❝ ကလေး တစ်ရာ ရဲ့ အမေ ❞
[ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို ပရဟိတ လူသား အဖြစ် လူ အများ က အသိအမှတ် ပြု ထား ကြတယ် ။
မိဘမဲ့ ကလေးငယ်တွေ အတွက် နားခိုစရာ ရင်ခွင် ဖန်တီး ပေးသူ ၊ ရန်ကုန် နာရေးကူညီမှုအသင်း မှာ အချိန် ပေးပြီး ပါဝင် ဆောင်ရွက် နေသူ ၊ အနာကြီးရောဂါသည် မိသားစုဝင်တွေ အသိပညာ ၊ အတတ်ပညာ သင်ကြားရေး ဆေးဝါးကုသရေး စီစဉ်ရာ မှာ ပါဝင် နေသူ ၊ အိတ်ချ်အိုင်ဗွီ စွဲကပ် ခံရတဲ့ မိဘမဲ့ ကလေးငယ်တွေ အတွက် ပျော်ရွှင်ရိပ်မြုံလေး ဖန်တီးပေးသူ ၊ အောင်မြင် ပညာဒါနကျောင်းကလေး ကို အားပေး နေသူ စသဖြင့် .…. စသဖြင့် ဒေါ်သန်းမြင့်အောင် လုပ်ကိုင် ဆောင်ရွက် နေတဲ့ ပရဟိတ လုပ်ငန်းတွေ က အများကြီးပဲ ။
ဒေါ်သန်းမြင့်အောင် နဲ့ ဆုံတွေ့ ခိုက် မှာ သူ နဲ့ ပရဟိတ ဆက်စပ် လာခဲ့ရပုံ ကို မေးမြန်းပါတယ် ။ အောက်ပြည် အောက်ရပ် ကျိုက်ထိုမြို့ မှာ မွေးဖွားပြီး ရန်ကုန် မှာ ကြီးပြင်း တဲ့ ဒေါ်သန်းမြင့်အောင် က သူ့ ကိုယ် သူ မန္တလေးသူ လို ကျွန်တော် နာမ်စား သုံးပြီး ပြောပါတယ် ။ ]
••••• ••••• •••••
ကလေးလေး က သေးသေး ပိစိလေး ။ ပုဆိုးစုတ် နဲ့ ထုပ် ထားတော့ အသားတစ် တစ်တစ် ထုပ်ထား သလိုပဲ ။ ဘုန်းကြီးကျောင်း ဝင်း ထဲ က သစ်ပင် အောက် မှာ ချ ထားတယ် ။
မွေးကင်းစ တော့ မဟုတ်ဘူး ။ ဆရာဝန် ရဲ့ သုံးသပ်ချက် မှာ ၁၁ လသား လို့ မှန်းတယ် ။ သွားကလေး ပေါက် နေပြီ ။ ဒါပေမဲ့ အာဟာရ မပြည့်၀ တော့ ကြုံလှီ နေတာ ယောက်ျား လက် နဲ့ တစ်ထွာ သာသာ ပဲ ရှိမယ် ။ ပုဆိုးစုတ် နဲ့ ပတ်ပြီး သစ်ပင် အောက် ချ ထား တာ ကို ခွေး က အမဲသား မှတ်ပြီး စားဖို့ သွားတယ် ။ ကလေး ခြေထောက် နဲ့ ခွေးသွား နဲ့ ငြိတော့ ကလေး က ရုန်း လိုက်တယ် ။ အသံလေး အဲ့ခနဲ ထွက် လာတယ် ။ ခွေး လည်း လန့်ပြီး ကလေး နဲ့ သစ်ပင် ကို ပတ်ပြီး အူ နေ တော့တာပေါ့ ။
ခွေး အူသံ ကို ကြားတော့ ဘုန်းကြီးကျောင်း က ကိုရင်လေး တွေ ဆင်း ပြေး လာပြီး ကြည့် ကြတာ ။ ကလေး အသံ က လည်း အာဟာရ ချို့တဲ့ နေတော့ ကလေး အသံ လို့ တောင် မပြောနိုင်တော့ တဲ့ အသံ ၊ ခွေး က လည်း ပတ်အူ နေ တော့ ကလေးသရဲ ခြောက်တယ် ၊ ကလေးသရဲ ခြောက်တယ် ဆိုပြီး ကြောက် ပြေး ကုန်ကြရော ။
နောက်မှ ကြက်ခြေနီအဖွဲ့ တွေ ၊ လူကြီး တွေ လာ ကြည့်ကြတယ် ။ ခေါ်ပြီး ဘိုကလေး ဆေးရုံ တင်တယ် ။ အဲဒီအချိန် မှာ ကျွန်တော် က မော်ကျွန်း နာရေးကူညီမှုအသင်း အတွက် မြေကွက် လှူတာ ကို သွားပြီး ကူညီ ပေး နေချိန် ။ မိဘမဲ့ ကလေး ဆိုရင် လူတွေ က ကျွန်တော့် ဆီ ပို့ ကြတယ် ။ ကျွန်တော် က မိဘမဲ့ ကလေးတွေ ကို သင့်တော်ရာ နေရာ ကို ဆက်သွယ်ပြီး ပို့ပေးတယ် ။ ဘိုကလေး က မော်ကျွန်း ကို လှေ နဲ့ ကူးလာကြပြီး ကလေး ကို အပ်ကြတာ ။ ကလေး က အား သိပ် နည်း နေတော့ တစ်ခါတည်း ခေါ် သွားရင် သင်္ဘော ပေါ် မှာ လေ တိုက်တာ နဲ့ ဆုံး သွားမှာ ။ ဘိုကလေးဆေးရုံ မှာ ခေတ္တ ပြုစု ထားပြီး မှ ရန်ကုန် ခေါ်ရတာ ။
ရန်ကုန် မှာ ကျောင်း တစ်ကျောင်း ကို အပ် ပေးတယ် ။ ကလေး ကို ဆေး စစ် တော့ အာဟာရ အလွန် ချို့တဲ့နေလို့ ရန်ကုန် ဆေးရုံကြီး အာဟာရ ယူနစ် မှာ တင်ရတယ် ။ ကျွန်တော် လည်း ကလေး အမေ လုပ် ပြီး ဆေးရုံ ပေါ် မှာ နေ ရ တာပေါ့ ။
ကျွန်တော် က ပရဟိတ လုပ်ငန်း ကို အချိန် ပေးပြီး လုပ် နိုင်တာ နောက် က မိသားစု ကောင်းလို့ပါ ။ အများ အတွက် အချိန် ပေးတယ် ၊ ပရဟိတ လုပ်တယ် ဆိုတာ ကိုယ့် စရိတ် ကိုယ် စိုက်နိုင်မှ ။ ပရဟိတ နယ် ထဲ မှာ အောင်အောင်မြင်မြင် နဲ့ လုပ်နိုင်အောင် စာဖတ် ပရိသတ်တွေ ၊ စာနယ်ဇင်းဆရာတွေ နဲ့ အလှူရှင်တွေ က ကူကြ လှူကြ လို့ပါ ။
ကျွန်တော့် ကို မွေးတာ ကျိုက်ထို မှာ ၊ အဖေ က ဓာတ်ပုံဆရာ ၊ ဘလောက်လုပ်ငန်း ၊ မှန်ဘောင်လုပ်ငန်းတွေ လည်း လုပ်တယ် ။ ကျွန်တော်တို့ က မောင်နှမ လေးယောက် ရှိတယ် ။ ကျွန်တော် က အစ်မ အကြီးဆုံး ၊ ကျန် သုံးယောက် က မောင်လေး တွေ ။ မေမေ နဲ့ ကျွန်တော်တို့ မောင်နှမတွေ က ကျိုက်ထို မှာ ပဲ နေခဲ့ရပြီး ဖေဖေ က ရန်ကုန် ရွှေ့ သွားတယ် ။ ကျောက်မြောင်း မှာ တော်ဝင် ဘလောက်တိုက် နဲ့ ဓာတ်ပုံတိုက် ဖွင့်တယ် ။ ကျွန်တော် လေးတန်း ရောက် မှ မိသား တစ်စုလုံး ရန်ကုန် ပြောင်း လိုက် လာတာ ။
ကြေးမုံသတင်းစာတိုက် က သတင်းထောက်တွေ အိမ် ကို လာလေ့ ရှိတယ် ။ ဆရာ စိန်ခင်မောင်ရီ တို့ ဘဘ လူထုဦးလှ တို့ လည်း အိမ် ရောက်ဖူးတယ် ဆိုတယ် ။
မေမေ က လည်း တစ်ဖက် တစ်လမ်း က သရက်သီးသနပ်လုပ်ငန်း လုပ်တယ် ။ ယခု ပုဇွန်တောင်ဈေး ထဲ မှာ ကျွန်တော် လုပ်နေတဲ့ ဆန်းသရက်သီးသနပ် ဆိုတာ မေမေ လုပ်ခဲ့တဲ့ လုပ်ငန်း ကို ဆက် လုပ်နေတာ ။
ကျွန်တော် အိမ်ထောင် ကျ သွား ပြန်တော့ အမျိုးသား က စာပေ ဝါသနာ ပါတယ် ။ သူ က စာရေးဆရာ တအား ဖြစ်ချင်တာ ။ သမီးတွေ ကို လည်း စာရေးဆရာ ရဲ့သမီး ဖြစ်စေ ချင်တာ ။ အဖေ က လည်း စာသိပ် ဖတ်တယ် ။ စာအုပ်တွေ ကြား ထဲ ကြီး လာရတော့ ကျွန်တော် လည်း စာပေဝါသနာ ပါတယ် ။ ဒါကြောင့် ကျွန်တော် စာရေးဆရာ ဖြစ် လာတာ ။
၁၉၈၁ ခုနှစ် မှာ ကျွန်တော့် အမျိုးသား ဆုံး သွားတော့ ကျွန်တော် နဲ့ သမီး နှစ်ယောက် အမေတို့ အိမ် မှာ ပြန်ပေါင်း နေတယ် ။ ကျွန်တော် က တစ်ဦးတည်း သော သမီး လည်း ဖြစ်တယ် ။ အောက် က မောင်တွေ က လည်း ကျွန်တော့် ကို ချစ်ကြတော့ အဲဒီ အချိန် က ပဲ ဘဝ မှာ သက်သောင့် သက်သာ နေခဲ့ ရတာပေါ့ ။
ကျွန်တော် အိမ် ပြန်ရောက် လာတော့ မေမေ က ကျောက်မြောင်းဈေး မှာ ဆိုင် တစ်ဆိုင် ထပ် ဖွင့်တယ် ။ မေမေ က ကျောက်မြောင်းဈေး မှာ ထိုင် ပြီး ကျွန်တော် က ပုဇွန်တောင် ဈေးဆိုင် မှာ ထိုင် တာပေါ့ ။ ဒီလိုနဲ့ ပဲ ကျွန်တော့် သမီးလေးတွေ ကို ကျောင်း ထား ဘာညာ ပေါ့ ။
ပုဇွန်တောင်ဈေး မှာ ကိုယ့် ဆီ ဝင်ထွက် သွားလာ ပြီး ဈေးဝယ် လာ နေတဲ့ မုဆိုးမ မိန်းကလေးတွေ ထဲ က ကလေး ကျောင်း မထားနိုင်တာ ရှိတယ် ။ ကျွန်တော့် ဈေးဖိုး ထဲ က ကျောင်းစရိတ် ပေး လိုက်တယ် ။
ပန်းချီ တဂိုးမျိုး ဆုံးတော့ ကျန်ရစ်တဲ့ မခင်သိန်း နဲ့ ကလေးတွေ ကို အထောက်အပံ့ အကူအညီ ပေးဖို့ ဆရာလေး ဒေါက်တာ တင်စံဦး နဲ့ ပန်းအိစံ စာပေ က ကိုအောင်ကြင် တို့ သွားတဲ့ အခါ မိန်းမဖော် တစ်ယောက် လိုတာ နဲ့ သူတို့ က ကျွန်တော့် ကို ဝင် ဝင်ခေါ်ကြတယ် ။ သူတို့ မိသားစု အဆင်ပြေအောင် ကျွန်တော်တို့ လုပ်ပေး ကြတယ် ။
ရွှေအမြုတေ မဂ္ဂဇင်း မှာ “ လောကဓံ ကို ခံစားခြင်း ” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ရေး ဖြစ်တယ် ၊ တဂိုးမျိုး ရဲ့ မိန်းမ မခင်သိန်း အကြောင်း ရေးတာ ။ ဘဘ ဦးသုခ က ဆရာ ကိုဝင်းငြိမ်း က တစ်ဆင့် မခင်သိန်း ကို ငွေ ငါးသောင်း လှူတယ် ။ လှူ ပြီးတော့ ကျွန်တော့် ကို တွေ့ချင်တယ် တဲ့ ။ တွေ့ တော့ ဘာ ပြောသလဲ ဆိုရင် သုခ ဆိုတာ သူများ မျက်ရည် ကို ချူ ယူတဲ့ သူ ၊ ယခု မှ သုခ ရဲ့ မျက်ရည်သာ မက သုခ ရဲ့ အိတ် ထဲ က ပိုက်ဆံ ပါ ချူယူနိုင်တဲ့ သူ ကို တွေ့ချင်လို့ပါ တဲ့ ။
ဘဘ ဦးသုခ ဆေးရုံ တက် ရ တုန်းက ရောဂါ အခြေအနေ မကောင်းတဲ့ မအေကြီး ကို သားသမီးတွေ က ပစ်ခဲ့တာ မြင်ခဲ့ရတယ် ။ ဒါကို သူများတွေ က အပြစ် တင်ကြတယ် ။ ဘဘ က တော့ အပြစ် မတင်ဘူး တဲ့ ၊ မအေ အလောင်း တောင် မသင်္ဂြိုဟ် နိုင် လောက် အောင် ဘယ်လို ဆင်းရဲ ဒုက္ခ ရောက်နေကြမှန်း မှ မသိတာ တဲ့ ။
အဲဒီလို ကိစ္စမျိုး သူ့ ရင် ထဲ မှာ ခံစားရတယ် တဲ့ ။ မန္တလေး မှာ မအမာ တို့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း လုပ် နေကြတာ အားကျတယ် ၊ ရန်ကုန် မှာ လည်း နာရေးကူညီမှုအသင်း လုပ်ချင်တယ် လို့ ခေါ်ပြီး ဆွေးနွေးတာပါ လို့ ပြောတယ် ။ အသင်း ဖွဲ့ ဖြစ်တဲ့ အခါကျ ပါ သွား တာပေါ့ ။
ဆရာမကြီး ဒေါ်ခင်ဆွေဦး ၊ ဒေါ်ခင်နှင်းယု ၊ ဒေါ်ကလျာ တို့ နဲ့ ရင်းနှီးတော့ စာရေးဆရာကြီး ဦးနု ရန်ပုံငွေ နဲ့ စာရေးဆရာတွေ ကို ကူညီရာ မှာ လိုတာလေးတွေ တောက်တိုမည်ရ ပေါ့ ဝင် လုပ်တယ် ။ အကူအညီ လို နေသူတွေ ကို ကိုယ် မကူညီ နိုင်ရင် လည်း နိုင်လောက်တဲ့ လူ နဲ့ ဆက်သွယ် ပေး ဖို့ လုပ်တယ် ။
လူမှုရေး လုပ်တာ ကို အိမ် က မိသားစု က အားပေး ပါတယ် ။ ကျွန်တော့် သမီးလေးတွေ ရဲ့ တာဝန် ကျွန်တော် မထမ်းဆောင် ရဘူး ။ မိဘ နဲ့ မောင်တွေ က ဝင် ထမ်းကြတာ ။ ကျွန်တော့် ဆိုင် က ပိုက်ဆံ ကို ရောင်းပြီး အကုန် ပြန် အပ်ရတာမျိုး လည်း မဟုတ်ဘူး ။ ကိုယ် သုံးချင် သလို သုံး နိုင်တဲ့ အနေအထား ။ သမီးတွေ လည်း တင့်တောင့်တင့်တယ် အိမ်ထောင် ကျ သွားကြပြီ ။ အိမ်ထောင်ဖက်တွေ က လည်း တော်တယ် ။ သမီးကြီး နဲ့ သား က သူတို့ အိမ် ပိတ်ပြီး လာ နေ ပေးတယ် ။ သမီးကြီး ရဲ့ အိမ်ထောင်ဖက် က လည်း သား တစ်ယောက် လို ပဲ အစစအရာရာ အားကိုးရ ပါတယ် ။
မေမေ ဈေးရောင်း ထား တာ စုမိဆောင်းမိ ရှိတဲ့ အခါ ကျွန်တော် က ပြန် တောင်း ပြီး လှူတယ် ။ အိမ် မှာ ကျွန်တော့် မြေး က ခြောက်တန်း ရောက်ပြီ ။ သူ့ အတွက် ဗလာစာအုပ် တို့ ဘောပင် တို့ ကို သမီး နဲ့ သား က ဒါဇင် နဲ့ ဝယ်ပေး ထားတာ ။ ကျွန်တော် တစ်ယောက် တည်း နဲ့ ကျောင်း ထား ပေး နေတဲ့ ကလေး ဆယ်ယောက် ကျော်ကျော် ရှိတယ် ။ ကျွန်တော့် ကလေးတွေ စာအုပ်တို့ ဘာတို့ မရှိဘူး ဆိုရင် မြေးမ ကို ပေးပါဦး လို့ တောင်းလေ့ ရှိတယ် ။ ကျွန်တော့် ဝတ္ထု စာအုပ် ထုတ်လို့ စာမူခ ရပြီ ၊ ဥပမာ ဆိုပါတော့ ငါးသောင်း ၊ တစ်သိန်း ရတယ် ဆိုရင် ကျွန်တော် က ဝေပုံချတယ် ၊ ကျွန်တော် ကျောင်းထား ပေး နေတဲ့ ဘယ် ကလေး ဖြင့် အင်္ကျီ ဝယ်ပေး စရာ ရှိတယ် ။ ဘယ် ကလေး ဖြင့် ထီး ဝယ် မပေးရသေးဘူး ၊ ဘယ်သူ ဘယ်လောက် ဘယ်သူ ဘယ်လောက် ပေါ့ ။ မေမေ က ဘာ ဝင် ပြောတယ် ထင်သလဲ ၊ ခိုင်ဝတ်ရည် ဖို့ လည်း တစ်ပုံ ထည့်ဦးလေ တဲ့ ။ အဲဒါ ကျွန်တော့် မြေး ၊ အမေ့ မြစ် ။ ကျွန်တော် က စာအုပ်လေး ၊ ဘောပင်လေး လို လို့ တောင်း ရင် ခိုင်ဝတ်ရည် က ဘွားဘွား က ဘာလေး ညာလေး ရလို့ ပိုရင် သမီး ကို သတိ မရဘူး ၊ လိုပြီ ဆိုရင်တော့ သတိ ရ တတ်တယ် လို့ ဘွားအေ ကို နောက် တယ် ။
ကျွန်တော် က မိဘမဲ့ ကျောင်းတွေ နဲ့ အဆက်အဆံ ရှိတယ် ။ လူတွေ က မိဘမဲ့ကလေး မြင်ရင် ကျွန်တော့် ကို သတိ ရပြီး လာ ပို့ ကြတယ် ။ ကျွန်တော် က လည်း သင့်တော်တဲ့ နေရာ ကို ပို့ ပေးတယ် ။
အဲဒီ နေရာ က ရောက် လာတဲ့ ကလေး ရဲ့ ကျန်းမာရေး ကို တော့ ပြန် စစ်ဆေး သေးတယ် ။ ကလေး မှာ ကူးစက်ရောဂါ ပါ လာရင် ပြန် ကု ရသေးတာ ကိုး ၊ ကလေး အများ နဲ့ အတူ ထားရတာ မို့ တီဘီဆေးတွေ တိုက်တယ် ။ တီဘီ လို ကုလို့ ရတဲ့ ကူးစက်ရောဂါတွေ က သူတို့ က လက်ခံဖို့ ဝန် မလေးပါဘူး ။
တစ်ရက် ကျ တော့ ကျွန်တော့် ကို ကလေး တစ်ယောက် လာပေးတယ် ။ အဲဒီ ကလေး မှာ အိတ်ခ်ျအိုင်ဗွီ ပါတယ် ။ သူ့ ကို သပ်သပ် မွေးဖို့ အခြေအနေ က မပေး လို့ သူတို့ က လက် မခံနိုင်ဘူး ။ ပြန် ပေး လိုက်တယ် ။ ဒီ ကလေး ရဲ့ အနာဂတ် ကို ကျွန်တော် ဆက် မတွေးရဲဘူး ။ နောက် တစ်ခါ လည်း ကြုံ ပြန်ရော ။ ကျွန်တော် ကြိုးစားခဲ့ ပေမယ့် ဘယ်သူ က မှ လက် မခံနိုင်ဘူး ။ ဒီ ကလေး အနာဂတ် ကလည်း ခဏလေး နဲ့ ပျောက် သွားမှာပဲ ။ ဒီလို ကလေးမျိုး နောက် တစ်ခါ ကြုံ ရင် ထားဖို့ နေရာ ရှိဖို့ တော့ လိုနေပြီ လို့ ကျွန်တော် စဉ်းစားတယ် ။
တစ်ချိန် မှာ သင်တန်း တစ်ခု ကျွန်တော် တက် ဖြစ်တယ် ။ သင်တန်းသား ထဲ မှာ ဆရာမ စုထား ပါတယ် ။ ဆရာမ ဂျူး က သင်တန်း ကြီးကြပ်သူ အဖြစ် ပါတယ် ။ သင်တန်း ဆင်းပွဲ မှာ သင်တန်းသားတွေ ကိုယ်စား ကျွန်တော် က စကား ပြော ရ တော့ အိတ်ခ်ျအိုင်ဗွီ မိဘမဲ့ ကလေးတွေ အကြောင်း ထည့် ပြော မိတယ် ။
ဒီ ကလေးတွေ မှာ ဘာ အပြစ် မှ မရှိတာ သေချာတယ် ။ ရင်ခွင် ပျောက် နေတဲ့ ကလေးတွေ ကို ကျွန်တော် တို့ ပြုစု စောင့်ရှောက်မှု ပေး သင့်တယ် ။ မိခင်စိတ် နဲ့ ကျွေး မယ့် သူ ၊ မွေး မယ့် သူ ၊ ညအိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြမယ့် သူ လိုတယ် ။ ကလေးငယ်တွေ ရသင့် ရထိုက်တဲ့ အခွင့်အရေး ရအောင် လုပ်ချင်ပါတယ် လို့ ကျွန်တော် ထည့် ပြော လိုက်တယ် ။
ဆရာမ စုထား နဲ့ ဆရာမ ဂျူး တို့ က သူတို့ ပါမယ်လို့ အားပေးတယ် ။ ဆရာမ စုထား မှာ မြေကွက်လေး တစ်ကွက် ရှိတယ် ။ အဲဒီ မြေ မှာ လုပ်ပါ တဲ့ ။ ဆရာ ဦးအေးမင်း က လည်း ငွေ ငါးသိန်း ချက်ချင်း မတည်တယ် ။ ကျွန်မတို့ ရှိတဲ့ ငွေလေးတွေ စု ကြတာ ဆယ့်သုံးသိန်း ရတယ် ။ ဒီ တစ်ခါ အဲဒီလို ကလေးလေး လာ ခဲ့ရင် ဆရာမ စုထား ရဲ့မြေ မှာ တဲထိုးပြီး မွေးမယ် ၊ ကျွန်တော် က ကလေး အမေ အဖြစ် တဲ ထဲ မှာ နေမယ်လို့ ကြွေးကြော် လိုက်တယ် ။
မရွှေဇီးကွက် ရဲ့ သူငယ်ချင်း က ထဲ ထိုး ပြီးတော့ မနေပါနဲ့ ၊ သန်လျင်က သူ့ အိမ် ကို သူ မသုံးမချင်း သုံးနိုင်ပါတယ် လို့ ပေးတာ နဲ့ ပျော်ရွှင်ရိပ်မြုံလေး ဖြစ် လာတာ ၊ ယခု ကလေး ဆယ့်သုံးယောက် ရှိ နေပါပြီ ။
◾ကျော်ရင်မြင့်
📖 ဘ၀ကြေးမုံ အဖြစ်စုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment