Monday, November 20, 2023

လူခြေတိတ်မှာလ


 ❝ လူခြေတိတ်မှာလ ❞  


ငွေလရောင် သည် ကင်ပွန်းခါးပင်များ ထိပ်ဖျား မှ သွယ်စီး နေလေသည် ။ ရမ်းဘိုကုန်းရွာ မှာ တစ်စ ထက် တစ်စ တိတ်ဆိတ်လာလေပြီ ။ လစန္ဒာ သည် ရွက်ဖြူကလေး နှယ် ငြိမ်သက်နေရာ က တဖြည်းဖြည်း ရွာ အနောက် ဖျား ကင်ပွန်းခါးပင် ထိပ် မှ ချောင်းရေ ထဲ သို့ နိမ့်ဆင်း လာချေ၏ ။ အိမ်များ သည် မည်း၍ မည်း၍ လာ ကာ ရွက်ကျဲ ကင်ပွန်းခါးပင် ၏ သဏ္ဌာန်များ သည် လည်း မည်းနက် လာ ၍ ကြောက်စရာ သတ္တဝါကြီးများ က လက်ချောင်းကြီးများဖြင့် ရွာ ကို အုပ်မိုး ခြိမ်းခြောက် နေလေဘိသည် ။ သို့ ရှိရာဝယ် ရွာ ၏ တိတ်ဆိတ်ခြင်း နှင့် ရှည်ရှည်မျောမျော အူ လိုက်သော ရွာတောင်ဖျား ကုတင်ကြီးစု ဘက် မှ ခွေးအူသံ တို့ က ကြောက်မက်ဖွယ် သဏ္ဌာန် ကို ပို၍ လေးနက်အောင် တိုးဆင့် ပေးလိုက်၏ ။


ကိုဆေးရိုးတို့ သားအမိ တစ်စု နေထိုင်ရာ တဲငယ် ၏ နောက်ဘက် တွင် ချောင်းတွင်း သို့ ရေခပ်ဆင်း ရာ လမ်းငယ် တစ်ခု ရှိ လေသည် ။ မြင့်မားမတ်စောက်သော ကမ်းပါး တွင် အထစ်များ ပြုလုပ်လျက် ကွေ့ ကောက် ဖောက်လုပ် ထား သောကြောင့် ရေခပ်လမ်း မှာ လရောင် အောက် ၌ ပေါ်လိုက် တစ်ခါ ပျောက်လိုက် တစ်လှည့် ဖြင့် သဲသောင် ပေါ်သို့ ဦးတိုက်ထိုး ဆင်းသွား၏ ။ အကောသောင် ၏ အဆုံးဝယ် ချောင်းရေပြင် မှာ မှန်ရောင် ပမာ လရောင် ကြောင့် လင်းလက် နေသည် ။ 


သဲသောင် နှင့် ချောင်းကမ်းပါး အစပ် ရှိ ကုန်းမြင့်ကလေး ပေါ်တွင် ကား မြေပုံ မို့မို့ တစ်ခု သည် လရောင် အောက် ၌ ဝိုးတဝါး ရှိ၏ ။ လူနေ အိမ်ခြေ အနီး ၌ လူ့ အလောင်းများ ကို ရမ်းဘိုကုန်းသား တို့ မြှုပ်ရိုး ထုံးစံ မရှိ သော် လည်း ယင်း မြေပုံ မှာ မူ လူ့ အလောင်း မြှုပ်ထား ရာ မြေပုံ နှင့် သာ တူနေ တော့သည် ။ မြေပုံ ထက် ၌ မြက်ပင်များ ဖုံးလွှမ်း နေ၍ နှင်းစက်ကလေးများ စို နေပေ ၏ ။


ညဉ့် သည် တဖြည်းဖြည်း နက်လာခဲ့ပြီ ။ လရောင် သည် လည်း တဖြည်းဖြည်း လျော့ပါး သွားခဲ့သည် ။ ချောင်းကမ်းပါး ကို ကပ်ခို လျက် မည်းမည်း အရိပ် တစ်ခု သည် ကိုဆေးရိုး တို့ ၏ ရေခပ်လမ်းကလေး ဘက် သို့ တရွေ့ရွေ့ ချဉ်းကပ် လာနေ၏ ။


ဒုံ .... ဒုံ ...


အခေါင်း ပါ သစ်တုံး တစ်ခု ကို ခပ်ပြင်းပြင်း ထုနှက် လိုက်သော အသံ ကြောင့် မည်းမည်းသဏ္ဌာန် သည် တုံ့ ရပ် သွားကာ နားစွင့် လိုက်၏ ။ အချိန် မှာ အရုဏ် တက် တုံးခေါက်သံများ ထွက်ပေါ် နေ ကျ နံနက် လေးနာရီ ပိုင်း လည်း မဟုတ်သေးပေ ။ အသံ ထွက်ပေါ်လာရာ အရပ် မှာ ရွာ ၏ တောင်ဘက် ဘုရားငါးဆူ ထန်းတော ထဲ မှဖြ စ်၏ ။ သည် ထန်းတော ထဲ တွင် မည်သည့် လူသား မျှ နေထိုင်ခြင်း မရှိ ။


မည်းမည်း သဏ္ဌာန် သည် အုံ့ခနဲ ရပ် သွားရာ က ဆက်၍ သွားရန် ခြေ လှမ်း လိုက်စဉ် ချောင်းရေ ထဲ မှ ငါး ပွက်သံ တစ်ခု က ကျယ်လောင်စွာ ဖြင့် ထွက်ပေါ်လာသည့် အတွက် ခေါင်း မှာ ချာခနဲ လည် သွားသည် ။ ကပ် ၍ နားထောင် ပါ မူ ထို သူ ၏ ထိတ်လန့်ခြင်း ကြောင့် ပြင်းထန်စွာ ထွက်ပေါ် နေသည့် ရင်ခုန်သံ ကို ကြားရပေမည် ။


ရင်ခုန်သံ ပိုင်ရှင် မှာ ဘညိန်း ဖြစ်သည် ။ ကာလသား ဘာဝ လည်ရိုး ထုံးစံ အတိုင်း လည်ပတ်ခြင်း ဆိုပါ က ရွာလယ်လမ်း ရှိပါလျက် နှင့် သူ က ဘာကြောင့် ရွာ နောက်ဖေး ချောင်းရိုး ကို သုံးရ သနည်း ။ ချောင်းရေင် ထဲ မှ ငါးပွက်သံ ကို ပင် လန့်ဖျပ် နေခြင်း က လည်း တကယ်တော့ ရွာ ၏ နောက်ဖေး ချောင်းရိုးလမ်း ကို အသုံးပြုခြင်း အတွက် ခိုင်လုံသော အထောက်အထား ဖြစ်နေ ချေပြီ ။ 


“ အိုတော် ...”


ငါးပွက်သံ ကို မျှ ထိတ်လန့်ရသူ ၌ ထိတ်လန့်စရာ တည်တညင် သည် ရင်တွင်းဓာတ်ခံ ၌ တည်ရှိ နေရမည် မှာ အမှန် ဖြစ်၏ ။ ဘညိန်း ၏ ရင် မှာ ငါးပွက်သံ ကို မကြားရခင် ကတည်း က ခုန်နေ ခဲ့ ပေသည် ။ လှမေ တို့ အိမ်ဝင်း ထဲ သို့ နောက်ဖေးဘက် မှ တိတ်တိတ်ကလေး ဝင်သွားစဉ် က ပင် ဘညိန်း ၏ ရင် မှာ မီးရထား မောင်းသံ အလား မြည်ဟိန်း နေခဲ့ကာ ချိန်းထား ရာ သို့ လှမေ ရောက် အလာ တွင် ယောင်ယောင်မှားမှား ဖြင့် လှမေ ကို ကျုံးဖက် လိုက်သည့်အ တွက် လှမေ မှာ  ၊ ယောင်ယမ်း အော်ဟစ်မိ မတတ် ဖြစ်သွားပြီး မှ တအား တွန်းဖယ် ရင်း “ အိုတော် ” ဟု တုန်တုန်လှိုက်လှိုက် ဆိုနိုင် ရှာသည် ။


ဘညိန်း မှာ လှမေ က ရုန်းကန် တွန်းဖယ် ပြန်တော့ စက်ရုပ်ကြီး လို ပင် လွှတ်ပစ် လိုက်ကာ အ,အကြီး ပမာ ငေးမော နှုတ်ဆိတ် နေခဲ့ရ၏ ။ ချောင်း ၏ ဟိုဘက် ကမ်း ရှားတောရွာ ထိပ်တွင် မှုန်ယဲ့ယဲ့ ချိတ်တွဲ နေသော လ တစ်ခြမ်းပဲ့ နှင့် လှမေ ကို ယှဉ်တွဲ ငေးကြည့် နေမိသည် ။ လရောင် ဘက် သို့ ကျောခိုင်း ထားသောကြောင့် လှမေ ၏ “ ရှုစဖွယ် ပဝင်းလို့ လမင်း ထက် နှစ်လေးသာ အေးမြ ” သော မျက်နှာ ကို မြင်နိုင်ပေမဲ့ နဖူး ထက် မှ လွင့်ပွ နေသည့် ဆံနုကလေးများ လရော င်ဖြင့် ငွေသွေး လက် နေသည် ကို ရှုမောရတာ က ပင် ရင်အေး လှပါပြီ ။ 

လှမေ ၏ ပါးပြင် နား ကပ်ကာ ခိုဆွဲ နေသော ငွေလ စန္ဒာ ၏ အရောင်ဖျော့ဖျော့ က ပင် လှမေ ၏ ပါးပြင် တစ်ခြမ်း ကို ဝင်းပျိုု့ နေစေသော ကြောင့် ကြည့်မြင်ခွင့် ရသော်လည်း ပါးပြင် နှင့် လခြမ်း ၏ အလှ ကို ဘညိန်း က သတိ မထားနိုင်အောင် လှမေ ကို ငေးစိုက် နေ မိသည် ။ အတော်ကြီး ကြာ မှ လည်း စကားလုံး ကို ညှစ်ထုတ် လိုက် နိုင်သည် ။ 


“ လှမေ ”


လှမေ က မည်သို့မျှ ပြန်လည် ပြီး အသံ မပြုပေ ၊ အိမ်ဘက် သို့ သာ အလန့်တကြား လှမ်းကြည့် နေသည့် အတွက် ဘညိန်း က မြေပြင် ကို လက် ထောက်လျက် လှမေ ဘက် သို့ တိုးရွှေ့ လိုက်၏ ။ ဘညိန်း သူ့ အနား တိုးကပ်လာမှန်း သိသည် နှင့် တစ်ပြိုင်နက် လှမေ မှာ ရုတ်တရက် အသက် ဝင် လာ ဘိ သို့ ဘညိန်း ကို ဖျက်ခနဲ လှည့် ကြည့်ကာ နောက် သို့ လက် ထောက်လျက် ဆုတ် လိုက်ရာ ဘညိန်း က လှမ်းဖက် ထား လိုက်လေ၏ ။


“ လှမေ ”


ဘညိန်း က နောက်ထပ် တစ်ခွန်း ခေါ်ရင်း လှမ်း ဖက် လိုက်သည် တွင် လှမေ နှင့် ရင်ချင်းအပ်လျက် မြေ ပေါ် သို့ လဲကျ သွားရာ လှမေ မှာ လက်လှမ်း မီရာ ငှက်ပျောပင် တစ်ပင်မှ တွဲရရွဲ ကျ နေသော ငှက်ပျောဖက် ကို လှမ်း ဆွဲ လိုက် သော်လည်း ကိုယ် ကို ကား ထိန်းနိုင်ခြင်း မရှိ မြေ နှင့် ကျောပြင် နှင့် ထိသွားရ လေ၏ ။ ရင်ထဲ တွင် ဖိုခနဲ ၊ လှိုက်ခနဲ ဖြစ်သွား လျက် မနည်းကြီး ဣန္ဒြေ ဆည် ထားရကာ


“ အို ... ဘာလုပ်တာလဲ ”


“ ခေါ်တာ ဘာဖြစ်လို့ မထူးသလဲ ”


“ လူ မြင်ရဲ့ သား နဲ့ ခေါ် နေတာကိုး ၊ လွှတ်ပါ ” 


ပြောပြောဆိုဆို ဖြင့် “ ယင်း ” စီး သလို ခိုင်မာသော လက်များ ကို တွန်းဖယ်ပစ် နေ၏ ။ ကျောပြင် နှင့် ခါး မှာ ရစ်ဖွဲ့ထားချေ သော လက်များ ကား ခိုင်မာလှပေသည် ။ 


“ မလွတ်ပါဘူး ၊ ချစ်တယ် ”


အငိုက် တွင် အနမ်း တစ်လုံး က စွန်ရဲသုတ်သ လို လှမေ ၏ ပါးပြင် ဖောင်းအိအိ ပေါ် သို့ ထိုးဆင်းလာ၏ ။ လှမေ မှာ အသက်ရှူ မှား သွား တော့သည် ။


“ လွှတ်ပါ ၊ အသက်ရှူ ကြပ်တယ် ”


“ အမယ် မကြပ်ပါဘူး ၊ ချစ်လို့ ဖက်ထားတာ ” 


ထပ် ၍ နမ်း ရန် ကြိုးစားရင်း ပေးသော အဖြေ က လှမေ အတွက် ဘယ်လိုမှ လက်ခံနိုင်စရာမရှိသောကြောင့် လည်း ကျားသစ်မကလေး ပမာ ကုတ်ဖဲ့ ထုရိုက် ရင်း ပါးပြင် ကို ဘယ်ညာတိမ်းဖယ် ရှောင်ရှား ပစ် နေပေ သည် ။


“ ဘညိန်း လွှတ်နော် ၊ ငါ စိတ်ဆိုးအောင် မလုပ်နဲ့ ” 


ဘညိန်း က “ ကဲ ကဲ .. ဒါလောက် ရှိလှတာ မဖက်ပါဘူး ” ဟု ပြောရင်း လှမေ ကို လွှတ်ကာ ငှက်ပျောပင် ကို ကပ်ပြီး မတ်တတ်ရပ် လိုက်သည် တွင် လှမေ ကပါ လိုက်လံ မတ်တတ် ရပ်လိုက်၏ ။


“ နင် က ညနေ တုန်း က တော့ ပြောစရာ ရှိလို့ ဆို ၊ အခုတော့ ဘာမှ မပြောဘဲ အတင်းချည်း ဖက်နေတာ ၊ ပြီးတော့ သူ က ပဲ စိတ်ဆိုးရတယ် ရှိသေး ” 


“ တစ်ခါတစ်ရံ မှ တွေ့ရတာ နည်းနည်းပါးပါး တော့ ဖက်မိ ကိုင်မိ မှာ ပေါ့ ဟ ၊ ဒီလိုသာ ဆိုရင် နင် နဲ့ ရ ရင်တော့ ဒုက္ခ ပါ ပဲ ” 


“ မဆိုင်လိုက်တာ ဘညိန်း ရယ် ၊ အခု လင်မယား မှ မဟုတ်သေးဘဲ နဲ့ ၊ လင်မယား လို မနေနိုင်ပေါင် ” 


“ နေရမယ် လို့ လည်း ငါ က မပြောပါဘူး ” 


“ မပြောပေမဲ့ ... ပြောသလိုပဲ ”


“ ကဲ ... မလှမေ ... ခင်ဗျား ကို ကျုပ် ... ”  


နှစ်ယောက်သား အချီအချ ရန်ဖြစ် ကောင်း နေဆဲ တွင် ငှက်ပျောပင် ၏ ဟိုဘက် မှ ချောင်းဟန့်သံ တစ်ခု ထွက်ပေါ် လာ သောကြောင့် နှစ်ယောက်လုံး မှာ မျက်လုံး ပြူးလျက် ၊ ပါးစပ် ဟလျက် ငြိမ်သက် သွားကြ သည် ။ ဘညိန်း မှာ ပြေးစရာ ပုန်းစရာ ကို ရှာ မတွေ့ သလို လှမေ မှာ လည်း ထိုင်ရ မလို ထရ မလို နှင့် မနိုး မဝေး ရှိ မြေစိုက်အိမ်သာကလေး ထဲ သို့ ပြေးဝင် သွား လေသည် ။


“ လှမေ ” 


“ တော် ... ဘာတုန်း အမေ ရဲ့ ”


လှမေ ၏ မိခင် က ဆေးပေါ့လိပ်ကြီး တဖွားဖွား ဖြင့် အိမ်သာ နား သို့ လျှောက် လာ၏ ။ ဘညိန်း မှာ အသက် ကို မျှ မရှူရဲ ပေ ။


“ ဘထွန်း လည်း ခုထက်ထိ ပြန် မလာသေးဘူး ” 


“ အစ်ကို ပြန်လာပါတယ် အမေ ရဲ့ အစောကြီး အိပ်ယာ ဝင် သွားတာပဲ ” 


“ အခုဖြင့် ... အိပ်ယာ ထဲ မှာ မရှိပါဘူး အေ ” 


လှမေတို့ သားအမိ မှာ စကား ကောင်းနေကြဆဲ ဖြစ် သဖြင့် ဘညိန်း မှာ ငှက်ပျောပင်များ ကြား မှ နေပြီး တစ်ဖက် အိမ်ဝင်း ထဲ သို့ ဝမ်းလျား ထိုး ကာ ဝင်သွား ရ လေသည် ။ စည်းရိုး ကို ကျော် မိ၍ ကုန်းထ လိုက်သည် တွင် ခွေး တစ်ကောင် က ဝါးလုံးထိုး ထိုးဟောင်လိုက် ပြန်ရာ ဘညိန်း မှာ ချောင်း ထဲ သို့ ကမန်းကတန်း ပြေး ဆင်း ခဲ့ရလေ၏ ။ လှေကားထစ် လည်း မရှိသော နေရာ မှ မည်ကဲ့သို့ ဆင်းခဲ့မိသည် မသိ ။ ဘညိန်း မှာ သောင်ပြင် ပေါ် သို့ ရောက် လျှင် မော ၍ တုန်ယင် နေတော့၏ ။ 


ခွေး က လည်း အပေါ် မှ စီးလျက် ငုံ့ဟောင် နေပြန် သောကြောင့် ကျောက်ခဲ တစ်လုံး ကောက် ကာ တအား လွှဲပစ် လိုက်သည် ။ ဘညိန်း ပစ် လိုက်သည့် ကျောက်ခဲ က ခွေး ကို မထိမှန်ဘဲ သံပုံး တစ်လုံး ကို အသံ ကျယ်စွာ ဖြင့် ထိမှန်လေသည့် အတွက် ဘညိန်း မှာ ကမ်းနား ကို ကပ်လျက် ပြေး ခဲ့ရသည် ။


မူလ ကတည်း က မော နေသည် တွင် သဲ ထဲ ၌ အားစိုက် ပြေးလွှား ရပြန်သည့် အခါ ဝမ်းဗိုက် မှာ နာကျင် လာ လေ၏ ။ ထို့ကြောင့် လည်း ဘညိန်း မှာ ဆက်လက် မပြေးနိုင်တော့ဘဲ လရောင် တိုက်ရိုက် ထိုး နေသော် လည်း ရွာ ပေါ် မှ ရုတ်တရက် မမြင်နိုင်အောင် စီးအုပ် နေသည့် ကမ်းပါးစောက် ကို ကပ်ခို ၍ အိမ် ဘက် သို့ လျှောက် လာ ရာ အချိန် မဟုတ်ဘဲ နှင့် တလား ခေါက်သံကြီး ထွက်ပေါ်လာသည့် အတွက် ခြေလှမ်း ကို တုံ့ ရပ် ပစ်လိုက်၏ ။ စိတ်ချောက်ချား လေ၍ လား ၊ တကယ် ပဲ ကြားရ သလား ဘညိန်း ဝေခွဲ မရနိုင်အောင် ရှိစဉ် စောစောက အသံ သည် ထပ် ပေါ် လာ ပြန်၏ ။ အခေါင်း ရှိသော သစ်ပင် ၊ သစ်တုံး ကို ထုရိုက်သံ လိုလို ။ မြေမာ ၊ မြေကျစ် ကို တုရွင်း ဖြင့် ဆောင့်ထိုး သံ လိုလို ။ 


နံရံ နား သို့ နား ကို တိုးကပ် ထား လျှင် ပို၍ ထင်ထင် ရှားရှား ကြားရသည် ။ ခွာ ထား လျှင် မသဲမကွဲ သာ ကြားရ၏ ။ ချောင်းရေပြင် မှ တစ်ဆင့် လူးခုန်ဟပ်လာ သော လရောင်ဝါးဝါး နှင့် ဝင်လုဆဲ လရောင် အောက် ဝယ် မိမိတို့ အိမ်နောက်ဖေး ရေခပ်လမ်းကလေး ကို မြင် လိုက်ရသည် နှင့် တစ်ပြိုင်နက် ဘညိန်း မှာ ခေါင်းနားပန်း ကြီး သွားပြီး ခြေလှမ်း ကို ရပ်ထား လိုက်မိသည် ။ 


ခပ်စောစော က သူ သတိ မထားမိသော ကမ်းပါး နှင့် သောင်စပ်ကုန်းစွန် ရှိ မြေပုံမို့မို့ မှာ ယခုမူ မည်း ... မည်း ... မည်း ...  နှင့် လှုပ်ရွ နေသည် ကို မြင် ရသောကြောင့် တည်း ၊ ထို မြေပုံ မှာ နွေနှောင်း နှင့် မိုးဦး ကာလ အတွင်း တောင်ဘက်ထန်းတော မှ ကြွေ ကျသော ထန်းသီးမှည့်များ ကို မြှုပ်ထား သော နေရာ ဖြစ်၏ ။ ထန်းသီး မှ ထွက်လာသော အမြစ် ကို ရယူရန် ရည်ရွယ် သဖြင့် အမြစ် သန်မာ ထွားကြိုင်းစေရန် အတွက် မြေ ကို ငန်းပြား တစ်ဆစ်ဆုံး အောင် ကော် ကော်ပြီး ဖွ ထားကာ မြေပွ ပေါ် တွင် ထန်းသီးစေ့များ ကို တင် ၍ အပေါ် မှ မြေစာ ထပ်မံ ဖို့ ထားသောကြောင့် မြေ မှာ ပိုမို မို့မောက် နေ၏ ။


အစိုဓာတ် များလွန်းသော နေရာ မှာ ထန်းစေ့ ကို မြှုပ် မိသော် ထန်းပင်မြစ်ခေါင်း နှင့် အခွံ မှာ ရိပုပ် နေ သဖြင့် စား မကောင်းချေ ။ အစိုဓာတ် နည်းပါးလွန်း လျှင် လည်း အညှောင့် ပင် ပေါက်ချင် မှ ပေါက် သည် ။ သဲ ဆန်သော မြေ တွင် စိုက် က မစေး သဖြင့် စား မကောင်းပြန်ပေ ။ သည်နေရာ မှာ မူ ရေ နှင့် လည်း မနီးမဝေး ၊ မြေ က လည်း ရွာမြေ “ မြေမ ” မြေစေး မို့ ဘညိန်း တို့ သားအမိ သားအဖ တစ်တွေ ဒုက္ခ ခံ ကာ ကမ်းပါးစောင်း မှာ လာရောက်မြှုပ်နှံ ထားကြခြင်း ဖြစ်သည် ။


နှင်းကလေး ကျလာပြီ ဆိုလျှင် မီးဖို ဘေး တွင် ဝိုင်း ဖွဲ့ စားသောက်စရာ မှာ တော ၌ မုန့်ပေါင်း နှင့် ထန်းပင်မြစ် ပေ တည်း ။ နှင်း လည်း လိုက်လာပြီ ။ ထန်းပင်မြစ် များ လည်း ပေါ်စပြု လာပြီ ။ ကိုဆေးရိုး တို့ ကား ထန်းပင်မြစ် တွေ ရင့်ပါစေ ဟု ဆိုကာ မဖော်ကြသေး ။ ယခု သော် ကား ... သူတို့ အရိပ် ကြည့် နေသော ထန်းပင်မြစ် မြေပုံ ဘေး ဝယ် လူ တစ်ယောက် က ရောက် နေလေပြီ ။


ဘညိန်း က တစ်အောင့် မျှ ရပ် နားစိုက် ကြည့်လိုက် သော အခါ၌ မြေပုံ က ခုံးရွ ထ နေခြင်း မဟုတ်ဘဲ ထန်းပင်မြစ် ကျင်း ကို တူးရွင်း တစ်ချောင်း ဖြင့် သဲမဲစွာ တူးဖော် နေသော လူ တစ်ယောက် ကို မြင်လာရ လေ၏ ။ ချောစိန် မှာ မိန်းမသား မို့ ထန်းသီး ထ ကောက်ချိန် အရုဏ် တက် တွင် ထန်းတော တွင်း သွားခွင့် မရ သဖြင့် ဘညိန်း တစ်ယောက် တည်း သာ အိပ်မှုန်စုံမွှား ဖြင့် ထန်းသီး ထွက် ကောက်ရသည် ။ ထန်းစေ့ တွေ မြေမြုပ် ပြန် တော့ လည်း ကမ်းပါးစောက် တွင် ခဲခဲယဉ်းယဉ်း ဆင်း မြှုပ် ရသည် ။ မိမိ က အပင်ပန်းခံ ပြုစု ထားသော ပစ္စည်း ကို ဘယ်လို လူပေါ် လူညွန့် ခူးစားသူ က လာ ရောက် ခိုးယူ နေ သနည်း ။


ဘညိန်း က လက်သီး ကို ကျစ်ကျစ်ပါ အောင် ဆုပ် ထား လိုက်မိ၏ ။ ချက်ချင်းပင် သံတူရွင်း တစ်ချောင်း တော့ အနည်းဆုံး လက်နက် အဖြစ် ကိုင်စွဲ နေသူ ကို လက်နက်မဲ့ သူ မိမိ က ရင်ဆိုင်ရန် မှာ မဖြစ်နိုင်ကြောင်း ကို ဆင်ခြင် မိ လေသည် ။ သို့ကြောင့်လည်း ဖြည်း ညင်းစွာ ဆောင့်ကြောင့် ထိုင် လိုက်ပြီး သောင်ပြင် အလယ် သို့ တရွေ့ရွေ့ တိုး ခဲ့ကာ လက်သီးဆုပ် ခန့်

ကျောက်ခဲ ၆ လုံး ကို ကောက်ယူ ခဲ့သည် ။ 


ထန်းပင်မြစ်ကျင်း ကို တူးဆွ နေသံ ၊ ဆွဲနှုတ်သံများ ကား ခပ်အုပ်အုပ် ထွက်ပေါ် နေ၏ ။ စာစောက ဘညိန်း ကြားရသော အသံ မှာ သည် နေရာ မှ လာသော အသံ ဖြစ် ကာ ကမ်းပါးစောင်း အတိုင်း လိုက်လာခြင်း ဖြစ် ပေမည် ။ ဘညိန်း က ကုန်းပြီး တရွေ့ရွေ့ တိုးကပ်သွား ကာ ဝါးတစ်ရိုက်ခန့် အကွာ သို့ ရောက်သည် နှင့် တစ်ပြိုင်နက် ခုန်ထ ကာ သူခိုး ကို ကျောက်ခဲစာ ကျွေး လိုက် တော့၏ ။


ပထမ တစ်လုံး သည် သူခိုး ၏ ကျောပြင် ကို မှန် ၍ နောက်သို့ လှည့် မကြည့်နိုင် မီ ဒုတိယတစ်လုံး က နောက်စေ့ တည့်တည့် ကို မှန်ကာ “ အောင်မယ်လေးဗျ ” တစ်ခွန်း သာ အော်နိုင်ပြီး ဝမ်းလျားထိုး လဲကျ သွားပေ သည် ။ သူခိုး ထံ မှ အသံ ထွက်လာသည် ဆိုလျှင် ဘညိန်း မှာ ဆက်လက် မပစ်ခတ် နိုင် တော့ဘဲ မျက်လုံးပြူး သွားပြီး ဝမ်းလျားထိုး လဲကျ နေသော သူခိုး ကို ပြေး ပွေ့ကာ ရင်ခွင် ထဲ သို့ ဆွဲသွင်း လိုက်ရာ 


“ အင့် ”


ဘညိန်း ၏ ရင်ခွင် ထဲ မှ လူ သည် ဒုတ်ခနဲ မြည် အောင် ဘညိန်း ၏ မေးစေ့ ကို နဖူး ဖြင့် ပစ်ဆောင့် ပြီး ပြေးထွက် သွားရာ ဘညိန်း မှာ သောင်ပြင် ပေါ် သို့ ကျွမ်းပြန် ကျ သွားလေသည် ။ သို့သော် သူ က သူခိုး နောက် သို့ လိုက်လံ တိုက်ခိုက်ခြင်း လည်း မပြု သူခိုး ပါ ဟူ၍ လည်း အော်ဟစ်ခြင်း မပြုဘဲ တူးရွင်း နှင့် ထန်းပင်မြစ်များ ကို ယူ ကာ ကမ်း ပေါ်သို့ တက်ခဲ့၏ ။ သူခိုး ကား ချစ်သော လှမေ ၏ အစ်ကို ၊ ဘညိန်း ၏ ယောက်ဖလောင်း ဘထွန်း ဖြစ်သောကြောင့် တည်း ။


◾ဆင်ဖြူကျွန်းအောင်သိန်း


📖 သွေးသောက် မဂ္ဂဇင်း

      ၁၉၅၉ ၊ နိုဝင်ဘာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment