Saturday, November 18, 2023

ငြိမ်းကျော် နှင့် တွေ့ဆုံခြင်း


 

❝ ဝတ္ထု သည် အချစ်ဦး ၊ သုတေသန သည် ငယ်ချစ် ❞

ပေဖူးလွှာ ရဲ့ စာချစ်သူများ အတွက် ဒီလ တွေ့ဆုံပေးဖို့ ရွေးချယ်ထားတဲ့ သူ ကတော့ -

နှလုံးသား မြို့ဟောင်း တူးဖော်ချက် နောက်ဆုံးအစီရင်ခံစာ
ပြောပြလိုက်ပါ့ ရှင်မွေ့လွန်းပွင့်ရယ်
မိုးစက်ပွင့်သို့ တမ်းချင်း
ခုတော့လည်း သူစိမ်းတွေလိုပါပဲလား
တမ်းတခြင်းများစွာဖြင့်

..... စတဲ့ လုံးချင်းဝတ္ထုတွေ နဲ့ စာဖတ်သူတွေ ကြား ရေပန်းစား လာခဲ့တဲ့ စာရေးဆရာ ‘ ငြိမ်းကျော် ’ ပါ ပဲ ။ ငြိမ်းကျော် ရဲ့ ဝတ္ထုတွေ ကို လေ့လာ ကြည့်ရင် အချစ်ဝတ္ထုတွေ ထဲ က သီးခြား ခွဲထွက်လာတဲ့ အိမ်ထောင်ရေး သရုပ်ဖော် အချစ်ဝတ္ထုတွေ ဖြစ်တာ ကို တွေ့ရပါမယ် ။ ချစ်ကြိုက်ညားကွဲ ဆိုတဲ့ အချစ် ဇာတ်လမ်းတွေ ထက် အိမ်ထောင်စု တစ်ခု အတွင်း ကြုံဆုံကြရတဲ့ နှလုံးသားရေးရာ ပြဿနာ ၊ ပတ်ဝန်းကျင်ကြောင့် လှိုင်းကယက် ထန် လာ တဲ့ အိမ်ထောင်ရေး အခြေအနေ စတဲ့ ဇာတ်လမ်းတွေ ရေးတာ များတယ် ။ နောက် ထူးခြားတဲ့ အချက် တစ်ခု က သူ့ ဝတ္ထုတွေ မှာ အနည်း နဲ့ အများ ဆိုသလို သူ ဝါသနာ ပါတဲ့ ရှေးဟောင်း သုတေသန လုပ်ငန်း ရဲ့ ရိုးရာ ယဉ်ကျေးမှု သုတေသန ပြုထားတာတွေ ကို အလျဉ်းသင့် သလို တင်ပြ သွားတတ်ပါတယ် ။

စာချစ်သူများ အတွက် ဆရာငြိမ်းကျော် ရဲ့ အတွေးအခေါ် ၊ အယူအဆတွေ ကို တင်ပြနိုင်ဖို့ ဆရာ နေထိုင်ရာ ပေါက်တော အင်းစိန် မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာတွေ ကို ပြန်လည် တင်ပြ လိုက်ပါတယ် ။

“ ဆရာ့ ဝတ္ထု တွေ ကို ကျွန်တော် လက်လှမ်း မီ သလောက် ဖတ်ခဲ့ ရာ မှာ သီးခြား လမ်းခွဲ ထွက် လာတဲ့ အိမ်ထောင်စု အတွင်း ဖြစ်ပျက်တတ်တဲ့ နှလုံးသားရေးရာတွေ ကို တင်ပြတာတွေ ကို တွေ့ရပါတယ် ။ အဲဒီတော့ ဆရာ့ ဇာတ်ကောင်တွေ မှာ က ဆယ်ကျော်သက် ကလေးတွေ လို လှုပ်လှုပ်ခတ်ခတ် နှလုံး သားတွေ ထက် ရင့်ကျက်တဲ့ နှလုံးသား နဲ့ အချစ်ပြဿနာတွေ ရင်ဆိုင်ကြရတယ် ။ ဒီတော့ ဆရာ့ ကို ကျွန်တော် စ မေးချင် တာ က ဆရာ့ ဇာတ်ကောင်တွေ ကို ဖန်တီးတဲ့ နေရာ မှာ ဘယ်လို ပုံစံမျိုးတွေ ထားပြီး ဖန်တီး တတ်သလဲ ဆိုတာပါပဲ ”

“ ကျွန်တော် အချစ်ဝတ္ထု တွေ ရေးပါတယ် ။ သို့သော်လည်း သမီးရည်းစား နှစ်ယောက်တွဲ တော့ ဟုတ်ဘူး ။ ချစ်သူ နှစ်ယောက် အကြောင်း ရေးတာပဲ ။ ချစ်သူ နှစ်ယောက် အကြောင်း ရေးတော့မယ် ဆိုရင် သူတို့ နှစ်ယောက် တုံ့ပြန်ကြတဲ့ အိမ်ထောင်ရေး ဆိုတဲ့ သဘောထား ၊ အချစ်ရေး ဆိုတဲ့ သဘောထား ကို သူတို့ ကာယကံ ၊ ဝစီကံ ၊ မနောကံ နဲ့ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကို စဉ်းစား ရလိမ့် မယ် ။ သူတို့ ရဲ့ သဘောထား ဘယ်လို ရှိတယ် ဆိုတာ သိ ရလိမ့်မယ် ။ အဲဒီတော့ ကိုယ့် ဝတ္ထု ဟာ သမီးရည်းစား နှစ်ယောက် ၊ ချစ်သူ နှစ်ယောက် အကြောင်း သက်သက် ကို အချစ်ဝတ္ထု လို့ ခေါ် မရဘူး ထင်ပါတယ် ။ အလားတူ ပဲ အိမ်ထောင်ရေး မှာ လင် ပါမယ် ၊ မယား ပါမယ် ၊ အဖေ ပါမယ် ၊ အမေ ပါမယ် ၊ အစ်ကို ပါမယ် ၊ အစ်မ ပါမယ် စသည် ဖြင့် ပေါ့လေ ။ မြန်မာ့ ဝတ္ထု မှာ က ဒီ လူ့အဖွဲ့အစည်း မပါလို့ မရဘူး ။

ဆိုပါတော့ ။ မြန်မာ လူ့ အဖွဲ့အစည်း မှာ လင်မယား ရန်ဖြစ် ရင် အိမ်နီးနားချင်း လာမယ် ။ မဖိတ်ဘဲ နဲ့ လာတဲ့ သူတွေ ပါ လာမယ် ။ စသဖြင့် ပေါ့လေ ။ ကိုယ့် တို့ မြန်မာ့ လူ့အဖွဲ့အစည်း ဖွဲ့စည်းပုံ ဟာ အရှေ့ တိုင်း မှာ တော့ တော်တော် ဆန်းတယ် ။ အဲဒီတော့ ကိုယ် တို့ ဝတ္ထုတွေ မှာ တစ်ခန်း လောက် ပဲ ပါတဲ့ ဇာတ်ကောင် လည်း ပါချင် ပါ လာတာပဲ ။

အိမ်ထောင်ရေး ကိစ္စ ဆိုတဲ့ နေရာ မှာ လင်မယား နှစ်ယောက် ရဲ့ စားဝတ်နေရေး တွေ ၊ နေရေးထိုင်ရေး ၊ စီးပွားရေးဆိုင်ရာ ရင်ဆိုင် နေရတဲ့ ကိစ္စ တွေ ပါမယ် ။ သားသမီးရေး နဲ့ လူမှုရေးကိစ္စ တွေ လည်း ပါ လာ မှာပဲ ။ သူ က အိမ်ထောင်ရေး ဆိုတာ ဘာလဲ ဆိုတာ တစ်ထောင့် တစ်နေရာ စီ ကနေ ပြန် ရှင်းတာပဲ ။ အချစ် ဆိုတာ ဘာလဲ ဆိုတာ ကို  ဘာသာ ပြန်မယ် ဆိုရင်တော့ လူ့ အဖွဲ့အစည်း နဲ့ ဇာတ်ကောင်တွေ ကြုံနေရတဲ့ အနေအထား အလိုက် အဓိပ္ပါယ် ကို ရာ နဲ့ ၊ ထောင် နဲ့ ၊ ကုဋေ နဲ့ ချီပြီး ဖော်ညွှန်း လိမ့်မယ် ။ အလားတူပဲ အိမ်ထောင်ရေး ဆိုတာ လည်း အနက် အဓိပ္ပါယ် အများကြီး ထွက် ပါတယ် ။

အဲဒီတော့ ဒီ အဓိပ္ပာယ် ဖွင့် တဲ့ နေရာမှာ ဘယ်လို ဖွင့်ဆိုမယ် ဆိုတဲ့ ပြဿနာ ရှိတယ် ။ ကောင်းတဲ့ ဘက် ကို ဖွင့် မ လား ။ မကောင်းတဲ့ ဘက် ကို ဖွင့် မလား ။ ကိုယ် ကတော့  ကောင်းတဲ့ ဘက် ကို ဖွင့်လေ့ ရှိတယ် ။

အဲဒီတော့ ကိုယ့် ဝတ္တုတွေ မှာ တချို့ မင်းသမီးတွေ က အပြင် မှာ ရှာ မတွေ့နိုင် အောင် အင်မတန် သဘော ကောင်း ၊ မနော ကောင်း တွေ တွေ့ ရမယ် ။ တချို့ မင်းသားတွေ အင်မတန် သဘောကောင်း ၊ မနောကောင်း နဲ့ ရှိတော့ ရှိတယ် ၊ ရှားတယ် ဆိုတာမျိုးတွေ တွေ့ရမယ် ။ ကိုယ့် ဇာတ်ကောင်တွေ က တစ်ခါ တလေ အချစ်ရေး မှာ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေး မှာ ဖြစ်ဖြစ် အင်မတန် သည်းခံတတ်တယ် ၊ ခွင့် လွတ်တတ်တယ် ။

တစ်ခါတလေ တွေဝေ တဲ့ ယောက်ျားလေး တွေ ပါတယ် ။ တစ်ဖက် က ပြတ်သားတယ် ။ တဖက် က မပြတ်သားဘူး ။ လောကကြီး မှာ ပြတ်သားတာ နဲ့ မပြတ်သားတာ ရန်ဖြစ် နေတာပဲ ။ အဲဒီတော့ ပြတ်သား တဲ့ ဇာတ်ကောင် ၊ မပြတ်သားတဲ့ ဇာတ်ကောင် တွေ ခွဲ ထုတ်လိုက်တယ် ။

သို့သော် ကိုယ့် ဇာတ်ကောင်တွေ က သူရဲကောင်း ဇာတ်ကောင် Hero တွေ မဟုတ်ဘူး ။ Ideal ဆိုတဲ့ စံ ဇာတ်ကောင် ပဲ ဖန်တီးတယ် ။ စာပေ ဟောပြောပွဲတွေ မှာ လည်း ကိုယ် အမြဲ ပြောပါတယ် ။ ကျွန်တော့် ဇာတ်ကောင်တွေ ဟာ သူရဲကောင်း ဇာတ်ကောင်တွေ မဟုတ်ဘူး လို့ ။ သို့သော် ဒီလို ဇာတ်ကောင် တွေ ဟာ အပြင်မှာ တကယ် ရှိနိုင်ပါ့မလား လို့ သံသယ ဝင်နိုင်စရာတော့ ရှိတယ် ။ ဒါပေမဲ့ အဲဒီ လူမျိုး ရှိ ရင် ကောင်းတယ် ၊ မင်္ဂလာ ရှိတယ် ၊ သာဓု ခေါ်ထိုက်တယ် ဆိုတဲ့ ဇာတ်ကောင်မျိုး ကိုယ် ဖန်တီးတာ ပဲ ။

အိမ်ထောင်ရေး ဝတ္ထု မှာ ပဲ ဖြစ်ဖြစ် ၊ အချစ်ဝတ္ထု မှာ ပဲ ဖြစ်ဖြစ် ကိုယ်ကျင့်တရား ပျက်တဲ့ လူ ပါတယ် ။ ကိုယ်ကျင့်တရား ကောင်း တဲ့ လူ ပါတယ် ။ ပျက်တဲ့ သူ နဲ့ ကောင်းတဲ့ လူ ဘယ်သူ့ ကို အနိုင် ပေးမလဲ ဆိုတော့ ကိုယ် က ကောင်းတဲ့ သူ ကို အနိုင် ပေးတယ် ။ ပျက်တဲ့ လူ ကို အရေး နိမ့်သွားအောင် တစ်နည်းတစ်ဖုံ အားဖြင့် အမြဲတမ်း ကြံတယ် ။ လောကကြီး မှာ လူကောင်း နဲ့ လူဆိုး ၊ လူကောင်း က အမြဲ အနိုင်ရတာ ပဲ ။ အဲဒါ ကိုယ့် ဇာတ်ကောင်တွေ နဲ့ ပတ်သက်ပြီး အမြဲတမ်း ချုပ်ကိုင်ထားတဲ့ အခြေခံ စံ ပဲ ”

“ ဆရာ ပြောတဲ့ အတိုင်း ဆိုရင် ကောင်းတဲ့ လူ ကို အမြဲ အနိုင်ပေးခဲ့တယ် လို့ ပြောတယ် ။ ကောင်းပြီ ဆရာ ၊ ကျွန်တော်တို့ ' နှလုံးသားမြို့ဟောင်း ' ကို ပြန် ကြည့်ရအောင် ၊ ဒီ ဝတ္ထု မှာ မင်းသား ဝင်းလှိုင် က အင်မတန် သဝန် တို တတ်တယ် ။ ပထမ သူ့ မိန်းမ ' မခင်အိ ' နဲ့ ကွဲ သွားပြီး နောက် ပွင့်ပွင့်လင်းလင်း နေတတ် ထိုင်တတ် ပြောတတ် တဲ့ ' ခိုင် ' နဲ့ တွေ့တယ် ။ ယူ လိုက်တယ် ။ ဒါပေမဲ့ နောက်ဆုံး မှာ ခိုင် ရဲ့ ပွင့်လင်းမှု ဒဏ် ကို မခံနိုင် တော့ဘဲ ပစ် ပြေးသွားတယ် ။ ကျွန်တော့ အမြင် မှာ သဝန် တို တတ်တဲ့ ဝင်းလှိုင် နိုင် သွားတာပဲ ။ ဆရာ့ စကား နဲ့ ပြန် ပြောရရင် နိုင် တဲ့ ဝင်းလှိုင် က ကောင်းလို့ လို့ ပြော မလား ”

“ ဝင်းလှိုင် က ခိုင့် ကို ပစ် တာ မဟုတ်ဘူး ။ ခိုင့် အနား က ထွက် ပြေးရတာ ။

ခိုင်က Modernism သမား  အင်မတန် ခေတ်မီတယ် ။ ပွင့်လင်းတယ် ။ သူ့ အယူအဆ က မှန်တော့ မှန်တယ် ။ ဥပမာ - သုံးဆယ့် တစ်ဘုံ ရှိသမျှ သတ္တဝါတွေ သေမျိုး ချည်းပဲ ။ ခင်ဗျား လည်း သေမှာပဲ လို့ ပြော လိုက်ရင် ဒီ စကား က မှန်တော့ မှန်တယ် ဒါပေမဲ့ အပြော ခံရတဲ့ သူ က အပြော မခံချင်ဘူး ။ အဲဒါဟာ ခိုင့် ရဲ့ စရိုက်ပဲ ။ ဝင်းလှိုင် ဘက် က ကျတော့ သေခါနီး လူမမာ ပဲ ဖြစ်ပါစေ ။ ဟာ ... မပူပါနဲ့ ခင်ဗျား မကြာခင် ကျန်းမာ လာမှာပါ ၊ အသားအရေတွေ လည်း ကောင်း လာပြီပဲ ။ ဇာတာ ထဲ မှာ လည်း အသက် ၁၂ဝ ရှည်စေသော်ဝ် လို့ ပါသားပဲ လို့ စိတ်ဓာတ်ရေးရာ အားပေးတာမျိုး ကို မှ ကြိုက် တယ် ။ ဒါမျိုးက လောကဝတ် အရ မဟုတ်ဘူးလား ဆိုတော့ ဟုတ်တယ် ။ အမှန်တရား အရ ကြည့်ရင် ဟုတ်သလား ဆိုတော့ မဟုတ်ဘူး ။

အဲဒီ ကြားထဲ မှာ သဘောကျ စရာ အကောင်းဆုံ က မခင်အိ ၊ မခင်အိ က မာန ထားတယ် ။ ဒီ ဝတ္ထု က ဇာတ်ကောင် သုံးကောင် မှာ အယူအဆ သုံးမျိုး ကို ကိုယ်စား ပြု ထားတယ် ။ တစ်နည်းအားဖြင့် ပြော ရရင် လူ တော်တော်များများ ဖတ်နိုင်တဲ့ Symbolism ကို ပြ ထားတယ် ။ Symbolic Expression လုပ် ထားတယ် ။ ဝင်းလှိုင် ဆိုရင် အစဉ်အလာ သမား ဘာသာရေး ဆိုင်ရာ စည်းကမ်းများ ၊ အစဉ်အလာ တင်းကျပ်သော စည်းကမ်း များ ကို သိပ် ယုံကြည်တယ် ။ ခိုင် ကတော့ ခေတ်ပေါ် ပုံသဏ္ဍာန် ၊ ခေတ် ပေါ်အယူအဆ အရ ခေတ်ပေါ် ဝါဒီသမား ။ ဒီ အယူအဆ ကို ကိုယ်စားပြု တဲ့ သင်္ကေတ ။ ဟိုတစ် ယောက် မခင်အိ ကတော့ မာန သမား ။

သူတို့ သုံးယောက် ဖြစ်နေကြတာ က ခေတ်ပေါ် နဲ့ ရိုးရာ အစဉ်အလာသမား ကြား မှာ တစ်ခါတစ်ရံ မာန က ခေတ်ပေါ် ဘက် ကို ရောက်တယ် ။ တစ်ခါတစ်ရံ မှာ ရိုးရာဘက် ကို လိုက်တယ် ။ အဲဒီ အတိုင်း ပဲ မခင်အိ က ကြားထဲ မှာ ကြားနေ ။ ငိုစရာ ရှိ လည်း မငိုဘူး ။ ရှေ့မှာ ကျောင်းသားတွေ စာ သင်နေရင်း က အိမ်သာ ထဲ ဝင်ပြီး မျက်ရည် ကျ ။ ခရင်းပတ်ဖ် ရိုက်ပြီး ဟန်မပျက် မာန တစ်ခွဲသား နဲ့ ပြန် နေတဲ့ မိန်းမ ၊ ဒီ သဘော ။

ဖတ်တဲ့ ပရိသတ် က ဖတ် လိုက်တဲ့ အခါ ကျတော့ ခိုင် နဲ့ အတူတူ နေခဲ့တဲ့ အိမ်ကြီး ပေါ် က ဝင်းလှိုင် ဆင်း လာပြီးတော့ အပြင် မှာ မြင်ကွင်းပြာပြာ ဘာညာ တွေ့လိုက်ရတယ် ဆိုပြီး တော့ ကိုယ် ရေးထား တယ် ။ ဗြုန်းခနဲ ကြည့် လိုက် ရင်တော့ ခိုင့် ကို ဝင်းလှိုင် က ထားပစ်ခဲ့တယ် လို့ ယူဆ နိုင်စရာ ရှိတယ် ။ အမှန်က ဝင်းလှိုင် ခိုင့် အပါး ကနေ ထွက်ပြေး ခဲ့ရတာပါ ”

“ ဒါဆို ဆရာ က ခိုင် မရှုံးပါဘူး ။ ဝင်းလှိုင် သာ ရှုံးတာပါလို့ ဆိုလိုတာပေါ့ ။ အဲဒါက နှလုံးသားမြို့ ဟောင်း နဲ့ ပတ်သက်တာ လေးတွေ  ။ နောက် တစ်အုပ် ကျွန်တော် ဆွေးနွေး ချင်တာက ‘ ပြောပြလိုက်ပါ ရှင်မွေ့လွန်းပွင့်ရယ် ’ ။ အဲဒီမှာ ဆရာ ရေး ထားတာ က မင်းသမီး ဖြစ်တဲ့ ' မမင်းဝင်း ' ဟာ သူ အဖေ ကာနယ် ဦးမင်းစိန် သဘော တူ တဲ့ အမျိုးသား တစ်ယောက် ကို အဖေ စိတ်တိုင်းကျ စေ့စပ်ကြောင်းလမ်း ခဲ့တယ် ။ အမျိုးသား က တစ်နေ့ မှာ အကြမ်းဖက် ဖို့ ကြိုးစားရာ က အစ သူ နဲ့ ပြဿနာ ဖြစ်ပြီး စေ့စပ်တာ ပျက် သွားတယ် ။ အဲဒီက အစ သူ့ ဘဝဟာ ရှင်လျက် နဲ့ သေသလို ဖြစ်သွားရတယ် ။ နောက် ... သူတို့ မြို့ ကို ဘူမိဗေဒ စာတမ်းတစ်စောင် ပြုစုဖို့ ရောက်လာတဲ့ မင်းသား နဲ့ တွေ့တော့ သူ့ ဘဝ ပြန်ပြီး စိုပြည်လာတယ် ။ မင်းသား ကို လည်း ချစ်သွားတယ် ။

ဒီ နေရာ မှာ မင်းသား က မမင်းဝင်း ရဲ့ ရှင်လျက် နဲ့ သေနေတဲ့ ဘဝ ကို ပြန်လည် စိုပြည်လာအောင် ကူညီတာ ပါ ဆိုပြီး လက်ထပ် တဲ့ အဆင့် အထိ လိုက်လျော ခဲ့တယ် ။ နောက်တော့ ရန်ကုန် ကို ပြန် ပြေး ခဲ့တယ် ။ ဒီတော့ မိန်းကလေး ရဲ့ ဘဝ ကို ကူညီတာ ထက် ရေနစ်သူ ကို ဝါး ကူ ထိုးတာမျိုး အဓိပ္ပာယ် မသက်ရောက် သွားဘူးလား ”

“ အဲဒီ ဝတ္ထု ဟာ တကယ် စိတ်ရောဂါ နဲ့ စိတ်ဝေဒနာသည် တစ်ယောက် အကြောင်း ရေးထားတဲ့ ဝတ္ထု ပဲ ။ စိတ်ပညာ ဝတ္ထု ပဲ ။ ဒါပေမဲ့ ဒီ ထဲ မှာ စကီဇိုဖရီးနီးယား ၊ ဘာနီးယား ၊ ညာနီးယား ဆို တဲ့ စိတ်ပညာ အခေါ်အဝါ် မပါဘူး ။ အဲဒီ ထဲ မှာ တစ်ခု ပဲ ရှိတယ် ။ ရှစ်တန်း ကျောင်းသား ဇာတ်ရံ ကလေး တစ်ယောက် က ပြောလိုက်တာ တစ်ခု ပဲ ပါတယ် ။ ' မမ က ဖီလင် အောက်သွားတာပါ ' တဲ့ ။ ဖီလင် အောက်တယ် ဆိုတဲ့ အရပ်သားသုံး စကားလုံး တစ်ခု နဲ့ ပဲ ဖမ်းပြီး ပြော ထားတယ် ။ မမင်းဝင်း ရဲ့ အဖေ ကာနယ်မင်းစိန် က သူ့ သမီး ရဲ့ စိတ် အလိုကျမှု အတွက် ဒီ ကောင်လေး ( မင်းသား ) လိုက် လုပ်နေရ တယ် ဆိုတာ သိတယ် ။ သူ့ အစ်ကို လည်း မင်း နေရာ ငါ သာ ဆိုရင် မလုပ်နိုင်ဘူးလို့ ပြောတယ် ။

အဘိုးကြီး ကိုယ်တိုင် က လည်း သိတယ် ။ ငိုလို့ လည်း မရ ၊ ရယ်လို့ လည်း မရ နဲ့ သူ့ သမီး ဖြစ်နေတာ ။ ဒါ သူတို့ စိတ်ရောဂါ အခေါ်အဝေါ် အရ ဆိုရင် စိတ်ကျနာ ဆိုလား ဘာဆိုလား ရှိတယ် ။ ဒါကြောင့် ချောင်း တစ်ခု မှာ ပိတ်ဆို့ နေတဲ့ ဒိုက်သရောတွေ ကို တောင်ကျရေ နဲ့ ဝေါခနဲ ကျအောင် လုပ် လိုက် နိုင်ရင် ပြီးတာပဲ လို့ သူ ကိုယ်တိုင် က လက်ခံတယ် ။

နောက်တော့ ဒီ မင်္ဂလာပွဲ ဟာ လည်း အဘိုးကြီး ကိုယ်တိုင် စီစဉ်ပြီး လုပ်ပေးတာပဲ ။ ရပ်ကွက် ကောင်စီ ဘာညာ စတဲ့ သက်သေ မပါဘူး ။ သူ့ အစ်ကို က လည်း မလာဘူး ။ ဒီ မင်္ဂလာပွဲ က ဝေဒနာ ကို ပွင့် ထွက်သွား အောင် လုပ်ပေးတဲ့ ပွဲ ပဲ ဖြစ်တယ် ။ မင်းသား မှာ လည်း တစ်ဖက်က ‘ တင်တင်ဟန် ’  ခေါ်တဲ့ ကလေးမကလေး ရှိသေးတယ် ။ ရည်းစား တော့ မဟုတ်ပါဘူး ။ သူ က ကြိုက်တာပဲ ရှိသေးတယ် ။ တင်တင်ဟန် က သူ နဲ့ ဆိုရင် ဝါသနာ လည်း တူတယ် ။ ပညာရေး အတွက် ၊ သူ့ တက်လမ်း အတွက် အထောက်အကူ ပြုနိုင်တယ် ။

ဒီနေရာ မှာ ဗြဟ္မစိုရ်တရား လေးပါး ကို ပြောဖို့ လိုလိမ့်မယ် ။ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ။ အခက်ဆုံး က နောက်ဆုံး ဥပေက္ခာ ပဲ ။ မေတ္တာ ထား လို့ မရရင် ကရုဏာ ၊ မုဒိတာ ထားလို့ ရမယ် ။ ကိုယ် မစားရ သော်လည်း သူ စားနေရရင် ကိုယ် စားရသလို ကျေနပ်တယ် ။ ဝမ်းမြောက်တယ် ။ အဲဒီ တရားသုံးပါး နဲ့ အစွမ်းကုန် ကူညီပြီး တဲ့ နောက်မှာ အခါးဆုံးဆေး ဖြစ်တဲ့ ဥပေက္ခာ ကို တိုက် လိုက် တာပဲ ။

ရထား ထွက် သွားတဲ့ အချိန် မှာ ကောင်မလေး က အဖေကြီး ကို ဖက်ပြီး ငို လိုက်တယ် ။ ဗြုန်းခနဲ အားဖြင့် ဒီ ဝတ္ထု ကို နားမလည် နိုင် မှာ စိုးလို့ တောင်သူ အဘိုးကြီး လင်မယား ကို ရထား ပေါ် မှာ ထည့်ပေး ထားတယ် ။ မင်းသား က လက်ထပ် စာချုပ် စာရွက်တွေ ကို ဆုတ်တယ် ။ ပြီးတော့ စာရေးဆရာ က ရေးတဲ့ နေရာ မှာ ရထားပြတင်း က လွှင့်ပစ်တယ် လို့ မရေးဘူး ။ လေ ထဲ မှာ လက် ကို ဖြန့်လိုက်တယ် ။ စာရွက်စုတ် ကလေးတွေ က သူ့ ဘာသာ လွင့် သွားတယ် ။

အဘိုးကြီး တောင်သူ လင်မယား က နားမလည်ဘူး ဆိုတာ ပြချင်လို့ ။ ဒီ တောင်သူ အဘိုးကြီး လင်မယား က ရထား ပေါ် ကျ မှ တွေ့တာ ဆိုတော့ သူ လုပ်နေတာ ကို ဘာမှ နားလည်မှာ မဟုတ်ဘူး ။ အဲဒီလိုပဲ စာဖတ်သူ က နားမလည်ဘူး ဆိုရင်တော့ ရှေ့က စကားတွေ ကို ပြန် ဖတ်ဖို့ လို လိမ့်မယ် ။ သူ့ အစ်ကို ပြောတဲ့ စကား ၊ အဘိုးကြီး ပြောတဲ့ စကား ၊ ကံထွန်း ပြောတဲ့ စကား ၊ ဒါတွေ တစ်လုံးချင်း စေ့ စေ့စပ်စပ် ဖတ်ရမယ် ။

သူတို့ ရဲ့ စကားတွေ မှာ ဥပေက္ခာတရား နဲ့ သူ နိုင်သရွေ့ လုပ်ဖို့ ဆိုတာတွေ တွေ့ရမယ် ။ ကြိုးကြာ ငှက် ဟာ သူ့ တစ်ကိုယ် စာ အလေးချိန် ကို သယ်နိုင်ပြီး တခြား ငှက်တွေ ကတော့ တစ်ကိုယ်စာ ကို တောင် မသယ်နိုင်ဘူး ။ သူ့ အနေ နဲ့ တစ်ကိုယ်စာ နိုင်သရွေ့ ကို ထမ်းခဲ့ပြီးပြီ ။ ဒီထက် ဝန်ပို မထမ်း နိုင်တော့ဘူး ။ ဒါကြောင့်လည်း ရန်ကုန် ကို ပြန် သွားရတာပဲ ။ အဲဒီတော့ ဒီ ဝတ္တု က ဗြဟ္မစိုတရား လေးပါး ထဲ က အခက်ခဲဆုံး တစ်ပါး ဖြစ်တဲ့ ဥပေက္ခာတရား ကို ဖွဲ့ဆို ထားတာပါပဲ ။ တော်တော်လည်း အခံရ ဆိုးပါတယ် ”

“ အဲဒါက ရှင်မွေ့လွန်းပွင့် နဲ့ ပတ်သက်လို့ပေါ့ ဆရာ ။ နောက်တစ်အုပ် ရွေး ရရင် ကျွန်တော်  ‘ အပြာရောင် သစ်ခွပွင့် ရဲ့ သမိုင်းအစ ’ ကို ရွေးချင်ပါတယ် ။ ဒီမှာ ဆရာ ရေးဟန် ကို တစ်မျိုး ပြောင်း ထားတာ တွေ့ ရတယ် ။ အပြန်အလှန် စကားပြော တချို့ ကို စကားပြေ ထဲ မှာ ရော ရေးသွားတယ် ”

“ ဟုတ်ပါတယ် ။ အပြန်အလှန် စကားပြော တချို့ကို ပုံစံပြောင်း ရေးထားတယ် ။ အတွေး နဲ့ စားရေး ဆရာ က ရေးပြတဲ့ သည် ။ ၏ စကားပြေ နဲ့ အထဲ ထဲ မှာ ထည့်တဲ့ အခါ သိပ်ပြီးတော့ အရေးလည်း မကြီးဘူး ။ သီးသန့် ကော်မာ အဖွင့် အပိတ်ကလေးတွေ နဲ့ ရေးပြဖို့ မလိုအပ်တဲ့ ဟာ မျိုး ။ သို့သော် သူ က မပါရင်လည်း မဖြစ်ဘူး ဆိုရင် စာ ထဲ မှာ ထည့်ပြီးတော့ ရေးပြတဲ့ အတွေးတွေ ကို  ‘ တယ် ’ နဲ့ ‘ လို့ ’ ခွဲခြားပြီး ရေးပြ ထားတယ် ။ အထူးသဖြင့် နောက်ကြောင်းပြန် Flash back အတွက် သုံးထား ပါတယ် ”

“ တမ်းတခြင်းများစွာဖြင့် - မှာ ဆရာ ရေးထားတဲ့ ယူဆချက် တစ်ခု ပါတယ် ။ ဘာလဲ ဆိုတော့ လူကြီး တွေ မှာ ကြောင့်ကြခြင်း ၊ လူငယ်တွေ မှာ တောင့်တခြင်း ရှိတယ် ။ ကြောင့်ကြခြင်း နဲ့ တောင့်တခြင်း ရှိတယ် ။ ကြောင့်ကြခြင်း နဲ့ တောင့်တခြင်း ဟာ လူ ဆိုတာ ရှိနေ သရွေ့ ဖြစ်နေဦးမှာပဲ ။ ဒီ နှစ်ခု ကို သဟဇာတ ဖြစ်အောင် တိုင်းပြည် တစ်ပြည် ရဲ့ ကောင်းတဲ့ ခွန်အားဘက် ကို တွန်းပို့ပေးနိုင်ရင် အဲဒီ တိုင်းပြည် ကောင်းစားပြီ လို့ ဆို ထားတယ် ။ နောက် တစ်မျိုး က - အနုပညာရှင် ရယ် ၊ အတတ်ပညာရှင် ရယ် ၊ နိုင်ငံရေးပညာရှင် ရယ် ။ ဒီ သုံးပွင့်ဆိုင် အံလွဲ နေရင် အကျိုး မဖြစ်ထွန်းဘူး ။ ဒီ သုံးပွင့်ဆိုင် ကို နေရာ ကောင်းကောင်း ချထား နိုင်ပြီ ဆိုရင် အကျိုး ရှိပြီ လို့ ဆိုထား ပါတယ် ။ ဒီ ယူဆချက် ကို တိုင်းပြည် တစ်ပြည် ၊ သို့မဟုတ် အိမ်ထောင်စု တစ်ခု အတွက် ဘယ်လို အသုံးချ နိုင်တယ် ဆိုတာ ရှင်းပြပါဦး ”

“ လုပ်လို့ ရပါတယ် ။ ဥပမာ ဆိုပါတော့ ။ မိသားစု မှာ သားသမီး ဆိုတာက လိုချင်တာပဲ ၊ တောင့်တ တာ ပဲ ။ အပျော်အပါး ဆိုရင် လည်း ပျော်ချင်တာပဲ ။ စကား များကြရင် လည်း ထစ်ခနဲ ဆို ရိုက်လိုက်ပြီ ၊ နှက် လိုက်ပြီပဲ ။ သူ က မိမိ ရဲ့ အတ္တ ရော ၊ မာနရော အပေါ်မှာ တောင့်တပြီး လိုတဲ့ ဟာတွေ ကို ဖြည့် တာပဲ ။ လူကြီး ကျတော့ ချိန်ဆ တယ် ။ လူငယ် က လာ စ ရင် ရိုက်မယ် ။ ဒေါသ ကို ပြန်ပြီး တုံ့ပြန်တတ်တယ် ။ လူကြီး ကျတော့ မရိုက်ဘူး ။ လူကြီးချင်း ပြောဆို ဖြေရှင်းတယ် ။ ဒီလို လုပ်တယ် ။

တိုင်းပြည် တစ်ပြည် ကို မကြည့်သေးဘဲ အိမ်ထောင်စု တစ်စု ကိုပဲ အရင် ကြည့်မယ် ဆိုရင် မိသားစု မှာ ငွေတစ်ရာ လောက် ပဲ ရှိတယ် ဆိုကြပါစို့ ။ လူငယ် က ကက်ဆက် လိုချင်တယ် ။ သူ့ တောင့်တချက် ကို လူကြီး က အလို လိုက်ရရင် သူများ ဆီ က ကြွေးမြီ တင်မယ် ။ ဒါ လူကြီး က ကြောင့်ကြတာ ။

အဲဒီတော့ လူကြီး က နေကြဦး ၊ မင်းတို့ လည်း စီးပွားရေးလေး ဝိုင်းဝက် ကူညီကြဦး ၊ ဒီ တစ်နွေ ဒီတစ် မိုး ကြာပြီး စီးပွားရေးလေး ပြေလည်တော့ ဝယ်ကြတာပေါ့ လို့ ပြောမယ် ။ အဲဒီ နှစ်မှာ လူကြီး က လည်း မလိုက်လျော ။ လူငယ်ကလည်း တောင့်တ ဆိုရင် ဒီ မိသားစု မှာ သားသမီး ဟာ ဆူရ ခက် ၊ ဆုံးမရ ခက် နဲ့ အိမ်ထောင်စု စိတ်မချမ်းသာစရာ ဖြစ် နိုင်တယ် ။

နောက် တစ်ခု က နိုင်ငံရေးပညာရှင် ရယ် ၊ အနုပညာရှင် ရယ် ၊ အတတ်ပညာရှင် ရယ် ၊ ဒီ သုံးဦး က လူငယ် ထဲ က လည်း ဖြစ်နိုင်တယ် ။ လူကြီး ထဲ ကလည်း ဖြစ်နိုင်တယ် ။

ဘယ်လို ဖြစ်လာသလဲ ဆိုတော့ လူငယ် က တက်ကြွတယ် ။ နိုင်ငံတကာ အရေးအခင်း ကြည့်မယ် ဆိုရင် လူငယ် က ဟာ ... ကျွန်တော်တို့ ကို လာ တိုက်ရင် ပစ်ချမှာပဲ ၊ ကိုယ့် အမျိုးကို တော့ အထိ မခံ နိုင်ဘူး ။ ဒါ လူငယ် စိတ် ။

တစ်ဖက် က လူကြီး က တော့ ဟ နေဦး ၊ ဒါ ငါတို့ သံတမန်နည်း နဲ့ ဖြေရှင်းမယ် ၊ ဒါမှမဟုတ် သည်းခံ နေမယ် ၊ ဒီလိုဖြစ်မယ် ၊ အကြောင့်ကြ လွန် သွားရင် လည်း ဆုံးရှုံးမှု ရှိတတ်တာပေါ့ဗျာ ။

ဒီလိုမှ မဟုတ်ဘဲ ဒါဟာ မတော်တဆ ဖြစ်တာလား ၊ တမင်တကာ စော်ကားတာလား ဆိုတာ ကို လူကြီး က ချင့်ချိန် နေတာ ကို လူငယ် က နားမလည်ဘဲ နဲ့ ကျွန်တော်တို့ ကို တီးရင် ပြန် တီးရမှာပဲ ဆို ရင်လည်း အကျယ် အကျယ် မငြိမ်းဖွယ် ပြဿနာ ပေါ်မယ် ။ ဒါကြောင့် ဒီ နှစ်ခု ဟာ မျှမျှတတ သဟဇာတ ဖြစ်ရမယ် ။

အတတ်ပညာရှင် ကတော့ ကိစ္စ မရှိပါဘူး ။ ကိုယ် ဆိုရင် မီးရထားလမ်း တွေ ကို အရှေ့အနောက် ၊ တောင် မြောက် ဒွေးလမ်း တင် မဟုတ်ဘူး ။ ခြောက်လိုင်း လောက်တောင် လုပ်ချင်တယ် ။ စက်မှုလက်မှု အလုပ်ရုံကြီး တွေ အကြီးအကျယ် လုပ်ပစ်ချင်တယ် ။ ရေကာတာတွေ ၊ ဆည်မြောင်းတွေ အများ ကြီး လုပ် ချင်တယ် ။ သီးနှံတွေ ကို နှစ်ထပ် တို့ သုံးထပ် တို့ စိုက် ပစ်ချင်တယ် ။

ဒါပေမဲ့ ပြဿနာ က ငွေကြေး ဟာ တည်ဆောက်မှုလုပ်ငန်း တစ်ခု တည်း အတွက် မဟုတ်ဘူး ။ နိုင်ငံရေး ၊ စီးပွားရေး ၊ ကာကွယ်ရေး ၊ လူမှုရေး စတဲ့ လုပ်ငန်းတွေ မှာ လည်း ခွဲဝေ သုံးရသေးတယ် ။ဒါ ကို နိုင်ငံရေး ပညာရှင် က မှ နားလည်တယ် ။ ဆောက်မယ့် အတတ်ပညာရှင် ကတော့ ဆောက်ဖို့ပဲ သိတယ် ။ ဗိသုကာ ပညာ ပြချင် တဲ့သူ က အထပ်ပေါင်း တစ်ရာ ရှိတဲ့ အဆောက်အအုံ ဆောက်ပြ ချင် တာပဲ ။ အင်ဂျင်နီယာ က လည်း သံ မသုံးဘဲ နဲ့ သစ်သား နဲ့ ဝါး နဲ့ သုံးပြီး သူ ဆောက်နိုင်ကြောင်း လုပ်ပြချင်တာပဲ ။ အကျိုး ရှိအောင် စေတနာ ထား လုပ်ချင်ကြတာတွေပေါ့လေ ။

သူတို့ လိုပဲ Artist က လည်း ထိုနည်း အတူပဲ တိုင်းပြည် အကျိုးစီးပွား အတွက် ပြောချင်တာတွေ ရှိ တာပဲ ။ သို့သော် တစ်ခါတစ်လေ ကျတော့ နိုင်ငံတကာ မူ အရ ထားရတဲ့ အချက်အလက်တွေ ရှိတော့ နေပါဦး ၊ မပြောပါနဲ့ ဦး တားရတာပဲ ၊ ဒါလည်း နိုင်ငံရေးပညာရှင် က ချိန်ဆ ရတာပဲ ။

ဒီ သုံးဦး ဟာ မျှမျှတတ ရှိဖို့ လိုတယ် ။ အကြောင့်ကြ လွန် သွားတဲ့ အခါ ကျ တော့ လည်း စော်ကား ခံ ရ တတ်တယ် ။ အတောင့်တ လွန်တဲ့ အခါ ကျတော့လည်း အကျိုး နည်းတယ် ။ ဒါကို ရေး ခဲ့တာပဲ ။ အဲဒီ သဘော ကိုပဲ ခုန က ကိုဝင်းငြိမ်း ပြော တဲ့ ရှင်မွေ့လွန်း ထဲ မှာ အလွန် အရေးကြီးတဲ့ အချက် တစ်ခု ပါသွားတယ် ။

ဇာတ်လိုက် နဲ့ ဦးမင်းစိန် နဲ့ ပျူနိုင်ငံ အကြောင်း ၊ ဘာအကြောင်း စကား ပြောကြတော့ ဦးမင်းစိန် က ပြောတယ် ။ ငါတို့ ဟာ တဲ့ မြန်မာနိုင်ငံ ရဲ့ အစအဦး ဟိုး ... ခရစ်တော် အပေါ်မီ ကတည်း က မြို့ပြ ပြည်ရွာ တည်ထောင် နေခဲ့ကြတယ် တဲ့ ။ အဲဒီ က နေ ဒီဘက် အနော်ရထာခေတ် အထိ ကြည့်လိုက် ရင် တို့ ကို အမြဲတမ်း ဒုက္ခပေးတဲ့ သူတွေ ဟာ အရှေ့ဘက် သို့မဟုတ် အရှေ့မြောက် ဘက် က လာတာ ချည်းပဲ ။ ဒါကြောင့် ဗိဿနိုး ကြည့်ကြည့် ၊ ဟန်လင်း ကြည့်ကြည့် ၊ သရေခေတ္တရာ ကြည့် ကြည့် အပျက်အစီးတွေ ကို ကြည့် ရင် အရှေ့ဘက် ၊ အရှေ့မြောက်ဘက် က လာတာ ချည်းပဲ ။ အဲဒီ တော့ အဲဒီ နေရာတွေ ဟာ ဒီလို ရန်သူ ဝင် တတ်တဲ့ နယ် ဆိုတာ သိရတယ် လို့ ထည့် ပြောခဲ့တယ် ။

အဲဒီတော့ အချစ်ဝတ္ထု ရေးတဲ့ ကြား ထဲ မှာ ပြောချင်တဲ့ လူမှုရေး ဆိုင်ရာ ကိစ္စတွေ ၊ တစ်တိုင်း တစ် ပြည်လုံး နဲ့ ဆိုင်တဲ့ နိုင်ငံရေး ၊ ယဉ်ကျေးမှု ကိစ္စတွေ ကို စာဖတ်သူ ဂရုပြုနိုင်ဖို့ ကိုယ် နည်းနည်း နည်းနည်း ထည့် ရေးခဲ့တယ် ။ အခု ရေးပြီး တဲ့ အုပ် နှစ်ဆယ် ၊ သုံးဆယ် ထဲ မှာ ဒီ ကိစ္စမျိုးတွေ ပြန် စု လိုက်ရင် ကိုယ် ထင်တယ် ။ စာမျက်နှာ ရှစ်ဆယ် လောက် ရမယ် ထင်တယ် ”

“ တမ်းတခြင်းများစွာဖြင့် ကို ပဲ ပြန် ဆက်ချင်ပါတယ် ။ ဒီ ဝတ္ထု မှာ မိန်းကလေး က အိမ် အောက်ထပ် မှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း အိပ် တယ် ။ အဲဒါကို အခွင့်ကောင်း ယူပြီး မင်းသား က ည ည မှာ ခေါ် သွားတယ် ။ မိန်းကလေး နဲ့ အတူ အိပ်ပြီး မနက် လင်းအားကြီး မှ ပြန် ပို့တယ် ။ ဒီလို ရေး ပြထားတော့ လွတ်လပ်မှု အပြည့်အဝ ရထားတဲ့ ခေတ် မိန်းကလေးတွေ အတွက် အတု ယူ မှားစရာများ ဖြစ် မနေဘူးလား ”

“ ဘယ်သူ ပြောတဲ့ စကားရယ် လို့ တော့ ကိုယ် မမှတ်မိဘူး ။ ဒါက လယ်တီဆရာတော်ကြီး ပဲ ပြော သလား ။ မန်လည်ဆရာတော် ပဲ ပြောသလား မသိဘူး ။ စကား တစ်ခွန်း ရှိတယ် ။ ' ရှုတတ်ရင် ဘာဝနာ - မရှုတတ်ရင် တဏှာ ' လို့ ဆိုတယ် ။ ဒီဟာ က တရားဓမ္မ ကိစ္စ တင်မဟုတ်ဘူး ။ အနုပညာ ကိစ္စ မှာ လည်း အလွန် အရေးကြီးပါတယ် ။

အနုပညာသည် က ထုတ်လုပ်တဲ့ ပုံစံ ၊ ထုတ်လုပ်တဲ့ အတိုင်းအတာ ဟာ အရေး ကြီးတယ် ၊ ငါးပါးသီလ မှာ သူတစ်ပါ ပစ္စည်း မခိုး နဲ့လို့ ပါတယ် ။ သူတစ်ပါးပစ္စည်း ခိုး ခဲ့ရင် လောက မှာ ပြစ်ဒဏ် ခံရမယ် ။ နောက် ဘဝ မှာ ငရဲ ကြမယ် ။ ဒါပေမဲ့ ဒါ ကို အနုပညာပုံကြမ်း လောင်းတော့မယ် ဆိုရင် သူခိုး ဆို တာ ပါ လာမယ် ။ ခိုး ခိုင်း ရမယ် ။

ဒီလို ခိုး တဲ့ အတွက် အပြစ်ဒဏ် ခံရမယ် ။ စိတ်ဆင်းရဲစရာတွေ ကြုံ ရမယ် ။ မကောင်းမှု ကျူးလွန်ခဲ့ တဲ့ အတွက် မကောင်းမှု ဒဏ် ခံရတာ ကို အနုပညာ နဲ့ ဖော်ပြမယ် ။ တစ်ဖက် က နေ သင်ခန်းစာ ပေး တာပဲ ။ အဲဒီ အတွေ့အကြုံ သင်ခန်းစာ ကနေ အနှစ်သာရ ကို ဆွဲ ထုတ်ယူရမယ် ။

ကောင်းသော သူ နဲ့ မကောင်းသော သူ တိုက်ပွဲ မှာ ဘယ်သူ အနိုင်ရမလဲ ဆိုတာ ကြည့်ရင် ကောင်းသော သူ က အနိုင် ရ မှာပဲ ။ ကောင်းသော သူ ကို အနိုင် ပေးရမှာ ။ ငါ့ရာ့ငါးဆယ်နိပါတ်တော် ကို ပြန် ဖတ်မယ် ။ ဇာတကတွေ ကို ပြန် ဖတ်မယ် ။ တခြား သုတ္တန် ပိဋကတ်တွေ ကို ပြန် ဖတ်မယ် ဆိုရင် လည်း အဲဒီမှာ ဇာတ်ကြောင်းတွေ အားလုံး ဟာ မကောင်းမှု ကို ရှောင်ကြဉ်စေလို တဲ့ ရည်ရွယ်ချက် တွေ တွေ့ရမယ် ၊ မကောင်းမှု ကို ရှောင်ကြဉ်စေလိုတာ နဲ့ အမျှ မကောင်းမှုဒဏ်တွေ ဘယ်လို ခံရ တတ်တယ် ဆိုတာ ပြရမယ် ။

ခုနက ကိုဝင်းငြိမ်း ပြောတဲ့ ပြစ်မှုမျိုး ခင်မေဦး က ကျူးလွန်ခဲ့တယ် ။ မကောင်းမှု ကြောင့် သူ့ တစ်သက်လုံး စိတ်ဆင်းရဲ မှု ကြုံရတယ် ။ နေရ ထိုင်ရတဲ့ ဘဝ မလုံခြုံဘူး ။ ဝင်းနိုင်သော် က ဘယ်တော့များ လက်စား ချေတော့မှာလဲ လို့ သူ့ မှာ တထိတ်ထိတ် ဖြစ် နေရတယ် ။ ဒါ စောစော က ပြောတဲ့ မကောင်းမှု ရဲ့ ပြစ်ဒဏ်တွေ ခံ နေရတာပဲ ။ ဒါတွေ ကို ပြဖို့ အတွက် စောစောက မကောင်းမှုမျိုး ကို ကျူးလွန် ခိုင်းလိုက်ရတာပဲ ။

ဒါပေမဲ့ စာရေးဆရာ က တင်ပြတဲ့ နေရာ မှာ ရာဇဝတ်မှု သည် ကောင်းကျိုး မပြု ၊ လက်စား ချေခြင်း သည် မကောင်း ၊ ကိုယ့်ကျင့်တရား ပျက်ပြားခြင်းသည် မကောင်း ၊ အချစ်ရေး သစ္စာဖောက်ခြင်း .... အိမ်ထောင်ရေး သစ္စာဖောက်ခြင်း သည် မကောင်း ဆိုပြီး ဝတ္ထု ကို အခန်း တစ်ရာ ရေးမယ် ၊ စာမျက်နှာ တစ်ထောင် ရေးမယ် ၊ ဒါပေမဲ့ အခန်း တစ် ကနေ ကိုးဆယ့်ကိုး အထိ မကောင်းမှု ကျူးလွန်ပုံတွေ ၊ ကိုယ်ကျင့်တရား ပျက်ပြားပုံတွေ ကို ဖတ်တဲ့သူတွေ သွေး ကြွအောင် ၊ သဘော ကျအောင် ၊ နှစ်သက် အောင် ရေးပြီး အခန်း တစ်ရာ နောက်ဆုံး စာမျက်နှာ ကျ တော့မှ ဤသို့ဖြင့် သူတို့ သည် နောင်တ တရား ရကာ ပြုပြင် နေထိုင် သွားကြလေသတည်း ဆိုရင်တော့ တင်ပြမှု အချိုးအစား မှားတယ် ။ တင်ပြမှုဆိုင်ရာ အချိုးအစား မမှားဖို့ အရေး ကြီးပါတယ် ”

“ ဆရာ အမျိုးသားစာပေဆု ရတာ ဘယ်နှခုနှစ် က ပါလဲ ”

“ ၁၉၇၃ ခုနှစ် အတွက် ၇၄ ခုနှစ် မှာ ရတယ် ။ ဒါပေမဲ့ ၇၄ မှာ မကျင်းပ ဖြစ်လို့ လေ့လာခဲ့တယ်လို့ ကြားမိပါတယ် ”

“ ငွေတောင် အတွက် ရခဲ့တာနော် ။ ဒီ စာအုပ် အတွက် ဆရာ တော်တော် ကြာအောင် လေ့လာခဲ့တယ် လို့ ကြားမိ ပါတယ် ”

“ ခြောက်နှစ် ကျော်ကျော် လေ့လာခဲ့ပါတယ် ။ ရေးတာ က လေးလ လောက် ကြာခဲ့တယ် ။ အဲဒါက လည်း ဒီ ‘ ငွေတောင် ’ ရေးဖို့ အတွက် အကူအညီ ပေးတဲ့ ၊ ရရှိတဲ့ အထောက်အတား တွေက အဓိက ကတော့ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် ၊ နောက် ရာနာခရစ်ရှနာ စာကြည့်တိုက် ၊ နောက် ရန်ကုန် တက္ကသိုလ် ပါဠိဌာန ၊ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနဌာန စာကြည့်တိုက် တို့ က ရခဲ့တာပါပဲ ။ တချို့ ရှားပါးတာ တွေ ကတော့ ဂျာမနီ ၊ အမေရိက နဲ့ ဂျပန် မှာ ရှိတဲ့ မိတ်ဆွေတွေ က ဟို ကနေ မိုက္ကရိုဖလင်တွေ နဲ့ ကူးပြီး ပို့ပေးကြပါတယ် ။

အဓိက ပြောချင်တာကတော့ ကိုယ် ပြုစုတဲ့ ‘ ငွေတောင် ’ ဟာ တက္ကသိုလ် စာကြည့်တိုက် သာ မရှိ ရင် ဗမာပြည် မှာ ပြုစုလို့ ရနိုင်စရာ မရှိဘူး ။ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်း ဟာ အဲဒီက ရခဲ့တာ ၊ ငွေတောင် ကို မရေးခင် ပညာပဒေသာ မှာ စာတမ်း တော်တော်များများ ရေးခဲ့သေးတယ် ။

ငွေတောင် မှာ က ဘာ ပြဿနာ ပေါ်သလဲ ဆိုတော့ အထောက်အထား ရှာရတာပဲ ၊ ခုတော့ ပြည့်စုံသွားပါပြီ ။ ဒုတိယ အကြိမ် ထုတ်ဝေရင် အထောက်အထား အပြည့်အစုံ ထည့် နိုင်ပြီ ။ ပထမအကြိမ် ထုတ်တုန်းက တိဗက်မူ ၊ တရုတ်မူ တွေ မပြနိုင်ခဲ့ဘူး ။ အခု ပြ နိုင်ပြီ ။

သူတေသန ကိစ္စ နဲ့ ပတ်သက်လို့ ကိုယ် က တော်တော်များများ ပြောချင်တယ် ။ ဘာလဲ ဆိုတော့ ကိုယ်တို့ အလုပ် လုပ်တဲ့ အချိန် က လူငယ်တွေ ၊ ကျောင်းသားတွေ ၊ နည်းပြဆရာများများ တက်တက် ကြွကြွ စည်းစည်း လုံးလုံး လုပ်ကြတယ် ။ အခု နောက်ပိုင်းမှာ တော့ အသက် နှစ်ဆယ် နဲ့ သုံးဆယ် ကြား လူငယ် တွေ မှာ သုတေသန ကိစ္စ အပြောအဆို တော်တော် နည်းပါးသွားတာ တွေ့ရတယ် ။ ဒါ ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စပဲ ။

နောက် တစ်ချက် က လူငယ် သူတေသီမျိုးဆက် ပျောက်များ ပျောက်သွား မလားလို့ ကြောင့်ကြ မိတယ် ။ သုတေုသန လုပ်ငန်း နဲ့ ပတ်သက်လို့ ကျေးဇူး ကြီးတာ ပြောရရင် တက္ကသိုလ် စာကြည့်တိုက် က ဝန်ထမ်း တွေ နဲ့ စာကြည့်တိုက်မှူးတွေ ဟာ ဝါသနာ အလျောက် ဒီ အလုပ် ကို လုပ် နေကြတာ ။ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနေ နဲ့ လုပ်နေကြတာ မဟုတ်ဘူး ၊ ခုလည်း တစ်ပြည်လုံး မှာ ပေပုရပိုက် ရှိတယ် လို့ ကြားတဲ့ နေရာ သူတို့ သွားရှာ ၊ စုဆောင်း ၊ အဲဒီလို လုပ်နေကြတာ ။ အဲဒီတော့ လူငယ်တွေ အနေနဲ့ သုတေသနလုပ်ငန်း ကို စိတ်ဝင်စားသင့်တယ် လို့ ကိုယ် ထင်တယ် ”

“ ခု ကျွန်တော်တို့ မြန်မာစာပေလောက မှာ ဘာသာပြန် ၊ လျှို့ဝှက်သည်းဖို ၊ အခုန်အပျံ ၊ အကျော်အလွှား ၊ အချစ် စသဖြင့်ပေါ့လေ ။ လိုင်းပေါင်းစုံ ရှိပါတယ် ။ အဲဒီတော့ ၊ မျက်မှောင်ခေတ် မြန်မာစာပေအပေါ် ဆရာ ဘယ်လိုများ မြင်မိပါသလဲ ”

“ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ၊ အစိတ် လောက် က ဆရာဇော်ဂျီ ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ် ၊ ရသစာပေ နိဒါန်း ထဲ မှာ ပြန် ထည့်ထားပါတယ် ။ အဲဒီ ဆောင်းပါး ကို ပဲ ကိုးကားပြီး ပြန် ပြောရရင် ၊ ကိုးကားချက် ပေါ့လေ ...

  [ အပျော်ဖတ် စာပေမျိုး သည် မည်သည့် နိုင်ငံ၌ မဆို ရှိမြဲ ဖြစ်ပါသည် ။ ရှိလည်း ရှိ ထိုက်ပါသည် ။ သို့ရာတွင် မျက်မှောက် ခေတ် မြန်မာစာပေ တွင် အပျော်ဖတ် စာပေမျိုး မှာ ရှိသင့်သည် ထက် ပိုကဲ၍ ဘဝအမြင် အသိ စာပေမျိုးသည် ရှိသင့်သည် ထက် နည်းနေသေးသည် ဟု ထင်ပါသည် ။ ]

အဲဒီလို သုံးသပ် ထားတယ် ။ အဲဒီ သုံးသပ်ချက် အတိုင်းပဲ အပျော်ဖတ် စာပေမျိုး ဟာ ခက် တာ က အပျော်ဖတ် စာပေ ဆိုတဲ့ နေရာ မှာ သိုင်းဝတ္ထုတွေ ဖတ်လို့ ကောင်းပါတယ် ။ ကိုယ် လည်း ဖတ် ပါတယ် ။ ရုပ်ပြ တွေ လည်း ဖတ်ပါတယ် ။ အချစ်ဝတ္ထု လို့ နာမည် တပ်ပြီး သမီးရည်းစားဘွဲ့ ရေးတဲ့ ဟာ တွေလည်း ဖတ်ပါတယ် ။ ဒါပေမဲ့ ဘဝ နဲ့ အပျော်ဖတ် စာပေ မှာ အလေးအနက် ပြတာ နည်းတယ် ။

နောက် တစ်ခု က လူ့ ဘဝကြီး ဟာ တန်ဖိုး ရှိတယ် ။ အများ အတွက် အလုပ် လုပ်ပေးရမယ် ။ စိတ်ကောင်း နှလုံးကောင်း ထား တတ်ရမယ် ။ ဒါတွေဟာ လူတွေ ကျင့် ရမယ့် အကျင့်တရား ပဲ ဖြစ်တယ် ဆိုတဲ့ အတွေး အခေါ် မျိုးကို ပြတဲ့ ဝတ္ထု က နည်းတယ် ။ အပျော်ဖတ်စာ ကို နှိမ့်ချစရာ မလိုပါဘူး ။ အပျော်ဖတ် တဲ့ စာ ဟာ စာ ဖတ်တတ်ခါ စ လူ အတွက် အလိုအလျောက် ပေးထားတဲ့ ကျူရှင် ပဲ ။ ဒါတွေ တဖြည်းဖြည်း ဖတ်ရင်း နောက်တိုး ဖတ် သွားဖို့ပဲရှိတယ် ။ ကိုယ် ကတော့ ဒီလိုပဲ မြင်တယ် ။

ကိုယ်တို့ မြန်မာစာပေ လောက မှာ အပျော်ဖတ် စာပေ က များနေတယ် ။ လူတွေ ရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ၊ အများ နဲ့ ပတ်သက်တဲ့ ၊ ကိုယ် နဲ့ တစ်ရေတည်း ၊ တစ်မြေတည်း ပေါ်မှာ နေကြတဲ့ သူ လည်း နည်းပါတယ် ။ ဖတ်တဲ့ သူ က အလေးအနက် ထားပြီး ဖတ်ရမယ့် စာမျိုး ထက် ခပ်ပေါ့ပေါ့ ဖတ်လို့ ရတဲ့ စာမျိုး ကို ဖတ်တာ ပို များတယ် ။ ဒါကြောင့် ရေးတဲ့ သူ နဲ့ ဖတ်တဲ့ သူ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်ကြရင် တော်တော် နိမ့်နေတဲ့ အပျော်ဖတ် စာပေဟာ မြင့် လာတဲ့ အပျော်ဖတ် စာပေ ဖြစ် လာနိုင်ပါလိမ့်မယ် ။ ဘာသာပြန်တွေ ကလည်း ဂန္ထဝင် လို လေးနက်တဲ့ စာမျိုး အပြန် များ လာရင် ကောင်းမယ် ။ အပျော်ဖတ် စာ ဆိုတဲ့ နေရာ မှာ အချစ်ဝတ္ထု ရယ် ၊ ဘာရယ် မခွဲပါဘူး ။ တဂိုးကဗျာတွေ ဟာ လူ မှာ ရှိတဲ့ ကောင်းသော မနသီကာရ ရဲ့ ဂုဏ် ကို ဖွဲ့တယ် ။ ဒါပေမဲ့ ဖတ်ပြီး ပြီးရော လွှင်ပစ်ရမယ့် စာမျိုး များ လာရင်တော့ မကောင်းဘူး ။ ဖတ်ပြီး တစ်စုံတစ်ရာ လေးလေးနက်နက် တွေးစရာ ရစေ ရမယ် ”

“ စာကောင်း တစ်ပုဒ် ... ဝတ္ထု ဖြစ်ဖြစ် ၊ ဆောင်းပါး ပဲ ဖြစ်ဖြစ်ပေါ့ ဆရာ ။ ဖန်တီးဖို့ ဘယ်လို ကြိုးစားရမလဲ ဆရာ ”

“ အဲဒီဟာ က ၁၉၆၅ ခုနှစ် လောက် က ကျွန်တော် စာတွေ အလေ့အကျင့် လုပ်ပြီး ရေးနေတဲ့ အချိန် ။ ကျွန်တော့် ဆရာ ဆရာဇော်ဂျီ ကို မေးမြန်းဖူး ပါတယ် ။ ဆရာ ... ကျွန်တော် စာ ကောင်းကောင်း ရေးချင်တယ် လို့ ။ အဲဒီတော့ ဆရာ က စာကောင်း ရေးချင်ရင် စိတ်ကောင်း မွေးရမယ် လို့ ပြောတယ် ။ ဒီတော့ ကျွန်တော် က ဒီ စကား ဟာ အင်မတန် ဘာသာရေး ဆန်ပါလား ၊ ကိုယ်ကျင့်တရားရေး ဆန် ပါလား လို့ တွေးမိတယ် ။ ကျွန်တော် ကောင်းကောင်း နားမလည် လို့ ဆရာ့ ကို ပြန် မေးတယ် ။

ဆရာ ... ကျွန်တော် စိတ်ကောင်း မွေးရမယ် ဆိုတော့ ... ဆိုကြပါစို့ ဆရာ ရယ် ။ ဒီနေ့ ကျွန်တော်တို့ နိုင်ငံ ဟာ ဆိုရှယ်လစ်စနစ် နဲ့ ချီတက် ကြမယ် ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံ လုပ်သားပြည်သူတွေ နဲ့ ကိုက်ညီတယ်လို့ ရွေးထား တဲ့ စနစ် ။ အရင်းရှင် က ကျွန်တော် တို့ ကို လာ တိုက်မယ် ။ အဲဒီတော့ ကျွန်တော် က ငါ ဒီ အရင်းရှင် ကို ပြန် တိုက်ရင် သူ သေ မှာပဲ ။ သူ ဒုက္ခ ရောက်မှာပဲ ဆိုပြီး သူ့ အပေါ် ကို စိတ်ကောင်း နှလုံးကောင်း မွေးရမလား လို့ ကျွန်တော် က မေးတယ် ။

ဒီတော့ ဆရာ က မင်း ဟာ တဲ့ ... ဘယ်သူ ရဲ့ အကျိုးစီးပွား ကို လိုလားတဲ့ စိတ် ရှိသလဲ တဲ့ ။ ကျွန်တော် က ပြည်သူ တွေ ရဲ့ အကျိုးစီးပွား ကို လိုလားတာပေါ့ လို့ ၊ ဒါဆိုရင် မိမိ အကျိုး လို သူ အတွက် ထားရမည့် စိတ် ၊ အဲဒီ စိတ် ကို ကောင်းကောင်း ထား ရမယ် ။ မိမိ နဲ့ တကွ တစ်ရေတည်း တစ်မြေတည်း နေကြတဲ့ တိုင်းရင်းသားတွေ ၊ ငါ နဲ့ နေတဲ့ ပြည်သူတွေ ၊ ငါ လည်း ပါဝင်တဲ့ ဒီ နိုင်ငံကြီး ရဲ့အကျိုးစီပွား ကို ထိခဲ့သည် ရှိသော် ငါ အလိုမရှိဘူး ဆိုတဲ့ စိတ် မင်း ဖြစ်ပေါ်လာမယ် ။ အဲဒီလို ဆိုတာနဲ့ အမျှ မိမိ စိတ် နှလုံး သည် ကောင်းသော သူတွေ ဘက် ကိန်းဝပ်ပြီး ရေးတတ် လာလိမ့်မယ် ။

တစ်ဦး ချင်း ကျင့်စဉ် ကလည်း မကောင်းတဲ့ စကား မပြောဘူး ။ သူ တစ်ပါး ဒုက္ခ ရောက်အောင် မလုပ်ဘူး ။ သူ တစ်ပါး ကို ခြေ မထိုးဘူး ။ သူတစ်ပါး မျက်ရည်ပေါက် ကြီးငယ် ကျ မှ အလိုလို သန့်ရှင်း စင်ကြယ် လာလိမ့်မယ် ။ အဲဒီလို သန့်ရှင်းစင်ကြယ် ကြည်လင် နေတဲ့ အချိန် မှာ မင်း ရေးတဲ့ စာ ၊ မင်း ဖန်တီး တဲ့ ဇာတ်ကောင်များ ဟာ လောက ထဲ မှာ နေ တတ် တဲ့ ဇာတ်ကောင်တွေ ၊လောက ထဲ မှာ နေ ရဲ တဲ့ ဇာတ်ကောင်တွေ ဖြစ် လာ လိမ့်မယ် ။ အဲဒီလို ဆရာ က ဆွေးနွေး ခဲ့ ဖူးတယ် ။

စာကောင်း ရေး ချင် ရင် စိတ်နှလုံးကောင်း မွေးပါ ဆိုတာ က ကိုယ် စိတ် ကောင်း ထားတယ် ဆိုတဲ့ အတွက် ကြောင့် အသည်းနှလုံး ဟာ ကြည်ကြည်လင်လင် ဖြစ်နေတဲ့ အတွက် ရေး ရတာ အလွန်  ကြည်ကြည် လင်လင် ရှိတယ် ။ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် လည်း ရှိတယ် ။ မိမိ အလုပ် မှာ စိတ်ပျံ့လွင့်မှု လည်း မရှိဘူး ။ အဲဒီလို စာကောင်း ရေး ချင် ရင် စိတ်ကောင်း ထားပါ ဆိုတာက ရံဖန်ရံခါ ဝတ္ထု ရေးခါနီး မှ ထားခိုင်းတာ မဟုတ်ဘူးလို့ ကိုယ် သဘော ပေါက်တယ် ။ မိမိ ခေါင်း ပေါ် က ဆံပင် ဟာ ဘယ်တော့မှ ပျောက်သွားခြင်း မရှိဘူး ။ မိမိ မျက်လုံး ဟာ လည်း မိမိ မျက်နှာ ပေါ် က ဘယ်တော့မှ ပျောက်သွားခြင်း မရှိဘူး ။ တော်တော်ကြာ ပျောက်သွား လိုက် ၊ တော်တော်ကြာ ပြန် ရောက်လာလိုက် မဟုတ်ဘူး ။ အမြဲတစေ ရှိနေတာ ။ အဲဒီလိုပဲ စိတ်ကောင်းမွေးပါ ဆိုတာ ဟာလည်း အမြဲတစေ မွေးဖို့ လို အပ်ပါတယ် ။ အမြဲတမ်း မွေးနိုင်အောင် ကျွန်တော် လေ့ကျင့် နေတုန်းပါပဲ ။

ဒီလို စိတ်ကောင်း မွေးခြင်း အားဖြင့် ကိုယ့် ဇာတ်ကောင်တွေ ဖန်တီးတဲ့ နေရာမှာ ကိုယ့် ကိုယ်တွေ့ နည်းနည်း ပြော ချင်တယ် ။ ဘာလဲ ဆိုတော့ ဝတ္ထု ထဲ မှာ ဇာတ်လိုက် ကို ဆန့်ကျင် ဖို့ အဆိုး ဆိုတာ ပေါ် လာရတယ် ။ အဲဒီ ဇာတ်ကောင် ကို လူဆိုး ပဲ လို့ ကိုယ် က မုန်းတယ် ။ ဒါပေမဲ့ သူ ဟာ သူ့ ရဲ့ အဆိုး အတိုင်း ကာယကံ ၊ ဝစီကံ ၊ မနောကံ နဲ့ က တဲ့ အခါ မှာ ကိုယ် က လူဆိုး ကို  ‘ လူဆိုး ၏ မျက်ခွက်ကြီး ကား ’လို့ မသုံးတော့ဘူး ။ ဇာတ်လိုက် ကျ မှ  ‘ ဇာတ်လိုက် ၏ မျက်နှာကလေး ကား ... ’ လို့ မရေး တော့ဘူး ။ ဒီနေရာ မှာ ဒီဇာတ်ကောင် အားလုံး ဟာ မိမိ ဖန်တီး တဲ့ မိမိ သားသမီးများ သာ ဖြစ်တယ် ။

ဆိုး တဲ့ လူ ကို ဆိုး သလို ၊ ကောင်း တဲ့ သူ ကို ကောင်း သလို ကြည့်ရ ၊ ရှုရတယ် ။ ဆိုး တဲ့ လူ ကို ဆိုးတဲ့ အကြောင်း ဧည့်သည် လာ ရင် ပြောလို့ မရသလို ဒီ အပေါ်မှာ ကိုယ် က ဆိုးခြင်း ကောင်းခြင်း ကို ကြည့် ပြီးတော့ စာရေးဆရာ က ထည့် တဲ့ အာဃာတ အနည်းဆုံး လွတ်အောင် ကိုယ် ရှောင်တယ် ။ ဒီနေရာ မှာလည်း စာ ကောင်း ရေးခြင်း နဲ့ ပတ်သက် ပြီး ဆရာဇော်ဂျီ့  စာ တချို့ ကိုကျွန်တော် ကိုးကား ချင်တယ် ။

ကျွန်တော် တို့ ဆီ မှာ ဝတ္ထု ဆိုတာ ဖေတော့ မောင်တော့ တွေ ဆိုပြီး နှိမ်ကြတယ် ။ ဝတ္ထု ဆိုတာဟာ လူငယ်လူရွယ်တွေ ကို ပျင်စီးစေတယ် လို့ ထင် ကြတယ် ။ ကျွန်တော်တို့ ငယ်ငယ်တုန်း ကလည်း ဝတ္ထု ဖတ်တာ ကို အတား ခံခဲ့ရတယ် ။ အဲဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ ဝတ္ထု ထဲမှာ ညစ်ညမ်းတဲ့ အကြောင်းအရာတွေ ၊ ဆိုးရွားတာကို အတုယူ စိတ် ဖြစ်စေတဲ့ စာရေးဆရာ ရဲ့ တင်ပြမှုတွေ ကြောင့် ဝတ္ထု အများစု မှာ ဒီ ဂုဏ်သိက္ခာ ကို ထိပါးသွားတယ် ။ ဒါပေမဲ့ စာကောင်း ပေကောင်း ရဲ့ ဂုဏ်သိက္ခာ ကို ထိပါး မခံနိုင်တဲ့ ဝတ္ထုတွေ အများကြီး ရှိပါတယ် ။

ဥပမာ - စံပယ်ပင် လို ဝတ္ထုမျိုး ၊ မှာတော်ပုံ လို ဟာမျိုး ။ သူ က ဝတ္ထု ရဲ့ ပကတိဂုဏ် ကို အထိ မခံနိုင်ဘူး ။ ဝတ္ထု ဂုဏ်သိက္ခာ ကျစေတဲ့ - ဝတ္ထုတွေ ကို ရေးတဲ့ သူတွေ က ဒီ သမာအာဇီဝ ကျတဲ့ လုပ်ငန်း နဲ့ အသက် မွေးတော့မယ် ။ မိမိ တတ်ကျွမ်းတဲ့ အနုပညာ နဲ့ ပြည်သူ ကို အလုပ်အကျွေး ပြုတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ထက် ဘာမှ လုပ်စရာ အလုပ်အကိုင် မရှိတော့လို့ ကလေကဝ ဖြစ်ပြီးတော့ သေစာရှင်စာ မျှ လောက် ရေးတတ်ရင် ငါ ဟာ စာ ရေးလို့ ရတယ် ဆိုတဲ့ လူမျိုး ဒီ လောက ရောက် လာရင် သူ ဟာ ဝတ္ထု ရေးတာ ကိုလည်း မကျွမ်းကျင် ..  အစဉ်အလာ ကို လည်း ဆက်ခံရ ကောင်းမှန်း မသိတဲ့ အခါ ကျတော့ သူတို့ ဝတ္ထုတွေ ဟာ ဖေတော့ မောင်တော့ ဝတ္ထုတွေ လို့ ပြောစရာ ဖြစ် လာတာပေါ့ ၊ တကယ်တော့ ရသစာပေ ဟာ ဆရာဇော်ဂျီ စကား ကိုးကား ပြောရရင်...

    မည်သည့် နိုင်ငံ၌ မဆို ကဗျာ ၊ လင်္ကာ ၊ ပြဇာတ် ၊ ဝတ္ထု .. စသောအဖွဲ့များသည် အထက်တန်း ကျသော ယဉ်ကျေးမှု တစ်ခု ဖြစ်ပါသည် ။ တိုင်းသူပြည်သား လူအများ ၏ သီလ သမာဓိများ တိုးတက်မှု ၊ ဆုတ်ယုတ်မှု သည် ထို အဖွဲ့မျိုး ၏ အရည်အသွေး ကို မှီ နေသည် ဟု ယူဆအပ်ပါသည် ။ ထိုအဖွဲ့ တို့ သည် အရည်အသွေး ညံ့လျှင် နိုင်ငံ ၏ သီလ ၊ သမာဓိ ၊ ပညာ ညံ့ တတ်ပါသည် ။ ထို အဖွဲ့တို့ ၏ အရည်အသွေး ကောင်း လျှင် နိုင်ငံ ၏ သီလ ၊ သမာဓိ ၊ ပညာ ကောင်း တတ်ပါသည် ။

ဒီ သဘော ပါပဲ ။ ကျွန်တော်တို့ ဖတ် နေတဲ့ အထဲ က အယူအဆတွေ ၊ လူမှုရေးဆိုင်ရာ အယူအဆ ၊ စီးပွားရေး ဆိုင်ရာ အယူအဆ ၊ လူမှုဆက်ဆံရေး နေ့စဉ် တစ်ဦးချင်း အယူအဆတွေ အားလုံး အပေါ် ကြည့်တဲ့ အခါ မှာ အဲဒီ ဇာတ်ကောင်များ ရဲ့ လိုက်နာတဲ့ ကာယကံ ၊ ဝစီကံ ၊ မနောကံ ၊ ကံ သုံးပါးဟာ အောက်တန်း ကျရင် အဲဒီ စာရေးဆရာ ရဲ့ အယူအဆ ဟာ အောက်တန်း ကျတာပဲ ။ သူတို့ ရဲ့ အယူအဆ အတွေးအခေါ် ဟာ အဆင့်အတန်း မြင့်တယ် ဆိုရင် လက်ရှိ စာရေးဆရာတွေ ရဲ့ အတွေးအခေါ် ဟာ အဆင့်အတန်း မြင့် တာပဲ ။ ဒါပါပဲ ”

“ အခု နောက်ပိုင်း မှာ စာပေ ဘက် မှာ ရော ၊ ရုပ်ရှင် ဘက် မှာ ရော ဂီတ ဘက် မှာ ပါ ဝေဖန်ရေးတွေ တော်တော် ခေတ်စား လာတယ် ။ ဆရာ့ အမြင် မှာ စာပေဝေဖန်ရေး ကို ဘယ်လို သဘော ရပါသလဲ ”

“ ဒီ လုပ်ငန်း ဟာ တော်တော် ခက်တဲ့ လုပ်ငန်းပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဝတ္ထု ရေး နေရတဲ့ စာရေး ဆရာ ပင်လျှင် မိမိ ဝတ္ထုကို ပြန် ဝေဖန်ပါ ဆိုရင် တော်တော် အခက်အခဲ တွေ့တယ် ။ ဝေဖန်ရေး မှာ အခြေခံ စည်းမျဉ်း တွေ ရှိတယ် ။ နည်းနာတွေ ရှိတယ် ။ အဲဒီလို စည်းကမ်းတွေ နည်းနာ တွေ နဲ့ ဝေဖန်တယ် ဆိုတာ က ပညာရပ် တစ်ခု ပဲ ဖြစ်တယ် ။ ကမ္ဘာ့ တက္ကသိုလ်တွေ မှာ စာပေ ဝေဖန်ရေး ဆိုတာ ဘာသာရပ် တစ်ခု အနေ နဲ့ ကို ဖွင့် ထားတာ ။ သူ့ မှာ အလွန် ကျယ်ပြန့် တဲ့ အဆို အမိန့်တွေ ၊ နည်းနာတွေ ရှိတယ် ။ ဝေဖန်ရေး ဆရာ တစ်ယောက် က ဝတ္ထု ဝေဖန် တော့မယ် ဆိုရင် သူ က မနက်ဖြန် ဝေဖန် မှာ ၊ ဒီနေ့ ထ ဖတ်လို့ မရဘူး ။ ကျွန်တော် တို့ ဆီ မှာ ဝတ္ထု စတင် ပေါ်ပေါက်တဲ့ “ မောင်ရင်မောင် ၊ မမယ်မ ” က အစ ဒီနေ့ ဝတ္ထုတွေ အထိ ဝတ္ထုတွေ ရဲ့ အဓိက လမ်းကြောင်းတွေ Trank တွေ ကို သိရမယ် ။ စာပေ အယူအဆ သဘောထား တွေ ကို သိ ရမယ် ။ မြန်မာလူမျိုးများ က ဝတ္ထု ဆိုတာ ပေါ်ပေါက် လာချိန် က စပြီးတော့ ဘယ်လို ယူဆတယ် ဆိုတာ သိရမယ် ။

နိုင်ငံတကာ မှာ ဘယ်လို နည်းနာ နဲ့ ဝေဖန်သလဲ ဆိုတော့ တချို့ကျတော့ စာရင်းဇယားဗေဒ နဲ့ ဝေဖန် တယ် ။ တချို့ကျတော့ ဘာသာဗေဒနည်း နဲ့ ဝေဖန်တယ် ။ တချို့က ပုံသဏ္ဍာန် ကို လေ့လာတယ် ။ တချို့က အထဲ ထဲ က အကြောင်းအရာ ကို လေ့လာတယ် ။ ဒီလို လေ့လာတဲ့ နည်းတွေ ရှိတယ် ဆိုတာ သိရမယ် ။ အဲဒီတော့ ဒီ အလုပ် က တော်တော် ခက်ပါတယ် ။ အချိန် လည်း သိပ် ယူရပါတယ် ။ ပြီးတော့ ဝေဖန်ရေးဆရာ ဆိုတာ ကိုယ့် အတွက် မဝေဖန်ရဘူး ၊ ဖတ်တဲ့ သူ အတွက် ၊ ရေးတဲ့ သူ အတွက် ဒီ နှစ် ယောက် အတွက်ပဲ ဝေဖန် ရမယ် ။ ဖတ်တဲ့သူ အတွက် ပဲ ဝေဖန် ရမယ် ။ ဖတ် တဲ့ သူ အတွက် ကျတော့ လမ်းကြောင်း မီးမောင်း ထိုးပြပေးရမယ် ။

ဒီ လှည်း ကတော့ သွား နေပြီ ။ သွားရင်း သွားရင်း နဲ့ တောနက် ထဲ မှာ သူ လမ်းကြောင်း ပျောက် နေပြီ ။ တောင်ကုန်း တွေ ကြား ရောက်နေပြီ ဆိုတာ ရေးတဲ့ လူ ကို လှမ်းပြီး သတိ ပေးရမယ် ။ ခုနက ဖတ် တဲ့ လူ ကလည်း ဪ ... သူ ဒီလို ပြတဲ့ အခါ ကျတော့ ဒီလို မြင်ပါကလား ။ ကျွန်တော်တို့ ခုန က ပြော သလို ဝတ္ထု ထဲ မှာ မှား တတ်တဲ့ အချက်များ ကို စာရေးဆရာ က ပြကွက် ကြိုက်လို့ ၊ ဇာတ်ကောင် စရိုက် ကြိုက် လို့ လုပ်လိုက်ပြီ ဆိုရင် တစ်ဖက် က ခေါင်း ဘက် က ကြည့်ပြီး လုပ် လိုက်ပေမယ့် ဝေဖန်ရေး ဆရာ ကျတော့ ခေါင်း ဘက် ကရော ပန်း ဘက် ကပါ ကြည့်တတ် ရမယ် ။

ခု ကျွန်တော် တို့ ဆီမှာ လုပ်နေကြတဲ့ ဝေဖန်ရေးတွေ နဲ့ ပတ်သက်ပြီး ဒီနေရာ က ကြုံတုန်း စာနယ်ဇင်း သမားတွေ ကို တောင်းပန် ချင်ပါတယ် ။ စာနယ်ဇင်းသမား တွေ ရော ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များက ပုဂ္ဂိုလ်တွေ ရော ၊ စာပေလုပ်သား အဖွဲ့အစည်းများ က ပုဂ္ဂိုလ်တွေ ရော ၊ စာရေးဆရာတွေ ရော စာဖတ်သူ တွေ ကို ပါ ငါးဦး စလုံး ကို တောင်းပန်ပါတယ် ။ စာပေဝေဖန်ရေး အလုပ် ကို ဝိုင်းဝန်းပြီး လုပ်ကြပါ ။

အနည်းဆုံး ကျွန်တော်တို့ ဝတ္ထု ဆိုတာ ဘာလဲ ဆိုတဲ့ အခြေခံ ကကြီး ၊ ခကွေး စာအုပ်တော့ လိုအပ် ပါတယ် ။ ဝတ္ထု ရဲ့ သဘောတရား ဟာ ဘာလဲ ဆိုတာ ပြောတဲ့ စာအုပ်တွေ ရှိပါတယ် ။ ထွက်လာတဲ့ ဝတ္ထုတွေ ထဲ ဘယ် ဝတ္ထုတွေ ၊ ဘယ် ဝတ္ထုတွေ ဟာဖြင့် ဘယ်ကဲ့သို့ ရှိတယ် ဆိုတဲ့ စာအုပ် ဝေဖန်ချက် လောက်တောင် မှ အင်မတန် နည်းပါးတဲ့ အဆင့် ရောက် နေတယ် ။ ရသစာပေ စ ပြီး ဖတ်တဲ့ လူငယ်တွေ အတွက် ဘယ် ဝတ္ထု ကောင်း ဟာ ဘယ်လို ၊ ဝတ္ထု ညံ့ဟာ ဘယ်လို ၊ ပြဇာတ် ကောင်း ဟာ ဘယ်လို ၊ ပြဇာတ် ညံ့ က ဘယ်လို ၊ ကဗျာ ကောင်း ဟာ ဘယ်လို ၊ ကဗျာ ညံ့ ဟာ ဘယ်လို ဆိုတာ ညွှန်ပြတဲ့ ၊ ဘယ်လို ဖတ်မလဲ ဆိုတာ ညွှန်ပြတဲ့ စာတွေ လို ပါတယ် ။

ပြီးတော့မှ တစ်ခါ စာပေဝေဖန်ရေး ပညာရပ် နဲ့အညီ ဝေဖန်ထားတာတွေ ကို အရင်တုန်းက စာပေ ၊ မဂ္ဂဇင်း ၊ ဂျာနယ်တွေ မှာ ဖတ် နိုင်ပါတယ် ။ မြန်မာ့အလင်း ဂန္ထလောက ခေတ် ကနေ ဒီဘက် တောက်လျှောက် လွတ်လပ်ရေး ရပြီး စာပေမဂ္ဂဇင်းတွေ အထိ စာပေဝေဖန်ရေး နဲ့ ပတ်သက်ပြီး ဝတ္ထု သဘောတရား ဆိုင်ရာ တွေ အငြင်းအခုံ ဖြစ်တယ် ။

ညစ်ညစ်ညမ်းညမ်း ရေး ထား တဲ့ ဝတ္ထုတွေ ကို စာရေးဆရာတွေ ကိုယ်တိုင် က ဘယ် ဝတ္ထု မှာ ဘယ်သူ ရေးထားတာ ဖြင့် ဘယ်လောက် အထိ ညစ်ညမ်းပါတယ် ။ ဘယ်လောက် အထိ အကျိုး မပြုပါဘူး ။ ဘယ် ဝတ္ထု ကဖြင့် ဘယ်လောက် အထိ ကောင်း ပါတယ် ။ ဘယ်လောက် အထိ အကျိုးပြုပါတယ် ဆိုပြီး ဝတ္ထု ညံ့ တွေ ကို ကြေးချွတ် တိုက်ခိုက် ပေးခဲ့တဲ့ စာပေ ဝေဖန်ရေးတွေ အများကြီး ပေါ်ခဲ့ပါတယ် ။ အဲဒီ လို ဝေဖန်ရေး ပေါ် လာလို့ လွတ်လပ်ရေး မရခင် မှာ ဘဲ ညစ်ညမ်းတဲ့ ဝတ္ထုတွေ ကျဆုံး ခဲ့တယ် ။

အဲဒါက ဝေဖန်ရေးသမား နဲ့ ဝေဖန်ရေး စာပေ ထွန်းကားတဲ့ အတွက် ဖြစ်တယ် ။ ကျွန်တော်တို့ ဆီ မှာက ဝေဖန်သူများ အသင်းအဖွဲ့အစည်းရယ် လို့ ဖွဲ့စည်းထား လို့ မဖြစ်နိုင်ဘူး ။ ဒီ အလုပ် က ကိုယ့် လုပ်အား ကို လှူရတာပဲ ၊ စိတ်ကောင်း စေတနာ နဲ့ ရေးတဲ့ သူ အတွက် ရော ဖတ်တဲ့ သူ အတွက်ပါ သူ့ အချိန် ကို လှူ ရတယ် ၊ သူများ အတွက် လုပ် ရတဲ့ တကယ့် အလုပ်ပါ ။ အတ္တ လုံးဝ မပါဘူး ။

ကျွန်တော်တို့ ဆီမှာ အပျော်ဖတ်စာပေတွေ များ နေတယ် ဘာညာ ဆိုပြီး ညည်း နေမယ့် အစား ဝေဖန်ရေးဆရာတွေ က ဘယ်ဟာ ဖြင့် စာကောင်းပဲ ဆိုပြီး လက်ညှိုး ထိုး ပြောလိုက်ရင် စာညံ့ ဟာ အလိုလို ကျ သွားမှာပဲ ။ ဒီနည်း ဟာ ကျွန်တော် တို့ အတွက် အလိုအပ်ဆုံး ဖြစ်တယ် ။ စာကောင်း ထွန်းကားရေး ကို ကျွန်တော်တို့ ဘယ်လောက် အော်ကျယ် အော်ကျယ် နဲ့ ပြောပြော ဝေဖန်ရေး ထွန်းကားမှ အကျိုး ရှိမယ် ။ စာပေဝေဖန်ရေး ထွန်းကား ရင် တစ် အချက် စာညံ့များ ပပျောက်သွားမယ် ။ နှစ် အချက် စာကောင်းများ ကို အခု ကောင်းကောင်း သဘော မပေါက်သေးရင် ပိုပြီး သဘောပေါက် လာမယ် ။ စာညံ့များ ကို ညံ့မှန်း မသိသေးရင် အဲဒီ ဝေဖန်ရေး က ဒီ အချက် တွေ ကြောင့် စာညံ့ ဖြစ်တယ် ဆိုတာ မီးမောင်း ထိုး ပေးနိုင်မယ် ။

အဲဒါကြောင့် စာပေ မဂ္ဂဇင်းတွေ မှာ စာပေ ဝေဖန်ရေး ရေးမယ့် သူ တော်တော်များများ ပေါ်လာအောင် စနစ်တကျ ဝေဖန်ရေး ကို ထည့် ပေးကြပါ ။ ဒါဟာ အမျိုးသားစာပေ အတွက် အထောက်အကူ ပြုတဲ့ လုပ်ငန်း တစ်ရပ် ဖြစ်ပါတယ် ။ အမျိုးသား စာပေ အဓွန့်ရှည်ရေး ၊ ကောင်းမွန်ရေး ၊ တိုးတက်ရေး ၊ အညံ့အလှေး များ မဝင်ရေး အတွက် ကောင်းမွန်တဲ့ လုပ်ငန်း တစ်ခု ဖြစ်တဲ့ အကြောင်း ပေဖူးလွှာ က တစ်ဆင့် ကျွန်တော် ဗျိုး ဟစ် လိုက်ရပါတယ် ”

“ ကျေးဇူးတင်ပါတယ် ဆရာ ။ ဆရာ ဆန္ဒပြုတဲ့ အတိုင်း ကျွန်တော်တို့ စာပေ လောက မှာ စာကောင်း စာသန့် ပေါ်ထွန်းရေး ကို ကျွန်တော် တို့ ပေဖူးလွှာ မဂ္ဂဇင်း က လည်း တစ်တပ်တစ်အား ပါဝင် ကူညီကြပါ့မယ် လို့ အယ်ဒီတာ အဖွဲ့ ကိုယ်စား ဆရာ နဲ့ တကွ စာချစ်သူများ ကို ပါ ကတိ ပြုခဲ့ပါတယ် ။ သုတေသန လုပ်ငန်း နဲ့ တကွ စာပေ လောက အတွေ့အကြုံတွေ ကိုပါ ပြောပြခဲ့တဲ့ အတွက် ဆရာ နဲ့ နောက်ထပ် ဆွေးနွေးချင် တာတွေ ရှိနေသေးပေမယ့် ချန်လှပ် ထားခဲ့ ရပါတယ် ။ အခွင့်အရေး ရလို့ နောက် တစ်ကြိမ်များ ပြန် ဆုံခွင့် ရမယ် ဆိုရင် ထပ်ပြီး ဆွေးနွေးကြသေးတာပေါ့ ဆရာ ”

“ လာခဲ့ပါ ဗျာ ။ စာချစ်သူ အတွက် အကျိုး ရှိမယ် ဆိုရင် ကျွန်တော်တို့ က ရင်ဖွင့် ကြိုဆို နေမှာပါပဲ ”

◾ဝင်းငြိမ်း

📖 ဝင်းငြိမ်း နှင့် စာရေးဆရာများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment