Tuesday, November 7, 2023

ပိုးဟပ် နှစ်ကောင်


 ❝ ပိုးဟပ် နှစ်ကောင် ❞ 


ရုပ်ရှင် ဒါရိုက်တာ ဦးဘသက် အိမ် ကို ပထမဆုံး နဲ့ နောက်ဆုံး ရောက်ခဲ့ တယ်လို့ ပြောရပါမယ် ။


တင်ဝင်းမောင် အဲဒီ အခေါက် ရောက်ပြီး မှ နောက် တစ်ခေါက် မသွားဖြစ်တော့ဘူး လို့ ပြောတယ် ။


ဒါရိုက်တာ ဦးဘသက် ရဲ့ အိမ် ဆိုတာ က ခြံကျယ်ကြီး တစ်ခု ထဲ မှာ ရှိတယ် ။ မြို့စွန်ပိုင်း လည်း ကျတယ် ။ ခြံဝ အဝင် မှာ လည်း အလွန် ခံ့ညား တဲ့ သံပန်းတံခါးကြီး နဲ့ ပိတ် ထားတယ် ။ အနား ရောက်ရင်တော့ “ ခေါင်းလောင်းတီးပါ ” ဆိုတဲ့ ဆိုင်းဘုတ်ကလေး ချိတ်ထားတာ ကို တွေ့ရ ပါတယ် ။ သေသေချာချာ ကြည့်တော့ မှ အတွင်းဘက် မှာ အမြင့် လေးလက်မ လောက်တောင် ရှိမယ့် ကြေးခေါင်းလောင်းကလေး ရှိ နေ တာကို တွေ့ ရပါတယ် ။ သံတိုင် ကြား က လက် လျှိုပြီး ခေါင်းလောင်း ကလေး ကို လှုပ်ခါဖို့ ကြိုးစားတဲ့ အခါမှာ ပထမဆုံး အံ့သြစရာ နဲ့ တွေ့ရ ပါတယ် ။ ကြေးခေါင်းလောင်းကလေး ကို ကိုင် လိုက်တဲ့အခါမှာ အလွန် ပေါ့ပါး နေတာ ကို တွေ့ရပါတယ် ။ နောက်ပြီး အသံ က တော့ မြည် ပါ တယ် ။ အသံ က လွင် လည်း လွင်ပါတယ် ။ ဒါပေမဲ့ ကြေးခေါင်းလောင်း က ထွက်တဲ့ အသံမျိုး တော့ မဟုတ်ပါဘူး ။


ချက်ချင်း ဆိုသလိုပဲ လူငယ် တစ်ယောက် အိမ်ကြီး ဘက် က ထွက် လာပါတယ် ။ ကိစ္စ ကိုမေးတယ် ။ တင်ဝင်းမောင် က ဆရာကြီး ဦးဘသက် နဲ့ အင်တာဗျူး လုပ်ဖို့ လာတဲ့ အကြောင်း ပြောပြတဲ့ အခါမှာ သံပန်းတံခါးကြီး ကို ဖွင့် ပေးဖို့ ကြိုးစားပါတယ် ။ တင်ဝင်းမောင် က လည်း ကူ ပြီး တံခါးမကြီး တစ်ဖက် ကို တွန်း ဖွင့်ပါတယ် ။ ဒီ အချိန် မှာ ဒုတိယအကြိမ် အံ့သြရပြန်တယ် ။ အမြင် အားဖြင့် ထူထူထဲထဲ ခံ့ခံ့ညားညား ရှိလှတဲ့ သံပန်းတံခါးကြီး ဟာ အလွန်ပေါ့ပါး နေတာ တွေ့ရပါတယ် ။ တင်ဝင်းမောင် ဟာ အတော် အံ့သြ သွားတယ် ။ ဒါဟာ ပတ္တာ တွေ ကောင်းလွန်း လို့ ဖြစ်ရမယ်လို့ တွက် လိုက်တယ် ။ ဘောလ်ဘယ်ရင်တွေများ ထည့်သလား လို့ ထုတ်ပြီး မေး မိတယ် ။ ဒီတော့မှ လူငယ်ကလေး က ပြောတယ် ၊ မဟုတ်ပါဘူးတဲ့ ။ ဒီ သံပန်း တံခါးကြီး တစ်ခုလုံး ကို ပလတ်စတစ် နဲ့ လုပ်ထားတာပါ တဲ့ ။ ဒါကြောင့် ပေါ့ပါး နေတာ ဖြစ်ပါတယ် ။ အလားတူပဲ ခေါင်းလောင်း လည်း ပလတ်စတစ် ပါ ပဲ တဲ့ ။ ခတ်ထားတဲ့ သော့ကြီးတွေ ကလည်း ပလတ်စတစ်တွေ ပါ ပဲ တဲ့ ။ တင်ဝင်းမောင် ကောင်းကောင်း သဘောပေါက် သွားတယ် ။ ပစ္စည်း က သာ ပလတ်စတစ် ကိုး ။ သဏ္ဌာန် ကတော့ သတ္တု ၊ သံ ၊ ကြေး ၊ အင်္ဂတေ ဘာညာ ပေါ့ လေ ။ အဲဒါတွေနဲ့ တူအောင် လုပ်ထားတာတွေပဲ ။


အား ... ဟုတ်ပြီ ၊ ရုပ်ရှင်ဒါရိုက်တာကြီး အိမ်ပဲ ။ ရုပ်ရှင် မှာ က ဆက်တင်ပညာတွေ ထွန်းကား တယ်လေ ။ အမြင် ပဲ အရေး ကြီးတယ် ။ ဟုတ်တာပေါ့ ၊ ခုဟာ က တော့ ဆက်တင် ထက် တော့ သာတယ် ။ ပလတ်စတစ် တွေ ။ ထားပါလေ ၊ ဒါလည်း ဆက်တင် ပဲ ဆိုပါတော့ ။


တင်ဝင်းမောင် လူငယ်လေး နဲ့ အတူ အိမ်ကြီး ဆီ ကို လိုက်ခဲ့တယ် ။ ဆင်ဝင် အောက် က စကျင်ကျောက် လှေကားထစ်တွေ ကို တစ်ထစ်ချင်း တက် ခဲ့တယ် ။ အင်း ... ဒါတွေလည်း ပလတ်စတစ် ပဲ နေမှာပဲ ။ တယ် ကောင်းတာပဲ လို့ ပြောမိပြန်တယ် ။ ဒါပေမဲ့ တင်ဝင်းမောင် မှား သွားပြန်တယ် ။ လူငယ်ကလေး က ပြောတယ် ။ လှေကားထစ်တွေ က တော့ စကျင်ကျောက် အစစ်တွေ ပါ ပဲ တဲ့ ။ ဟုတ်သားပဲ ။ ရုပ်ရှင် မှာ အားလုံး အတုတွေ ချည်းတော့ ဘယ် ဟုတ်ပါ့မလဲ ။ အစစ်တွေ လည်း ပါ တာပေါ့ ။ အစစ် ထက် စစ် တာတွေ တောင် ပါသေးတယ် ။


အလယ် ခန်းမကြီး ထဲ ဝင် မိတော့ လူငယ်ကလေး က တင်ဝင်းမောင် ကို ဘေးခန်း တစ်ခု ကို ညွှန်ပြရင်း အဲဒီ အခန်း ထဲ မှာ ဆရာကြီးဦးဘသက် ရှိပါတယ် တဲ့ ။ ဝင် သာ ဝင် သွားပါတဲ့ ။ တင်ဝင်းမောင် တော်တော် ခွကျ သွားတယ် ။ ဒါပေမဲ့ သူ တစ်စုံတစ်ခု မပြောနိုင်ခင် မှာ ပဲ လူငယ်ကလေး က နောက်ဖေးခန်း ထဲ ဝင်ရောက် ပျောက်ကွယ် သွားတယ် ။ တင်ဝင်းမောင် ခဏ ရပ်ပြီး စဉ်းစား နေသေးတယ် ။ ဒါပေမဲ့ ချက်ချင်းပဲ စိတ် ထဲ မှာ ရှင်း သွားတယ် ။ သူ့ မှာ မရိုးမသား ကိစ္စ ဘာမှ မှ မရှိဘဲ ။ ဆရာကြီးဦးဘသက် ကို အင်တာဗျူး လာ လုပ်တဲ့ ကိစ္စ ပဲ ။ ဘာမှ မှားသွား နိုင်စရာ မရှိပါဘူး ။ ဒါနဲ့ ဘေးခန်း တံခါး ကို တွန်း ဖွင့် ကြည့်ပါတယ် ။ တံခါး က စေ့ရုံ စေ့ထား တာပဲ ။ ညင်ညင်သာသာ ပဲ ပွင့် သွားပါတယ် ။ ပြီးတော့ ကျွန်းသားတံခါး အစစ် ပါ ပဲ ။ အထဲ ကို ကြည့် လိုက်တော့ ဆရာကြီး ဦးဘသက် က သူ့ ကို ကျောပေး လျက် စားပွဲခုံကြီး တစ်ခု မှာ ထိုင်ပြီး တစ်စုံတစ်ခု ကို စိတ်ဝင်စား နေတာ တွေ့ရတယ် ။


တင်ဝင်းမောင် အခန်း ထဲ ကို ညင်သာစွာပဲ ဝင် လိုက်တယ် ။ တံခါး ကို လည်း သတိ နဲ့ ညင်ညင်သာသာ ပဲ ပြန် စေ့လိုက်တယ် ။ ပြီးတော့ မှ “ ဆရာကြီးခင်ဗျား ” လို့ ချိုသာ လေးစားတဲ့ အသံ ပြု လိုက်တယ် ။ 


“ နားမျက်စိ ဂျာနယ် က ကိုတင်ဝင်းမောင် ထင်တယ် ၊ လာပါ ၊ လာပါ ၊ ဝင်ခဲ့ပါဗျာ ”


ဆရာကြီး က တင်ဝင်းမောင် ကို လုံးဝ လှည့် မကြည့် ဘဲ ပြောတယ် ။ ဆရာကြီး အနီး မှာ လည်း မတ်ရပ်ကုလားထိုင် အပို တစ်လုံး အဆင်သင့် ရှိ နေတယ် ။ တင်ဝင်းမောင် လည်း ခြေ ကို ဖွပြီး ဆရာကြီး အနီး ကို ဖြည်းဖြည်းပဲ ချဉ်းကပ် ခဲ့ ပါတယ် ။ ဆရာကြီး က လည်း ဘာ လုပ်နေမှန်း တော့ မသိဘူး ။ တော်တော်တော့ စိတ်ဝင်စားနေပုံ ရတယ် ။ တင်ဝင်းမောင် ကို နည်းနည်း မှ လှည့် မကြည့်ဘူး ။ တင်ဝင်းမောင် ဆရာကြီး နား ရောက်လာ တော့ အတော် ကို အံ့သြ သွားတယ် ။


ဆရာကြီး ရှေ့ စားပွဲ ပေါ် မှာ လျှပ်စစ်မီးဖို သေးသေးလေး တစ်လုံး ရှိတယ် ။ အဲဒီ မီးဖို ပေါ် မှာ ငါးသေတ္တာဘူးခွံ လို ခပ်ပြားပြား သတ္တုအိုးလေး တစ်ခု တင်ထားတယ် ။ အဲဒီ အိုးပြားကလေး ထဲ မှာ ပိုးဟပ်ဖြူဖြူ နှစ်ကောင် ရှိ နေတယ် ။ အဲဒီ သတ္တုအိုးပြားလေး ပေါ် မှာ တော့ မှန်ချပ် နဲ့ ပိတ်ပြီး ဖုံး ထား တယ် ။ အဓိပ္ပာယ် က တော့ အထဲ မှာ ရှိတဲ့ ပိုးဟပ်ကလေးတွေ ဘယ်လို ဖြစ် နေတယ် ဆိုတာ ကြည့်လို့ ရအောင် နဲ့ ထွက်ပြေးလို့ လည်း မရအောင် ပိတ် ထား တာပဲ ။ ဆရာကြီး အနီး ကို တင်ဝင်းမောင် ရောက်တဲ့ ထိ ဆရာကြီး က တင်ဝင်းမောင် ကို လုံးဝ လှည့် မကြည့်ပါဘူး ။ “ ထိုင် ” လို့တော့ ဘေး က ကုလားထိုင် ကို လက် နဲ့ ပြရင်း ပြောပါတယ် ။ ဒါပေမဲ့ တင်ဝင်းမောင် ရုတ်တရက် မထိုင်ဖြစ်ပါဘူး ။ ဆရာကြီး ဘာ ဆက်လုပ်မယ် ဆိုတာ ကို သာ ကြည့် နေမိတယ် ။


ပိုးဟပ်ကလေး နှစ်ကောင် ဟာ သတ္တုအိုး ထဲ မှာ မှန်ချပ် နဲ့ ပိတ်ထား တဲ့အတွက် အပြင်ထွက်လို့ မရဘူး ဆိုပေမဲ့ အထိတ်တလန့် ဖြစ်နေကြတဲ့ ပုံတော့ မပေါက်ပါဘူး ။ သာမန် ပါ ပဲ ။ တလှုပ်လှုပ် နဲ့ ရှိ နေကြတယ် ။ တစ်ကောင် နဲ့ တစ်ကောင် ရန်ရှာတဲ့ သဘော လည်း မရှိပါဘူး ။


အဲဒီ အချိန် မှာ ပဲ ဆရာကြီး ဦးဘသက် က လျှပ်စစ်မီးဖိုလေး ရဲ့ မီးခလုတ် ကို ဖွင့် လိုက်ပါတယ် ။ မီးဖိုလေး ရဲ့ ကွိုင်ဝိုင်ယာခွေ တွေ ဟာ အပူဒဏ် နဲ့ နီရဲတက် လာပါတယ် ။ ဒီ အချိန် မှာ မီးဖို ပေါ် က သတ္တုအိုးကလေး လည်း စပြီး ပူလာတယ် နဲ့ တူပါတယ် ။ အထဲ မှာ ရှိတဲ့ ပိုးဟပ်ဖြူ ကလေးတွေ လည်း အတော် လှုပ်လှုပ်ရွရွ ဖြစ် လာတယ် ။ ဆရာကြီး ဦးဘသက် က မီးရှိန်မြှင့် ခလုတ် တစ်ခု ကို ထပ် ဖွင့် လိုက်ပြန်ပါတယ် ။ တင်ဝင်းမောင် ရဲ့ ရင်ထဲ မှာ လည်း ခလုတ်သံ နဲ့ အတူ ဒိတ်ခနဲ ခံစားလိုက် ရပါတယ် ။ ဒီတစ်ခါတော့ သတ္တုအိုးကလေး ဟာ အပူရှိန် အတော် ရ လာ ပြီနဲ့ တူ ပါတယ် ။ အထဲ မှာ ရှိတဲ့ ပိုးဟပ်ဖြူကလေး နှစ်ကောင် ဟာ ဆောက် တည်ရာ မရ ပြေးလွှားရင်း ထွက်ပေါက် ရှာ နေကြပါတယ် ။ ဆရာကြီး ဦးဘသက်က တော့ ဘာမှ မဖြစ် သလိုပဲ တည်တည်ငြိမ်ငြိမ် နဲ့ ဆက် ကြည့် နေပါတယ် ။


တင်ဝင်းမောင် မှာ တော့ အတော်ကြီး ကို ဒုက္ခ ရောက်နေပါတယ် ။ မီးဖို ပေါ် က သတ္တုအိုးကလေး ကို ပုတ်ချ ပစ် လိုက်ရမလား လို့ တောင် စိတ်ကူးစ ပြုတယ် ။ စိတ်တွေ တအား လှုပ်ရှား လာတယ် ။ ဆရာကြီး ကို ဒီလို ဆက် မလုပ်ဖို့ တားမြစ်ဖို့ ပါးစပ် အပြင် လိုက် မှာ ဆရာကြီး က လျှပ်စစ် မီးဖိုခလုတ်တွေ ကို တစ်ခု ပြီး တစ်ခု ဆက်တိုက် ပိတ် ပစ်လိုက်ပါတယ် ။ ဒါပေမဲ့ သိပ် နောက်ကျသွားပြီ လို့ တင်ဝင်းမောင် ခံစား ရပါတယ် ။ ဘာလို့လဲ ဆိုတော့ ပိုးဟပ်ဖြူလေး နှစ်ကောင် ဟာ ငြိမ်သက် သွားရုံတင် မက ဘဲ ကွေးကောက် တွန့်လိမ် သွားကြပြီ ဖြစ်ပါတယ် ။


တင်ဝင်းမောင် လာရင်း ကိစ္စ ကို မေ့ ပစ် လိုက်ပြီး အဲဒီ အခန်းကြီး ထဲ က ချက်ချင်း ထွက်သွားချင်စိတ် ပေါက် လာပါတယ် ။ ဆရာကြီး ဦးဘသက် က တော့ တင်ဝင်းမောင် ရဲ့ စိတ် ကို သိနေ သလိုပဲ ။ 


“ ကဲ - မောင်တင်ဝင်းမောင် ၊ ထိုင်လေကွယ် ” တဲ့ ။ 


တင်ဝင်းမောင် ရဲ့ လက် ကို တရင်းတနှီး ကိုင်ပြီး ထိုင် ခိုင်းတယ် ။ ဒီတော့လည်း တင်ဝင်းမောင် ထိုင် လိုက်ရတာပေါ့ ။ ရင်ထဲ မှာ တော့ မပြတ်မသား ပဲ ။


“ ကျုပ် ကို တော်တော် ရက်စက်တဲ့ လူ လို့ ခင်ဗျား ထင် မှာပဲ ” 


တင်ဝင်းမောင် ဘာမှ မပြောနိုင် မရယ်နိုင် ၊ မပြုံးနိုင် ဖြစ်နေလို့ စီးကရက် တစ်လိပ် ထုတ်ပြီး အချိန် ယူ ရတယ် ။


ဆရာကြီး က မီးဖို ပေါ် က သတ္တုအိုးကလေး ကို လက် မပူအောင် လက်ကိုင်ပဝါကလေး နဲ့ ကိုင်ပြီး ဘေး ကို ချ လိုက်တယ် ။ အပေါ် က မှန်ဖုံးကလေး ကို ဖွင့်ပြီး အထဲ က ကွေးကောက်နေတဲ့ ပိုးဟပ်ကလေး နှစ်ကောင် ကို ထုတ် လိုက်တယ် ။ ပြီးတော့မှ သူ့ ညာလက်ဝါး ပေါ် မှာ သေသေချာချာ တင်ပြီး တင်ဝင်းမောင် ကို ပြတယ် ။


“ ကဲ - သေသေချာချာ ကြည့် ၊ ဒါ ပိုးဟပ် အစစ်ကလေးတွေ မဟုတ်ဘူး ဗျ ၊ ပလတ်စတစ် နဲ့ လုပ်ထားတဲ့ ပိုးဟပ်ကလေးတွေ လေ ၊ အထဲ မှာ ဓာတုဗေဒ ဆေးရည် တစ်မျိုး ထည့်ပြီး ဖန်တီး ထားတာပါ ၊ အပူဓာတ် ရရင် လှုပ်ရှားမှု ရှိအောင် ဆိုပါတော့ ”


တင်ဝင်းမောင် က ဆရာကြီး လက် ထဲ က ပိုးဟပ် နှစ်ကောင် ကို သေသေချာချာ ကြည့်တယ် ။ တကယ်ပဲ ပလတ်စတစ်ရုပ် ဖြစ်ပါတယ် ။ ဒါပေမဲ့ စောစောက သူ ခံစားရတဲ့ ခံစားချက်ကြီးကို တော့ သူ မကျေနပ်ဘူး ဖြစ်နေတယ် ။


“ ဒါပေမဲ့ ဆရာကြီးရယ် ပလတ်စတစ် နဲ့ ပဲ လုပ်လုပ် ၊ ရွှံ့ နဲ့ ပဲ လုပ်လုပ် သူတို့ ဝေဒနာ ကို ခံစားရတဲ့ အဖြစ်ကို မြင်လို ကြည့်လို တဲ့ စိတ် ၊ ကြည့်ရ မြင်ရတဲ့ စိတ် က ပို အရေးမကြီးဘူးလား ခင်ဗျာ ” 


ဆရာကြီး က တော့ ဣန္ဒြေ မပျက်ပါ ။


“ ဒါကတော့ ဒီလို ရှိတယ် ကိုတင်ဝင်းမောင် ရဲ့ ၊ ခင်ဗျား အဖို့ က ကျုပ် လုပ်နေတာ ကို ကြား က ဖြတ် တွေ့ ရတာ ကိုး ၊ ပိုးဟပ်ကလေးတွေ ဟာ အစစ် မဟုတ်ဘူး ဆိုတာ ခင်ဗျား မှ မသိခဲ့ဘဲ ၊ ကျုပ် ကိစ္စ ၊ ကျုပ် ခံစားချက် ကျ တော့ ဒါက တခြားပဲ ။ ကျုပ် က အစ ကတည်း က သိ နေတာပဲ ။ ဒါ Special Effect တစ်ခု ထွင် တာပဲ ”


“ ဪ ... ဟုတ်သားပဲ ၊ ဆရာကြီး အဖို့မှာတော့ ဟုတ်တာပေါ့ ၊ ကျွန်တော် ခံစား လိုက်ရတဲ့ ခံစားချက်မျိုး လုံးဝ မရှိနိုင်ဘူး ပေါ့ ၊ အစ ကတည်း က ပလတ်စတစ်ရုပ်တွေ မှန်း သိနေခဲ့တာပဲ ”


“ အဲဒီလိုလည်း မဟုတ်သေးဘူးဗျ ၊ ပလတ်စတစ် နဲ့ လုပ်တယ် ဆိုပေမယ့် သူတို့ ကို အပူပေးတဲ့ အခါမှာ အပူဒဏ် ကို ခံနေရတဲ့ပုံ ပေါက် မပေါက် ဆိုတဲ့ ခံစားချက် မိ မမိ ဆိုတာကို တော့ ခံစား ကြည့်ရသေး တာပဲ ”


“ ဟုတ်ကဲ့ ၊ ဒါလည်း ဟုတ်တာပဲ ”


“ ကိုတင်ဝင်းမောင် စဉ်းစား ကြည့် လေ ၊ ကျုပ်တို့ က ရုပ်ရှင်တွေ ရိုက် ကြတယ် ၊ ဇာတ်ညွှန်းတွေ ရေးကြတယ် ၊ ဝတ္ထုဇာတ်လမ်းတွေ ဆင်ကြရတယ် လေ ၊ ပလတ်စတစ်တွေ လေ ၊ ဆက်တင်တွေ လေ ၊ အစစ် တွေ လည်း ပါတယ် လေ ၊ အစစ် ထက် စစ်တာတွေ လည်း ပါတယ်လေ ” 


“ ဟုတ်ကဲ့ .. ဆရာကြီး ခင်ဗျား ၊ အဲဒီတော့ ကျွန်တော်တို့ အင်တာဗျူး ကိစ္စလေး စ လိုက်ရအောင် ”


“ ကဲ - ဆို ၊ ဘာကိစ္စ နဲ့ ဗျူး ချင်တာလဲ ”


“ ဆရာကြီး အနေနဲ့ ခံစားချက် ၊ ပြီးတော့မှ ဆရာကြီး ရဲ့ ဖန်တီးချက် တွေ ပေါ် မှာ ကျွန်တော်တို့ ရဲ့ ခံစား ထင်မြင်ချက်တွေ ကို ဆွေးနွေး ကြည့် ချင်ပါတယ် ”


“ ဒါဆိုရင်တော့ ကိုတင်ဝင်းမောင် ရေ ၊ ကျုပ် နဲ့ ခင်ဗျား နဲ့ ကျုပ် ရဲ့ ပလတ်စတစ် ပိုးဟပ်ကလေးတွေ အကြောင်း သာ ရေးလိုက်ပါတော့ ” 


တစ်လ ကြာသော အခါ တင်ဝင်းမော င်က အနုပညာသည်များ အကြောင်း စောင်းပါး ရိပ်ခြည် ဆောင်းပါး တစ်ပုဒ် ရေးဖြစ်ပါတယ် ။ ရတဲ့ စာမူခ နဲ့ ပလတ်စတစ် အပေါစား နာရီ တစ်လုံး ဝယ် တယ်လို့ ကြားရပါတယ် ။


◾ဝင်းဖေ


📖 ရွှေအမြုတေ မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၁၉၈၉


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment