခေါ်ခြင်းလား ။ ကျွန်တော် မသိ ။


ဘာပဲ ဖြစ်ဖြစ်လေ အမျိုးသမီး တစ်ယောက် က ကူညီပါ ဆိုလာမှ တော့ ကူညီ နိုင်သလောက် တော့ ကူညီ ကြည့် သေးတာပေါ့ ။ နောက်ကျ မှ ရောက်ရား ပေါ့ ။


“ ကျွန်တော် က ဘယ်လို ကူညီရမှာလဲ ။ ခင်ဗျား ယောက်ျား လိုက်လာရင် လက်သီး နဲ့ ဆီး ထိုး ရမှာလား ” 


“ အို .. သူ ဘယ်နည်းနဲ့ မှ လိုက်လာမှာ မဟုတ်ပါ ဘူး ၊ ကျွန်မ အစ်ကိုကြီး နဲ့ အတူ ဟိုဘက် ထိပ် အထိ လိုက် လာ ရရင် တော်ပါပြီ ။ အစ်ကိုကြီး က ဘယ် အထိ သွားမှာလဲ ” 


“ ကျွန်တော် လည်း ဟိုဘက် ထိပ် ။ အင်း ... ဟိုဘက် ထိပ် ရဲ့ ဟိုဘက် နှစ်လမ်း သုံးလမ်း ပေါ့ ” 


“ ကိစ္စ မရှိပါဘူး ။ ဟိုဘက်ထိပ် ရောက်ရင် သွား ရဲ ပါ ပြီ ၊ ဒီနား တစ်ဝိုက် မှာ သာ ... ” 


“ ဟုတ်တယ် ၊ ဒီ နား က တော့ ကြောက် စရာပဲ ။ ဘယ်သူ မှ တစ်ယောက် တည်း ၊ နှစ်ယောက် တည်း မသွားရဲဘူး ။ လူဆိုးတွေ လည်း ရှိတယ် ။ နောက်ပြီး ဥစ္စာစောင့် လည်း ရှိ တယ်လို့ ပြောကြတယ် ”   


ကျွန်တော် က သူမ အကဲ ကို စမ်း လိုက်သည် ။ ယခု အခါ ကျွန်တော် တို့ နှစ်ယောက် ဘေးချင်း ယှဉ်၍ တစ်လှမ်း ချင်း လျှောက် နေကြသည် ။  

“ ဥစ္စာစောင့် တော့ မကြောက်ပါဘူး ”  


“ ကျွန်တော် က ခင်ဗျား ကို ဥစ္စာစောင့် လို့ ထင်နေတာ ” 


“ ဟုတ်ပါရဲ့ ၊ ကျွန်မက ဒီနေ့ မှပဲ တစ်ကိုယ်လုံး ဖြူနေ တာကိုး ” 


အမျိုးသမီး က ခပ်ပေါ့ပေါ့ ပြန်ပြောသည် ။


“ ခင်ဗျား ကို ကြည့်ရတာ ယောက်ျား နဲ့စိတ်ဆိုး ပြီး ဆင်းလာတာ နဲ့တော့ မတူဘူး ” 


အမျိုးသမီး လမ်းလျှောက် ရပ်သွားသည် ။ ကျွန်တော် လည်း ရပ် လိုက်သည် ။ လက် မှ စီးကရက်တို ကို လွှင့် ပစ် လိုက်သည် ။


“ နောက်ထပ် ဆေးလိပ် သောက်ပါဦး ”  


“ ဘာဖြစ်လို့လဲ ”  


“ မီး ရှိတော့ အားရှိတာပေါ့ ”  


“ ခင်ဗျား လည်း သောက်မလား ”  


“ အင်း ..... တစ်လိပ် ပေးလေ ” 


အမျိုးသမီး ဆေးလိပ် ကောင်းကောင်း သောက် တတ်ကြောင်း ကျွန်တော် အကဲခတ် မိသည် ။


“ ဘယ့်နှယ်လဲ ကျွန်တော် ပြောတာ ”  


“ ဘာကိုလဲ ”  


“ ခင်ဗျား ဟာ ယောက်ျား နဲ့ စိတ်ဆိုး လာတယ် ဆို တာ လိမ် ပြောတာမဟုတ်လား ” 


“ ဘာဖြစ်လို့လဲ ” 


“ အသိသာကြီးပဲ ။ ခင်ဗျား ကို ကြည့်ရတာ တည်ပေ မဲ့ လင် နဲ့ စိတ်ဆိုးလာတဲ့ ပုံမျိုးတော့ မဟုတ်ဘူး ။ မျက်နှာ မှာ ဒေါသ လည်း မရှိဘူး ။ မျက်ရည် လည်း မရှိဘူး ။ နောက် ပြီး ခင်ဗျား ကို ကြည့်ရတာ အအို နဲ့ လည်း မတူဘူး ” 


“ အလိုလေး .. ရှင် စောစောက ပြောတော့ လူ ကောင်း ဆို ” 


အမျိုးသမီးက အနည်းငယ် ထေ့ညု ဟန် နှင့် ပြောသည်  ။


“ အကူအညီ ပေးတဲ့ နေရာ မှာ ပျိုတာ အိုတာတွေ မေး နေဖို့ လိုသလား ” 


“ မှန်တာ ကို သိဖို့ မလိုဘူးလား ”  


“ ကျွန်မ မှာ အကူအညီ ရှိ  နေတာတော့ အမှန်ပါပဲ ”  


“ ဒါဖြင့် စောစောက ပြောတာ မဟုတ်ဘူးပေါ့ ”  


“ အအို ဆိုတာတော့ ဟုတ်ပါတယ် ” 


“ နေပါဦး ၊ ဘာ သဘော နဲ့ ခင်ဗျား အအို ဆိုတာ ထပ် တလဲလဲ ပြော နေတာလဲ ။ ကျွန်တော့် ကို စိတ် မချလို့ လား ၊ ဒါမှ မဟုတ် ... ” 


ကျွန်တော့် စကား တစ်ပိုင်း တစ်စ ဖြစ် သွားသည် ။


ကျွန်တော်တို့ နှစ်ယောက် ပေါ် သို့ လက်နှိပ်ဓာတ်မီး ရောင် ကျ လာသောကြောင့် ဖြစ်သည် ။ သင်္ချိုင်း အတွင်း မှ ထိုး ခြင်း ဖြစ်သည် ။ ကျွန်တော် သည် ရုတ်တရက် ထွက်ပေါ် လာသော လက်နှိပ်ဓာတ်မီးရောင် ကို အံ့အား သင့်ကာ ငေးမော ကြည့် နေမိစဉ် တွင် သူမ ၏ အပြုအမူ ကြောင့် ပို၍ အံ့ဩ မိရ သည် ။


အမျိုးသမီး သည် သူမ ၏ လက်ပွေ့အိတ် ထဲ မှ မှန် ဝိုင်းငယ် တစ်ခု ထုတ်ပြီး လက်နှိပ်ဓာတ်မီးရောင် တွင် ရောင် ပြန် လက်စေသည် ။ အမျိုးသမီး သည် အချက် ပြသည့် အနေ ဖြင့် လက်နှိပ်ဓာတ်မီးရောင် တွင် မှန် ကို သုံးခါ မျှ လှုပ်ခါ ပြနေ သည် ။ ထို့နောက် လက်နှိပ်ဓာတ်မီးရောင် ပျောက် သွား သည်  ။


“ ဒါက ဘယ်လို သဘောလဲ အမိ ” 


ကျွန်တော် က ဒေါသသံ ဖြင့် ခပ်တုန်တုန် မေးလိုက် သည် ။ အမျိုးသမီး က ဆေးလိပ် ကို အားရပါးရ ရှိုက်ဖွာရင်း


“ အချိန်းအချက် လုပ်ကြတာလေ ၊ အခု သူတို့ ဒီ ကို လာ ကြလိမ့်မယ် ” 


“ သူတို့ က ဘယ်သူတွေ လဲ ”  


“ ကျွန်မ မိတ်ဆွေတွေ ပါ ”  


“ ဒီတော့ ကျုပ် က ဘာ လုပ်ရမှာလဲ ” 


“ ဘာမှ လုပ်စရာ မလိုတော့ပါဘူး ။ အစ်ကိုကြီး သွား မယ့် လမ်း ကို ဆက် သွားနိုင်ပါပြီ ။ အခုလို ကူညီတဲ့ အတွက် အစ်ကိုကြီး ကို အများကြီး ကျေးဇူးတင်ပါတယ် ” 


အမှန်တော့ ကျွန်တော် သည် အမျိုးသမီး က သွား နိုင်ပါပြီ ဆိုလျှင် သွားဖို့ပဲ ရှိသည် ။ ကျွန်တော့်အလုပ် ၊ ကျွန်တော့် ကိစ္စ ဘာမျှ မရှိတော့ ။ ကျွန်တော့် အဖို့ ဤ နေရာ မှ မြန်မြန် ထွက်ခွာခြင်းသည် အန္တရာယ် အကင်းဆုံး နှင့် အကောင်းဆုံး ဖြစ်နိုင်သည် ။ သို့သော် ကျွန်တော့် စိတ် ထဲတွင် မတင်မကျ ဖြစ် နေသည် ။ အမျိုးသမီး နှင့် ဤအတိုင်း မခွဲခွာ ချင် ရှိ နေသည် ။ ထို့ကြောင့် ...  


“ နေပါဦး ၊ ခင်ဗျားတို့ ဟာ က ဘာသဘော နဲ့ ဘာ တွေလဲ ။ ကျွန်တော် မသိရဘူးလား ” 


အမျိုးသမီး သည် တစ်ဘက် သို့ ကြည့် နေရာမှ ကျွန်တော့် ဘက် သို့ ဆတ်ခနဲ လှည့် လိုက်ပြီး ... ။


“ သိရလို့ အစ်ကိုကြီး အဖို့ ဘာမှ အကျိုးကျေးဇူး မရှိ နိုင်ပါဘူး ။ အစ်ကိုကြီး လမ်း ကို အစ်ကိုကြီး သွားပါ ” 


“ မသိရရင် မသွားဘူး ဆိုရင်တော့ ” 


ကျွန်တော် က အရဲ စွန့်၍ သွေးတိုး စမ်းလိုက်သည် ။ အမျိုးသမီး သည် ခေတ္တမျှ တိတ်ဆိတ် နေပြီးနောက် အသံ ထွက် ကာ ရယ်မော လိုက်သည် ။  


“ အစ်ကိုကြီး နဲ့ ဒီ အလုပ် နဲ့ မကိုက်ပါဘူး ။ အစ်ကိုကြီး က တကယ့် လူရိုး ပဲ ။ ကိုယ့် လက်ခုပ် ထဲ ရောက်လာတဲ့ ရေ ကို သူများ လက်ခုပ် ထဲ လောင်း ထည့်တာပဲ ။ ကျွန်မ ဘာ ဆိုတာ အစ်ကိုကြီး မသိဘူးလား ” 


ကျွန်တော် မဖြေ ။ 


“ ဒီလို နေရာ ကို အကြောင်းကိစ္စ မရှိဘဲနဲ့ ဘယ် မိန်းကလေး တစ်ယောက် တည်း လာ ရဲ မလဲ ။ စောစောက လူတွေ နဲ့ ကျွန်မ နဲ့ နဂို ကတည်းက ချိန်း ထားတာ ။ ကျွန်မ ရဲ့ ဆေးလိပ် ကို မြင်ရင် သူတို့ က လက်နှိပ်ဓာတ်မီး နဲ့ ထိုးမယ် ။ ကျွန်မ က မှန် ပြန်ပြမယ် ။ ဒါပေမဲ့ ကျွန်မ ဒီ နား မှာရောက်နေပြီး ဆေး လိပ် တစ်ဘူး သာ ကုန်ရော သူတို့ ရောက်မလာဘူး ။ အစ်ကိုကြီး ပဲ ရောက် လာတယ် ။ ဒါနဲ့ ကျွန်မ အစ်ကိုကြီး နဲ့ လိုက် လာတုန်း မှာ အခုလို .. ” 


“ ဟုတ်ပြီလေ ... ဒါဖြင့် ကျုပ် သွားမယ် ။ ခင်ဗျားတို့ အလုပ် ဖြစ်နေပြီပဲ ” 


ကျွန်တော် က သူမ ၏ စကား ကို ဖြတ်၍ ပြော လိုက် သည် ။


“ ဟုတ်ပြီလေ ... ဒီ ည တော့ ဒီလိုနဲ့ပဲ ခွဲကြဦးစို့  ၊ အ ဆင်သင့်ရင် နောက် ညတွေ မှာ တွေ့ကြသေးတာပေါ့ ။ ကျွန်မ နာမည် ကို မိုး လို့ မှတ် ထားပေါ့ ။ အစ်ကိုကြီး နာမည် ကို တော့ “ ကိုလူရိုး  ” လို့ ပဲ ခေါ်မယ်လေ ။ နော် ဟုတ် လား ” 


အမျိုးသမီးက ဤသို့ သရော်သလို လှောင်သလို ပြောသော အခါ ကျွန်တော့် မှာ မခံချင် ဖြစ်မိသည် ။ သို့သော် ဘာမျှ မပြောတော့ သူမ ပြောသလို ပင် နောက် ညတွေ မှာ တွေ့ကြသေး လျှင်တော့ အရင် ရှင်း ကြသေးတာပေါ့ ။  


ကျွန်တော် က တော့ ဤလမ်း ကို ညတိုင်း လာရမည် ဖြစ်သည် ။ ချစ်သူ နှင့် ညတိုင်း တွေ့ရမည် ဖြစ်သည် ။ ကျွန်တော့် မှာ ချစ်သူ ရှိသည့် အကြောင်း ၊ ကျွန်တော့် ချစ်သူ အ ကြောင်း ရွှေမိုး ကို ပြော ပြရဦးမည် ။ ခုတော့ လမ်းခွဲကြဦး စို့ ။


“ ဟုတ်ပြီ ၊ ကျုပ် သွားမယ် ။ နောက် ည တွေ မှာ တွေ့ ချင်လည်း တွေ့ကြဦးမှာပေါ့ ။ ကျုပ် က တော့ ညတိုင်း ဒီ အချိန် မှာ ဒီလမ်း ကို လျှောက်တဲ့ လူပဲ ” 


ကျွန်တော် က ဤသို့ ပြောပြီး ထွက်ခွာရန် ခြေလှမ်း ပြင်သည် ။ သူ့ မိတ်ဆွေ ဆိုသူများ လည်း သင်္ချိုင်း ထဲ မှ ထွက် လာ နေကြပြီ  ဖြစ်သည် ။ တစ်ယောက် ၊ နှစ်ယောက် ၊ သုံးယောက် ။ ကျွန်တော် က တဒင်္ဂ အတွင်း ရေတွက် ကြည့် လိုက်မိသည် ။


အမျိုးသမီး က ကျွန်တော့် လက်မောင်း ကို လှမ်း ဆွဲ လိုက်သဖြင့် လှမ်း ထားသော ခြေလှမ်း ကို ပြန် ရုတ် လိုက်ရ သည် ။ ကျွန်တော် က သူမ ၏ အပြုအမူ ကို မေးမြန်း စုံစမ်းမည် ပြုစဉ် သူမ ၏ ဟန့်တား ရခြင်း အကြောင်းရင်း ကို သိ လိုက်ရသည် ။


ဘုန်းကြီးကျောင်း အတွင်း မှ အသံဗလံများ ရုတ်တရက် ထွက်ပေါ်လာသည် ။ ဖိနပ်သံများ ၊ အော်ဟစ်သံများ ၊ လက်နှိပ်မီးရောင်များ ။  


“ ပုလိပ်တွေ ၊ ပုလိပ်တွေ ပြေး ပြေး ” 


အမျိုးသမီး ယင်းသို့ ပြောပြီး သင်္ချိုင်း ဘက် သို့ တစ်ဟုန်ထိုး ပြေးသွားသည် ။ သူမ ၏ မိတ်ဆွေ သုံးယောက် လည်း ပြေး ချေပြီ ။


ကျွန်တော် က နေရာ တွင် ရပ် နေသည် ။ ကျွန်တော့် တွင် ပြေးရန် အကြောင်း မရှိ ။ မကြာမီ ကျွန်တော့် အနီးသို့ ရဲများ ရောက်လာသည် ။ ရဲသား နှစ်ယောက် က ကျွန်တော် ကို တစ်ဘက် တစ်ချက် စီ မှ ချုပ် ထားကြသည် ။ ကျွန်တော် မပြေးပါ ။ ကျွန်တော် မရုန်းပါ ။


ရဲ အချို့ သည် အမျိုးသမီး နှင့် သူမ ၏ မိတ်ဆွေ သုံးယောက် နောက်သို့ ပြေး လိုက်ကြသည် ။ အတန် ကြာသော အခါ ရဲအဖွဲ့ဝင်များ အားလုံး ကျွန်တော် နှင့် ရဲသား နှစ်ဦး ရှိရာ သို့ ပြန် ရောက် လာကြသည် ။


ကျွန်တော့် ကို စစ်ဆေးသည် ။ ငါးမိနစ် အတွင်း မှာ ပင် ကျွန်တော် လူကောင်း တစ်ယောက် ဖြစ်ကြောင်း ယုံကြည် သွားကြသည် ။ အမျိုးသမီး အကြောင်း ဆက်၍ မေးကြ သည် ။ ကျွန်တော် သိသမျှ ၊ မြင်သမျှ အကုန်အစင် ပြောပြ သည် ။


“ ဒီ နား မှာ စံပယ်တင် မှဲ့ ပါတယ် မဟုတ်လား ”  


ရဲအရာရှိ က သူ ၏ ပါး တစ်ဖက် ကို လက်ညှိုး ဖြင့် ထောက်ပြ ရင်း မေးသည် ။


“ ဟုတ်တယ် ”  


“ သေချာပါတယ် မိရွှေနှင်း ပဲ ”  


“ ကျွန်တော့် ကို ပြောတော့ သူ့ နာမည် မိုး တဲ့ ” 


“ ဟုတ်လား ၊ မိုး ဆိုတာ လည်း ဟုတ်မှာပေါ့ ၊ သူတို့ မှာ နာမည်တွေ အများကြီးပဲ ” 


“ နေပါဦး ၊ သူ က တကယ်ပဲ မကောင်းတဲ့ မိန်းမ လား ” 


ကျွန်တော် က စိတ် ထဲ တွင် ယခုတိုင် မယုံနိုင်ဘဲ ရှိနေ သည့် အချက် ကို ထုတ်၍ မေးလိုက်သည်  ။ ရဲအရာရှိ သည် အံ့ဩသော လေသံ ဖြင့် ...


“ ဘာလဲ ၊ ခင်ဗျား က သူ့ ကို မကောင်းတဲ့ မိန်းမ လို့ ထင် နေတာလား ” 


“ အင်းလေ ... မဟုတ်ဘူးလား ” 


“ ဘယ်က ဟုတ်ရမှာလဲ ၊ မကောင်းတဲ့ မိန်းမ လောက် ဆိုရင် ဘာအရေးလဲ ” 


“ ဒါဖြင့် သူ က ဘာလဲ ”  


“ သူပုန်ဗျ ၊ သူပုန် ”  


“ ခင်ဗျာ ” 


ကျွန်တော် က ရဲအရာရှိ ၏ စကား ကြောင့် များစွာ မှ အံ့သြ ရပါသည် ။


“ ခင်ဗျာ မနေ နဲ့ ၊ နှင်း ဆိုတာ တကယ့် နာမည်ကြီး သူပုန်မ တစ်ယောက် ဗျ ။ ခင်ဗျား နောက် ကို သူ နဲ့ တွေ့ရင် ကျုပ်တို့ ဆီ ကို အကြောင်း ကြား ” 


( ၃ ) 


နောက် ည များတွင် ကျွန်တော် သွား ပါသည် ။ မိုး ကို လည်း မတွေ့ပါ ။ နှင်း ကို လည်း မတွေ့ပါ ။ ည သည် အမှောင်ဝိုးဝါး ချည်း သက်သက်သာ ရှိပါသည် ။  


ယခု ဆိုလျှင် သူမ နှင့် ကျွန်တော် အမှတ်မထင် တွေ့ ခဲ့ကြသည် မှာ ကာလ အပိုင်းအခြား အားဖြင့် ဆယ်နှစ် ပင် ကျော် ခဲ့ချေပြီတည်း ။


မိုး ဘယ်မှာလဲ ။ နှင်း ဘယ်မှာလဲ ။ 


◾နတ်နွယ် 


📖 မိုးဝေမဂ္ဂဇင်း

      ၁၉၇၀ ၊ မေလ 

      

#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment