Saturday, November 18, 2023

ဈေးချိုသူ


 ❝ ဈေးချိုသူ ❞ 


ဓာတ်တိုင် မှာ ပတ် ထားသည့် ပန်းနုရောင် ခြင်ထောင်ဇာစ နှစ်ဘက် ကို ခပ်တင်းတင်း ဆွဲဆန့် နေသော စိမ်းစိမ်း အား အငှားကား ပေါ် က နေ လက်ခုပ်တီး အားပေးသံ ကြားရသည် ။


စိမ်းစိမ်း က တော့ ကား ပေါ် က နှာခေါင်းပွပွ ကို လျှာ ထုတ် ပြ ရဲ လေ၏ ။ ကျွန်တော် သာ စိမ်းစိမ်း ကို လှည့် ကြည့် လိုက် လျှင် မျက်လုံး ချင်း ဆုံ သွားမည့် ဒဏ် မခံရဲ သဖြင့် မျက်နှာလွှဲ ထား ရသည် ။


“ ဘာဖြစ်လို့ ဒီလောက် တောင် ဆောင့်ဆောင့် ဆွဲ နေရတာလဲ ၊ ခြင်ထောင် ဇာပေါက်တွေ ကျယ် ကုန်ပြီလေ ”


နှာခေါင်းပွပွ ပြောသမျှ နောက်သမျှ နား မထောင်ချင် လို့ မရ ။ 


“ မင်း ရော ငါ ရော ၊ ခလေးတွေ ရော ခြင် ကိုက် ကုန်တော့မှာပဲ ” 


အခြား အခြားသော နှာခေါင်း အသေးအကြီးတွေ ဝေါကနဲ ဖြစ်အောင် နှာခေါင်းပွပွ လူပြက် လုပ်တတ်၏ ။


နိုင်လွန်ခြင်ထောင် ဇာစ ဘယ်ပြန် ညာပြန် ထပ် နေ ရင်း က နေ ရင်ဘတ် မှာ ပွေ့ ကပ်ပြီး အငှားကားတွေ ကြား တိုးဝင် သွားလေသော စိမ်းစိမ်း ဆီ သို့ မျက်လုံး ရောက် သွားပြီး ကျွန်တော့် ပါးစပ် လှုပ် သွားသည် ။ မူချောင် မူချောင် လုပ် ပြောနေသော ကောင်မလေး ၏ စကား တစ်ခွန်း က လည်း လွှတ်ခနဲ ဆဲ ပစ်လိုက်ချင် စရာ ။


“ ဇာပေါက်တွေ ကျယ် ကုန်ရင်လဲ ဖာ ပေးပါ့မယ်ရှင် ” တဲ့ ။ 


သေနာမ ၊ ခွက်ထိုးခွက်လှန် ပက်လက်လှန် ရယ်မော ကျန်ရစ်ကြ သော အငှားကားသမား တစ်သိုက် ကို ဆုတော်လာဘ်တော် အဖြစ် လှုပ်ရမ်း လှုပ်ရမ်း လျှောက်ပြ သွားသော စိမ်းစိမ်း ကို မောလျစွာ ကြည့် နေ မိတော့သည် ။ 


“ ဒီမှာ ဒီမှာ ၊ မှတ်ပုံတင် ကဒ်ပြားကလေး ပလပ်စတစ် ဖုံးချင်လို့ ဘယ်လောက် ပေးရမလဲ ။ ဒီဘက်လဲ လှည့် ကြည့်ပါဦး ဆရာကြီး ” ဟု ငေါ့ လိုက်သော ပူတူးမ အသံလေး ကို တော့ ဂဠုန်သုတ် သွားတောင် မမှတ်မိ စရာ မရှိ ။ စိမ်းစိမ်း ကို အငေး လွန် နေသည် ဟု ပူတူးမ အထင် ရောက်သွားမှာ စိုး သဖြင့် “ ခြင်ထောင်စကြီး နှမြောစရာ ” ဟု စကားလမ်းကြောင်း ပြောင်း ကြည့်သည် ။


“ ဒါများ အဆန်းလား ဟ ။ အပေါ်ထပ် က ကိုက်တံ နဲ့ ရုံ ထဲ က ကိုက်တံ နှစ်ခု ညီ သွားအောင် ညှိ လိုက်တဲ့ သဘောမျိုးပဲ ဟာ ။ တို့ က မခိုးဘဲ မဖြတ်ဘဲ နဲ့ ရုံထဲ သွား သွင်းတဲ့ အခါကျ မှ ငါးကိုက် ကနေ ငါးကိုက် မိုက်ရော့ ဖြစ်သွားမှာ စိုးလို့ အဲသလိုပဲ နည်းနည်းချင်း ဆွဲ ဆွဲပေးရတာပဲ ” 


ပူတူးမ က ဘဝတူ ချင်း ဘက် က နေ ရှေ့နေ လိုက် နေပြန်သည် ။ 


“ အောင်မယ်လေး .. နည်းနည်းချင်း ဆွဲ ပေလို့ပေါ့ ။ ဓာတ်တိုင်ကြီး တောင် ဒီဘက် ယိုင် နေပြီ ”


ကျွန်တော့် စကားကြောင့် ပူတူးမ ရယ်မောသော အခါ သွားတက် လေး လက်ခနဲ မြင် ရသည် ။


“ နင်ကော ဈေးဦး ပေါက်ပလား ” 


ဆောင့်ကြောင့် ထိုင်နေသော ပူတူးမလေး ၏ ထဘီ အနားစလေး က ဘက်ထရီ အိုး ပေါ် မှာ ဝဲ နေသည် ။ 


“ မပေါက်သေးပါဘူး ဟာ ။ ဘက်ထရီအိုး က ထဘီ အောက် ရောက်ပြီး ဘုန်းနိမ့် နေတဲ့ ဥစ္စာ ”


ပူတူးမ နှုတ်ခမ်းချွန်ချွန် စူ ပြီး မတ်တပ် ထ ၏ ။


“ အလကား ပြောတာပါ ဟာ ။ ငါ အလုပ် မဖြစ်တာ ကိစ္စ မရှိပါဘူး ။ နင့် ထဘီလေး အက်ဆစ် စား ကုန်မှာ စိုးလို့ ပြောရတာပါ ”


လေပြေ ထိုး သော်လည်း ခြင်းတောင်းလေး ဆွဲကာ ဆောင့်ကြီးအောင့်ကြီး ထွက် သွားသည် ။ စိမ်းစိမ်း သည် ပန်းနုရောင် နိုင်လွန် ဇာခြင်ထောင်စ ကို ဓာတ်တိုင် ပတ်ပြီး ဆွဲ ပြီးပြီ ။ ပူတူးမ ရဲ့ ခြင်းတောင်းလေး ထဲ မှာ တော့ ဘာ ပစ္စည်း မျှ ရောက် မလာသေး ။ ကျွန်တော့် ဘေး က လက်ဆွဲအိတ်လေး ထဲ ကိုတော့ သူမ ကြိမ်ခြင်း ထဲ က ထမင်းချိုင့် သေးသေးလေး နေရာ ရွှေ့ပြောင်း ထားခဲ့ပြီ ။ လက်ဆွဲအိတ်ကလေး ထဲ မှာ ကျွန်တော့် ထမင်းဘူးလေး ရှိသည် ။ ပူတူးမ ၏ ထမင်းချိုင့်လေး က ကျွန်တော့် ထမင်းဘူး ပေါ် မှာ ထောင် ပြီး အုတ်နံရံ ကို မှီနေ လေသည် ။


ကျွန်တော် ရှေ့မှောက် ကို ဈေးဦးပေါက် မိတ်ဆွေကြီး တစ်ယောက် ရပ်လာချိန် မှာ ပြေးသံလွှားသံ ဝေါခနဲ ညံ သွား၏ ။ သံလိုက်တုံးကြီး တစ်တုံး ကို သံမှုန့်သံစလေးတွေ ပြေးကပ် သွား သလိုမျိုး ။ ကုန်တိုက်ကြီး ထဲ ပြေးဝင် သွား သော လူအုပ်ကြီး ထဲ မှာ ကျွန်တော့် ပူတူးမလေး လည်း တွန်းကာ တိုက်ကာ ပါ သွား ရှာလိမ့်မည် ။ ပြီးတော့ ဟို ... စိမ်းစိမ်း ဆိုသည့် ကောင်မလေး လည်း လူအုပ် ထဲ မှာ ပါသွား ပါ လိမ့်မည် ။


“ ရော့ ငါ မကုန်နိုင်ဘူး ။ နင့် ထဲ ထည့်ဦး ”


ပြောပြောဆိုဆို နှ င့်ပင် ထမင်းချိုင့် ထဲ က ဝါကျင့်ကျင့် ပွစိစိ ထမင်း သုံးလေးလုတ် စာ ကို ကျွန်တော့် ထမင်းဘူး ထဲ စွတ် ထည့် နေသော ပူတူးမ ကို မော့ ကြည့်မိ၏ ။


ကျွန်တော့် မျက်လုံးများ ကို ခပ်ရှောင်ရှောင် လုပ် နေသည့် ပူတူးမ ၏ မျက်ဝန်းရိပ် မှာ ကရုဏာငွေ့ သီဖွဲ့ နေ မလား ။ ကျွန်တော် မခန့်မှန်းတတ် ။ ကျွန်တော့် ထမင်းဘူး ထဲ က ဒညင်းသီး တစ်လုံး ကို တစ်ဝက် တိတိ ပါးစပ် နှင့် ကိုက် လိုက်ရ မလား ၊ ဟိုဘက် သည်ဘက် ထက်ခြမ်း ခွဲ လိုက်ရမလား ၊ အစဉ်း စား လွန်နေတာ နှင့် ပဲ ပူတူးမ ချိုင့် ထဲ မထည့်လိုက်ရတော့ ။ ပူတူးမ ထမင်း လက်စသပ် သွားပြီ ။ ဒီ ကောင်မလေး ထမင်း စားတာ ကို က လည်း သုတ်သီး သုတ်ပျာ နိုင် လွန်းသည် ။ ကျွန်တော့် အဖွားတို့ ခေတ် က ဗုံးကြဲ လေယာဉ်ပျံ လာခါနီး ညစာ စား သလိုမျိုး ။ ကျီးလန့် စာစား ။ အဲ ... ကား လာပြီ ဆိုလျှင်တော့ ကျွန်တော်တို့ လက်ညှိုး ထောင် ကိုယ်ရောင်ဖျောက် ကြ ရလိမ့်မည် ။ ပလပ်စတစ်ဖုံးစက်လေး နှင့် ဘက်ထရီအိုးလေး လက် က ဆွဲပြီး ဟိုနား သည်နား ကပ်လိုက် တာ နှင့် ကိစ္စ ပြီး ပါသည် ။


ခန်းမ ( ၂ ) လှေကား က ပြေးတက် မလား ၊ သောက်ရေအိုးတွေ အများ ကြီး နှင့် ရေကုသိုလ် ပြုထားသည့် ကုန်ပဒေသာဆို င်ထဲ ပြေးဝင် ပုန်း မလား ။ ဘယ်သူမျှ မောင်း မထုတ် ။ ကုန်ပဒေသာဆိုင် က ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် က ဒုက္ခသည်တွေ အပေါ် စာစာနာနာ ရှိသည် ။ ပူတူးမ အတွက်ကတော့ ပိုတောင် လွယ်သေး ။ ခြင်းတောင်းကလေး လက် မှာ ချိတ် ၊ ခပ်ငြိမ့်ငြိမ့်လေး ထွက် သွားရုံ ။ ကုန်ပဒေသာဆိုင် ဘေး ၊ ပန်းရိုးမ ဘေး ၊ စာနယ်ဇင်း အရောင်းဆိုင် ဘေးမှာ ခင်းခင်းကျင်းကျင်း လုပ်ထားသူတွေ သာ အထိုင်နှေး အထနှေး စရာ အကြောင်း ရှိသည် ။ သူတို့ လည်း အထုပ်အပိုးတွေ လည်ပင်း မှာ လွယ်ရင်း ၊ ခွေးပြေး ကြောင်ပြေး မပြေး နိုင်တောင် ဝက်ပြေး ၊ ကျွဲပြေး ပြေးကြ မည် သာ ။ 


ကြောက်ပြီး ထမင်းစား မြန်တာ မဟုတ်လျှင် တော့ ကုန်တိုက်ကြီး ထဲ က သံလိုက်ကောင်တွေ ဆီ စိတ် ရောက်နေတာ ဖြစ်လိမ့်မည် ။ ဘယ် အရောင်း ကောင်တာ က ခလုပ် နှိပ်လိုက်မလဲ တွေးတွေးတောတော နှင့် လောကြီး နေတာ ဖြစ်နိုင်သည် ။ ကြွေထည် ၊ မြေထည် လား ၊ အထည်အလိပ် လား လျှပ်စစ်ပစ္စည်း လား ၊ တချို့ကတော့ အပေါ်ထပ် ဆို အပေါ်ထပ် ၊ အလယ်ထပ် ဆို အလယ်ထပ် ၊ အောက်ဆုံးထပ် ဆို အောက်ဆုံးထပ် ၊ သူ့ အထပ် နှင့် သူ ၊ သူ့အကပ် နှင့် သူ ။ ပူတူးမ ခမျာ ကတော့ ဖတ်သီ ဖတ်သီ ။ ဟို ခုန် လိုက် သည် ကူး လိုက် ။ တစ်ခါ တစ်ခါ တော့ လည်း မျောက် သစ်ကိုင်းလွတ် ၊ သူ့ မျက်နှာလေး ရှုံ့မဲ့ ရှုံ့မဲ့ ။


စိမ်းစိမ်း တို့ ကျတော့ ပူတူးမ ထက် အပုံကြီး သာသည် ။ သည် ပတ်ဝန်းကျင် က ဟို လူကြီး သည် လူကြီး တွေ နှင့် လည်း အလိုက်အထိုက် ပေါင်း တတ်သည် ။ ယုတ်စွ အဆုံး ၊ မီးပွိုင့် က ယာဉ်ထိန်းရဲကြီး တွေ နှင့် တောင် ရောရောဝင်ဝင် ဖြစ်နေပြီ ။ စိမ်းစိမ်း က မိတ်ဆွေ တချို့ ကို အပေါ် တက် ဝယ် ခိုင်း လျှင် အရောင်းထိုင်း ပစ္စည်း အတွဲ မပါပဲ နှင့် လိုချင်တာလေးတွေ တောင် ရ တတ်သည် ။ ဟိုတုန်း က ဆို မန္တလေးရမ် တို့ ၊ လေးပေမီးချောင်း တို့ အမြဲ ရ ခဲ့ဖူးသည် ။


မန္တလေးရမ် လည်း ကုန်တိုက် ပေါ် မပျော်တာ ကြာ ချေပေါ့ ။ ပလက်ဖောင်း ပေါ် မှာတော့ မန္တလေးရမ် ရှိသည် ။ ဒါးတံဆိပ် ပေါင်ဒါ ယူ မလား ၊ ဘာလီဖျော်ရည် ဝယ် မလား ၊ အားလုံးရှိသည် ။


ကျွန်တော့် ရှေ့ မှာ အလုပ် လာ အပ်သည့် နှုတ်ခမ်းမွှေး ကားကားကြီး က တော့ စပ်စပ်စုစု နိုင်လှသည် ။ ပလပ်စတစ် ဖုံးခ နှစ်ကျပ် သုံးကျပ် နှင့် မတန်အောင် အမေးအမြန်း ထူ မဆုံး ။ သူ မေးသမျှ ဖြေ မိလျှင် သည်နေရာ က လေးဘက် ထောက် ပြေးရလိမ့်မည် ။ ပြီးတော့ တိုးတိုးတိတ်တိတ် လည်း မဟုတ် ။


“ အဲဒီ အရက် က စစ်ရဲ့လား ကွ ”


“ ဘာလီပုလင်း က ရေတွေများ လား ”


“ ကုန်တိုက် ဘေး မှာ ရောင်းတဲ့ အသည်တွေ ကတော့ စိတ်ချရတယ် ဆို ။ လမ်း ကျော် လိုက်တာနဲ့ ပစ္စည်း မမှန်တော့ဘူး ကြားဖူးတယ် ဟုတ်ရဲ့လား ”


ဈေးသည် အချင်းချင်း လည်း ခွဲခြမ်းခွဲခြမ်း လုပ် သေးသည် ။ 


ကျွန်တော် ဖုံး ပေး လိုက်သည့် ပလပ်စတစ်ကဒ်လေး ရေလုံ မိုးလုံ ရှိ မရှိတော့ မမေး ။ မျက်လုံး က လည်း အငှားကား ပေါ် တက် ထိုင် နေသည့် စိမ်းစိမ်း ဆီ ရောက် နေသေးသည် ။ သည် လူကြီး လည်း နှာခေါင်း ပွတတ ။ 


တကယ်ဆို နာရီစင် ရှေ့ ကပ် ပြီး နေပူ ကျက်ကျက်ကြီး ထဲ လက်သီး လက်မောင်းတန်း အော် နေသည့် အသက် ငါးဆယ် ကျော် လောက် ရှိသည့် စိတ်ရောဂါသည် အဖွားကြီး ကို စိတ်ဝင်စားဖို့ ကောင်းသည် ။ ပူတူးမ က တော့ “ ဟဲ့ ဝေလင်း နင့် နာမည် ခေါ် နေတယ် ။ မှတ်ပုံတင်ကဒ် ဖုံးခိုင်း မလို့နဲ့ တူတယ် ။ သွား လိုက်ဦး ” ဟု စ တတ်သည် ။ အရူး ဆိုတာ က တော့ နေရာ တကာ ရှိ နိုင်တာပါပဲ ။ အငှားကား ပေါ် ထိုင် နေသည့် နှာခေါင်းပွပွ လည်း ရူးနိုင်သည် ။ မှတ်ပုံတင်ကဒ် ၊ ကျောင်းသားကဒ် ၊ ဘာကဒ် ၊ ညာကဒ် ပလပ်စတစ် ဖုံးသည့် ကျွန်တော် လည်း ရူး နိုင်သည် ။ ကုန်တိုက် တိုးသည့် လူ့ပျံကျတွေ ကို အရင်းအနှီး ထုတ်ထုတ် ပေးပြီး အတိုး နှင့် ချေးသည့် ကုန်ပဒေသာဆိုင် ပေါက် က ချာလီ ထီး နှင့် ပုကွကွ အမျိုးသမီး လည်း ပိုက်ဆံ တွေ ဆုံး သွားလျှင် ရူးသွား နိုင်ပါသည် ။ စိတ်ရောဂါသည် အဘွားကြီး က နာမည် ခေါ်ပြီး ကလော်တုတ် နေသည် ။ ကျွန်တော့် နာမည် ခေါ်နေသည် ဟု ပူတူးမ က စ နေသည် ။


ကျွန်တော့် အလုပ်လေးတွေ လေးချီ ၊ ငါးချီ ပြီး သွားချိန်မှာ ပူတူးမ ပြန် လာသည် ။ ခြင်းတောင်း ထဲ မှာ ကြွေရည်သုတ် မတ်ခွက်လေး တွေ ပါ လာ သည် ။ မတ်ခွက်တွေ အောက် က ကြွေရည်သုတ် ပန်းကန်ပြားတွေ ကတော့ လိန်တိန်ပိန်တိန် ။ အပဲ့အရွဲ့ တော့ သိပ် မပါ ။ ဟိုတစ်ခါ က ထမင်းအုပ် တို့ ၊ နောက်ဖေးအိုး တို့ လောက်တော့ မဆိုး ။ ဆိုဗီယက် နှင့် အမေရိကန် အာကာသယာဉ် နှစ်စင်း ၊ ဟင်းလင်းပြင် မှာ ဂွတ်ကနဲ အံကျ ကပ်မိချိန် လောက် မှာ ထမင်းအုပ်လေး က အဖုံး နှင့် အုပ် အလွဲလွဲ အချော်ချော် ။


ပူတူးမလေး က တော့ ကြွေရည်သုတ် ပန်းကန်ပြား ဖင် ကို လက်ညှိုး နှင့် ခေါက် ခေါက်ပြီး အတော်လေး အူမြူး နေ ချေသည် ။ သည် ယနေ့ အဖို့ ပူတူးမ အတွက် ကြွေရည်သုပ် ပန်းကန်ပြားလေး ဖင် က အသံ ထွက် သလိုမျိုး တိန်တိန် မြည် ဦးမည် ကတော့ သေချာပြီ ။


မနေ့ က တိန်တိန် မြည် ခဲ့သော ပူတူးမလေး ကို သည်နေ့ ပြန် တွေ့သော

အခါ မျက်နှာ ပေါ် မှာ မိုးရိပ် တိမ်မဲ ဆင်လျက် ။


“ ဘာဖြစ်တာလဲ ” ဟု မျက်နှာကဲ ခတ်မိသူ က မေး သော်လည်း မဖြေ ။ နှစ်ခါ သုံးခါ မေးလေ မှ လမ်း တစ်ဘက် က စိမ်းစိမ်း ဆီ မျက်စောင်း တစ်ချက် ပစ်ပြပြီး “ နင့် ကောင်မ ပေါ့ ” ဟု စကားချီ သည် ။


“ နင်တို့ ရန်ဖြစ် လာကြလို့လား ”


ကျွန်တော် တိုးတိုးလေး မေး မှ ပူတူးမ အသံ ကျယ်သည် ။ 


“ သူ နဲ့ တုပြီး ရန် မဖြစ်ပါဘူး ။ မခံနိုင်တဲ့ တစ်နေ့ သာ ပါးဆွဲ ရိုက် ထည့် လိုက်မယ် ။ ဘာဖြစ်လို့ ရန်ဖြစ်ကြတာလဲ မေးရင် တော့ အဖြေ ရှိပါတယ် ။ အမှန်အတိုင်း ပြောရရင် သူ ပဲ နစ်နာမယ် ”


ဆယ်တန်းအ ထိ ကျွန်တော် နှင့် အတူ ကျောင်း နေခဲ့ဖူးသော ပူတူးမ အနေ နှင့် ကတော့ စကား ကို ချိန်ချိန်ဆဆ ပြောချင်ပုံ ရသည် ။ ဧရာမ ခန်းလုံး ပြည့် ကော်ဇောလိပ်ကြီး တစ်လိပ် ကို မနိုင်မနင်း ရွက်ပြီး လမ်း တစ်ဖက် ကူး လာသော အမျိုးသမီးကြီး တစ်ယောက် နှင့် စိမ်းစိမ်း ဘာ စကားပြော မတည့် လိုက်သည် မသိ ။ အမျိုးသမီးကြီး က တွတ်ပွ တွတ်ပွ လုပ် သွားသည် ကို လှမ်း မြင်ရ၏ ။


“ မနေ့က ရုံထဲ ပို့ချိန် မရလို့ ပါ သွားတဲ့ ပစ္စည်းတွေ အရပ် ထဲ ပြန် ရောင်းတယ်လေ သိလား ။ ငါ ရောင်း သလိုပဲ စိမ်းစိမ်း လဲ အရပ် ထဲ လှည့် ရောင်းတယ် ။ သူ က ရှေ့ က ငါ က နောက် က ၊ သူ က ငါ ရောင်းတဲ့ ဈေး ထက် နှစ်ကျပ် သုံးကျပ် လျှော့ ရောင်းတယ် ”


ကျွန်တော် က ပူတူးမ ကို စချင် သဖြင့် ရယ်ကျဲကျဲ ဖြစ် သွားသည် ။ 


“ ကောင်းတာပေါ့ ဟ ၊ ကိုယ့် အရပ်သူ အရပ်သားတွေ သက်သာချောင်ချိရေး ဖြစ်တာပေါ့ ”


ပူတူးမ သွားတက်လေး က အစွယ်လေး နှင့် တူ သွားပြီ ။ 


“ မချောင်ချိ နိုင် ပေါင် ။ အဲသလို အရှုံးခံ ရောင်းဖို့ အတွက် ပင်ပင် ပန်းပန်း တိုးဝှေ့ ဝယ်ခဲ့တာ မှ မဟုတ်ပဲ ။ အဲဒီ ကောင်မ က တော့ ညနေ ပြန်ချိန် ကျ မှ တခြား ဈေးသည်တွေ ဆီ က နည်းနည်း ဟန်ပြ ဝယ် ထားပြီး အရပ် ထဲ ကျ ကုန်တိုက်က ပြန်လာ သလိုလို အယောင် ဆောင်တာ ။ အလုပ်ပြ ကောင်းရုံ ”


ပူတူးမ က စကား ကို လက်စ မသပ် ။ ကုန်တိုက် ဘက် ဆီ ကူး သွား ပြန်ပြီ ။ ကျွန်တော် သာ အလုပ် ပေးမည့်သူ မရှိရသည့် အထဲ ခေါင်း ရှုပ်ပြီး ရင်း ရှုပ် ကျန်ရစ်၏ ။ ကိုယ့် အရပ်သူ အချင်းချင်း အတွင်းသိ အပြင်သိ ကိစ္စ ကို လူ ထဲ ချ ပြ ပြီး ဆဲရေးတိုင်းထွာခြင်း မပြုသည့် ပူတူးမလေး ကို ကျွန်တော် ကြိတ် ပြီး ချီးကျူး မိနေသည် ။ စိမ်းစိမ်း ကို သည် အမျိုးအစား ဟု နားလည် သွားကြသူ တွေ က ပူတူးမ ကို ရော သည် ပုတ် ထဲ က သည် ပဲ ဟု မသမုတ်ကြဘူး လို့ ကော ပြောနိုင်ပါ့ မလား ။


မျက်စိ ထဲ မှာ တော့ ခန်းမ အောက် က သေးပင်လယ် ထ နေသည့် အများသုံး အိမ်သာ ထဲ ဝင် ဝင်သွားပြီး နှုတ်ခမ်းနီ ဆိုး ဆိုး ထွက် လာသော စိမ်းစိမ်း ရုပ်ပုံလွှာ ရစ်ဝဲ နေလေပြီ ။


  •••••   •••••   •••••


သူ့ အမေ အတော် နေမကောင်း လို့ ဆိုပြီး သည် ကနေ့ ပူတူးမ ထမင်းချိုင့်လေး တောင် ယူ မလာတော့ ။


ကျွန်တော့် ထမင်းဘူးလေး ထဲ က တစ်ဝက် ခွဲ ကျွေးပေမယ့် တစ်ခါ နှစ်ခါ ပဲ စားသည် ။ စိမ်းစိမ်း နှင့် လက်သုတ် စား ထားတယ် ၊ မုန့်တီ စားတယ် ပြော ပြောပြီး အနား မကပ် ။ စစ်ကိုင်း တစ်ဖက်ကမ်း က မြန်မာဆရာ သွား သွား ပင့်ရတာ နှင့် ပဲ ကောင်မလေး မော နေပြီ ထင်သည် ။ ပူတူးမ အလုပ်အကိုင် မမှန်လေ မှ စိမ်းစိမ်း ကို သတိရ မိသည် ။


သူတို့ သူငယ်ချင်း ချင်း အခေါ်အပြော မပျက် ပြန်ဖြစ် နေကြပြီ ဆို တော့ ဝမ်းသာ ရသည် ။ ကုန်တိုက် က လည်း ဘတ်ဂျက် ပြီးကာစ ဆိုတော့ ကျိုးတိုး ကျဲတဲ ။


ကျွန်တော် ထမင်း နှစ်လုတ် သုံးလုတ် စားပြီး မျိုမကျ ဖြစ်နေချိန်မှာ ပူတူးမ အနား လာ ရပ်သည် ။ အဖြူသဲကြိုး နှင့် ပလပ်စတစ် ဖိနပ် ပါးပါးလေး စီး ထားသော ခြေထောက် ဝင်းဝင်းလေး မှာ ခြေသည်းပန်းရဲလေး ဆိုး ထား တာ မြင်ရ၏ ။


“ သူတို့များ ကျတော့ ပွဲတော် တည်ချိန် ကို မှန်လို့ ”


သွားတက်လေး အလက် လိုက် ငေါ့သံ ချိုချို ကြား ရသည် ။ မျက်နှာ ပေါ် မှာ တော့ အခြယ်အသ မပြယ့် တပြယ် ။


“ ဘယ်လျှောက် သွားနေတာလဲ ”


ကျွန်တော့် ကို ပိုင်ဆိုးပိုင်နင်း ငေါက် သည် ။ 


“ ထမင်း စားမှာလား ” ဟု လည်း မေးသည် ။


ဆံမျှင်လေးတွေ ဖွဖွ လွင့် သွားအောင် ခေါင်း ကို ရမ်းပြီးမှ မင်္ဂလာဆောင် က ပြန်လာတာ ဟု ပြောသည် ။


ယခုတလော ပူတူးမ လည်း ကိစ္စတွေ များလွန်း နေပြန်သည် ။ မုန့်တီခေါက်ဆွဲဆိုင် ဖွင့် ဖို့ရာ စီမံကိန်း ဆွဲနေသော အဒေါ် က ကြွေဇလုံ သုံးလေးလုံး ကို လက် နှစ်ဖက် ဖြင့် ကိုင်ပြီး အားရဝမ်းသာ လာ ပြသည် ။ 


“ ဟန်ကျတယ် ဟေ့ ၊ စိမ်းစိမ်း ဆီ က သုံးလုံး ၊ ပူတူးမ ဆီ က လေးလုံး ၊ ခုနှစ်လုံး တောင် ဝယ်ဖြစ် သွားပြီ ” ဟု ပြောပြော ပြပြ လုပ်သည် ။ အဒေါ် လက် ထဲ က ကြွေရည်သုတ်ဇလုံ ဝါဝါလေး တွေ ကို လှမ်း ယူ ကာ အသာ လေး ပွတ်သပ်ပြီး အပွန်းအရှ ရှာတာ မဟုတ်ပါဘဲ အကြာကြီး ကြည့် နေမိ၏ ။ 


သည် ကြွေဇလုံလေး တွေ ဘယ်လောက် ဝယ်ရသလဲ ၊ ဘယ်သူက ဈေး ပို ချိုသလဲ ။ အဲသလို စပ်စပ်စုစု လုပ်ချင်စိတ်လေး ကို တော့ တံတွေး နှင့် အတူ မျိုချ လိုက်ပါသည် ။


◾သိုက်ထွန်းသက်


📖 သာရ မဂ္ဂဇင်း 

      ဧပြီလ ၊ ၁၉၈၉ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment