❝ အိမ်ရောင်းမည် ❞
“ ဟော .. ဖေဖေကြီး ပြန်လာပြီ .. ရွှတ် ၊ မီးမီးလေး ကို ခဏ ချီပါဦး .. ရွှတ် .. ရွှတ် ”
နှပ်ချေး တရှုံ့ရှုံ့ နှင့် ပြောပြောဆိုဆို သူ ၏ အရုပ်မလေး ကို ကျောင်း မှ ပြန် လာသော ဇော်ဇော့် လက် ထဲ သို့ အတင်း ထိုးပေး နေသည့် သမီး ကို မခင်ထား စက်ခုံ ပေါ် မှ နင်းလက်စ ခြေထောက် ကို အသာ ရပ် ရင်း တစ်ချက် လှမ်း ကြည့်လိုက် သည် ။ တနေကုန် တစ်ယောက် တည်း ပျင်းနေရှာသော သမီးလေး က ဇော်ဇော့် ကို မြင်သည် နှင့် ဝမ်းသာအားရ အသံရော လူပါ သွက်လက် တက်ကြွ လာသည် ကို မခင်ထား သဘောကျစွာ ကြည့်ရင်း ပြုံးနေမိသည် ။ ဇော်ဇော် က သမီးလေး ထက် ၂ နှစ် ကျော်ကျော် ငယ်သည် ။ သို့သော် မွေးရာပါ ဉာဏ်ရည် ချို့ရှာသော သမီးလေး က ဇော်ဇော် လေးတန်း ကျောင်းသား အရွယ် ရောက်သည့် တိုင်အောင် သုံးနှစ် သမီးလေး ကဲ့သို့ ကစား နေတုန်းပင် ။ ဇော်ဇော် တို့ မိသားစု က မခင်ထား တို့ သားအမိ ပိုင် အိမ်လေး ၏ တဘက်ခန်း မှာ အိမ်ငှား နေကြသည် သူတို့ မိသားစု ပြောင်းလာစ က ဇော်ဇော် မှာ နှစ်လသားလေး မျှ ပင်ရှိဦးမည် ။ ကိုယ့် မျက်စေ့ အောက် တွင်ပင် ကြီးလာသူလေး မို့ ကိုယ့် သားလေး လို ပင် သံယောဇဉ် ဖြစ်မိသည် ။ ဇော်ဇော့် အမေ မခင်သန်း နှင့် သူ က အမည်ချင်း ဆင်သလို အရွယ်ချင်း က လည်း မကွာလှသည့် အတွက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ညီမအရင်းများ ကဲ့သို ချစ်ခင်စွာ နေခဲ့ကြသည် ။ ဇော်ဇော့် အဖေ ကိုဘခက် က သံချည်သံကွေး ဆရာ တစ်ဦး ဖြစ်သည် ။ ရိုးသား၍ ကြိုးစားသော ကြောင့် မခင်သန်း တို့ မိသားစု မျက်နှာ မငယ်ကြရပေ ။ သူတို့ သားအမိ အပေါ် တွင် လည်း ကလေး တစ်ယောက် နှင့် ဒုက္ခိတ မုဆိုးမ သားအမိတွေ မို့ အစစ အရာရာ ကူညီ စောင့်ရှောက် ပေးရှာပါသည် ။
“ မခင်ထား မီးချောင်း ကျွမ်းနေတယ် ကြားလို့ ဝယ်လာခဲ့ပြီ ၊ လက်စ နဲ့ တပါတည်း တပ် ပေးခဲ့မယ် ” ဟု တစ်ဖုံ
“ ငါ့ ညီမ ညည်း ရေကန် လှယ်မလို့ ဆို ၊ ရေချိုးရင်း လှယ်ပေးခဲ့မယ် လေ ” ဟု တစ်သွယ်
ဤကဲ့သို့ပင် အမြဲတစေ အလိုက်တသိ နှင့် အစစ ကူညီ ပေးတတ်သည် ။ အသောက်အစား မရှိ ။ အကိုကြီး တစ်ဦး ကဲ့သို့ လေးစားဖွယ်ရာ ဖြစ် သော်လည်း မခင်ထား က အရောတဝင် မနေ ၊ စည်း နှင့် ကမ်း နှင့် ပင် နေထိုင်ခဲ့ပါသည် ။ ထို့ကြောင့်ပင် အိမ်ရှင် အိမ်ငှား ဆိုပေသည့် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် လေးစားကြရင်း သံယောဇဉ် ဖွဲ့ရင်း နှစ်တွေ မည်မျှကြာကြာ မိသားစု ပမာ အေးချမ်းစွာ အတူတကွ နေနိုင်ခဲ့ကြသည် ပင် ။ ကလေးများ ကို လည်း သူ့ ကလေး ကိုယ့် ကလေး မခွဲခြားဘဲ အတူ ကြည့်ရှု စောင့်ရှောက်ခဲ့ကြသည် ။ ယခု မူ မခင်သန်း တွင် ဒုတိယ ကိုယ်ဝန် မှာ နေ့စေ့လစေ့ နှင့် မို့ ဇော်ဇော့် ကို ပင် သိပ် ဂရု မစိုက်နိုင် ဖြစ်နေရသည် ။ မခင်ထား က ပင် ဇော်ဇော်လေး ကို ရေချိုးရန် ထမင်းစားရန် တို့ ကို ဂရုတစိုက် ပြုစု ပေး နေရသည် ။ ဇော်ဇော် က လေးတန်းကျောင်းသားကြီး ဖြစ်လာခဲ့ပြီ မို့ သမီး နှင့် သိပ်မဆော့ချင် တော့ အပြင်တွင် ရွယ်တူ ကောင်လေးများ နှင့် ဘောလုံး ကန်ရင်း ပြေးလွှားဆော့ကစား ချင်သည် ။ ကျောင်း ပိတ်လျှင် အိမ် မကပ်ချင် ၊ သမီးလေး မှာ သူတို့ နှင့် လည်း အပြိုင် မကစားနိုင် သဖြင့် တစ်ဦး တည်း အိမ်တွင်း ၌ ပင် အရုပ်များ ကို အဖော်ပြု နေရရှာသည် ။ ထို့ကြောင့်ပင် သမီးလေး မှာ ဇော်ဇော် ကို မြင်သည်နှင့် အတင်း တွယ်ကပ် ထားတော့ သည် ။ ဇော်ဇော် အပြင် ထွက်သွားမှာ စိုးသဖြင့် သူ ၏ မုန့်များ ကစားစရာများ ကို ရက်ရက်ရောရော ပေး ကာ အလို လိုက်၍ ပေါင်းရ ရှာသည် ။ သူ က လည်း သမီးလေး ကို အပ်ချည်ရောင်စုံလေးများ နှင့် ပန်းထိုးနည်းလေးများ ကို သင်ပေးရင်း ကစားဖော် ပြုပေး နေရသည် ။ သနားစရာ သမီးလေး ဘဝ ကို တွေးရင်း အကိုကြီး ကို သတိရ မိ ပြန်သည် ။
••••• ••••• •••••
ခုနေသာ အကိုကြီး ရှိလျှင် သမီးလေး ကို ဘယ်လိုများ အဖော်ပြု စောင့်ရှောက်ပေးပါ့ မလဲ ဟု တွေးမိ သေးသည် ။ ပြောမည့်သာ ပြောရသည် အကိုကြီး က သူ့ သမီးလေး ဉာဏ်ရည်ချို့တဲ့ သည် ကို ပင် ကောင်းကောင်း သိ မသွားရှာပါ ။ သမီးလေး က ငယ်သေး သဖြင့် ဘာ မှ မှန်းဆ မရသေးသောကြောင့် သာမန် စကားပြော နောက်ကျသည် အထိုင်အထ နောက်ကျသည် ဟု သာ ထင် နေခဲ့ကြသည် ။
ဉာဏ်ရည် ဖွံ့ဖြိုးမှု နောက်ကျရသည့် အထဲ ထိတ်လန့်ဖွယ်ရာများ နှင့် စိတ်ဒဏ်ရာ ရ ခဲ့သေးသည် ။ သည်တုန်း က မြင်ကွင်း ကို သူတို့ သားအမိ မမေ့နိုင်သေး ၊ လီဘာ ပြင်းပြင်း ပုတ်သော ကားသံ ကြား လျှင် ပင် သမီးလေး ရော သူ ပါ ဆောက်တည်ရာ မရ ထိတ်လန့် ကြောက်ရွံ့နေကြတုန်း ပင် ။
ထိုနေ့ က မှတ်မှတ်ရရ ပင် ဝါဆိုလပြည့်နေ့ ဖြစ်သည် ။ ဘုရားကြီး တွင် ဝါဆိုသင်္ကန်း ကပ်ပြီး အပြန်လမ်း တွင် သူတို့ မိသားစု စီးလာသော ဆိုင်ကယ်လေး သည် တစ်ဖက် ယာဉ်ကြော မှ ကျော်တက် လာသော မြေသယ်ယာဉ်ကြီး နှင့် မရှောင်နိုင်ဘဲ ချိတ်ပါ သွားခဲ့သည် ။ ကံကောင်းထောက်မ စွာ သမီးလေး နှင့် သူ က လမ်းဘေး သို့ လွင့်စင်ကျ နေခဲ့ပြီး သမီးလေး ၏ ကြောက်လန့်တကြား ငိုသံ ကြား မှ သူ သတိ ပြန် ဝင် လာခဲ့သည် ။ မြင်ကွင်း ထဲ တွင် သွေးအလူးလူး ဖြင့် သမီးလေး ရှိရာ သို့ လက် လှမ်းရင်း အတင်း ကုန်းရုန်း ထ နေသော အကိုကြီး ကို ပြေးပွေ့ ချင်သော်လည်း သူ ကိုယ်တိုင် က ခြေသလုံး မှ ထိုးထွက် နေသော အရိုးငေါငေါ ကို ကြည့်ရင်း နာကျင်ဖို့ ကို သတိ မရနိုင်ခဲ့ ။ ရုတ်ရုတ်သည်းသည်း လူအုပ် အတွင်း မှ လူ တစ်ယောက် က သမီးလေး ကို သူ ထံ သို့ ခေါ်လာ ပေး သော်လည်း သမီးလေး က သူ့ ရင်ခွင် မှ အတင်း ရုန်းကန်၍ အဖေ ထံ သို့ လက် လှမ်းရင်း စူးစူးဝါးဝါး အော်ဟစ် ငို နေခဲ့သည် ။ သည်တုံးက သမီး အသက် နှစ်နှစ်ကျော် မျှသာ ရှိသေးသည် ။
အကိုကြီး သည် ရရှိခဲ့သော ဒဏ်ရာများ နှင့် ပင် နောက် သုံးရက်မျှ ကြာသော အခါ သူတို့သားအမိ ကို စိတ်မချစွာ ဖြင့် ပင် ထားသွား ခဲ့လေသည် ။ အစ်ကိုကြီး ကို သူ မပြုစု လိုက်ရ ။ အစ်ကိုကြီး ၏ နောက်ဆုံး ခရီး ကို သူလိုက် မပို့နိုင်ခဲ့ပါ ။ သူ ၏ ဒဏ်ရာ ကို ခွဲစိတ်ပြီး စတီးရိုး ထည့် ကုသခြင်း ဖြင့် အရိုးဆေးရုံ တွင် ပင် နာတာရှည် ခဲ့ရသည် ။ သမီးလေး က ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရခဲ့ သော်လည်း အကြောက် လွန် ကာ အမြဲတမ်း ထိတ်လန့် ငိုကြွေး နေခဲ့သည် ။ နဂိုက ဖခင် ကို ပိုမို တွယ်တာ သူ မို့ သူ ၏ ရှေ့ မှ ဖခင် ပျောက်ဆုံးသွားသည် ကို နားမလည်နိုင်သေး သဖြင့် မိမိ ကို ပင် အပျောက် မခံတော့ ။
••••• ••••• •••••
ယခု သမီးလေး အသက်ပင် ဆယ်သုံးနှစ် ပြည့် တော့မည် ။ လွန်ခဲ့သော ဆယ်နှစ် ကျော် က အဖြစ်အပျက် တို့ သည် မှေးမှိန် မသွား ။ သည်တုန်းက သောကများ နှင့် ဒုက္ခများ မှာ သမီးလေး သာ မရှိလျှင် သူ ဘယ်လိုမှ ရင်ဆိုင်ဖို့ စွမ်းအားတွေ ရှိမည် မဟုတ်ခဲ့ ။ သူ ဆေးရုံ တက် နေစဉ် အတွင်း ရွာ မှ အမေ ရောက် လာကာ သူတို့ သား အမိ ကို ပြုစု ပေးခဲ့သည် ။ သွားနိုင် လာနိုင် ထူထူထောင်ထောင် ဖြစ်လာချိန် တွင် ရွာ တွင် ကျန်ရစ်သော အဖေ နှင့် မောင်အငယ် ကို စိတ်မချ ဟု ဆိုကာ အမေ က ရွာ ပြန်ဖို့ ပြင် တော့သည် ။
ညည်းတို့ သားမိ ရွာ ပြန်ခဲ့ကြပါ အေ ။ ရွာမယ် ဆို မိဘမောင်ဖွား တွေ နဲ့ အရေး ဆို ဝိုင်းပြီး စောင့်ရှောက်လို့ ရ တာပေါ့ ။ ဒီမတော့ သားမိ နှစ်ယောက် တည်း စိတ်မချပေါင် အေ ”
ဟုတ်တော့ လည်း ဟုတ်သည် ၊ အမေ့ ကို သူ အမြဲ ခေါ်ထား၍ မဖြစ်နိုင် ။ အမေ က သူတို့ သားမိ ကို စိတ်မချ ၊ အိမ်လေး ကို ရောင်း ၍ ရွာ တွင် ပြန် လိုက် နေဖို့ ခေါ်သည် ။ သူ က မလိုက် လို ။ ကိုကြီး ကြိုးစား ရှာဖွေ ထူထောင်ထားခဲ့သော ထို အိမ်လေး ကို မရောင်းပစ်ရက်ခဲ့ပါ ။ စားဝတ်နေရေး လည်း ပြေလည်စေ အဖော်လည်း ရစေ ဟု ဆိုကာ အခန်း ကန့်၍ အိမ်ငှား ထား ခဲ့ပြီး သူ ကတော့ စက်ခုံလေး ဖုန် ပြန် ခါကာ တဖက် မှ အပ်ထည်လေးများ ချုပ်ရင်း သားမိ နှစ်ယောက် ရပ်တည်ခဲ့ ကြသည် ။
စင်စစ် သူ စက်ချုပ်သည် ဆိုသော် လည်း ခြေတစ်ဖက် ကျိုး ထားသူ မို့ ထင်သလောက် လည်း မလုပ်နိုင် ၊ ထို ဝင်ငွေလေး ဖြင့် သားမိ နှစ်ယောက် စားလောက် သည် ဆိုသော်လည်း အပိုအလျှံ တော့ မရှိလှပေ ။ အိမ်ငှားခလေး ဖြင့် သမီး ဆေးဖိုး သူ့ ဆေးဖိုး အပို ဘာဟီရ အသုံးစရိတ်လေး ကာမိ နေခြင်းသာ ၊ ဘာပဲ ပြောပြော ယောက်ျားသား အဖော်သဟဲ လည်းရစေ ဟု ဆိုကာ မခင်သန်း တို့ မိသားစု ကို ပင် အိမ်ငှား ထားခဲ့ခြင်း ဖြစ်သည် ။
••••• ••••• •••••
သမီးလေး က တော့ တကယ့် ပီဘိ ကလေးငယ်လေး တစ်ဦး ကဲ့သိုပင် သုံး လေးနှစ် သမီး ဉာဏ်ရည် သာ ရှိသော်လည်း အပျိုဖော် ဝင်စ ပြုနေပြီ ။ ဉာဏ်ရည် တိုးတက် မလာသော်လည်း ခန္ဓာကိုယ် ကတော့ ဖြင့် ဖွံ့ဖြိုးစ ပြုနေပြီ မို့ သမီး အတွက် အစစ သူ စိတ်ပူ နေရသည် ။
“ ကူကူးရေ မုန့်ပါတယ် ဟေ့ ၊ စားချင် လာ နော် ”
ကိုဘခက် ၏ လှမ်း ခေါ်သံကြောင့် တစ်ဖက်ခန်း သို့ ကူးသွား တော့မည့် သမီး ကို လက် လှမ်း ဆွဲရင်း သူ ပါ အတူ ကူး သွားခဲ့သည် ။ ခါတိုင်းလို သမီး ကို တစ်ယောက် တည်း ပေး မသွားသင့်တော့ ဟု သူ တွေးမိသည် ။ သမီး အတွက် တစုံတခု ကို သူအမြဲ တွေးတော ထိတ်လန့် နေခဲ့မိသည် ။ ခေတ်ကြီး က လည်း သားသမီးချင်း မစာနာ ဟု ပင် ပြော၍ မရသော ခေတ်ကြီး ဖြစ်သည် မို့ သူ စိတ်ပူသည် မှာ ပိုသည် ဟု မဆိုသာနိုင်ပေ ။ ဂျာနယ်စာစောင် တို့ တွင် ပါသည့် မကြားဝံ့ မနာသာ သတင်းများ က သူ့ ကို အမြဲ ခြောက်လှန့် နေ ခဲ့သည် ။
••••• ••••• •••••
ယခု ရက်ပိုင်း တွင် မခင်သန်း ကိုယ်ဝန် က နေ့စေ့လစေ့ နှင့် မွေးရက် စောင့် နေရသည် ။ နေ့ မွေးမလား ည မွေးမလား ပင် ၊ မခင်သန်း ကို အားပေးရင်း ဇော်ဇော်လေး ၏ တာဝန် ကို ယူကာ ဂရုတစိုက် ဖြင့် ကျောင်းသွားချိန် ကစားချိန် စားချိန် တို့ ကို သတိပေး ရင်း က အိမ်မှုကိစ္စများ ကို ကူညီ လုပ်ကိုင် ပေးနေမိသည် ။
ညဦး ကတည်း က မခင်သန်း ဗိုက်နာ နေသဖြင့် နံနက်စောစော ကိုဘခက် နှင့် ဆေးရုံ ပြေးကြလေပြီ ။ ဇော်ဇော်လေး ကို သူ့ ထံ သို့ စိတ်ချလက်ချ ထားခဲ့သည် ။ ခါတိုင်းလည်း သွားစရာ လာစရာ ရှိလျှင် သည်လိုပဲ ထားခဲ့နေကြမို့ ထူးဆန်း၍ အပန်းကြီး မနေခဲ့ပါ ။ ကျောင်းပိတ် ထားသော်လည်း မိုးဖွဲဖွဲ ရွာ နေ သဖြင့် ဇော်ဇော်လေး မှာ အပြင် ထွက် မဆော့ရ ၊ အိမ် ထဲ တွင် ပင် သမီးလေး နှင့် ဆော့ကစား နေကြသည် ။ နေ့လယ် ဆယ့်တစ်နာရီ လောက် တွင် ကလေး နှစ်ယောက် ကို ရေချိုး ထမင်းကျွေး ထားလိုက်ကာ သူ ပါ ရေချိုးပြီး သနပ်ခါး လူးနေစဉ် ကိုဘခက် ပြန်လာသံ ကြား လိုက်ရသည် ။ သူ က သနပ်ခါး လူးလက်စ ကို ပြီးအောင် ဆက် လူး နေရင်း
“ ကိုဘခက် မွေးပြီလား ” ဟု အသံ ပေးလိုက်သည် ။
“ မမွေးသေးဘူး ငါ့ ညီမ ရေ ထမင်း ပြန် လာ စားတာ ၊ ထမင်းလေးများ ပိုရင် နည်းနည်းလောက် ကျွေးပါဦး ညနေ ပြန် မှ ချက် တော့မယ် ”
“ ရတယ် ကိုဘခက် ကျွန်မ ပို ချက်ထားတယ် ၊ ညနေ လည်း ချက် မနေနဲ့ ဒီ က ပဲ စား ”
ပြောပြောဆိုဆို ခန်းစီးလိုက်ကာစ ကို လှပ် ၍ ကြည့် နေသော ကိုဘခက် ကို ဗြုန်းဆို မြင်လိုက်ရ၍ သူ လန့် သွားတော့သည် ။ ကိုဘခက် မျက်လုံးများ က သူ့ မျက်နှာ ကို ကြည့် မနေခဲ့ လိုက်ကာစ ကို ပြန် ချ၍
“ သနပ်ခါး လူးနေတာလား မသိလို့ ” ဟုဆိုကာ ချက်ချင်းပင် ပြန် ထွက်သွား တော့သည် ။ သူတို့ အတူ နေစဉ် ကာလ တလျောက်လုံး ကိုဘခက် နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် မဖြစ်ဘူးပါ ။ တကယ်ပင် မသိ၍ဘဲ ဝင်လာ သလား ၊ တမင်ပဲ ဝင်လာသလား မသိနိုင်ပါ ။ သူတို့ အိမ် က လည်း အိပ်ခန်း မှ ဖြတ်သွား မှ သာ မီးဖိုဆောင် သို့ ရောက်နိုင်သည် ။ ခါတိုင်းလည်း ထမင်း လို လျှင် ယူစား နေကျ ဆိုသော် လည်း ယခုလို ကိုဘခက် ကိုယ်တိုင် မီးဖိုချောင် အထိ စွက်စွက်ဖက်ဖက် မလာဘူးပါ ။ ဒါကလည်း မခင်သန်း ရှိ နေ၍ ဖြစ်မည် ။ သိုသော် မရိုးမသားစိတ် နှင့် ဝင် လာသည် မဟုတ်ရင် တောင် မြင်လိုက်ရသော မြင်ကွင်း အပေါ် ကြည့်သော အကြည့်စူးစူး တို့ က ရိုးသားပါသည် ဟု မဆိုနိုင် ။
သူ လည်း အင်္ကျီ အမြန် ဝတ်ကာ ထမင်း နှင့် ဟင်း ကို ခူးခပ်၍ တဖက် ခန်း သို့ သွား ပို့ပေးလိုက်သည် ။
“ မခင်ထား ရေ သား ကို ည ရောက်ရင် ခေါ်သိပ် ပေးပါဦး ၊ ကျွန်တော် ခင်သန်း မမွေးသေးရင် ပြန် မလာနိုင်သေးဘူးဗျ ”
“ ဟုတ် ”
သူ ဝတ်ကျေတန်းကျေ ပြောရင်း ပြန် လှည့်ထွက် လာခဲ့တော့သည် ။
••••• ••••• •••••
ခဏအကြာ ကိုဘခက် ထမင်း စားပြီး ပြန် ထွက်သွား တော့ မှ သူ အနည်းငယ် စိတ် ပြေကာ ညှပ်လက်စ အထည် ကို ပြန် ကိုင်ရန် ပြင်ဆင်ရင်း မှ ကလေး နှစ်ယောက် ကို သတိရ သွားကာ ဟိုသည် ကြည့်ရင်း လိုက်ရှာ နေ မိသည် ။ စောစော က တော့ အိမ်ရှေ့ခန်း တွင် နှစ်ယောက် ဆော့နေကြသေးသည် ။ ဘယ် ရောက်သွားပါလိမ့် ဟု အခန်းတွင်း ဝင် ကြည့်မိရာ သူ ခေါင်းနပန်း ကြီး သွားပြီး အလန့်တကြား အော် လိုက်မိ တော့သည် ။ အိပ်ရာ ပေါ် တွင် စောင် ခြုံ၍ ကစား နေကြပုံ မှာ ကလေး ကစား ပုံ နှင့် မတူချေ ။
“ ဟဲ့ .. ဘာ လုပ်နေကြတာလဲ ”
“ ကူကူး ဘာ လုပ်နေကြတာလဲ ဟင် ”
“ ဇော်ဇော် ခု ထွက်သွား ငါ့ အိမ် ထဲ က ခု ထွက်သွား ”
သူ အသံကုန် အော်ဟစ်ရင်း ဇော်ဇော် ကို ဆောင့်တွန်း ပစ် လိုက်မိသည် ။ သူ လည်း သမီး ကို ဆွဲ ထူကာ ဘောင်းဘီ ပြန် ဝတ်ပေးပြီး စိတ်ရှိ လက်ရှိ ရိုက်ပစ်လိုက် မိတော့သည် ။ ဇော်ဇော် လည်း ကြောက်လန့်တကြား လဲ နေရာမှ ထ ကာ သူ့ အိမ်ခန်း ဘက် သို့ ပြေး သွားတော့သည် ။ သူ လည်း သမီး ကို ရိုက်ပြီးမှ အတင်း ဖက်ကာ ငို နေမိတော့သည် ။ သမီးလေး က တော့ ဘာမှ မသိသလို
“ မေမေ ကူကူး နာတယ် မေမေ ၊ မေမေ မငိုနဲ့ နော် ” ဟု ဆိုကာ သူ့ ကို နားမလည် သလို ကြည့် နေသည် ။
သူ နေ့စဉ် နှင့် အမျှ စိုးရိမ် ပူပန်နေခဲ့သည် မှာ လည်း ဤ အကြောင်းပင် ။ ထို့ကြောင့် သမီးလေး ကို မျက်စေ့ အောက် မှအပျောက် မခံ ဂရုတစိုက် ဖြင့် ကြည့်နေ သည့် ကြား က ဖြစ်ရလေခြင်း ဟု ယူကြုံးမရ ဖြစ်နေရသည် ။ သူ တစ်စုံတစ်ခု ကို တွေးမိ ကာ ထိတ်ထိတ်ပျာပျာ ဖြင့်
“ သမီးလေး ခုလိုမျိုး ဘယ်နှစ်ခါ ကစား ပြီးပြီလည်း ဟင် ”
သမီး က နားမလည် သလို မျက်လုံးပြူး ဖြင့် မော့ ကြည့်ကာ
“ ကူကူး မကစားတော့ဘူး မေမေ ”
“ ကူကူး မကစားတော့ဘူး နော် ”
သူ့ မေးခွန်း ကို သမီးလေး နားလည်သည် လား နားမလည်သည် လား မသိ ရောထွေး၍ ဖြေသည် ။ သမီး က “ ကူကူး တို့ ခဏခဏ ကစားကြတယ် မေမေ ဟု ” ဖြေခဲ့ လျှင် ...
••••• ••••• •••••
ကိုယ့် မျက်စိ အောက် တွင် ပင် ကြီးပြင်းလာသော ၊ ကိုယ့် တူသား သဖွယ် ချစ်ခင်ခဲ့ရသော ၊ ကိုယ်တိုင် လည်း ပြုစုယုယခဲ့ဖူးသော ဇော်ဇော် ၏ လုပ်ရပ် ကို ရင့်ရင့်သီးသီး စကားလုံများ ဖြင့် ပုဒ်မ မတပ်လို သော် လည်း ဒါ ကလေးချင်း ရိုးရိုးသားသား ကစားတာပါ လို့ တော့ သူ ဖြေလျော့ မတွေးပေးချင်ပါ ။
ကိုဘခက် ပြန်လာ လျှင် ဇော်ဇော်လေး ၏ လုပ်ရ ပ်ကို တိုင်လိုက်ရမည် လား ။ သို့မဟုတ် ယခု ကိစ္စ အတွက် အရေးယူ ပေးပါလို့ ဘယ်နေရာ မှာ တိုင်ကြားရမည် လဲ ။ ကလေးချင်း ဖြစ်သော ယခုလို ဖြစ်ရပ် အတွက် ဥပဒေ ရှိလား ၊ မရှိလား သူ မသိပါ ။ ကိုဘခက် ၏ အကြည့် စူးစူးများ အတွက် ရော ဘယ်သူ့ ကို ပြောပြရမည် လဲ ။ ဘယ်လိုမှ သူတို့ သားမိ အတွက် ရလဒ်ကောင်း မထွက်နိုင်ပါ ။ ပြီးခဲ့ပြီးသည့် ဖြစ်ရပ် ကို မည်သူ့ကို မှ လည်း ဖွင့်ဟ မနေချင်တော့ ။ ယခု အချိန် တွင် သားမိ နှစ်ယောက် အတွက် လုံခြုံမှု ရှိဖို့ ပို အရေးကြီး နေပေပြီ ။
သူ ဘာ လုပ်ရမည်နည်း ။ အိမ် မငှားတော့ဘူး ဆိုလျှင် တော့ အသုံးစားရိတ် ကို စစ်စစ်စီစီ ခြွေတာလို့ ရ နိုင်ပါသည် ။ မီးမထွက် သေးသည့် မခင်သန်း မျက်နှာ ကို မြင်ယောင်ရင်း ကလေးငယ်လေး တဖက် နှင့် ပြောင်းရရွှေ့ရမည့် ဒုက္ခများ နှင့် သောက များမည် ကို မိန်းမသားချင်း ကိုယ်ချင်း စာ မိသော်လည်း မတတ်နိုင်ပါ ။
သို့သော် သူတို့ သားမိ နှစ်ယောက် ၏ ဘဝ မှာ ကိုဘခက် တို့ သားအဖ အနား မှာ မရှိရုံ နှင့် လုံခြုံမှာ သေချာရဲ့လား မသိနိုင်ပါ ။ နောက်ထပ် ယခုလို ဖြစ်ရပ်မျိုး မကြုံစေရန် သမီး ကို ယခုထက် ပို၍ စောင့်ရှောက်နိုင်ဖို့ သူ ပို ဂရုစိုက်ရပါမည် ။ ယခုမှ အမေ ပြောသွားသည့် မိဘညီကို မောင်နှမများ ၏ စောင့်ရှောက်မှု ကို လျစ်လျူရှုခဲ့မိခြင်း အပေါ် ကြီးစွာ နောင်တ ရလျက် ရှိနေသည် ။ မိဘ ရင်ခွင် ညီကိုမောင်နှမများ ၏ အရိပ်အာဝါသ ကို တန်ဖိုး ထားရမည် ကို သဘောပေါက် နားလည်လျက် သူ ရွာ ပြန် ပါတော့မည် ။ သူ ချက်ချင်းပင် ထ ကာ ကပ်ထူ စက္ကူ ပေါ် တွင် ဆော့ပင် နှင့် တစ်စုံတစ်ခု ကို ရေးခြစ်ကာ ခြံတံခါးဝ တွင် ချိတ်ထား လိုက်ပါတော့သည် ။
◾မြခွာညို
📖 တစ်ယောက် တစ်ဘဝ ( ၂ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment