Wednesday, November 22, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၇ )


 

ထို အပြုအမူများ မှာ သူမ ကြိုတင် ကြံစည်၍ ပြုလုပ်ခြင်း မဟုတ်ဘဲ ။ ပတ်ဝန်းကျင် မှ မရှိ ရှိတာလေး လုပ်လိုက်ခြင်း ဖြစ်သည် ။ ထိုသို့ ဖြစ်သလိုလေး လုပ်လိုက်ခြင်း အတွက် ဖြစ်သလိုလေး တစ်ဖက် လူ မှာ မည်မျှ ခံစားသွားမည် ကို ကျွန်တော် မသိပါ ။ သိလည်း မသိချင်ပါ ။ အဘယ့်ကြောင့် ဆိုသော် သူ ၏ အကြံအစည် ထဲ တွင် ကျွန်တော် မပါ၍ ဖြစ်ပါသည် ။

ဒါဆို သူ့ တစ်ယောက် တည်း လုပ်တာရော တစ်ဖက်သား အပေါ် ရိုင်းရာ မကျစေဘူးလား ။ ကျွန်တော် မသိပါ ။ ဆိုရသော် ...  ။

အခန်း တစ်ခန်း တွင် ဖြစ်သည် ။ ကောင်လေး ကောင်မလေးများ က
ဂဏန်းများ ကို ရေတွက် ၍ ဟက်ဟက်ပက်ပက် ရယ်မောနေကြသည် ။ တစ်ယောက် က ...

“ ၃၂ ...”

ဟု အော်လိုက်သည် နှင့် ကျန်သူများ ၏ ဟက်ဟက်ပက်ပက် ရယ်မောသံ များကြားရ၏ ။ နောက်တစ်ယောက်က ... ။

“ ၄၉ ... ”

ဟု အော်လိုက်သည် နှင့် ကျန်သူများ က တဟားဟား ရယ်ကြပြန်သည် ။ နောက် တစ်ယောက် က ...

“ ၇၂ ...”

အားလုံး ဝိုင်း ရယ်ကြပြန်သည် ။ ထိုအချိန်မှာပင် သူတို့ အခန်းနား က ဖြတ်သွား သော လူ တစ်ယောက် က ...

“ ခင်ဗျားတို့ ဂဏန်းတွေ အော်ပြီး ဘာလို့ ရယ်နေကြတာလဲ ”

ဟု မေးရာ ထို အထဲ မှ တစ်ယောက် က ရှင်းပြသည် ။

“ ဒီလိုဗျ ... ကျွန်တော့တို့ က ဟာသစာအုပ် တစ်အုပ် ကို ကျေညက် အောင် ဖတ်ထားကြတာဗျ ။ ဒါကြောင့် အဲဒီ စာအုပ် ထဲ က စာမျက်နှာ တစ်ခု ပြောတိုင်း အဲဒီ စာမျက်နှာ မှာ ပါတဲ့ ဟာသတွေ ကို ပြန်ပြန် သတိရပြီး ရယ်ဖြစ်ကြတာဗျ ”

ဟု ဆို၍ ...

“ ၆၈ ... ”

ဟု အော် လိုက်ရာ အားလုံး ဝိုင်း ရယ်ကြပြန်သည် ။ သည်တော့မှ ထို လူ လည်း သဘောပေါက် သွားပြီး ...

“ ဪ ... ဒီလိုလား ... ရတယ်လေ ”

ဆိုပြီး ...

“ ၃၁ ... ”

ဟု ဝမ်းသာအားရ အော် လိုက်ရာ အခန်း ထဲ ရှိရှိသမျှ လူ အားလုံး ဝုန်းခနဲ ခုန်ထွက် လာပြီး ထို သူ့ အား တဖြောင်းဖြောင်း နဲ့ ဝိုင်း ရိုက်ကြ လေသည် ။ ထို သူ က အူကြောင်ကြောင် ဖြင့် ...

“ ဟဟ ... ဘာဖြစ်လို့ ဝိုင်း ရိုက်ကြတာလဲဗျ ”

ဟု ဆိုရာ တစ်ယောက် က ...

“ ကျွန်တော်တို့ ဆီ မှာ အဲဒီလို ညစ်ညမ်းတဲ့ ဟာသမျိုး မပြောဘူး ”

ကဲ ... ဘာ တတ်နိုင်မှာတုံး ။ သူမ လည်း ထိုသို့ပင် ။ သူမ သည် စာ မျက်နှာ “ ၃၁ ” ဖြစ်သည် ။ ရယ်ရသလား ၊ ရိုင်းသလား ကျွန်တော် လည်း မသိပါ ။ သို့သော် ထို စာမျက်နှာ သည် ဖတ်ပျော်သော စာမျက်နှာ ပင် ဖြစ်သည် ။ ထို့ကြောင့် စာမျက်နှာ “ ၃၁ ” ကို လှန် လိုက်ပါ ။ သူမ ကို တွေ့ရ ပါလိမ့်မည် ။

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment