Wednesday, November 15, 2023

မှိုင်း


 

❝ မှိုင်း ❞

အသက် နှစ်ဆယ် အရွယ် နုပျိုစဉ် အခါ က ဆိုလျှင် အိမ်ထောင် ပြုဖို့ ဝေးစွ ... သူ တကာ အိမ်ထောင်ရေး ဆွေး နွေးကြသည် ကို ပင် ကိုသန်းငွေ က စက်ဆုပ်ခဲ့၍ ခပ်ဝေးဝေး သို့ ရှောင် တတ်သည် ။

“ အိမ်ထောင်သည် ဘဝ ဟာ တယ် အချုပ်အချယ် များ တာပဲ ။ အစ်ကိုတို့ ကြည့်ပါလား ၊ အလှူအတန်း သွားတာတောင် ကလေး တွဲလောင်း နဲ့ ၊ မခေါ်ပြန် လည်း ငိုသံ ၊ ရယ်သံ က နား ပွင့် မတတ် ။ ခေါ် သွား ပြန် လည်း အလှူ အိမ် မှာ ဟင်းတွေ ဖိတ်လို့ ပုဆိုး တွေ ပေ ၊ အင်္ကျီ တွေ ပေနဲ့ ၊ ရှက်စရာ တွေ ဖြစ် သူ့ ကို မြင်ရတာ နဲ့ သားစိတ် မယားစိတ် များ ကုန် ပါတယ် ”

ကိုသန်းငွေ သည် အစ်ကို့ အိမ်ထောင်သည် ဘ၀ ကို ထိုသို့ မှတ်ချက် ချ၍ အစ်မ ဖြစ်သူ ကို လည်း တစ်မျိုး ဝေဖန် ပြန်သည် ။

“ မမရင်တို့ များလည်း ယောက်ျား ကို ကလေးထိန်း များ မှတ် နေသလားမသိဘူး ။ ရုံး က ပြန်လာတာ နဲ့ ကလေး ချီ ခိုင်းတာပဲ ။ အညောင်းအညာ မဖြေ ရအောင် ပဲ ။ သူ ခူး ကျွေးတဲ့ ထမင်း စား ရတာနဲ့ တောင် မကော မိ ပါဘူးဗျာ ။ ထမင်း စားရင် လည်း ကလေး လည်ပင်း လာ ဖက်လို့ ထမင်းတွေ သီး လိုက်တာ ။ ထမင်း စား ကို ပျက်ကရော ။ အိမ်ထောင်သည် ဘဝများ စိတ် ကုန်လိုက်တာ ”

“ သူများတွေ ကို သိပ် မကဲ့ရဲ့နဲ့ နော် မောင်လေး ။ ကိုယ့် ကျတော့ အထိ နာ တတ်တယ် ။ အပြော ကြီးပြီး မိန်းမ မယူ ဘူး ဆိုတဲ့ လူ က လိုချင်လာတော့ မိန်းမ ဆိုတာ ဆိုင် ပေါ် တင်ရောင်းတဲ့ ပစ္စည်းလို အချိန်မရွေး ဝယ်လို့ ရတာ မဟုတ်ဘူး ၊ မိန်းမ ပေါပါရဲ့ ၊ မယားကောင်း ရှားတယ်ကွဲ့ ၊ ဒါကြောင့် စောစောစီးစီး က ကိုယ် နဲ့ အရည်အချင်း တူ သူ ကို ရှာ ထား ရမှာ ။ ကိုယ် အသက် ကြီး လာရင်လည်း ကိုယ့် သားမယား က မှ အနွံတာ ခံ တာကွဲ့ ”

အစ်မကြီး မလှရင် က ဤသို့ အိမ်ထောင်ရေး တရား ကို ရှင်းပြသေး လျှင် ... 

“ ဒါကတော့ မမရင် ရယ် ။ ကျွန်တော့် တူတွေ ၊ တူမ တွေ ရှိ နေသားပဲ ။ သူတို့ ကို ကျွန်တော် ချစ် သလို သူတို့ က လည်း ကျွန်တော့် ကို ချစ်ကြ ၊ ပြုစုကြ မှာ ပေါ့ ”

“ အေးပါကွယ် ။ နေနိုင်ရင် လည်း လူပျိုကြီး ဘဝ က မြင့်မြတ်တာ ပေါ့ ”

ဒီလို နှင့် ကိုသန်းငွေ လူပျိုကြီး လုပ် နေခဲ့သည် ။ ကိုသန်းငွေ သည် အစ်မကြီး နှင့် အစ်ကို က မွေး ထားသည့် တူ ၊ တူမများ အား အတော် ချစ်ရှာ၍ တူ ၊ တူမများ ကလည်း ဦးလေး ၊ ဦးလေး နှင့် ကျောင်း ပိတ်ရက် ဆိုလျှင် အနား က မခွာကြပေ ။ မိဘများ မရှိ ကတည်း က အစ်ကို နှင့် အစ်မ က အိုးခွဲ စားကြ၍ ကိုသန်းငွေ က အစ်မကြီး ထံ တွင် ထမင်း စရိတ် တစ်လ ငါးဆယ် ပေး ၍ စားသည် ။ သူ ရသည့် လခ နှစ်ရာ မှာ ကလေးများ ကစားစရာ ဝယ်ရ ၊ သူတို့ ဝတ်ဖို့  ၊ စားဖို့ ဝယ်ရ ၊ ရုပ်ရှင် ကြည့်ရ နှင့် ပိုသည် မရှိပေ ။ တစ်ကိုယ် တည်း သမား မို့ ရုပ်ရှင် လည်း အပတ်တိုင်း ကြည့် သည် ။

ငယ်ရွယ်စဉ် က ရုပ်ရှင် ကို အပျင်းပြေ လောက်သာ ကြည့် သည့် ကိုသန်းငွေ မှာ အသက် သုံးဆယ်ကျော် လာ တော့ ဘာကြောင့်မှန်း မသိ မင်းသမီး ၊ မင်းသား ချစ်တင်း ရောနှောပုံ ၊ ယုယပုံတွေ သာယာ လာသည် ။ စိတ်ဝင်စား လာသည် ။ သို့ဖြစ်၍ နှစ်သက်သည့် ကား ဆိုလျှင် နှစ်ခါသုံး ခါ ပြန် ကြည့်သည့် တိုင် ဖြစ်လာသည် ။

•••••   •••••   •••••   •••••

နှစ် ... လ ... ရက် တွေ ကုန်ဆုံးလာသည် နှင့် အမျှ အသက် နှင့် လိုက်၍ ရုပ်ရည် က လည်း ရင့်ရော် လာသည် ။ အချို့က ကိုသန်းငွေ မှ သည် ဦးသန်းငွေ သို့ ပြောင်း ခေါ်လာ ကြသည် ။ သို့သော် ကိုသန်းငွေ မှာ စိတ် က မရင့်ကျက် ၍ ခါတိုင်း ထက် ပင် ပို၍ နုပျိုအောင် ဝတ်ဆင်သည် ။ သူတို့ နေ ထိုင်ရာ တောင်ဥက္ကလာပ တွင် ညနေခင်း မှာ အလွန် သာယာလှ၍ ကိုယ့် အိမ်ရှေ့ မျက်နှာစာ တွင် ထွက်၍ ဆည်းဆာ ၏ အလှ ကို ကြည့်ရှုရင်း သစ်ပင်ပန်းပင်များ အား ၊ လမ်းလျှောက်ကြသည့် မိန်းမပျိုကလေးများ အား မြင် လျှင် ကိုသန်းငွေ က မျက်စိ တစ်ဆုံး ကြည့် တတ်သည် ။ အိမ်ရှေ့ မြက်ခင်း တွင် သူ့ အစ်ကို နှင့် မရီး တို့ ကလေးများ နှင့် ရယ်မော နေလျှင် လည်း သဝန် တိုသယောင် ရှိ လာသည် ။

“ အင်း ... ကလေးတွေ က ငါ့ အနား စား ရမှ ကပ် တာ ပါ ။ သူတို့ မိဘ မအား မှ ဦးလေး ဆီ လာတာ ။ ခုဖြင့် ကြည့်ပါ လား သားအမိ သားအဖတွေ ' ဖြူး ' လို့ ။ တို့ လူပျိုကြီးများ က တော့ ကျွေး နိုင်မှ ကောင်းတာ ”

ကိုသန်းငွေ သည် တွေးရင်း ထို မြင်ကွင်း ကို မမြင်ချင် သည့်အလား အိမ်တွင်း ဝင် လာ ပြန်တော့ အစ်မကြီး တို့ လင်မယား မျက်နှာချင်းဆိုင် ထမင်း စားနေသည် ကို မြင် ပြန် သည် ။ “ ကိုယ် စားပါ ” “ မင်း စားပါ ” နှင့် ယုယ နေပြီး ခုနက ကိုသန်းငွေ စား စဉ် က တော့ အစ်မကြီး က မဆာသေး ဟု ဆိုသဖြင့် ခြောက်ကပ်ကပ် နှင့် စား ခဲ့ရသည် ။ အခုတော့ သူ စားပါ ၊ ငါ စားပါ နှင့် ကိုသန်းငွေ ပင် မနာလို သလို ဖြစ်မိ ၏ ။ သူ စောစော မိန်းမ မယူခဲ့ သည် မှာ မှားသည် ဟု ပင် ထင်ပြီး အခုမှ မိန်းမ ယူချင်တယ် ပြော ရမှာလည်း ရှက်စရာ ဖြစ်သည် ။ သူ့ အား လာ စပ်သည့်မိန်းကလေးများ ပင် သူ ငြင်း ခဲ့၍ အိမ်ထောင် ကျ ကုန်ကြလေပြီ ။ 

ကိုသန်းငွေ အကြံ အိုက် လာ၍ တူ ၊ တူမလေးများ အားလည်း သိပ် အကပ် မခံတော့ ။ ကလေးများ ကလည်း အချို့ အတန်း ကြီး ကုန်၍ စာ ကြိုးစားပြီး ဦးလေး ကို ခါ တိုင်း လို မနွဲ့ကြတော့ပေ ။ ဤသည် ကိုပင် ကိုသန်းငွေ က “ ဝမ်း နှင့် မလွယ် ရ ၍ သား မမည် ” ဟု ထင် နေသည် ။ အိပ်ရာ ဝင် ပြန်လည်း အစ်ကို က မရီး နှင့် သူ့ အိပ်ခန်း သူ ဝင် ၊ အစ်မကြီး နှင့် ယောက်ဖ က သူတို့ အိပ်ခန်း သူ တို့ ဝင် ။ သားစုံ ၊ သမီးစုံ နှင့် ။ သူ့ မှာ သာ စာအုပ် တစ်အုပ် ၊ မီး တစ်တိုင် နှင့် ။ စာအုပ် ကိုင် ပါရဲ့ နား ကမူ လင်စုံမယားဖက် အခန်း သို့ ရောက် နေနှင့်သည် ။

“ သားသားလေး ဖေဖေ နဲ့ မေမေ ဘယ်သူ့ ချစ်သ လဲ ” အစ်ကို့ အသံ ။ 

“ ပေပေ ရော ၊ မေမေ ရော ချစ်တယ် ” အစ်ကို့ သား အသံ ။

“ ငါ့ သား က သိပ် လိမ္မာ တာ ပဲဟေ့ ... ဟင်း ဟင်း ” မရီး အသံ ။

“ ဟင်း အိပ် မှာ အိပ်ကြတာ မဟုတ်ဘူး ။ ပလူး နေကြ သေးတယ် ။ မေး နေဖို့ မလိုပါဘူး ။ ကိုယ့် မိဘ တော့ ချစ်ကြ မှာပါ ။ ကျပ်တို့ ဦးလေးများ သာ မချစ်လို့ နေရမယ် ”

ကိုသန်းငွေ က စိတ်ပေါက်ပေါက် ရေရွတ် မိသည် ။ သူ အပြစ် တင်၍ အပြစ် မြင်ခဲ့သည့် အိမ်ထောင်ရေး မှာ ယခုမူ အမြင် ပြောင်း လာ၍ အစဉ် ကောင်းလာသည် ဟု ထင် လေမလား မသိ ။

တကယ်တော့ အိမ်ထောင်သည် ဘဝ သည် ရေစုန် ကို ရွက် တိုက်၍ တစ် မနက်မျှ သက်သာမှု ရသော်လည်း ရေဆန် ၊ လေဆန် နှင့် ရက်ပေါင်း များစွာ မိ ရသည့် သမ္ဗန် သမား နှင့်လည်း မခြားပေ ။ ငို တစ်ခါ ၊ ရယ် တစ်လှည့် ဣန္ဒြေ မဲ့ ရသည့် အဖြစ် လည်း မနည်းပါ ။

အကြောင်း မကြည့်သေး၍ ပေါင်းကြည့်ချင်သည့် ကိုသန်းငွေ အဖို့တော့ အကောင်းချည်း ထင် ပေမည် ။ ကိုသန်းငွေ နေထိုင်ပုံ ၊ မိန်းကလေးများ အား ကြည့်ပုံ ရှုပုံ အား ရိပ်မိ လာသည့် အစ်ကို က အစ်မကြီး အား တိုင်ပင်သည် ။

“ မမ မောင် တော့ မိန်းမ လိုချင်ပြီ ထင်တယ် ။ သူ အပြော ကြီး ထားလို့ ရှက်ပြီး ငြိမ်နေတာ ။ ရှာ ပေးစား မှ ဖြစ်မယ် ”

ပျို ရာ မှ အို လာသူ အစ်မ နှင့် အစ်ကို တို့ ကပင် ဝတ္တရား အတိုင်း စကား စ ရသည် ။

“ မောင်သန်းငွေ လည်း မိန်းမ ယူချိန် တန် ပြီ ကွဲ့ ။ မင်း အကြိုက် မတွေ့သေးလည်း တို့ ရှာ ပေးရလိမ့်မယ် ။ ဘယ့် နှယ်လဲ ”

ဒီ စကား ကြား တော့ ကိုသန်းငွေ ခါတိုင်း လို ခါးခါး သီးသီး မငြင်းတော့ဘဲ ...

“ အစ်မကြီး တို့ ၊ အစ်ကိုကြီး တို့ သဘောလေ ။ ပေး စား ရင်လည်း ယူ ရတာပေါ့ ”

ပထမ တွင် မိန်းမ တော်တော်များများ ရွေး လိုက်သေး သည် ။ သူ ရွေး သည် မှာ မြီးကောင်ပေါက်မကလေးများ ဖြစ် ၏ ။ သို့သော် နောက်ဆုံး အသက်ကြီး လို့ ဟူ၍ သူ့ အသက် က စကား ပြောသွားသည့် အတွက် ကိုသန်းငွေ အစ်မကြီး သဘော ကျ သူ ၊ နှစ်သက်သူ အပျိုကြီး တစ်ဦး နှင့် အစ်မကြီး က ကြောင်းလမ်း ပေးသည် ။

“ စိတ်ကူး မလွဲနဲ့ မောင်လေး ။ မအေးရှင် က ရုပ်ရည် ကော ၊ အိမ်ထောင် ထိန်းသိမ်းမှု ရော အစ စ မိန်းမ ပီသတယ် ။ သဘော လည်း ကောင်းတယ် ။ နောက်ပြီး အမေ မုဆိုးမကြီး က ဒီ သမီး အိမ်ထောင် ကျရင် သူ လည်း တရားကျောင်း သွား နေမယ် တဲ့ ။ မင်း မှာ နောက်ပိုင်း တွေးစရာ ဘယ် ယောက္ခမ ၊ ယောက်ဖ မှ မရှိဘူး ။ မအေးရှင် လည်း မင်း လိုပဲ လာ စပ်သူတွေ ရှိသား နဲ့ မယူချင်သေးလို့ အခုလို အပျိုကြီး ဖြစ်တာ ။ အစ်မ စကား နားထောင် နော် ”

နောက်ဆုံး အစ်မကြီး စီစဉ်မှု ဖြင့် မအေးရှင် ကိုပင် ကိုသန်းငွေ လက်ထပ် လိုက်သည် ။ မအေးရှင် လည်း အသက် သုံးဆယ်ကျော် ဖြစ်လင့် ကစား နုပျိုဆဲ ၊ လှဆဲ ဖြစ် ၍ ကိုသန်းငွေ မှာ မအေးရှင် အလှ တွင် ယစ်မူး ရ ပြန်သည် ။ ကိုသန်းငွေ သည် လူပျိုကြီး ဘဝ နှင့် အနေ ကြာ ခဲ့၍ မိန်းမ ရတော့ အတိုး ချ ချစ်လိုက်မည် ဟု သဘော ပိုက်၍လား မသိ ချက်ချင်းပင် အစ်မများ နှင့် မနေတော့ဘဲ အိမ်ငှား ၍ ခွဲ ဆင်း ခဲ့သည် ။ မိန်းမ ရပြီးမှ အပြန် တွင် ဘတ်စ်ကား စီးရသည် ပင် နှေး သည် ဟု ထင်၏ ။ အိမ် ရောက် ပြန်လည်း မိန်းမ မျက်နှာ အရင် မြင် ရမှ ကျေနပ်သည် ။

“ အေး တို့ များ ကိုယ် လာ တာတောင် ဆီး မကြိုဘူး ” 

သူ သည် အိမ် ဝ က ပင် ဆီးကြို စေချင်သည်  ။

“ ဪ ... ကိုသန်းငွေ ကလည်း သယ်စရာ ပိုးစရာ မှ မပါဘဲ ။ ဆီးကြိုဖို့ လိုသေးလား ”

“ ကြို ရမှာပေါ့ အေး ရဲ့ ။ ကိုယ် က အေး မျက်နှာ မြင် ချင်နေတာ ။ နောက်ပြီး နာမည် မခေါ်ဘဲ မောင် လို့ ခေါ်ပါ ဆို တာ ပြော မရဘူး ”

“ အို ... ဖြစ်မှဖြစ်ရလေ ။ အသက် ချင်း တူ မောင် လို့ ခေါ် ရမှာ ကိုယ့် ထက် ငယ်တာ မှ မဟုတ်တာ ”

“ ဒါဖြင့် အစ်ကို လို့ ခေါ်ပေါ့ ”

“ ဟင့်အင်း အစ်ကို လည်း မခေါ် ချင်ပါဘူး ။ ကိုယ့် ထက် မှ အသက် မကြီးပဲ ။ နာမည် ရှိတာ ခေါ်တာပဲ လေး နက်တယ် ထင်တယ် ”  

မအေးရှင် က ရိုးရိုး ပြော သော်လည်း ကိုသန်းငွေ မှာ

“ အင်း ..... ငါ့ တစ်သက် လူပျိုကြီး လုပ်လာတာ မိန်းမ ရ ပြန်တော့လည်း မိန်းမ က ငါ ခေါ်စေချင် သလို ကို မခေါ်ဘူး ။ အချစ်စစ် နဲ့ မှ တွေ့ပါ့မလား ” ဟု အတွေး ခေါင် နေ တော့၏ ။

ကိုသန်းငွေ ကသာ အတွေး ခေါင်ရသည် မအေးရှင် မှာ အိမ်ထောင် သည် ဖြစ်သည့် နေ့ မှ စပြီး အိမ်မှုကိစ္စ ကို ကိုသန်းငွေ ပြန် မကြည့် ရအောင် ထင်းခွဲ ၊ ရေခပ် က အစ ကိုယ်တိုင် လုပ်သည် ။ ထမင်းဟင်း လည်း အကုန် နည်းပြီး စား ကောင်းအောင် ချွေတာ ကာ စီမံ ထားသည် ။ တစ်အိမ်လုံး ပြောင်လက် သပ်ရပ် နေသည် ။ 

ကိုသန်းငွေ လခ မှာ အိမ်လခ ၊ စားစရိတ် ၊ ရုံးသွားခရီး စရိတ် နှင့် ဆိုလျှင် ဘာမှ မကျန် ။ အိမ်ရှင်မ မအေးရှင် စေ့စပ် ချွေတာ ၍ သာ လောက် နေသည် ။

ကိုသန်းငွေ က တော့ မူ လင်မယား တွဲတွဲ ၊ တွဲတွဲ နှင့် နေရာတကာ သွား ချင်သည် ။ ရုံး ပိတ်ရက်လည်း အိမ် တွင် နေသည့်အခါ ရုပ်ရှင်မင်းသမီး ၊ မင်းသားများ နေပုံမျိုး ပွတ်သီးပွတ်သပ် နေချင်သည် ။ 

ညားခါ စ ကတော့ မအေးရှင် လည်း ကိုသန်းငွေ အလို လိုက်၍ အကြိုက် ဆောင် ပါ၏ ။ နောက် လေးငါးလ ခန့် တွင် တုံးလုံး စာ မရှိသေးသည့် သူတို့ ဘဝ ကို မအေးရှင် ပူပန်၍ သူ တတ်သည့် လက်ချုပ် လုပ်ငန်းလေး နှင့် မိန်းမဝတ် အင်္ကျီ များ ကို ယူ၍ အငှား ချုပ်လေသည် ။ 

ထို အလုပ်ကလေး က လည်း တစ်လ လျှင် တစ်ရာ ကျော် ဝင်ငွေကလေး စု မိသည် ကို တွေး၍ မအေးရှင် သည် လက်ရာ ကောင်းစွာ နှင့် မလွတ်တမ်း လက်ခံ ချုပ် နေ၏ ။ ငွေ ရမှု လုပ်ကိုင်နေ သော်လည်း မအေရှင် ကား အိမ်မှုကိစ္စ များ ကို သပ်ရပ်စွာ ဆောင်ရွက်မြဲပင် ။ အိပ် ချိန် ကို တော့  နှစ်နာရီ ခန့် နောက်ကျ အိပ် ရသည် ။ ဒါကို ကိုသန်းငွေ နှင့် ဆန့်ကျင် ပြန်သည် ။

“ လာကွာ အေး က လည်း အိပ် စို့  ”

ကိုသန်းငွေ က အိပ်ခါနီး မယား ပါ ခေါ်သည် ။

“ အိပ် နှင့် ကိုသန်းငွေ ၊ ခုမှ ကိုးနာရီ ရှိသေးတယ် ။ ဒီ အထည်တွေ မနက် ပြီးတော့ ဟို က နောက်ထပ် ယူခဲ့ရ အောင် ”

“ အိုကွာ တစ်ယောက်တည်း အိပ် ရမှာ ပျင်းတယ် ။ အေးပါ လာ အိပ်ပါ ” 

ကိုသန်းငွေ သဘောကျ မအေးရှင် အလုပ် ကို ရပ် ထားရပေါင်း များလှ၏ ။

“ ဟေ့ အေး ရေ .. ဖြီးလိမ်း ဝတ်စား ဟေ့ ၊ ဒီနေ့ ထမင်း မချက်နဲ့  ။ ဘုရား လည် ဖူးပြီး ကန်တော်ကြီး မှာ ထမင်း ဝယ် စားမယ် ”  

တနင်္ဂနွေ နေ့ ရောက်လျှင် ကိုသန်းငွေ ပြော နေကျ စကား ဖြစ်၍ ထိုနေ့ ကတော့ မအေးရှင် ငြင်းပယ် လိုက်သည် ။

“ အထည်တွေ က အရေး ကြီးနေ လို့ မသွားပါနဲ့ဦး ။ ဘုရား လည်း ခဏခဏ ရောက်နေသားပဲ ။ နောက်ပြီး သွား ရင် တစ်ဆယ် ကိုးကျပ် ကုန် ဦးမယ် ။ ဒီမှာ ရဖို့လည်း လစ်ဟင်းသေးတယ် ။ ကုန်မယ့် ငွေဟာ ကိုယ့် အိမ် မှာ ချက်စား ရင် သုံးရက် လောက် စား ရတာနော် ကိုသန်းငွေ ”

မအေးရှင် ပြောပြောဆိုဆို ထမင်းအိုး ကို သုတ်သီး သုတ်ပျာ ချက်ပြီး ပြီ နှင့် ...

“ ကိုသန်းငွေ .... ကျွန်မ ထမင်း ခူးထားတယ် ။ စား နှင့် နော် ။ ကျွန်မ က မဆာသေးလို့ ”

မအေးရှင် က ထမင်း ခူးပေးထားပြီး လုပ်ငန်းဝင် သည် ။ ကိုသန်းငွေ မကျေနပ် ။

မြို့ထဲ လည်ရအောင် ခေါ်သည် ကို လည်း မရ ၊ ထမင်း လည်း အတူ မစား ၍ ဖြစ်သည် ။ ခါတိုင်း ထို အလုပ် မလုပ် ခင် က ဆို လင်မယား နှစ်ယောက် မြို့ထဲ မလည် လျှင် အခန်း ထဲ မှာ ကျီစယ် ယုယ နေခဲ့သည် ။ မအေးရှင် ထို အလုပ် လုပ် မှ ကိုသန်းငွေ စီမံကိန်း ပျက်ရ မလို ဖြစ်၍ နောင်ရေး မပူမပင် စား ရမည့် ထို အလုပ် ကို ပင် သူ ငြိုငြင် လာသည် ။ 

မအေးရှင် ကတော့ ရတုန်း ရခါ မို့ ကုန်းကျုံး လုပ်ရင်း ည ထမင်း လည်း ကမန်းကတန်း ထ ချက်ပြီး ကိုသန်းငွေ ကို ခူး ကျွေး ပြန်သည် ။

“ ကိုသန်းငွေ ဝက်သားဟင်း က ပူတုန်း စား မှ ကောင်း တယ် ။ စား လိုက်ပါလား ။ ကျွန်မ ကတော့ မနက်စာ နှစ်နာရီ ထိုး မှ စား လို့ မဆာတော့ဘူး ”

အလုပ် ထဲ စိတ် ရောက် နေသူ မအေးရှင် သည် ကို သန်းငွေ စကား မပြန်သည် ကို ပင် ဂရု မပြုမိပေ ။ ကိုသန်းငွေ မှာ ထိုမျှ အဖို့ မအေးရှင် ကို မခေါ်ဘဲ အိပ်ရာ ဝင်ခဲ့သည် ။ မအေးရှင် လည်း ကလေး ချော့ သိပ်ရသည့် မိခင် နှင့် တူသည့် အလုပ် တစ်ခု လျော့ သွားသည် ဟု ကျေနပ် နေသည် ။ သို့သော် ည ဆယ်နာရီ ခန့်တွင် ကိုသန်းငွေ ၏ ကြောက်မက် ဖွယ် အသံ ကို အလန့်တကြား ကြား ရတော့သည် ။

“ ကဲ မိန်းမ ယူထားပြီး လူပျိုကြီး တစ်ယောက် လို ပဲ နေ ရတာပဲ ၊ ဘာ ထူးသေးလဲ ၊ လင် ရှိ တယ် လို့ မှ သတိ ရသေး ရဲ့လား ။ ဒီလို လင် နား မနေချင် ရင် အစ ကတည်း က ငါ့ ကို ယူ သေးလဲ ”

မအေးရှင် အလွန် အံ့သြ သွားသည် ။ ရှက် လည်း ရှက်မိသည် ။

ကိုသန်းငွေ ကို အထင် ကြီး မိ သမျှ လည်း သဲထဲ ရေသွန် ဖြစ် ရလေ၏ ။ သို့သော် မိန်းမကောင်း တစ်ယောက် ဖြစ်၍ ချိုသာစွာ ပြောဆိုရန် ဝန်မလေး ။

“ ကိုသန်းငွေ က ကလေး စကား တယ် ပြောတာကိုး ။ ကျွန်မ တစ်ဖက် တစ်လမ်း က ဝင်ငွေ ရအောင် လုပ် နေတာ မဟုတ်လား ”

မအေးရှင် စကား မဆုံး မှာ ... 

“ တော် ... နင် က ဝင်ငွေ ရလို့ ငါ့ ကို ဂုဏ် ပြိုင် မလို့ လား ၊ လင့် အလိုတော့ ဘယ်တော့ မှ မလိုက်ချင်ဘူး ။ လူပျိုကြီး လုပ် လာတာ အချစ်စစ် နဲ့ မတွေ့မှာ စိုးလို့ ၊ နင့် လို မိန်းမ နဲ့ တွေ့ မှာစိုးလို့ သိလား ။ အခု တွေ့ တော့တာပဲ ။ ဒါမျိုးတော့ မလိုချင်ဘူး ”

“ အချစ်စစ် က ဘယ်လို နေသလဲ ပြောပါဦး ။ ကျွန်မ တော့ လင် နဲ့ မယား ဒိုးတူဘောင်ဖက် ရှာဖွေ အိမ်ထောင်ရေး ကို မလစ်ဟင်း ရင် ဝတ္တရား ကျေတယ် ထင် တာပဲ ”

“ နင် က ခု ဝတ္တရား ကျေလို့လား ”

“ အလို ... ကျွန်မ ဝတ္တရား မကျေ လို့ အိမ် တကာ လည်ပြီး ဖဲ ရိုက်နေသလား ၊ လင့် ပစ္စည်း ခိုးပြီး လူတကာ ပေး နေသလား ”

“ ဒါကမှ တော် သေးတယ် ။ အခု နင် နေပုံ က ဘာသိ ဘာသာ လင် ကို ထားတာ ။ လင်မယား ဆိုတာ ပွတ်သီး ပွတ်သပ် နေချင်လို့ ယူ ထားတာ ။ ဖွင့် ပြော မှ သိမယ့် မိန်းမ တော်ပြီ ”

“ တော်ပါတော့ ကိုသန်းငွေ ရယ် ။ ရှင့် စကားတွေ ကျွန်မ ရှက် ပါတယ် ။ ရှင်တို့ ကျွန်မ တို့ ဟာ ဒီလို နေရမယ့် အရွယ် တွေ မဟုတ်တော့ပါဘူး ၊ ရှင် မကျန်းမာ ရင် ကျွန်မ က ပြုစုရမယ် ။ မရှိအတူ ရှိအတူ သင့်မြတ်စွာ နေကြမယ် ။ ခုလို ကျန်းမာတုန်း ရှာဖွေ ထားတော့ နောင်ရေး မှာ မပူမပန် ရဘူး ။ ကလေးကလား စိတ်တွေ ထား နေလို့ လည်း မဖြစ် ဘူး ။ ကျွန်မတို့ က ဗုဒ္ဓဘာသာ မဟုတ်လား ။ တရားတော် ကို လည်း မမေ့သင့်ဘူး ။ “ အဗြဟ္မစရိယ ” မမြတ်သော အကျင့် တဲ့ ။ ဒါတွေဟာ ဓမ္မတာ မို့ သာ ကိုယ့် တစ်ဦးတည်း အမှု ဆို ရှက် စရာကြီးပဲ ။ ဒါကြောင့် ... ”

“ ဟဲ့ ကောင်မ .... သီလရှင် သာ လုပ်ပေတော့ ။ အိမ်ထောင်သည် ဆိုတာ လင်မယား ချစ်နည်း တို့ ဘာတို့ ဆိုတဲ့ စာအုပ်တွေ ဖတ် ရတာ ။ ခုတော့ သူက “ အဗြဟ္မစရိယ ” တဲ့ ။ သွား ပေတော့ ငါ့ အိမ် မနေနဲ့ နင် ဆင်းသွား ”

“ အဲဒါတော့ ရှင် နဲ့ တန်တဲ့ စာအုပ် မို့ ရှင် ဖတ် ကျုပ် မဖတ်ဘူး ”

“ အေးပါ နင် မနေနဲ့တော့ သွားပါ ”

နဂိုက တည်ငြိမ် အေးဆေးသော မအေးရှင် မှာ ဘီလူးသဘက် နှယ် နှင်လွန်း ၍ မိခင် ရှိရာ တရားကျောင်း သို့ တပ်ဆုတ် ခဲ့ရတော့သည် ။

လူကြီးကိုယ် နှင့် ကလေးစိတ် ဖြစ် နေသော ကိုသန်းငွေ ကို လည်း စိတ် ကုန်မိ၏ ။ အဘယ်ကြောင့် လင်မယား ကွဲ ရကြောင်း သူများ မေးလျှင်လည်း ရှက်လှ ၍ မပြောဝံ့ အောင် ရှိသည် ။ စိတ် သဘောထား ချင်း မတိုက်ဆိုင်၍ ဟု သာ ပြောရ၏ ။

ကိုသန်းငွေ ကမူ ဘယ်သူ က မေးမေး အချစ်စစ် နှင့် မတွေ့လို့ ဟု သာ ဖြေ  လေသည် ။ ထို့ကြောင့် အများ က ပြောကြသည် ။ 

“ မအေးရှင် လို မိန်းမ မှ အချစ်စစ် မတွေ့ ၊ ရှာပေဦး ” ဆိုလျှင် ကိုသန်းငွေ က လည်း “ ရှာ ရမှာပဲဗျ ”  ဟု ဆိုလေ သည် ။

မအေးရှင် သွားပြီး သိပ် မကြာပါ ရပ်ကွက် ထဲ မှ အောင်သွယ် လုပ် သူ အဒေါ်ကြီး နှင့် ကိုသန်းငွေ တို့ တွေ့ကြသည် ။

“ အချစ်စစ် နဲ့ မတွေ့လို့ ကွဲတာဗျ ” 

“ မင်း မိန်းမ ကြည့် ရတာ မျက်နှာသေကြီး နဲ့ ပါ ကွယ် ။ ကျက်သရေ မရှိပါဘူး ။ ဒါမျိုးတော့ စောစော က ကွဲ တာ ကောင်းတယ် ။ လင်မယား ဆိုတာ လင့် အလို လိုက်မှ ပေါ့ ”

“ ဟော မင်း စိတ်ကူး မလွဲ နဲ့ မိန်းမ ရပြီးသား လူဟာ မိန်းမ မရှိရင် မနေနိုင်ဘူး ။ အဒေါ် အိမ် နားက ကလေးမလေး ဟာ အသက် က ၁၉ နှစ် ပဲ ရှိ သေးတယ် ။ သူ ကျတော့ လင့် အလို လိုက်လွန်းလို့ ကွဲ တာ ။ လင့် အလို လိုက်တော့ လင် က သိပ်ချစ် ၊ ယောက္ခမ က မလိုတော့ ခွဲ ပစ်တယ် ။ မင်း တို့ ချင်းတော့ တစ်ယောက် အလို တစ်ယောက် လိုက်မယ့် ပုံ ရတယ် ။ အဒေါ်  စီစဉ် လိုက်မယ် ”

“ တစ်ခုလပ် ဆိုတော့ အဒေါ် ရယ် ”

“ အို ... ဘာဖြစ်လဲ ၊ တစ်ခုလပ် မှ လင့် အကြောင်း သိ ပြီး အလို လိုက်တတ်တာ ။ မင်း အခု အပျိုကြီး မို့ ကွဲ ရပြီ မဟုတ်လား ”

ကိုသန်းငွေ သည် ထို မိန်းမကြီး စကား မှ နား မထောင် လျှင် နောက် အဆက် မမြင် ၍ တစ်ကြောင်း ၊ တစ်ခုလပ် မှ လင် အလို လိုက်တတ်တာ ဆို၍ တစ်ကြောင်း အစိုး အမည် ရှိ ၁၉ နှစ် သမီး တစ်ခုလပ်မလေး နှင့် ဒုတိယမ္ပိ အိမ်ထောင် ထူ လိုက် ပြန်သည် ။

အခုမှ သူ လိုလားသည့် အချစ်စစ် နှင့် တွေ့ ပေတော့ ၏ ။ မိုး မချုပ်ခင် အိပ်ရာ ဝင်သည် ။ မိုး လင်း၍ မထသေး ။ လင့် အလို လိုက်ရာတွင် နှစ်ယောက် မရှိသည့် မယားသစ် ကလေး အစိုး ပါပဲ ။ သား အဖ လောက် ကွာသည် ကို မောင် ဟု ခေါ်သည် ။

“ အစိုး က လည်းကွာ အစ်ကို လို့ ခေါ် ပါလား ”

“ အို ... အစ်ကို လို့ ခေါ်တော့ အသက် ချင်း သိပ်ကွာ တယ် လို့ သူ များ က ထင် ဦးမယ် ”

သည် နှယ် လည်း အကြိုက် ဆောင်သေး၏ ။

လင် ရုံး က ပြန်လာ လျှင် အိမ်ဝ မှ လက် ဆွဲ ၍ ကြို လာ သည် ။

“ မောင် ပင်ပန်းမှာ အစိုး မကြည့်ရက်ဘူး ။ တစ်နေ့ လုံး ညောင်း မှာပဲပေါ့ ၊ အိပ်ရာ ထဲ လှဲ နေဦး ”

“ အဝတ် လဲဦးမယ်လေ အစိုး ရဲ့ ” 

“ အို ... အိပ်ရာ ထဲ မှာ အစိုး လဲ ပေးပါ့မယ် ။ လှဲ သာ လှဲ နေပါ ”

ဤသို့ဖြင့် သူပါ ရော၍ ခုတင် ပေါ် တွင် အညောင်း ဖြေ လိုက်၏ ။ မိုးချုပ်ခါ နီးမှ ...

“ မောင် ... အစိုး လေ ဘာဟင်း မှ မချက်ရသေးဘူး ။ မောင် လာ မှ တိုင်ပင်ပြီး ကြိုက်တာ ချက် ကျွေး မလို့ဟာ မောင် က အစိုး ကို ဖက်ပြီး အိပ်ပျော် သွားတာ နဲ့ မနှိုး ရက်လို့ ခုထိ ဘာမှ မချက်ရသေးဘူး မောင် ၊ ဆာပြီလား ဟင် ။ အစိုး တော့ မောင် နဲ့ ဒီလို နေရရင် မဆာတော့ဘူး ”

ထိုအခါတွင် ကိုသန်းငွေ မှို ရသည့် မျက်နှာ နှင့် ...

“ မချက်ပါနဲ့တော့ ကွာ ၊ ကိုယ့် မယားလေး လည်း လင် ကို ဂရု စိုက်ရတာနဲ့ ပင်ပန်း လှပါပြီ ။ ရေ ချိုးပြီး ညဈေးတန်း သွား စားကြမယ် ”  

ထိုသို့ဖြင့် ညစာ တိုင်း လိုလို ဆိုင် မှာ စားကြသည် က များ လေသည်  ။ အချစ်စစ် ကို ရှာခဲ့သော ကိုသန်းငွေ သည် ထို စကားမျိုး သာ ကြား နေရလျှင် ဆိုင် မှာ စားကြွေး တင် ၍ ကူလီ ထမ်း ဆပ်ပါစေ ကျေနပ်မည်သာ ။

နံနက် စာ ဆိုလျှင် လည်း ...

“ မောင် က စောစော ထ ချက်မယ် ဆို မချက်ရဘူး ဆို လို့ ပြန် အိပ်ပျော်သွားလို့ မမီပြန်ဘူး ။ ပဲပြုတ် နဲ့ ပဲ စားမလား မောင် ”

“ အိုကွာ မောင် ချေး ( ကြေး ) မများတတ်ပါဘူး ။ အစိုး မျက်နှာလေး ကြည့် စားရရင် ဝင် တာပါပဲ ”

“ ကဲပါလေ မောင် ရေချိုး အစိုး ဆပ်ပြာ တိုက် ပေး မယ် ။ ပြီးတော့ အစိုး ကြိုက်တဲ့ အဝတ် ဝတ်ရမယ် ။ ဒိုဘီ ဆိုင် က ပုဆိုး ၊ အင်္ကျီတွေ ရွေး ခဲ့ပြီ ။ ဒိုဘီခ ငါးကျပ် ရှိပြီ ။ လခ ထုတ် မှ ရှင်းမယ် လို့ ပြောထားတယ် ”

ရေချိုး ရာ တွင် ဆပ်ပြာ တိုက် ပေးရင်းက ချိုသာသော အသံ နှင့် အစိုး ပြော လိုက်သေး၏ ။

“ မောင် ရုံးဆင်းချိန် မှာ အစိုး လာခဲ့မယ် နော် ။ လဟာပြင်ဈေး မှာ ပါတိတ် တစ်ထည်လောက် ဝယ်ချင်လို့  ၊ အဲဒီမှာ ညစာ ဝင်စားပြီး ခြောက်နာရီခွဲ ပွဲ ရုပ်ရှင် ဝင် ကြည့်မယ် နော် မောင် ”

“ လာခဲ့လေ အစိုး ၊ မောင် စောင့် နေမှာပေါ့ ”

ကိုသန်းငွေ ၏ အချစ်စစ် စီမံကိန်း အောင်မြင် နေ၍ မအေးရှင် မရှိသည့် နောက် အိမ်ဦးခန်း ဘုရားစင် မှာ ရေတော် ခန်း ၊ ပန်းတော် ခြောက် ၊ ဆီမီးခွက် လည်း ကြွက် တိုးလို့ မှောက် ပြန်သည် ။ ထင်းခွဲကု,လား မလာ၍ ထင်း ခွဲပြီးသား မရှိ ။ မီးဖိုချောင် မှာ ပြာ အတိ ၊ သောက်ရေသုံး ရေ က နတ္ထိ ။

တစ်အိမ်လုံး ကျက်သရေ မရှိဖြစ်တော့၏ ။

အကြောင်း သိသူ အိမ်နီးချင်း များ က အဝင် အထွက် မလုပ် ။ သို့သော် ကိုသန်းငွေ က တော့ ဖိုးကျိုင်းတုတ် ပါ ။ အားသည့် ရက်တွင် သူ ကိုယ်တိုင် ထင်းခွဲ ၊ ရေခပ် သည် ။ မအေးရှင် က ရှင်းလင်းသိမ်းဆည်း ပုံ သင်ပြခဲ့သည့် ပမာ ။ “ တော် နောက်မယား ရရင် တော့် ကို ကျုပ် ပြုစုသလို ပြုစု ” ဟု ဆိုထားဘိ အလား ။ သူ့ နေရာနှင့် သူ သူ သိမ်းဆည်း လှည်းကျင်း ကာ ပုဆိုးတိုတို နှင့် လုပ်ကိုင် လေသည် ။ 

အစိုး တုတ်ကွေးဖျား ဖျား နေသည့် အချိန် က ဆိုလျှင် ကိုသန်းငွေ ထိုင် မနေရပါ ။

“ မောင် ... ရေ သောက်ချင်တယ် ၊ ကော်ဖီ သောက် ချင်တယ် ။ ခေါင်း ကိုက်ပြန်ပြီ နှိပ် ပါဦး ၊ ပွေ့ထူ ပါဦး ၊ သေး ပေါက် ချင်တယ် ခွက် ပေးပါ ၊ အမလေး အိုက် လို့ ယပ်ခတ် ပါဦး ” နှင့် ပြုစုသူ ကိုသန်းငွေ အား အသက် မရှူ ရအောင် ခိုင်း၍ အစားအသောက် တော့ မပျက် သည့် အပြင် အစိုး လူမမာ က ဘဲသားဆန်ပြုတ် ဆို နှစ်ခွက် ၊ ဆီချက်ခေါက်ဆွဲ ဆို နှစ်ခွက် မှ အာသာ ပြေသည် ။ ရေ သောက်မည့် အစား ဘိလပ်ရည် ကို သုံးသည် ။ သူ့ အဖျား က သူဌေးဖျား မို့ လခ ထုတ် ပြီး ဆယ်ရက် နှင့် ငွေ က လျှောကရော ။

အစိုး က နာလန် ထ စမို့ စားချင်တာ စားရအောင် လက်စွပ် ကို တိတ်တိတ် ပေါင် ကျွေးသည် ။ 

“ စား ချင်တာ စား ၊ လူ ကျန်းမာဖို့ က အရေးကြီး တယ် ”  ဟု လည်း တဖွဖွ အားပေးရသေး ။ တစ်နေ့ တွင် အစိုး က ဈေးဝယ် ထွက် ၊ ကိုသန်းငွေ က အိမ် မှ ကြွက်သိုက် ပမာ ရှုပ်ထွေး နေသည့် အဝတ်ဗီရို ကို ဆွဲချ၍ ရှင်းသည် ။ လားလား ... ငွေ တွေ အထုပ် လိုက် ထွက် ကျလာသည် ။ ကိုသန်းငွေ မျက်လုံး ပြူးသွား၏ ။

“ ဟင် ... ပိုက်ဆံတွေ ပါလား ။ ငါ လည်း မထားပါ ဘူး ။ မရှိ လို့ တောင် လက်စွပ် ပေါင်ရသေး ”

ကိုသန်းငွေ စဉ်းစား ရင်း ပေါ် လာသည် ။ 

“ တန်တော့ ဟိုကောင်မ မအေးရှင် ပဲ နေမယ် ။ ဟော စာ လည်း တစ်စောင် ... ကိုသန်းငွေ တဲ့ ... အစိုး မရှိတုန်း ဖတ် ရမယ် ။ “ အင်း ... ရှင် နဲ့ ကျွန်မ နဲ့ ကွဲရင် မိန်းမ ယူမှာပဲ ။ ရှင့် အကြိုက် ယူရင် ရှင့် လခ ထိုင်စားတဲ့ မိန်းမ ပဲ ရမှာပဲ ။ ဒါကြောင့် ရှင် တစ်နေ့ အကျပ်အတည်း တွေ့တဲ့ အခါ သုံး ရ အောင် ကျွန်မ သုံးရာ ထားခဲ့တယ် ။ ကျွန်မ အလုပ် လုပ်တာ ရော ၊ ရှင် ရဲ့ လခ ထဲ က ချွေတာ စုဆောင်း ထား တာကော အားလုံး ခြောက်ရာ ရှိတဲ့ အထဲ က ကျွန်မ သုံးရာ ယူ သွား တယ် ။ ကျွန်မ အလုပ် လုပ်တာ လည်း ရှင့် ထမင်း စားပြီး လုပ် ရတာကိုး ။ ရှင် တစ်ဝက် ဆိုင်ပါတယ် ။ သုံး ပေတော့ ... အေးရှင် ” တဲ့ ။ ဟား ဟား ။ မစားထိုက် တဲ့ ကောင်မ ။ နင် က ပင်နီအင်္ကျီ ဝတ်ပြီး ရှာခဲ့တဲ့ ပိုက်ဆံ ကို ငါ့ ကို အချစ်စစ် နဲ့ ချစ် တဲ့ အစိုး ကို ဆွယ်တာအင်္ကျီ ဝယ် ပေးရမယ် ။ အေးရှင် ဆို တဲ့ အမိုက်မ ၊ အန္တမ ရဲ့  ။ နင် က အချစ်စစ် ကို မပေးနိုင်လို့ ဆင်း သွားရတာ တောင် ဘာ မျှော်ကိုး သေးလို့ ဒီ ငွေ ကို ထား ခဲ့သလဲ ။ မမျှော်ကိုး နဲ့တော့ ။ တစ်သက် နင့် လို မိန်းမ ပြန် မခေါ်ဘူး ဟ ”

ကိုသန်းငွေ က ဘယ် အထိ အချစ်စစ် ဆိုသည့် မှိုင်း မိ နေဦးမည် မသိချေ တကား ။

◾တိုးတိုး

📖 ဖြူနီညိုပြာ မဂ္ဂဇင်း
      ၁၉၇၀ ၊ ဇွန်
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment