Tuesday, November 21, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၆ )


 

ထို ည က လည်း သူ အလုပ် ပြန် နောက်ကျခဲ့ သည် ။ ရုံး မှ ခိုင်းသော အလုပ်ကိစ္စများ အပြင် ကိုယ်ရေး ကိုယ်တာ ကိစ္စများ ကြောင့် ယခု ကဲ့သို့ အိမ်ပြန် နောက်ကျခဲ့ခြင်း ဖြစ်၏ ။ ဖြတ်သွား ဖြတ်လာ လူများ ကျဲပါးနေသည့် အပြင် ဆောင်းရာသီ မို့လား မသိ ။ ခါတိုင်း တွေ့နေကျ ခွေးလေခွေးလွင့်များ ပင် မတွေ့ရ ။

ပြန်နေကျ လမ်း မို့ တစ်ယောက် တည်း အေးအေးဆေးဆေး သက် တောင့်သက်သာ ပင် လမ်းလျှောက် ပြန်ခဲ့ခြင်း ဖြစ်၏ ။ နှင်း ၏ အခိုးအငွေ့များ ကြောင့် ပတ်ဝန်းကျင် မှာ ည နှင့် မတူ လောက်အောင် ဖြူဖွေး နေသည် ။

“  ကျွီ ... ”

ကားတစ်စီး မျက်နှာချင်းဆိုင် မှ လမ်း ထဲ ထိုး ဝင် လာတာ တွေ့ရသည် ။ နောက် ကား ပေါ် မှ ယောက်ျားပျို တစ်ယောက် နှင့် မိန်းမပျို တစ်ယောက် ဆင်း လာသည် ။

“ ဟင် ...”

ထို အမျိုးသား ကို မြင်တော့ သူ တစ်နေရာမှာ အသေအချာ မြင်ဘူး သလို ခံစားရသည် ။

ဘယ်မှာ တွေ့ဖူးသလဲ ၊ ဘယ်မှာ သိခဲ့တာလဲ ။ သူ စဉ်းစား ၍ မရ ။ အမျိုးသား က အမျိုးသမီး ရဲ့ ခါး ကို တယုတယ ဖက်၍ ခြံတစ်ခု ထဲ လှမ်းဝင် သွားသည် ကို တွေ့ရသည် ။ ဟုတ်ပါတယ် ။ အသေအချာ ရင်းရင်းနှီးနှီး မြင်ဖူးပါတယ် ။ သူ စဉ်းစား လို့ မဆုံးမီ လမ်းထဲ နောက် ကား တစ်စီး အရှိန် ပြင်းစွာ မောင်းဝင်လာ သည် ကို တွေ့ရ ၏ ။ ကြည့်လိုက်တော့ ...  ။

သူ အကြီးကျယ် အံ့အားသင့် သွား၏ ။ ထို ကား ။ ထို ကား ကို သူ ကောင်းစွာ မှတ်မိ၏ ။ မေထူးချွန် ဟု အမည် ပေါက် သော ဟို ဂြိုလ် ကောင်မလေး ၏ ကား ။

“ ဒါဆို ဟိုလူ က .. ဟိုလူ က ”

ဟုတ်ပါသည် ။ ထို လူ သည် မေထူးချွန် ပြ ခဲ့သော ဓာတ်ပုံအယ်လ်ဘမ် ထဲ မှ သူ့ ချစ်သူ ဆိုသူ ဖြစ်ပါသည် ။ ပွဲ ကတော့ ကြည့် ကောင်း မည် ဟု ယူဆ ရသည် ။ ဘာ ဆက် ဖြစ်မည် ကို သိချင် ၍ သူ အသာလေး အမှောင် ထဲ ဝင် ရပ်လိုက် သည် ။
ကောင်မလေး က ကား ပေါ် မှ ဒေါသတကြီး ဆင်း လာ၏ ။ ခုနက စုံတွဲ စီး လာသော ကား ကို မြင်တော့ မျက်နှာကြီး ရှုံ့မဲ့ပြီး ကား ကို ပြေး ထု၏ ။

“ ဒုန်း ”

“ ဒုန်း ”

ကား က ဘာမှ မဖြစ်ဘဲ သူ့ လက် သာ နာသွား၏ ။ သူမ က လက် ကို ခါ သည် ။ ပြီးနောက် ကား ဘီး ကို ခြေထောက် နှင့် ဆောင့် ကန် လိုက်သည် ။ ဖုန်းခနဲ မြည်သံ နှင့် အတူ သူ သာ ကို့ရို့ကားယား နှင့် ပက်လက်လန် လဲ ကျ သွား၏ ။ ပြီးတော့ ဖုတ်ဖက် ခါ ပြီး ပြန် ထ လာသည် ။ နောက် ဘယ်သူများ တွေ့သွား သလဲ ဆိုပြီး ဘေးဘီ ဝေ့ ကြည့်သည် ။

ကောင်မလေး ၏ အပြုအမူ ကြောင့် သူ ရယ်ချင် သွားမိ၏ ။ သို့သော် အသံ မထွက်အောင် ကိုယ့် ပါးစပ် ကို ပိတ် ပြီး ဆက် ကြည့် နေမိသည် ။ ကောင်မလေး က ကား ကို ဘာ ဒုက္ခမှ ပေး၍ မရသောကြောင့် အနီး အနား ဝေ့ ရှာ လိုက်သည် ။ တွေ့ပြီ ။ ခဲလုံး တစ်လုံး ပြေး ကောက် လိုက်သည် ။ သူ လွယ်လာ သော စလင်းဘက် ကို သိုင်းလွယ် လိုက်သည် ။ အင်္ကျီလက် ကို ပင့် တင် လိုက်သည် ။ ပြီးနောက် လက် ကို နှစ်ပတ်သုံး ပတ်လှည့်ပြီး .... “ မကောင်းသူ ထိပ် ကောင်းသူ ထိပ် ကွ ... ” ဟု အော်ပြီး အားကုန် လွှဲ ပစ် လိုက်သည် ။ ဖြစ်ချင်တော့ သူမ လက် ချော် ထွက် သွားပြီး ခဲလုံး က အရှေ့ မသွားဘဲ အပေါ် ကို သာ မြောက်တက် သွား ကာ သူ့ တည့်တည့် ပြန်ကျ လာ ရာ ...

“ အား ... .. ”

ဟူသော အော်သံ နှင့် အတူ မှုံ နေအောင် ပြေးသည် ။ ခဲလုံး က ခုန သူ ရပ် နေသော နေရာ တည့်တည့် ကို ‘ ကတောင် ’ ခနဲ ပြန် ကျ လာသည် ။ ခဲလုံး ကျ သွားတော့ မှ သူ ခဲလုံး ကိုပြန် ကြည့်သည် ။ နောက် တောက် ခတ် ၍ ခါး ထောက်ခါ ...

“ တော်တော် အသုံးမကျတဲ့ ခဲလုံး .. မြင့်စေ ချင် လို့ အထက် မြှောက် တာ ပစ်တဲ့ လူ ဆီ ပြန် ကျ လာရတယ် လို့ ... ကဲဟာ ... ဒီလောက် ဖြစ်လှတာ ... ”

ဆိုပြီး ခဲလုံး ကို ဖုန်းခနဲ ကန်ထုတ် လိုက်သည် ။ ခဲလုံး လွင့်စင် သွား မှ ဘေးဘီ ဝေ့ ကြည့်ပြန်သည် ။ ဘာ ဆက် လုပ်ရမယ် ဆိုတာ စဉ်းစား နေပုံရ သည် ။ ပြီးမှ သူ့ ကား ဆီ ကို ဒေါက်ဒေါက်ဒေါက် ဒေါက် နဲ့ ပြန် လျှောက် သွား သည် ။ ပြီးနောက် ကား ပေါ် တက် ၍ စက်နှိုးသည် ။ ဝှီးခနဲ ဝှီးခနဲ နေအောင် လီဗာ ကို နင်းပြီး ...

“ မေထူးချွန် တဲ့ ကွ ... ဟိုင်းယား ...”

ဟု ညာသံ ပေးပြီး ခုနက စုံတွဲ စီးသော ကား ကို အရှိန် ဖြင့် ‘ ဂျိုင်း ’ ခနဲ တိုက်ချ လိုက်သည် ။ ပြီးနောက် ကားစက် ကို မသတ်သေးဘဲ အောက် ကို ဆင်း ကြည့်ပြီး ဟို ကားကြီး ချိုင့် သွားတာ မြင်တော့ တဟားဟား နဲ့ ရယ် သည် ။ လက်နှစ်ဖက် ကို မြောက်ပြီး ဆပ်ကပ်သမားများ လို ဂုဏ်ယူ နေသေးသည် ။

“ ငါကွ ... မေထူးချွန် ”

ဟု လည်း ခပ်အုပ်အုပ် အော်သည် ။ နောက် အိမ် ထဲ ကို ဝေ့ကြည့် ပြန်သည် ။ အိမ် ထဲ တွင် ခုနက စုံတွဲ ၏ အကြင်နာပုံရိပ် ကို ပြတင်းတခါး လိုက်ကာ နောက် မှ ရိပ်ရိပ်ကလေး မြင်နေ ရသည် ။ သူမ ကုပ်ကုပ်ကပ်ကပ် နှင့် ခြံပေါက်ဝ သွားသည် ။ ခြံပေါက်ဝ မှ နေ၍ အိမ် ထဲ အရပ် ထောက် ၍ မျှော် ကြည့်သည် ။ ခွေးတိုးပေါက်များ လိုက် ရှာ၏ ။ ဘာမှ မတွေ့ ။ ခြံပေါက် ဝ မှ ပြန်လာသည် ။ ခြံပေါက်ဝ မှ လူခေါ်ဘဲလ် ကို တွေ့၍ သူ့ မျက်လုံး က လက်ခနဲ ဖြစ်သွားပြီး သူ့ လက်ညှိုးတိုတိုလေး နှင့် လူခေါ် ဘဲလ် ကို အဆက် မပြတ် တီး လိုက်သည် ။ တတီတီ မြည်သံ ကြောင့် အထဲ မှ လူများ လှုပ်လှုပ် ရှားရှား ဖြစ်သွားသည် ။ အိမ် ထဲ မှ လူများ အပြင် ထွက်မည့် အရိပ်အယောင် မြင် မှ ခပ်တည်တည် နှင့် သူ့ ကား ဆီ ပြန် လျှောက် လာသည် ။ နောက် ကား ပေါ် တက်ခါ ဝူးခနဲ မောင်းထွက် သွားတော့၏ ။

သိပ် မကြာလိုက်ပါ ။ အိမ် ထဲ မှ ပထမဦးဆုံး ထွက်လာသူ မှာ ခုနက အမျိုးသား ။ အိမ်ရှေ့ မှာ ဖင်ချိုင့် နေ သော သူ့ ကား ကို မြင် သွားတော့ အကြီးအကျယ် အံ့အားသင့် သွားသည် ။ ဒေါသတကြီး ဖြင့် ဘေးဘီ ဝေ့ ကြည့် သည် ။ သူ့ ပုံစံ က အကြီးအကျယ် ပေါက်ကွဲမည့် ပုံ ။
သူ လည်း သူ နှင့် မဆိုင်တော့ပြီ မို့ အမှောင် ထဲ မှ ထွက်၍ လမ်းဖြတ် လျှောက် လိုက်သည် ။

“ ဒီမှာ ...”

ခေါ်သံ ကြား ၍ လှည့်ကြည့် လိုက်တော့ ခုန က လူ ။ မျက်နှာ က ဒေါသကြောင့် နီရဲနေ၏ ။

“ ကျွန်တော့ ကား ကို တစ်ယောက် ယောက် ဝင် တိုက်သွားတာ မြင် မိလား ”

ထို သူ ၏ အမေး ကြောင့် သူ ရုတ်တရက် ကြောင် သွားသည် ။

မြင်သည် ပြောလျှင် ကောင်းမလား ၊ မမြင်ဘူး ဟု ပြောလျှင် ကောင်းမလား ။ သူ စဉ်းစားလိုက်သည် ။ မျက်ဝန်း ထဲ မှာ က မေထူးချွန် ဆိုသော ကောင်မလေး ၏ ပုံရိပ်များ ။ နောက်မှ ခေါင်း ကို ခပ်ဖြည်းဖြည်း ခါ ကာ ...

“ မမြင်မိပါဘူး ဗျာ ”

ဟု ဆို၍ ကိုယ့် လမ်း ကိုယ် လျှောက် လိုက်သည် ။ ဟို လူ ကတော့ လေ ထဲ လက် သီးတွဲလုံးများ ပစ်သွင်း ရင်း ပေါက်ကွဲ လို့ ကောင်းတုန်း ...

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment