Tuesday, November 14, 2023

လှည်းခ


 ❝ လှည်းခ ❞ 


အခန်း ( ၁ )


ဝါကြင်ကြင် မီးရောင် နဲ့ တဂျုံးဂျုံး မြည်သံ ကို ခပ်လှမ်းလှမ်း က ကြားမိတယ် ဆိုရင်ပဲ မော်လမြိုင် ရထား မှန်း ကျော်ကြီး သိ လိုက်တယ် ။ နေပြည်တော် ရထား နဲ့ မန္တလေး အမြန် ရထားတွေ ရဲ့ မီးရောင် က အဖြူရောင် ၊ ရထား စက်သံ က လည်း ဒီလို တဂျုံးဂျုံး ဆူညံ မနေ ။ ဘူတာကြီး မှာ ကုန်တင်ကုန်ချ အလုပ်သမား တစ်ယောက် အဖြစ် ကုန်ထမ်းရင်း ၊ ရ လာတဲ့ လုပ်သက် အတွေ့ အကြုံ အရ မီးရထား ဆိုရင် ဘယ် ရထား ဘယ်အချိန် ဝင်မယ် ဆိုတာ အချိန်စာရ င်းသွား ကြည့်နေစရာ မလို ။ ဝင် လာတဲ့ ရထား စက်သံ နဲ့ ဆလိုက်မီးရောင် ကို ကြည့် လိုက်ရင် ရထား နံပါတ် ပါ တွဲပြီး သိနေအောင် ကို ကျွမ်းကျင် တာ ။ ငါးနှစ် ဆိုတဲ့ အချိန် က ပုခုံး ပေါ် က အသားမာတွေ တောင် တော်တော် လေး တက် နေခဲ့ပြီပဲ လေ ။


ရထား ဝင်လာပြီ မို့ ဘူတာစဉ် တစ်ခုလုံး သက်ဝင် လှုပ်ရှား လာတယ် ။ ခရီးသည် လာ ကြိုတဲ့ သူ တွေ ၊ ကုန် လာ ကြိုတဲ့ သူတွေ နဲ့ အတူ ကုန်တင်ကုန်ချ လုပ်ငန်း အတွက် သက်ဆိုင်ရာ ကုန်တင်ကုန်ချ အလုပ်သမားတွေ လည်း ရထား ဝင်လာမယ့် စင်္ကြံ ( ပလပ်ဖောင်း ) မှာ စောင့် နေကြတယ် ။ အပြာရောင် အလုပ်သမား အင်္ကျီလေး ကို သေသေချာချာ ပြင် ဝတ်လိုက်ပြီး ရထား ဝင် လာမယ့် စင်္ကြံ အတိုင်း ကျော်ကြီး တစ်လှမ်းချင်း လျောက် သွား လိုက်တယ် ။


“ ဟေ့ကောင် ကျော်ကြီး အခြေအနေ ”


အပြေး တစ်ပိုင်း နဲ့ အနား ရောက် လာတဲ့ အောင်ထူး က ကျော်ကြီး ကို လှမ်း မေး လိုက်တော့ ညာဘက် လက်မ ကို ဘေးတိုက် အနေအထား နဲ့ ပြ လိုက်တယ် ။ ဆိုလိုတာ က အခြေအနေ အကောင်းကြီး ပဲ မဟုတ် သလို ၊ အဆိုးကြီး ပဲ လည်း မဟုတ် ။ သူ့ အိတ် ထဲ မှာ ငွေစက္ကူအချို့ က ရောက်ရှိ ထားပြီလေ ။ ရထား ရပ်တယ် ဆိုရင်ပဲ ခရီးသည်တွေ က အလုအယက် တိုးဝှေ့ ဆင်း လာကြတယ် ။ ခရီးသည် လာ ကြိုတဲ့ သူတွေ နဲ့ ကုန် လာ ကြိုတဲ့ သူတွေ ကလည်း အတိုး အဝှေ့ ။ ဒီနေ့ မော်လမြိုင်ရထား က ကုန်တင်တွဲ မပါဘူး ဆိုတော့ ကုန်သည်အချို့ က လူစီးတွဲ မှာ ကုန်စိမ်း တချို့ နဲ့ ရာသီပေါ် သီးနှံ တချို့ ကို ထိုးကြိတ်ပြီး တင် လာကြတယ် ။


“ ဟေ့ကောင် ကျော်ကြီး ၊ ဒီကို လာခဲ့ ”


ရိုးရိုးတန်းတွဲ တစ်ခု ရဲ့ နား က အောင်ထူး ရဲ့ ခေါ်သံ ကို ကြား မိတော့ ကျော်ကြီး အပြေးလေး သွား လိုက်တယ် ။


“ ဒီက အဒေါ် ကို တွန်းလှည်း နဲ့ လိုက် ပို့ ပေးလိုက် ။ လူနာ တစ်ယောက် ပါတယ် ။ လူနာ ကို တွန်းလှည်း ပေါ် တင်ပြီး ဖြည်းဖြည်း တွန်းသွား ။ ငါ က ဟိုးဘက် မှာ ခရီးသည် တစ်ဦး ရထားသေး လို့ ”


ပြောပြောဆိုဆို နဲ့ အောင်ထူး က ကုန်ပစ္စည်း တင်တဲ့ သံတွန်းလှည်း ကို ထားခဲ့ပြီး ထွက်သွားလေရဲ့ ။ ခုန တွေ့ တုန်း က တောင် တွန်းလှည်း မပါဘူး ။ ခရီးသည် ရလို့ တခြား အလုပ်သမား တစ်ယောက် ရဲ့ တွန်းလှည်း ကို ပြေး ငှား လိုက်တာ ထင်ပါရဲ့ ။ တော်တော် လျင်တဲ့ကောင် ဟု တွေးမိပြီး ကျော်ကြီး တစ်ချက် ပြုံး လိုက်တယ် ။ ဘဝတူ ကုန်တင်ကုန်ချ အလုပ်သမားတွေ အတွက် ဌာနဆိုင်ရာ က လုပ်ငန်းခွင် လျှင်မြန်ဖို့ နဲ့ အလုပ်သမားတွေ သက်သာစေဖို့ အခုလို သံတွန်းလှည်းကြီးတွေ စီစဉ် ပေး ထားတာ ။ ကုန်တင်တွဲ မှာ ပါတဲ့ ကုန်ပစ္စည်းတွေ ကို အလုပ်သမားတွေ သက်သောင့်သက်သာ သယ်ယူ နိုင်စေဖို့ စီစဉ် ပေးထားပေမယ့် အခုလို ကုန်တင်တွဲ မပါတဲ့ နေ့တွေ မှာ ခရီးသည်တွေ ရဲ့ အထုပ်အပိုးတွေ ကို တွန်းလှည်း နဲ့ တင်ပြီး သယ်လေ့ ရှိတယ် ။ ကျော်ကြီး လည်း လူနာ အမျိုးသမီးငယ် တစ်ဦး နဲ့ အတူ ပါလာတဲ့ အထုပ်အပိုးတွေ ကို ပါ တွန်းလှည်း ပေါ် တင်ပြီး ဘူတာ အပြင်ဘက် ကို ဖြည်းဖြည်း တွန်း လာခဲ့ လိုက်တယ် ။


လူနာ ရဲ့ မိခင် လို့ ထင်ရတဲ့ အဒေါ်ကြီး က တွန်းလှည်း ဘေး က နေ လိုက်ပါ ရင်း


“ ဆေးရုံ ရောက်တော့မှာ ပါ သမီး ရယ် ။ ကောင်းသွားမှာပါ ။ အားတင်ထား ” လို့ အားပေးနေတဲ့ အသံ ကို ကြားတော့ ကျော်ကြီး လည်း အိမ် မှာ ကျန်နေခဲ့တဲ့ မိန်းမ ကို သတိ ရလိုက်မိတယ် ။ ဆရာဝန် ပြောထားတဲ့ ကလေး မွေး မယ့် ဂျူဒိတ် ဆိုလား ဘာလား အဲနေ့ တောင် ရောက်ဖို့ သိပ် မလိုတော့ဘူးပဲ ။


အခန်း ( ၂ )


“ မများပါဘူး အဒေါ် ရယ် ။ အခု ဝင်လာတဲ့ ရထား က အမှတ် ( ၃ ) စင်္ကြံ မှာ ဆိုတော့ စင်္ကြံ တစ်ခု ကို နှစ်ထောင် ။ သုံးခု ဆိုတော့ ခြောက်ထောင် ၊ အဲဒါက လှည်းခ ။ အလုပ်သမားခ တစ်ထောင် အားလုံးပေါင်း ခုနစ်ထောင် ပါ ”


ခုနစ်ထောင် လို့ ပြောပြီး တောင်း လိုက်ပေမယ့် ကျော်ကြီး စိတ် ထဲ တော့ သိပ် မကောင်း ။ ပိုက်ဆံ ရှိတဲ့ ခရီးသည်တွေ ထံ က တောင်းတာ အကြောင်း မဟုတ်ပေ မယ့် ခုလို ဆေးရုံ လာ တက်ရတဲ့ သူ ဆီ က တောင်း ရတာ စိတ် ထဲ တော့ အားနာမိတာ အမှန် ။ ဒါပေမဲ့ ကိုယ့် မှာလ ည်း ကိုယ့် အပူ နဲ့ ကိုယ် ။ ကလေး က စုံပိုင်း ဆိုလား ခွဲ မွေးမှ အဆင်ပြေမယ် လို့ဆရာဝန် ပြော ထားတော့ ကိုယ် လည်း ပိုက်ဆံ လိုနေတာ မဟုတ် လား ။ စုထား ဆောင်းထား တဲ့ ပိုက်ဆံ ရယ် လို့ သိပ် မရှိ ။ အလုပ် က တစ်ရက် ခြား ဆင်းရ တာ ဆိုတော့ တစ်ရက် အလုပ် လုပ် နှစ်ရက် စား ။ တစ်နေ့လုံး တစ်ညလုံး ကုန်ထမ်း ထား ရတာ ဆိုတော့လည်း နားတဲ့ ရက် မှာ တခြား အလုပ် က မလုပ်နိုင် ။ မိန်းမ ကလေး မမွေးခင် ပိုက်ဆံ က ရ သလောက် ရှာထားမှ ဖြစ်မှာလေ ။


“ ဟူးး ”


သက်ပြင်း ချသံ ခပ်လေးလေး နဲ့ အတူ ပိုက်ဆံအိတ်သေးသေးလေး ထဲ က ပိုက်ဆံ တချို့ ကို ခရီးသည် အဒေါ်ကြီး က ထုတ်ယူ လိုက်တယ် ။ ငါးထောင်တန် အဟောင်းလေး တစ်ရွက် နဲ့ တစ်ထောင်တန် အဟောင်း နှစ်ရွက် ကို ဖြန့် ပြီး လှမ်း ပေးတဲ့ အဒေါ်ကြီး ကို ကျော်ကြီး အမှတ်တမဲ့ ကြည့် လိုက်မိတယ် ။ အဒေါ်ကြီး ရဲ့ မျက်ဝန်းတွေ က အလိုကျမှု အလိုမကျမှုတွေ ရောထွေး လျက် အနည်းငယ် မျှ ပြုံးယောင်သမ်း လိုက်တဲ့ အဒေါ်ကြီး ရဲ့ ဘယ်ဘက် အောက် နှုတ်ခမ်း မှာ အနီရောင် အမှတ်လေး တစ်ခု ကို ကျော်ကြီး အမှတ်တမဲ့ တွေ့ လိုက်မိတယ် ။ ခရီးသည် အဒေါ်ကြီး လှမ်း ပေးတဲ့ ပိုက်ဆံ ကို ယူပြီး ဘောင်းဘီအိတ် ထဲ ထိုးထည့် ထား လိုက်တယ် ။ သံတွန်းလှည်း ကို တွန်း ပြီး နောက်ကြောင်း ပြန် လှည့်တော့ သူ့ ဆီ လျှောက်လာ နေတဲ့ အောင်ထူး ကို တွေ့လိုက်တယ် ။


“ ဟေ့ကောင် ကျော်ကြီး ဘယ်လိုလဲ အဆင် ပြေလား ” 


အနား ရောက်တယ် ဆို အောင်ထူး က ကျော်ကြီး ကို လှမ်း မေး လိုက်တော့ ကျော်ကြီး က ခေါင်းညိတ် ပြ လိုက်တယ် ။


“ ဘယ်လောက် ရလိုက်လဲ ” 


အောင်ထူး က ထပ် မေးလိုက်တယ် ။ 


“ ခုနစ်ထောင် ”


တောင်း သလောက် ပိုက်ဆံ ရ လိုက်တယ် ဆိုပေမဲ့ ကျော်ကြီး ရဲ့ အဖြေ က ခြောက်ကပ်ကပ် နဲ့ ။


 ” ဘာ ! ခုနစ်ထောင် ။ မင်း ကလည်း ကွာ အဲဒီလောက် တောင်းရလားကွ ။ ဟိုမှာ လူမမာကြီး နဲ့ ။ သနားပါတယ် ။ နယ် က နေ ဆေးရုံ လာ တက်တာလား မသိဘူး ” 


အောင်ထူး က ခရီးသည် အဒေါ်ကြီး အတွက် စိတ်မကောင်းစွာ နဲ့ ကျော်ကြီး ကို အပြစ် တင် လိုက်တယ် ။


“ အေးကွာ ။ ငါ လည်း သူ က ဈေး ထပ် ဆစ်ရင် လျော့ပေး မလို့ပါပဲ ” 


“ ဒီမှာ သူငယ်ချင်း ဆင်းရဲနွမ်းပါးတဲ့ သူတွေ က အားငယ်တတ်ကျတယ်ကွ ။ သူ က မင်း ကို ကြည်ကြည်ဖြူဖြူ နဲ့ ပေးလိုက်တာလို့ မင်း မထင်နဲ့ ။ ပြန် ပြောရမှာ မဝံ့လို့ သာ ပေးလိုက်တာ ။ အဲဒီ နေရာ မှာ ပိုက်ဆံ ရှိတဲ့ သူတွေ သာ ဆို မင်း ကို ဘာပြောမယ် ထင်လဲ ”


“ အေးကွာ ငါ လည်း ငါ့ အပူ နဲ့ ငါ ဆိုတော့ အဲဒါတွေ မတွေးလိုက်မိဘူး ။ စိတ် ထဲ မကောင်းပေမဲ့ ငါ လည်း ပိုက်ဆံ လို နေတော့ တောင်း လိုက်မိတယ် ” 


“ ဒါနဲ့ မင်း မိန်းမ က ဘယ်တော့ မွေးမှာလဲ ။ နီးပြီ လား ”


“ ဆရာဝန် ပြောထားတဲ့ ရက် ရောက်ဖို့ သုံးရက် လောက် ပဲ လိုတော့တယ် ။ နောက် တစ်ဂျူတီ တောင် အလုပ် ဆင်းနိုင်ပါ့မလား မသိဘူး ”


“ အေးပါကွာ အဲဒီလောက် လည်း စိတ်ပူ မနေနဲ့ ။ ငါ လည်း ရှိပါတယ် ။ မင်း မိန်းမ ဆေးရုံ တက် လို့ မင်း မအားရင် ငါ ဒီက အလုပ် လုပ်ပြီး ပိုက်ဆံ ပို့ ပေးမယ် ။ ငါ က တစ်ယောက်တည်း သမား ဆိုတော့ အပို ကုန်စရာ ဘာမှ မရှိဘူး ”


ပြောပြီး အောင်ထူး က ကျော်ကြီး ပုခုံး ကို လှမ်း ဖက် လိုက်တယ် ။ ကျော်ကြီး က တွန်းလှည်း ကို တွန်းလှည်း သိမ်းတဲ့ နေရာ ဘက် ဦးတည် လိုက်တယ် ။


အခန်း ( ၃ )


“ ဟေ့ကောင် ကျော်ကြီး ဖုန်း လာ နေတယ် ။ မင်း အိမ် က ဆက်တာတဲ့ ”


အချိန် က နံနက် လေးနာရီ ဝန်းကျင် ခန့် ၊ တစ်ညလုံး အလုပ် လုပ် ထား ရပြီး နောက်ဆုံးရထား မဝင်ခင် ခဏ နားရင်း မှေးခနဲ အိပ်ပျော်ကာစ ရှိသေးတယ် ရုံး မှာ ဖုန်းဂျူတီ ကျတဲ့ အလုပ်သမား တစ်ယောက် က လာ ပြောတော့ ကျော်ကြီး လန့် နိုး သွား တယ် ။ ချက်ချင်း ရုံးဖုန်း ရှိတဲ့ နေရာ ကို သွားမယ် လုပ်တော့ ..


“ ဟေ့ကောင် သွား မနေနဲ့တော့ ။ မင်း မိန်းမ ဗိုက်နာ နေလို့ ဆေးရုံ သွားပြီ တဲ့ ။ အဲဒါ မင်း လိုက်ခဲ့ပါ တဲ့ ပြောခိုင်း လိုက်တယ် ”


“ အေးအေး ငါ အခုပဲ လိုက် သွား လိုက်မယ် ”


လာပြော ပေးတဲ့ သူ ကို ပြန် ဖြေ လိုက်ပြီး ဘေးမှာ ခွေခွေလေး အိပ်နေတဲ့ အောင်ထူး ကို ခေါ် နှိုး လိုက်တယ် ။


“ ဟေ့ကောင် ငါ့ မိန်းမ ဗိုက်နာ လို့ တဲ့ ဆေးရုံ သွားပြီ ပြောတယ် ။ အဲဒါ လိုက်သွား မလို့ နောက် ရထား ဝင်ရင် မင်း အလုပ်သမားမှူး ကို ပြော ထားပေး ။ ဆေးရုံ လိုက်သွားပြီ လို့ ။ မနက် ကျ ရင် ငါ့ ခွဲတမ်း ပိုက်ဆံ ထုတ်ပြီး ဆေးရုံ လိုက်လာ ခဲ့နော် ။ ဟိုတစ်ခါ ပြောတဲ့ ဆေးရုံ ပဲ ”


မှာစရာ ရှိတာ မှာပြီး သွားမယ် လုပ်တော့ အောင်ထူး က သူ့ အိတ် ထဲ က ပိုက်ဆံတွေ ဆွဲထုတ်ပြီး ကျော်ကြီး လက် ထဲ ထည့် ပေးလိုက်တယ် ။ အောင်ထူး ပေးတဲ့ ပိုက်ဆံ ကို အင်္ကျီအိတ် ထဲ ထည့်ပြီး ဘူတာ အပြင်ဘက် ကို ကျော်ကြီး ထွက်လာ ခဲ့တယ် ။ လောလော နဲ့ ထွက်လာ ခဲ့တာ အင်္ကျီ ပင် မလဲအား ။ အလုပ်သမား အင်္ကျီ နဲ့ ပင် ။ ဆေးရုံ အမြ န်ရောက်ဖို့ အတွက် ကား ငှားပြီး ထွက် သွားတယ် ။ ဆေးရုံ ဝင်း ထဲ ရောက်တော့ ဟိုမေး ဒီမေး နဲ့ လိုက်ရှာ ကြည့် လိုက်တာ ဒေါ်မြင့် ကို ကျော်ကြီး တွေ့ လိုက်တယ် ။ ဒေါ်မြင့် ဆိုတာ က ကျော်ကြီး အိမ် ဘေး နား က ၊ သူ့ မိန်းမ ကို ကူညီ စောင့်ရှောက် ပေး နေတဲ့ သူ ။


“ ဒေါ်မြင့် ကျွန်တော့် မိန်းမ ရော ”


ဒေါ်မြင့် ကို တွေ့ တယ် ဆို ကျော်ကြီး မေး လိုက်တယ် ။


“ နင့် မိန်းမ က မွေးမယ့် အခန်း ထဲ မှာ ။ ခွဲ မွေးရမှာ တဲ့ ဒါတွေ ဝယ်ပေးပါ ဆိုလို့ ဆေးရုံ အပြင် မှာ သွား ဝယ်မလို့ ငါ ထွက် လာတာ ”


ပြောပြောဆိုဆို နဲ့ ဒေါ်မြင့် က သူ့ လက် ထဲ ကိုင်ထားတဲ့ စာရွက်လေး ပြတယ် ။


“ ပေး ပေး ဒေါ်မြင့် ကျွန်တော် သွား ဝယ် လိုက်မယ် ။ ဒေါ်မြင့် က ကျွန်တော့် မိန်းမ နား မှာပဲ နေပေး ”


ဒေါ်မြင့် လက် ထဲ က စာရွက်လေး ကို ယူပြီး ဆေးရုံ အပြင်ဘက် ကို ကျော်ကြီး ပြန် လှည့်လိုက်တယ် ။ စာရွက်လေး ကို ဖြန့် ကြည့်လိုက်တော့ မိုးကာစ အခင်း နှစ်ခု နဲ့ အင်္ဂလိပ် လိုရေး ထားတဲ့ ဆေးအမည်များ ။ ကျော်ကြီး လို အခြေခံပညာ အလယ်တန်း အောင်ပြီး သူ တစ်ယောက် အနေ နဲ့ ဆရာဝန် လက်ရေး ဖတ်တတ်ဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင် ။ စာရွက်လေး ကိုင်ပြီး ဆေးရုံ အပြင်ဘက် ထွက် လိုက်တော့ ဆေးဆိုင်ကြီးကြီး တစ်ဆိုင် ကို တွေ့ လိုက်တယ် ။ ဆေးဆိုင် တွေ့ တော့ မှ ဒေါ်မြင့် ဆီ က ပိုက်ဆံ တောင်း မလာ မိ တာ ကျော်ကြီး သတိရ သွားတယ် ။ မနက် က ထွက်လာ တုန်း က အောင်ထူး ပေး လိုက်တဲ့ ပိုက်ဆံတွေ ကို သတိရ သွားတယ် ။ ထုတ်ပြီး ရေတွက် ကြည့် လိုက်တော့ အားလုံးပေါင်း သုံးသောင်းခွဲ ။ ပိုက်ဆံတွေ ကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ပြီး ဆေးဆိုင် ရှိတဲ့ ဆီ ကို ဦးတည် လိုက်တယ် ။ ဆရာဝန် ပေး လိုက်တဲ့ စာရွက်လေး ကို ဆေးဆိုင် က အရောင်းဝန်ထမ်းမလေး ကို ပေး လိုက်တယ် ။ ခဏ အကြာ ဆေးပစ္စည်း တချို့ နဲ့ လူနာ အသုံးအဆောင် ပစ္စည်း အနည်းငယ် ပါတဲ့ အထုပ် ကို ကျော်ကြီး ထံ လာ ပေးတယ် ။ ကျော်ကြီး ဆေးဆိုင် ထဲ က ပြန် ထွက် လာတော့ လက် ထဲ မှာ တစ်ထောင်တန် နှစ်ရွက် ၊ တစ်ရာတန် သုံးရွက် နဲ့ ငါးဆယ်တန် တစ်ရွက် ။


အခန်း ( ၄ )


ဆေးရုံ ဝင်း ထဲ အောင်ထူး ဝင် လာတာ တွေ့ တော့ ကျော်ကြီး ဝမ်းသာ သွား တယ် ။ အောင်ထူး ဆီ ကို ကျော်ကြီး က လျှောက်သွား လိုက်တယ် ။ လိုက်ရှာ နေရမှာ စိုးလို့ ။ အောင်ထူး အနား ရောက် တော့


“ ဟေ့ကောင် မင်း မိန်းမ မွေးပြီလား ။ ဘာလေးလဲ ”


ခရီး ရောက် မဆိုက် အောင်ထူး က မေး လိုက်တယ် ။


“ ခွဲခန်း ထဲ ဝင် နေတယ် ကွ ။ ငါ လည်း ဘာ လုပ်ရမှန်း မသိလို့ ။ ဝင် သွားတာ တော့ သိပ်မကြာသေးပါဘူး ”


“ ဒါဆို လာလေ ကွာ ခွဲခန်းနား သွား စောင့် နေရအောင် တစ်ခု ခု လိုရင် ငါတို့ ရှိနေမှ ဖြစ်မှာပေါ့ ”


“ အေးပါ ။ မင်း လိုက်ရှာ နေရမှာ စိုး လို့ ငါ ထွက်လာတာ ၊ လာ သွားမယ် ”


အောင်ထူး နဲ့ အတူ ကျော်ကြီး လည်း ခွဲခန်း ဘက် ကို ပြန် သွား လိုက်တယ် ။ ခွဲခန်း ဘေးမှာ စောင့်နေတုန်း တစ်နာရီ နီးပါး လောက် ကြာ တော့ အမျိုးသမီးကြီး တစ်ဦး ထွက်လာတယ် ။


“ မအေးအေးမျိုး လူနာရှင် ရှိလား ” 


“ ဟုတ် ရှိပါတယ် ခဗျ ”


ကျော်ကြီး က ပြန် ဖြေပြီး အမျိုးသမီးကြီး နား သွား လိုက်တယ် ။


“ မွေးပြီးပါပြီ ။ ယောက်ျားလေး ပါ ။ ကလေး ရော မိခင် ပါ ကျန်းမာပါတယ် ” 


“ ယောက်ျားလေးကွ ” လို့ ကျော်ကြီး အော်လိုက်ရုံ ရှိသေးတယ် ။


“ ကလေး အမေ ကို သန့်ရှင်းရေး အားလုံး လုပ်ပေး ထားပါတယ် ။ လေးထောင် ကျပါတယ် ” ဆိုတဲ့ အသံ က ကပ်ပါ လာတယ် ။ ကျော်ကြီး လည်း အင်္ကျီအိတ် ထဲ က ပိုက်ဆံ အချို့ ဆွဲထုတ် လိုက်ပြီး တစ်ထောင်တန် လေးရွက် လှမ်း ပေးလိုက်တယ် ။ ပိုက်ဆံ လှမ်း ယူပြီး အမျိုးသမီးကြီး က အခန်း ထဲ ပြန် ဝင် သွားတယ် ။ ခဏ အကြာ မှာ ပြန်ထွက် လာပြီး အမျိုးသမီးကြီး က ကလေး လာ ပေးတယ် ။ ကလေး ကို ဒေါ်မြင့် က သွား ယူထား လိုက်တယ် ။


“ ကလေးအမေ ကို တော့ ခဏ နေရင် သူ့ ခုတင် ကို လာပို့ ပေးပါလိမ့်မယ် ။ ကလေး ကျန်းမာရေး စစ်ဖို့ အတွက် အောက်ထပ် ကို သွားပါ ” လို့ တစ်ခါတည်း မှာတယ် ။ ဒေါ်မြင့်က  ကလေး ချီပြီး အောက်ထပ် ကို ဆင်း သွားတယ် ။ ကျော်ကြီး နဲ့ အောင်ထူး လည်း ခုတင် ဘက် ကို လျောက်သွား လိုက်ပြီး စောင့် နေ လိုက်တယ် ။ ခဏ အကြာ မှာ ကျော်ကြီး မိန်းမ ကို တင်ပြီး တွန်း လာတဲ့ တွန်းလှည်း တစ်စင်း ။ တွန်းလှည်း ရဲ့ ဘေးမှာ လည်း ဆေးရုံ ဝန်ထမ်း အချို့ လည်း ပါလာတယ် ။ သန့်ရှင်းရေး ဝန်ထမ်းတွေ ထင်ပါရဲ့ ။


 ”အင်္ကျီ နဲ့ လုံချည် တစ်စုံ ထုတ်ပေးပါ ။ သူ့ကို ဝတ်ပေး မလို့ ။ ပြီးရင် သားတို့ နှစ်ယောက် က အပြင် မှာ ခန နေပေး ”


လာပို့ ပေးတဲ့ အထဲ က အမျိုးသမီးကြီး တစ်ယောက် က ပြော တော့ ကျော်ကြီး နဲ့ အောင်ထူး လည်း အပေါက်ဝ ကို လျောက်သွား လိုက်တယ် ။ ခဏအကြာ မှာ အမျိုးသမီးကြီး တစ်ဦး ကျော်ကြီး အနား ကို ရောက် လာတယ် ။


“ သူ့ ကို အားလုံး လုပ်ပေးထားပြီးပါပြီ ။ သန့်ရှင်းရေး လည်း လုပ်ပေး ထားတယ် ။ အဝတ်အစား လည်း လဲပေး ထားတယ် ။ တွန်းလှည်း နဲ့ လည်း လာပို့ ပေးရတာ ဆိုတော့ ခုနစ်ထောင် ကျ ပါတယ် ”


“ ဗျာ ! ခုနစ်ထောင် ”


ကျော်ကြီး နှုတ်ဖျား က ရေရွတ် လိုက်မိပေမယ့် လက် က ဟိုစမ်း ဒီစမ်း နဲ့ ။ ည က ခရီးသည် အဒေါ်ကြီး ပေးခဲ့တဲ့ ငါးထောင်တန် အဟောင်းလေး တစ်ရွက် နဲ့ တစ်ထောင်တန် အဟောင်းလေး နှစ်ရွက် ကို လက် က စမ်းမိ သွားတယ် ။ ချက်ချင်း ဆွဲထုတ် ပြီး ပေးလိုက်တယ် ။ ပိုက်ဆံ ပေးလိုက်ပြီး အမှတ်တမဲ့ ကျော်ကြီး က ဘေးနား က ခုတင် တစ်ခု ရဲ့ ခြေရင်း မှာ ထိုင်နေတဲ့ အဒေါ်ကြီး တစ်ယောက် ကို ကြည့် လိုက် မိတယ် ။ အဲဒီ အဒေါ်ကြီး ရဲ့ မျက်နှာ က အလိုကျမှု အလိုမကျမှုတွေ ရောထွေး လို့ ။ ကျော်ကြီး ကို တွေ့ တော့ အဲဒီ အဒေါ်ကြီး က အနည်းငယ် ပြုံး လိုက်တယ် ။ ပြုံးယောင် သမ်း သွားတဲ့ အဒေါ်ကြီး ရဲ့ ဘယ်ဘက် အောက် နှုတ်ခမ်း မှာ အနီရောင် အမှတ်လေး နဲ့ ။


◾တာရာ ( တွံတေး )


📖 တစ်ယောက် တစ်ဘဝ ( ၂ )


#ကိုအောင်နိုင်ဦး

8:44 PM 13-Nov-23


.

No comments:

Post a Comment