❝ အမရွာပြန် ❞
ယောက်ထည်းငယ် တကိုယ်
လျင် စလိုငယ် ၊
ခင်လျှို ရေကျ ၊
သည်တော ဝ က ၊
အမရွာပြန် ၊
( ဦးကြီး )
( ၁ )
အပြင် မှာ နေကျဲကျဲ ပူ သော်လည်း ၊ သမ္ဗန်ဝမ်း ထဲ ၌ အေးစိမ့်စိမ့် ရှိသည် ။ အပြင် မှာ လို အလင်းရောင် က လည်း မျက်စိ စူးအောင် မတောက်ပ ။ ထို့ပြင် ကမ်းစပ် ၊ ရေစ ၊ သစ်ချုံ ဘာကို မှ တရိပ်ရိပ် မူးအောင် မမြင်ရ စိတ် ငြိမ်းချမ်းသည် ။ သို့သော် သမ္ဗန် ဝမ်းပြင် ၏ အခင်း မှာ ခိုးလိုးခုလု ရှိ ကာ ၊ ညိုမည်း စုတ်ချာသည့် ပေါင်းမိုး အုပ်အုပ် အောက် ၌ အနည်း ငယ် ကျဉ်းကျဉ်းကျပ်ကျပ် နိုင်တာ သာ ရှိလေသည် ။
ဒေါ်လှရင် သည် သမ္ဗန်ဝမ်း ထဲ ၌ မိန်းမောလျက် ရှိလေသည် ။ သူမ သည် ဤ လူ့ ဘဝကြီး ကို စွန့်ခွာ ရ တော့မည် ။ ရက်ပိုင်းလေး မျှသာ လိုတော့သည် ကို ကောင်းစွာ သဘောပေါက် မိလေပြီ ။ အင်း .. တစ်နှစ် ကျော်ကျော် မျှ ခံစား ခဲ့ရသည့် မီးယပ်သွေးဆုံး ရောဂါ မှ ကင်းလွတ်ပါတော့မည် ။
သူမ သည် သေရတော့မည် ဆိုတာ ကို သိရှိသည် မှာ ကြာပြီ ဖြစ်၏ ။ သို့သော် စင်စစ် မျှော်လင့်ချက် လုံးလုံး စွန့်လိုက်သည် မှာ မူ မနေ့ က မှ ဖြစ်သည် ။ ဆေးဆရာ အမျိုးမျိုး ကို လည်း ကယ်ပါရန် တောင်းပန်ခဲ့ဖူးပါ၏ ။ ဆရာဝန် တို့ ၏ ချွန်မြသည့် အပ် နှင့် လည်း ဆေးထိုး ခံခဲ့ဖူးပါ၏ ။ ယောက်ျား ဖြစ်သူ ကို ပင် ပျောက်အောင် ကုမည့် ဆရာ မခေါ်တတ်နိုင် ကောင်းလား ဟု အကြိမ်ကြိမ် ရန်ဖြစ် ခဲ့ဖူးလေသည် ။ ဒေါ်လှရင် သည် သေရမည် ကို နီးကပ် လာ လေလေ ၊ ကြောက်ရွံ့လေလေ ဖြစ်ကာ ၊ ကိုယ့် ကိုယ် ကိုယ် အားပေးလျက် ရှိခဲ့လေသည် ။
သို့သော် မနေ့ က မနက် လင်းအားကြီး အချိန် ၌ သူမ သည် ပထမဆုံး အကြိမ် စတင် မိန်းမောခဲ့ လေပြီ ။
ဒေါ်လှရင် သည် နာတာရှည် လူမမာ ပီစွာ သတိ ဆောင် ခဲ့လေသည် ။ သို့သော် မနေ့ က မူ မိန်းမောခဲ့ လေပြီ ။ ထို့နောက် ဘယ်လိုပင် သတိ ဆောင် သော်လည်း မတတ်နိုင် တော့ဘဲ ၊ မေ့ တစ်ချက် လျော့ တစ်ချက် နှင့် ပင် အသက် ရှည်ကြာ ခဲ့ရသည် ။ ည က ဆိုလျှင် လင်သည် က ခေါင်းရင်း မှ ထိုင်ကာ ရတနာသုံးပါး ဂုဏ်တော် ကို ရွတ်ဆို ၍ ပေးနေခဲ့သည် ။ မနက် က မူ အနည်းငယ် လန်းပါ၏ ။
မှောင်နက်သော တစ်ညလုံး ပင် ဒေါ်လှရင် သည် သတိ ဝေ့လည် ဝေ့လည် နှင့်ပင် ရွာ ပြန်ဖို့ ကို စိတ်စောလျက် ရှိသည် ။ “ ရွာ ပြန်ပြီး ခေါင်းချပါစို့ရဲ့ လှရင် ရယ် ” ဟု ကိုယ့် ကိုယ် ကိုယ် အထပ်ထပ် ပြော နေသည် ။ ချက်ချင်းပင် လင်သည် ကို ပူဆာ မိလေသည် ။ “ ရွာ ပြန်ပါရစေတော့ ကိုအောင် ရယ် .. မိုး လင်းရင် သမ္ဗန်ဆိပ် ဆင်းပါရစေ ...” ဟု မပီမသ ပြော ရသည် ။ သူမ ၏ စကား ကို တစ်ကြိမ် ၊ နှစ်ကြိမ် နှင့် မှ မသဲကွဲကြသော် ၊ အလွန်ပင် ထိတ်လန့် လာ မိလေသည် ။ ဒေါ်လှရင် သည် သန်းခေါင်ကျော်ကြီး မှာ ပင် ရှိုက်ငင် ကာ ငိုယို မိ လေသည် ။
ယခုမူ ဒေါ်လှရင် သည် ရွာ သို့ ပြန်လာလျက် ရှိပေပြီ ။
ဪ ... ကိုယ့် ရွာ တောင် ကိုယ် မရောက်တာ ဘယ်လောက် ကြာပြီလဲ ၊ ကြာဆို ရွာ က ထွက်လာ ကတည်း က တစ်ခါမျှ ပြန် မရောက်တော့ချေ ။
ဤ အတောအတွင်း နှစ်ပေါင်း နှစ်ဆယ်ကျော် တို့ သည် ကုန်ကျွမ်းခဲ့ လေပြီ ။ ရွာ က ထွက်စဉ်က လှရင် နှင့် ၊ ရွာပြန် လာသည့် လှရင် တို့ မှာ ကွာလှပါသေး၏ ။ သူမ သည် ရန်ကုန် အစ်မများ ရှိရာ သို့ ထွက်လာစဉ် က အသက် နှစ်ဆယ် ရွယ် ၊ မျှစ်စို့ ပမာ နုနယ်ထွားကျိုင်းသည့် အပျိုမကလေး ဖြစ်ခဲ့ လေသည် ။ ရုပ်ရည် က တယ် မလှသော်လည်း ၊ အသား ဖြူဖြူ ၊ ကိုယ်ပေါက် ကိုယ်ရောက် ခပ်ဖြောင့်ဖြောင့် မို့ သူ့ ခေတ် သူ့ အခါ မှာ မျက်နှာ တော့ လည်း ပွင့်ခဲ့ ပေ သေးသည် ။ သူကြီးဟောင်း ၏ သမီး လည်း ဖြစ်ပြန် ၊ ရွှေလက်ကောက် ၊ ရွှေခြေချင်းကလေးများ လည်း ဝတ်နိုင်ပြန် ဆိုတော့ ၊ အပျိုမ လှရင် သည် မာန ခပ်ကြီးကြီး နေခဲ့သည် ။
လှရင် သည် ရွာ မြောက်ပိုင်း မှာ ဖြင့် နာမည် အကျော်ဆုံး ဖြစ်ခဲ့လေသည် ။ ထို့ပြင် ကိုယ့် ကိုယ် ကိုယ် လည်း တန်ဖိုး ထားရမှန်း သိတတ်ကာ သူများ အပျိုတွေ ရေခပ် ၊ ထင်းခွေ ၍ မှ သူမ ဘာမှ မလုပ်ချေ ၊ ရှားစောင်း ခြံစည်းရိုး ခတ် ထားသည့် ပျဉ်ထောင်အိမ် ပေါ် မှာ ၄၅ ကျပ်တန် ခွေးတံဆိပ် လက်ဆွဲ ဓာတ်စက်ကလေး နှင့် တေဘုမ္မာ ဓာတ်ပြား ဖွင့်ကာ ဖွင့် ကာ ခပ်ကြွားကြွား နေခဲ့ရသေးသည် ။
လှရင် မှာ အမေ မရှိ ၊ အဘိုးအရွယ် ရှိသည့် အဖေ နှင့် ဦးလေး ၊ ဦးကြီး အရွယ်ရှိ သည့် အစ်ကို နှစ်ယောက် နှင့် သာ နေခဲ့ရသည် ။ လှရင် မှာ ခပ်ဆိုးဆိုး ၊ ဘယ်သူ့ ကို မှ ကြောက်တယ် မရှိ ။
တစ်နေ့ မူ ... အစ်ကို နှစ်ယောက် သည် ရွာ ထဲ က သတင်း ကြားပြီး ၊ လှရင် ကို တစ်လှည့်စီ ရိုက်ကြလေသည် ။ ထုံးစံ မှာ အင်မတန် ခေါင်းမာသူ ဖြစ်ပေမဲ့ သည်တစ်ခါ မူ နာနာ ရှိသည် နှင့် “ အဘ ရေ ဆွဲတော့ဘူးလား ” ဟု ပင် အော်မိသေးသည် ။ သို့သော် အဖေအို သည် မတုန်တလှုပ် နှင့် ခပ်ကုပ်ကုပ် ပင် လုပ်စရာ ရှိသည် ကို လုပ်လျက် နေလေသည် ။
နှမ ဖြစ်သူ ရည်းစား ထား၍ ရိုက်ကြတယ် ဆို ကိုး ။ လှရင် မှာ မာန ကြီး သော်လည်း ၊ အပျို ဖြစ်လာသည် နှင့် ရည်းစား ထားချင် စိတ် ပေါက် ကာ ရည်းစား ထား မိလေသည် ။ စင်စစ် ရိုးမြေကျ ရယ်လို့ မမှန်း ၊ သို့သော် ရည်းစားသည် က ထန်းတော သို့ သွားကာ ကာလသား တို့ ထုံးစံ အတိုင်း ဦးရေ တစ်ကျိုက် ၊ တောကြောင်သား တစ်ကိုက် နှင့် သူ ၏ ည စွန့်စားခန်း ကို ဖောက်သည်ချ ပြန်သတဲ့ ။
လှရင် သည် အိပ်ရာ မှ နှစ်ရက် သုံးရက် ပင် မထနိုင် ချေ ။ ထနိုင်ပြန် ပြီး လည်း အတေး ကြီး တေး ကာ နေသည် ။
သူမ သည် သည်အမှု ဖြစ်ပြီးသည့် နောက် တစ်လ တောင် မကြာဘူး ထင်သည် ။ ရန်ကုန်မြို့ သို့ ရင်ကော့ ကာ ထွက်ခဲ့ လေသည် ။ ရည်းစားသည် လည်း သူ့ နှမဝမ်းကွဲ တစ်ယောက် ကို ကရင်တော သို့ ခိုးပြေး လေသည် ။ အစ်ကို နှစ်ယောက် က လယ်ထဲ အဆင်း မပျက် ။ အဖေအို ကမူ မျက်သည်စမ်းစမ်း နှင့် ဆုမွန်တောင်းလိုက် ရှာသည် ။ လှရင် သည် လူကြုံ အားကိုး နှင့် တစ်ယောက် တည်း ပင်ပင် စွန့်စားဖို့ ထွက် လာသည် ။
ရန်ကုန် သို့ ချောချောမောမော ရောက် ပါ၏ ။
( ၂ )
“ ချောချောမောမော မှ ရောက်ပါ့မလား ကွယ် ....”
ဒေါ်လှရင် ၏ သတိ တို့ သည် ပြယ်၍ ပြယ်၍ လာ လေပြီ ။ အမြင် သည် ဝါး၏ ။ သမ္ဗန် ပေါင်းမိုး ၏ ညို့မှိုင်းသော အရောင် ၊ ဝါးစ အချွန်အတက် များ နှင့် တစ်ဝက်တစ်ပျက် မြင်ရသော ကောင်းကင် အဖြူ သည် ၊ မဆီမဆိုင်ပင် တစ်ပြေးတည်း ဖြစ်ကာ နေ လေသည် ။ ဦးနှောက် လည်း မကြည်ပြီ ကော .. မူးမေ့ ရိပ်ရိပ် ။
သမ္ဗန်ခတ်သမား ၏ စိုးရိမ်သံ ကို ကြား လိုက်၏ ။ ချောချောမောမော ရောက်ပါ့ မလား ၊ ဟုတ်လား ၊ ဘာဖြစ်လို့လဲ ကွယ် ။ ငါ အရှင်ကြီး ရှိပါသေးဘယ် ။ ဒေါ်လှရင် သည် လန့်ဖျပ် သွားကာ သတိ ဆောင် လိုက်ပြန်လေသည် ။
သူမ သည် “ ကိုအောင် ... ကိုအောင် ” ဟု လင်သည် ကို ခေါ်၏ ။
လင်သည် က သမ္ဗန်ဦး မှ ဆင်း လာကာ ၊ စိတ် မသက်သာဟန် နှင့် ကြည့် လေသည် ။ အို ... မယား လူမမာ ကို ငြီးငွေ့ရှာတာ ကြာပြီကောလေ ၊ ကြာပြီကော ။
ဒေါ်လှရင် သည် ဒေါသ ထ လာလေသည် ။ သို့သော်လည်း ဒေါသ ဖြစ်ရတာပင် မောပန်း လှပြီ ။ အရင် မာတုန်း က လို သာ ဆိုလျှင် ဘယ်နှချီ ဖြစ်ဖြစ် လင်မယား ရန်ဖြစ်ဖို့ အသင့် ရှိသည် ။ ပြီးတော့လည်း သေခြင်းတရား က အပါး မှာ ကပ်လို့ပဲ ကွယ် ။ ဒီ တဒင်္ဂလေး မှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင် သမျှ နေပါစို့ ရဲ့ ။
ဒေါ်လှရင် က ပျော့လျစွာ ... “ ကျွန်မ ရေ ငတ်လိုက်တာ တော် ” ဟု ပြောသည် ။ လင်သည် က ဘာမျှ မပြော ၊ သမ္ဗန် ဝမ်းတွင်း သို့ တိတ်ဆိတ်ညင်သာစွာ ဆင်းလာ
ပြီး ကြိမ်လက်ဆွဲခြင်း ကို ဖွင့်သည် ။ စပျစ်ခိုင် တစ်ခိုင် ကို ရေ ဆေး၏ ။ ပြည့်ဝ ဖောင်းတင်း ကာ အရည်ချို နှင့် ရွှန်းပါ၏ ။ သို့သော် နှုတ်ခမ်း ပေါ် ညှစ်ချ ပေးသည့်အခါ မူ လျှာ နှင့် မှ သွက်သွက် မသပ်နိုင်ပါ ကလား ။
ဒေါ်လှရင် သည် အားငယ် သွားကာ ဖြစ်လိုရာ ဖြစ်စေတော့ ဟူသော စိတ်မျိုး ဝင် လာ လေ၏ ။ သေမင်း က တစ်ဝက် ပိုင်ဆိုင် နေပြီလေ ။ သို့သော် ဖျတ်ခနဲ ရွာ က လူများ ကို မြင်ယောင် မိသည် ။ သမီး သေတာ တောင် မြင်ရဦးမည့် အသက်ရှည် သည့် အဖေအို ရယ် ၊ မြောက်ပိုင်း တစ်ယောက် တောင်ပိုင်း တစ်ယောက် မယား နှစ်ယောက် ယူ ထားသည့် အစ်ကိုကြီး ရယ် ၊ လူတွေ နှင့်မနေ နွား နှင့်သာ နေပြီး လယ် ထဲ က မထွက်သည့် အကိုလေး ရယ် ... ။
“ ရွာ မရောက်မချင်း ငါ မသေဘူး ” ဟု ဒေါ်လှရင် သည် စိတ် တင်း လိုက် ပြန်လေသည် ။
သမ္ဗန်သမား က ရောက်ချင်ဇော နှင့် တကျွီကျွီ မြည်အောင် အပြင်း ခတ် ပြန်သော် ဒေါ်လှရင် သည် မောလာ ပြန်သည် ။ ရင်တွင်း က ကျပ်လွန်း၍ အသက် မှ ရှူ မဝ ၊ ပါးစပ် ကို ဟ ကာ ပါးစပ် နှင့် ပါ ရှူ ရလေသည် ။
“ ရွာ တော့ မရောက်ဘူး ထင်ရဲ့ ” ဟု ဝမ်းနည်း မိသေးသည် ။
လင်သည် က သမ္ဗန်သမား ကို အခတ် နှေး စေပြီး ၊
“ မရင် ကြောင့် တော့ ခက်ပါရဲ့ ကွာ ၊ ရန်ကုန် မှာ အိပ်ရာ ပေါ် ငြိမ်ငြိမ်ကလေး နေ ရင် အသက်ပျောက် တောင် မှ သက်သက်သာသာ ရှိပါသေး ရဲ့ ” ဟု မတိုးမကျယ် ညည်းနေ သေး၏ ။
ရန်ကုန် ဘာများ မက်စရာတုံး ၊ အနှစ် နှစ်ဆယ် နေခဲ့တာ တအောင့်ကလေးများ ပျော်တယ် ထင် သလား ။
( ၃ )
စင်စစ် ရန်ကုန် ၌ သူမ ပျော်သလောက် တော့ ပျော်ခဲ့သေးသည် ကို ဝန်ခံရ ပေမည် ။
ရန်ကုန် ရောက်စ လှရ င်မှာ မိုက် က လည်း မိုက် ချင်ချင် ၊ အိမ် ကို လည်း စိတ်နာနာ မို့ ဘာဖြစ်ဖြစ် စွန့်စား လိုက်ချင်စိတ် တွေ သာ ရွရွတက် နေခဲ့ပေသည် ။ လှရင် ၏ အမ မှာ လင် နှင့် သား နှင့် တိုက်တာအိမ်ခြေ နှင့် ကောင်းစား နေသည် ကို အားကျ မိသည် ။ အစ်မ က မွေး သည့် မတိမ်းမယိမ်း တူမပျိုများ နှင့် အတူ ဝတ်ကာ စားကာ သွားကာ လာကာ ရှိလေသည် ။ ရုပ်ရှင် ကို လည်း အစ်မ က ခွင့်ပေး သမျှ ကြည့်ကာ မောင်ညီပု ၊ ခင်ခင်ဥ စသည့် အမည် ကို လည်း အင်မတန် မှ ခေါ်၍ ကောင်း မိသည် ။ ညတိုင် ဆိုလျှင် အနောက်ပိုင်း ညဈေးတန်း လျှောက် ကာ လက်ဖက်သုပ် ဝယ်စားလိုက် ၊ ဂျပန် ဖြစ် ဓာတ်ရိုက်လုံချည် သုံးမူးတစ်ပဲတန် တွေ ဝယ်လိုက် နှင့် လူလုံး ပြ၍ ကောင်းလှသည် ။ ကြာတော့ အစ်မ ဖြစ်သူ က “ လှရင် – တော်တော် ထတယ်နော် ” ဟု ပြောရလေသည် ။
ဘာပြောပြော လှရင် သည် ဟိုက်ကုတ် က စာရေးကြီး ဆိုသော လူ တစ်ယောက် နှင့် ချိတ်ဆက် မိ လေသည် ။
စာရေးကြီး က ခြောက်မောင် ဂျပန်ပိုးအင်္ကျီလေးတွေ ပန်စရာ ဖယောင်းပန်း ၊ ဖဲပန်းလေးတွေ ဝယ်ပေး တတ်သည် ။ လှရင် သည် မြို့ အနေအထိုင် ကို တပ်မတ်လျက် ရှိကာ ရန်ကုန်သူ လုပ်လိုစိတ် ပြင်းပြလျက်ရှိ လေသည် ။ စာရေးကြီး ဆိုသည် မှာ ညံ့လှတာ မဟုတ် ဘူး ။ အနည်းဆုံး ဝဝ စားပြီး လှလှတော့ ဆင် နိုင်ပေ လိမ့်မည် ။ ပြီးတော့ ရွာ က ထွက်သမျှ အပျိုတွေ ထဲ တွင် မိမိ တစ်ယောက် သာ ဗွေဆော်ဦး မြို့သား နှင့် ကျရမည်မှာ ဂုဏ်ယူစရာ ပေတည်း ။
လှရင် သည် အစ်မ ဖြစ်သူ နှင့် ရန်ဖြစ်စ ပြု လေသည် ။
တစ်ညနေ ၌ ထမင်းပွဲ မှာ ညီအစ်မ နှစ်ယောက် စကား များ၏ ။ အစ်မ ဖြစ်သူ က နာနာ နှိမ်၍ ပြောသည် ။ လှရင် သည် စာရေးကြီး အားကိုး နှင့် ခံလှန်၍ ပြောမိ လေသည် ။ သည်တော့ အစ်မ ဖြစ်သူ က ဒေါသတကြီး နှင့် တံမြတ်စည်း နှင့် ရိုက်ပါလေရော ။
လှရင် သည် သူမ ၏ ရွှေထည်ကလေးများ ကို ကျစ်ကျစ်ထုပ်ပြီး စာရေးကြီး လက်ထဲ အပ်ကာ ခိုးရာ လိုက် ပြေးရ ပြန်ချေသည် ။
လှရင် နှင့် စာရေးကြီး သည် စာရေးကြီး ၏ သူငယ်ချင်း ဆိုသူ ၏ အိမ် မှာ နေကြ၏ ။ သူ သည် ရအပ်သည့် လွတ်လပ်ခွင့် နှင့် ပျော်ရွှင်ကာ နေသည် ။ လမ်းမတော် ရှင်ဥပဂုတ်ပွဲ မှ ရာမဇာတ်ပွဲ စသည် တို့ ကို ညဆက် ကြည့်သည် ။ ဘိုတထောင် ဘုရားပွဲ ဆိုလည်း ရှေ့ က ရောက် သေးသည် ။ ပုဇွန်တောင် မှာ ဂရိတ်ဘိုးစိန် က လျှင် လှရင် အငြိမ် မနေနိုင်ပြီ ။ သူမ သည် စာရေးကြီး နှင့် တွဲမိ ကာ ပွဲတိုင်းကျော် ဖြစ်၍ နေသည် ။
စင်စစ်တော့ သူမ သည် ရန်ကုန်သူတွေ အပျော်ကြူး သလို သူမ လည်း အပျော်ကြူးချင်သည် ။ ရန်ကုန်သူတွေ ဝါကြွား သလို သူမ လည်း ဝါကြွား ချင်သည် ။ ဖြစ်နိုင်လျှင် ရန်ကုန်သူတွေ လည် သလို လည်ကာ ၊ ရန်ကုန်သူတွေ လော်မာသလို လော်မာ ချင်သည် ။ ရန်ကုန် သည် လှရင် လို အူရိုင်း အဖို့ အင်မတန် ပြင်းသည့် အရက် ပေ ပဲ ။
လှရင် သည် စကား ပြော လျှင် မျက်စ ချီတတ် လာသည် ။ ပိုလိုစီးကရက် ကို လက်ကြား ညှပ်ချင် လာ၏ ။ ထို့ပြင် သွား အကောင်း ကို လည်း ရွှေ အုပ်ရ ပြန်သေး၏ ။ သူမ သည် ပျားဖယောင်းရုပ်တု ဖြစ်နေ၏ ။ စာရေးကြီး က သူမ အား ခေါ်ဆောင် သွားသည့် လူတန်းစား ထဲ ၌ အသားကျကျ နေတတ်ဖို့ ကြိုးစားသည် ။
သုံးလေးလ မျှ ကြာလျှင် စာရေးကြီး သည် တိတ်တဆိတ် ပျောက်ကွယ် သွားလေ သည် ။ လှရင် ၏ ရွှေထုပ်ကလေး လည်း ပါ သွားသည် ။ လှရင် သည် ချွေးခံအင်္ကျီအိတ် ထဲ မှ ငွေ လေး ငါးကျပ် နှင့် ရွှေ လက်ဖွဲ့ကလေး တစ်ကုံး နှင့် ကြောင်လည်လည် ကျန်ခဲ့သည် ။ သတင်း ကြားရသည် မှာ စာရေးကြီး မှာ မယားကြီး ရှိ ဆိုပါ ကလား ၊ ထို့ပြင် ဘယ် ရုံး မှာ မှ အလုပ် လုပ်နေသူ မဟုတ် ဆိုပဲ ။ အ, ပါပေ့ လှရင် ရယ် ၊ တစ်နေ့ တစ်နေ့ လှရင် နှင့် ချည်း လျှောက်လည် နေလျက်နှင့် မှ ဟိုက်ကုတ် သွားတာ မမြင်လေရော့ သလား ၊ လှရင် သည် အထမဆုံး အကြိမ် လူ့ဘောင်ကြီး ကို ကြောက်ရွံ့၍ လာလေသည် ။
လှရင်သည် “ စာရေးကြီး ရဲ့ စာရေးကြီး ရဲ့ ” ... လွမ်းဆွေး နေ သေးသည် ။ ညဦး များ ကျပြီ ဆိုလျှင် မီး ထိန်ထိန်လင်း သည့် ရန်ကုန်မြို့ကြီး ထဲ သို့ ထွက် လာကာ ခြေဦး တည့်ရာ လျှောက်သွားလျက် ရှိလေသည် ။
သူမ သည် ရုပ်ပွလှသည့် လမ်းများ ကို လည်း တယ်ပြီး မမှတ်မိသေး ၊ ကိုယ် နေသည့် အိမ် ကို ပင် ကွမ်းယာဆိုင်ကလေး မှတ် မှတ် ထားပြီး ပြန်လာရ ချေသည် ။
လှရင် သည် များမကြာမီ ပင် စာရေးကြီး ၏ သူငယ်ချင်း ဆိုသူ ၏ မယား ဖြစ်ပြန် လေသည် ။
သည့်နောက် ကော ၊ သည့်နောက် အဖြစ်အပျက်များ ကို တော့ သိပ်ပြီး မေ့လိုက်ချင် ပြီ ။ ဤ အတိတ် ၏ အကြောင်းချင်းတ များ သည် ကြောက်မက်စဖွယ် အိပ်မက်များ အဖြစ် ပြန်လည်လာ သေးသည် ။ သူမ သည် လက် ထဲ လည်း ပိုက်ဆံ မရှိ ၊ ဦးနှောက် ထဲ လည်း အသိ ဉာဏ် မရှိဘဲ .. တစ်လက် မသာ လျှင် တစ်လက် သို့ ပြောင်း ကာ အစ်မ လို ကောင်းစားခြင်းမျိုး ကို ရန်ကုန် မှာ ရှာဖွေ ရှာလေသည် ။
ဒါဟာ ထူးဆန်းလေသလား ဟု သူမ ဖြေပါ၏ ။ လှရင် သည် တော က ဆင်းရဲသူ ကလေးများ ရန်ကုန် တက် လာလျှင် ဖြစ်တတ် ပျက်တတ် တာ ထက် ဘာမှ ပို၍ မဖြစ်ပျက် ခဲ့ ။ အထူးသဖြင့် သူမ သည် ပို၍ မာန ကြီးကာ ပို၍ သတ္တိ ကောင်းခဲ့သေးသည် မဟုတ်လား ။ ရွာ ကို ပြန်ဖို့ လည်း စိတ်ကူး ၊ အစ်မ ၏ အိမ်ပေါ် တက် ဖို့ လည်း မကြိုးစား ဖြစ်ချင်ရာ ဖြစ် ... ။ သူမ သည် တပ်မက်ခြင်း ၊ ဆင်းရဲခြင်း ၊ မိုက်မဲခြင်းတို့ နှင့် အတူတကွ သံသရာ လည်ခဲ့ပါပေသည် ။
( ၄ )
ဒေါ်လှရင် သည် သမ္ဗန်တက် က အုန်းဆံကြိုး ၏ တကျစ်ကျစ် မြည်သံ ၊ တက် နှင့် သမ္ဗန်ပေါင် ကြိတ်မိ ကာ တအီအီ မြည်သံ တို့ ကို နားထောင် နေလေသည် ။ တဖြည်းဖြည်း နှင့် ရွာ နှင့် နီးလာပြီ ၊ ရွာ ကို ရောက်တော့မယ် လေ ၊ ရွာ ကို ရောက် လျှင် ဗိန္ဒောဆရာ ကောင်းကောင်း ရှာ၍ တွေ့ချင် လည်း တွေ့ဦးမည် ။
သို့သော် သူမ သည် ပန်းလျ လှလေပြီ ။
ဒေါ်လှရင် သည် လက် ကို အမှတ်မထင် မြှောက် ကြည့် မိလေသည် ။ ကြွလို့ မရပါတော့ပြီ ။ အောက်ပိုင်း က ဘာ ဖြစ်နေပြီ မသိ ၊ သူမ ၏ ခြေများ စတင် ဖောရောင် ကတည်း က အောက်ပိုင်း တစ်ခုလုံး ကို သူမ မပိုင်ဆိုင် တော့ ပေ ။ အပေါ့ အလေး သွား၍ မှ မသိ အပူ အေးမှ မခံစားတတ် ၊ ဖောရောင်ခြင်း သည် တဖြည်းဖြည်း ရင့်လာပြီး ယခု တစ်ရက် နှစ်ရက် အတွင်းမူ နည်းနည်း ကျသွား သလို ရှိသည် ဟု လင်သည် က ပြောသည် ။
“ အဖော ကျ ရင် သေတတ်တာပဲ ” ဟု ဒေါ်လှရင် က ကြောင်တောင်ကြီး ပြောခဲ့မိ သည် မှာ တစ်နေ့ က တင် မဟုတ်လား ။
ဪ ... ငါ ရွာ ကို ရောက် ရင် မသေခင် လုပ်စရာ ရှိတာ လုပ်ရဦးမယ် ဟု သတိ ရ လာလေသည် ၊ ခေါင်းအုံး အောက် က ခုလု ခုလု အရာ ကို ယခုမှ ခံစား မိတော့လေသည် ။ ဒေါ်လှရင် ၏ စုဆောင်း ထားသည့် ပစ္စည်း အထုပ် မှာ စတိ လုပ်ထားသည့် ပုတီးစေ့ ရွှေလက်ကောက် သုံးရန် ၊ ဆင်မြီးလက်စွပ် နှစ်ကွင်း ၊ ဥဿဖရား ဆွဲကြိုး တစ်ကုံး ၊ ရွှေဆွဲကြိုး တစ်ကုံး နှင့် ကျောက်စိမ်း ကြယ်သီး တစ်စုံ ရှိလေသည် ။
ဒေါ်လှရင် သည် လက် နှင့် စမ်းသပ် ကိုင်တွယ် ကြည့်ချင် လာလေသည် ။ လက် ကို မြှောက်ပြန်၏ ။ အနည်းငယ် ရွေ့သေးသည် ။ မ ၍ တော့ မရ ။
ရွာ က လူတွေ ဟာ ဆင်းရဲပါဘိသနှင့် ၊ ငါ သေရင် သင်းတို့ သင်္ဂြိုဟ် နေရဦးမယ် ၊ ငါ့ ရွှေလက်ကောက် နှစ်ရန် ရောင်းတယ် ဆိုရင် မသာစရိတ် သပိတ်သွတ် ဖို့တော့ လောက် ကောင်းပါရဲ့ ။ အဲဒါကို ရွာဦး ဘုန်းကြီးကျောင်း က ဆရာတော် ကို မှာပြီး အပ်ခဲ့ရမယ် ။
လက်ကောက် တစ်ရန် ကို တော့ အဘ ပေးခဲ့မယ် ၊ အိုစာ မင်းစာ ။
ကျန်တာတွေ တော့ အစ်ကို တို့ ပေးခဲ့ရုံပဲ ။ အစ်ကိုကြီး က သားသမီး များများ နဲ့ ၊ ဒီထဲ ငါ့ ကို သတိရ သေးရင် နောင်ဘဝ ဖို့ ပါ အောင် အလှူဒါန ပြုပါ လို့ ပြောရမယ် ။
လုံချည် ၊ အင်္ကျီ အဝတ်အစားများ ကို ဒေါ်လှရင် သတိရ လာပြန်လေသည် ။ ဒါ တွေကို ဘယ်သူ့ ပေးခဲ့ရပါမလဲ ၊ ဪ ငါ့ သမီးလေး ၊ မွေး မွေးချင်း ၊ သေသွားရှာတဲ့ သမီး လေး - သူ သာ ရှိရင် ခုနေ အပျို ဖြစ်ပြီ ၊ ပေးခဲ့နိုင်မှာ ..
ဒေါ်လှရင်သည် အဝတ်အစားများ အတွက် ၊ စိတ် ဝေခွဲမရ ဖြစ်နေသည် ။ သို့သော် သည်လောက် တွေးတောရသည် မှာ ပင် နွမ်းပျော့ လှပြီ ။ ခဏ ထား လိုက်ပါဦး ။
သမ္ဗန်ဦး မှ လင်သည် က ချောင်း တစ်ချက် ဟန့် လိုက်လေသည် ။
ဒေါ်လှရင် သည် လန့်ပင် လန့်သွား ချေ တော့သည် ။ ငါ့ အကြံအစည်တွေ ကို များ သူ သိလေပြီ လား ၊ သူ က ရန်ကုန်သား မို့ ပါး က ပါးပါဘိသနဲ့ ။ လင်သည် ကို တော့ ဘာမှ ပေးခဲ့လိုစိတ် မရှိ ၊ မိမိ မှာ ရှိသည့် ရွှေထည်ကလေးများ အကြောင်း ပင် စကားစ မပြောခဲ့ ။ မိမိ မှာ ဘယ်လောက် ရှိသည် ဆိုတာ လည်း သူ မသိ ၊ ဒေါ်လှရင် သည် မလုံမလဲ ဖြစ်နေ မိ လေသည် ။
လင် ဆိုတာ ဘာများ ကောင်းတဲ့ လူတွေ လဲ ဟု ဒေါ်လှရင် သည် စိတ်နာစွဲကလေး ရှိသည် ။
ကိုအောင် ဆို လျှင် အလုပ် နှင့် အကိုင် နှင့် ယောက်ျားကြီးမားမား မို့ ဘယ်တော့မှ မဆင်းရဲနိုင် ။ ထို့ပြင် သူမ မှာ ကိုယ့်ဘက် ကို သာ ပံ့ပိုး ချင်သည့် မယား ၏ အလိမ္မာကလေးမျိုး ရှိသည် ။ လင် ဆိုတာ စင်စစ် သူစိမ်းတစ်ရံဆံကြီး ပဲ ဟု တွေးလျက် ရှိလေသည် ။
ကိုအောင့် အပေါ် မိမိ မယားကောင်း ဖြစ်သလား မဖြစ်သလား တော့ မဆိုနိုင် ၊ မိမိ အပေါ် တော့ ကောင်းလှသည့် လင် မဟုတ်ချေ ။
အတိတ် က အရိပ် တို့ သည် ပြန်လာ ဖိစီးကြ ပြန်လေသည် ။ လင်မယား နှစ်ယောက် ပေါင်းသင်း ခဲ့သည် ၈ နှစ် ကျော် ၉ နှစ် အတွင်း ဘယ်နှခါ ကွဲ၍ ၊ ဘယ်နှခါ ပြန် ပေါင်းခဲ့သည် ကို လည်း မမှတ်မိတော့ ။ သူ က လည်း ရိုက် တတ်သည် ။ မိမိ က လည်း မိုက်၏ ။ အသက် သုံးဆယ်ရွယ် တုန်း က မလှရင် သည် လင် ကို ပစ်ကာ တခြား လူပျိုလူရွယ် ခပ်ချောချောကလေးများ နောက်သို့ တစ်ကြိမ် နှစ်ကြိမ် မက လိုက်ဖူးပေသေးသည် ။
ဒေါ်လှရင် သည် ခေါင်း ကို အနိုင်နိုင် စောင်းငဲ့ကာ သမ္ဗန်ဦး က လင်သည် ကို ကြည့် လေသည် ။ သူ ၏ မျက်နှာ မှာ နေခြည် တစ်ခြမ်း ဟပ်၍ ၊ တစ်ဝက်ဖြူ တစ်ဝက်မည်း နှင့် နေသည် ။ ဘိုကေ က စုတ်ဖွားဖွာ ၊ လည်ပင်း ကော်လာလေး မှာ တဖျတ်ဖျတ် လွင့်သည် ။ အို ... အပုံကြီး နုပျိုသေးသားပဲ ။
လင်သည် - သည် ဒေါ်လှရင် ထက် ၄ နှစ် ကျော်ကျော်မျှ ငယ် လေသည် ။ ဒီလိုဆို တော့ သူ ဟာ ခုမှ သုံးဆယ့်ငါးနှစ် လောက် ရှိ သေးတာပဲ ။
ငယ်ပါသေးသည် ။ မိမိ သေ လျှင် နောက်ထပ် ယူနိုင် ပါသေး၏ ။ ခုခေတ်ကြီး မှာ မိန်းမ က ပေါသော ခေတ် ၊ အို ... ငါ့ ရဲ့ လုံချည် အင်္ကျီတွေ သူ့ ပေး ခဲ့ရင် သူ ရဲ့နောက် မယား အစာ ဖြစ် ကုန်မှာပေါ့ ။
ဒေါ်လှရင် သည် မနာလိုစိတ်များ ပွား လာကာ ၊ အမောပင် ဆို့၍ ဆို့၍ လာလေသည် ။ မောလှချည်လား ၊ ရွာ အရောက် မှ မခံတော့ဘူးလား ၊ မြတ်စွာဘုရား ကယ်တော်မူပါ ၊ လှရင် မှာ - သေရတော့မယ် နော် ။
သူမ သည် ကြက်သီးများ ချမ်းထ လာ၏ ။ သေခြင်းတရား ၏ လက်လမ်း မမီသည့် ဒေသ ကို ပြေးသွား လိုက် ချင်၏ ။ သို့ရာတွင် မလွတ်တော့ ပြီ ၊ ကြောက်လှချေရဲ့ ကြောက်လှချေရဲ့ ၊ ကြောက်ရလွန်း ၍ ဟုန် ကာ တဖြည်းဖြည်း နှင့် သတ္တိ ကောင်း လာပြန်လေသည် ။ ဘာပဲဖြစ်ဖြစ် ဆိုသည့် စိတ် ဝင် လာလေသည် ။ နောင် ဘဝ ကို ပင် မြင်ယောင် မှန်းဆ မိလေ ၏ ။ အသံ ပင် မာ လာလေ၏ ။
( ၅ )
လူမမာ ဒေါ်လှရင် ပါ လာသည့် သမ္ဗန် သည် နှစ်ရက်မြောက်သည့် နေ့ ၌ ရွာ သို့ လာ ဆိုက်သည် ။
ရေဆိပ် သို့ ရွာ က လူများ ဆင်း ကြိုကြလေသည် ။ ကလေးတို့ က လည်း အော်ဟစ် ဆူညံ လို့ ခွေးတို့ က လည်း တဟောင်ဟောင် ။
ဆွေမျိုးရင်းချာများ သည် ကြိတ်ပြီး ငိုကြလေသည် ။ အဖေအို က မူ “ လှရင် ၊ လှရင် ” ဟု တတွတ်တွတ် ခေါ်သည် ။ အစ်ကို နှစ်ယောက် က တော့ ကာ မျက်ရည်ဝဲ ကာ ၊ မျက်လုံးများ ကို လှန် ကာ မိုးပေါ် သို့ မော့ပြီး နေကြသည် ။
လင်သည် ကိုအောင် က မူ မမြင်ဖူးသည့် ဆွေမျိုးများ အလယ် ၌ အနေရ အထိုင်ရ ခက် နေကာ ၊ သမ္ဗန်သမား က ဆေးပေါ့လိပ် ကို မီးညှိသည် ။
သမ္ဗန် ဝမ်း တွင်း ၌ ဒေါ်လှရင် သည် မလှုပ်မယှက် နှင့် ဂွမ်းစောင်ကလေး ချုံ ကာ ပက်လက် က ပင် မျက်ရည်များ တွေတွေ ကျ၍ နေလေ၏ ။
◾ကြည်အေး
📖 ရန်ကုန်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ၊ ၁၉၅ဝ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment