❝ သေမင်း နဲ့ ရင်ဆိုင်ခိုင်းသူ ❞
မဥမ္မာ ဆိုတဲ့ အသိ မိတ်ဆွေ တစ်ယောက် ကျွန်တော့် မှာ ရှိတယ် ။ သူ က အိတ်ချ်အိုင်ဗွီ စွဲကပ် ခံနေရ သူ ပါ ။
မဥမ္မာ က မင်းသမီးလေး တစ်ယောက် ရဲ့ ဓာတ်ပုံတွေ ကျွန်တော့် ကို ပြတယ် ။ မင်းသမီးလေး က အသက် ၂၃ နှစ် ။ တော်တော် လှတယ် ။ သူ့ ယောက်ျား က အင်ဂျင်နီယာ ၊ ဒါပေမဲ့ ဆုံး သွားပြီ ။
မင်းသမီးလေး ရဲ့ ယောက်ျား က အိတ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ် နဲ့ သေဆုံးတာ ။ မင်းသမီးလေး လည်း ယောက်ျား ဆီ က အမွေဆိုး ရ လိုက်တယ် ။ ယောက်ျားတွေ ကို စိတ်နာ လို့ ရောဂါဆိုး ကို ဖြန့်နိုင် သမျှ ဖြန့်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မင်းသမီးလေး က လုပ် နေတာ ။
အိတ်ချ်အိုင်ဗွီ စွဲကပ် ခံရသူချင်း မို့ မင်းသမီးလေး နဲ့ မဥမ္မာ ခင်မင် သွားတယ် ။ အိတ်ခ်ျအိုင်ဗွီ တွေ ကို တရားပြ ပေး နေတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဆီ မင်းသမီးလေး ကို မဥမ္မာ က ခေါ် သွားတယ် ။ ဆရာတော် နဲ့ တွေ့ပြီး မင်းသမီးလေး တရား ရ သွားတယ် ။
ဒီ အကြောင်းတွေ ကို မဥမ္မာပြော ပြတော့ ကျွန်တော် က ဆရာတော် နဲ့ တွေ့ချင်တယ် ။ မဥမ္မာ စီစဉ် ပေး လို့ ။ ဒါနဲ့ ဆရာတော် ဘဒ္ဒန္တအရိယာဝံသာဘိဝံသ ရဲ့ ကျောင်း ကို ကျွန်တော် ရောက် သွားတယ် ။
ဆရာတော် ရဲ့ကျောင်း က စက်မှုမြို့သစ် ဘက် မှာ ။ ကျောင်း အဝင် အုတ်လမ်းကလေး က သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်း ။ လမ်းကလေး က ရေကန် ကို ဦးတည် နေတယ် ။ တောကျောင်း တစ်ခု လိုပဲ ။
ဆရာတော် သီတင်းသုံး နေ တဲ့ ကျောင်းကလေး အပေါ် ရောက် သွားတော့ တောကျောင်းလေး ဆိုတဲ့ အငွေ့အသက် လုံးဝ ပျောက် သွားတယ် ။ အုတ်နှစ်ထပ်ကျောင်း ၊ အပေါ်ထပ် ကို တက် သွားတော့ တစ်ထပ်လုံး စာအုပ်တွေ နဲ့ ပြည့် နေတယ် ။ နံရံ လေးဖက်စလုံး က စာအုပ်စင် ။ ကြမ်းပြင် ပေါ် မှာ လည်း စာအုပ်တွေ ပုံ လို့ ။
ကျွန်တော် ရောက်သွားချိန် မှာ ဆရာတော် က ကွန်ပျူတာ နဲ့ အလုပ် လုပ် နေတယ် ။ ဆရာတော် ရဲ့ ဘေး မှာ ရုပ်မြင်သံကြားစက် ဖွင့် ထားတယ် ။ အယ်လ်ဂျာဇီးရား သတင်း ထုတ်လွှင့် နေတယ် ။ သစ်ပင်အုပ် ကြား တောရကျောင်းလေး ထဲ မှာ သီတင်းသုံး တဲ့ ဆရာတော် မှာ ခေတ်အမြင် ရှိတာပဲ လို့ ကျွန်တော် ကျေနပ် သွားတယ် ။
ဆရာတော် နဲ့ မလှမ်းမကမ်း က ကြမ်းပြင် ပေါ် မှာ ဝဋံသကာ ဘွဲ့တံဆိပ်တော်ရ
ဆရာတော်များ ပူဇော်ပွဲ ဖိတ်စာ ကို တွေ့ ရတယ် ။ မြန်မာ တစ်နိုင်ငံလုံး မှ ဝဋံသကာ ဘွဲ့ရ ဆရာတော် ၂ဝ ပါး သာ ပေါ်ထွန်း ခဲ့ပြီး သက်ရှိ ထင်ရှား ၁၁ ပါး သာ ကျန်တယ် ။ အဲဒီ ထဲ မှာ နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီး ပါဝင် သလို ယခု ကျွန်တော် တွေ့ဆုံ ရတဲ့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် လည်း ပါတယ် ။
ဝဋံသကာ ဘွဲ့ က စာပေ ထူးချွန်သူတွေ ကို သာ အပ်နှင်းတာ မို့ ဆရာတော် ကို ပိုပြီး လေးစား မိတယ် ။
ဆရာတော် ကို တွေ့ဆုံချိန် မှာ မင်းသမီးလေး အကြောင်း မေးလျှောက် ဖြစ်တယ် ။
မင်းသမီးလေး နဲ့ သူ့ မိခင် က ကျောင်းရိပ် ကို ခိုဖို့ ရောက် လာတယ် ။ သူ့ မိခင် က မိန်းမသား ဖြစ်သူ ကို လက်ခံပါ့မလား လို့ သံသယ ရှိတယ် ၊ “ ဘုန်းဘုန်း မသနား လည်း သမီး ကံပေါ့ ” ဆိုတဲ့ စကား တစ်ခွန်း ကြောင့် ဆရာတော် က လက်ခံပြီး တရားပြ ပေးဖို့ ဆုံးဖြတ် လိုက်တာ ။
“ မိန်းမ ရယ် ၊ ယောက်ျား ရယ် ဆိုတာ နောက်ဆုံး အချိန် ရောက် နေတဲ့သူ အပေါ် မှာ မခွဲခြား သင့်တော့ဘူး ။ သူ့ ကို နာမကျန်းသူ အဖြစ် သာ မြင်တယ် ။ ဘုန်းကြီး လက်ခံ လိုက်တာ က သေမိန့်ချ ခံထားရတဲ့ လူ တစ်ယောက် တောင်းဆို တာ ကို လိုက်လျောရမယ့် ထုံးစံ ရှိတယ် လို့ ဘုန်းကြီး ကြားဖူး ထား တာ ရှိတယ် ။ နောက်ဆုံး အခွင့်အရေး ဖြစ်လို့ လူသားချင်း စာနာတဲ့ အနေ နဲ့ ခွင့်ပြု ပေးလိုက်တာ ”
မဥမ္မာ က မင်းသမီးလေး နဲ့ ဆိုင် တဲ့ အယ်လ်ဘမ် တစ်ခု ကို ပြတယ် ။
မိတ်ကပ် တွေ လိမ်းခြယ် ထားပြီး ရှုမငြီးစရာပုံ ၊ ဂျင်းဘောင်းဘီ နဲ့ ခေတ်ဆန်ဆန်ပုံ တွေ ၊ ပြည့်ပြည့်တင်းတင်း နဲ့ ငယ်ရွယ် နုပျိုတဲ့ ပုံတွေ ၊ အိတ်ချ်အိုင်ဗွီ စွဲကပ် ပြီး ကြာ တော့ အရိုး ပေါ် အရေတင် ပုံတွေ ၊ နောက်ဆုံး ပုံတွေ က တော့ ဇွန်လ ၅ ရက် ၊ သူ ကွယ်လွန်ချိန် မှာ ရုပ်ကလာပ် ပြင် ထားတာ ။ လွမ်းသူ့ပန်းခွေတွေ ၊ နာရေးကူညီမှု အသင်း က သူ့ အလောင်း ကို သယ်ဆောင် သွား တဲ့ ကား ။
“ ရက်ပေါင်း ၄၀ သူ နေ သွားတာ ။ တရား အလုပ် တွေ လုပ်ပြီး အေးအေးချမ်းချမ်း နဲ့ ကွယ်လွန် သွားတယ် ။ နောက်ဆုံး မှာ သူ ပြောသွား တာ က တရား နဲ့ တွေ့ရလို့ ဒီ ရောဂါ ရ တာ တောင် ကျေးဇူး တင်ပါတယ် တဲ့ ”
သေမင်း ကို ရင်ဆိုင် နိုင်အောင် ဆရာတော် က ဘယ်လို တရားတွေ ကို ပြသလဲ ။
“ True ( အမှန်တရား ) ကို မြင်အောင် ပြတာ ။ လူတွေ က အမှန် ကို မမြင် လို့ သောက ရောက် နေကြတာ ။ ဘုန်းကြီး က သူတို့ ကို ပုံပြင်လေး တစ်ပုဒ် ပြောပြတယ် ”
ပုံပြင် ဆို လို့ ကျွန်တော် ပိုပြီး စိတ်ဝင်စား သွားတယ် ။
“ ထူးဆန်းတဲ့ တဲလေး တစ်လုံး ရှိတယ် ။ တဲ ထဲ မှာ သင့် လို လူ အများကြီး ရှိတယ် လို့ စာ ချိတ်ထားတာ ။ ပိုက်ဆံ ရှိတဲ့ လူ တဲ ထဲ ဝင်သွား တော့ ဆိုင်းဘုတ်လေး က တစ်ခုတည်း ပဲ ထင်ထင်ရှားရှား ရှိတာ မို့ ဖတ် မိတယ် ။ သင့် လို လူ အများကြီး ရှိတယ် ။ ဒီလို ဆို တော့ ငါ ချမ်းသာတယ် ဆိုပြီး မာန ဖြစ်လို့ မရတော့ဘူး ။ မုဆိုးမ ဖြစ်ပြီး သောက ရောက် လာတဲ့ လူ က လည်း တဲလေး ထဲ ဝင် မိတော့ သင့် လို လူ အများကြီး ရှိတယ် ဆိုတာ ဖတ် မိပြီး ပြုံး ပြီး ထွက်လာတယ် ။ ကိုယ့် ချည်း မှ ကြုံရတာ ဖြစ်ရတာ မဟုတ်ဘူး ။ ငါ့ မှ လို့ ထင် ရင် မှားတယ် ။ အများကြီး ရှိတယ်လို့ သိရင် အဲဒါ true ပဲ ”
ကျွန်တော် လည်း ပြုံးမိတယ် ။
ဆရာတော် က တော့ ဆက်ပြီး မိန့်ကြားတယ် ။
“ အိတ်ချ်အိုင်ဗွီ စွဲကပ် ခံရရင် ငါ ဆိုတာ နဲ့ တွဲ လိုက်တာ ၊ သေခြင်းတရား နဲ့ ငါ ပဲ ရင်ဆိုင်ရပြီ လို့ ထင်တာ ။ ဒါကို ကိုယ် တစ်ယောက် တည်း မဟုတ်ဘူး ။ အိုခြင်း နာခြင်း ကို ဘယ်သူ မှ ရှောင်လွှဲ လို့ မရဘူး ။ သေမင်း ဆွဲ တာ အကုန်လုံး ကို ဆွဲ နေတာ ။ ဒါကို မြင် အောင်ပြတာ ။ ကိုယ် ဖြစ်ချင် တိုင်း ဘယ် ဖြစ်မှာလဲ ။ လူ တွေ ရဲ့ အသိစိတ် ထဲ စွဲ နေတဲ့ ဒဿန ကို ပြောင်း ပေးတာ ”
ရတနာမေတ္တာအဖွဲ့ နဲ့ ဖောင်တော်ဦး ဆရာတော် တို့ က အိတ်ချ်အိုင်ဗွီ စွဲကပ် ခံ ရ သူတွေ ကို အကူအညီ ပေးတဲ့ နေရာ မှာ ဆရာတော် က ဝိပဿနာတရား ရှုတဲ့ အပိုင်း ပြသ ပေးတယ် ။ ဒါက အစ ပြု ပြီး ကူညီ ဖြစ်တာ လို့ ဆိုတယ် ။
အိတ်ချ်အိုင်ဗွီ စွဲကပ် ခံရပြီး ဘုန်းကြီးကျောင်းရိပ် ကို လာခိုသူ ၊ ဒီမှာပဲ ကွယ်လွန် ခဲ့ရသူတွေ က အမျိုးသမီး ပိုများတယ် ။
“ ဘုန်းကြီး က အမျိုးသမီး လောက ကို စိတ်ဓာတ် တက် စေချင်တယ် ။ အမျိုးသမီး က ကြံရည်ဖန်ရည် ရှိတယ် ။ တိုင်းပြည် ထူထောင်ရေး မှာ အမျိုးသမီးတွေ သာ ပါဝင်ခွင့် ရမယ် ဆိုရင် အများကြီး ကောင်း မှာ ။ ဘုန်းကြီး တတ်နိုင် သလောက် ကူညီ ပေးတယ် ။ တကယ်တော့ အမေ တွေ ကောင်း လို့ သားတွေ ကောင်းကြတာပါ ”
ဆရာတော် ပြောပြတော့ ဆရာတော် ရဲ့ မိခင် ကို စိတ်ဝင်စား လို့ မေးလျှောက် တယ် ။
“ ဘုန်းကြီး မယ်တော် က မုန့် ရောင်းတာ ၊ မုန့်ဟင်းချို ခေါ်တယ် ။ ရွာ မှာ ပဲ လည် ရောင်းတာ ”
“ အရှင်ဘုရား မွေးချင်း ဘယ်နှယောက် လဲ ”
“ လေးယောက် ၊ ဘုန်းကြီး အထက် က နှစ်ယောက် က မွေးပြီး နောက် ကျောက်
ဝက်သက် နဲ့ ကလေး အငယ်လေး မှာ သေကြတာ ။ ပထမ တစ်ယောက် သာ အဖတ် တင်ပြီး ဒုတိယ နဲ့ တတိယ က ဆုံးတာ ။ ဘုန်းကြီး ကို မွေးမယ် ဆိုတော့ အမေ က
မီးဖွား ရ မှာ သံသယ ရှိတယ် ။ မီးနေခန်း ကို မသန့်ဘူး ထင်တာ ။ မီးဖွားမယ် လုပ် တော့ စိတ် က မသန့် ဘဲ ဘုရားခန်းမှာ ဘုန်းကြီး ကို သွား မွေးတာ ”
ဘုရားခန်း မှာ မွေးဖွားခဲ့လို့ ပဲ ဘုန်းကြီး ရဟန်း ဖြစ်လာခဲ့ သလား ကျွန်တော် တွေး မိတယ် ။
“ အမေ က မုန့် ရောင်းပြီး ရင် ကမ္မဋ္ဌာန်းကျောင်း မှာ တရား ထိုင်တယ် ။ တရား ထိုင် ပြီးရင် လက်နှိပ် နှိပ်တယ် ။ နှိပ်ရင်း အကြောပညာ ကို သိနားလည် လာတယ် ။ ဒီလိုနဲ့ professional ဖြစ် လာတယ် ။ ဘုန်းကြီး သိသလောက် အမေ့ မှာ ဆေး နှစ်လက် ၊ သုံးလက် လည်း ရှိတယ် ။ ဆေး နဲ့ သူ့ လက် နဲ့ ပေါင်းစပ်ပြီး ဆေး ကုတာ ”
“ ခမည်းတော် က ကော ”
“ တောင်သူလေး နည်းနည်း လုပ်တယ် ။ မြေနုကျွန်း ပေါ်လို့ ခွဲဝေ ပေးတဲ့ အခါ အနည်း အကျဉ်း ရတာ ကို လုပ်ရတာ ။ မယ်တော် နဲ့ ခမည်းတော် က အသက် သုံးဆယ် ကွာတယ် ၊ ခမည်းတော် ရဲ့ ပထမ အိမ်ထောင် ပျက်စီးသွား တော့ ဘုန်းကြီး မယ်တော် နဲ့ ဒုတိယ အိမ်ထောင် ပြုတာ ။ ပြောရရင် အများ အထင်သေး ခံ ရတယ် ။ မယ်တော် က လည်း သူ သုံးလေးနှစ် သမီး ကတည်း က မိဘ နှစ်ပါး ဆုံးသွားလို့ အားကိုး မရှိတဲ့ အချိန် မှာ ကိုယ့် အဖေ လောက် ရှိတာ ကို အားကိုးပြီး နီးစပ်မှု နဲ့ အိမ်ထောင် ကျ သွားတာ ၊ ဘုန်းကြီး ရဲ့ ခမည်းတော် အမည် က ဦးချက် တဲ့ ။ အမေ့ အမျိုးတွေ က ငချက် ကို မုန်းတယ် ။ ဖြစ်နိုင်ရင် ကိုယ့် ချက် ကိုယ် တောင် လှီး ပစ်ချင်တယ် ပြော ကြတာ တဲ့ ”
အသက်အရွယ် ကြီး တဲ့ အိမ်ထောင်ဖက် နဲ့ မျက်နှာ ငယ် ရ တဲ့ အမျိုးသမီးငယ် တစ်ယောက် ရုန်းကန်ရတာ လွယ် မှာ တော့ မဟုတ်ဘူး ။
“ ဘုန်းကြီး အမေ က လေးတန်း လောက် ပဲ အောင် ပေမယ့် သူ က စာ ဖတ်တယ် ။ ဗုဒ္ဓဓမ္မ လောက စာစောင် ကို ဘုန်းကြီး နာမည် နဲ့ ယူပေးရတယ် ။ အဲဒီတုန်း က ဘုန်းကြီး က ခြောက်တန်း လောက် ရှိသေးတာ ။ စာတိုက် က လာရင် ဦးအောင်လှိုင် တဲ့ ”
“ ဘုန်းကြီး လူအမည် လား ”
“ ဟုတ်တယ် ။ ကိုအောင်လှိုင် ”
“ ကျောင်း နေတော့ ကော ”
“ ရွာကျောင်း မှာ အလယ်တန်း အောင်တယ် ။ ဘုန်းကြီးတို့ တုန်း က ခုနစ်တန်း ၊ အထက်တန်း ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း ကို မြင်းမူ အထက်တန်းကျောင်း မှာ တက် ရတာ ။ ၁၉၆၈ ခု မှာ ဆယ်တန်း အောင် တာ ”
“ တက္ကသိုလ် တက်တာကော ဘုရား ”
“ မြစ်ကြီးနားကောလိပ် မှာ မြန်မာစာအဓိက နဲ့ ဝင်ခွင့် ရပေမယ့် မတက်ဘူး ။ မှန်တဲ့ အတိုင်း ပြောရရင် ဘုန်းကြီး က ဆရာဝန်လိုင်း တော့ စိတ်ကူးယဉ် ခဲ့ သေးတယ် ။ အမေ က ဆေး ကုပြီး ဘုန်းကြီး ကို ကျောင်း ထားတာ ။ အမေ က ဆေးပညာ ကို ကျကျနန သင်ခဲ့ရတာ မဟုတ် တော့ ဘုန်းကြီး က ဆေးပညာ သင်ချင်ခဲ့တယ် ”
“ တက္ကသိုလ် ဘာကြောင့် မတက်တာလဲ ”
“ ဘုန်းကြီး က ဒီ ပညာရေး ကို real education လို့ မထင်ဘူး ။ တကယ့် ပညာ ဆို တာ ပစ်တိုင်းထောင် ပေါ့ ။ ကြိုက်သလို ပစ် ၊ ထောင် နေရမယ် ၊ စီးပွားရေး မှာ အရင်း မရှိပေမယ့် ကြွက်သေ တစ်ခု အရင်းပြု ပြီး စီးပွား ရှာတတ်ရမယ် ။ ဒါမှ ပစ်တိုင်းထောင် ပညာရေး ”
“ တက္ကသိုလ် မတက် တော့ ဘာ လုပ်သလဲ ”
“ အစိုးရ ကျောင်းဆရာ ဝင် လုပ်တယ် ။ နှစ်လ ပဲ ။ ဝန်ထမ်း ဝင် လုပ်တော့ ဘဝ က ဒါပဲ ။ မျှော်လင့်ချက် ကန်းသွားပြီ ။ ကန့်သတ် ခံရ သလို ခံစား ရတယ် ။ ဒါနဲ့ သင်္ကန်း ဝတ်ချင် လာတယ် ။ နုတ်ထွက်စာ တင်ပြီး ရဟန်း ပြုလိုက်တယ် ”
“ အရှင်ဘုရား ပရိယတ္တိ စာပေ လိုက်စား ခဲ့တာတွေ က ကော ”
“ တောင်မြို့ ၊ မဟာဂန္ဓာရုံကျောင်း ကို သဘောကျ လို့ ခုနစ်နှစ် လောက် ပညာ ဆည်းပူး တယ် ။ ငယ် ၊ လတ် ၊ ကြီး ဓမ္မာစရိယ ပြီးတယ် ။ သကျသီဟ ၊ စေတိယင်္ဂဏ ပြီးတယ် ။ ဝဋံသကာ ရ တယ် ”
“ အရှင်ဘုရား ၊ သီရိလင်္ကာ ကို လည်း ပညာသင် ကြွသေးတယ် မဟုတ်လား ဘုရား ”
“ မြစကြာ ဆရာတော်ကြီး ကျေးဇူး ကြောင့် ၁၉၉၃ ခု ၊ စက်တင်ဘာလ မှာ
သီရိလင်္ကာ ရောက်တယ် ။ Aquinas ကောလိပ် က အင်္ဂလိပ်စာ ဒီပလိုမာ ရတယ် ။ Buddhist and Parli တက္ကသိုလ် မှာ အမ်အေ တက်တယ် ။ ၁၉၉၆ ခု ၊ ဇွန်လ မှာ မြန်မာနိုင်ငံ ကို ပြန်လာခဲ့တယ် ”
“ ဘဝတာ ကို ပြန် ကြည့်တဲ့ အခါ အကျေနပ်ဆုံး က ဘာလဲ ”
“ ဘုန်းကြီး နိုင်ငံခြား ကပြန် လာတော့ အမေ က တပည့်တော် ဖြင့် ထမနဲ
အိုးကြီး ဖြစ်နေပါပြီ တဲ့ ”
“ ဘာ အဓိပ္ပာယ် လဲ ”
“ ထမနဲအိုးကြီး ဆိုတာ ဘာ အဓိပ္ပာယ် လဲ မေးတော့ မယ်တော်ကြီး က ကျေ ပြီး နပ် နေတာ တဲ့ ။ အမေ့ ဆီ က ရတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ စကား ပေါ့ ။ အကျေနပ်ဆုံး က တော့ မိဘ အပေါ် ကိုယ် က ကောင်းခဲ့တာ ။ ဒါ ကျေနပ် လို့ မဆုံးနိုင်ဘူး ”
◾ကျော်ရင်မြင့်
📖 ဘဝကြေးမုံ အဖြစ်စုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment