Sunday, November 26, 2023

ဆီ မလူးတဲ့ ပေဖူးလွှ


 

❝ ဆီ မလူးတဲ့ ပေဖူးလွှာ ❞

တစ်ရွာလုံး ဆိတ်သုဉ်းချက် ကောင်းဘိ၏ ။

မိုးပေါက်ငယ် တို့ သည် ပျင်းရိ ငြီးတွဲ့စွာ ကျိုးတိုး ကျဲတဲ ကျ နေသည် ။ ရှေး က မူ ရွာလမ်းမကြီး ပေါ် တွင် လုလင်ငယ် လုံမငယ် တို့ သည် ပျားပန်းခတ် ဘိ သို့ လူးလာတုံ့ပြန်လျက် ရှိကြ၏ ။ ယခု မူ ရွာ လမ်းမကြီး သည် ဦးပြည်း ကဲ့သို့ ရှင်း နေလေသည် ။ ရှင်မြကြုတ် သည် မှောင်သော ကောင်းကင်ပြင် တွင် တရိပ်ရိပ် နှင့် ပြေး နေသော မိုးသား မည်းမည်းကြီးများ ကို ကြည့် နေမိ၏ ။

ပယင်းပွင့် ကဲ့သို့ မှိန်သော ကြယ်ပြောင်ကလေးများ သည် အလှိုင်း အလှိုင်း ထ နေသော မိုးသားများ အကြား ဝယ် ငုပ်ချည် ပေါ်ချည် နှင့် ဖြစ်နေကြ လေသည် ။

ဤ ကြယ်ပြောင်ကလေးများ ကား ရန်သူ တို့ ၏ အကြား ဝယ် အဲမောင်းလှံတို ကို ကိုင်ကာ စီးနင်း တိုက်ခိုက် နေရ ရှာသော မြင်းတပ်သားကြီး ကိုရင်ကောင်း ကဲ့သို့ ရှိချေပိမ့် တကား ။

တံစက်မြိတ် မှ အားနည်းစွာ ကျဆင်း လာသော မိုးရေပေါက် နှင့် အတူ ရှင်မြကြုတ် ၏ မျက်လုံးအိမ် တွင် ပြည့်ဝိုင်း လာသော မျက်ရည်ပေါက်ကလေးများ သည် ကျဆင်း ရန် တာစူ ၍ နေကြကုန် ဘိ၏ ။

အိမ်ဦးခန်း မှ အဖေကြီး ၏ မေတ္တာပို့သံ သည် ညင်သာ တီးတိုး ဖြစ်ဘိသော်လည်း တိတ်ဆိတ် နေလေရကား ပီသ ပြတ်သားစွာ ကြား နေရ လေသည် ။

ရှင်မြကြုတ် သည် အဖေကြီး နှင့် ရောနှော ကာ ဝမ်းတွင်း မှ ဆုတောင်းရ ပြန်ပါသည် ။ “ ကိုရင်ကောင်း တစ်ယောက် ဘေးမသီ ရန်မခဘဲ ကျန်းမာ ချမ်းသာစွာ မြကြုတ် တို့ ဆီ ကို အမြန်ဆုံး ပြန်လာ နိုင်ပါစေသော် ”

ဝင်းဝ ရှိ ခေါင်ရန်းပင်ရိပ် မှ တိတ်တိတ်ဆိတ်ဆိတ် ဝင် လာကြသော လူရိပ်များ ကို မြင်လိုက် ရ လေသည် ။

အတွေးရွာ တွင် မွေ့ပျော် လျက် ရှိသော ရှင်မြကြုတ် သည် ရုတ်တရက် သော် ရင်ထဲ ၌ ဖိုသွား၏ ။

အသူတို့ ဖြစ်ကြဘိသည် ကို ချက်တဖြုတ် သိရှိ လာရကား မျက်ရည် ကို အလျင် သုတ် လျက် အပြုံး နှင့် ပင် ကြိုကာ ဝဲလင်းဆောင် တွင်း သို့ အတူ ဝင်ခဲ့ကြပါသည် ။

သူတို့ သည် ဝဲလင်းဆောင် အတွင်း ၌ ထွန်းညှိ ထားသော မီးလင်းတိုင် ကို ဝိုင်း ၍ ထိုင်နေကြ ကုန်သည် ။

ရှင်မြကြုတ် သည် ဆေးအစ် ကို ယူ တည်ရင်း ငြိမ်သက် နေ၏ ။ ရောင်းရင်း တို့ သည် လည်း တိတ် နေကြ၏ ။ သူတို့ အားလုံး သည် လုံမငယ်များ သာ ဖြစ်ကြဘိသည် ။

တစ်ယောက် သော လုံမငယ် သည် မီးလင်းတိုင် ပေါ် တွင် တင် ၍ ထားသော အင်စလောင်း တွင်း ရှိ ရေနံချေးစို့စို့ နှင့် ထမင်းခြောက်များ ကို မီးစို့တံ နှင့် ဆွ ပေး နေသည် ။

မီးတောက် ကို ဝိုင်းရံ လူးလာခတ် လျက် ရှိကြသော ပလူကောင်ငယ်များ သည် မီးစို့ ကို ဖြတ်၍ ပျံသန်းရင်း ဆောလျင်စွာ သေကျေ ပျက်စီးကြ ကုန်သည် ။

မီးမက် လျက် ရှိကြသော လုံမငယ် တစ်စု သည် ဖြုတ်တခြည်း သေကျေ လောင်ကျွမ်း ကုန်ကြသော ပလူကောင်ငယ်များ ကို ကြည့် ကာ တူညီသော အတွေး ၌ နစ်မျောလျက် ရှိကြကုန်သည် ။

အထက် မြန်မာများ ဖြစ် ကြသော အင်းဝသား တို့ သည် အောက် မြန်မာများ ဖြစ်ကြသော တလိုင်း တို့ ကို သွားရောက် တိုက်ခိုက် နေကြသည် မှာ ကြာမြင့်လှပါဘိသည် ။ သွားရောက် တိုက်ခိုက် နေကြရသော ယောက်ျားသားများ သည် မိမိတို့ ရပ်ရွာ သို့ ပြန်လာကြဖို့ရန် မူ ကား ဝေးလှပါဘိတောင်း ။

မြင်းစေကျော် နှင့် ကလံကြီး တို့ သည် သာ လျှင် တစ်နှစ် ၌ နှစ်ကြိမ်ခန့် လာရောက် ကြကာ ကြွင်းကျန် ရစ်သေးသော အရွယ် ရောက် မရောက် ၊ အရွယ် လွန် မလွန် ရှိသမျှ ယောက်ျားသား အားလုံး တို့ ကို ခေါ်ယူ ၍ သွားကြ ပြန်ပါသည် ။

စစ်ကြီး ကား မီးတောက် နှင့် သာ တူလှပါ ပေသည် ။ ရွာ တွင် ရှိ ယောက်ျား တို့ ကား မီးတောက် တွင်း ၌ ဝင်၍ တိုး နေကြကုန်သော ဤ ပိုးဖလံမျိုး တို့ နှင့် သာ တူသယောင် ရှိရပါပေ၏ တကား ။

“ အိုဘယ့် … ရှင်မြကြုတ် တို့ .. ရှင်နီလာ တို့ တော့ ဆိတ်ချက်သား ကောင်းကြပါဘိတောင်း ”

တိတ်ဆိတ်ခြင်း ၌ နစ်နေကြသော လုံမငယ် တို့ သည် ဝင်လာသော မယ်ဘယက် ကို တူညီစွာ ရှေးရှု လိုက် ကြသည် ။

မယ်ဘယက် သည် ရှင်ကျေးညို ဖယ် ပေးသော နေရာ တွင် ဝင် ၍ ထိုင် လိုက်၏ ။ သူ ၏ မျက်နှာ သည် မီးရောင် တွင် ပြုံးယောင် သမ်း နေပါသည် ။

ရှင်မြကြုတ် ၊ ရှင်နီလာ နှင့် ရှင်ကျေးညို တို့ ၏ မျက်နှာ သည် မယ်ဘယက် ၏ မျက်နှာ နှင့် တက်တက်ချည်း ခြားနား နေသည် ။

မယ်ဘယက် သည် သူ့ ရောင်းရင်းများ ကို ဖက်လဲတကင်း ပြောဆို လာသည် ။

“ ရွေ့ … ရှင်မြကြုတ် တို့ ရှင်နီလာ တို့ ရှင်ကျေးညို တို့ ၊ သူငယ်ချင်းကောင်း ယောင်းမတို့ တော့ ၊ ညဲ တို့ ရဲ့ လွမ်းကြင် ပျို့ကိုရင် ဆိုသဟာများ မြင်းမနီသား မြင်းကျားခွာမဲ အဆိုးကဲ သဲ့ရရာ မြင်းကြမ်း မြင်းသူရဲကြီး အပေါ် မှာ တခြား တစ်ပါး က တော်တော် မတော်တော် ရရာ အုံး ကို ပစ် တင်ပြီး အညာ ဘက် ဆိုသပဖြင့် လဲ တစ်မိုးလုံး မည်းမှောင် တိမ်တောင် တိမ်လိပ်တွေ အုံ့မှိုင်းသဲ့တောင် အထပ်ထပ် နဲ့ နယ်စပ်ဖြစ်သဲ့ ကသဲပြည် ... တို့ ...

အကြေ ဆီ ဆိုပြန် သကော သန်လင် စသဲ့ ကုန်းမြေပြင် ကို ခြေတင် လို့ စစ်ထွက် ဖူးကြသလားတော့ ...

အိုလေ့ - ချစ်တဲ့သူငယ်လေ - သူငယ်ချင်းရယ် ကောင်းသည့် ယောင်းမတို့ လေ ... ။ မြင်းမနီသား မြင်းကျားခွာမဲ တစ်လုံး ထဲ နှင့် အုံးလွဲ ပစ်တင် တိမ်မိုးမဲ နှင့် ကသဲစစ်သို့ နှစ်မည် ဝင်သည် သန်လျင် ကို ရောက်ဖူးပါစ ... ရှင် ”

ရှင်နီလာ သည် မယ်ဘယက် ကို မျက်စောင်း ထေ့ လိုက်သည် ။ ရှင်ကျေးညို က ရိပ်စား မိဟန် နှင့် မေး လေသည် ။

“ တော့ … ရှင်ဘယက် ကေ့ … နေညိုညို က ရွှေဘို မြင်းစေကျော် တစ်ယောက် ဖြတ်စိုင်း သွားတာ မြင်လိုက်မိပါ ငဲ့ … ၊ ညဲ လူ ဆီ က ပေဖူး ရသမို့ လာကြွားသပေါ့အေ့ ... ဟုတ်စ ”

မိဘယက် ကား ပြုံးဖြင်ဖြင် ရှိ နေသည် ။ ရှင်မြကြုတ် သည် မိဘယက် ကို စိတ် အခန့်မသင့် ဖြစ် နေရသည် ။ မြင်းစေကျော် လာပါသနှင့် စစ်ထွက်သူ ဆီ မှ သတင်း မပါးလိုက် သော ကြောင့် စိတ်ထား စနိုးစနှောင့် ဖြစ် နေရသည် ။ ထို့ကြောင့် သူ သည် မိဘယက် ကို မခံချိ အောင် ရှိလာရသည် ။

“ အနှီမယ် …. ရှင်ဘယက် ကေ့ ... ညဲ လူပုံလောက် က ဖြင့် မကြားချင်စမ်းပါ နဲ့ အေရယ် ၊ သန်လျင် လောက် များ က , ချေ ရိုးလား ၊ မုတ္တမ နဲ့ ဒလ တစ်သွယ် ထားဝယ် ကို လည်း သီးခြား တိုက်ခဲ့ သေး သပ ... ၊ သဲ့ နောက် ယိုးဒယား တစ်ဝိုက် နဲ့ ကမန်ပိုက် ကို တိုက်ကြတုန်း သပ ဆိုရင် ငါ့ ကိုရင် ဆိုဟသာများ ဓား ကို ဟော့သလို ကိုင် .. လှံ ကို ဟော့သလို နုတ် စစ်မြေပြင် မှာ ဝင်ပြီး ခုတ်လိုက် ၊ ထစ်လိုက် သာ မှ သည်မှာ အေ့ … ၊ တရုတ် နဲ့ ရှမ်းပြည် ကို ပါ ညက်ညက် သာ ကြေလာခဲ့သပ အေ ရယ် ”

သန်လျင်ငယ် မှ မက မုတ္တမ နှင့် ဒလ တစ်သွယ် ထားဝယ် တခြား ယိုးဒယား တစ်လိုက် ကမန်ပိုက် ကို တိုက်ကြသော အခါ ဓား ကို သို့ ကိုင် လှံ ကို သို့ နုတ် စစ်မြေပြင် မှာ ဝင်ကာ ခုတ်၍ တရုတ် ကယ် ရှမ်းပြည် ထွားထွားငယ်ကြေ အောင်လေပြီ ... တဲ့ ၊ ဆီ မလူးသည့် ပေဖူးလွှာ နှင့် မှာလိုက်ကဲ့ ရှင် ၊ အလို ... အပျိုဖြူ ငယ် က ကျွမ်း ပါတဲ့ လွမ်းတုံ့တင်လေး ... ။ အနှီတုန်း က ဆို ... အတုံ့အလှည့် နဲ့ လွမ်းခဲ့ သဲ့ ကိုရင့် ဆီ က စာ ရေးရန် ဆီလူး သိမ်းထားသဲ့ ပေရွက်များ အသင့် မရှိလေကပြီ မို့ ဆီ မလူးသဲ့ ခုတ်သစ်စ ပေဖူး ပေါ် မှာ ဆိုအောင်လေပြီ သဲ့ သတင်းတွေ ကို တွေ့ သိလိုက်ရ သပ ဆိုရင် ... ၊ သပြေပန်း နဲ့ ရေချမ်းအိုး ပြင် ပြီး … ပြန်မည့် ရက် ကို မျှော်လာခဲ့နိုင်သပ အေရယ် ခုတော့ကာ ..

ရှင်မြကြုတ် သည် မျက်ရည် ဝိုင်း လာ သဖြင့် မျက်တောင် ကို လျင်မြန်စွာ ခတ် လိုက်ကာ မီးရှို့တံ နှင့် မီးဆွ နေရသည် ။ မီးတောက် သည် ပို၍ ထ လာ၏ ။ မိဘယက် သည် သူ့ ရောင်းရင်း အတွက် စိတ် မကောင်း ဖြစ်သွားရသည် ။

“ ရှင်မြကြုတ် ကေ့ .…. စိတ် မကောင်းရန် ကော ၊ ငါ က တော့ ညဲ တို့ သတင်းတွေ တွေ့ ရပေလိမ့် ထင်သော် ကော ”

သူတို့ သည် တိတ်ဆိတ်ခြင်း ၌ နစ်သွားကြ ပြန်ဘိသည် ။ မီးအင် တွင်း မှ မီးညွန့် သည် တိတ်ဆိတ်စွာ လှုပ်ကစား လျက် ရှိ၏ ။ ဦးရူတိုင် တွင် နေသော အိမ်မြှောင် သည် အသံ ကျယ်စွာ စုတ်ထိုး လိုက်ဘိသည် ။ ရှင်မြကြုတ် သည် ပင့်သက် ကို ညင်သာစွာ ထုတ် သည် ။ သို့နောက် မျက်တောင် ကို တလျပ်လျပ် ခတ်သည် ။ သို့နောက် မိဘယက် ကို စုံ့နဲ့နဲ့ ပြုံး ၍ ကြည့်သည် ။

“ ပြောပါအေ … ညဲ ဝမ်းသာ ရင် လဲ ငါတို့ ဝမ်းသာ ရမည်သာပ ။ ညဲ လူ ဆီ က အောင် သတင်းများ ဟုတ်ပါစမ့် ”

မိဘယက် သည် ရှင်မြကြုတ် ကို ကြည့်မိရာ မှ မျက်လွှာ ချလိုက်သည် ။ သူ သည် ရှင်မြကြုတ် အမေး ကို ဖြေရန် ရှက်ဘိသည် ။ သို့သော် သူ ဖြေလိုက် ပါသည် ။

“ အောင် သတင်း မပါသေး ပါလေ့ ”

မိဘယက် သည် ခပ် မဆိတ် ရပ် လိုက် ပြန်ဘိသည် ။ သို့နောက် ဆက် ပြန်သည် ။

“ နေကလေး ညှိုးချိန်နှယ် အိမ်ခေါင်မိုး ထိုးလာသဲ့ ပေဖူးလွှာ ... အမေ က မေးလာသနှင့် ဘာ စာ ရယ် လို့ ဖတ်ကြည့်ရသပ ၊ အနှီတော့ ... ယိုးဒယား နဲ့ ကု,လားပြည် ကို ချီနေရင် … ကရင်နီ အောင် တဲ့ တပ် က အောက်ပြည် အောက်ရွာ က အတုရသဲ့ တလိုင်း ဆံဖြတ်ကလေး နဲ့ မောင်စီလို့ ရေးလိုက်သဲ့ ။ ရှင်မြကြုတ် ကေ့ … ရှက်များ ရှက်မိပါရဲ့ လွမ်းစာ သက်သက် ပါပဲ တော် ”

“ အင်း ... လွမ်းစာ သက်သက် လာသယ် ဆိုတော့ အနှီ စစ်ကြီး ဟာ မပြီးသေးဘူးပ , အေ ”

“ ဟုတ်သပ အေ ရယ် …. အနှီ စစ်ကြီး မပြီးသေးဘူး ဆိုသဟာ ကို ညဲ တို့ ငါ တို့ သိနိုင်သပ ”

“ ရှင်ဘယက် ကေ … အထက် မြန်မာ နဲ့ အကြေ မြန်မာ တို့ စစ်တိုက်သယ် ဆိုဟသာ အကယ် တန္တု မ တော့ မဆန်းပါသလေ့ အေ ရယ် ၊ ညဲ တို့ ငါ တို့ မွေးလာ ကတည်း က တိုက်ဖို့ ခိုက်ဖို့ စစ်မက်ရေးရာ ကို ပဲ ကြား နေရသဟာပဲ လေ ”

“ စစ် ရေး ထက် ဝမ်း ရေး ခက် ၊ ဝမ်း ရေး ထက် လွမ်း ရေး ခက် ဆိုသမို့လား ရှင်မြကြုတ် ငဲ့ ၊ ညဲ တို့ ငါ တို့ မတော့ လွမ်းရေး ကို အစဉ်တစေ ရင်ဆိုင် ခံစား နေရပါ သမို့ အနှီ စစ်ကြီး အလျင်တဆော ပြီးစီး သွားစေချင်သဟာ အလွန်ပဲ ပ ၊ တို့ ကိုရင်များ လဲ ပင်ပန်းလှချေပြီပလေ ... ပြည်ကြီး ဝန် ကို ထမ်းရွက် နေသမို့သာ ပေါ့ ၊ ငါ တော့ နည်းနည်းလေး မှ ခွဲခွာလို့ မနေချင်ဘူး ပ ”

“ အနှီ စစ်ကြီး ပြီးပါ မှ ပဲ ရှင်ဘယက် ကယ် စစ် ကို သာ ပဲ ထွက် နေရတာ နဲ့ လုပ်ခင်းကိုင်တာ တွေ ဟာ လစ်လပ်လှပြီ အေ ရဲ့ …”

စကား ဆိုသံများ ဆိတ်သုဉ်း သွားကြ ပြန်သည် ။

သူတို့ သည် မီးစို့ ၌ ဝင်၍ တိုး နေ ကြသော ပိုးဖလံများ ကို ငေး၍ ကြည့် နေကြ ပါသည် ။

ပျိုလေးတို့ အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ ၊ ဘာ စာရယ်လို့ အမေ က မေး ။ ယိုးဒယား ရယ် နဲ့ ကု,လား ကို ချီသော့ ခါ ၊ ကရင်နီ နိုင်သည့် တပ်ရယ် က ဆံဖြတ်ကလေး မောင် စီ လို့ ရေးတယ် ၊ လွမ်းစာ တဲ့ လေး ... ။

မြကြုတ် က တွေး လိုက် ပြန်သည် ။

အနှီ ပေဖူးလွှာ နှင့် လွမ်း နေသေး သမျှ မြန်မာ မြန်မာ ချင်း တိုက် နေကြရသော ဤ စစ်ပွဲကြီး သည် ကား ပြီးဆုံး နိုင်လိမ့်မည် မဟုတ်ချေ တကား ။

ပိုးဖလံများ သည် မီးစို့ တွင် လောင်မြိုက် ကာ ကျမြဲ ကျလျက် ရှိ ကြသည် ။ ကျ သူတွေ ကျ ပေမယ့် နောက်ထပ် ဝင်တိုးသူ တို့ ကား တိုးမြဲ တိုးလျက် ရှိကြ၏ ။ မိုက်မဲလှချေ၏ တကား ။

◾ရန်ကုန်ဘဆွေ

📖 ပေဖူးလွှာ မဂ္ဂဇင်း
      စက်တင်ဘာ ၊ ၁၉၅၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment