Saturday, November 25, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁၃ )


 “ ဝါး ..”


သူမ ၏ သံကုန်ခြစ် ငိုသံ ။


“ ဝါး ”


“ ကိုယ့် ဖာသာ ကိုယ် လက်စားချေဖို့ ဟာ ကို အဖျက်သမား နဲ့ လာ တွေ့ နေရတယ်လို့ .. ဝါး ... နို့မဟုတ်ရင် ဆေးရုံ ရောက်ရမှာ ဟိုကောင်မ ဖြစ်နေရမယ် .. အခုတော့ အခုတော့ ... ရှူ ... ငါ က အလကား နေရင်း ဓါးစာခံ ဖြစ်ရတယ် လို့ ဝါး ”


သူ ဆေးရုံ ရောက်ချိန် တွင် သူမ က လက် တစ်ဖက် အချိုရည်ဗူး ၊ လက် တစ်ဖက် က ပေါင်မုန့် အတောင့် ကို ဓားသန်လျက် ဆွဲသလို ပိုင်ပိုင် နိုင်နိုင်ကြီး ဆွဲကိုင် ထား ပြီး မှောက်လျှက်ကြီး ငို ငို ပြီး ဝါး နေသည် ။


အုတ်နံရံ မှ ပြုတ်ကျပြီး တင်ပါးရိုး အက်သွားသည့် အတွက် တင်ပါး တစ်ဝိုက် ကျောက်ပတ်တီး စီးထားရသည့် အပြင် ပက်လက် နေ၍ မရဘဲ မှောက်ခုံကြီး ကို မှ ဗိုက် အောက် က ခေါင်းအုံး ခု ကာ ကုန်းကုန်းကြီး နေ နေရသည် ။ သူမ ၏ နဘေး မှာ လည်း သူမ ၏ အမေ နှင့် သူမ ၏ ညီမ တို့ ရှိနေသည် ။ အခု လည်း သူမ ၏ ညီမ ကို တိုင်တည်ပြီး ပြောနေခြင်း ဖြစ်သည် ။ သူမ ညီမ လက် ထဲ ၌ သစ်သားပေတံ ကိုင် ထား၏ ။


“ ဟီး .. ငါ့ လက် ဘယ်လောက် တည့်တယ် ဆိုတာ နင် သိတယ် .. ငါ က အဲဒီ ကောင်မ ရဲ့ တင်ပါး ပြားပြားကြီး ကို တည့်တည့် ချိန်ထား ပြီးသား .. အဟင့် ... ထိလို့ က တော့ နှစ်ရက် လောက် ထနိုင်မှာ မဟုတ်ဘူး ... လို့ .. ဟီး ... ထင် ထားတာ .. ထင် ထားတာ ... ဂလု ... အဟင့် ... ဂလု ဂလု ”


ပြော လည်း ပြော အချိုရည် လည်း သောက်လိုက်သေး ။ နောက် ပေါင်မုန့် အတောင့်ကြီး ကို စွပ်ခနဲ ကိုက် ပြီး စကား ကို ဆက် ပြန်သည် ။


“ ဒီ အပ် က ဆင် တောင် ... ”


“ ဟယ် ... နားငြီးတယ် .. ကဲဟာ ”


“ ဖောက် ”


“ အောင်မလေး သေပါပြီဗျ ”


သူ့ ညီမ က နားငြီး လာ၍ ထင့် ။ သူမ ၏ ဒဏ်ရာ ရ ထားသော တင်ပါး ကို သူ့ လက် ထဲ ကိုင် ထားသော သစ်သားပေတံ နှင့် ခပ်ဆတ်ဆတ် ရိုက်သည် ။


“ မေသွေးနီ နော် ငါ နာတယ် ... ငါ ကောင်းနေရင် နင် မလွယ် ဘူး မှတ် ... အဟီး .. ဟီး ”


သူ့ စကား ကို သူ့ ညီမ မေသွေးနီ က ခပ်ဟဟ ရယ်လိုက်ပြီး ... 


“ ဟားဟားဟား ... ဘာ ကောင်းလာရင်လဲ ... ဘာကောင်း လာရင်လဲ ... နင့် ကို တစ်သက်လုံး ပေး မကောင်းဘူး ... နင် ကောင်းနေ တုန်း က  ငါ့ကို အနိုင်ကျင့် ထားတာ မှတ်မိလား ” 


သူမ က ပါးစပ် ထဲ ပေါင်မုန့် အပြည့် နှင့် မျက်ရည် တွေတွေ ကျ ရင်း .. 


“ ငါ ဘယ်မှာ အနိုင်ကျင့်လို့ လဲ နင့် ကို ”


“ အော် .. အနိုင် မကျင့်ဘူး ဟုတ်လား ... ညဘက် ညဘက် ငါ့ ကို ခုတင် ပေါ် က ကန်ချတာ ဘယ်သူလဲ ”


“ ဖောက် ”


“ အား ”


သူ့ ညီမ က ပြော ပြောပြီး ပေတံ နှင့် ခပ်ဆတ်ဆတ် ရိုက်သည် ။ ရိုက်တာ က ဖြည်းဖြည်းပါ ဒါကို သူမ က ခါး ပါ ကော့ပြီး ငယ်သံ ပါ အောင် အော် သည် ။ ပြီးတော့ ပါးစပ် ထဲ က ပေါင်မုန့် ကို အချိုရည် နှင့် “ ဂလု ” ခနဲ မျောချပြီး အသံပြဲကြီး နဲ့ ...


“ အမေ အမေ့ သမီး သမီး ကို အနိုင် ကျင့်နေတာ မပြောတော့ ဘူး လား ... ဟီး ”


ဟု ဆို၍ သူ အမေ ကို လှည့် တိုင်သည် ။ ဒါကို သူ့ အမေ က ပါ သူမ ၏ တင်ပါး ကို ခပ်ဆတ်ဆတ် ‘ ဖတ် ’ ခနဲ ရိုက်လိုက်သည် ။


“ အား ”


သူ မ ၏ အာခေါင်ခြစ် အော်သံ ။


“ ဘယ်မှာ အနိုင်ကျင့်လို့လဲ ဗျ ... ဘာ အနိုင်ကျင့်တာလဲ ... ဘာ အနိုင်ကျင့်တာလဲ ... နင် ကောင်းနေတုန်း က ဗလ အားကိုး နဲ့ ကလေး ကို ဗိုလ်ကျ ထားတာ လေ ”


“ နှစ်ယောက် အတူ အိမ် ထဲ အဝင် ဘေး က ရေမြောင်း ထဲ မသိမသာ တွန်းချတာ ဘယ်သူလဲ .. ငါ မပြောချင် လို့ ကြည့် နေတာ .. ကဲဟာ .. ” 


“ ဖောက် ”


“ အောင်မလေး အဖေ ရဲ့ ဒီ သားအမိ သမီး ကို နှိပ်စက် နေကြတယ် ”


သူမ သံကုန်ခြစ် အော်သည် ။ ဆေးရုံ တစ်ခုလုံး သူမ အော်သံ ဖြင့် သာ ကျွက်ကျွက်ညံ နေ၏ ။


“ အောင်မာ ... မထနိုင်တာ တောင် အဖေ ကို တ နေတုန်း .. နင့် အဖေ က သူ့ အလုပ် နဲ့ သူ .. မလာနိုင်ဘူး ခေါ်မနေ နဲ့ ” 


သူ့ အမေ စကား ကြောင့် သူမ မျက်လုံး ကလယ်ကလယ် ဖြစ် သွားပြီး ငိုသံ ကြီး နှင့် ...


“ အောင်မလေး အဖေ ရဲ့ ... သ .. သ .. သမီး ကို .. ဟီး .. တစ်အိမ်လုံး က ဝိုင်းဝိုင်းပြီး နှိပ်စက် နေကြတယ်ဗျ ... ဟီး ... သ.. သမီး မခံဘူး သမီး မခံဘူး. . ဟီး ”


သူမ ၏ ငိုယိုပြီး ပြောသော စကား ကို သူမ ၏ အမေ က ... 


“ အောင်မာ .. မခံတော့ ဘာ လုပ်ချင်သေးလို့လဲ ... တစ်နေကုန် ကား တဝီဝီ ဖုန်း တဂွမ်ဂွမ် နဲ့ လမ်းသလား ချင်တိုင်း သလား နေတဲ့ လူ က များ .. ” 


“ ဒါ သမီး ကို အဖေ ဝယ်ပေး ထားတာပဲ ဘာဖြစ်လဲ .. ကိုယ့် အဖေ ဝယ်ပေး ထားတာပဲ စီးမှာပဲ ... ဂွမ်မှာပဲ ”


“ ဟင် ... အဲ .. ဒါ နင့် တစ်ယောက်တည်း အတွက် ဝယ်ပေး ထား တာလား နင် နဲ့ မေသွေးနီနှစ်ယောက်လုံး အတွက် ဝယ်ပေးထားတာ ... အဲဒါ နင် တစ်ယောက်တည်း မောင်ပို င်စီး ထားပြီး ”


“ ဖောက် ”


“ အောင်မလေးပါ တော့ ... အောင်မလေးပါ .. ဟားဟားဟီးဟီး ”


“ မအော် နဲ့ ... ငါ ထပ် လုပ်လိုက်ရ ... ကဲဟယ် ”


“ ဖောက် ”


“ အား ... မအော်လို့ ဖြစ်မလားဗျ ... အမေ က နာနေ တဲ့ နေရာ ကို မှ လာ လာ ရိုက်တာ .. ဟီးဟီးဟီး ... သားသမီး မွေးထားပြီး နှိပ်စက် တယ် ... ဟီးဟီး ... ရွတ် ”


“ အောင်မာ အောင်မာ ... လက်ဖျားလေး နဲ့ ထိယုံလေး ကို နှိပ်စက်တယ် တဲ့. .. နင် သူများ ကို ဒုက္ခ လိုက် ပေး နေတုန်းက ကောင်း တယ် ဟုတ်လား ကဲ ... ”


“ ဖောက် ”


“ အောင်မလေး .. ပုတုတွေ ကြွကုန်ပါပြီ ဗျ .. ဟီး ... သမီး က ဘယ်သူ့ ကို ဒုက္ခ ပေး နေ လို့လဲ .. ဟီး .. သူတို့ က ပဲ သမီးကို ဒုက္ခ ပေး နေကြပြီးတော့ ... ဟဲ့ .. မေသွေးနီ .. ငါ့ ကို နောက်ထပ် ပေါင်မုန့် တစ်တောင့် လှမ်း ပေးစမ်း ဟီး ဟီး ”


ပြော လည်း ပြော ငို လည်း ငို ပြီး သူ့ ညီမ ဆီ ပေါင်မုန့် လှမ်း တောင်း၏ ။ ပါးစပ် က လည်း ဝါး နေတုန်း ... ။

.

“ ရော့ .. ဒီမှာ ပေါင်မုန့် ... ပြော မနေပါတော့နဲ့ အမေ ရာ ... သူ က လိပ် ကျောကုန်း ထက်တောင် အကြော မာ တာ ... ပြောနေလည်း နား ဝင် မှာ မဟုတ်ဘူး ... ခု သူ အိမ်မှာ မရှိတာ ကို ပို ကျေးဇူး ကြီး လှပါပြီ ... သူ မရှိတုန်း အိမ် မှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ပြန်နေကြတာပေါ့ ” ဟု ဆို၍ လှည့် အထွက် ရပ် နေသော သူ့ ကို တွေ့ပြီး ...


“ အော် ... ဟို အစ်ကို ရောက် နေတာကိုး... ဒီမှာလေ အစ်ကို့ သူငယ်ချင်း ဖားခုံညင်း မှောက်ခုံကြီး ... ”


ဟု ဆို၍ သူ့ ကို မြင်ပြီး နှုတ်ဆက်သည် ။ ဒါကို မေထူးချွန် က ပေါင် မုန့် ကိုက် ထားလျက် ဆတ်ခနဲ လှည့် ကြည့်ကာ ..


“ ဝါး ... လာပြန်ပြီ အဖျက်သမား တစ်ယောက် ဒင်း ကြောင့် ငါ့ တင်ပါး ရိုး ကျိုးတာ ... ဝါး ... ”


ဟု သံကုန်ခြစ် ငိုပြန်သည် ။ ဒါကို သူမ ၏ အမေ က ... 


“ အောင်မာ အောင်မာ ... သူ့ ကြောင့် နင် ကံကောင်း သွားတယ် မှတ် နောက် မဟုတ်ရင် ခုချိန် နင် အချုပ် ထဲ ရောက်နေပြီ ”


“ ရောက်ရောက်ပေါ့ ဗျ ... ကိုယ့် ဖာသာ ကိုယ် လုပ်တာ ကိုယ့် ဖာသာ ကိုယ် ဘယ်ရောက်ရောက် ပေါ့ ... အချုပ် ထဲ ရောက် ရင်တောင် အခုချိန် မေထူးချွန် တို့ ဒူးနှံ့ ပြီး စားမြုံ့ပြန် နေပြီ ... ဟီး ... အခုတော့ တင်ပါးကျိုး နေလို့ ဒူး နံ့ဖို့ မပြောနဲ့ လှုပ်တောင် လှုပ်နိုင်ဘူး... အစားသောက်တွေ လည်း ပျက်လိုက်တာ ပြောမနေပါ နဲ့ ”


သူမ စကား ကို သူမ ၏ အမေ က ခါးထောက် လိုက်ပြီး  ... 


“ အစားအသောက် ပျက်တယ် ဟုတ်လား ပါးစပ် ထဲ က ဟာ ကုန်အောင် ဝါးပါဦး ”


“ ဒါက .. ဒေါသ ထွက်လို့ ဝါးနေတာ ဗျ .. ဝါးချင်လို့ ဝါးနေတာ မဟုတ်ဘူး  . ဂလု ... အချိုရည် တစ်ဗူး ကမ်းပေးဦး ဒီမှာ ကုန်နေပြီ ”


သူမ က အချိုရည် လှမ်း တောင်းသည် ။ သူ က ပင် အချိုရည် ဗူး ကို ကမ်းပေး လိုက်သည် ။ ဒါကို သူမ အမေ က ..


“ ကဲ သား ရေ ... သား သူငယ်ချင်း ကို ဆက်ပြီး နားချ လိုက်ပါဦး အန်တီတို့ က တော့ သူ့ ကို ပြောမနိုင် တော့ဘူး .. နားလည်း ငြီးလှပြီ ” 


ဟု ဆိုလိုက်ရာ သူမ က ... 


“ ပြော မနိုင်လဲ နေ ... ဘယ်သူမှ လာ ပြောနေစရာ မလိုဘူး ။ မေထူးချွန် တဲ့ တစ်ချွန် ထဲ ရှိတယ် ။ နှစ်ချွန် ရှိ ရင် ကျောက်စက် နဲ့ တုန်းပစ်မယ် ” 


ဆိုပြီး ထ အော်သည် ။ ဒါကို သူမ ၏ မိခင် က ...

.

“ ကဲ ... မြင်တဲ့အတိုင်းပဲ သား ပဲ ကြည့်ပြီး ပြောပေတော့ ” 


ဟု ဆိုပြီး မေထူးချွန် ၏ တင်ပါး ကို ဖတ်ခနဲ ပုတ်ခါ ...  ။


“ ဟဲ့ ... သွားပြီနော် ကောင်းကောင်း နေခဲ့ ” 


“ အား ... ”


တင်ပါး ကို ထိ လိုက်တိုင်း သူမ ၏ သံကုန်ခြစ် အော်သံ ။ ဒါကို သူ့ ညီမ က ပါ ဝမ်းသာအားရ ပြုံးပြီး ... 


“ အစ်မ .. ငါ လည်း သွားပြီ ”


“ ဖတ် ”


“ အား .. အားလားလား .. သေပါပြီ ပုတုတွေ လည်း ကြွချင် တဲ့ နေရာ ကြွကုန်ပြီ ”


ဟု အော်ပြန်သည် ။ သူ က သာ သူမ ရှေ့ ထိုင်ခုံ တစ်လုံး ယူ ၍ ဆွဲ ထိုင် လိုက်သည် ။ သူမ သူ့ ကို မကြည့် ။ မျက်ရည် တစ်ဝိုင်းဝိုင်း နဲ့ ပေါင်မုန့် စားလိုက် ၊ အချိုရည် သောက်လိုက် လုပ်နေသည် ။ 


“ မေထူးချွန် ... ငါ့ ပြောင်း ရော ”


သူမ လှည့် မကြည့်ပါ ။ သူ့ ဖာသာ သူမျက်ရည်တရွှဲရွှဲ နဲ့ မုန့်တွေ နင်းကန် ဝါး နေသည် ။


“ နင် သူများ ကို ဒီလောက် ဒုက္ခ ပေးရ တော်ရော ပေါ့ ဟာ .. ငါ့ ပြောင်း ပြန် ပေးတော့ ”


သူမ လှည့်ပင် မကြည့် မုန့်တွေ စားလိုက် မျက်ရည် သုတ်လိုက် နဲ့ လုပ်နေ သည် ။ ရှုခနဲ ရှုခနဲ နှပ်ကလည်း ရှုံ့သေး၏ ။ သူ လည်း မနေနိုင်တော့ ပဲ သူမ ၏ ကုတင်အောက် ဝေ့ ရှာလိုက်သည် ။ ထိုတော့မှ သူမ က လက် နှင့် ကာရင်း ...


“ ဟေ့ကောင် ... ငါ့ ကုတင် အောက် ဟိုကြည့် ဒီကြည့် နဲ့ ဘာလုပ်တာလည်း  ... နာချင်လို့ လား ”


“ မနာချင်ဘူး .. ငါ့ ပြောင်း ကို ငါ့ ပြန်ပေးရင် ပြီးရော ” 


“ မရှိတော့ဘူး ... ဟိုနေ့ က ဖင်ညောင့်ရိုး နာနာ နဲ့ ဘယ်မှာ ကျန်ခဲ့မှန်း မသိဘူး  ”


သူမ က လက်ကာ ပြပြီး ခပ်တည်တည် ပြောသည် ။ သူ က မျက်မှောင် ကြုတ်ပြီး ...


“ သေချာရဲ့လား ”


“ သေချာတယ် .. နင့် ကို ညာပြောလို့ ပိုက်ဆံ ရမှာမို့လား ” 


သူမ က ခပ်မြန်မြန် ပြန် ပြောသည် ။ သူ လည်း ဘာမှ ဆက်ပြောစရာ မရှိ တော့ ...


“ ဒါဆိုလည်း ငါ ပြန်မယ် ”


“ ဒါဖြင့် ဒီလို လုပ်လိုက်ပါလား ”


ချက်ချင်း ပြန် ပြောသော သူမ စကားကြောင့် သူ လည်း ကြောင်သွားပြီး ...


“ ဟင် ... ဘယ်လို လုပ်ရမှာလဲ ”


“ လစ် ချင် လည်း ... လစ် လိုက်တော့ ”


သူမ က ချက်ချင်း တုံ့ပြန် လိုက်သည် ။ သူ သူမ ကို မိုက်ကြည့် ကြည့် ၍ ထ ရပ်လိုက်သည် ။ သူမ က တော့ ဂရုမစိုက် ဟန် နဲ့ မျက်ရည် တစ်ဝိုင်းဝိုင်း ဖြင့်သာ မုန့်တွေ ကို သာ လှိမ့် ဝါးနေသည် ။ အနောက် ခြေထောက် နှစ်ချောင်းကို ခြေဖျား ထောက် ကာ တလှုပ်လှုပ် လုပ်နေသည် ။ သူ ဘာမှ ဆက် မပြောတော့ ၊ အခန်းပြင် သို့ သာ လှည့်ထွက် လိုက်သည် ။ သူ အခန်းတံခါး ဝ ရောက်သည် နှင့် ...


“ အား ... ”


သူမ သံကုန်ခြစ် အော်သံ ။ လှည့် ကြည့် လိုက်တော့ မှုတ်ပြောင်းကြီး ပါးစပ် မှာ တတ်၍ မျက်လုံးကြီး ပြူးပြီး ငြိမ်နေသည် ။ ကြည့်ရတာ သူ လှည့် အထွက် မှာ သူ့ ကို မှုတ်ပြောင်း နဲ့ မှုတ်ရန် ကြံစည်ပုံ ရသည် ။ သို့သော် သူ့ ဘက် သို့ ကမန်းကတမ်း လှည့်ပြီး သူ့ ကို မှုတ်ပြောင်း နဲ့ မှုတ်မည် အလုပ် ကျိုးထား သော ခါး က လိမ်ပြီး ကိုးယိုးကားယား ဖြစ် နေသည် ။


“ အား .. လုပ်ကြပါဦး .. လုပ်ကြပါဦး ... ဒီမှာ ကျိုးကျိုး .. အား ... ကယ်တော်မူကြပါ ဗျို့ ”

 

သူမ က သူ့ ကို လက်ယပ် ခေါ်ရင်း အကူအညီ တောင်းသည် ။ ခါး က လိမ် ပြီး ယက်ကန်ယက်ကန် ဖြစ်နေသည် ။ သူ လှည့်ပင် မကြည့် ။ နေပါစေ ဒီလောက် ဆိုး တဲ့ မိန်းကလေး ခံရတာ နည်းတောင် နည်းသေးတယ် ။ 


“ အောင်မလေး ... ဒီလိုပဲ စိန်ပြေနပြေ ကြည့် နေကြတော့ မှာလား အရပ်ကတို့ ရဲ့ ကယ်တော်မူကြပါဦး ... ”


သူမ က မှုတ်ပြောင်းကြီး ပါးစပ် မှာ ကိုက်၍ ဗလုံးဗထွေး နှင့် သံကုန်ခြစ် အော် နေ တုန်း ..  ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment