Monday, November 6, 2023

၅၂၈


 ❝ ၅၂၈ ❞


ဘမြင့် သည် ဖယောင်းတိုင် မီး တွင် ပက်လက် အိပ် လျက် စာ တစ်စောင် ကို ဖတ် နေ လေ၏ ။ ထို စာ သည် စိတ် ကို သိမ်းကျုံး ဆွဲငင် ထားဟန် တူ၏ ။ နား နား၌ “ တဝီ ... ဝီ ...” ပျံ နေသော ခြင် ကို ကာကွယ်ရန် မေ့လျော့ နေ လေ၏ ။ “ ငါ့ အဖေ က မင့် ကို မယုံဘူးကွ ၊ မင်း က လည်း လက်စွပ် ကို ခိုးထားတယ် ထင်နေတယ် ” ဟူသော စကားစု သည် အပ်စကြာ နှင့် တူ ပေ၏ ။ ထို အပ်စကြာ သည် ဘမြင့် ၏ အသည်းနှလုံး ကို ထိုးဆွ၍ နေ တော့သည် ။


ဘမြင့် ၏ ဉာဏ်မျက်စိ သည် တက္ကသိုလ်ကျောင်း သို့ ပြန်လည်၍ သွား လေသည် ။ မိမိ သည် တင်သိန်း ၏ လည်ပင်း ကို ဖက်လျက် ကျောင်းဆောင် ရှေ့ ၌ ထူထပ်သော မှောင်တိုက် ထဲ သို့ ဖြည်းဖြည်း လျှောက်သွား၏ ။ ထို ကျောင်းဆောင် ပေါ် မှ မျှော်ကြည့်သူများ သည် ရှပ်အင်္ကျီ ဖြူဖြူ နှစ်ထည် သွား နေသည် ကို သာ မြင်ရလေသည် ။ မိမိ က -


“ တင်သိန်း ရေ မင်း နှင့် ငါ နှင့် ပေါင်းသင်း ဆက်ဆံ လာကြတာ ဘယ်နှနှစ် ရှိပြီလဲ ”


တင်သိန်း သည် အခါတိုင်း လိုပင် အေးအေးလူလူ ဖြေ၏ ။


“ ငါးနှစ် ကျော်ရောပေါ့ကွာ ”


မိမိ က


“ ငါ ဟာ ဘယ်တော့မှ လိမ်လည် ကောက်ကျာ်ခြင်း မရှိဘူးနော် ”


တင်သိန်း သည် မိမိ ၏ ဖက်ထားသော လက် ကို ဆွဲပြီး


“ ဟေ့ကောင် ဘာတွေ ပြောနေတာလဲ ကွာ ၊ မင်း ဘယ်တော့ လိမ်လည်ဖူးတယ် လို့ ငါ ပြောလို့လဲ ”


မိမိ က “ ဪ .… မေးစရာ ရှိလို့ပါကွ ။ မင်း ငါ ပြောတဲ့စကား ယုံတယ် မဟုတ်လား ၊ ငါ့ ကို ယုံတယ် မဟုတ်လား ”


တင်သိန်း “ အောင်မာ လွမ်း နေလိုက်တာ ၊ ငါ က မင့် ကို ဘယ်တော့ မဆို ယုံသဗျာ ”


မိမိ ၏ လေး နေသော ရင် သည် ပေါ့ သွား သဖြင့် ခုန်စ ပြု လာလေ၏ ။


“ ဟေ့ …. တစ်နေ့ က မင်း အပေါင် ခိုင်းတဲ့ စိန်လက်စွပ်ကလေး ပျောက် သွားပြီ ”


တင်သိန်း သည် အေးမြဲ အေးသော လေ ဖြင့်


“ ဟုတ်လား ”


မိမိ က တင်သိန်း လည် ကို ပိုမို ကျပ်တည်းစွာ ဖက် လျက် 


“ ပျောက်တာ က ဒီလိုကွ ၊ မင့် လက်စွပ် ကို ငါ့လူ တစ်ယောက် သွား အပေါင်ခိုင်း ရော ကွ ၊ ရတဲ့ ငွေ မင့် ငါ အကုန် ပေးတယ် ။ မင်း က တစ်ဝက် ယူထားပါဦး ဆိုလို့ ငါ သိမ်း ထားတယ် ။ နောက် ငါ့ အိမ် က ငွေ လာတာနဲ့ ငါ အဲဒီ ငါ့ လူ ကို ပဲ အရွေး ခိုင်း လိုက်တာကိုး ကွ ၊ မင်း အတိုး သက်သာပါစေလိုတဲ့ စေတနာ နဲ့ ပေါ့လေ ၊ သည် ကောင် က ရွေးပြီး လက် မှာ ဝတ်ထားပြီး ဈေးဝယ် သတဲ့ကွ ။ အိမ် ရောက်တော့ လက်စွပ် ပျောက်လာတာ သိတော့တာ ပေါ့ ကွာ ၊ ငါ ဖြင့် သိပ် ကျပ် နေတာပဲ ။ ငါ့ မှာ ပေးစရာ ငွေ က လည်း မရှိဘူး တင်သိန်း ရ ၊ သည်ကောင် အလျော် တောင်းဖို့ကလည်း သည်ကောင် က အမွဲ ကွ ၊ အို ... ငါ ဘယ်လို လုပ်ရမယ် မသိဘူး ”


တင်သိန်း သည် မိမိ လက် ကို ဆွဲကာ -


“ မင်း ခိုင်းတဲ့ ကောင် က စိတ်ချ ယုံကြည်ရရဲ့လား ”


မိမိ က “ ငါ တော့ ယုံလို့ ခိုင်းတာပေါ့ကွာ ”


တင်သိန်း “ မင်း ယုံရင် ငါ လည်း ယုံတာပေါ့ကွာ ” ဟု ပြန် ဖြေသံကလေး သည် အချိန်တည်း ဟူသော နံရံ ကိုဖောက် ၍ ဘမြင့် နား တွင်း သို့ ဝင်လာသည် ဟု ထင်လေ၏ ။ ဘမြင့် သည် စာ ကိုင် ထားသော လက် နှစ်ဖက် ကို အောက် ချပြီး အိမ်မိုးကပ် ကို စိုက်ကြည့် နေလေ၏ ။ အပ်စကြာ သည် ၎င်း အသည်းနှလုံးများ ကို မွှန်း ပြန်၏ ။ “ သူငယ်ချင်း ရေ ၊ မင်း က ငါ့ ကို ဘယ်လောက် ယုံယုံ ၊ မင့် အဖေ က ငါ့ မယုံတော့ဘူး တဲ့ လား ။ မင်း က မင်း ၊ မင့် အဖေ က မင့် အဖေ ၊ မင်း ယုံပေမယ့် အဖေ က ယုံဖို့ မရှိဘူးပေါ့ နော် ။ သူငယ်ချင်း ငတင်သိန်း က သာ ငါ့ အပေါ် မှာ အထင် မလွဲပါနှင့် နော် ။ မင်း အထင် မလွဲရင် ငါ့ ကို ကမ္ဘာ တစ်ခုလုံး က အထင်လွဲ သော်လည်း မကြောက်ဘူးကွယ် ” ဟု ဘမြင့် သည် ရေရွတ် နေလေ၏ ။ နောက် သက်ပြင်းကြီး ချလေ၏ ။


ရှပ်အင်္ကျီ ဖြူဖြူ နှစ်ထည် သည် ချန်ချောခိုင် လှူ ထားသော ကျန်းမာရေးရုံ သို့ သွားကြလေ၏ ။ လောကဓာတ်ကြီး တစ်ခုလုံး မည်းမှောင် နေခိုက် ထို ရှပ်ဖြူ ကလေးများ သည် အလံ လွှင့် နေ သလို ထင်ရှား နေလေ၏ ။ ဘမြင့် နှင့် တင်သိန်း တို့သည် မြက်ပေါ် ၌ ထိုင်ကြလေ၏ ။ ကျန်းမာရေး ရုံတွင်း ၌ အင်္ဂလိပ်ကပြား အထီး အမများ သည် ဖောဌပ္ပါရုံ အက ဖြင့် မြူး နေကြသည် ကို မြင်ရ၏ ။ ဘမြင့် သည် စိတ် နောက်ကျိ သဖြင့် “ ကွာ ... ဒါတွေ မကြည့်ချင်ဘူး ၊ စိတ်ညစ်တယ် ” ဟု ပြောလေရာ တင်သိန်း က -


“ စိတ် မညစ်ပါနှင့် ကွာ ၊ မင်း ပျော်ပျော် နေစမ်းပါ ၊ ဒီ လက်စွပ် ပျောက်တာ မင့် အပြစ် မဟုတ်ပါဘူး ၊ ဘယ်အရာမျိုး မဆို အရင် စစ်ကြည့် ရတယ်ကွ ။ အရင် က ငါ မင့် ကို လက်စွပ် ဘယ်သူ အပေါင် ခိုင်းသလဲ ၊ ငါ အပေါင် ခိုင်းတယ် ၊ မင်း က တောင် မပေါင်ပါ နှင့် ပြောသေးတယ် ။ သည်တော့ ပျောက်ရတာ လည်း ငါ မိုက်လို့ ၊ ငါ့ ကိုယ် က ကြမ္မာ ငင်လို့ပဲကွာ ၊ မင့် အပြစ် မဟုတ်ဘူး ၊ စိတ်ရွှင်ရွှင် နေစမ်း ” ဟု ပြောပြီး ဖောဌပ္ပါအက ဆီ သို့ ကြည့် လေ၏ ။ ဘမြင့် က -


“ သည်လိုနှင့် မပြီးသေးဘူးကွ ။ မင့် အဖေ က လက်စွပ် ဘယ်မလဲ မေးရင် မင်း ဘယ်လို လုပ်မလဲ .. ဟင်း ၊ မင်း ကို အပြစ်တင် ကြိမ်းမောင်း မှာပေါ့ ” ဟု စိုးရိမ်ခန်း ဖော် ပြန်လေ၏ ။


“ ငါ ကြည့်ပြီး ပြော လိုက်ပါ့မယ် ကွာ ၊ ကိစ္စ မရှိဘူး ” ဟု တင်သိန်း က သက်သာလမ်း ရှာ ပေး လေ၏ ။


ဘမြင့် သည် ထိုသို့ ကောင်းရှာသော အဆွေကြီး တင်သိန်းနှင့် ထိုစဉ်က လည်ချင်း ဖက် ကာ ထိုင် နေကြသော အငွေ့ ကို ယခုအခါ ခံစားလေ ယောင်ယောင် ထင်မိ လာလေ၏ ။ ခေါင်မိုး ထုပ် ပေါ် ၌ ကြွက် တစ်ကောင် လျှောက်သွား လေ၏ ။ သူ သည် ကြွက် ကို မြင်ပြီး နောက် စာ ကို ဖတ် ပြန် လေ၏ ။


“ ငါ့ ကို မင်း လူမိုက် တဲ့ ၊ မင်း သာ ယုံပြီးတော့ မင့် သူငယ်ချင်း ဘမြင့် ထံ မှာ ကျွန်ခံချေ တဲ့ ၊ ငါတို့ မယုံဘူး တဲ့ ၊ ငါတို့ လက်စွပ် ပြန်ရအောင် တောင်းရ မတဲ့ ။ လျော်ကြေး တောင်းရ မတဲ့ ၊ ငါ က မဖြစ်နိုင်ဘူး ဆိုတော့ ငါ့ ကို ကြိမ်လုံးကြီး နှင့် ရိုက်တယ်ကွ ” ဆိုလျှင် ပင် အေးစက်စက် နှင့် တွေ နေသော တင်သိန်း အား ဝဝအဘိုးကြီး က ကြိမ်စာ ကျွေးနေသည် ကို ဘမြင့် သည် တွေးမြင်မိ လေ၏ ။


“ ငါ့ ကို သည်လို ရိုက်ပေမဲ့ ငါ က တောင်း မပေးဘူး သာ ပြောနေတာပဲ ၊ မဖြစ်နိုင်ဘူး လို့ ဘူးခံ နေတာပဲ ၊ သို့ပေမဲ့ သူ က လေ အကြံကောင်း ရ သွားတယ် ဟေ့ ။ မင်း တောင်းပေး ရင် ပေး ၊ မပေးရင် ဘမြင့် ဆီကို ကတိပျက်မှု နှင့် နို့တစ် ပေးရမတဲ့ ။ သူ့ မှာ ရှေ့နေ အမျိုး တစ်ယောက် ရှိတယ်ကွ ။ သူ့ ကို အားကိုးပေါ့ ကွ ။ ပြီးတော့ ကတိပျက်မှု နှင့် တရားစွဲ မတဲ့ကွာ ။ သည်တော့ ငါ မတတ်နိုင်တော့ဘူး ၊ ငါ့ အဖေ က ဇွတ်သမားကြီး ၊ တကယ် တရားစွဲ မှာ ။ အမှု နိုင်တာ ရှုံးတာ အပထား ၊ မင်း အရှက်ကွဲ မှာ ငါ စိုးတယ် ။ မင့် အကျင့်စာရိတ္တ ကို ထိခိုက် မှာ စိုးတယ် ။ သည်တော့ လည်း ငါ တောင်းပေးမယ် လို့ အာမခံ လိုက်ရတော့တာ ပေါ့ကွာ ။ ငွေ ရသမျှ ရှာပြီးတော့ လျော်ကြေး ပို့လိုက်ပါ နော် ၊ ငါ ကလည်း ရှာပြီး မင့် ဆီ က အပို့ လုပ်ပြီး ပေးမယ် ဟုတ်လား ” ဟူသော စကား ရှေ့ သို့ ဆက်လက် မဖတ်နိုင်တော့ပြီ ၊ ဘမြင့် သည် ရင်ဆို့ လာ လေ၏ ။ လက် သည် အလိုလို နေရင်း လဲသွား လေ၏ ။ “ ဪ … တင်သိန်း တင်သိန်း ကောင်းရှာပါပေရဲ့နော် ၊ မင့် သူငယ်ချင်းကြီး နာမည် ပျက် မှာ စိုးသလား ၊ မင့် သူငယ်ချင်းကြီး အရှက် ကွဲမှာ စိုးသလား ဟင် ” ဟု မေးရင်း ဘမြင့် မျက်လုံးများ သည် စိုရွှဲ လာလေ၏ ။ ဆို့ တက်၍ တက်၍ လာပြီး ဝမ်းနည်းစွာ ရှိုက် လေ၏ ။ ဘမြင့် သည် ဆယ့်သုံးနှစ်သား က စ၍ ယခုတိုင် တစ်ခါမျှ မငိုဘူးသေး ၊ အရွယ် ရောက် မှ မျက်ရည်ပေါက် ကျခြင်းကား ဤသည်ပင် ပထမ အကြိမ်တည်း ။


ဘမြင့် သည် ငွေ ပေးနိုင်ဖို့ လမ်းစ ရှာ လေ၏ ။ ရှာ၍ မတွေ့၍ ရှာပြန်၏ ။ ဤအချိန် ဤအခါကြီး မှာ ဤလို လှံစိုက်ခြင်း မှာ ဓမ္မတာ ပင် ဖြစ်တော့၏ ။ ဘမြင့် သည် အခြား အခါများ၌ မူ မိဘများ နှင့် ကြည်သာ ၍ မိဘ က ဘယ်လိုပင် မွဲမွဲ ၊ လက်စွပ် လျော်ကြေးငွေ ၁၅ဝ ကျပ် လောက် ကို ရှာပေး နိုင်၏ ။ ယခုမူ မိဘများ နှင့် မကြည်မသာကြ ၊ ထိုနေ့ မတိုင်ခင် တစ်ရက် က စ၍ ဘမြင့် အတွက် မိခင်ကြီး ငိုရ၏ ။ ဘိုးအေကြီး ငိုရ၏ ။


ထိုနေ့ မတိုင်မီ တစ်ရက် ကား လပြည့် ဖြစ်၏ ။ ည ၇ နာရီလောက် တွင် ဘမြင့် သည် လရောင် အောက် တွင် ပက်လက်ကု,လားထိုင် နှင့် ညဉ့် ၏ သာယာခြင်း ကို ခံစား နေလေ၏ ။ ရဖူးသော ပါဠိဂါထာ အနက် အဓိပ္ပာယ်များ ကို အသံထွက် ရွတ်ဆို လျက် ကြည်နူး နေလေ၏ ။ ၎င်း ၏ ဘိုးအေ သည် အပြေး အမြန် လာရောက် ပြီး ၊ “ ဟေ့ ... ဘမြင့် မြို့အုပ်မင်း က ခေါ်နေတယ် ၊ သူ့ အိမ် လာခဲ့ရ မတဲ့ ” ဟု မသက်သာသော လေသံ ဖြင့် ပြောလေ၏ ။


ဘမြင့် သည် မြို့အုပ် ဆိုသော စကား ကြား လျှင် “ မြို့အစေခံတွေ က ဘာများ ပြောချင်လေသတဲ့လဲ ” ဟု စိတ် ထဲ တွင် မေး၏ ။ ပါဠိဂါထာ ကို ဆက်လက် ရွတ် နေ ပြန်လေ၏ ။ အဘိုးကြီး သည် ဆောင်းတွင်း ၌ မီးလှုံမည့် ဆဲဆဲ လေအေး အတိုက် ခံရ သကဲ့သို့ သူ က အရေးတကြီး အလိုရှိ သလောက် ဘမြင့် က အေးတေးတေး လုပ်နေသည့် အတွက် မခံချိ မခံသာ ရှိနေ၏ ။ “ တောက် ... ကြီးကောင်ကြီး မှ မင်းတို့ အတွက် အပူအပင် မရှိပါရစေနှင့် လို့ ပြောလျက် နှင့် ခု ရာဇဝတ်အိုး တုတ် ထိုး ခဲ့ပြီ ။ မင်းတို့ လူမိုက်ကလေးတွေ မင်းဘေး မကြောက် ဘာမကြောက် ၊ ကြည့်ပါဗျာ ။ မင်း ကို အာခံလို့ ” ဟု မြည်တွန်တောက်တီး နေသဖြင့် ဘမြင့် သည် ဆတ်ခနဲ ထ ပြီး “ ကဲ ... သွားမယ် ” ဟု ပြောလေ၏ ။


မြို့အုပ် ကား ဘမြင့် သည် တိုင်းရေးပြည်ရေး ရန်ကုန် ၌ လုပ်နေကြောင်း ၊ အစိုးရ ကို အလွန်အကျူး အပြစ် ပြော ဆူပူသူ ဖြစ်နေကြောင်း ၊ ဘမြင့် မှာ အရင် က နာမည် ဘမြင့် ဖြစ်သော်လည်း ယခု သခင်ဘမြင့် ဖြစ်ပြီ ဖြစ်ကြောင်း ၊ ယခု ဘမြင့်အား အရေးယူရမည့် အကြောင်း ၊ ဘမြင့် အဖေ မှာ အစိုးရ အမှုထမ်း ဖြစ်နေ၍ ဘမြင့် နောက်ထပ် ဆူပူ က ၎င်းအား အလုပ် မှ ထွက် ရအောင် အထက် အစိုးရမင်းများ က စီမံမည် ဖြစ်ကြောင်း ၊ နောင် ဝံသာနု အလုပ် ကို မလုပ်စေ လိုကြောင်း ၊ မိမိ လည်း မြန်မာ ဖြစ်ကြောင်း ၊ မျိုးချစ်စိတ် ရှိကြောင်း ၊ သို့သော် ခေတ် က အင်္ဂလိပ် ခေတ် ဖြစ်နေ၍ အန်မတုဝံ့ကြောင်း ပြောပြလေ၏ ။


ဘမြင့် သည် ပြန်လာလေ၏ ။ အိမ် ရောက် လျှင် မိခင် က ထိုင် စောင့်နေ၏ ။ “ ဘမြင့် ဘာဖြစ်လို့ မြို့အုပ်မင်း က ခေါ်တာလဲကွ ” ဟု မေး၏ ။


ဘမြင့် က “ ဟာ ... အလကားပါဗျာ ။ အရေးတကြီး လုပ်ပြီး ပြော နေတာ ၊ ဘာမှ ပူစရာ မရှိပါဘူး ” ဟု ပြော၏ ။ အဘိုးအို သည် မိမိ သမီး အား တိုးတိုးတိတ်တိတ် ရှင်းလင်း ပြောလေ၏ ။ ဘမြင့် ၏ မိခင်ကြီး သည် ငိုလေ၏ ။


“ ဘမြင့် ရယ် မင်း မို့ ဒီ အလုပ် လုပ်ပေတယ် ၊ မင်း မိုက်လှချေကလား ၊ မင်း အစိုးရ ကို သည်လို လုပ်ရင် မင်း သင်လာတဲ့ ပညာတွေ ဘာအသုံးကျဦးတော့မှာလဲ ၊ မင်း အစိုးရ အလုပ် လိုချင်လို့ ပညာ သင်ထားတယ် မဟုတ်လား ၊ မင်း ကို အစိုးရ က မုန်းရင် မင်း ဘယ်လို လုပ်ပြီး အလုပ် ရတော့မှာလဲ ကွယ် ။ တို့ မှာ ပစ္စည်းဥစ္စာ ကြွယ်ဝရင် တော့ ဟုတ်ပါရဲ့ ၊ အခု တို့မှာ လည်း သည် အစိုးရ ဆီ က ရ မှ စား ရတယ် ။ မင်းမို့ လုပ်ရက်ပေကွယ် ” ဟု ပြောပြီး စီးကျသော မျက်ရည် ကို သုတ်လေ၏ ။ ဘမြင့် လည်း ဝမ်း ထဲ ၌ လှိုက်လှိုက်နှင့် ဆို့လာလေ၏ ။


“ ငါ့သား ရယ် ဒီ အလုပ်မျိုး ဆိုတာ ကိုယ့်ဝမ်း ဖူလုံမှ လုပ်ဖို့ မဟုတ်လားကွယ် ၊ ခုတော့ မင်း သည် ဝံသာနု အလုပ် လုပ်ရင် မင့် အဖေ အလုပ် ပြုတ်မယ် ၊ တို့ ငတ်ရုံပေါ့ ။ ပစ္စည်း ရှိ ရင်လေ ငါ့သား လုပ်ချင် သလို လုပ် ” ဟု ပြောရင်း ဖြင့် ဘမြင့် သည် တွေ နေလေ၏ ။ ငှက်ပျောရွက် ကြား မှ ချောင်းကြည့်သော လမင်းကြီး ကို ကြည့်ပြီး အဖြေ တောင်း လေ၏ ။ ဘိုးအေကြီး က -


“ ကဲ ... ကဲ နည်း တစ်ခု ရှိတယ် ၊ မင်း သခင်အသင်း က ထွက်ပါတယ် လို့ အရေးပိုင် ဆီ လျှောက်လွှာ တင်လိုက် ။ ပြီးတော့ သတင်းစာ ထဲ က ကြော်ငြာ ရမယ် ၊ ဒါမှ ဟန်ကျမယ် ” ဟု အကြံပေးသည် တွင် ဘမြင့် သည် အတော် ဒေါသ ထွက်သွား လေ၏ ။


“ အို ... အဘိုး က လည်း ကျွန်တော် သတင်းစာ ထဲ က ကြော်ငြာမယ့် အစား ၊ အရေးပိုင် ဆီ စာ ရေးမယ့် အစား ၊ ကျွန်တော့် ကိုယ် ကို သ,တ်သေလိုက်မယ် ။ မရေးဘူး ” ဟု ပြောပြီး ခြေ ကို ဆောင့် လိုက်လေ၏ ။ အဘိုးကြီး လည်း ငို လေ၏ ။


“ အို ... အဖေ က လည်း မဟုတ်တာ ၊ သတင်းစာတွေ ဘာတွေ ထဲ က နေပြီး ကြော်ငြာ ရင် ဘမြင့် နာမည် ပျက် သွားမှာပေါ့ ။ ကဲ ... ငါ့သား ၊ အသင်း ထဲ က သာ ထွက်ထားပါဦး ကွယ် ၊ အမေ့ ကို ဒီ ကတိ တစ်ခု တည်း ပေးပါ ”


“ ကျွန်တော် ကြည့်ပြီး လုပ်ပါ့မယ် အမေရ ယ် ” ဟု ပြောပြီး ပက်လက် လှန် ၍ စဉ်းစား နေ ပြန်လေ၏ ။ ငှက်ပျောဖက်ကြီးများ နှင့် အတူ ဘမြင့် ၏ စိတ်နှလုံး သည် လှုပ်ရှား နေလေ၏ ။


ထို့ကြောင့် ငွေ ၁၅ဝ ကျပ် တောင်းဖို့ မဆိုထားဘိ ၊ သည် လက်စွပ် အရှုပ်အထွေး ကို ပင် ဖွင့် မပြောဝံ့ လောက်အောင် အခြေအနေ သို့ ရောက် နေလေပြီ ။ မြွေပူ ရာ ကင်းမှောင့် သကဲ့သို့ ရှိ တော့မည် ။ ဘမြင့် သည် ဖယောင်းတိုင် တစ်တိုင် အသစ် ထွန်း၏ ။ စဉ်းစား ပြန်၏ ။ ဘယ်နည်းနှင့် မျှ ထိုမျှ ရှုပ်ထွေးသော အခန်း မှ အပြင် မထွက်နိုင်တော့ မယောင်ယောင် ။ စာ တစ်စောင် ကို ဆွဲ ဖတ်၏ ။ ထို စာ မှာ ရွှေဘို မှ သခင်ခေါင်းဆောင် တစ်ဦး ထံ က ရေး လိုက်သော စာ ဖြစ်လေ၏ ။


“ ငါတို့ တွင် ငွေ လိုသည် မဟုတ် ၊ ငွေ ဆိုသည် မှာ သက်မဲ့ဝတ္ထုပစ္စည်း ဖြစ်၏ ။ လူ့ ဆန္ဒ လူ့ စိတ် ဖြင့် ပေါ်ပေါက် လာရ၏ ။ ငါတို့ လိုနေသည် မှာ လူ ဖြစ်သည် ။ လူ မှာ လည်း များများ မလို ၊ နည်းနည်း နှင့် ဇွဲ ကောင်းသော မျိုးချစ်များ လိုသည် ။ မင်း လို ဉာဏ် ရှိသူ ၊ ရိုးသူ ၊ မျိုးချစ်စိတ် ရှိသူ ၊ သတ္တိ ရှိသူ ၊ ဇွဲကောင်းသူမျိုး ကို အလိုရှိ၏ ။ မင်း မပါ လျှင် မပြီးသလောက် တို့ မှာ အလုပ်သမား ရှားနေ၏ ။ တို့ သည် မှာ လုပ်စရာတွေ များသည် ။ တို့ မြန်မာပြည် လွတ်လပ်ရေး အတွက် ဆောင်ရွက်ရာ တွင် တို့ အသက် စွန့် ကြတော့မည် ။ တို့ နှင့် လာ၍ အတူ ဆောင်ရွက်ပါလော့ ။ မင်း ကို ငါတို့ က ခေါ်နေသည် မဟုတ် ၊ တို့ မြန်မာပြည်ကြီး က ခေါ်နေလေပြီ ”


စာ ကို ဖတ်ရင်း ဖတ်ရင်း သွေးကြွ လာပြန်၏ ။ မကြာမီက ၎င်း၏ အသည်းနှလုံး တွင် သောင်းကျန်း နေကြသော သူပုန်များ သည် ထွက်ပြေး တိမ်းရှောင် ကြကုန်၏ ။ ဘမြင့် သည် ရွှေဘိုမြို့ ဆီ မှ အလောင်းဘုရား သည် နတ်ပြည် စံရာ မှ ပြန်လာပြီး လက်ယပ်၍ ခေါ်သည် ကို မြင်ယောင်ယောင် ။ သူ သည် ယခု ညတွင်းချင်း ထ၍ သွားလို၏ ။ ထိုအခါ မကြာမီက အရှုပ်အထွေးများ ပြေပျောက် ကုန်၏ ။ “ ငါ ရွှေဘို လိုက် သွားမည် ။ ငါ့ အဖေ အမေ ပူပင် ရ ရင် ခဏ ပေါ့ ၊ ရွှေဘို လိုက် သွားရင် တင်သိန်း အဖေကြီး လည်း ငါ့ တရားစွဲ နိုင်တော့မှာ မဟုတ်ဘူး ။ ငါ့ အဖေ က တစ်ဖက် က ခေါ် ၊ ငါတို့ အမိမြန်မာပြည် က တစ်ဖက် က ခေါ် ၊ ငါ အမိ မြန်မာပြည် ခေါ်ရာ ကို လိုက်မည် ။ အိန္ဒိယပြည် က ဂျဒင်ဒါဒတ် တို့ လို လုပ်မှ ဖြစ်မည် ” ဟု စိတ် ဆုံးဖြတ်၏ ။ ဘမြင့် သည် အစွယ် တကြွကြွ နှင့် ထိုးတော့မည့် ဆင် ကဲ့သို့ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်လာလေ၏ ။ အလိုလို မြူး လာတော့၏ ။ မိခင်ကြီး အတွက် နံနက် ဖတ်ရန် စာ တစ်စောင် ရေး နေ လေ၏ ။


ထိုအခါ မိခင်ကြီး သည် အိပ်ရာ မှ နိုး၏ ။ ဘမြင့် အိပ်ရာ မှ မီးခွက် ကို မြင်လျှင် “ ဪ ... မောင်မြင့် ဘာလို့ မအိပ်သေးပါလိမ့်မလဲ ” ဟု မြည်တမ်းပြီး အိပ်ရာ မှ ထ လာလေ၏ ။ “ မောင်မြင့် ရေ ... ဘာလို့ မအိပ်သေးသလဲ ” ဟု မေး လိုက်၏ ။ ဘမြင့် သည် တုံ့ သွားလေ၏ ။ ခိုးထုပ် ခိုးထည် နှင့် မိ နေသော သူ ကဲ့သို့ အနေ ခက် လေ၏ ။


“ ငါ့ သား ဘာဖြစ်သလဲ ၊ ကြမ်းပိုး ကိုက်လို လား ”


“ မကိုက်ပါဘူး အမေ ရဲ့ ”


“ နို ဘာဖြစ်သလဲ ၊ ညောင်းလို့ မအိပ်သေး သလား ၊ ညောင်း ရင် အမေ နင်းပေးမယ် လေ ” ဟု သား အနီး သို့ လာ လေ၏ ။ ဘမြင့် သည် ရေး နေသော စာ ကို ဝှက်ပြီး မိခင် ကို ကြည့် ၍ -


“ မညောင်းပါဘူး အမေ ရဲ့ ၊ ကျွန်တော် စာ ဖတ်နေတယ် ”


“ အို … ညဉ့်နက်သန်းခေါင် စာ မဖတ်နှင့် လေ ၊ မျက်စိ ဥပဒ်ပေးနေမှ ဖြင့်ကွယ် ။ ကဲ ... ငါ့သား အမေ နင်း ပေးမယ် ”


“ နေပါစေ အမေ ရယ် ”


“ မဟုတ်ဘူး ၊ ငါ့ သား ညောင်းလို့ အိပ် မပျော်တာ ။ ကဲ ကဲ ” ဟု ပြော ကာ ဘမြင့် ကို နင်း လေ၏ ။ မိခင် ၏ ကြင်နာခြင်းတည်း ဟူသော ရေ သည် ဘမြင့် ၏ မီး ကို ငြိမ်းလိုက် သဖြင့် ဘမြင့် သည် မိခင်ကြီး နင်းသည် ကို ခံ နေလေ၏ ။


နောက် မိခင်ကြီး သည် ဘမြင့် အား ဒူး ပေါ် တင်၍ ခါး ချိုးပေးလေ၏ ။ မိခင်ကြီး ၏ ရင်ငွေ့  သည် ဘမြင့် အား အသက် ၂ဝ နှစ် မျှ ငယ်သွားစေ၏ ။ ဘမြင့် သည် မိမိ ကိုယ် ကို ကလေး ဟု ထင်မှတ် လာလေ၏ ။ မိခင် ၏ နွေးသော ၊ ချမ်းမြေ့သော ကိုယ်ငွေ့  သည် ယခင် က ထိုးတော့မည့် ဆင် နှင့် တူသော ဘမြင့် အား လက်သပ်မွေးသော ယုန်သူငယ်လေး ဘဝ သို့ ရောက်သွား စေ၏ ။


မိခင်ကြီး သည် အိပ်ရာ သို့ ဝင်သွား၏ ။ ဘမြင့် သည် မီးငြှိမ်း ၍ အိပ်ရန် ကြိုးစား၏ ။ မျက်ရည် အပြိုင်ပြိုင် ဆင်းကျ လာလေ၏ ။ ဘာ လုပ်ရမည် ကို မတွေးတတ် နိုင်အောင် ရှိလေ၏ ။ ထိုင်၍ ဘုရား ရှိခိုး၏ ။ “ အရှင်ဘုရား ၊ တပည့်တော် သည် တိုင်းကျိုးပြည်ကျိုး အတွက် အသက် စွန့်၍ ဆောင်ရွက် လိုပါ၏ ။ ဤ ကြင်နာ သနားသော မိခင်ကြီး အား လည်း ကျေးဇူး ဆပ်လိုပါ၏ ။ ခုနေအခါ တိုင်းရေး ပြည်ရေး ဝံသာနု အလုပ် ကို လုပ် က မိခင်ကြီး ရင်ကွဲမည် မုချပါ ဘုရား ။ တပည့်တော် အား သနား သဖြင့် မွေးမိခင်ကြီး ကို လည်းကောင်း ၊ အမိ မြန်မာပြည်ကြီး အား လည်းကောင်း လုပ်ကျွေး နိုင်အောင် စောင်မတော် မူပါ ဘုရား ” ဟု ဆု တောင်း၏ ။ ဘမြင့် သည် တတိယကြိမ် မျက်ရည် စီးကျ ပြန်၏ ။ အိမ်မြင်းမိုရ် ပေါက် မှ ဝင်းလျက်နေသော လရောင် သည် ဘမြင့် ၏ မျက်နှာ ပေါ် တွင် ဖြန့်ကျ နေလေ၏ ။ ဖြူဝင်းသော မျက်နှာ နှင့် တောက်ပသော မျက်ရည် ကို မှောင်သော အခန်းတွင်း ၌ မြင်ရပေ၏ ။ ဘမြင့် သည် သူ ၏ ဆုတောင်း ပြည့်မည့် အချိန် တောင့်တ ငံ့မျှော်၏ ။ ထိုအချိန် သို့ ရောက်အောင် လည်း ကြိုးစားဆဲ ပင် ။


◾သိန်းနေနွယ်


📖 အိုးဝေ မဂ္ဂဇင်း 

      အတွဲ - ၅ ၊ အမှတ် - ၁

      ဇန်နဝါရီလ ၊ ၁၉၃၆ 


#ကိုအောင်နိုင်ဦး

Sunday , November 5 , 2023

.

No comments:

Post a Comment