❝ သမီး တစ်ကောင် ❞
ဦးဗေဒါမောင် ရဲ့ အိမ် ကို ပထမဆုံး ရောက်ချလာတဲ့ သူ က ကိုကျော်ဆန်းလေး ပါ ။
နာမည်ရင်း က ကိုကျော်ဆန်း ပါပဲ ။ ဒါပေမယ့် ကျေးရွာ သမဝါယမအသင်း မှာ ဒုတိယ ဥက္ကဋ္ဌ ဆိုတော့ ရွာ က ဥက္ကဋ္ဌလေး ဥက္ကဋ္ဌလေး နဲ့ ခေါ်ရာ က သူ့ အမည် က လည်း ကိုကျော်ဆန်းလေး ဖြစ်လာရရှာတာပါပဲ ။
အရင် က တော့ ရွာ တောင်ဖျားက ဘော်လီဘောကွင်း မှာ အခုလို အချိန် ဆိုရင် ကိုကျော်ဆန်းလေး ရဲ့ အသံချည်းပဲ ။ ကစားကြတာကလည်း ပိုက်ဆံကြေး ကစားကြတာ မဟုတ်လား ။ အခုတော့ ဘော်လီဘော ဘောလုံးဖိုး မတတ်နိုင်တော့ တာ နဲ့ ရပ်ထား လိုက်ကြတာ အခု ဘောကွင်း ထဲ ဆူးလေပင်တွေ ပေါက်လို့ ။
ဒီ ညနေ တော့ ဦးဗေဒါမောင် က ခေါ်ထားလို့ သူ အိမ် က ထွက်လာခဲ့တယ် ။ ဦးဗေဒါမောင် အိမ် နဲ့ ကပ်လျက် ထန်းလက်တဲ အောက် က ကွပ်ပျစ် မှာ ထိုင် နေ လိုက်တယ် ။ ဦးဗေဒါမောင် က “ ကိုကျော်ဆန်းလေး ထိုင်ပါဦး ” လို့ ပြောပြီး အိမ် ထဲ ဝင်သွားတယ် ။ ပြန် ထွက်လာတော့ ဆေးပေါ့လိပ်တွေ ထည့် ထားတဲ့ ယွန်းဗျပ်လေး တစ်ချပ် ပါလာတယ် ။ ဆေးလိပ် သောက်ဦး လို့ ပြောတော့ ဥက္ကဋ္ဌလေး က ခေါင်း လည်းညိတ် ပြရင်း ပါးစပ် က လည်း ဟုတ်ကဲ့ လို့ ပြောတယ် ။ ပြီးတော့ ဦးဗေဒါမောင် က အိမ်ထဲ ပြန် ဝင်သွားတယ် ။
“ ကိုဗေဒါတို့ များတော် သင်ဖြူးလေး တောင် ခင်း မပေးဘူး ။ တော် သူများ အိမ်သွားတော့ သူများ က တော့် ကို ဒီအတိုင်း ထိုင် ခိုင်းသလား ၊ တကတဲတော် ” ဆိုတဲ့ တော်လုံး ရိုက်သံ ကြား လို့ လှည့်ကြည့် လိုက်တော့ ဒေါ်ကျော့ပြန် က သင်ဖြူးလိပ် ကို လက် ထဲ မှာ ကိုင် ရင်း လျှောက် လာနေတယ် ။ ကိုကျော်ဆန်းလေး က ဆေးလိပ်ဗျပ် ကို ဘေး အသာ ချပြီး ဒေါ်ကျော့ပြန် ဆီ က သင်ဖြူးလိပ် ကို လှမ်းယူ လိုက်တယ် ။ သင်ဖြူး ကို ကျကျနန ခင်းနေတုန်း ..
“ နီးပါပြီ ဥက္ကဋ္ဌလေး ရေ … ဒီ ညနေပါ ပဲ မကြာပါဘူး ” လို့ ပြောတော့ -
“ ကျွန်တော် လည်း ဒီလိုပဲ ထင်တာပါ ” တဲ့ ကိုကျော်ဆန်းလေး က ပြန် ပြောလိုက်တယ် ။
“ ထိုင်ဦးကွယ် ” ဆိုပြီး ဒေါ်ကျော့ပြန် က အိမ် ထဲ ဝင် သွားပြန်တယ် ။
ဥက္ကဋ္ဌလေး ကိုကျော်ဆန်း က သူ့ အကျင့် အတိုင်း ဒူးကလေး နန့်နေရင်း ဆေးလိပ် တစ်လိပ် ကောက် မီးညှိ လိုက်တယ် ။
“ ရွာသူကြီး အလှူ တုန်း က ရွာစားကြီး စိန်ဗေဒါ ရဲ့ဆိုင်း လာ တီးတဲ့ ည မှာ မွေးလို့ ဗေဒါမောင် ဆိုတဲ့ နာမည် မှည့်တာ မောင် ။ ဟော ငါ့ မိန်းမ ကျ တော့ ရွာ က ဆုတောင်းပြည့် ဘုရားပွဲ မှာ ဦးဘကျော် ရဲ့ ရုပ်စုံ ကြည့်နေတုန်း ဗိုက်နာ လို့ ပွဲခင်း ထဲ က ထ ပြန်ခဲ့ရလို့ မကျော့ပြန် လို့ ခေါ်တာလေ ” ဆိုတဲ့ ဦးဗေဒါမောင် ပြောဖူးတာ ပြန်ကြားယောင် နေမိတယ် ။
ရွာလယ် က ဂျာစီ နွားမျိုးတွေမွေး တဲ့ ဦးပေါရှန် က ဆရာလေး လို့ လှမ်း နှုတ်ဆက် လိုက်တာ ကို ဆရာလေး က မကြားဘူး ။ သူ့ ဇော နဲ့ သူ ခပ်သုတ်သုတ် လျှောက် နေတယ် ။ ဒီ ကတည်း က ဆရာလေး ကိုဝင်းဇော် တော့ ဦးဗေဒါမောင် တို့ဆီ သွားတာပဲ ဖြစ်ရမယ်လို့ ဦးပေါရှန် တွက် လိုက်တယ် ။
သူ လည်း လုပ်လက်စ အလုပ်ကလေး ပြီးရင် ဦးဗေဒါမောင် တို့ ဆီ သွား မလို့ပါ ။
ဆရာလေး က တော့ ဇာတိ က ဒီ ရွာ က မဟုတ်ဘူး ။ မန္တလေး က ပါ ။ ဒါပေမဲ့ သူ့ သဘော နဲ့ သူ စေလိုရာ စေ ခိုင်း လိုက်တာ အခုလို တော်တော် အသွားရ ၊ အလာရ ခက်တဲ့ ရွာ ကို ရောက် လာတာပါပဲ ။ ကားလမ်း နံဘေး ကနေ ဆယ့်လေးမိုင် လောက် ဖဲ့ပြီး လှည်းလမ်း ၊ စက်ဘီးလမ်း လောက် ပဲ ရှိတဲ့ ရွာ တော်ရုံလူ လာပြီး ကျောင်းဆရာ မလုပ်ချင် ကြဘူးလေ ။ ကား မပေါက် ၊ လျှပ်စစ်မီး မရှိနဲ့ ။
ဆရာလေး ကိုဝင်းဇော် လည်း ထန်းလက်တဲ ထဲ ရောက် ရော -
ဦးဗေဒါမောင်ကြီး က ကြေးကွမ်းအစ် ကိုင် လို့ အိမ် ထဲ က ထွက် အလာ ‘ ဟော အံကျပဲ မကျော့ပြန် ဒီနေ့မှ ဝယ်လာတဲ့ ကွမ်းလေးတွေ လတ်လိုက်တာ ’ လို့ ပြောရင်း ကွမ်းအစ် တည်တယ် ။
ဆရာလေး က ဦးဗေဒါမောင် ဆီ က ကွမ်းအစ် လှမ်း ယူရင်း ပြုံးပြ လိုက်ပြီး ကိုကျော်ဆန်းလေး ကို ရောက်နေတာ ကြာပြီလား လို့ နှုတ်ဆက်လိုက်တယ် ။
ဆေးလိပ်မီး ကို ရဲခနဲ နေအောင် ဖွာ ၊ ဆေးလိပ်ခိုး ကို အားပါးတရ ရှိုက်ပြီး မှ ဥက္ကဋ္ဌလေး က ဟုတ်ကဲ့ ဆရာ လို့ ပြန် ဖြေတယ် ။ ဆရာလေး က ရောက်ရောက်ချင်း မထိုင်သေးဘဲ ကွမ်းအစ် ကို အရင် ဖွင့်တယ် ။ ပြီးမှ ကိုကျော်ဆန်းလေး ဘေး ဝင် ထိုင်တယ် ။ ဘာမှ မပြောသေးဘဲ ကွမ်းတစ်ယာ အရင်ယာပြီး ပါးစောင် ထဲ ထည့်လိုက်တယ် ။
ဥက္ကဋ္ဌလေး ၊ ကျောင်းဆရာလေး တို့ နောက် ရောက်လာတဲ့ သူ က ကိုသာထွန်းအောင် ဆိုတဲ့ သူပဲ ။ သူ က လူ တစ်မျိုး ကွမ်း လည်း စားတဲ့ အခါစားတယ် ။ မစားဘဲ ဖြတ်ချင် လည်း ဖြတ် ထား တတ်တယ် ။ ဆေးလိပ် လည်း သောက်ချင်တဲ့ အခါ သောက် ၊ အရက် လည်း ဖြတ်လိုက် သောက်လိုက် လုပ်တတ်တဲ့ လူမျိုး ။ အရက် သောက် ရင် ဆေးလိပ်တို့ ၊ ကွမ်းတို့ ရပ်ထား တတ်တယ် ။ တစ်ခါတလေ ကွမ်း ရော ၊ ဆေးလိပ် ရော ပြိုင်တူ လုပ်ရင် လုပ်တတ်တဲ့ သူ ။ အရက် စ သောက်တတ်တာ မကြာသေးဘူး ။ စိုက်ပျိုးရေးဘဏ် အတွင်းရေးမှူး ဖြစ်တဲ့ အခါမှ စ သောက်တတ်တာ ။ အရက် မသောက်တဲ့ အခါ မှာ တော့ အရက်မူး နေတဲ့ လူ တစ်ယောက် လို စကားတွေ အများကြီး ခဏခဏ ထပ်ပြန် တလဲလဲ ပြောတတ်ပြီး အရက် သောက်တဲ့ အခါတော့ သိက္ခာရ ပုဂ္ဂိုလ်ထူး တစ်ယောက် လို စကား နည်း နေတတ်တဲ့ လူ ။
ခု သူတို့ လာကြတဲ့ ကိစ္စ အောင်ဖို့ အတွက် ကိုသာထွန်းအောင် ရဲ့ အဆက်အသွယ်တွေ ပါတာပေါ့ ။
ဒါကြောင့် ဦးဗေဒါမောင် က ဒီနေ့ လာဖြစ်အောင် လာခဲ့ဖို့ ခေါ်ထားတာ ။ ကိုသာထွန်းအောင် က ဥက္ကဋ္ဌလေး နဲ့ ဆရာလေး တို့ ကို ပြုံးပြနှုတ်ဆက် ရင်း ဦးဗေဒါမောင်ရဲ့သူရင်းငှားလေး ကို လှမ်း ခေါ်လိုက်တယ် ။ ကောင်လေး က လည်း ကိုသာထွန်းအောင် ခေါ် လိုက် ၊ အိတ်ထောင် ထဲ လက် နှိုက်လိုက် ကတည်း က ဘဒွေးကျော် တို့ အရက်ဖို ကို သွားမယ် ဆိုတာ သဘောပေါက် ပြီးသား ။ ရွာထဲ မှာ အရက်ဖို ရှစ်ဖို ကိုးဖို လောက် ရှိတဲ့ အထဲ က ကိုသာထွန်းအောင် က ဘဒွေးကျော် တို့ ဖို က ပဲ သောက်တယ် ။ ဒီ ဖို က ထနောင်းခေါက် ရင့်ရင့် နဲ့ ကျကျနန စိမ်တတ်တဲ့ ဖို ၊ တချို့ အရက်ဖို တွေ က ထနောင်းခေါက် ကို အခု ရ အခု စိမ် တော့ စိမ်းစော် နံပြီး ထနောင်းခေါက် နုတာ ပါ ရင် အရက် က ခါးသက်သက် နဲ့ သောက် မကောင်းတော့ဘူး တဲ့ ။
ကိုကျော်ဆန်းလေး က စောပါသေးတယ်ဗျ ဆိုတာ တောင် သူ က မစောတော့ဘူး ။ ဒီ ဖို က တော်ကြာ ကုန်သွားတာ ၊ ဘာ သိလို့တုံး တဲ့ ။
ဦးဗေဒါမောင် က တော့ အိမ် ထဲ ဝင်လိုက် ၊ ပြန် ထွက်လာလိုက် ဟိုဟာ လုပ်ရ မလိုလို ဒီဟာ ကိုင်ရ မလိုလို နဲ့ အိမ် ထဲ ပြန်ဝင်သွားလိုက် နဲ့ ဂနာမငြိမ် ဖြစ်နေရှာတယ် ။
ဆရာလေး က မုန့်စားကျောင်း ဆင်း တုန်း က ကျောင်း ရှေ့က ကစားကွင်း ထဲ မှာ ကျောင်းသူ ကျောင်းသားတွေ ကစား နေကြတဲ့ အကြောင်း ပြန် မြင်ယောင် နေတယ် ။ ကြက်ပေါင်ကွင်း ကို ဆက်ပြီး ကြိုးတန်း လုပ် အမြင့်ခုန် နေကြတဲ့ ကျောင်းသူတွေ ရှိသလို ၊ ထုပ်တိုးတန်း ကစားသူ က ကစား နဲ့ ၊ သူ့ အတန်း ထဲ က ထွန်းလွင်ဦး နဲ့ အောင်မြင့်ရှိန် က တော့ ယောကျာ်းလေး တို့ ထုံးစံ အတိုင်း သတ်ပုတ် နေကြတယ် ။ အစက တော့ တစ်ယောက် နဲ့ တစ်ယောက် ထိရုံ ပုတ်ရုံလောက်ပဲ ။ နောက်တော့ အောင်မြင့်ရှိန် ရဲ့ ‘ ယား ’ ဆိုတဲ့ အသံ နဲ့ အတူ လက်ဝါးစောင်း တစ်ချက် ခပ်ပြင်းပြင်း က ထွန်းလွင်ဦး ကုပ်ပိုး ထိသွားတော့ သွေးဆူ လာတယ် ။ ထွန်းလွင်ဦး က ပုဆိုး ကို စလွယ်စသိုင်းတယ် ။ အောင်မြင့်ရှိန် ကလည်း ပုဆိုး ကို အားကျ မခံ စလွယ် လိုက် သိုင်းတယ် ။
လက်နေ ခြေထား ရော ၊ မျက်နှာထား တွေ က ပါ တကယ် ဝါရင့် ကွန်ဖူးဆရာကြီးတွေ ရဲ့ ဟန် နဲ့ ဘေး က ကျောင်းသူကျောင်းသား သုံးလေးယောက် က ပါ ကြည့် နေတော့ မာန်တွေ ပို တင်းလာကြတာပေါ့ ။ ထွန်းလွင်ဦး က ပထမ ဆုံး စ တိုက်ခိုက် လိုက်တာ အောင်မြင့်ရှိန် ရဲ့ ခြေဖဝါးစောင်း က သူ့ရင်ဘတ်ကြီး ကို ဗြောင်းခနဲတစ်ချက် ထိ သွားတယ် ။ အင်္ကျီ ကြောင့် အသံ က ပို မြည်ပြီး မြည်သလောက် မနာတာပါ ။ ထွန်းလွင်ဦး က မျက်နှာတွေ ရဲပြီး နောက် တစ်ကွက် ဝင်ဖို့ ကျားချောင်းသလို ချောင်း နေတယ် ။ ဆရာလေး ကိုဝင်းဇော် က ကလေး နှစ်ယောက် ကို ကြည့်ပြီး သူတို့ ကျောင်းသား ဘဝ တုန်းက ဒီလို ကစားရင်း မြန်မာလက်ဝှေ့ရေး ပြကြတာ ကို သွား သတိရ နေမိတယ် ။
ဦးဗေဒါမောင် တည်တဲ့ ဆေးလိပ် ကို ဖွာရင်း မီးခိုးငွေ့ တွေ ကို ကိုကျော်ဆန်းလေး လိုက် ကြည့်နေမိတယ် ။ ဒီလိုကြည့် နေရင်း က အရွယ် နဲ့ မလိုက်အောင် ဖြီးချင် လိမ်းချင် တဲ့ သူ့ တူမလေး ရွှေအိ ကို ဖျတ်ခနဲ သတိရ လိုက်မိတယ် ။ ရွှေအိ က သူ့ ကို ရွှေအိ လို့ခေါ်ရင် မကြိုက်ဘူး ။ ကျောင်း မှာ ခေါ်ကြသလို သီတာဝင်း လို့ ခေါ် မှ ကြိုက်တဲ့ ကောင်မလေး ။ အသက် မှ ( ၇ ) နှစ် ရှိသေးတယ် ။ ဟန်ကြီး ပန်ကြီး နားသန်သီး နဲ့ ပေါ့ ။
ခုနတုန်း က တော့ ရွှေအိ က သနပ်ခါး ကို ကျကျနန လိမ်းပြီး သူ့ သူငယ်ချင်း မေဝင်းခင် နဲ့ စကားများ နေကြတယ် ။ ရွာ က ကလေးတို့ ရဲ့ ထုံးစံအတိုင်း ညစ်ညစ်ပတ်ပတ် တစ်တစ်ခွခွ ဆဲလို့ပေါ့ ။
သူ ရွာပြင် ထွက်ပြီး ချေးယို မှာ ကို မေဝင်းခင် က အဖော် မလိုက်ခဲ့ရ ကောင်းလား ဆိုပြီး အပြစ် တင် နေတယ် ။ နင် ချေးယိုချင် တော့ အဖော် လိုက်ခဲ့ပါ ဆိုရင် ငါ က အမြဲ လိုက်ရတယ် ။ မြန်မြန် လာစမ်းပါ ကောင်မ ရဲ့ ငါ ချေး က ထွက် တော့မယ် ။
ရွှေအိတို့ ဟိုတုန်း က ချေးယိုရင် တစ်ယောက် တည်း ထွက်သွား လိုက်တာပါပဲ ။ အခုတော့ ရွှေအိ တို့ အရွယ် တင် မဟုတ်ဘူး ။ မိန်းကလေးတွေ ရွာပြင် ထွက်ပြီး တော ထိုင် ရင် အဖော် တစ်ယောက်လောက်တော့ ပါ မှ ။ ဘာကြောက်ရတာ နဲ့ ၊ ညာကြောက်ရတာ နဲ့ သူတို့ ကြောက်တဲ့ အထဲ မှာ ကလေးစုန်း ၊ မိကျောင်းစုန်း ဆိုတာတွေ လည်း ပါလိုက်သေးတယ် ။
သူရင်းငှားလေး ဘဒွေးကျော် တဲ ကို ရောက်တော့ လူတော်တော် စည်နေပြီ ။ အယုဒ္ဓရတိုင်း မှာ ပုံနှိပ် ထားတဲ့ ခင်သီတာထွန်း ရဲ့ နံရံကပ် ပိုစတာ အောက် မှာ စပါး ပွဲစား ကိုဂေါ်ရာ တို့ ဝိုင်း ၊ မေဆွိ ပုံ ရဲ့ အောက်ခြေ မှာ တစ်နေ့က ဒေါ်ပဲ သမီးလေး ကို ပြောင်းခင်း ထဲ ဇွတ် ဆွဲ လုံးလို့ ရဝတရုံး မှာ ဖြေရှင်း နေရတဲ့ ကိုသိန်းဇော် တို့ဝိုင်း ၊ နွားနို့ ပို့တဲ့ ထွဏ်းဇော် တို့ ၊ မောင်မောင် တို့ အောင်နိုင် တို့ က မခို့တရို့ ပြုံးနေတဲ့ သီတာဝင်း ရဲ့ ပိုစတာကြီး နား မှာ ဝိုင်းဖွဲ့ သောက် နေကြတယ် ။ တော်တော် အရှိန် ရ နေကြတဲ့ ပုံပဲ ။ အောင်နိုင် က သူ့ ရည်းစား ကို ဒီ ည ထွဏ်းဇော် တို့ နှမ်းပုံဘက် ချိန်း ထားတဲ့ အကြောင်း ကို ပြောသံ ကြား နေရတယ် ။
ဦးဗေဒါမောင် တို့ အိမ် ကို သူရင်းငှားလေး ပြန် လာတဲ့အချိန် မှာ ဦးဗေဒါမောင် ရော ဥက္ကဋ္ဌလေးတို့ ပါ အားလုံး တစ်ဖက် တဲလေး ကို စိုက်ကြည့် နေကြတယ် ။ တစ်ဖက်တဲလေး ထဲ မှာ မို့မို့မြင့်အောင် ရှိတယ်လေ ။ သူတို့ မို့မို့မြင့်အောင် ရဲ့ တင်းပြီး ဖောင်းကား နေတဲ့ နို့အုံကြီး ကို ငေး နေကြတယ် ။
ကိုသာထွန်းအောင် ဆိုတာ သူ အရက် အဝယ် လွှတ်လိုက်တဲ့ သူရင်းငှားလေး ပြန်လာ တာ တောင် ဂရု မစိုက်တော့ဘူး ။ စကား လည်း တစ်ခွန်း မှ မပြောတော့ဘူး ။
ဦးဗေဒါမောင် အစ ၊ ဒေါ်ကျော့ပြန် အလယ် ညနေ က လာကြ ၊ စောင့်ရှောက်ကြတဲ့ ဥက္ကဋ္ဌလေးတို့ အဖွဲ့ ပါ တော်တော် ပျော် သွားကြတယ် ။ သူတို့ ရွာလယ် ကို လျှောက် လာကြတော့ တော်တော် မှောင် နေပြီ ။ ဦးဗေဒါမောင် တို့ ခေါင်းရင်း က ကုက္ကိုပင် ပေါ် က ဇီးကွက်အော်သံတွေ ကြား တော့ ဦးဗေဒါမောင် က အတိတ်နိမိတ် တွေ ကောက်ပြီး ပီတိတွေ ဖြစ်လို့ ။
အရက်ဆိုင် က ထ လာကြဟန် ရှိတဲ့ လူ တစ်အုပ် နဲ့ မြောင်းပေါင် ပေါ် ပက်ပင်း တွေ့ လိုက်တော့ သူတို့ အဖွဲ့ က မြောင်းပေါင် နံဘေး အသာ ကပ်ပြီး ရှောင် ပေး လိုက်ကြတယ် ။ ခပ်လှမ်းလှမ်း ရောက် မှ အဲဒီ လူအုပ် ထဲ က တစ်ယောက် က ‘ လေးဗေဒါကြီး ’ လို့ အသံသြကြီး နဲ့ လှမ်း နှုတ်ဆက်သံ ကြားရတယ် ။ သူ က ဘယ်သူမှန်းတော့ မသိဘူး ဟေး လို့ ပြန် နှုတ်ဆက် လိုက်တယ် ။
သူတို့ တစ်ဖွဲ့လုံး ဒါ ဘယ်သူ့ အသံ ဖြစ်မလဲ လို့ စဉ်းစားကြရင်း က ကိုသာထွန်းအောင် က ဟ ဒါ တင်ဝင့် ရဲ့ အသံ ပဲ လို့ ပြော လိုက်တော့ အေးဟုတ်တယ် ၊ ဟုတ်ပ နဲ့ ဖြစ်ကုန်ကြရော ။
တင်ဝင့် ဆိုရင် ရွာနီးချုပ်စပ် က ပါ သိတဲ့ တင်ဝင့် ပေါ့ ။ ပြာသို ၊ တပို့တွဲ စပါး ပေါ်ချိန် ကျတော့ တလင်း ထဲ မှာ ယောက်ျားသား ချည်းပဲ ။ စပါး နယ်ကြတဲ့ အခါ ပျက်စီး နေတဲ့ မိန်းကလေးတွေ ခေါ် ခေါ်လာတဲ့ လူ ပေါ့ ။ အပျက်မလေးတွေ က လည်း စပါး တစ်ခွဲ ပေး ၊ တစ်စိတ် ပေး နဲ့ လုပ်ကိုင် စားသောက်ကြတာ ။ တင်ဝင့် အဆက်အသွယ် ကောင်း လို့ ကျိုးပဲ့ ကုန် တဲ့ ရွာသားတွေ လည်း မနည်းတော့ ဘူး ။ အခု ရက် ပို များ လာတယ် ။
ဦးဗေဒါမောင် ရဲ့ နွားမကြီး က ညနေစောင်း က ဖရစ်ရှန်လေးတစ်ကောင် ကျတယ် ။ ချောချောမောမော ပါပဲ ။ ကျတာ က နွားမလေး ။ ပြီးတော့ ခြောက်ဖက်ကျားလေး ။
ဒီ နွားမလေး ကို ဘာ နာမည် ပေးရမလဲ လို့ စဉ်းစားခန်း ဖွင့်ပြီး လျှောက်လာ လိုက်ကြတာ တင်ဝင့် နဲ့ တွေ့ လိုက်တာ နဲ့ သူတို့ စဉ်းစား ထားတာလေးတွေ အကုန် ပျောက် ကုန်ကြရော ။
အောင်တေဇ ဗွီဒီယို ပြသရေး ဆိုတဲ့ ဦးကျော် ရဲ့ ခြံ ထဲ ရောက် တော့ ဗွီဒီယို အစီအစဉ် မစ သေးဘူး ။ တီဗွီ က သတင်းတွေ ကို ဒေါ်ခင်မာလေး က ဖတ် နေတုန်း ။ ဒါနဲ့ ဒီနေ့ သီချင်း အစီအစဉ်တွေ လာ တုန်း က အဆိုတော် ဘယ်သူတွေ ရဲ့ သီချင်းတွေ လွှင့် သတုံးလို့ အနား မှာ ရှိတဲ့ ကောင်လေး တစ်ယောက် ကို မေး ကြည့်တော့ -
ကောင်လေး က ဟေမာနေဝင်း ရယ် လို့ အစချီ လိုက်ကာ ရှိသေးတယ် ။ သူတို့ ဒီပြင် အဆိုတော်တွေ ရဲ့ နာမည် ကို စိတ်မဝင်စားကြ တော့ဘူး ။
မို့မို့မြင့်အောင် ရဲ့ သမီး ခြောက်ဖက်ကျား ဖရစ်ရှန် နွားမလေး ကို မတိုင်ပင် လိုက်ရဘဲနဲ့ အားလုံး သဘောတူ “ ဟေမာ ” လို့ သူတို့ နာမည်ပေး လိုက်ကြတယ် ။ ။
◾ညီပုလေး
📖 မဟေသီ မဂ္ဂဇင်း
၁၉၉၀ ၊ ဩဂုတ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment