Monday, November 20, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၃ )


 ပဲခူးမြို့ အဝင် စားသောက်ဆိုင် တစ်ဆိုင် တွင် လူများ သတင်း တစ်ခု ကို ပြော နေကြ၏ ။သတင်း မှာ ကား တစ်စီး မြို့ပြင် လမ်း တစ်နေရာ တွင် ဘရိတ် ပေါက် ပြီး လမ်းဘေး ထိုးကျ သွား သည် ဟု ပင် ။ ခရီးသည် တစ်ဦး တစ်ယောက် မှ ဒဏ်ရာ အနာတရ ရရှိခြင်း မရှိကြောင်း နှင့် ယာဉ်မောင်း ကို လည်း ဥပဒေ အရ အရေးယူ ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း အကျယ်တဝင့် ပြောဆို နေကြလေသည် ။ ထို ကား မှာ ခရီးသည် တင် ဘတ်စ်ကား ဖြစ်သည် ။


“ တောက် ... အမှန်ဆို အဲဒါ ငါတို့ ကား ဖြစ်နေရမှာ နော် ဘောက်ထော် ”


သူမ က အအေးခွက် ကို ပင် မသောက်သေး ဘဲ မကျေမနပ် ပြောသည် ။ သူ တုန်တုန်ရီရီ နှင့် အရှေ့ မှ အအေးဖန်ခွက် ကို ဆွဲယူ လိုက်သည် ။


“ ဟာ ... ဘာလို့ ဖြစ်ရမှာလဲ ... ဖွဟဲ့ လွဲပါစေ ပယ်ပါစေ ”


သူမ မျက်စောင်း ထိုး၍ ကြည့်သည် ။ ပြီးနောက် နှုတ်ခမ်း ကို မဲ့ ပြီး ...


“ ယောက်ျား ဖြစ်ပြီး ဘာဖြစ်လို့ ဒီလောက် အားငယ် နေရတာလဲ .. နင့် ပုံ ကြည့် ရတာ အား ကို မရဘူး ... မျက်နှာ ကို က တစ္ဆေ ကို ရေခဲ ရိုက်ပြီး ထုံး ဖြူး ထား သလို ကြီး ”


သူမ က သူ့ ကို ငယ်ပေါင်း ကြီးဖော် လို ပဲ ခပ်တည်တည် ပြောနေသည် ။ သူ က သာ ရှက်ကိုးရှက်ကန်း နှင့် ...


“ ဒါ .. ဒါတော့ဟာ ”


“ ဘာလဲ အကြောက် လွန် သွားတာ မဟုတ်လား ”


သူမ စကား ကြောင့် သူ အရှက်ပြေ ခေါင်း ကုပ် လိုက်သည် ။


“ အဟီး ... ခင်ဗျား က တစ်အား နောက်တာ ကို ”


သူမ ဖျပ်ခနဲ လှည့် ကြည့် ပြန်သည် ။ ပြီးနောက် မျက်နှာမာ နှင့် ...


“ နောက်တာ မဟုတ်ဘူး. . တကယ် လုပ်တာ.. နင့် ပုံ က ကြွက်စုပ် လည်မျို ညှစ်ပြီး ရေ နှစ် ထားတဲ့ ပုံစံမျိုး ဖြစ်နေလို့ သနား သွားတာ ... တောက် .. နောက် မဟုတ်ရင် နှစ်ယောက် လုံး ပွဲချင်း ပြီး နေလောက်ပြီ .. ဟုတ်တယ်နော ”


သူ့ ဖာသာ သူ ပြော ချင်ရာ ပြောပြီး သူ့ ဘက် အဖော် လှည့် ညှိ သေး၏ ။ ဒါကို သူ က ချိနဲ့ ဖျော့တော့ နှင့် အရှေ့ က ဖန်ခွက် ကို ကိုင် ကာ ...


“ ပိုးစိုးပက်စက် မဖြစ်တာပဲ ကျေးဇူး ကြီးလှပါပြီ ဟာ ... နောက်ပြီး ဟိုလေ ... ဒါမျိုး က အဖန်ငါး ရာ ငါးကမ္ဘာ ...”


“ တော်စမ်းပါ ”


စားပွဲခုံ ကို “ ဝုန်း ” ခနဲ ထု ပြီးပြော လိုက်သောကြောင့် စားပွဲ ပေါ် မှ ဖန်ခွက်များ ခုန်ပျံ တက် သွားသည် ။ ဘေးနား ဝိုင်းများ က လူများ ခုန ယာဉ်တိုက်မှု အကြောင်း ပြောနေရာ မှ သူတို့ကို ဝေ့ ကြည့် ကြသည် ။ သူတို့ ကို စိတ်ဝင်တစား ကြည့် နေသောကြောင့် သူ ပျာပျာသလဲ ဖြစ် သွားပြီး ...


“ ဖြည်းဖြည်း လုပ်ပါဟ အားလုံး ဝိုင်း ကြည့် နေကြပြီ ”


သူ့ စကား ကို သူမ က ဂရု မစိုက် ။ ဒူး နှံ့ ၍ အအေးပိုက် ကို ဆွဲ ယူ ပြီး အအေး သောက် နေ လိုက်သည် ။ အအေး ထက်ဝက် ခန့် ကျိုး မှ ..


“ ဒီမှာ ကြည့်စမ်း ”


သူ ကြည့်မိသည် ။ အတော် လှတဲ့ မိန်းကလေး ပဲ ဟု မှတ်ချက် ချ မိ၏ ။


“ ငါ ရုပ်ဆိုးလား ”


“ ဘာ ”


စဉ်းစား နေသည့် အကြောင်း ကို ရုတ်တရက် ဖြတ် မေးတော့ ကြောင် သွားမိသည် ။ ဒါကို သူမ က စားပွဲခုံ ကို လက် နဲ့ ပုတ် ကာ မျက်နှာ ကို ပြီတီတီ ပြုံးပြီး  ...


“ ငါ ရုပ်ဆိုးလား လို့ ”


“ ဟိုလေ .. ”


သူ စကား ကို ထပ် မဆက်ဘဲ စဉ်းစား နေ လိုက်သည် ။ ပြီးမှ ..


“ ဟို ... ဘယ်လို ပြောမလဲပေါ့နော် ... မဆိုးဘူးပေါ့ နော် ... မဆိုးတာ ထက် ကို ပေါ့ နော် .. အဟင်း .. အဟင်းပေါ့ နော့် ... လှတဲ့ ဘက် ကို ပါတယ် ပေါ့ .. နော့် ... အဲဒီလို  ... အဟဲ ပေါ့ ”


ကောင်မလေး ရုပ် ချက်ချင်း ပြန် တည် သွားသည် ။ နောက် သူ့ ကို ခပ်တည်တည် ပြန် ကြည့်သည် ။


“ နင် တကယ် ပြောတာ နော် ”


သူ ခေါင်း ကို ခပ်မြန်မြန် ညိတ်ပြ လိုက်သည် ။ သူ့ အဖြေ လည်း ကြား ရော ကောင်မလေး မျက်လုံး တွင် မျက်ရည်များ ဝိုင်း တက် လာသည် ။ တယ်လည်း မျက်ရည် လွယ် တဲ့အမျိုး ပဲ ... ။ နောက် ထို မျက်ရည်တွေ ကို လက်ခုံ နှင့် ပင့် သုတ် လိုက်ပြီး ။


“ အဟင့်  ... ဒါနဲ့များ တောင် သူ က ကျွန်မ ကို ပစ်သွားရက်တယ်  ... ဟီး ... ကျွန်မ ရုပ်ဆိုးလို့ သူ ပစ်သွားတယ် ဆို ခံနိုင်သေးတယ် ... အဟစ် ... အဟစ် ”


ဟု ဆို၍ သူ့ ဘက် လှည့် ပြီး ...


“ ကျွန်မ က ချောတယ် နော် ”


ခပ်တည်တည် လှည့် မေး၏ ။ သူ လည်း ယောင်တောင်တောင် နဲ့ ခေါင်း ညိတ် ကာ ...


“ ဟုတ် ... ဟုတ်ကဲ့ ... ချောပါတယ် ”


“ ငို ရင် ရော လှလား ”


“ ဟင် ”


“ ငို ရင်ရော လှလား လို့ ”


ကောင်မလေး စိတ် မ ရှည်စွာ စားပွဲခုံ ကို ပုတ်ပြီး မေး၏ ။ သူ လည်း ပြီး ပြီး ရော သဘောဖြင့် ခေါင်း ကို ခပ်မြန်မြန် ညိတ် လိုက်သည် ။


“ ဟုတ် ... အဲ ... လှပါတယ် ”


သူ့ စကား လည်း ကြား ရော ကောင်မလေး မျက်နှာ ချက်ချင်း ပြန် မဲ့ တက် သွားပြီး ...


“ အေးလေ ... လှရဲ့ သား နဲ့ ဟာကို ... သူ က ... သူ က ... ဝါး .. ဝါး ”


သူ ဘာ မှ ပြန် မပြောနိုင်ခင် သူမ က သံကုန်ခြစ် ငို၏ ။ သူမအသံ ပြဲကြီး နဲ့ ငိုတော့ အားလုံးက လည်း သူတို့ ကို တအံ့တဩ ဝေ့ ကြည့် ကြပြန်သည် ။ သူမ အငို မတိတ်ဘဲ  ...


“ ကျွန်မ လှတာ ... လူ မပြောနဲ့ ရှင် တောင် သိတယ် ”


အင်း ... သူမ ပြောမှ သူ့ ကိုယ် သူ ဘယ် ဘဝ ရောက်သွားမှန်း မသိဘူး ။


“ ဟီး ... ဒါကိုတောင် သူ က ... သူ က ... ရှု ... တခြား တစ်ယောက် နဲ့  ... အဟင့် ဟီး ... ဝါး ”


“ ဟေ့ဟေ့ မငိုနဲ့လေ ”


သူ တား မရတော့ ။ မျက်ရည်တွေ က အတောင့်လိုက်ကြီး ကျ နေပြီ ။ ဆိုင် တွင်း ရှိ လူများ အားလုံး ခဏ မှင်သက် ကုန်ပြီး သူတို့ ကို သာ အထူးအဆန်း သဖွယ် ဝိုင်း ကြည့် နေတော့၏ ။


“ ဟေ့ ... တော်တော့လေ .. အားလုံး ဝိုင်း ကြည့် နေကြပြီ ရှက်စရာကြီး ”


သူ့ စကား ကိုကောင်မလေး က အငို မတိတ်ဘဲ ။


“ ကြည့် ကြည့်ပေါ့ ... ကိုယ့် ခံစားချက် နဲ့ ကိုယ် ငိုတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ... ငိုမှာပဲ ... ဟီးဟီ ... ကျွန်မ သိပ် ဝမ်းနည်းတယ် သိလား ... ငိုရင် တောင် လှတာကို ... အဲဒါ နဲ့တောင် ရက်ရက်စက်စက် ပစ် သွားရက်တယ် ကျွန်မ နေဘူး ... ကျွန်မ အခု သေမယ် ... အခု သေမယ် ”


ဟု ဆို၍ သူ့ အိတ် ထဲ မှ ဆေးပုလင်း တစ်လုံး အား ဆွဲ ထုတ်၍ မျက်နှာချင်း ဆိုင် ပြန် လှည့်ကာ ...


“ ဟောဒီမှာ တွေ့လား ... ဒါ အိပ်ဆေးတွေ ”


ဟု ဆို၍ ဆေးများ ကို ရေတွက် ကာ သူ့ ဘက် တစ်ပုံ လှမ်းပေး လိုက်သည် ။


“ ရော့ ... ရှင် တစ်ပုံ သောက် ... ကျွန်မ တစ်ပုံ သောက်မယ် ရှင် အရင် သောက် ”


ကောင်မလေး စကား ကြောင့် သူ လန့် သွားသည် ။ ဘယ့်နှယ် အိပ်ဆေး ကို သူ တစ်ပုံ ကိုယ် တစ်ပုံ သောက်ရမယ် တဲ့ ။ မသောက်နိုင်ဘူး ။ ကိုယ် က သေချင်သူ မှ မဟုတ်ဘဲ ။ ထို့ကြောင့် ... ။


“ အို ... ကျုပ် က ဘာလို့ သောက်ရမှာလဲ ... ခင်ဗျား ဟာ ခင်များ သေချင် ရင် သောက် ကျုပ် က အေးရာအေးကြောင်း ...”


ဟု ဆို၍ အိပ်ဆေးပုံ ကို သူ့ ဘက်ပြန် ထိုး ပေး လိုက်သည် ။ ဒါကို သူမ က လည်း သူ့ ဘက် အတင်း ပြန် ထိုးပေး ကာ ...


“ လုပ်ပါဟ ... ငါ တစ်ယောက် တည်း မသေရဲလို့ပါ ... သောက်လိုက်ပါ ... နှစ်ယောက် အတူတူ သေရအောင် လေ  ... နော် ... ဟိုဘဝ ရောက်လို့ ငါ ကောင်းစား ရင် နင့် ကို မမေ့ပါဘူး ”


“ ဟင့်အင်း ... ဟင့် ... သူ့ ဖာ သူ ကောင်းစား မကောင်းစား .. သိချင်ဘူး ... ဒီ ဘဝ မှာ ပဲ ပျော်တယ် ... အင်း ... သောက်ဘူး ... သေချင်ဘူး ... ဘာလို့ အတူတူ သေ ရမှာလဲ ... သူ နဲ့ လည်း ဘယ်တုန်းက မှ ဘယ်လောက် မှ မခင်ဘူးဘဲ နဲ့ ”


အိပ်ဆေးပုံ ကို ပြန် ထိုး ပေး ရင်း သူ အကြောက်အကန် ငြင်းဆန် သည် ။ သူမ ချက်ချင်း မျက်နှာထား ပြင် လိုက်သည် ။


“ နင် ငါ့ ကို မခင်ဘူးလား ”


“ ခင်ဘူး ... ”


သူ ခေါင်း ကို ခပ်သွက်သွက် ခါ သည် ။ ဟုတ်တယ်လေ ။ ဘာလို့ ခင်ရမှာ လဲ အခုမှ တွေ့ဖူး အခု ဒုက္ခ ပေးနေတဲ့ ဟာ ကို ။ သူ တစ်ဖက် လှည့် နေ လိုက်သည် ။ ထိုတော့ မှ ငတိမ က အိပ်ဆေးများ ကို ဗူး ထဲ ပြန် ထည့် လိုက်သည် ။


“ မခင်ရင် နေခဲ့တော့ ”


“ ဟ ... ဘယ်တုံး ”


“ နင် မှ ငါ နဲ့ အတူ မသေရဲတာ ... ဒါကြောင့် အတူ သေရဲ တဲ့ နောက် တစ်ယောက် ညလုံးပေါက် လိုက် ရှာရဦး မှာ ... ကဲ သွားပြီ ”


ဟု ဆို၍ ဘောက်ဘတ် ဘောက်ဘတ် နဲ့ ဆိုင် အပြင် သို့ ထွက်ချ သွားတော့ ၏ ။ ထိုတော့မှ သူ လည်း သတိရ သွားပြီး  ...


“ ဟေ့ ဟေ့ .. နေဦးလေ ... ပြန် လိုက်မယ်လေ .. ငါ ပြန် လိုက်မယ် ”


ဟု အော်ရင်း ဆိုင် အပြင်ဘက် ကို ပြေးထွက် လိုက်သည် ။ အပြင် ရောက် တော့ သူမ က ကား ကို တောင် ပြန် ကွေ့ ပြီး နေပြီ ။ သူ့ ကို လည်း မြင် ရော တည့်တည့်ကြီး မောင်း ချ လာရာ သူ ပုံပျက်ပန်းပျက် နဲ့ ပွတ်ခါသီကာ ရှောင် လိုက်သည် ။ သူမ က တော့ ...


“ တာ့ တာ .. ”


ဟု ဆိုပြီး ကား ကို ဒလကြမ်း မောင်း ထွက် သွား လေတော့သည် ။


“ ဟာ .. ဟေ့ဟေ့ ... နေဦးလေ ... နေဦး ”


သူ ၏ အသံ ။ ကောင်မလေး ကားကို မီးခိုး အူ နေ အောင် မောင်းထွက် သွားတော့၏ ။ သွားပြီ ။ တကယ် သွားပြီ ။ တကယ့် ကို သွားပြီ ။ ဘာမှ မတတ်နိုင်တော့ ။ ဒီအတိုင်း လမ်း မှာ ရပ်နေရုံ အပြင် ဘာမှ မရှိတော့ ။ ဘေးဘီ ဝေ့ ကြည့်သည် ။ လမ်း ပေါ် မှာ ကိုယ် တစ်ယောက် တည်း ။


“ တောက် ... ငါ့ လို ကောင်မျိုး ရာဇဝင် ထဲ တောင် ရှိပါ့မလား မသိဘူး ... ဘောက်ထော် ပြန်တာ ပဲခူး ရောက်ရတယ် လို့ ”


စဉ်းစား လေ အသည်း နာ လေ ဖြစ်နေမိ၏ ။ ဖြတ်သွား ဖြတ်လာ ကား က ခေါင်းပါးဆဲ ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment