❝ ကျွန်မ နာမည် မေခင်သီ ❞
“ အမေ အမေ ဘာဖြစ်လို့ မီးပူ လို့ ခေါ်တာလဲ ” ဟု သူ့ သား က မေးလျှင် သူ့ အမေ က “ ဟဲ့ မီး လို ပူလို့ မီးပူ တဲ့ ” ဟု ဖြေတတ်သည် ။
ထို အခါမျိုး မှာ ခါတိုင်းလို ပင် ယစ်ထုပ်ကြီး ကိုအောင်ထွန်း က ရေချိန် ကိုက် ၍ အူ ရွှင် ပြီ ။ ညနေချိန် မို့ ဟက်ခနဲ တစ်ချက် ရယ်ကာ “ အင်း မေးသမျှ ဖြေမည် ဆိုတာ လုပ်စားရင် ဒီထက် ကြီးပွားမယ် ” ဟု မယားသည် ကို ခပ်လေးလေး သြဘာ ပေး တတ်လေ၏ ။
“ ဒါပေါ့တော် ၊ အဲဒီ အလုပ် မလုပ်စားမိဘဲ ရှင့် ယူမိလို့ မကြီးပွားတာ ရှင် လည်း သိသားနဲ့ ” ဟု ပြန် ဖြေမည် ။
“ ဪ မေခင်သီ မေခင်သီ ၊ နာမည် ကို က အဓိကရ ကွဲ့ ”
“ အမယ်လေး ကျုပ် နာမည် ကို တော့ မထိပါနဲ့ ၊ အဘိုး ပေးသွားတဲ့ နာမည်လေး တစ်လုံးတည်း ကျုပ် မှာ လူ နဲ့ တူတာ ရှိတာပါ ”
“ အေး ဟုတ်ပါရဲ့ ၊ မင်း ရုံး စ တက်တဲ့ နေ့ က လက်နှိပ်စက်စာရေး မေခင်သီ ဆို တော့ အင်္ကျီ မှာ စိန်စီ ဝတ်တဲ့ ရုပ်ရှင်မင်းသမီး လို လား ၊ ဆံရစ်ကလေး လား ၊ ဆံတောက်ကလေး လား လို့ ဝိုင်း ကြည့်ကြသေး ဆို ”
သဘော ကောင်းရာ ၌ ကျော်ကြားသော မယားသည် မေခင်သီ က အသက် လေးဆယ် ကျော် မို့ လျော်ညီစွာ ပူသော ဗိုက်ခေါက်ထူ ကြီး တလှုပ်လှုပ် နေအောင် ရယ် လေ၏ ။
“ ဟုတ်ပါရဲ့ ကျုပ် အားနာလိုက်တာ ၊ ဝဝဖိုင့်ဖိုင့် ကလေး ငါးယောက် အမေ မေခင်သီ ဖြစ်နေတော့ ခမျာများ ပန်လန် ကို လက်လို့ ” ဟု ခပ်လွမ်းလွမ်းကလေး ပြော ပြန်သည် ။ ထို့နောက် ချက်ချင်း နုတ်သီး စူ ကာ
“ ဒါပေမဲ့ ကျုပ် လင် ယစ်ထုပ် ဆိုတာတော့ ဖုံးထား လိုက်ပါတယ် ၊ နို့ မဟုတ်ရင် ကျုပ် သမီးလေး ဆေးကျောင်းသူ တန်မယ့် နဲ့ လာဘ် ပိတ် မှာ ကြောက်ရတယ် ”
“ မင်း တောင် အိမ်ထောင် ကျ သေးတာ ကွာ ”
“ ကျုပ်တို့ သမီးလေး က လိမ္မာရုံ မက စာတော်ရုံ မက ဘူး ၊ အချောအလှကလေး တော့ ” ဟု သာ ၊ မေခင်သီ က ဆိုလျှင် ကိုအောင်ထွန်း က ကျေကျေနပ်နပ် ပြောလိုက်သေးသည် မှာ
“ အစပ် တည့် သွားတာကိုး ကွ ”
မေခင်သီ သည် ဝိုင်းစက် လှပချင်လျက် နှင့် မျက်ရစ် မရှိသော မျက်လုံးများ ပိတ်သွား အောင် တဟားဟား ရယ်လေ၏ ။
••••• ••••• •••••
သို့ပေမဲ့ မေခင်သီ ရင်တွင်း မှာ အေးချမ်းလှသည် မဟုတ် ။ သားသမီးများ ကြီးပြ င်းလာသည် နှင့် အမျှ အလိုဆန္ဒများ ထွေပြား လာသည် နှင့် အမျှ လင်မယား နှစ်ယောက် ၏ လခငွေ မှာ အလိုက်သင့် တိုးလာသည် မဟုတ် ။ ပိုက်ဆံ က လည်း ရှာရ ခက် သလောက် အသုံး မခံ ။
“ ဪ လူ့ပြည် မှာ တစ်လ ပြီး တစ်လ အသက်ရှင် နေရတာပါ တော် ” ဟု မှန် သော သစ္စာစကား ကို ဆိုညည်း တတ်သည် ။ လ တစ်ဝက် ကျော် လျှင် တဟားဟား ရယ်သံ လျော့သွား တတ်သည် ။ အရက် လျှော့ သောက်လာပြီ ဖြစ်သော ကိုအောင်ထွန်း ကို လုံးလုံး မပြတ်နိုင်ရန်ကော ဟု ရန်ထောင် တတ်သည် ။
“ ဒီနေ့ က စပြီး ဘာဟင်းလဲ လို့ မမေးကြနဲ့ သတ္တဝါ အပေါင်းတို့ ၊ ဟင်းချို နဲ့ မျှစ်ကြော်ပဲ ဟေ့ ” ဟု ဒေါ နှင့် မော နှင့် ကြေညာ တတ်သည် ။ ပြီးတော့ လ ကုန်ခါ နီးလေ စောစော ထ ၍ ဘုရား ကြာကြာ ရှိခိုးလေ ဖြစ် လာပြီး “ ခလုတ် ထိ မှ အမိတ လို့ ဆိုပေမဲ့ ကျုပ် ကတော့ ဘာကြီး ထိထိ ဘုရား ပဲ တ စရာ ရှိတယ် ၊ ကိုယ့် အမေ က သူ့ သားကြီး သြရသပဲ စိန်ရော ရွှေရော အိမ်ရော ငွေရော ပုံပေး ပစ်ခဲ့တော့ အို တော်ပါပြီလေ ” ဟု ဝမ်းနည်းတတ် ပြန်သည် ။
အရေး ထဲ ဗေဒ င်က အားရစရာ ဟော လိုက်သေး၏ ။ အသက် ၅၅ နှစ် ကျော် မှ ဘယ်အိမ် က ကျွတ်မယ် ဆိုပဲ ။ နည်းနည်း ချောင်လည်မယ် ဆိုလား ၊ တော်ပါပြီ ။
“ ကုသိုလ်ကံ ပေး မရသေး နှောင့်နှေးဗျာပါ မရှိရာတဲ့ ကွဲ့ ” ဟု ထီ ထိုးတတ်သော
ကိုအောင်ထွန်း က လေအေးကလေး သင်း လျှင် တော့ မေခင်သီ သည် မျက်ရည် ဝိုင်း စပြုလာ ကာ ငိုသံပါ နှင့် -
“ ရှင် ဘာ ပူတတ်လို့လဲ ၊ အိမ် မှာ ဧည့်သည် လို နေ နေတာ ၊ ဒီလ အငယ် နှစ်ကောင် ဘောင်းဘီစိမ်းလေး တစ်ထည် စီ ချုပ်ပေး မလို့ဟာ အကြီးမ ဖောင်တိန် ပျောက် လို့ ဝယ်ပေး ပြန်တော့ မချုပ်နိုင် ပြန်ဘူး ၊ ဒီ ဘောင်းဘီကလေး တစ်ထည်စီ ရှိတာပဲ ၊ ကျောင်း မီ အောင် နေ့တိုင်း လျှော် အစိုကြီး ကို ချက်ချင်း မီးပူတိုက် ၊ မီတာခ ကော ဘယ်လောက် ကုန်တယ် မှတ်သလဲ ၊ မီတာခ မပေးရတာ လည်း ဘယ်နှလ ရှိသွားမှန်း မသိဘူး ”
မေခင်သီ ၏ ခေတ် နောက်ကျ လှပြီ ဖြစ်သော ပလတ်စတစ် ပိုက်ဆံအိတ် ထဲ မှာ တစ်လ ဆန်း ရင် တစ်ခါ ဝယ်ရန် စာရင်းရှည်ကြီး သည် တစ်နေ့တခြား ပို ပို ရှည် လာသည် ။ သားကြီး ဖို့ လုံချည်စိမ်း ၊ သမီးလတ် ဖို့ ဖိနပ် ၊ ကိုထွန်း ဖို့ စွပ်ကျယ် ၊ သားငယ်တွေ အင်္ကျီ ရော ၊ ဘောင်းဘီ ရော လို နေသည် ။ ကိုယ့် ဖို့ တော့ မစဉ်းစား ချင်သေးပါဘူး ။
“ ပြီးတော့မှ မလှုပ်သာ မလှည့်သာ နေ နေရတဲ့ ကြားထဲ အမှောင့်ပယောဂ တစ်လ တစ်လ ဝင် ဖောက် လိုက်ရင် ရေ ထဲ ခုန်ဆင်းချင် စိတ် ပေါက် ပေါက်လာတယ် ” ဟု မေခင်သီ ပြော လိုက် လျှင် တော့ ကိုအောင်ထွန်း သည် သတင်းစာ ကို ကောက်ကာ လွတ်မြောက်ရာ အိမ်သာ သို့ တက် လေ၏ ။
မေခင်သီ ဆိုလိုသော အမှောင့်ပယောဂ တို့ သည် ပုံသဏ္ဌာန် အမျိုးမျိုး နှင့် လာ တတ် သည် ။ မနှစ်က အကြီးဆုံး သော အမှောင့်ပယောဂ မှာ အငယ်ဆုံး အကောင် အသည်းရောင် ၍ ကလေးဆေးရုံ တင်ရခြင်း ဖြစ်၏ ။ နှစ် ကုန်ခါနီး နာတာလူး ပွဲတော် ကျင်းသည့် လ မှာ တော့ ကိုအောင်ထွန်း သည် လခ ထုတ်သည့် တစ်ညလုံး ပြန် မလာတော့ဘဲ လမ်းဘေး တွင် လဲနေ လေရာ ၊ မနက် မိုးလင်းလာခါနီး မှ ဖောက်သည် ဆိုက်ကားသမား က ကောက် တင်ပြီး အိမ်လာ ပို့ ရ၏ ။ ကိုအောင်ထွန်း ၌ ဘောင်းဘီတို နှင့် စွပ်ကျယ် သာ ကျန် လေ၏ ။ လခ ၊ လက်ပတ်နာရီ ၊ ဓာတ်မီးခြစ် ၊ ဘာဆိုတိုက်ပုံ ၊ တက်ထရွန် နှင့် ယောလုံချည် ခပ် လတ်လတ်ကလေး ပါ ပါသွားပြီ ။ အအေးမိသည် ကို ဆီး ၍ ဆေး ကုရ သေးသည် ။
“ ဒီနှစ်တော့ နှစ်ဆန်း တစ်ရက်နေ့ မနက် ဘုရား စောစော တက်ပြီး ဆုတောင်း ထား တာပဲလေ ၊ မချမ်းသာချင် နေပါ ၊ မပူပင်ပါရစေနဲ့ ဘုရား လို့ ၊ အနှောင့်ပယောဂ ကင်းရပါလို၏ ဘုရား လို့ ”
••••• ••••• •••••
မနက် မိုးလင်း၍ ဘုရား ရှိခိုး ပြီးလျှင် မေခင်သီ ပထမ လုပ်သည် မှာ ထမင်းကြမ်း နှင့် ပဲပြုတ် ကြော်ခြင်း ဖြစ်လေ၏ ။ သားကြီး သမီးကြီး နှင့် သမီးလတ် တို့ ကျောင်းအမီ စား သွားရန်ပင် ၊ အကြီး သုံးယောက် က တော့ ထုံးစံ အတိုင်း မီးပူ လု နေကြသည် ။ ည က အမီ လျှော်ထားသည် ကို လုယက် မီးပူ တိုက်ရ လျှင် တော် သေး၏ ။ တစ်ယောက် ယောက် က ပေါ့လျော့ ၍ ချက်ချင်း လျှော်ပြီး အစို ကို ခြောက်အောင် တိုက်ရ လျှင် တော့ မေခင်သီ မပါလျှင် မပြီးတော့ ချေ ။
“ ကိုကို တို့ မမ တို့ ထားခဲ့ကြပါ ၊ စားစရာ သာ သွား စားကြပါ ” ဟု နှင် လိုက်ရပြီး မြန်မြန် လွယ်မည့် ခြောက်ပြီးသား အဝတ်များ ကို လျှပ်စစ် ပမာ သွက်လက် ဖျတ်လတ်စွာ တိုက် ရ၏ ။
ပြီးတော့ မီးပူ ကို အဆုံး လှည့် ၍ အစို ကို ခြောက်အောင် တိုက်ကာ “ မဆူတော့ပါဘူး လေ ကိုယ့် အသံ ကိုယ် ကြားရတာ တောင် နားငြီး လှပါပြီ ” ဟု တွေးတတ်၏ ။ ပြီးတော့ တစ်ယောက် တစ်ယောက် မှာ ပိုပိုလျှံလျှံကလေး လဲစရာ ရှိ နေရင် ဘယ်လောက် ကောင်းမလဲ ဟု တမ်းတ တတ်သည် ။
ထို့နောက် ကိုအောင်ထွန်း ဈေးဝယ် ပြန်လာသည် ကို ခြင်းတောင်း ဆီး ယူပြီး ရုံး အမီ ချက်ပြုတ်ရသည် ။ ရေမိုး ချိုးသည် ။ နေ့လယ် မှ ကျောင်း သွားရ သည့် အငယ်ကောင် နှစ်ယောက် အတွက် အဝတ်အစား အသင့် ပြင် ပေးရ ပြန်သည် ။ စိတ်များ သဖြင့် ကိုယ် ကိုယ်တိုင် က ပါ မေ့ပြီး ည က မလျှော်မိ လျှင် အငယ်ကောင် တို့ ကို ချက်ချင်း လျှော် အစို ကို ခြောက် အောင် တိုက်ရကိန်း ကြုံရတတ် ပြန်သည် ။ ရုံး နောက်ကျ တတ် ပြန်သည် ။ ရုံးအုပ် ၏ မျက်နှာ ထား ကို မခံချိ မခံသာ ရင် ထဲ က နာ နေသည် ။
ရုံး အတူ သွားရန် စောင့် မြဲ ဖြစ်သည့် ကိုအောင်ထွန်း ကို အပြစ် ရှာလိုစိတ် ဖြင့် လှမ်း ကြည့် လျှင် တော့ ကိုအောင်ထွ န်းသည် အိမ်ရှေ့ တံမြက် လှည်း နေ တတ်သည် ။ အငယ် နှစ်ကောင် ကို ဆပ်ပြာ နှင့် ကြေးစင်အောင် တွန်းပေး နေ တတ်သည် ။ ခဲတံ ချွန်ပေး နေ တတ်သည် ။ အိတ်ထောင် ထဲ ကပ်နေ မလား ဟု ငါးပြား စေ့ ၊ ဆယ်ပြား စေ့ ရှာ နေ တတ်သည် ။ မုန့်ဖိုး ပေးရန် ကြံစည် နေ တတ်သည် ။
မေခင်သီ သည် စိတ် ကျေနပ် ကာ “ ကိုအောင်ထွန်း ကြိုးဆွဲချ သေတာ အကောင်းဆုံး ဆို ” ဟု ပြုံးစေ့စေ့ နှင့် စ တတ်လေ၏ ။
“ တို့ တော့ ဝါသနာ မပါဘူးဟေ့ တစ်ခါမှ စမ်း မကြည့်ဖူးဘူး ”
“ စိတ်ကူးယဉ် ကြည့်တာ ရှင် ရဲ့ ”
“ မဖြစ်ပါဘူးကွာ မင်း ခန္ဓာကိုယ် နဲ့ ကြိုးပြတ် ကျ လို့ တင်ပါးဆုံရိုး ကျိုး လို့ ဆေးရုံ တက်ရဦးမယ် ၊ အဲဒါမှ မင်း ကြောက်တဲ့ တကယ့် အမှောင့် ပယောဂ ခင်ဗျာ့ ”
“ ဆေးရုံ တက်ရ လည်း ကျွန်မ အဖို့တော့ ဟောလီးဒေး ပဲ ”
ထိုအခါ ကျောင်း သွားဖို့ အသင့် ဖြစ်နေသော သမီးလတ် က ခပ်တည်တည် နှင့် ဘယ်က ရလာမှန်း မသိသော ရှေးရှေးက သီချင်း တစ်ပိုင်း တစ်စ ကို ဆိုလေ၏ ။
“ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ၊ ချစ်ခြင်း ပီယ လောက ဤ လူ့ဘုံ ”
တစ်အိမ်သားလုံး တဝုန်းဝုန်း ရယ်ကြသည် မှာ အငယ် နှစ်ကောင်ပါ နားမလည့် တလည် နှင့် ပါ လေ၏ ။
“ ကဲ သားငယ် နှစ်ယောက် က ထမင်းစား ၊ ရေချိုး ၊ အဝတ်အစား လဲပြီး ၊ စာထိုင် ကျက်နေကြ ၊ ကျောင်း သွားတော့ အိမ် ကို သေသေချာ သော့ခတ်သွား ၊ ဟိုတစ်နေ့ က လည်း နေ့ခင်းကြောင်တောင် လမ်းထိ ပ်က ဆရာမ အိမ် သော့ ဖျက် ဝင်ပြီး သယ် ထုတ် သွားလိုက်တာ ပြောင်ရော တဲ့ ။ ကျောင်း ကျ တော့ ကိုကို မမ တွေ တွေ့အောင် ရှာပြီး သော့ပေး ၊ မေမေ တို့ ညကျ စောစော ပြန်လာခဲ့မယ် ”
အငယ် နှစ်ကောင် က “ ဟုတ်ကဲ့ မေမေ ” ဟု ပြိုင်တူ ပြောကာ ကာတွန်း စာအုပ်သစ် ကို ခေါင်းချင်း ပူး၍ ဖတ်စ ပြုလေသည် ။
ထို ညနေ ပြန်လာလျှင် မေခင်သီ သည် အကြောအခြင် လေးပင်သည် မို့ အနယ်ဂျီစင် နှစ်ပြား ကို သောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့မည် ဟု သတင်း ပေး၏ ။ မအေ စောစောအိပ် တာ နှင့် တစ်နေ့လုံး ဗြောင်းဆန်အောင် ဆော့ ထားသော အငယ် နှစ်ကောင် သည် လည်း ခြေ မဆေးဘဲ စာ မကျက်ဘဲ အိပ်ရာ ဝင် ကြသည် ။ သားကြီး နှင့် သမီး နှစ်ယောက် တို့ လည်း စာသာ ကျက်ကြကာ အိပ်ရာ ဝင် ကြပြန်သည် ။ ကိုအောင်ထွန်း သာ သန်းခေါင် ကျော် အထိ မဂ္ဂဇင်း ဖတ် နေပြီး မှ အိပ်ရာ ဝင်သည် ။
မနက် မိုးလင်းသော် ထုံးစံ အတိုင်း ပထမ ဦးစွာ နိုး သော မေခင်သီ သည် သူခိုး ဝင် ခိုးသွားသည် ကို သိကာ ဘုရား မရှိခိုးနိုင် တော့ချေ ။
“ ကဲ ကိုအောင်ထွန်း ရေ တန်းပေါ် က အဝတ်အစား မှန်သမျှ တော့ ကုန်ပြီ ၊ ရှပ် အင်္ကျီတွေ ရော ၊ တိုက်ပုံ တွေ ရော ၊ ပုဆိုး တွေ ရော ၊ ကျုပ် လုံချည် တွေ ရော ဟို ပါတိတ် ခရမ်း ရောင်လေး က ဆိုရင် နှစ်လဆိုင်း နဲ့ ဝယ်ထားတာ ၊ ရေတောင် မလျှော်ရသေးဘူး ၊ သူခိုး ရယ် ဒီထက် ချမ်းသာတဲ့ အိမ် များ ရှာ ခိုး ပါတော့ တော် ”
သမီးကြီး မှာ တရှုပ်ရှုပ် ငိုစ ပြုသည် ။ သူ့ မုန့်ဖိုး နှင့် ၁၄ လ တိတိ စုဝယ် ထားသည့် ခေါက်ထီးကလေး ပါ ပါသွားပြန်သည် တဲ့ ။ မအေ နှင့် တူ၍ တဟားဟား ရယ် နေ တတ်သော သမီးလတ် က ငြိမ် နေကာ နွမ်းရုံ မက တံတောင်ဆစ် ပေါက် နေ သဖြင့် သူခိုး ချန်ရစ်သော အင်္ကျီ လက်စက ကို တံတောင်ဆစ် အထက်နား က ကတ်ကြေး နှင့် ဖြတ်ကာ ကျောင်း ဝတ် လို့ ရအောင် အနား လုံး စ ပြုလေ၏ ။ သားကြီး က မူ သူငယ်ချင်း ဆီ က ငှားဝတ် ထားသော လက်ပတ်နာရီ ခေါင်းအုံး အောက် က ပါ မသွားတာ “ ကံကောင်းလိုက်တာ ကံကောင်းလိုက်တာ ” ဟု ရွတ်ဆဲ ။ အငယ် နှစ်ကောင် က အမေ စိတ်ညစ် နေ သဖြင့် ဒီနေ့ မုန့်ဟင်းခါး ဝယ်ကျွေးမယ် ပြောထားတာ ကျွေးပါတော့ မလား ဟု ပူပန်ရင်း အထမ်း နှင့် လာရောင်းမြဲ ဖြစ်သော မုန့်ဟင်းခါးသည် ကို မျှော် နေကြ လေ၏ ။
“ ဟောတော့ ပြည်သူ့ဆိုင် က ထုတ်ထား တဲ့ ဓာတ်ဘူး အသစ်စက်စက် ပါ ပါ သွားပြီ ၊ ပြန်ရောင်း စားမလို့ လုပ်ထားတာ ”
“ မီးပူကော ” ဟု ကိုအောင်ထွန်း က ခပ်တိုးတိုးမှိုင်းမှိုင်း မေး လေ၏ ။
မီးပူ ပါ သွားသည် ကို သူတို့ တစ်အိမ်သားလုံး ဝိုင်း နှမြော၍ မဆုံးကြချေ ။ သူတို့ ရဲ့ သစ်လွင်လှသည့် မာဖီးရစ်ချက် မီးပူ ကို ဟိုဘက် အိမ် က အင်္ကျီ ကော် ကပ် သည့် တရုတ်မ က ၄၅၀ ကျပ် နှင့် ရောင်း ဖို့ ခဏခဏ ပူဆာ တတ်သည် ။ မေခင်သီ က မူ ပိုက်ဆံ ဘယ်လောက်
ပြတ်ပြတ် မီးပူ နှင့် လူ လုပ်နေရသည် မို့ တဲ့ ရောင်းစားဖို့ စိတ်မကူး ။
“ တို့ ရုံး က သက်သာချောင်ချိရေး အဖွဲ့ က ချေးပေးပါ့မယ် ကွာ ၊ မငိုစမ်းပါ နဲ့ ငွေ ၅ဝဝ လောက် ချေးလိုက်ရင် အဝတ် တစ်စုံ စီ တော့ ရမှာပေါ့ ၊ အကြီး သုံးကောင် နဲ့ မင်း နဲ့ ဝယ်ကြပေါ့ ၊ အငယ် နှစ်ကောင် နဲ့ ငါ က ဘယ်လို နေနေ ဖြစ်တယ် ” ဟု ကိုအောင်ထွန်း က ချော့မော့ရ၏ ။
“ မီးပူ က ဝယ်ရဦးမှာ တော့ မီးပူ မရှိရင် ဘယ်လောက် ကောင်းတဲ့ အဝတ် နဲ့ မှ အပြင် ထွက်လို့ မရဘူး ၊ ပြည်သူ့ဆိုင် က မီးပူ လျှောက်မလား လို့ မေး ထားတာ လျှောက်မယ် လို့ ပြန် ပြောလိုက်ဦး ၊ သူခိုး ထဲ ပါသွားလို့ တစ်လုံး ရအောင် လုပ်ပေးပါ လို့ နှစ်ရာ ကျော် ဆိုလား မသိဘူး ကျုပ် မီးပူ လောက် တော့ ဘယ် ကောင်းမှာလဲ ”
ထို့ကြောင့် ချေးလာသော ငွေ ထဲ မှ မီးပူဖိုး ချန် ကာ ငွေ ကို လှည့် ဖယ်၍ အဝတ် ဝယ်ကြရလေ၏ ။ မေခင်သီ ၏ ဝါဒ အရ တက်ထရွန် ဝယ်ရတာ တွက်ခြေကိုက် သည် မို့ တက်ထရွန် အင်္ကျီဖြူ တစ်ထည် စီ အကြီး သုံးယောက် ရ ကြသည် ။ ပြည်သူ့ဆိုင် က လုံချည် လေးငါးထည် ရပြန်သည် ။ ချုပ်ခ ချည်း ပဲ ၂၀ ကျော် သွားလေ၏ ။ အငယ် နှစ်ယောက် ကတော့ ဘာမျှ မရချေ ။ သူတို့ ရဲ့ တစ်စုံတည်း သော ရှပ်ဖြူ ၊ ဘောင်းဘီစိမ်း တို့ ကို ညနေ တိုင်းလျှော်၍ ကျောင်းအမီ နေ့စဉ် မီးပူ တိုက် မြဲ တိုက်ရသည် ။ မီးပူ အသစ်ကလေး က ကောင်း သား ပဲ ။ ဗမာဖြစ် ပေမဲ့ ဘယ် ဆိုးလို့တုံး ။
“ ကဲ သတ္တဝါ အပေါင်းတို့ ” ဟု မေခင်သီ က စ လိုက် လျှင် တော့ သားကြီး က ဝင်ပြီး ...
“ ဒီနေ့က စ ပြီး ဟင်းချို နဲ့ ပဲပင်ပေါက်ကြော် ပဲ ဟေ့" ဟု ဦးအောင် ပြောကာ ဘာပဲ ပြောပြော တဟားဟား ရယ်ကြရ ပြန်လေ၏ ။
ဒီလ အဖို့ ဟင်းချို နဲ့ ပဲပင်ပေါက်ကြော် နဲ့ ပဲ တဟားဟား ရယ်ပြီး စခန်းသိမ်း လျှင် ဘယ်လောက် ကောင်းမလဲ ။ သို့သော် လူတိုင်း ကြားဖူးပြီ ဖြစ်သော စကားပုံ အတိုင်း အကုသိုလ်သည် အပေါင်းအဖော် နှင့် သင်းဖွဲ့လို့ ဝင် လာ တတ်သည် ။
“ အစ်မကြီး ရဲ့ မီတာဖိုး မပေးတာ ဆယ်လ ကျော်ပြီ ဗျ ၊ လာတိုင်းလည်း လူကြီး မရှိဘူးချည်း ပြော လွတ်တာပဲ ၊ ကျွန်တော်တို့ ခု မီးဖြတ် မလို့ လာတာ ” ဟု ခပ်တင်းတင်း ဆိုလေပြီ ။
ကိုအောင်ထွန်း က အလိုက်သိစွာ မေခင်သီ ကို အိပ်ခန်း ထဲ အသာ သွင်း၍ “ နေပါဦး ငါ့ ညီ ရယ် လကုန် ထိ မှ မစောင့်နိုင်ဘူးလား ၊ လ ကုန်ကုန်ချင်း အကုန် ဆပ် ဆို ဆပ်ပါ့မယ် ၊ သုံးရစ်လောက် ခွဲ သွင်းလို့ ရရင်တော့ အကောင်းဆုံး ပေါ့ ကွယ် ၊ ဝင်ပါဦး ၊ ထိုင်ပါဦးလေ ၊ သမီးရေ ကော်ဖီ ယူခဲ့ပါဟေ့ ” စသည်ဖြင့် သူငယ်ချင်း တိုက် လွှတ် သော အမူးတွေ ပြေ ကုန်လေ၏ ။
“ အဲဒါကတော့ ရုံး မှာ သွားပြောမှ ဖြစ်ရမှာ ၊ ကျွန်တော်တို့ က တော့ ဒါ လုပ်လို့ ခိုင်း ရင် ခိုင်း သလို လုပ်ရတဲ့ အလုပ်သမား ပဲ ၊ ဦးလေးတို့ ရုံး မှာ သွားပြောပေါ့ ၊ ကျွန်တော်တို့ က တော့ ခု ဒီနေ့ ဖြတ်ဖြစ်အောင် ဖြတ်ခဲ့ ဆိုတော့ ဖြတ်ရ မှာပဲ ၊ ဒီလေးတို့ ပြောလို့ ရလို့ ပြန် ဆက်ပေး ဆိုရင် နက်ဖြန် ချက်ချင်း လာ ဆက်လို့ ရတယ် ”
ထို့ကြောင့် မီးပူ အသစ် ဝယ်ပြီး နောက် နှစ်ရက် အကြာ တွင် မီးပူတိုက် လို့ မရတော့ချေ ။
“ ကဲ မထူးပါဘူးကွယ် ၊ ဒီတော့ ကလေးတွေ လည်း ရေနံဆီမီးခွက် နဲ့ ပဲ ကြည့်ကြ ၊ တရုတ်မ ဆီ က ငှားထားတဲ့ ကြေးမီးပူ နဲ့ ပဲ အင်္ကျီ တိုက်ကြ ၊ လ ကုန်ဖို့ လည်း ၁၂ ရက် လိုတော့တယ် ၊ တို့ ဂျပန်ခေတ် က ဆို ဒီထက် ဆင်းရဲသေးတယ် ။ ကြားဖူးတယ် မဟုတ်လား ၊ အဓိပတိ အရှင်မင်းကြီး ပြောခဲ့တာ ။ သီချင်းတောင် ရှိသေး သံ မရှိ သစ် နဲ့ ဖြစ်သတဲ့ ၊ သစ် မရှိ ဝါး ၊ ဝါး မရှိ ရွှံ့ ဆိုလား ”
ကိုအောင်ထွန်း က ရယ်စေ လို သော်လည်း ဘယ်သူမျှ မရယ်ကြဘဲ တစ်အိမ်လုံး မကြားချင်ယောင် ဆောင် နေကြ ထင်ပါရဲ့ ၊ မေခင်သီ သာ ဘာမျှ မပြောတော့ပဲ တနင်္ဂနွေ တစ်နေ့လုံး တစ်ချက်မျှ မနားတော့ ဘဲ ထမင်း ချက် ပြီး ကြမ်းတိုက် ၊ ကြမ်းတိုက် ပြီး အဝတ် လျှော် နေလေ၏ ။ ညနေစောင်း ၍ ရေနံဆီမီးခွက် ထွန်းကြပြန် တော့ မီးသွေး တစ်ကျပ်ဖိုး ဝင် သော ဧရာမ ကြေးမီးပူ နှင့် မီးပူ ထိုင် တိုက်သည် ။
မအေ မီးပူ ထိုင် တိုက် လျှင် အနား ကပ် ၍ ပီသလျက် နှင့် မပီကလာ တွတ်တီးတွတ်တာ ချွဲ တတ်သော သား အငယ်ကောင် က အနား ကို ကပ်ကာ မအေ့ မျက်နှာ ကို အကဲခတ် လေ ၏ ။ ခါတိုင်းလို စကား ထွေရာ မပြောဝံ့သေး ၊ အရေး ထဲ မီးပူ ထဲ မှကောင်းကောင်း မကျက် သည့် မီးသွေးတုံး တစ် က မီးခိုး အူ လှသည် ။ မေခင်သီ သည် မီးခိုး က လည်း မျက်စိ ရိုက် ၊ မီးပူဟောင်း ကိုလ ည်း အတ်အစားများ နှင့် ရော၍ နှမြော ၊ မီးပူသစ် လည်း မတိုက် ရ ၊ ရေနံ ဆီမီးခွက် က လည်း မှိုင်းထူ ပြီး မလင်း ။ ကြေးမီးပူ ဘေးပေါက် မှ ပြာ လွင့်၍ ဖြူအောင် လျှော်ထားသော အင်္ကျီ များ ပေသည့် အခါ ပေ ၊ အကြွေး ၅၀၀ တင် သဖြင့် ကျပ် သထက် ကျပ် ဦးမည် တို့ ကို စုံလင်အောင် တွေး ကာ မျက်ရည်များ တစ်ပေါက် ပြီး တစ်ပေါက် ကျလေ၏ ။ ဘေး က သား က မနေနိုင်တော့ ဘဲ ...
“ မေမေရဲ့ ၊ သားသား အင်္ကျီ ပေါ် ကျ ကုန်ပြီ စို ကုန်ပြီ ” ဟု ကန့်ကွက် လျှင် တော့
“ ကျပလေ့စေ သား ရေ့ ၊ ဒါ ရေပါ ဖျန်း ပေးတဲ့ နောက်ဆုံး ပေါ် မီးပူ ဟဲ့ ” ဟု ပြောဖြစ် အောင် ပြော လိုက် သော်လည်း သူ လည်း မရယ်နိုင် ၊ ဘယ်သူမှ လည်း တဟားဟား မရယ် နိုင်တော့ချေ ။
◾ကြည်အေး
📖 ရှုမဝ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၇၁
#ကိုအောင်နိုင်ဦး
8:20 PM 17-Nov-23
.
No comments:
Post a Comment