Thursday, November 23, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၉ )


 အခန့်သင့် ပင် သူ ခြံဝ ရောက် တော့ ခြံ ထဲ တွင် စိတ်အေးချမ်းသာစွာ ထိုင်နေသော ဟို စုံတွဲ ကို တွေ့ရသည် ။ သူ ဣန္ဒြေ ကို ထိန်း၍ ခပ်တည်တည် နဲ့ လှမ်း ခေါ် လိုက်သည် ။


“ ချွတ်ချွတ် ချွတ်ချွတ် ...”


သူ့ အသံ ကြားတော့ နှစ်ယောက်လုံး ဝေ့ ကြည့် ကြသည် ။ သူတို့ တစ်ခါမှ မမြင်ဖူးသူ ဖြစ်၍ ထင့် ။ နှစ်ယောက်လုံး အံ့အား သင့် နေကြ သည် ။ ပြီးတော့ ဘာလဲ ဟူသော ပုံစံမျိုး နှင့် မေးငေါ့ ကြသည် ။ သူ က ဒီကို လာရန် လက် လှမ်း ပြ လိုက်သည် ။


ဟို နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ ထ လာကြသည် ။


“ ဘာ ကိစ္စလဲ မသိဘူး နော် ”


အမျိုးသား က နူးညံ့စွာ မေးသည် ။ အမျိုးသမီး က သူ့ ကို ခပ်ကြာကြာ ငေးကြည့် နေသည် ။ သူ ဘာမှ မပြောဘဲ အိတ်ကပ်ထဲ ထည့်ယူ လာသော သူမ ၏ စာ ကို ဆွဲထုတ် ပေး လိုက်သည် ။


“ ရော့ ... ”


နှစ်ယောက်လုံး မျက်မှောင်ကြုတ် သွားကြသည် ။


“ ဘာ စာလဲ ဟင် ”


အမျိုးသမီး က ဇဝေဇဝါ မေးသည် ။ သူ က ခပ်တည်တည် ပင် ... 


“ ရည်းစားစာ လေ ”


“ ဟင် ”


“ အို ”


နှစ်ယောက်လုံး အံ့အားသင့် သွားကြသည် ။ နောက် တစ်ယောက် မျက်နှာ ကို တစ်ယောက် ပြန် ကြည့် သည် ။ သူတို့ စိတ်ထဲ မယုံနိုင်စရာ ဖြစ် နေပုံ ရ၏ ။ အတန်ကြာ မှ အမျိုးသမီး က  .. 


“ ဘယ်သူ့ ကို ပေးတာလဲ ”


သူ လည်း ခပ်တည်တည် ပင် အမျိုးသား ကို လက်ညှိုး ညွှန် ၍  ... 


“ သူ့ ကို ပေးတာ ”


“ ဟာ ”


နှစ်ယောက်လုံး တစ်ယောက် မျက်နှာ တစ်ယောက် ပြန် ကြည့်လိုက် သူ့ ကို ကြည့်လိုက် ဖြစ်နေသည် ။ အမျိုးသား က မသင်္ကာနိုင်စွာ သူ့ ကို ခြေဆုံးခေါင်းဆုံး ကြည့် ၍ ...


“ ခင်ဗျား က ကျုပ် ကို ပေးတာ ”


သူ ခပ်တည်တည် ခေါင်းညိတ် ရင်း  ...


“ ဟုတ်တယ် ”


“ ဟာ ”


“ အလို ”


ယောက်ျား အချင်းချင်း ရည်းစားစာ ပေးတာ ဆိုတော့ အံ့အားသင့် သွား ပုံရ၏ ။ ထိုတော့မှ သူ လည်း သတိရ သွားပြီး ...


“ အဲ ... မဟုတ်ဘူး ... တစ်ယောက် က ပေးခိုင်း လိုက်တာ ”


နှစ်ယောက်လုံး တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်ကြ သည် ။ နောက်မှ အမျိုးသမီး က ... 


“ ဘယ်သူ ပေးခိုင်းတာလဲ ”  


“ မေထူးချွန် ... ”


“ ဟင် ”


“ ဟာ ”


အမျိုးသား မျက်နှာ ပျက်သွား၏ ။ အမျိုးသမီး ၏ မျက်နှာ ပေါ် ဒေါသရိပ် များ သန်း လာ၏ ။


“ ကိုမျိုးမြင့်ထွန်း ... ရှင် ... ရှင် ဒီအမျိုးသမီး နဲ့ ဘာ ဆက် ရှုပ်နေတာလဲ ”


အမျိုးသမီး ၏ စကား ကြောင့် မျိုးမြင့်ထွန်း ဆိုသော လူ လန့် သွား ပြီး ...


“ ဟာ ... မဟုတ် ... မရှုပ် ”


သူ့ စကား မဆုံးမီ အမျိုးသမီး က ခါး ပေါ် လက် တင်ပြီး ...


“ ရှင် မရှုပ်ရင် ဒီ စာ က ဘယ်လို ရောက် လာတာလည်း ... ပေးစမ်း ဒီ စာ ”


ဟု ဆို၍ သူ့ လက် ထဲ က စာ ကို ဆွဲယူ ပြီး ...


“ ကဲဟာ ဒီလောက် ဖြစ်လှတာ ”


“ ဗြိ ... ဗြိ ”


“ အင်းဟာ .. ကဲ .. ကဲ ”


စာရွက် က ထို အမျိုးသမီး ၏ လက်ထဲ တစ်စစီ ဖြစ်သွား၏ ။ နောက် အမျိုးသမီး က သူ့ ဘက် လှည့် ၍ ...


“ အဲဒီ မေထူးချွန် ဆိုတဲ့ အမျိုးသမီး ကို ပြောလိုက် ... နောင် ... ကိုမျိုးမြင့်ထွန်း နဲ့ လုံးဝ မပတ်သက် မဆက်သွယ်ပါနဲ့ လို့ ”


ဟု ဆိုပြီး အိမ် ထဲ သို့ ဘောက်ဆတ် ဘောက်ဆတ် နဲ့ လှည့် ဝင်သွား လေသည် ။ ထိုတော့မှ မျိုးမြင့်ထွန်း က ပါ မျက်လုံးပြူး သွားပြီး ... 


“ ဟာ ... သက်သက်ဇင် .. နေ ... နေ ... နေဦးလေ ”


ဟု ဆိုပြီး အမျိုးသမီး နောက် ပြေး လိုက်သွားသည် ။ သူ့ ကို ပင် လှည့် မကြည့် တော့ ။


ယခုတော့ ခြံပေါက်ဝ တွင် သူ တစ်ယောက် တည်း ငေါင်စင်းစင်း ယောင်လည်လည် နဲ့ ဘာ လုပ်ရမှန်း မသိတော့ ။ သူ ရှေ့ မှာ တော့ အစိတ်စိတ် အမြွှာမြွှာ ပြန့်ကျဲ နေသော ပန်းနုရောင် စာရွက် အပိုင်းအစ များ ။


ထို စာရွက် အပိုင်းအစများ ထဲမှ မျက်ရည်စို နေသော ‘ ကို ’ ဆိုသည့် စာလုံး လေး လေ အဝိုက် တွင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေသည် ကို မြင် ဖြစ် အောင် မြင်မိ သေးသည် ။ ရှုံး ပေါ့ မျက်ရည် တစ်စက် ။


“ ဘယ်လိုလဲ .. ဘယ်လိုလဲ .. ငါ့ စာ ကို သူ ယူလိုက် တယ် မဟုတ်လား သူ ယူလိုက်တယ် မဟုတ်လား ”


အလောတကြီး မေးသော သူမ ကို သူ ငေးကြည့် နေမိသည် ။


သူမ က ပဲ ဆက်၍ ...


“ ဟဲ့ ... မေးနေတယ် လေ ... နင် နားလေး နေလား ... စာ ကို သူ ယူလိုက်တယ် မဟုတ်လားလို့ ”


သူ သက်ပြင်း ချ မိသည် ။ နောက် လေသံ တိုးတိုး ဖြင့် သာ ... 


“ အေးပါ.. ယူလိုက်ပါတယ် ဟာ ”


“ ဟယ် .. ”


သူမ မျက်ဝန်း မှ ရောင်နီများ ဖြာ သွားသည် ။ ပြီးနောက် နှစ်လိုဖွယ် ပြုံးပြီး


“ ဝမ်းသာ လိုက်တာ ဟယ်... ဒီလိုပဲ ဖြစ်ရမှာပေါ့ ... ဟဲဟဲ ”


မုတ်ဆိတ်မွှေး မရှိ ပါ ပဲ သူ့ မေး ကို သူ မုတ်ဆိတ် ဆွဲ သလိုမျိုး လုပ်နေသည် ။


“ ဟဲ့ .. ဘောက်ထော် ”


သူ့ နာမည် မဟုတ်ပေမယ့် သူမ ကို ဝေ့ ကြည့်သည် ။


“ နင် မယုံရင် ကြည့်နေ အဲဒီ စာ ကို ဖတ်ပြီး သူ မကြာခင် ငါ့ ကို ပြန် ဆက်သွယ် မှာ .. ဘာလို့လဲ ဆိုတော့ ငါ့ စာ က လွမ်းလွမ်းဆွေးဆွေး ရင်ကွဲနာ အပြည့် နဲ့ ပေးထားတာလေး ... ဟဲဟဲ ... သိတယ်မဟုတ် လား ”


မရှိတဲ့ မုတ်ဆိတ် ကို ဆွဲနေတာ ဆိတ်သိုးကြီး ကျ နေတာပဲ ။ သူမ ကို ကြည့်ပြီး သူ့ မှာ ရယ်ရ မလို ငိုရ မလို သနားရ မလို ဖြစ်နေမိသည် ။ သူ့ စာ ကို ဟိုက ဆွဲဆုပ် ပစ် လိုက်မှန်း သိရင် သူမ မည်သို့ နေမည်နည်း ...  ။ သူ မစဉ်းစား တတ်တော့ ။


“ ကဲ ... ဘောက်ထော် ... နင့် ကို ငါ အိမ်ပြန် ပို့ပေးမယ်.. လာ ကားပေါ် တက် ”


သူ ဘာမှ မပြောဘဲ ကား နောက်ခန်း ထဲ တက် ထိုင်လိုက်သည် ။ သူမ ကားကက်ဆက် ကို ကျယ်လောင်စွာ ဖွင့် လိုက်သည် ။


“ ရွှေရော ×× × ငွေရော × ×× ငါ ဆင်ပေးထားတာ x xx အဖေရော အမေရော ဝင်ဝင်နှိပ်စက်တာ x x x အခြေဂိုး အနေဂိုး နင်တို့ အမျိုးလား ကွာ နင့်အဖွား xxx နင့်အဘိုး xxx ဒီလိုအချိုးပဲလား xxx ”


မည်သူ ပါးချောင် နားချောင် နဲ့ ဆိုထားမှန်း မသိသော ထို သီချင်း ပင် ။ သူမ က သံသေးကြောင် နှင့် အကျယ်ကြီး လိုက် ဆိုသည် ။ ထို သီချင်း ကို သူ အလွန် ကြိုက် နှစ်သက်ပုံ ရ၏ ။


“ ဟဲ့ .. မသိလို့ မေးပါရစေဦး နင် က ဘာ အလုပ် လုပ်တာလဲ ... ” 


သူမ ကား ကို ခပ်ကြမ်းကြမ်း မောင်းရင်း မေးသည် ။


“ ငါလား ”


“ အေး ”


“ ငါ ဆေးရုံ က မေ့ဆေးဌာန မှာ လုပ်တာ ” 


“ မေ့ဆေးဌာန ”


“ အေး ”


သူမ စိတ်ဝင်စား သွားရော့ ထင့် ၊ ကား ကို အရှိန်လျှော့ လိုက်သည် ။ နောက် မျက်မှောင်ကြုတ် ၍ ...  


“ ဒါဆို ... နင့် အိမ် မှာ မေ့ဆေးတွေ အများကြီး ရှိမှာပေါ့ ” 


“ ရှိတာပေါ့ ... ပုရွက်ဆိတ် က နေ ဆင် တစ်ကောင်လုံး ကို အပ် သေးသေး နဲ့ ပစ်လိုက်ရုံ နဲ့ တုန်းခနဲ လဲသွား လောက်တဲ့ အဆိပ်မျိုးတွေ အစုံ ရှိတယ် ”


“ တကယ် ”


“ အေး ”


သူမ စိတ်ဝင်စား သွားပုံ ရသည် ။ ကား ဂီယာတံ ပေါ် လက် တစ်ဖက် တင်၍ ငြိမ် နေသည် ။ ဂီယာ ချိန်းသင့် နေပါလျက် နဲ့ မချိန်းဘဲ မေ့ဆေး အကြောင်း ပြောရင်း မေ့ နေပုံ ရသည် ။


“ နေပါဦး အဲဒီ ဆင် ပစ်ရင် တုန်းခနဲ လဲ တဲ့ မေ့ဆေး နဲ့ လူ ကို ပစ်ရင် ဘာ ဖြစ်မှာလဲ ”


သူမ ၏ ထူးထူးဆန်းဆန်း မေးခွန်းကြောင့် သူ တွေ နေမိသည် ။ နောက်မှ ...


“ အဲဒါတော့ ငါ လည်း မပစ်ဖူးတော့ ဘယ် သိမှာလဲ .. ဒါပေမယ့် ငါ ထင်တယ် ... အနည်းဆုံး နှစ်ရက်သုံးရက် လောက်တော့ ကောင်းကောင်း အိပ်ပျော် သွားမယ် ထင်တယ် ”


“ ဪ ”


သူမ ခေါင်း ကို ဖြည်းညင်းစွာ ညိတ်နေ၏ ။ အသေအချာ စဉ်းစား နေပုံ ရသည် ။ ဘာ စကားသံ မှ ထပ် ထွက် မလာ ။


“ မေထူးချွန် ညာဘက် ကို ကွေ့ လိုက် ”


“ ဟင် ... အင်းအင်း ”


ထိုတော့ မှ သူမ သတိ ပြန် ဝင်လာပုံ ရသည် ။ ဂီယာ ကို ချိန်းပြီး ကား ကို သူ ပြောသည့် အတိုင်း ကွေ့ ချလိုက်သည် ။ 


“ ရပြီ အဲဒီမှာ ပဲ ရပ်တော့ ”


သူမ ကားလေး ဖြည်းညင်းစွာ ထိုး ရပ် လိုက်သည် ။ 


“ ငါ့ အိမ် က ဟိုးမှာ တွေ့လား ... ” 


“ ဘယ်မှာလဲ ”


သူမ ကား ထဲ မှ နေ၍ ခေါင်းပြူ ကြည့်သည် ။


“ ဟိုမှာ ဆေးအနီ သုတ် ထားတဲ့ တတိယ ထပ် ”


“ အော် ... ဟိုဟာ လား ... ဝရန်တာ မှာ ထဘီ နှစ်ထည် လှန်း ထားတာ ”


သူမ စကား ကြောင့် သူ ရှက်ကိုးရှက်ကန်း ဖြင့် ... 


“ လုံချည်ပါ ဟာ ”


သူမ ရယ်ပါသည် ။ နောက် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ... 


“ ဒါနဲ့ ဖုန်းနံပတ် က ရော ”


သူ ပိုက်ဆံအိတ် ထဲ ဆောင်ထားသော သူ့ ဖုန်းကပ်လေး ကို ထုတ်ပေး လိုက်သည် ။


“ ဒါ က အိမ်ဖုန်း ၊ ဒါ က ရုံးဖုန်း ”


သူမ က ကဒ် ကို ဆွဲယူ လိုက်ပြီး ...


“ ရပြီ .. ရပြီ .. အိုကေ ”


ဟု ဆို၍ နှုတ်ပင် မဆက်ဘဲ ကား ကို ဝူးခနဲ မောင်းထွက် သွားသည် ။ သူ တစ်ယောက် တည်း ပလက်ဖောင်း ပေါ် မှာ အူကြောင်ကြောင် နဲ့ ကျန်ခဲ့ သည် ။ ကားကလေး ပျောက်သည် ထိ ငြိမ်သက်ငေးမော ရင်း ပေါ့ ။ 


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment