Saturday, November 25, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁၄ )


 သူမ သည် တစ်ဖက်သား ကို ပျော်စေပျက်စေ ဒုက္ခ ပေးရမည် ဆို လျှင် ပထမတန်းစား ထဲ က ဖြစ်သည် ။ ထိုသို့ ပြုလုပ်ရန် အတွက် ပေါက်ကရ လည်း အလွန် တွေး နိုင်သည် ။ ဆိုပါစို့ ။ သူမ နှင့် လမ်း အတူ တွဲ လျှောက်ရင် လမ်းဘေး မြောင်းထဲ ကျ အောင် ပခုံးချင်း ကြိတ် တွန်းတတ်သည် ။ အပေါ် မော့ ကြည့်ဟန် နဲ့ အပေါက် ကျွံ ကျ အောင်လည်း စွမ်းဆောင် နိုင်သည် ။ သို့သော် တခြား လူ က ဘာမှ မဖြစ်ဘဲ သူ့ ဖာသာ သူ လုပ် ၊ သူ ဖာသာ ပြန် ဖြစ် နေတာ က များသည် ။


ဖြစ်သွားရင် လည်း သူမ က ရုပ်တည်ကြီး နဲ့ မသိချင်ယောင် ဆောင် နေ လိုက်သည် ။ အကယ်၍ သူမ ကြံစည် လိုက်၍ တခြားသူ ဒုက္ခ ရောက် သွား ခဲ့လျှင် လည်း တစ်လ နှင့် ကိုးသတင်း လောက် ထိ စားမြုံ့ပြန် ဝမ်းသာ နေတတ် သည် ။ သို့သော် သူမ သည် တခြား လူ ကို လည်း ပြန် မပြောပြတတ်ပါ ။ သူ့ ဖာသာ သူ ကြိတ်ပြီး ဝမ်းသာ နေတတ်သူမျိုး ဖြစ်သည် ။ ထိုအချိန်မျိုး မှာ ပင် သူမ သည် ရုပ် အလွန်တည် ပါသည် ။ ထိုကဲ့သို့ပင် သူ တစ်ပါး အား ဂျောက်ချချိန် တွင် လည်း ရုပ် အလွန် တည်ပါသည် ။ ထို အချိန်မျိုး တွင် ရုပ် က ရိုးရိုး တည် မဟုတ်ဘဲ စပါယ်ရှယ် တည် ဖြစ်ပါသည် ။ တကယ့် ကို စပါယ်ရှယ် တည် ဖြစ်ပါသည် ။


မည်မျှ တည် သည် ကို ဥပမာ ဆိုရသော် ...


မြို့ မှာ အနေ ကြာပြီး မွေးရပ်ဌာနီ သို့ ပြန် မရောက်သည် မှာ ကြာပြီ ဖြစ်သော မောင်မြ သည် ကျေးတောရွာ မှ တက် လာသော မောင်ထယ် နှင့် အမှတ်မထင် လမ်းမှာ ဆုံကြသည် ။ မောင်မြ က ဝမ်းသာအားရ နှင့် ... 


“ ဟာ ... သူငယ်ချင်း မတွေ့တာ တောင် အတော် ကြာသွားပြီ နေရော ကောင်းရဲ့လား .. ဒါနဲ့ ငါ လည်း ရွာ ကို ပြန် မရောက်တာ အတော် ကြာ ပြီ ...  ရွာ မှာ ရော ဘာ ထူးခြားသေးလဲ ” 


မောင်မြ ၏ စကား ကို မောင်ထယ် က ...


“ ဘာမှ မထူးခြားပါဘူး .. ပုံမှန်ပါပဲ ” 


“ ငါ ထင်တယ် ငါ ထင်တယ် ...  အရင်တိုင်းပဲ အေးအေးချမ်းချမ်း ရှိလိမ့်မယ် လို့  ... အဲ ...  ဒါနဲ့ ငါတို့ အိမ် ရော .. ဘာတွေများ အပြောင်းအလဲ ဖြစ်သေးလဲ ”


မောင်မြ စကား ကို မောင်ထယ် က မျက်မှောင်ကြုတ် စဉ်းစား လိုက်ပြီး ...


“ ဘာမှတော့ ထူးထူးခြားခြား တော့ မပြောင်းလဲပါဘူး ... အဲ .. ဒါပေမယ့် ... မင်း မွေးထားတဲ့ ကြောင်လေး တော့ ဆုံးသွားပြီကွ ” 


“ ဟာ ... စိတ်မကောင်းစရာ ပဲကွာ...ဒီ ကြောင် ငါ သိပ်ချစ်တာကွ ဒါနဲ့ ဘာလို့ ဆုံးသွားတာလဲ ”


မောင်ထယ် တစ်ချက် စဉ်းစား လိုက်ပြီး ... 


“ ဘာလို့ ဆုံးသွားတာလဲ ဆိုတော့ ဩော် မှတ်မိပြီ .. မင်း တို့ အိမ် နောက်ဖေး စပါးကျည်ကြီး မီးလောင်လို့ လေ ... အဲဒီ မီး ထဲ ပါသွားတာ ” 


မောင်ထယ် ၏ စကား ကြောင့် မောင်မြ မျက်လုံး ပြူး သွားပြီး ...  


“ ဘာ ... စပါးကျည် မီးလောင် လို့ ဟုတ်လား ဘာဖြစ်လို့ လောင် သွားတာတဲ့ လဲ ”


မောင်ထယ် ခေါင်းကုပ် စဉ်းစား လိုက်သည် ။ နောက်မှ ... 


“ ဘာလို့ လောင်လဲ ဆိုတော့ ... အော် .. သိပြီ မင်း အဖေ နဲ့ မင်း အစ်ကို ကိုချက်ဖောင်း အရက် မူးပြီး စကားများ ကြလို့ အဲဒါ ...  မင်း အစ်ကို ချက်ဖောင်း က စိတ် ဆိုးပြီး စပါးကျည်မီးရှို့ လိုက်တာ ”


“ ဟာ ... မိုက်လိုက်တဲ့ ကိုချက်ဖောင်း ... မိန်းမ နှစ်ယောက် လုပ်ကျွေး နေ ရတာ တောင် အမှတ်ရှိဘူး ... ဒါနဲ့ နေပါဦး သူတို့ က ဘာကိစ္စ နဲ့ စကားများ လို့ ဒီလောက်တောင် ဖြစ်ရတာလဲ ”


“ ဘာကိစ္စလဲ ဆိုတော့ ... ဪ .. သိပြီ .. မင်းညီမ သော်တာ လေ ... လမ်းထိပ် က ဟို ဘိန်းစားထွန်းနိုင် နဲ့ လိုက်ပြေး လို့ အဲဒါနဲ့ နှစ်ယောက်သား စကား များပြီး စပါးကျည် ရှို့ လိုက်တာ ”

 

မောင်ထယ် ၏ စကား ကြောင့် မောင်မြ မျက်လုံး ပြူး သွားပြီး ...  


“ ဘာ ... သော်တာ က ဟို ခွေးသခိုး အလေနတော .. အုတ်ကြား မြက်ပေါက် .. မိမစစ် ဖမစစ် ဘိန်းစား နဲ့ လိုက်ပြေးလို့ ... ဟုတ်လား ...  ဒါဆို အမေ ရော အမေ ...  အမေ ရော ဘာမှဝင် မပြောဘူးလား ”


“ ပြောလို့ မရတော့ဘူးလေ ”


မောင်ထယ် ၏ စကား ကြောင့် မောင်မြ မျက်မှောင် ကြုတ် လိုက်သည် ။


“ ဘာဖြစ်လို့လဲ ”


“ ဘာဖြစ်ရမှာလဲ .. မင်း အစ်ကို စပါးကျည် မီးရှို့ လိုက်တော့ မီး မငြိမ်းနိုင် ဘဲ မင်း တို့ အိမ် ပါ လောင်သွားတာ ”


“ ဟာ ... အဲဒါ နဲ့ ”


“ အဲဒါနဲ့ ... မီး ထဲ မင်း အမေ ပါ သွားတာပေါ့ ...  ဒါများ ရှင်းရှင်းလေး ”


“ အောင်မလေး သေပါပြီ အမေ ရဲ့ ... ဒါတောင် သူ ပြောတော့ ဘာမှ မဖြစ်ဘူးတဲ့ ... သေပါပြီဗျ ... ဒါနဲ့ ... ဒါနဲ့ နေပါဦး .. အဖေ နဲ့ အစ်ကို က ရော ”


“ မင်း အစ်ကို ချက်ဖောင်း က တော့ စပါးကျည် မီးရှို့မှု နဲ့ ပဲ ထောင်ကျ သွား ပြီလေ ... မင်း အဖေ က တော့ အဲဒီ စိတ် နဲ့ ရူးပြီ .. ရူးပြီ ”


“ အောင်မလေး ... အဖြစ် ဆိုးလှချည်လား အဖေ ရဲ့ .. ဟီး ... ဒါ .. ဒါနဲ့ နေပါဦး  ...  ငါ့ .. ငါ့ လူမမယ် အရွယ် ညီလေး နဲ့ ညီမလေး ရော ”


မောင်မြ ၏ အမေး ကို မောင်ထယ် က ချက်ချင်း အဖြေ မပေးပဲ ခေါင်းကုတ် စဉ်းစား လိုက်ပြီး ... 


“ အော် ... မျောက်လောင်း နှစ်ကောင် မဟုတ်လား ... သူတို့ က အေးဆေးပါပဲ ရွာ မှာ ပဲ ... ”


“ ဟူး ... တော်သေးတာပေါ့ ...  ကြီးတော်တွေ က ကြည့်ကြလား .. အဒေါ်တွေ က ခေါ် မွေးထားတာလား ” 


မောင်ထယ် မျက်မှောင် ကြုတ် လိုက်ပြီး .. 


“ အဲဒီလိုလည်း မဟုတ်ပါဘူး ” 


“ ဟင် ... ဒါ ... ဒါဆို ”


“ ဒီလိုပဲ ရွာ ထဲ လှည့်ပတ် တောင်းစား နေတာ .. တစ်နေ့ တစ်နေ့ အတော် ရ ဆိုပဲ ”


“ အောင်မလေး သေပါပြီဗျ ”


“ အဟုတ် ပြောတာ .. သူတို့ တောင်းတဲ့ သီချင်းတောင် ငါ ရသေးတယ် ... ဘာတဲ့ ”


“ အစ်ကိုကြီးတို့ အစ်မကြီးတို့ ရေ .. ထမင်းဖိုးလေးများ ဟင်းဖိုးလေးများ တစ်ကျပ် လောက် ပေးသနားပါ ... ဒီမှာ နေ့ နဲ့ ည နဲ့ ၊ ည နဲ့ နေ့ နဲ့ ထမင်း မစားရ သေးလို့ပါ .. ရိုရို ... ရို ... တဲ့ ”


“ အောင်မလေး ကျွန်တော် ရူးပြီ ... ကျွန်တော် ရူးပြီဗျ ”


ထိုသို့ပင်  ... သူမ သည် တခြား သူများ ကို ကြပ် ရာတွင် အလွန် ရုပ်တည် ပါသည် ။


သူမ အကြောင်း နောက်မှ ဆက် ပြောတော့မည် ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် လည်း နေ့ နဲ့ ည နဲ့ ၊ ည နဲ့ နေ့ နဲ့ ထမင်း မစားရသေးသည့် အတွက် သွား စား လိုက်ပါဦးမည် ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment