ဟုတ်ပါသည် ။ သူမ ၏ တင်ပါးရိုး ပြန် အက် သွားပါသည် ။ ထို့ကြောင့် ဗိုက်အောက် ခေါင်းအုံး ခု ၍ မှောက်ခုံကြီး ပြန် နေရ ပါသည် ။ ကောင်းပါသည် ။ ထိုကဲ့သို့ ဖြစ်မှ သူမ ခြေငြိမ်ကြောင်း သူ့ အမေ က ပြော ပါသည် ။ သို့ မဟုတ် လျှင် မည်သူမှ မသက်သာကြောင်း သူ့ ညီမ က ထောက် ခံပါသည် ။ မည်သို့ ဖြစ်၍ ဤကဲ့သို့ ခါးရိုး ပြန် ကျိုး သွားရကြောင်း သူ့ အဖေ က မေး ပါသည် ။ ကျွန်တော် က ဥပမာ နဲ့ ဤကဲ့သို့ ပြန် ပြောပြပါသည် ။
ပက်ကျိ တစ်ကောင် လမ်းဖြတ် ကူးနေစဉ် လိပ်တစ်ကောင် က သူ့ ခါး ကို ဖြတ် ကြိတ်သွားပါသည် ။ ပက်ကျိ ခမျာ မေ့မျောပြီး ဆေးရုံ ရောက်လာ ပါသည် ။ သူ သတိရ လာသော အခါ ဆရာဝန် က အဖြစ်အပျက် ကို မေးတော့ ဤကဲ့သို့ ရှင်းပြ ပါသည် ။
“ အဖြစ်အပျက် က သိတဲ့ အတိုင်း သိပ် မြန် လွန်း တယ်လေ ။ မျက်စိ တမှိတ် အတွင်း မှာ ဖြစ် သွားတော့ ကျွန်တော် လည်း ဘယ်လို မှ ရှောင်ချိန် မရလိုက်ဘူး ”
ပက်ကျိ ၏ မျက်စိတစ်မှိတ် မည်မျှ ကြာကြောင်း ကျွန်တော် မသိပါ ။ သူမ က တော့ မှောက်ခုံကြီး နဲ့ စကားတွေ လည်း ပြော ငို လည်း ငိုမုန့်တွေ လည်း စား နေပါသည် ။ သူ့ ဖခင် ကတော့ မှတ်ချက် ပေး ပါသည် ။ သူ စား နေ တဲ့ မုန့်တွေ က ပေါ့ နေလို့ နှပ်တွေ မျက်ရည်တွေ နဲ့တို့စား နေတာတဲ့ ။ သူမ ဆတ်ဆတ်ခါအောင် နာပါသည် ။ သံကုန်ခြစ် အော်ပြီး သံပြဲကြီး နဲ့ တွေ့တဲ့ လူ ရန်လုပ် နေပါသည် ။ သူ ရန်တွေ့ တာ ကို ကျန်တဲ့ လူတွေ က ရယ်ပါသည် ။ သူမ ကို ဘယ်သူ က မှ ကြည့် မရ၍ ရွဲ့ ပြီး ရယ်ကြတာ ဖြစ်ပေလိမ့်မည် ။ ဟုတ်ပါ သည် ။ သူမ ကို ဘယ်သူ က မှ ကြည့် မရကြပါ ။ သို့သော် ..
သူမ ဖခင် ပြန်ခါနီး ငိုသံကြီး နဲ့ လှမ်း မေးပါသည် ။
“ အဖေ ”
သူမ ၏ ဖခင် က လှည့် ကြည့်ပါသည် ။
“ ဒီနေ့ ဘယ်သူ နိုင်သွားလဲ ”
သူမ ၏ အမေး ကို သူမ ဖခင် က မျက်မှောင် ကြုတ် ၍ ...
“ ဘယ်ပွဲလဲ ”
“ ချယ်ဆီး နဲ့ အယ်ဗာတန် ”
သူမ ၏ ဖခင် တစ်ချက် စဉ်းစား လိုက်ပြီး ...
“ ချယ်ဆီး ”
ထို အသံ ကြားသည် နှင့် သူမ နှုတ်ခမ်းကြီး မဲ့ ပြီး တစ်ဖက် လှည့်၍ ...
“ တောက် ... ငါးမူးတော့ ရှုံးပြန်ပြီး ... အဟင့် ... သောက်ကောင် မော်ရင်ဟို ”
သူမ ကို ကြည့်ပြီး သူမ ၏ ဖခင် က ရယ်ပါသည် ။
“ ဟားဟား.. ကောင်းတယ် .. ခံရတာတောင် နည်းသေးတယ် ဟားဟား ”
ဒါကို သူမ က လည်း ကက်ကက်လန် ကာ ...
“ ဘာ ကောင်းတာလဲ ... ဒီမှာ ရှုံးပါတယ် ဆိုမှ လာ ရယ်ပြ နေသေးတယ် ... ပိုက်ဆံ ရှာရတာ လွယ်တာ မှတ်လို့ ”
သူမ က ဖတ်ခနဲ ပြန် ပြောသည် ။ ဒါကို သူမ ၏ ဖခင် က မျက်မှောင် ကြုတ် ပြီး
“ အောင်မာ ... သူ က ပဲ ပြောရတယ် ရှိသေးတယ် .. ပိုက်ဆံ ရှာရတာ မလွယ်ဘူးလေးဘာလေး နဲ့ ... ဘာ အလုပ်များ လုပ်နေရလို့လဲ ... မိဘ ဆီ က အလကား ရ ထားတဲ့ မျက်နှာနဲ့ မိဘ ဆီ ပြန် တောင်း နေပြီးတော့ ”
“ ဘာ မိဘ ဆီ က အလကား ရ ထားတဲ့ မျက်နှာ လဲ အဖေ ပဲ ပြောတယ် ဒီ မျက်နှာ ရ ဖို့ဖယောင်းတိုင် အထုပ်ကြီး သုံးထုပ် ကုန်တယ် ဆိုပြီး ”
သူ့ စကား ကြောင့် သူ့ အမေ မျက်နှာကြီး နီ သွားပြီး ...
“ ဟယ် ... ဒီ ကောင်မလေး ... အင်းဟာ ”
ဆိုပြီး သူမ တင်ပါး ကို ‘ ဖောင်း ’ ခနဲ ရိုက် လိုက်ရာ ...
“ အား ... သေပါပြီဗျ ... အဖေ အမေ့ ကို မပြောတော့ဘူးလား အီး ”
ဆိုပြီး အခြောက်တိုက် ငိုပြသည် ။ သူမ ၏ ဖခင် က ရယ် ၍ ...
“ မပြောတော့ပါဘူး ကွယ် .. သူရိုက်တာဖြည်းဖြည်းလေး ပဲ ”
“ ဘာ ဖြည်းဖြည်းလေး လဲ ... အနာ ကို လာ ရိုက်တာ နာတာပေါ့ ... အဲဒီလို ဆက် နှိပ်စက် နေမဲ့ အစား အမွေ ဖြတ်လိုက် မေထူးချွန် တို့ က ခပ်တည်တည် ပဲ ”
သူ့ ဖခင် က ခပ်တိုးတိုး ရယ်ပါသည် ။ ကြည့်ရတာ အိမ် မှာ လည်း ဤသို့ စကား များနေကျ ဖြစ်မည် ။
“ အေးပါ ... အေးပါ .. အမွေတော့ မဖြတ်ပါရစေနဲ့ မြွေမလေးရယ် ။အဖေ က ချစ်လို့ စတာပါ ”
“ ဒီလိုပဲ ဖြစ်ရမှာပေါ့ ”
သူမ ခပ်တည်တည် နဲ့ မုန့် တစ်ခု ကောက် ဝါး လိုက်သည် ။ ထိုသို့ပင် ...
သူမ ကို အားလုံး က ချစ်ကြပါသည် ။ သို့သော် ဘာနှင့် တူသည် ကို တော့ ပုံပြင်လေး တစ်ခု နှင့် ပြောပြပါဦးမည် ။
အင်မတန် ဆိုးသွမ်းသော မူလတန်းကျောင်း တစ်ကျောင်း ၏ အခန်း တစ်ခန်း သို့ ဆရာမသစ် တစ်ယောက် တာဝန် ထမ်းဆောင်ရန် ရောက် လာပါသည် ။ ဆရာမလေး ထို အခန်း သို့ ရောက်တော့ ကြားရသည့် သတင်း နဲ့ ဖြစ်နေပုံ မှာ ပိုလို့ပင် ဆိုးနေသေး၏ ။ အော်မရ ငေါက်မရ နဲ့ ဘယ်လို ဆုံးမ ဆုံးမ နားမဝင်ကြပေ ။ နောက်ဆုံးတော့ ဆရာမ က စာ သင်ရန် သာ ဆုံးဖြတ် လိုက်ပြီး ကျောက်သင်ပုန်း ပေါ် တွင် ပန်းသီးပုံ ခပ်ကြီးကြီး တစ်လုံး ရေးချ လိုက်သည် ။ ပြီးနောက် ကျောင်းသားများ ဖက် လှည့်၍ ကျောက်သင်ပုန်း ကို တဖြန်းဖြန်း ရိုက် ကာ ...
“ ဒါဘာလဲ ”
ဟု အော် မေးသည် ။ သူ့ အမေး ကို ကျောင်းသားများ က သံပြိုင် ဖြင့် ...
“ ဖင်တုံးကြီးပါ ဆရာမ ”
ဟု ပြန် အော်သည် ။ ဆရာ မရှက်ပြီး ငိုယိုကာ ကျောင်းအုပ်ကြီး ရုံးခန်း သို့ သွား၍ ကျောင်းအုပ်ကြီး အား ကျောင်းသားများ မည်မျှ ဆိုးသွမ်းကြောင်း ပြောပြသည် ။ ဆရာမလေး ၏ပြောပြချက် အရ ကျောင်းအုပ်ကြီး လည်း စိတ်ဆိုးကာ ဆရာမလေး ကို ခေါ်၍ ထို အခန်း သို့ ဒေါကြီးမောကြီး နဲ့ သွား ကြသည် ။ ကျောင်းခန်း သို့ ရောက်သော် ဆရာကြီး က ဒေါသတ ကြီး ဖြင့် ...
“ မင်းတို့ ဘယ်လို ဖြစ် နေကြတာလဲ .. ရိုသေသင့်တဲ့ သူ ကို လည်း မရိုသေကြဘူး ... ဆရာမ က စာ သင်တာ ကို လည်း ဂရု မစိုက်ကြဘူး ... ကောင်းစေချင်လို့ ဆုံးမတာ ကို လည်း လက်မခံကြဘူး ... မင်းတို့ အတော် ဆိုး နေကြပါလား ”
ဟု ဆို၍ ကျောက်သင်ပုန်း ဘက် လှည့် ကြည့်ကာ ...
“ ဟေ့ ... ဒီ ကျောက်သင်ပုန်း ပေါ် မှာ လည်း ဖင်တုံးပုံကြီး ... တောက်... ဘယ်သူ လက်ကမြင်း ထားတာလဲကွ ... ဟေ ”
ထိုသို့သာ ဖြစ်ပါသည် ... ။
သူမ သည် လှပသော ပန်းသီး တစ်လုံး သာ ဖြစ်ပါသည် ။ သို့သော် လူတွေ အမြင် မှာ တော့ ...
“ .............. ” ဖြစ်ပါသည် ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment