Monday, November 27, 2023

ဆွတ်ဆွတ်ဖြူ နှင်းပန်းပွင့်


 

❝ ဆွတ်ဆွတ်ဖြူ နှင်းပန်းပွင့် ❞

လေးဆယ်ဝပ် မီးလုံးလေး က ပိုးချည် မျှင် ပင့်ကူအိမ်တွေ ကြား မှာ နာလန်ထ လူမမာ လို ဖျော့တော့ နေသည် ။ ကျွန်း ကွပ်ပျစ်အိုကြီး ပေါ် မှာ တော့ အနား စုတ်ဖွာ နေသော သင်ဖြူးဖျာလေး တစ်ချပ် ခင်း ထား၏ ။ မျက်နှာကြက် မှာ နံရံ မှာ  ... ကြမ်းပြင် ပေါ် မှာ  ... နေရာ အနှံ့ ကျပ်ခိုးတွေ ၊ ပိုး ချည်မျှင်တွေ၊ ပင့်ကူအိမ်တွေ ၊ ဖုန်မှုန့်တွေ ဗရပွ နှင့် ဖြစ်သော်လည်း အဝင်ပေါက် နှင့် ကျွန်းကွပ်ပျစ်ကြီး ကြားမှာ လူးလာခေါက်တုံ့ သွားလာ ထားပုံ ရ သဖြင့် ရှင်းလင်း နေသည် ။ အလားတူ ကွပ်ပျစ်ကြီး ပေါ် က ဖျာစုတ်လေး ပေါ် မှာ လည်း အမြဲတစေ အိပ်စက် ထား ပုံ ရ သဖြင့် ပြန့်ပြူး သန့်ရှင်း နေသည် ။

သည် နေရာ မှာ က ကပ္ပိယကြီး နေ့လယ် နေ့ခင်း လဲလျောင်းရာ ဖြစ်မှာ ပေါ့ ။ သို့မဟုတ် ဆရာ တော်ကြီး မမြင် ကွယ်ရာ ကပ္ပိယကြီး ပုန်းခိုရာ ဖြစ်မှာ ပေါ့ ။ သို့တည်းမဟုတ် ကပ္ပိယကြီး သံသရာ လွတ်လမ်း အတွက် ကမ္မဋ္ဌာန်း ဘာ၀နာပွား တရားထိုင် သော နေရာ လည်း ဖြစ်ရမှာ ပေါ့ ။

သို့သော် ..

သည် နေရာလေး က ဖြင့် မိမိ ဘဝ မှာ အမှတ် ထင်ထင် နေရာလေး လည်း ဖြစ် ခဲ့ သလို သည် နေရာလေး မှာ မိမိ ၏ သိက္ခာ ဖြူစင်မှု ၊ စိတ်ထား မြင့်မြတ်မှု ၊ သစ္စာကတိ တို့ နှင့် ပတ်သက်၍ အောင်မြင် နေရာ အဖြစ် ဘဝ တစ်လျှောက်လုံး အမှတ်ထင်ထင် တိုင်တည် ဂုဏ်ယူဖွယ် နေရာလေး မို့ လည်း မေ့ မရနိုင်ပါချေ ။

တကယ်တော့ စစ်ကိုင်းတောင်ရိုး ရှင်ဖြူရှင်လှ စောင်းတန်း အတက် လမ်း တစ်ဝက် လောက် အရောက် လက်ဝဲ ဘက် ဆီ ခွဲထွက် သွားသော လူသွားလမ်းလေး အတိုင်း တရုတ်စကားပင် တန်းလေး အောက် မှ ကွေ့ကာ ဝိုက်ကာ တက် သွားတော့ ရင်တဖိုဖို မောဟိုက်စ ပြုချိန် မှာ တောင်ခါးပန်းယံလေး ရှိ ချောင်လေး တစ်ချောင် သို့ ရောက်ပါသည် ။ ထို ချောင်လေး ကို မန္တလေးမြို့ အနောက်ပြင် သစ်စက် သူဌေးကြီး မိသားစု က ပစ္စည်းလေးပါး ဒါယကာ ခံ ကာ ကုသိုလ် ပြု ထား ပါသည် ။ ထို ချောင်ကလေး ဆီ သို့ သူဌေးကြီး မိသားစု လာရောက် လျှင် တည်းခို နိုင် အောင် ချောင်လေး အောက်နား လျှို ထဲ မှာ ဇရပ် တစ်ဆောင် ဆောက်လုပ် ထား၏ ။ သာသနိက ပစ္စည်း အဖြစ် သံဃာ အား လှူဒါန်းထား သော အဆောက်အအုံ မဟုတ် ။ လူသား မိသားစု အနေ နှင့် သာသနာ့မြေ ၊ သာသနာ့ အဆောက်အဦ မှာ ထိပါးဖွယ် အပြစ် ၊ အကုသိုလ် တို့ နှင့် လွတ်ကင်း အောင် ကိုယ်ပိုင် သီးခြား တည်ဆောက် ထားသော အဆောက်အအုံလေး ပဲ ဆိုပါစို့ ။

လွယ်လွယ် ခေါ် ရရင် စစ်ကိုင်း တောင်ရိုး ပေါ် က ဘန်ဂလိုလေး တစ်လုံး ပဲ ပေါ့ ။ ရှင်ဖြူရှင်လှ စောင်းတန်း ဆီ က ဖယ်ခွာ တက် လာသော တောလမ်းလေး က ဘန်ဂလို ဇရပ်လေးအနား မှာ ဖြတ် ပြီး ချောင်လေး ဆီ တက်သော အုတ်လှေကားကြီး ဆီ ဦးတိုက်သည် ။ ဘန်ဂ လိုဇရပ်လေး တည်ရာ နေရာလေး က တရုတ်စကားပင် တွေ ကြား မှာ ဖြစ်သည် ။ လျှိုလေး ကို ပြုပြင်ထား သော မြေ မို့ ပြန့်ပြူး သည် ။ အုတ်လှေကားကြီး က တော့ ရေညှိတွေ တက် နေကာ အသွားအလာ နည်း လှ၏ ။ လက်ရန်း မှာ က ခြူးရုပ်ကြီး နှစ်ကောင် နှင့် ဘန်ဂလိုဇရပ်လေး ကို ဆီး မိုး ထားသည် ။

ပျဉ်ထောင် ကာ သွပ် မိုးပြီး လျှိုကလေး ကို မေးတင် ဆောက် ထားသော ဘန်ဂလို ဇရပ်လေး မှာ တောင် တက် လမ်းလေး က ကြည့် လျှင် နှစ်ထပ်ဆောင်လေး ဖြစ် နေပြီး အုတ်လှေကား ကြီး က ဆင်း ပြီး တောင်ကမ်းပါးယံ ဘေး က လမ်းလေး အတိုင်း ဝင် လျှင် အပေါ်ထပ် သို့ တိုက်ရိုက် ဝင်ရောက် နိုင် ၍ တစ်ထပ်ဆောင်လေး နှင့် တူသည် ။ သည် ပေါ် က နေ လျှိုကြား မှ တစ်ဆင့် မန္တလေး ဘက် ဆီ လှမ်း ကြည့် နိုင်၏ ။

ကျောင်းဒကာ သစ်စက်သူဌေး မိသားစု က သူတို့ ဖခင် ရှိစဉ် က တော့ တစ်နှစ် တစ်ခါ နယုန် လပြည့် ဘုန်းကြီး မွေးနေ့ ဆိုလျှင် အမြဲ လာ တတ် သတဲ့ ။ နောက် သူဌေးကြီး ဆုံးပါးပြီး နောက် သည် ချောင်လေး နှင့် အဆက်အသွယ် ပြတ် နေတာ ကြာပြီ တဲ့ ၊ အလွန် ပူအိုက်သော မန္တလေးနွေ ကို ရှောင် ရင်း တောရိပ် တောင်ရိပ် လာ ခို သော တပေါင်း ၊ တန်းခူး လ မှ ရက် အချို့ နှင့် နယုန် လဆန်း ၁၃ ၊ ၁၄ ၊ ၁၅ ရက် များ လောက် သာ သည် ဘန်ဂလို ဇရပ်လေး မှာ လူ ရှိပြီး ကျန် အချိန် တံခါး အမြဲ ပိတ်ထားရသတဲ့ ဆိုသော သတင်း စကားတွေ ကို လည်း ချောင်ကလေး ကို ပထမဆုံး ရောက် ကတည်း က စပ်စပ်စုစု နိုင်လှသော မိမိ အကျင့် ကြောင့် ကပ္ပိယအိုကြီး ဆီ က သိခဲ့ ရသည် ။

သည် ကတည်း က ဘန်ဂလိုဇရပ်လေး ကို စိတ်ဝင်စား နေမိသည် ။ ပတ်ဝန်းကျင် တစ်ခွင်လုံး မှိုင်းညို့ တောတောင်ရိပ် ပိတ်ဖုံး ။ တောပန်းရနံ့လေး က သင်းပျံ့ ၊ စိတ်ညစ်ညူးဖွယ် လူ သံသူသံ ကင်းဝေး ။ တော ကျေးငှက်ရိုင်းလေး တွေ အသံ က တွတ်ထိုး ။

ထိုအခါ သည် နေရာလေး ကို မိမိ ဘာသာ မိမိ နာမည်လေး ပေး မိသည် ။

“ မဲဇာ ” တဲ့ လေ ။

ကျွန်တော့် မဲဇာ သည် လက်သုန္ဒရ ၏ မဲဇာ မဟုတ် ။ ဆရာဒဂုန်တာရာ ၏ မဲဇာ မဟုတ် ။ ကျောက်သမား ကိုတင်မောင်မြင့် တို့ မဲဇာ မဟုတ် ။ မြစ်ကြီးနား ဥတ္တရလမင်း ဦးသန်းဆွေ တို့ မဲဇာ မဟုတ် ။ ကျွန်တော့် ရင် ထဲ က “ မဲဇာ ” ရယ် လေ ။

ဤသို့ဖြင့် ကျွန်တော့် “ မဲဇာ ” သည် စစ်ကိုင်းတောင်ရိုး မှာ ၁၉၈၀ လောက် ကတည်း က ဖူး ပွင့်ခဲ့သည် ဆိုပါစို့ ။

•••••   •••••   •••••

( က )

နှင်းတွေ ဝေ စ ပြုနေသည့် ဆောင်းဦးပေါက် မန္တလေး ညချမ်းများ သည် ချစ်စရာ ကောင်းလှ ပါ၏ ။ ဝေရီ နေသော ညချမ်းများ တွင် ပွဲဈေးတန်း မီးခိုးတွေ လည်း အူ နေ တတ်ပါသည် ။ ပစ်တိုင်းထောင် တံဆိပ် ပထမ မူလ တို့ဗမာ အကြော်ဆိုင်ကြီး ၏ မီးဖို က လည်း မီးခိုးတွေ အူ နေသည် ။ မိဘမေတ္တာ ကွမ်းယာဆိုင်လေး ၏ မီးရှို့ ထား သော အုန်းဆံကြိုးခွေ က လည်း မီးစာ တွေ သီး ကာ မီးခိုးတွေ အူ နေသည် ။ ဒစ္စကို နယ်လှည့် ကဖီး ၏ မိုးကာတဲကြီး ဆီ က လည်း ရေနွေးငွေ့ မီးခိုးငွေ့ တွေ အူ နေ သည် ။ ရွှေနှင်းဆီ ၊ ခေတ်စံနမူ ၊ တို့ မမ ၊ ကိုအီစမန် ၊ တိုးတက်မောင် စသော ခဲလန်ချောင်း သည် ဆိုင်တန်းများ ရှေ့ ရေနံဆီ မီးခွက်များ ဆီ က လည်း မီးစာတွေ သီကာ မီးခိုး တွေ အူ နေပါသည် ။ ချွေတာရေး မုန့်သည် ၊ မုန့်လင်မယားသည် ၊ အမဲအူပြုတ်သည် ပုဆိုးကြမ်း ဟင်းသည် ၊ မုန့်သိုင်းခြုံသည် များ ဆီ က လည်း မီးခိုး အူ ပါသည် ။ ပွဲဈေးတန်း အဆုံး မှာ တော့ မီးလုံး တွေ လင်းလက် နေပြီး ကတ္တီပါကား နီနီ ကြီး အိကျ နေကာ ဘေ့စ်ဂီတာ ကို တဒီဒီ အသံ စမ်း ၊ ပတ်ပိုင်း မှ လက်ဖျား ပတ်လုံး လေးများ အသံ စမ်း၊ နှဲ လျှာခင် ကိုက် ကာ တဂစ်ဂစ် အသံ စမ်း နေသော အငြိမ့်စင် တစ်စင် လည်း ရှိ ပါသည် ။

ပွဲဈေးတန်း အလယ် ညှပ်မကြီး မှာ မီးလုံး ၊ မီးချောင်း ၊ ဆလိုက် မီးမောင်း တွေ ကြောင့် နတ်ဘုံ နတ်နန်း လို ဝင်းပ လင်းလက် နေ၏ ။ ညှပ်မကြီး ကို ဆင်ယင် ထားသည့် နောက်ခံ ပန်းချီ က သည်း တိမ်တောင်တိမ်လိပ် တွေ ပဲ မဟုတ်ပါလား ။ မြတ်စွာဘုရား သခင် သည် ရောင်ခြည်တော် ကွန့်မြူး ကာ တာဝတိံသာ မှ စောင်းတန်း လေးသွယ် ဖြင့် ဆင်း လာသည် ။ နောက်တော်ပါး မှ သိကြား ၊ ဗြဟ္မာ တွေ က မီးတိုင်များ ဖြင့် ရှိခိုး ပူဇော်လာကြသည် ။ တိမ်ကြားမှ နတ်ဗြဟ္မာ ပရိသတ်ကလည်း မီးပွင့် မီး ဆိုင်းများ ဖြင့် ပူဇော်ကြသည် ။ လူ့ပြည် မှ လူ ပရိသတ်၊ မင်းပ ရိသတ် က လည်း ဆီမီးများ ဖြင့် ထွန်းညှိ ပူဇော် ကြသည် ။ ထို့ကြောင့် ညှပ်မကြီး မှာ မီးပွင့် မီးဆိုင်း မီးခိုင် များ ဖြင့် မြိုင် နေသည် ။ ထို့ပြင် ညှပ်မကြီး မှာ သင်္ကန်း တွေ ၊ သပိတ် တွေ ၊ ထီး ၊ ဖိနပ်တွေ နှင့် လှူဖွယ် ပစ္စည်းတွေ ခင်းကျင်း ထားသည် ။

ဤသို့သော ပွဲခင်းများ ဆီ သို့ ကျွန်တော် သည် တစ်ကိုယ်တည်း သွား ရမှု မရှိ သလောက် နည်းပါး၏ ။ မမ နှင့် သာ သွားရပါသည် ။ မမ သည် ကျွန်တော့် အိမ် နှင့် မလှမ်းမကမ်း မှာ ရှိသော ပွဲရုံ တစ်ရုံ မှ ဖြစ်ပါသည် ။ မမ အဖေ က ပွဲရုံ ဦးစီး လုပ်ကိုင် သော်လည်း မမ က ထိုးမုန့် ရောင်းပါသည် ။ မမ တို့ အိမ် နား မှာ မြေလတ် ဘက် သို့ သွားသော ကားဂိတ်တွေ ရှိနေသော ကြောင့် မမ က သူ့ အိမ် ရှေ့ မှာ ပဲ ဆိုင်ခန်းလေး ဖွင့် ကာ ထိုးမုန့် ရောင်း ပါသည် ။ ကျွန်တော် ရှစ်တန်း တုန်း က မမ က ပဲ စာ သင် ပေးပါ သည် ။ မမ မိသားစု က ကျွန်တော့် ကို ချစ်ပါသည် ။ ကျွန်တော့် အိမ် က လည်း ကျွန်တော့် ကို မမ လက် အပ်ထား ပါသည် ။ ကျွန်တော် ရှစ်တန်း မှာ မမ က စာပေးစာယူ ပထမနှစ် တက် နေ ပါပြီ ။ မမ ကလည်း ညဈေးတန်း သွား ပြီး ဈေး ဝယ် လျှင် ၊ ရုံတော်ကြီး ကြယ်နီ စတိုး မှာ ဆံညှပ်လေးတွေ ဝယ် လျှင် ၊ ဝင်းလိုက်ရုံ မှာ သောကြာနေ့ အင်္ဂလိပ် ဇာတ်ကား အသစ် ဝင်လျှင်၊ မမ မွေးနေ့ ကြာသပတေးနေ့ တိုင်း ဘုရားကြီး ဖူး လျှင် စသည် ဖြင့် ကျွန်တော့် ကို အမြဲ ခေါ်တတ်ပါ၏ ။ သူ ၏ မိန်းမစီး စက်ဘီး မှာ မမ က နင်း ပြီး ကျွန်တော် က နောက် မှာ ထိုင်လျက် အမြဲ ပါတတ် ပါသည် ။ ကျွန်တော် ကိုးတန်းနှစ် ရောက် တော့ မမ က စက်ဘီး မနင်း တော့ ၊ ကျွန်တော် ပဲ နင်း ပြီး မမ က ထိုင် လိုက် တတ်ပါ၏ ။

အခြား နေရာများ ကို မမ ခေါ် ၍ ကျွန်တော် လိုက်ရသည် ချည်း ဖြစ် သော်လည်း ကျွန်တော် ခေါ်သော နေရာ ကို မမ လိုက်ရသည် မှာ တစ်နေရာ တည်း ဖြစ်ပါ၏ ။ ထို နေရာ သည် ပွဲဈေး တန်းများ ပဲ ဖြစ်ပါသည် ။ ပွဲဈေးတန်း များ ရောက် လျှင် လည်း မမ က ပွဲလမ်း လျှောက် ကာ ခဲလန်ချောင်း နှင့် အကြော်ဝ ယ်ပြီး ပြန်ချင်ပါသည် ။ ကျွန်တော် က ညှပ်မကြီးရှေ့ က တီးဝိုင်း လေး မှာ တမေ့တမော နားထောင်ချင် ပါသည် ။ တီးဝိုင်းလေး ရှေ့ ရောက်လျှင် ကျွန်တော် က တစ်ဖဝါး မှ မခွာချင် တော့ ။ မမ က သီချင်း တစ်ပုဒ် ၊ နှစ်ပုဒ် ၊ သုံးပုဒ် အထိ တော့ သည်းခံပါသည် ။ အင်း ... လေးပုဒ် လောက် ရောက် ရင် “ သိပ် အေး လာပြီ ၊ ပြန်ကြစို့ ” ဟု ပြောသည် ။ ကျွန်တော် က မကြားချင် ယောင် ဆောင် နေ တတ်သည် ။ နောက်ထပ် သီချင်း တစ်ပုဒ် လောက် ပေ နေ သေး၏ ။ ထိုအခါ မမ က ငေါက်ငမ်း ပြီး ပြန် ခေါ်ပါသည် ။ ကျွန်တော် က တစ်လမ်း လုံး စိတ်ဆိုး နေ တတ်သည် ။ ဒါပါပဲ ။

ထိုသို့သော ပွဲဈေးတန်းများ သွား လျှင် ဖြင့် မမ က သူ ၏ ဖက်ဖူးနုစိမ်း ယုန်မွေး ဆွယ်တာလေး ကို ယူကာ ကျွန်တော့် ကို ကိုင် ခိုင်း ပါသည် ။ ပွဲဈေး မှာ လူ စည် လျှင် မမ က ကျွန်တော့် လက်မောင်း ကို ကိုင် ထားပြီး “ ဖြည်းဖြည်း ၊ လူရှင်း မှ သွား ” ဟု ပြောလေ့ ရှိ၏ ။ ပွဲဈေး မှာ မမ က ယုန်မွေး ဆွယ်တာ လေး ဝတ်ပါသည် ။

ပွဲဈေး တီးဝိုင်းလေး မှာ မမ နှင့် ကျွန်တော် စိတ် မကောက်ကြဘဲ ရှောရှောရှူရှူ ပြန်ဖြစ်သည့် အခါများ ရှိပါ၏ ။ ထိုအခါများ သည် တီးဝိုင်း ကလေး မှ “ လက်သုန္ဒရ ” သီချင်း ကို သီဆိုချိန် နှင့် တိုက်ဆိုင်သော အခါ ဖြစ် ပါသည် ။ သည် သီချင်း နားထောင်ပြီး လျှင် ကျွန်တော် ၏ ပွဲဈေးတန်း သွားလို ခြင်း အာသီသ ပြည့်ပြီပဲ ။

“ မည်းမှောင်၍ တောင်ငွေ့ဝေဝေ ၊
နေရောင်မထိုး ၊ ညှိုးငယ်စိတ်ဝယ်
မောအောင် တောတောင်ရေမြေ ၊
မည်းမှောင်၍ တောင်ငွေ့ဝေဝေ ၊
လွမ်းဖွယ် ဆွေးဖွယ်သည်းညှာ မဲဇာ
မြိုင်ခြေ ၊
ပင်မြင့်တွေ ၊ ပင်စောက်တွေ အပင် အောက်ခြေ ၊
ဝင်ရောက်သူ ရဲ့ အသည်းကို ဖိုမလေ ၊
အထက်ဆို ဘဝဂ် ကို တက်မလို ညိုဆိုင်း ၊
မို့မို့မိုမို၊ ညို့ညို့ညိုညို ရှုမျှော်တိုင်း အုံ့မှိုင်း သီခေါင်ဗွေ .... ”

ကျွန်တော် က သီချင်းလေး ကို လိုက် ဆို တတ်သည် ။ တချို့ အဆိုတော် က ဤ အပိုဒ် မှာ “ မို့မို့ မှိုင်းမှိုင်း၊ ညို့ညို့ဆိုင်းဆိုင်း ” ဟု ဆို လျှင် ကျွန်တော့် မှာ တဖျစ်တောက်တောက် ဖြစ် နေ တတ်၏ ။

“ စာသားတွေ မှား နေတာ မမ ရ ၊ မို့မို့မိုမို၊ ညို့ညို့ညိုညို ဖြစ်ရမှာ ၊ အခုတော့ .. ”

ဟု ပွဲပြန် တစ်လမ်းလုံး ပြော မဆုံးတော့ ။ ထိုအခါ မမ က -

“ ကွာ ၊ သူတို့ မှတ်ထားတာ တစ်မျိုး ဖြစ်နေလို့ နေမှာ ပေါ့ ”

ဟု ပြောသည် ။ ကျွန်တော် က မမ ကို လည်း မကျေနပ် ။

“ မမ က လည်း သူတို့ ဘက် ပါ ပြန်ပြီ ။ မှားတယ် ၊ မှားတယ် ဗျ ။ စာသား အမှန် က မို့မို့မိုမို ၊ ညို့ညို့ညိုညို ” ဟု ပြန် အော်တတ်၏ ။

•••••   •••••   •••••

( ခ )

နောက်တော့ မမ က နေရှင်နယ် ကက်ဆက်လေး တစ်လုံး ဝယ်သည် ။ နာမည်ကျော် အဆို တော် အမျိုးသမီး တစ်ဦး ၏ “ လက်ဝဲသုန္ဒရ ” သီချင်း ကို သွင်းပေး၏ ။ ပထမ မန်းရာပြည့် ၊ နောက် လက်သုန္ဒရ ၊ နောက် ရွှေမင်းဂံ ၊ နောက် ယောက်မ ။ ထို အခွေလေး ၏ အေဆိုဒ် ကို ကျွန်တော် သည် အပြန်ပြန် အလှန်လှန် ဖွင့်ဖြစ် နေ၏ ။ မမ ဝယ်ပေးသော တိပ်ခွေ မှ “ လက်ဝဲသုန္ဒရ ” မှာ -

“ ... အကလေးတွေ အရေးစိုက်ကာ ရင်ဝယ်ပိုက်လို့ အကြိုက် စရိုက် အလိုလိုက်ခဲ့တဲ့ ... မောင် တို့ ဖေ ... ရှေး ၀ဋ်ကြွေး မကင်းပြန် ရာဇဒဏ် မြေ .. ” ဟူသော အပိုဒ် ပါ ရှိသည် ။

ထိုစဉ်က မြို့မ အဖွဲ့နှင့် ဦးဖူးအံ့ သီဆို တော့ ထို အပိုဒ် မပါရှိ ။ အမေ လူထုဒေါ်အမာ ၏ “ ပြည်သူချစ်သော အနုပညာ သည် များ ” စာအုပ် မှာ လည်း ထို အပိုဒ် မပါရှိ ။ ပြည်သူချစ်သော အနုပညာသည် များ စာအုပ် ပါ လက်သုန္ဒရ သီချင်း မှာ မူရင်း ခေါင်းစဉ် “ မင်း လက်၀ဲသုန္ဒရ ” ဟူ၍ ဖြစ်ပြီး ဆရာငြိမ်း ၏ လက်ရေးမူ နှင့် တိုက်ဆိုင် ဖော်ပြ ထား လေသည် ။

မြို့မ နှင့် ဦးဖူးအံ့ သီဆိုသည် ကို ကြား ရ စဉ် က ကြက်သီး ထ စွာ ခံစား ရပြီး ၊ အခု တိပ်ခွေ မှာ တော့ တမြည့်မြည့် ခံစား ရသည် ။ နောက်တော့ စင်ရော် တေးသံသွင်း က “ တစ်ချစ် တည်း ချစ် ” တိပ်ခွေ ထွက် လာသည် ။ သည် အထဲ မှာ လည်း ဘီဆိုဒ် မှာ “ မင်းလက်ဝဲသုန္ဒရ  ”  ပါလာသည် ။

ယခု “ တစ်ချစ် တည်း ချစ် ” မှ မင်းလက်သုန္ဒရ ကို ပိုကြိုက်၏ ။ ကျွန်တော် သည် မမ အိမ် ရောက်၍ ကက်ဆက်လေး ဖွင့် တိုင်း “ တစ်ချစ် တည်း ချစ် ” ဘီဆိုဒ် ကို ပဲ ဖွင့် နေ တော့သည် ။ နား ထောင်ဖန် များ၊ လိုက်ဆိုရဖန် များ တော့ “ မင်းလက်သုန္ဒရ ” ကို အလွတ် ရနေသည် ။

သီချင်းလေး ကို အလွတ် ရ ကာ စိတ်လို လက် ရ ရှိတိုင်း လိုက်ဆို ဖြစ် နေသော အချိန် သည် ကျွန်တော် တက္ကသိုလ် ပထမနှစ် သို့ ရောက် နေချိန်ပေါ့ ။

ထို နှစ် မှာ ပဲ မမ က ကျွန်တော့် ကို စစ်ကိုင်းတောင်ရိုး ကထိန် သို့ အဖော် ခေါ်ခြင်း ဖြစ်သည် ။

ကိုင်းတန်းဈေး က မမ မိတ်ဆွေ ၏ ကထိန် သည် တန်ဆောင်မုန်းလဆန်း ၁၃ ရက် နေ့ မှာ ခင်းကျင်း ပြီး လဆန်း ၁၄ ရက် နေ့ မှာ စစ်ကိုင်းတောင်ရိုး သို့ သွားရောက် လှူဒါန်းပါသည် ။

မမ က သူ့ မိတ်ဆွေ မိသားစု ကထိန် နှင့် စစ်ကိုင်း လိုက်မည် ။ သူ့ မိတ်ဆွေ က ကိုင်းတန်းဈေး မှာ ကုန်စိမ်းပွဲရုံတွေ ၊ ခရမ်းချဉ်သီးဒိုင်တွေ ဆိုတော့ အဖော် တွေ က ခေါ်တော့ မမလိုက်ချင်သည် ။ မမ လိုက်မည် ဆိုတော့ မမ အိမ် က ကျွန်တော့် ကို မမ အဖော် ရ အောင် ခေါ်သွား ရမည် ဟု မမ ကို ပြော သည် ။ မမ က လည်း ကျွန်တော် ပါ မှ လိုက်ရမှာ ဆို တော့ “ ခေါ်ချင်ရက် လက်တို့ ”  ဖြစ် သွားသည် ။ ကျွန်တော် က လည်း ဘာလို့ မှန်း မသိ ပျော်နေသည် ။ ဤသို့ဖြင့် စစ်ကိုင်းတောင်ရိုး ရှင်ဖြူရှင်လှ စောင်းတန်းလေး ၏  လမ်း တစ်ဝက် လောက် မှာ လက်ဝဲဘက် သို့ ဖယ်ခွာ သွားသော တောလမ်း အတိုင်း တက် သွား မှ ရောက်သည့် ဤ ချောင်ကလေး သို့ ရောက်ခဲ့ကြရခြင်း ဖြစ်ပါသည် ။

“ ကျွန်တော် က တော့ အဲဒီ နေရာလေး ကို “ မဲဇာ ” လို့ နာမည် ပေးပြီးပြီ ဗျ ”

“ မင်း က တော့ လုပ်ပြီ ၊ မဲဇာ ကကို မထွက်ဘူး ”

“ ချောင်လေး က အရမ်း သာယာတာပဲနော် ၊ ကျွန်တော် က ဟို အထက် က ဈေးချိုချောင် တော့ ရောက်ဖူးတယ် ။ ဒီ ချောင် ကို သတိ မထားမိဘူး ”

“ ဟုတ်တယ် ကွ ၊ လျှို ထဲ မှာ ဆိုတော့ မမြင်သာဘူး ၊ မင်း က လျှောက် ကြည့်ပြီး ပြီလား ”

“ ဟုတ်တယ် ၊ မမတို့ ပန်းကန်တွေ ဆေး နေတော့ ကျွန်တော် လည်း လျှောက် ကြည့် နေတာ ။ ဒီ နေရာလေး ကို သဘောကျ ပြီး ဘယ်သူ့ ကျောင်း လဲ ဗျ လို့ မေးတော့ ကပ္ပိယကြီး က ရှင်းပြတာ ၊ အဲ ဒါ မမ ကို ပြောပြတာ ”

“ ကဲ .. ကဲ လာ ၊ ဟိုမှာ ထမင်း စားဖို့ စောင့်နေကြပြီ၊ မင်း ကို လိုက်ရှာ နေ တာ ၊ ဒီနေ့ ည က တော့ ကြက်သား သားပြွမ်းဟင်း ၊ သရက်ချဉ် နဲ့ ငရုတ်သီး ကြော် ပဲ နော် ။ လူ ကြား ထဲ ဟင်းချေးမ များ နဲ့ ၊ ရှိတာ နဲ့ စား၊ သိလား ”

မမ က ဟင်းချေး မများ ဖို့ ကျွန်တော့် ကို ပြော ပေမဲ့ ကျွန်တော် ထို နေ့ ည က ထမင်း အတော် မြိန် ပါသည် ။ သူငယ်ချင်းတွေ ကြား မှာ ထမင်းတွေ ခေါင်း မဖော် တမ်း စား ခဲ့တာ ဘယ် နှပန်းကန် မှန်း မသိ ။ ထမင်း စား ပြီး တော့ မမ က ဟင်းခွက်တွေ သိမ်းဆည်း
ကျန်ရစ်သည် ။ ကျွန်တော် က တောင်ကမ်းပါးယံလေး မှ ဘန်ဂလို ဇရပ်လေး ဆီ သွားပြီး စေ့ ထားသော တံခါးတွေ ၊ ပြတင်းပေါက်တွေ ကို ဖွင့် ကာ အတွင်း မှ ကျွန်းကွပ်ပျစ်ကြီး နှင့် သင်ဖြူးဖျာလေး မှာ ထိုင် ရင်း မန္တလေး ဘက် ဆီ လှမ်း ကြည့် နေ မိသည် ။

ခဏ နေတော့ ဟင်းအမည် တချို့လို၍ တောင်ခြေ သရက်တစ်ပင်ဆိပ် ဆင်း ၍ ဈေးဝယ် သွားဖို့ လူခေါ် ၊ လူစု နေ သံ ကြားရသည် ။ မမ လည်း ပါ သွားမှာ ပေါ့ ။ ကျွန်တော် က တော့ သည် နေရာလေး မှာ ထိုင်ပြီး တောင်စဉ် ရေ မရ တွေးတော ကာ သီချင်းလေးတွေ ဟို တစ်စ သည် တစ်စ ညည်း နေမိသည် ။

  •••••   •••••   •••••

( ဂ )

ဆည်းဆာ က လုံးလုံး ငုပ်လျှိုး သွားပြီး အမှောင်ထု မှာ မီးပွင့်လေးတွေ ပိုမို လင်းလက်လာ သည် ။ ဟို ... အဝေး မန္တလေးတောင် ပေါ် မှ မာကျူရီမီးလုံး အလင်းရောင် က မှိန်ပျပျ မျက်စပစ် ပြ နေသည် ။ မြို့ကြီး ၏ မီးလျှံ က အမှောင် မှာ ကောင်းကင် သို့ ပြေးတက် နေသည် ။ တောင်ခြေ မြစ်ပြင် မှာ လည်း မှိန်ဖျော့ မီးလေးတွေ မြင်နေရ၏ ။

ကိုင်းတဲလေး တွေ ဆီ က လား ၊ လှေကလေးတွေ ဆီ က လား ။ ပိုးစုန်းကြူး မီးလေးတွေ တ လက်လက် ။

မော်တော်အင်ဂျင် စက်သံ ခပ်သဲ့သဲ့ လည်း ကြား ရသည် ။ အခြား ချောင်များ ဆီ မှ အသံချဲ့ စက် ဖွင့်သံ လည်း ပျံ့လွင့် လာ၏ ။ တောင်တွေ ကို ပဲ့တင်ထပ် လာပြီး မှ ကြားရသည့် အသံမျိုး ဖြစ်သည် ။

တောင်တက်လမ်းလေး ချုံကြား မှ ပိုး ပုရစ် အော်သံလေးတွေ ဆူညံ နေသည် ။

သီချင်းလေး တစ်ပုဒ် ညည်း နေဆဲ ခြေသံ ရှပ်ရှပ် ကြား၍ လှည့် ကြည့်လိုက် တော့ မမ ဖြစ်နေ လို့ အံ့အားသင့် မိသည် ။

“ ဟင် ... မမ က သရက်တစ်ပင်ဆိပ် လိုက် မသွားဘူးလား ”

“ မနက် ဖို့ ဆန်နွင်းမကင်း နဲ့ ကျောက်ကျော လုပ်နေတာ မပြီးသေး လို့ မလိုက်တော့ဘူး ”

“ အခု ရော ”

“ အခု ပြီးပြီလေ ၊ ဒီည အတွက် ကိစ္စဝိစ္စ အားလုံး ပြီးပြီ ။ အဲဒါ ခင်နွယ် တို့ အုပ်စု က ပိုကာ ဒေါင်းကြ မလို့ တဲ့ ၊ ပြင်ဆင် နေကြပြီ ။ မမ က ဝါသနာ မပါ တော့ ထွက် လာတာ ။ ဒီနား ရောက် မှ မင်း ကို မြင် လို့ ”

“ ဒီနား လာ ကြည့် ၊ မန္တလေး က သိပ် လှတာ၊ ဟို ... မြောက်ဘက်စွန်း မီး က မန္တလေး တောင် ၊ ဟို .. အရှေ့ မီးမှိန်မှိန် အတန်းလေး က ရန်ကင်းတောင် ၊ ဒီဘက် ရွှေရောင် ဝင်းနေတာ က မဟာမုနိဘုရားကြီး လေ ”

မမ က ကျွန်တော့် ဘေး မှာ တိုးကပ် ထိုင် ပြီး ဒီနား က မီး အမြင့်ကြီး က ဘာ လဲ ဟင် ဟု မေးတော့ ကျွန်တော် က အဲဒါ ပုထိုးတော်ကြီး ပေါ့ ဟု ဖြေ၏ ။ ခဏနေတော့ တောင် အောက် စောင်းတန်း ဆီ မှ လူ သံတွေ ကြား လာရသည် ။ မော်တော်ဆိပ် မှ တက်လာသည့် သူတွေ နေမှာ ပေါ့ ။ မမ က  စစ်ကိုင်းတောင် ကို မရောက်တာ ကြာပြီ ဖြစ်ကြောင်း ၊ အဖေ ၊ အမေ တို့ နှင့် ရှင်ဖြူရှင်လှဆိပ် က ရွှေကျောင်းချောင် မှာ အလှူ တစ်ခု အတွက် ညအိပ် လာဖူးကြောင်း ၊
အခုလို စာပေးစာယူ အနီးကပ် သင်တန်း ဖွင့် တော့ နယ် က ကျောင်းသူ ၊ ကျောင်းသား တွေ နှင့် တောင် ပေါ် အလည်အပတ် ပို့ ဖူး ကြောင်း ပြောပြသည် ။ ကျွန်တော် က စစ်ကိုင်းချောင် ပေါ် မကြာခဏ ညအိပ် ရောက်ဖူးကြောင်း ၊ အခုလို တန်ဆောင်မုန်းလ ရောက် လာ ရင် “ စစ် ကိုင်းတောင် ခရေစီ ” အမြဲ ဖြစ်ကြောင်း ၊ ဒီအချိန် ရောက် လာပြီ ဆိုမှ ဖြင့် ရေဒီယို က လည်း ကိုအံ့ကြီး ၏ “ စစ်ကိုင်းတောင် ” သီချင်း ကို လွှင့် တတ် တော့ မီ ရာ ကထိန် နှင့် စစ်ကိုင်း ကို လိုက် တတ်ကြောင်း ၊ ဒါပေမဲ့ အိမ် က အသိအကျွမ်း လူကြီး တစ်ယောက် ယောက် ပါ မှ ထည့် တတ်ကြောင်း တွေ ပြောပြသည် ။

မမ က လည်း မိတ္ထီလာ က မန္တလေး ပြောင်း လာတော့ ကျွန်တော့် မိဘတွေ အကူအညီ ပေးပုံ တွေ ၊ မန္တလေး မှာ အခြေ ချ တော့ အရောင်းအဝယ်တွေ ကောင်းလာပုံ တွေ ၊ မမ ရဲ့ မေမေ က အိမ်ထောင် မကျခင် က မန္တလေးသူ မို့ မန္တလေးပွဲလမ်း ၊ မန္တလေး အစားအသောက်တွေ ကို နှစ်သက် စွဲလမ်းပုံ ၊ မမ မေမေ ရဲ့ အစဉ်အဆက် လုပ်ငန်း ဖြစ်တဲ့ ထိုးမုန့် လုပ်ငန်း လုပ် ဖြစ်ခဲ့ပုံ တွေ ၊ ကျွန်တော့် ကို စာသင် ပေးခဲ့ ပုံတွေ ပြန်လှန် ပြောပြ ခဲ့သည် ။

ကျွန်တော် က လည်း တက္ကသိုလ် တက် တော့ တွေ့ရသည့် သူငယ်ချင်း တွေ ၊ ဗောဓိကုန်း က မြတ်မွန်ဆောင် အကြောင်း ၊ ကျောင်း ထဲ က ငှက်ပျောပေါင်းဆိုင် ၊ ရှမ်းခေါက်ဆွဲဆိုင် ၊ ချိုကြီး ကဖေး အ ကြောင်း မကျန်ပေါ့ ။ သည်လိုနဲ့ စကားတွေ ပြောဖြစ်ကြရင်း ကျွန်တော် က မမ ကို ဆရာဝင်းဇော် ရဲ့ “ စောမိုခမ်း ” ဝတ္ထု အကြောင်း ပြော ပြသည် ။ ဝတ္ထု ထဲ က ဇာတ်လိုက် နှင့်
ဇာတ်လိုက် မင်းသမီး ရှမ်းမလေး တို့ အခုလို စစ်ကိုင်းတောင် ညချမ်းမှာ တွေ့ ပုံတွေ ကို တဖွဲ့တနွဲ့ ပြောပြ ဖြစ်၏ ။ ကျွန်တော် ပဲ အပြော ကောင်းလို့ လား ၊ ဒါမှ မဟုတ် မမ က ပဲ စိတ်ဝင်စား နေလို့ သား မသိ စောမိုခမ်း အကြောင်း ပြော တော့ မမ က အသက်ရှူသံ မျှင်းမျှင်းလေး ကြား ရအောင် ထိ နှုတ်ဆိတ် ငြိမ်သက် နားထောင် နေသည် ။

တန်ဆောင်မုန်းလ ၏ လပြည့် ရွှေရည် က ဖိတ်စင် အန်ကျ လာ၏ ။ မြောက်လေလေး က လျှို ကြား ထဲ က နေ တောင်ထိပ် ပေါ် ဝေ့ တက် လာသည် ။ ချိတ် ချိတ်မထား လို့ တံခါးရွက်တွေ ရုန်းရင်း ဆန်ခတ် ဖြစ် နေသည် ။ ကျွန်တော် က ထ ပြီး ဘောက်ချိတ် ချိတ် မယ် လုပ်တော့ မမ က “ အေးနေပါ ပြီကွာ ၊ ပိတ်ထားလိုက်ပါလား ” ဟု ပြော၏ ။ ဒါနဲ့ တံခါးတွေ အားလုံး ပိတ်ထား လိုက်သည် ။ မျက်နှာချင်းဆိုင် က မန္တလေး ဘက် မြင်ရတဲ့ ပြတင်းပေါက် တစ်ချပ် ပဲ ဖွင့် ထား၏ ။ အဝင် တံခါး ကို တော့ ဆွဲ စေ့ ပေမဲ့ လေ အတိုး မှာ တဖြန်းဖြန်း ပြန် ပွင့် လို့ မင်းတုပ် ချ ကာ ပိတ် လိုက်ရသည် ။

ကျွန်တော့် စောမိုခမ်း ဇာတ်လမ်း က မဆုံးသေး ။ ဒါ့ကြောင့် ဆုံးအောင် ပြော ပြရသည် ။ စောမိုခမ်း က နေ ဘယ်က ဘယ်လို မဲဇာ အကြောင်း ရောက်သွား မှန်း မသိ ။ မင်းလက်ဝဲသုန္ဒရ သီချင်း အ ကြောင်း ပြောဖြစ် ပြန်ပေါ့ ။

“ ဘာလို့မှန်း မသိဘူး မမ ရာ ၊ သီချင်း ကို ကြားရတော့ စိတ် ထဲ မှာ တစ် မျိုးပဲ ။ “ ချစ်သူ နဲ့ ကွေကွင်းဆင်းရဲ လက်ဝဲသုန္ဒရ ကြုံရလေ ၊ မှေးစက်ရင်း ချစ်ရင်းဇွဲ နဲ့ အိပ်မက်လိုပဲ စိတ်စွဲပေ ၊ ဝေးရပ်ဆီ နယ်မြေ ၊ လွမ်းစတွေ တဝေ ဝေ ... ” တဲ့ မမ ။ ဘယ်လောက် လှတဲ့ စာသားတွေ လဲ .. ကဲ ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် က ပြောဖူး တယ်။ သူ့ အစ်ကို က နန်းတွင်း အနောက်မြောက် ထောင့် မှာ အကြာ ကြီး နေ ဖူးတယ်။ သူ အဲဒီ နေရာ က ထွက် လာတော့ အတူ နေတဲ့ အဖော် တစ်ယောက် က ပြောတယ် တဲ့ ။ အဲဒီ နဲ့ မနီး မဝေး မှာ အလှူ ၊ မင်္ဂလာဆောင် ၊ ဘုရား ပွဲ ရှိတိုင်း မင်းလက်ဝဲသုန္ဒရ သီချင်း ကို သူတို့ ရှိရာဘက် လှည့်ပြီး ဖွင့်ပေးဖို့ အသံချဲ့စက် ဆရာ တိုင်း ကို ပြောပေးပါ တဲ့ ။ မမ ရယ် ... အဲဒီ လို နေရာ က နေ သီချင်း ကြားရ ရင် ကြားရသူ အဖို့ ဘယ်လောက် ခံစားရမလဲ ဗျာ ။ တွေး မကြည့်ဝံ့ဘူး သိလား ”

တကယ်တော့ သည် စကားတွေ ကို ကျွန်တော့် ဆီ က မမ ကြားရတာ သည် တစ်ခါ ပထမဦး ဆုံး ပဲ ဖြစ်ပါလိမ့်မည် ။ မမ ကို ကျွန်တော် အခုလို စကားတွေ အများကြီး အကြာကြီး တစ်ခါ မှ မပြော ဖူး ။ မမ ခေါ် လျှင် အဖော် လိုက်သည် ။ မမ ကျွေး လျှင် စားသည် ။ မမ ကလည်း ၂၉ လမ်း ထိပ် အင်းဝ ဒိန်ချဉ်ဆိုင် နှင့် မျက်စောင်းထိုး ဘီကြင်ဟိုတယ် ဘေး က ငရုတ်ရည် နှင့် တို့ စား ရသော အန်ကွေ့ကျီ ၊ ဒါပဲ စားတတ်သည် ။ ၈၃ လမ်း နှင့် ၂၉ လမ်း ထောင့် မှာ အဏ္ဏဝါ အအေးဆိုင် ဖွင့်တော့ တစ်ခါ ခေါ် သွား သည် ။ ဒါပေမဲ့ မီးလုံးပြာ မှိန်မှိန်လေး အောက် မှာ မမ က နောက်ထပ် မထိုင်ရဲ ဟု ဆို၏ ။ ပြောကြစို့ ဆိုလျှင် ကျွန်တော် သည် မမ နှင့် ပတ်သက်လျှင် ပီဘိ ကလေး တစ်ယောက် လို ၊ ပြောစရာ ရှိ လျှင် မမ က ပဲ ပြောခဲ့သည် ။

အခုတော့ ... ကျွန်တော် ပြောချင် တာ ပြော နေပေမဲ့ မမ ဆီ က ဘာ စကားသံ မှ ထွက် မလာ ။ ခေါင်း ငုံ့ ထိုင် နေသော ကြောင့် နဖူး ဆီ မှ ဘယ်ဘက် နား တစ်လျှောက် ကျ လာ သော ဆံပင်တွေ က သင်ဖြူးဖျာလေး ပေါ် ရစ်ခွေပုံကျ နေ၏ ။ ဘယ်အချိန် က ထိုး ပန်ထား မှန်း မသိသော တရုတ်စကားပွင့် ကလေး က ဆံနွယ်မျှင်လှိုင်း ကြား မှာ ငြိမ်သက် နေသည် ။ ပြတင်းပေါက် ဆီ က တစ်ဆင့် ဝင် လာသော လရောင် မှာ ငုံ့ နေသော မမ မျက်နှာ မှ နှာတံကလေး က စင်း နေ၏ ။ ရှည်လျားသော မျက်တောင်ကော့ကြီး တွေ ၏ အရိပ် က အောက် မျက်လုံးအိမ် ပေါ် အထိ ကျ နေ သည် ။ မမ မျက်နှာ ကို တစ်ခါ မှ အခု လို အကြာကြီး မကြည့်ဖူး ။ အခုလို အကြာကြီး ကြည့် မိတော့ ... တောင်စဉ်ရေ မရ ပြောဖြ စ်နေသော စကားတွေ ရပ်တန့် သွား ကာ ... ဘာ စကား ဆက် ရမှန်း မသိ အောင် မေ့လျော့ကုန်၏ ။ ကျွန်တော် လည်း ငြိမ်သက် ၊ မမ လည်း ငြိမ်သက် ။

မမ ဆီ က အသက်ရှူ မျှင်းမျှင်း အသံ က လွဲလို့ အားလုံး ငြိမ်သက် ။

•••••   •••••   •••••

( ဃ )

ဒါပေမဲ့ ထို ငြိမ်သက်မှုများ ကို အုတ်လှေကားကြီး ဆီ မှ ဆင်း လာသော အသံ များ က ဖြိုခွင်း လိုက်သည် ။ အသံတွေ က ည အမှောင် အောက် ငြိမ်သက် ဝန်းကျင် ကို လှုပ်ခတ် သွားစေသလို ကျွန်တော် နှင့် မမ ကို လည်း လှုပ်ရှား တုန်လှုပ် သွားစေပါပကော ။

“ နေ မဝင်ခင် က တော့ ဒီဘက် ထွက် သွား တာပဲ ။ ကျောင်း ပေါ် လည်း မတွေ့ ဘူး ၊ ဘယ်သွား နေလဲ မသိဘူး ”

“ မအေးကြည် တို့ နဲ့ တောင် အောက် လိုက်သွားတာပါ အေ ”

“ ငါ က တော့ ပါ မသွားဘူး ထင်တာပဲ ။ တို့ ဝိုင်း စတော့ ရှိသေးတယ် မဟုတ် ဘူး လား ”

“ အေး ရှိတယ် ထင်တာပဲ ။ ဒါပေမဲ့ နှံ့ နေပြီ ။ ဘယ်မှာ မှ မရှိဘူး ၊ ဟို ကျောင်းလေး မှာ များ ရှိ မလား။ သွား ကြည့် ရအောင် ”

မမ က ဖျတ်ခနဲ မော့ ကြည့် ပြီး မျက်လုံး အဝိုင်းသား ဖြစ် နေသည် ။

ဟုတ်သည် ။ ကျွန်တော် လည်း ယောင်ယမ်း ကာ မမ ပခုံးလေး ကို ဆုပ်ကိုင် လိုက် မိသည် ။ အဝင် တံခါး က လည်း လေ တိုက်လို့ စောစော က ပဲ မင်းတုပ် ချ ကာ ပိတ်ထားသည် မဟုတ် ပါလား။ ဒီ နေရာ ကို သူတို့ လာ ရှာကြ ပြီး ပိတ် ထားသော တံခါး ကို မြင်လျှင် သို့မဟုတ် အထဲ မှာ မမ နှင့် ကျွန်တော် နှစ်ယောက် တည်း တွေ့ သွားလျှင် .. ။

“ ဖြည်းဖြည်း ဆင်း ၊ ဖြည်းဖြည်း ဆင်း ၊ ရေညှိတွေ က ချောတယ် ”

“ ညည်းတို့ က သာ သွား ကြည့်ချင်နေ တယ် ။ အဲဒီ ... ကျောင်းလေး ထဲ ခင်မမ က တစ် ယောက် တည်း ထိုင်နေပါ့ မလား အေ ။ မဖြစ်နိုင်တာ ”

“ .... .... ...... ”

“ အို ... သူ နဲ့ ပါ လာတဲ့ ကောင်လေး က သိမ် ထဲ မှာ အိပ် နေတာ မဟုတ်လား ။ စောစောက တို့ ဝင် ကြည့် တော့ စောင် ခေါင်းမြီးခြုံ အိပ် နေ တာလေ ”

“ ဟုတ်မှာပါ ။ ဒါဆို မအေးကြည် တို့ နဲ့ တောင်အောက် လိုက် သွားတာ နေမှာပေါ့ ”

အသံများ က နီး သထက် နီး လာပြီ ။ မမ က ကျွန်းကွပ်ပျစ်ကြီး ပေါ်မှ အသာ ဆင်း ပြီး ဖွင့် ထား သောပြတင်း ပေါက် မှ ကွယ် ရာ အမှောင်ရိပ် ဆီ နောက်ဆုတ် ကပ် လိုက်သည် ။ ကျွန်တော် က ကျွန်း ကွပ်ပျစ်ကြီး ပေါ် မှ ဆင်းပြီး ကြောင်တိ ကြောင်တောင် ဖြစ်နေစဉ် မမ က လှမ်းဆွဲ လိုက်သည် ။ သူ့ ဘေး ကျွန်တော် ရောက် အသွား ပြတင်းပေါက် နှင့် တန်းတန်း မှာ မမ ကို လာ ရှာသော မခင်နွယ် တို့ အုပ်စု ကို မြင်ရသည် ။ ကျွန်တော် က မမ ဘက် တိုးကပ် ကာ အမှောင်ရိပ် ဘက် ဇွတ် ဝင် လိုက်၏ ။ မမ က လည်း ကျွန်တော့် ကို ဆွဲ ကာ သူ နှင့် တစ်သားတည်း ဖြစ်လုနီး ကပ် ထား စေ၏ ။ ကျွန်တော့် မျက်လုံး တွေ ပြာဝေ သွားသည် ။ မမ ဆီ က အသက်ရှူသံ က တိတ်ဆိတ်မှု တစ်ခုလုံး ပြိုကွဲလု မတတ် ပြင်းထန်လာ သည် ။

“ အံမယ်လေး ... ဒီ ကျောင်း ပေါ် မှာ ဘယ်သူမှ နေရဲတာ မဟုတ်ဘူး အေ့ ။ ဘုန်းကြီး ရဲ့ ဦး လေး တစ်ယောက် ဒီ အပေါ် မှာ လာ နား ရင်း အစိမ်းသေ သေ တာတဲ့ ”

“ အစိမ်းသေ မဟုတ်ပါဘူး အေ ။ သူ့ ဘာသာ သူ နှလုံးရောဂါ နဲ့ ဆုံးတာပါ ”

အသံ က ဘန်ဂလိုဇရပ်လေး ဘေး မှ ကပ် ကာ တောင်ကမ်းပါးယံလေး အတိုင်း တက် ပြီး ချောင်ဆီ ပြန်သွားကြ တာ ဖြစ်သည် ။

မမ က ကျွန်တော့် ရင်ခွင် ကြား မှ တိုး ထွက် ပြီး ကွပ်ပျစ် ပေါ် တင်ပါးလွှဲလေး ထိုင် ရင်း ကြောက်လန့် နေပုံ ရ၏ ။ ရင် အစုံ က အသက်ရှူနှုန်း နှင့် အပြိုင် လှုပ်ရှား နေသည် ။

မမ က ရုတ်တရက် စိတ် လှုပ်ရှား လျှင် ခုလို ဖြစ် တတ်သည် ။ နှလုံး အားနည်း သော ရောဂါ မမ မှာ ရှိတာ ကျွန်တော် သိသည် ။ တစ်ခါ က လည်း သူ့ မေမေ နှင့် စိတ်ကောက် အော်ဟစ်ပြီး မမ ပုံလဲကျ သွား တာ မြင်ဖူးသည် ။ ဘုရား ... ဘုရား ဒုက္ခ ပါ ပဲ ။ အခုလည်း အသက်ရှူသံပြင်း လှသည် ။ ရင်ခုန်သံ မြန်နေတာ မြင်ရသည် ။ သည် လို ဖြစ် လျှင် မမ မေမေ က မမ ကို ပြုစု ပေးတာ သတိရ မိသည် ။

“ မမ နေကောင်းလား ၊ မမ ဆေး ပါလား မမ ။ ဘယ်လို နေလဲ ”

“ မမ နေကောင်းပါတယ် ၊ ဒုက္ခ ပါ ပဲ။ ရုတ်တရက် မို့ ကြံရာမရ ဖြစ်ပြီး စိတ် လှုပ်ရှား သွားတာပါ ။ မမ တို့ က လည်း စကား ကောင်းပြီး မေ့ သွား လိုက်တာ ။ ချောင် ကို ပြန်ကြဖို့ ကောင်းတာပေါ့ ။ အခု တော့ ... ”

“ ဒါဖြင့် ကျွန်တော်တို့ ပြန်ကြ ရအောင်လား ”

“ အို ... နေဦးလေ ။ ဒုက္ခပါ ပဲ ပြန် လိုက် ရင် ပို ဆိုးတော့မှာ ပေါ့ ”

“ ဪ ... မမ ရယ် ”

ကျွန်တော် က ကျွန်းကွပ်ပျစ် ပေါ် မမ ဘေး ဝင် ထိုင် လိုက်သည် ။ ကြံရာ မရ သည့် အဆုံး အသက်ရှူ မြန် သဖြင့် လှုပ်ရှားလွန်း နေသော ရင် ကို ရင်ညွန့်လေး ဆီ မှန်း ပြီး ဖိထား ပေးသည် ။ ကျွန်တော့် လက် က ရောက်သည့် နေရာ မှာ မလှုပ်ရှား ရဲ ၊ မရွှေ့ ရဲ ။ ရင်ညွန့်လေး ကို တင်းတင်း ဖိထား ရ သည် ။ ကျွန်တော့် တစ်ကိုယ်လုံး မှာ အေးစက် နေ သော် လည်း မမ ရင်ညွန့် ကို ဖိ ထားသော လက်ဖျား တွေ မှာ တော့ ချွေးတွေ ပြန် နေ တော့သည် ။

မလှုပ်မယှက် မိ အောင် သတိထား နေ ရ ပေမဲ့ လက်သန်း တစ်လျှောက် ထွေးအိ တင်းရင်း သော အတွေ့အထိ က အပူ စီးကြောင်း တစ်ခု အဖြစ် ပြောင်းလဲ ကာ နှလုံးခုန်နှုန်း ကို မြန်မြန် မောင်းနှင် ပေး နေ၏ ။ သို့သော် နည်းနည်းလေး မှ မလှုပ်ရှား ဝံ့ ။

“ ဒုက္ခပါပဲ ။ အနွေးထည် က လည်း ကျောင်း ပေါ် မှာ ကျန်ရစ် ပြန်ပြီ ”

“ ယုန်မွေး ဖက်ဖူးနုလေး လား ၊ ကျွန်တော် သွား ယူပေး ရ မလား ”

“ နောက်မနေ နဲ့ ။ ဘယ့်နှယ် ပြန် ယူ လို့ ဖြစ်မလဲ ၊ ဒီမှာ ပဲ နေရတော့ မှာ ။ ကျောင်း ကို ဘယ်လို ပြန် ဝင်ရမှန်း တောင် မသိပါဘူး ကွာ ”

“ မထူးပါဘူး မမ ရယ် ၊ မနက် အရုဏ်ဆွမ်းကပ်ချိန် မှ ပဲ အများ နဲ့ ရောပြီး ဝင်ရမှာ ပေါ့ ”

“ ခွေးကောင် ၊ မအေးကြည် တို့ တောင် အောက် က ပြန် လာရင် သူတို့ နဲ့ မမ ရော လိုက်သွားရ မှာ ပေါ့ ”

“ ကဲ ... မအေးကြည် တို့ က ခင်မမ ညည်း ဘယ်ချောင် က ထ လာတာလဲ လို့ မေးရင် ကော ”

“ ဒုက္ခပါပဲ ကွာ ။ ဘယ်လို ပြောရမှန်း တောင် မသိပါဘူး ”

“ ဒီလိုလုပ် မမ ။ သူတို့ အိပ်ချိန် လောက် မှ အသာလေး ဝင်ပြီး သူတို့ ဘေး ဝင် အိပ်လိုက်ပေ တော့ ”

“ ဟင်း ... အဲလိုပဲ လုပ်ရတော့မှာ ပဲ ။ ခင်နွယ် တို့ က မိုး အလင်း ထိ တော့ ဝိုင်း မထိုင်ကောင်းပါ ဘူးနော် ”

“  ...  ....   ... ”

ကျွန်တော် က သက်ပြင်း တွေ သာ အခါခါ ချမိပေါ့။

•••••   •••••   •••••

( င )

ပိုးပုရစ်လေးတွေ အသံ က ဆူညံ လာ၏ ။ ရင် ထဲ က လှုပ်ရှားမှု က ပိုမို ဆူညံ နေ၏ ။ ပြောချင် သည့် စကားတွေ တိုးထွက် ဖို့ ရုန်းကန် နေ၏ ။ မမ က လည်း သက်ပြင်းလေး ချ ပြီး ခေါင်းလေး ငုံ့ နေ သည် ။ ကျွန်တော့် လက် က နေရာ မရွှေ့ ရဲ ။ နင်းမိုင်း တစ်လုံး ပေါ် ရပ်ထား မိ သလို မလှုပ်ရှား ရဲ ။ လှုပ်ရှားကာ နေရာ ရွှေ့လိုက် ရုံ ဖြင့် ပေါက်ကွဲ တော့ မှာ
သေချာသည် ။ ပတ်ဝန်းကျင် က အေး စက် နေ သော် လည်း ကျွန်တော့် ရင် မှာ ပူလောင်နေသည် ။

သည်လို နှင့် အံ ကို ကြိတ် ကာ မမ မျက်နှာ ကို မကြည့်မိ အောင် မျက်နှာ လွှဲ ထား ရသည် ။ ကျွန်တော့် အသက်ရှူသံ မြန် လာ၏။ ဒါပေမဲ့ မမ အသက်ရှူသံ ပုံမှန် ဖြစ် သွားပါပြီ ။ ကျွန်တော် မျက်စိ ကို မှိတ်ကာ ခေါင်း ကို ခါယမ်း လိုက်သည် ။ အသက် ကို ပြင်းပြင်း ရှူ ပြီး ဆုံး ဖြတ်ချက် တစ်ခု ကို ရဲရဲ ချ လိုက်တော့သည် ။

ထို့နောက် ကွပ်ပျစ် ပေါ် မှ ခပ်သွက်သွက် ထ လိုက်သည် ။ မမ က ကျွန်တော့် အမူအရာ ကို အံ့အားတသင့် မော့ ကြည့်၏ ။

“ ထ ... မမ သွားစို့ ။ ကျွန်တော်တို့ ရှင်ဖြူရှင်လှ ဘုရား ကို သွား ဖူးနေကြ တာ လို့ ပြောမယ် ၊ ကိုယ် က ရိုးသားဖြူစင် ဖို့ အရေးကြီးပါတယ် မမ ရယ် ”

မမ က သက်ပြင်း မျှဉ်းမျှဉ်း ချ ကာ ကွပ်ပျစ် မှ လျှော ဆင်းသည် ။ ဆံပင် ကို လက် နှင့် သပ်သည်။ တရုတ်စကားပွင့် သည် ဆံပင် သပ် လိုက်သော မမ လက် နှင့် အတူ ပါလာသည် ။ အောက် ကျလု ကျခင် ခါး ထက် က ဆံပင် ကြား မှာ တင်ကျန် နေ၏ ။ သည် လို လည်း လှနေ ပါသည် ။

အင်္ကျီ ကို အောက် ဆွဲ ချ ၊ ထဘီ ပြင် ဝတ် ရင်း ကျွန်တော့် လက်မောင်း ကိုကို င် ကာ ဘန်ဂလိုဇရပ်လေး တံခါး ကို ဖွင့် ပြီး တောင်ခါးပန်း နံရံလမ်းလေး အတိုင်း ချောင် သို့ ပြန်ကြ၏ ။

လမ်းလေး ၏ ကျောက်စရစ်ခဲ ၊ ကျောက်စွန်းလေး တွေ ပေါ် မှာ လရောင်တွေ ထိန် လို့ ။

•••••   •••••   •••••

( စ )

ရှင်ဖြူရှင်လှ စောင်းတန်း ဘက် ဆီ မှ လူသံတွေ ကြားရ ပြန်သည် ။ ဗုံသံ သဲ့သဲ့ နှင့် အတူ တေး သီချင်းသံများ လည်း ကြား ရသည် ။ သေချာ နားထောင် ကြည့် တော့ မယ်ဒလင်သံ လည်း မဟုတ် ၊ တယောသံ လည်း မဟုတ် ၊ ကလယ်ရီနက် နှင့် ဆိုက်ဆို ၊ တင်နာ မှုတ်သံများ ဖြစ်သည် ။ စောင်းတန်း အတိုင်း တီးမှုတ် တက် လာတာ နေမှာပေါ့ ။ တီးလုံးသံ ကြားတော့ ဟာခနဲ အံ့အားသင့် ကာ နားစွင့် လိုက် မိသည် ။ မမ လည်း အံ့အားသင့် သွား၏ ။ ဗုံသံ က တာပရာဗုံသံ ။ တစ်ဖက်ပိတ် အိန္ဒိယဗုံကလေး ဖြစ် သည် ။ သည် ဗုံသံကလေး နှင့် မြန်မာဒိုးချက်တွေ ကို နိုင်နင်းစွာ တီးခတ်လာသော အသံ ဖြစ်၏ ။

အေးမြို့ကြီးချောင် မှာ ဒီ ဘိုးလမ်း က ကထိန် လာ ခင်းတော့ တီးဝိုင်းလေး တစ်ဝိုင်း ပါလာသည် မဟုတ်ပါလား ။

ကျွန်တော် မမ လက် ဆွဲကာ ကမ်းပါးယံစွန်း မှာ ရပ် လိုက်သည် ။ သီချင်းသံ က နီးကပ် လာ၏ ။ စောင်းတန်း မှ တစ်ဆင့် ဟောသည် ချောင် ကို ဖဲ့တက် လာသည့် တောလမ်းလေး အတိုင်း လာ နေတာပါလား ။

“ ပွဲခါညောင်ရေ ဆုတောင်းချွေညွှန်း ရေစင်သွန်းသို့ နေ ၊
လွမ်းလောက်ပေ တို့ အောက်နယ် အကြေ ၊
ရွှေဂူတော်မြတ် ဆည်းကပ်လွန်ရိုသေ၊
သဲသောင်မြေ မြစ်ကမ်း တွင် ထွန်း ရေယဉ်၀န်းလို့ ခွေ ၊
တစ်ကျွန်းလောက်ပေ ၊ မဲဇာမြိုင်ခြေ
သည် တွင် ရွှေမြို့ သည် သို့ စေတီ ပေ ၊
ရွှေဆီနန်း ဖြောင့်တန်းမယ် သည် အနေ ၊
စိတ် မှာ ထင်မြင် ဦးတင်ပါသဖျာ့ ၊
လွမ်းသယောင်ပင် 
နေနိုင်တော်မူအား သနားမညှာရက်ရှာပေ
အစစ အဆင်နော် မပြေ၊
ငထင်ကျော်ငယ် လေ သူ့ အတွက်
ဘုရင် မျက်တော်မူပေ ... ”

ဒါဆိုရင် တီးဝိုင်းလေး က သည် ချောင်ကလေး ဆီ လာနေတာ များလား ။

တီးလုံးသံတွေ က ကျွန်တော် တို့ ထွက် လာ ခဲ့သော ဘန်ဂလိုဇရပ်ကလေး အောက် တရုတ်စကားပင်တန်းတွေ အောက် ရောက် လာပြီ ။ အောက်လင်း ဓာတ်မီးရောင်များ ပင် မြင် နေရပါ ပကော။

“ မဲဇာမြစ်ရေ ရစ်ခွေစီးထွေ ၊
ဝဲယာပတ်လည် ဆီးတွေဆိုင်း မှိုင်းဝေ ၊
ကင်းစမ်းတောင် လေပြည်တသွေးသွေး ၊
လုံခြုံလွှာထွေး မလုံသေးပေ ၊
မွန်းတည့်နေခြည် ဖြာမှ နွေးတယ်၊
တကွေးကွေး တွေးလေ ဆွေးလေ
ဖြေပါလည်း မပြေ ၊
လက်ဝဲသုန္ဒရ တမ်းတစိတ်တွေ ၊
ငယ်ပေါင်း သက်ဝေ သူ့ ကြင်ဆွေ ၊
နေပြည်တော် ဆီ ရော်ရမ်း လွမ်းစဖော်ရှာပေ ”

အုတ်လှေကားထစ်ကြီး တွေ အတိုင်း တီးဝိုင်းအဖွဲ့လေး တက် လာသည် ။ ယုန်မွေးဆွယ်တာ ဖက်ဖူးနုလေး မဝတ် ရသေး လို့ မမ သည် စစ်ကိုင်းတောင် လေသွေးသွေး မှာ အေးနေပေလိမ့်မည် ။

ဒါပေမဲ့ မမ လက် မှာ ချွေးစေးလေး ပြန် ကာ နွေး နေသည် ။ ကျွန်တော့် လက် မှာ လည်း ထို့အတူ ...

◾ဆူးငှက်

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ၂၀၀၀ ပြည့်နှစ် ၊ ဧပြီ

#ကို‌အောင်နိုင်ဦး

.

No comments:

Post a Comment