Tuesday, November 28, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁၉ )


 

ထိုနေ့ က စိတ်ကူး ပေါက်ပေါက် နဲ့ Mr. Guitre ဆိုင် တွင် တစ်ယောက် ထဲ သွား ထိုင် ဖြစ်သည် ။ သူ ရောက်သွားချိန် တွင် ဆိုင် ထဲ မှာ ဘယ်သူမှ မရောက်သေး ။ တစ်ယောက် တည်း ကော်ဖီ တစ်ခွက် မှာ ပြီး အေးအေးဆေးဆေး ထိုင် နေလိုက်သည် ။

သူမ က ရော ကော်ဖီ ကြိုက်တတ်ပါသလား ... ။

အလိုလို နေရင်း ဆေးရုံ တွင် မှောက်ခုံကြီး ငိုယိုကာ တစ်ခု ပြီး တစ်ခု ဝါး နေသော သူမ အကြောင်း ကို စဉ်းစား မိ နေသည် ။ သူမ ကော်ဖီတော့ သောက်မည် မထင် ။ သောက်ပါ သော် လည်း တစ်ဖက်သား ခန္ဓာကိုယ် ပေါ် အနည်းငယ် မှောက်ချပြီး မှ သောက်ပါ လိမ့်မည် ။ သို့သော် တစ်ခါ လောက် တော့ သူမ နှင့် ကော်ဖီ သောက်ပြီး အေးအေးဆေးဆေး စကား ပြောချင်သေးသည် ။

ပြောမည့် စကား က လိမ်လိမ်မာမာ နေဖို့ နဲ့ တစ်ဖက်သား အား ဒုက္ခ မပေးဖို့ သာလျှင် ဖြစ်ပေ လိမ့်မည် ။ ထိုအချိန် တွင် သူ မသိချင်ယောင် ဆောင် ကောင်း ဆောင်နေ လိမ့်မည် ။ သို့သော် သူ က ပြောစရာ ရှိတာတွေ ကို တော့ ပြောပြရ ပေလိမ့်မည် ။

ဆိုင် ထဲ မှာ ဂစ်တာသံ တိုးတိုးလေး ထွက်လာသည် ။ မည်သူ တီးနေမှန်း မည်သည့် နေရာ က တီးနေ မှန်း မသိပါ ။ သို့သော် တစ်ယောက်တည်း ဖြစ် နေချိန် မှာ တော့ ဂစ်တာသံ က သူ့ ကို အဖော် ဖြစ်စေပါသည် ။

“ ဟော ”

ဆိုင် ထဲ လူ နှစ်ယောက် ထပ် ဝင် လာပါသည် ။

“ ဟင် ”

ထို နှစ်ယောက် ကို မြင်တော့ သူ အကြီးအကျယ် အံ့အား သင့် သွားရ၏ ။ ဟုတ်ပါသည် ။

ထို လူ နှစ်ယောက် ထဲ က တစ်ယောက် မှာ သူမ အကြီးအကျယ် လိုက်လံ ဒုက္ခ ပေး နေသော မျိုးမြင့်ထွန်း ဆိုသည့် လူ ဖြစ်ပါသည် ။ မျိုးမြင့်ထွန်း က သူ့ ကို မြင်တော့ မျက်မှောင်ကြုတ် သွားသည် ။ နောက် သူ နှင့် ပါလာသော လူ တစ်ယောက် ကို ခုံ တစ်လုံး တွင် ထိုင်စေပြီး သူ ရှိရာသို့ တန်းတန်မတ်မတ် ရောက် လာ၏ ။

“ မေထူးချွန် နဲ့ ခဏ ခဏ တွေ့ နေတာ ခင်ဗျား ထင်တယ် ”

မျိုးမြင့်ထွန်း ၏ မေးသံ ။ သူ အသာအယာ ခေါင်းညိတ် လိုက်ပြီး ...

“ ဟုတ်ပါတယ် ”

မျိုးမြင့်ထွန်း က ပြုံးပြီး ...

“ ထိုင်မယ်နော် ”

သူ ထပ်မံ၍ ခေါင်းညိတ် ပြ လိုက်သည် ။ ထို လူ သည် လူကြီးလူကောင်း ဟန် အပြည့် ရှိပါသည် ။

“ မေထူးချွန် နဲ့ က အတော် ခင်တယ် မှတ်တယ် ”

မျိုးမြင့်ထွန်း ၏ အမေး ကို သူ မည်သို့ ပြန် ဖြေရမည် မသိ ။

“ အင်း ... ဒီလိုပါပဲ လမ်းမှာ တွေ့ပြီး ခင်လာတာ ... သိပ် အခင်ကြီးတော့ မဟုတ်ဘူး ”

မျိုးမြင့်ထွန်း ပြုံးပြီး ခေါင်း ညိတ်သည် ။ နောက် လက်နှစ်ဖက် ယှက် လိုက်ပြီး ...

“ အေးဗျာ ... သူ နဲ့ ခင် ရင်တော့ သတိထားဗျာ ”

“ ဗျာ ”

မျိုးမြင့်ထွန်း စကား ကြောင့် သူ ရုတ်တရက် ကြောင်သွား မိသည် ။

“ သူ နဲ့ ကျွန်တော် က အရင် က ချစ်သူတွေ ဆိုတာ ခင်ဗျား လည်း သိ မှာပေါ့ ”

“ အင်း ... ”

သူ အသာအယာ ပင် ခေါင်းညိတ် ပြ လိုက်သည် ။ မျိုးမြင့်ထွန်း က သက်ပြင်းချလျက် ...

“ နောက်ဆုံး သူ့ ရဲ့ဒဏ် ကို မခံနိုင်လို့ လမ်းခွဲ ခဲ့ရတယ် ”

မျိုးမြင့်ထွန်း စကား ကြောင့် သူ အံ့အားသင့် သွားသည် ။ သူ့ ရဲ့ဒ ဏ် တဲ့ .. ။

မျိုးမြင့်ထွန်း က သူ့ ကို ဝေ့ ကြည့်လိုက်ပြီး ...

“ ဟုတ်တယ်ဗျ ... သူ က ပျော်စေပျက်စေ ဆိုပြီး လုပ်တဲ့ ကိစ္စတွေ ကို မခံနိုင်လို့ လမ်းခွဲ ခဲ့ရတာ ”

မျိုးမြင့်ထွန်း စကား ကြောင့် သူ မျက်မှောင်ကြုတ် လိုက်မိသည် ။ နောက်မှ

“ ဘယ်လိုတွေ လုပ်လို့လဲ ”

“ ဘယ်လိုလဲ ဆိုရင် .. ”

ဟို လူ တစ်ချက် စဉ်းစား လိုက်သည် ။ နောက်မှ ...

“ အစုံပဲဗျာ .. ဥပမာ ကော်ဖီဆိုင် ထိုင် နေရင်းနဲ့ ကော်ဖီခွက် ထဲ ငရုပ်ကောင်းမှုန့် ခတ်ပြီး မသိချင်ယောင် ဆောင် နေတာမျိုး ... ကျုပ် ဆို ငရုပ်ကောင်းမှုန့် ခတ်ထားတဲ့ ကော်ဖီ ဆယ်ခွက်ထက် မနည်း သောက်ဖူးတယ် ”

“ အဲ ... နောက် ရှိသေးတယ်... အတူတူ လမ်းလျှောက် နေရင်း နဲ့ ဘတ်စ်ကား ပေါ် ခုန်တက် သွားတာမျိုး ”

“ ဟင် ”

“ နောက်ပြီး ခေါင်းလိမ်းဆီ လူးပေးမယ် ဆိုပြီး စတော်ဘယ်ရီယို တွေ သုပ်ပေး တာမျိုး .. ကျုပ် မှာ လူတောထဲ ယင် တလောင်းလောင်း နဲ့ ပြန်ရတာ ”

“ ဪ ”

မျိုးမြင့်ထွန်း စကား ကြောင့် သူ ဘာ ဆက် ပြောလို့ ပြောရမှန်း မသိတော့ ။ စိတ် ထဲ မှာ လည်း ရယ်ချင် သလို ဖြစ်နေမိ၏ ။ သူ ပြောတဲ့ အထဲ မှာ သူမ လုပ်ပုံ နည်းအစုံ ပါတယ် ။ သို့သော် သူ က ...

“ ဟိုလေဗျာ ... ဒါက ပျော်စေပျက်စေ ဆိုတော့ မပြောပလောက်ဘူး ထင်တယ် ”

သူ့ စကား ကြောင့် မျိုးမြင့်ထွန်း က ပြန်ဝေ့ ကြည့်ပြီး ...

“ မပြောပလောက်ဘူး ... ဟုတ်လား ”

သူ ဘာမှ ပြန် မပြောဖြစ် ။ မျိုးမြင့်ထွန်း က သာ ခေါင်း တဆတ်ဆတ် ညိတ် ပြီး ...

“ ဒါပေမယ့် တစ်ခါက သူ လုပ်ပုံ သည်းမခံ နိုင်တော့ဘူး ”

“ ဘာ လုပ်လို့လဲဗျ ”

သူ အလောတကြီး ဖြတ် မေးလိုက်သည် ။ သူ့ အမေး ကို မျိုးမြင့်ထွန်း က မျက်နှာ နီ သွားပြီး ...

“ ဘယ်လို လုပ်လဲ ဆိုတော့ .. သူ က ပန်းခြံ ထဲ မှာ ဗျ ... ကျွန်တော့် ကို ချိန်းတယ် ”

“ အင်း ”

“ ချိန်း ပြီး လူ စည်တဲ့ အချိန် လည်း ရောက်ရော အတူ ထိုင်နေ ရင်း ... ဗျောက်အိုး အထုပ် လိုက်ကြီး မီးရှို့ ပြီး လုံချည် ထဲ ပစ်ထည့် လိုက် တယ် ”

“ အင် ”

ဟို လူ စကား ကြောင့် သူ ဘာ ပြန် ပြောရမှန်း မသိတော့ ။ ဟို လူ က သာ မျက်နှာ အို ချ လိုက်ပြီး ...

“ ခင်ဗျား စဉ်းစားကြည့် ဗျာ .. ကိုယ်ချင်း လည်း စာ တတ်မှာပါ .. ယောက်ျား တစ်ယောက် လုံချည် ထဲ ဗျောက်အိုး ပစ် ထည့်တာ ဘယ်လောက် ခံရ ခက် မလဲ ဆိုတာ ”

“ ဟင် ”

သူ ဘာမှမ ပြောနိုင်ပဲ ပါးစပ် အဟောင်းသား နဲ့ ထို သူ ကို ငေးကြည့် နေ မိသည် ။ မျိုးမြင့်ထွန်း က အတိတ် ကို ပြန် သတိရ သွားသည် ထင့် ။ မျက်ရည် တွေ ဝိုင်းတက် လာပြီး သူ့ ဗိုက် ကို သူ ညှစ် ကာ ငိုသံဝဲကြီး ဖြင့် ခပ်လေးလေး ဆက် ပြောသည် ။

“ ဗျောက်အိုး ဆိုတာ က လည်း ဗျာ တစ်လုံး ပြီး တစ်လုံး ထ ထပေါက် တာ အတွဲလိုက်ကြီးဆိုတော့ စဉ်းစားသာ ကြည့် သုံးဆယ့်နှစ်ချက် လားပဲ  ကြား ရတယ် ... နောက်ပိုင်း ဘာ မှမကြားရတော့ဘူး ... ကျုပ်မှာပါးစပ် က ပါတဒူးမေဂျစ် ဆိုပြီး ထ အော်ရတဲ့ ထိဗျာ .. ဘာဘာသာစကား မှန်း ကို မသိပါဘူး ... အဲဒီတုန်း က ပါးစပ် က နေ အလိုလို ထွက် သွားတာ .. ဟင်း .. အခုတော့ လုံချည် ဝတ်တိုင်း ကိုယ့် ကိုယ် ကိုယ် အကောင်း အတိုင်း ပြန် တွေ့ရတာကိုပဲ ဝမ်းသာ နေမိတယ် ”

“ ဟင် ... ”

“ ခြေနှစ်ချောင်း ပြောပါတယ် ”

“ အော် ... ”

သူ့ အသံ မှာ ပါ ငိုသံ ပါ သွား၏ ။ ဟို လူ ကို လည်း တင်ပါး ကျုံ့ဝင် သည် အထိ ကိုယ်ချင်းစာမိ သွားသည် ။ အလိုလို နေရင်း နား ထဲ မှာ တဖောင်းဖောင်း မြည်သံ ကြီး ကြား မိပြီး အံကြိတ် ထားမိသည် ။ မည်သို့ နေမည်နည်း ။ ဗျောက်အိုး ပေါက်ချိန်တွင် ဗျောက်အိုး က အပေါ်သို့ ခုန်တက် လာမည်လေ ။

“ ထားပါတော့ဗျာ ... အတိတ် ကို အတိတ် မှာ ပဲ ထားတာ ကောင်း ပါတယ် .. ကျုပ် မှာ လည်း မီးဟပ် ခံထားရတာ အမှတ်တရ ကျန်ခဲ့တာပဲ .. ဒါနဲ့ အဲဒီ ထဲ က သူ့ ကို ရွံကြောက်ကြီး ကို ကြောက် သွားတာပါဗျာ ... တစ်သက်စာပါ ပဲ .. အခု သူ တင်ပါး ကျိုးလို့ ဆေးရုံ တင်ထားရတယ် ဆို ... ”

“ ဟင် .. အော် .. ဟုတ်ကဲ့ .. ဟုတ်တယ် ဆေးရုံ မှာ မှောက်ခုံကြီး ”

ကိုယ့် ဖာသာ ကိုယ် အတွေး လွန် နေရာမှ မျိုးမြင့်ထွန်း ဖြတ် မေး လိုက် သဖြင့် သူ အလျင်အမြန် ခေါင်းညိတ် ရင်း ဖြေ လိုက်မိသည် ။ ဒါကို မျိုးမြင့်ထွန်း က ...

“ ကဲ .. ဒါဖြင့်လည်း ကျွန်တော် သူ့ ကို လက်ဆောင် တစ်ခု ဝယ် ပေး လိုက်မယ် ကျွန်တော်သူ့ ကို သံယောဇဉ် မပြတ်ပါဘူး .. ခင်ဗျား ဒီ က ခဏ စောင့် နေဗျာ ... ”

ဟု ဆို၍ သူ ဘာမှ ပြန် မပြောနိုင်ခင် အလျင်အမြန် သုတ်ခြေ တင် သွားသည် ။ နောက် သူ နဲ့ ပါလာသူ ကို လည်း ခဏ စောင့်ဖို့ ပြောသည် ။ ပြီးတော့ အပြင် သို့ ခပ်သွက်သွက် ထွက် သွားသည် ကို တွေ့လိုက် ရသည် ။ ဖုန်တွေ ထ သွားပါ ။ သို့သော် တိတ်ခွေ ရစ်လိုက် သလို အတော် မြန်ကြောင်း ကို တော့ သိ လိုက်ရသည် ။

ထိုသို့ သာ ပင် သူမ ၏ အပြုအမူ ကို ဆက်၍ ပြောပြပါ ဦးမည် ။ လူ တစ်ယောက် တွင် မှန် တစ်ချပ် ရှိသည် ဆိုပါတော့ ။ မှန် ၏ သဘော သဘာဝ အတိုင်း ကိုယ် က ပြုံးပြ လျှင် သူ က ကိုယ့်နည်း တူစွာ ပြုံး ပြ လိမ့်မည် ။ ကိုယ် က မဲ့ပြ ပါ က သူ က ပြန် မဲ့ပြလိမ့်မည် ။ ထိုသို့ မှန်ကန်တိကျ သော အဖြေ ထွက်သည့် အတွက် ၎င်း ကို မှန် ဟု ခေါ်ခဲ့ကြပုံ ရသည် ။ သို့သော် ပို ၍ သေချာသည် က မှန် တွင် ပေါ် နေသော ပုံရိပ် မှာ ဘယ်ညာ မှား နေလိမ့် မည် ။ သူမ သည် လည်း ထို မှန်ချပ်ကလေး အတိုင်း ပင် ကိုယ် ပြုံးပြ သော်လည်း သူမ အတွက် တော့ လူတိုင်း နဲ့ ဘယ်ညာ မှား နေလိမ့်ဦးမည် ။

ဆိုရသော် ...  ။

လူ တစ်ယောက် ပြောတယ် ...

“ အခုခေတ် ဆရာဝန် လက်ရေးတွေ အတော် ဆိုးတယ်ဗျ ... ဘယ်လို မှ ကို ဖတ်လို့ မရဘူး ”

ဒါကို နောက် လူ တစ်ယောက် က ...

“ ဆိုးတယ် ဟုတ်လား ... မဖြစ်နိုင်ဘူး ... သူတို့ လက်ရေး က အတော် အသုံး ဝင် ပါတယ် ”

ဒုတိယ လူ ၏ စကား ကို ပထမလူ က မျက်မှောင် ကြုတ် လိုက်ပြီး ..

“ ဘယ်လို အသုံးဝင်တာလဲ ”

“ ဒီလိုလေ ... ကျွန်တော် လွန်ခဲ့တဲ့ သုံးနှစ် လောက် က ကျန်းမာရေး မကောင်းလို့ ဆရာဝန် ဆီ ဆေးစာ တောင်းဘူးတယ် ... အဲဒီ ဆေးရုံ ကို ပဲ မီးရထားဌာန က အခမဲ့ စီးခွင့် လက်မှတ် ထင်ပြီး ရထား အခမဲ့ တစ်နှစ် စီးခဲ့ ရတယ် ... နောက် စတိုးဆိုင်ကြီး တွေ ကလည်း အဲဒီ လက်မှတ် ကို အကြွေး ဝယ်ခွင့် လက်မှတ် ထင်ပြီး ဈေး အလကား ဝယ်ခဲ့ရတယ် .. နောက် ရုပ်ရှင်ရုံ တစ်ရုံ က လည်း မေတ္တာ လက်မှတ် ထင်ပြီး အခမဲ့ ကြည့်ခဲ့ရတယ် .. ဟော .. အခုတော့ ပို အဆင်ပြေသွားပြီလေ ”

“ ဘာဖြစ်လို့လဲ ”

“ ကျွန်တော့ သမီး အလတ်မ က အဲဒီ ဆေးစာရွက် ကို Music Note တွေ မှတ်ပြီး တယော ကျင့် နေတာ ခုဆို တော်တော်တောင် ဟုတ်နေပြီဗျ ”

သူမ သည် ထိုသို့သာ ဖြစ်သည် ။ မည်သူ က မှားနေ မှန်း ဘယ်လို မှ မ သိနိုင် ။ အဘယ်ကြောင့် ဆိုသော် သူမ သည် မှန် တစ်ချပ် ဖြစ်သည် ။ သို့သော် သူမ သည် ဆရာဝန် လက်ရေး လည်း ဖြစ်သည် ။

သူမ အကြောင်း စဉ်းစား တုန်း သိပ် မကြာခင် မှာ ကိုမျိုးမြင့်ထွန်း ဆိုတဲ့ လူ ပါဆယ်ထုပ်ကြီး တစ်ထုပ် မ ပြီး ပြန် ရောက်လာသည် ။ သူ ၏ ပါဆယ် ထုပ် မှာ ဒူးခေါင်း လောက် မြင့် သဖြင့် မနည်း မ လာရသည် ။

“ ကဲ ... ရော့ .. မေထူးချွန် ကို ဒါလေး ပေး လိုက်ပါဗျာ ... ကျုပ် ပေးလိုက်တယ်လို့ ပြောလိုက်ပါ ”

သူ ဘာမှ ဆက် မမေးတော့ ။ အထုပ် ကို လက် က ဆွဲမ လိုက်သည် ။ အထုပ် က အတော် ကို လေးပါသည် ။ ဤ အလေးချိန် မျှ သံယောဇဉ် ရှိသည် ဆို လျှင် ပင်လူလူ ချင်း အတွက် အတော် များလွန်းသော သံယောဇဉ် ဖြစ်ပေလိမ့်မည် ။

“ ကဲ ... ဒါဆိုလည်း ကျွန်တော် သွားတော့မယ်.. သူ့ ကို ရော ဘာ မှာ လိုက်ဦး မလဲ ”

မျိုးမြင့်ထွန်းခေါင်းခါလိုက်သည် ။

“ ဘာမှ မမှာတော့ပါဘူး .. အဲဒါပေမဲ့ ... ”

စကား ကို ထပ် မဆက်သေးဘဲ မျက်လွှာ ချ၍ သက်ပြင်း မှုတ်ထုတ် လိုက်သည် ။ ပြီးမှ ခပ်လေးလေး လေသံ ဖြင့် တစ်လုံးချင်း ပြောချ လိုက်သည် ။

“ ကျွန်တော် ... ရှေ့ အပတ် ထဲ မှာ သက်သက်ဇင် နဲ့ စေ့စပ်တော့မယ် လို့ ... ”

“ ဟင် ... ”

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment