❝ ပျံလော့ ငှက်ငယ် ❞
နာကြည်းချက်များ ၊ ပွင့်လိုငြားလည်း
စကားသံဝဲ ၊ မဆိုရဲပါ
အားခဲကြိတ်မှိတ် ၊ နှုတ်ကိုဖိတ်၍
တိတ်တိတ်ချောင်ခို ၊ ညမှ ငိုတယ်
ယုန်လိုပါပဲ အချစ်ရယ် ။
••••• ••••• ••••• •••••
ဆည်းဆာသည် အရောင်အသွေးစုံ ဖြင့် အလှတောက် နေသည် ။ ကျေးငှက် တို့ လည်း အိပ်တန်း သို့ ပျံသန်း နေကြလေပြီ ၊ အရိပ်များ ရှည် သထက် ရှည် လာပြီ ။ ဝင်လုဆဲ နေမင်းသည် နီရဲသော မျက်လုံး ဖြင့် ကမ္ဘာလောကကြီး အား ကြည့်နေသည် ။
“ ကိုဘမော် ... ဒီနေ့ နောက်ကျပါလားဗျ ၊ အလုပ်များနေလို့ ထင်တယ် ”
ဘမော် စာကြည့်တိုက် အထဲ သို့ လှမ်း အဝင် စာကြည့်တိုက်မှူး ကိုညီလေး က ဆီး၍ ပဋိသန္ဓာရ ပြုလိုက်သည် ။ ဘမော် သည် အသက် ၂၅ နှစ် ကျော် ခန့် ရှိ လူရွယ် တစ်ဦး ဖြစ်သည် ။ သူ သည် အောက်တန်းစာရေးလေး အဖြစ် အလုံသင်္ဘောကျင်း တွင် လုပ်ကိုင်နေသူ ဖြစ်သည် ။
“ ဟုတ်တယ် ကိုညီလေး ၊ အလုပ်သမားတွေ ရဲ့ အိုဗာတိုင်စာရင်းတွေ ကို အချိန်ပို လုပ်နေရလို့ ”
ဘမော် က ပြန် ဖြေရင်း ကိုညီလေး ဆီမှ ကြက်မွှေး ကို လှမ်း ယူ လိုက် သည် ။ နောက် ကိုညီလေး နဲ့ မျက်စောင်းထိုး သူ ၏ စားပွဲ သို့ သွား ကာ စားပွဲ ပေါ် ရှိ ဖုန်မှုန့်များ ကို ကြက်မွေး ဖြင့် သုတ်သင် ရှင်းလင်းနေ့စဉ် “ အစ်ကို .. ” ဟု ခေါ်သံ ကြားလိုက်ရသည် ။ တစ်ဆက်တည်း ..
“ ကဗျာ လက်ခံ သေးရင် ကျွန်တော့် ကဗျာလေး ပေးချင်လို့ပါ ”
အသံရှင် ရှိရာသို့ ဘမော် မော် ကြည့် မိသည် ။ ဘမော် က လူငယ် ကို ကောင်းစွာ မှတ်မိလိုက်သည် ။ အသက် ၁၈ နှစ်ခန့် ရှိ ဦးမည် ။ ဆီ မထည့်သည် မှာ ကြာပြီ ဖြစ်သည့် ဖွာရရာ ကြဲ နေသော ဆံပင် ၊ မှုန်ရီဝေသီ နေသော မျက်လုံး အကြည့် ၊ တိုက်ပုံအင်္ကျီ ကို ပခုံးပေါ် တင်ပြီး ကပိုကရို ဝတ်စားဆင်ယင်မှု ၊ သူ့ ဟန် သည် အလွမ်းသမား ၊ အဆွေးသမား ၊ တစ်နည်း ဆိုသော် အချစ်မှောင် ထဲ မှ လွတ်အောင် ရုန်း မထွက် နိုင်သော သားကောင်ကလေး ... ဟု ။
သည်အချိုး သည်ပုံစံ သည် ပထမအကြိမ် ‘ ပစ္စက္ခ ’ နံရံကပ်စာစောင် အတွက် ကဗျာ လာ ပို့စဉ်တုန်း ကအတိုင်းပင် ။ ဘမော် က လူငယ် သို့ ခေါင်း ညိတ် ပြလျက် နှစ်ခြိုက်စွာ ရင်းရင်းနှီးနှီး ပြုံးပြပြီး ကဗျာစာရွက် ကို လှမ်း ယူ လိုက်သည် ။
ဘမော် သည် စာကြည့်တိုက် ၏ စာပေတာဝန်ခံ ဖြစ်သည် ၊ တစ်နှစ် တွင် သုံးကြိမ် နံရံကပ်စာစောင် ထုတ်ရန် သူ့ တွင် တာဝန် ရှိသည် ၊ သူ့ အသိ နှင့် သူ့ လုပ်ငန်း ကို ဆောင်ရွက်နေခြင်း ဖြစ်သည် ။ စာပေ နှင့် ပတ်သက်လျှင် ဘမော် သည် မညည်းညူ စတမ်း ကျရာ တာဝန် ကျရာ နေရာ တစ်နေရာ က နေ တက်ကြွစွာ လုပ်ကိုင်တတ်သူ တစ်ဦး ဖြစ်သည် ။
သူ ကိုယ်တိုင် လည်း ကဗျာဆရာ ၊ စာရေးဆရာ ပေါက်စ ဖြစ်သည် ၊ ‘ ဘဝ ’ ဆိုသည့် ဝတ္ထုတို ဖြင့် သူ့ အား နာမည် ကျော်ကြားစေခဲ့သည် ။ သူ ၏ ဝတ္ထုတိုများ ၊ ကဗျာများ အားလုံး လိုလို သည် ပြည်သူ တို့ ၏ ဘဝ ကို ပီပီပြင်ပြင် သရုပ်ခြယ်မှုန်းခဲ့သော ကြောင့် ကျော်ကြားခြင်း ဖြစ်ပါသည် ။
ယခုလည်း ဒုတိယအကြိမ် ‘ နေဝန်းနီ ’ နံရံကပ်စာစောင် အတွက် လုံးပန်း နေရ ပြန်သည် ။ ဘမော် သည် ပြောပြောဆိုဆို ဖြင့် ကဗျာ ပေးပြီး ချက်ချင်း ထွက်သွားသော လူငယ် ၏ နောက်ကျောပြင် ကို ငေးကြည့် နေမိသည် ၊ ၎င်း နောက် လူငယ် ၏ ကဗျာလေး ကို ဖတ်ကြည့် လိုက်သည် ။
◾ ခွင့်လွှတ်ချက်
မြနားဋောင်းပန် ၊ ပန်းစိမ်းပန်၍
မုန်းဟန်ပြသော မိန်းကလေး ။
ဝန်းကျင်စကား ၊ နားယောင်မှား၍
မောင့်အားရှောင်ကြဉ် ၊ အပြစ်မြင်တိုင်း
ရွှေရင်ညွှတ်စွာ ၊ ကရုဏာဖြင့်
ခါခါ ခွင့်လွှတ်ခဲ့ပါတယ် ။
သည်တစ်ကြိမ်မူ ၊ အသစ်လူနှင့်
ညီတူဂဟေ ၊ ချစ်မိုးစွေ၍
ရွှေရင်မီးတောင် ၊ ပေါက်ကွဲလောင်ပေါ့
နောင်လည်း ခွင့်လွှတ်နေဦးမည် ။
မောင်မြချို
လူငယ် ၏ ကဗျာလေး က ခံစားချက် အပြည့်ပင် ၊ သူ့အား စိမ်းကားသူ ချစ်သူ အား အမြဲတမ်း ခွင့်လွှတ်ချစ် နှင့် ချစ်နေမည် ဆိုသည့် သဘော ၊ လွမ်း စိတ်မောဖွယ် ကောင်းလေစွ ။ ထို လူငယ်လေး ၏ ကဗျာများ သည် ဘမော် ၏ ရင်အား လှုပ်ရှားခဲ့သည် မှာ သည် တစ်ကြိမ် နှင့် ဆိုလျှင် နှစ်ကြိမ် ရှိခဲ့ပေပြီ ၊ ‘ ပစ္စက္ခ ’ နံရံကပ်စာစောင် တုန်း က သူ ၏ ကဗျာ ကို သတိရ နေမိသည် ။ ကဗျာ ခေါင်းစဉ်လေး က “ ယုန်ကလေးပါ အချစ်ရယ် ” တဲ့ ။ ဖြစ်သမျှ ကြုံသမျှ ဆုံသမျှ ၊ ချစ်ခဲ့ရသမျှ တွေ နှင့် ပတ်သက်၍ နာကြည်းခံစားရမှု တွေ ကို ဖွင့်ပြော လို ပေမယ့်... ။
မဆိုရဲပါ ၊ မပြောရဲပါ ၊ နှုတ်ပိတ်ပြီး တိတ်တိတ်ကျိတ်လို့ ညမှာ ငိုပါ့မယ် ၊ နေ့မှာ လူ သိမှာ စိုးလို့ မငိုရဲတဲ့ ဘဝ ၊ ရင်စည်းခံမည် ဆိုသည့် အယူအဆ ၊ အပြစ် ကင်းစင်ပြီး ကြောက်တက် ရွံ့တတ် တဲ့ ယုန်ကလေး လို ပါ ပဲ တဲ့ ။
လူငယ်ကလေး ၏ အချစ် သည် ယုန်ကလေး လို ဖြူစင်လှ၏ ။ အပြစ် ကင်းစင်လှ၏ ။ လူငယ်ကလေး ၏ ကဗျာ သည် သူ့ အဖြစ် ကို ဖော်ကျူး ထား သည် ။ သူ့ ခံစားချက် ကို ဆန့်ထုတ် ထားသည် ။ အသုံးအနှုန်း သစ်ဆန်းမှု နှင့် စပ်ဆိုမှု ပိရိသည် ။ စကားလုံး ကျစ်လျစ်သည် ။
သို့သော် ဦးတည်ချက် က ပြောစရာ ရှိသည် ။ သို့ပေမဲ့ စာပေ နယ် သို့ ခြေချသည့် စ ကနဦး တွင် အနည်း နှင့် အများ စာပေသမား တိုင်း ပုဂ္ဂလိက ခံစားမှု ကို ရေးဖွဲ့ ခဲ့ကြပေသည် ။
လူငယ် သည် ဆက်လက် ကြိုးစားလျှင် ကဗျာ အရာ တွင် ထွန်းပေါက် နိုင်သည် စသည် ဖြင့် ဘမော် အတွေး မျော နေခိုက် .... ။
“ ကိုမော် ... ”
မတိုးမကျယ် အသံလွင်ကလေး နှင့် ခေါ်သံ ကို ကြား လိုက်ရသည် ။ သူ ၏ ချစ်သူ စုစုခက် ၏ အပြုံး ၊ နှင်းဆီဖူး ကို နွေးထွေးစွာ မြင်လိုက် ရသည် ။ စကားဝါရောင်သွေး အင်္ကျီလက်တို နှင့် ပန်းနုရောင်ထဘီ ကို ဝတ်ဆင်၍ လည်ဝဲ ဆံကေသာ ၊ ဆံကေသာ ထက် ရဲရဲနီသော နှင်းဆီပွင့် ပန်လျက် ၊ သွက်လက်ချက်ချာ အလှဖြာ နေသည့် သူ့ အသွင် ၊ မြင်ရသူ ဘဝင် ငြိမ့်ငြိမ့် သိမ့်သိမ့် ကြည်နူး သွားတော့သည် ။
“ စု ရောက်တာ ကြာ လှပြီ ။ ဘာတွေများ အတွေးနယ်ချဲ့နေတာလဲ ဆရာကြီး ”
စုစုခက် က ဘမော် ကို ခပ်ထေ့ထေ့ မေးလိုက်သည် ။ နှုတ်ခမ်းနီဦး နှင်းဆီဖူး ကို စူ လိုက်သည် ၊ ဘမော် က သူ့ အတွေး ကို စုစုခက် အား သံတော်ဦး တင် လိုက်သည် ။ လူငယ်လေး ၏ ကဗျာ ကို လည်း စုစုခက် အား ပေး ဖတ် လိုက်သည် ။
စုစုခက် သည် ပင်စင်စား အရာရှိကြီး ဦးကြည်အေး ၊ ဒေါ်ခင်မာ တို့ ၏ တစ်ဦးတည်းသော သမီး ၊ အသက် မှာ ၁၆ နှစ် ကျော်ကျော် ပျိုမျစ်နုနယ် တင့် တယ်သော အရွယ် ဖြစ်လေသည် ။ ဘမော် နှင့် စုစု တို့ တစ်ဦး နှင့် တစ်ဦး မေတ္တာ ရှိကြသည် မှာ ရက်ပေါင်း တစ်ထောင် ပင် မပြည့်တတ်သေး ။
သူတို့ နှစ်ဦး ဆုံစည်းကြ ပုံ မှာ စုစုခက် သည် စာကြည့်တိုက် အဖွဲ့ဝင် ဖြစ်သည် ။ စာအုပ် လာ ငှားသည် ။ နံရံကပ်စာစောင် တွင် ကဗျာ ရေးသည် ၊ သည်လို နှင့် သူတို့ နှစ်ဦး သိကျွမ်း ခင်မင် လာသည် ။ ရင်းနှီးမှု မှ တစ်ဆင့် ဘမော် သည် မဆွတ်ခင် က ညွှတ် နေသော စုစုခက် အား ချစ်ခွင့် ပန် သည် ။ သို့နှင့် စုစု ထံ မှ ကြည်ဖြူမေတ္တာ တုံ့ပြန် လာ ခဲ့သည် ။ သူတို့ နှစ်ဦး ၏ ချစ်ခရီးလမ်း သည် လွယ်ကူချောမောစွာ ဖြောင့်ဖြူး ခဲ့ ပေသည် ။
စုစုခက် က ဘမော် ပေးသော ကဗျာစာရွက် ကို လှမ်းယူ ဖတ်ကြည့်ပြီး ပြန်ပေး လိုက်သည် ။ ကဗျာ နှင့် စပ်လျဉ်း၍ ဘာမှ မှတ်ချက် မပေး ၊ ထို့နောက် ဘမော် အား သူမ ၏ စာအုပ် ထဲ တွင် ညှပ် ထားသော စာရွက်ခေါက်လေး ကို ပေးသည် ။
“ ရော့ .. ကိုမော် ၊ စုစု လည်း စာအုပ် လာ ငှားရင်း ကဗျာ လာ ပေးကာ မကောင်း ရင် တော့ ပြင်ပြီး ထည့် ပေးရမယ်နော် ၊ ကဲ .. ပြန်ဦးမယ် ၊ ကြာရင် အိမ် က စိတ်ပူ နေ လိမ့်မယ် ”
ပြောပြောဆိုဆို စုစုခက် က နှုတ်ဆက် ၍ ထွက် သွားသည် ။ ခြေလှမ်း တိုင်း ၊ ခြေလှမ်း တိုင်း သူမ ၏ သွယ်ကား ဖွံ့ထွား အိစက်သော တင်များ က လှပစွာ လှုပ်ရှား နေသည် ကို ကြည့်ပြီး ဘမော် ကျန် ခဲ့သည် ။
••••• ••••• ••••• •••••
နေဝန်းနီနီ နံရံကပ်စာစောင် ကပ်ပြီး တစ်ပတ် အကြာ တစ်ခုသော တနင်္ဂနွေနေ့ ။
ဘမော် သည် ဈေး ထဲ မှ လက်ဖက်ရည်ဆိုင် တွင် ထိုင်၍ လက်ဖက်ရည် သောက် နေသည် ။ ထိုအခိုက် မောင်မြချို ဆိုသည့် လူငယ်ကလေး ဆိုင် ထဲ သို့ ဝင်လာသည် ကို ဘမော် တွေ့ ရ၍ ဖော်ရွေစွာ လှမ်းခေါ် နှုတ်ဆက် လိုက် သည် ။ တစ်ဆက်တည်း လက်ဖက်ရည် တစ်ခွက် ပါ မှာ လိုက်သည် ။ လူငယ် ကား ထုံးစံ အတိုင်း မှုန်တေတေ ၊ ငေးငေးငူငူ ။
“ အစ်ကို ... နောက် နံရံကပ် စာစောင် ဘယ်တော့လောက် ထုတ်မလဲ ဘာ နာမည် နဲ့ ထုတ်မလဲ ”
ချပေးလာသော လက်ဖက်ရည် ကို တစ်ငုံ ကျိုက်ရင်း လူငယ် က မပွင့် တပွင့် စကား စ မေးလိုက်သည် ။
“ နွေမျက်နှာ ဆိုတဲ့ နာမည် နဲ့ပဲ ညီလေး ဒီ လ ကုန်လောက် စ ပြီး စာမူ တွေ လက်ခံမယ် လို့ စီစဉ် ထားတယ် ...”
ဘမော် က လူငယ် ၏ အမေး ကို ဖြေ ရင်း ဆက်ပြီး ပြော လိုက် ပြန်သည် ။
“ ငါ့ ညီ ကို ကြည့်ရတာ စာပေ ကို ဝါသနာ ကြီး ပုံ ပဲ ။ “ စာပေသည် ပြည်သူ့အတွက် ” လို့ ကြွေးကြော်နေတာ ကို ငါ့ ညီ သိမှာပေါ့ ။ နောက်ပြီး တော်လှန်စာပေ တို့ ၊ ဆိုရှယ်လစ်သရုပ်မှန်စာပေ တို့ ဆိုတာတွေရော ”
“ ဒါပေမဲ့ ဒီနေ့ တို ဒလနယ်မြေ မှာ အခုမှ အိပ်ရာ က နိုးထစ ရှိသေး တယ် ။ နံရံကပ်စာစောင ကို ကြည့်မယ် ဆိုရင်လည်း ပုဂ္ဂလိကခံစားမှုတွေ များ နေတာကို တွေ့ ရမယ် ။ အေးလေ.. ဘာပဲဖြစ်ဖြစ် အစတော့ ဒီလိုပဲ သည်းခံပြီး စည်းရုံးရမှာပေါ့ ”
“ ဒီတော့ .... အစ်ကို ဆိုလိုချင်တာက ငါ့ ညီဟာ ကလောင်ကောင်း တစ်လက် ဆိုတာ အစ်ကို အကဲခတ် မိတယ် ။ တစ်ခါလောက် ပြည်သူ့ ကိုယ်စားပြု ကဗျာလေးတွေ ရေးစမ်း ကြည့်ပါလား ”
ဘမော် က လေရှည်ကြီး ဖြင့် ရင်ထဲ အရှိ ကို ဘွင်းဘွင်း ပြောချ လိုက်ပြီး မောမော နှင့် လက်ဖက်ရည် ကို တစ်ခါတည်း အကုန် မော့ သောက်လိုက် သည် ။
မောင်မြချို က ဘမော် ၏ စကား ကို စိတ်ပါဝင်စားစွာ ဆုံးအောင် နား ထောင်ပြီး သူ့ အခြေအနေ ကို တစ်စွန်းတစ်စ ဖွင့်ဟ လာသည် ။
“ ဟုတ်ပါတယ် အစ်ကို ၊ ကျွန်တော် လိုင်းပြောင်း ပြီး ရေးချင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော် အခု အချိန် မှာ ဒါတွေ ရေးလို့ မထွက်သေးဘူး ။ ဘာကြောင့် လဲဆိုရင် သောကဗျာပါဒတွေ ကျွန်တော့် ရင်မှာ ဖိစီး နေလို့ပါ ။ ကျွန်တော့် ကို ခွင့်ပြုပါဦး ”
မောင်မြချို ၏ အသံသည် တိမ်ဝင် သွားသည် ။ စကား ဆုံးသည် နှင့် စားပွဲ မှ ထကာ ငိုက်စိုက် ငိုက်စိုက် နှင့် ထွက်ခွာ သွားသည် ။
မောင်မြချို သည် ဆယ်တန်းကျောင်းသား ၊ ဆန်စက်ပိုင်ရှင် ဦးကြွယ်ဟိုး ၊ ဒေါ်လှိုင် တို့ ၏ တစ်ဦး တည်း သော သား ဆိုသည် ကို တော့ ရှေးမဆွ က ပင် ဘမော် သိ ထားသည် ။ သို့သော် မောင်မြချို ၏ အသည်းကွဲ ဇာတ်လမ်း ကို ကား လုံးဝ မသိချေ ။
မောင်မြချို ၏ ဘဝသည် ရွှေအိမ်စံ ၊ ငွေအိမ်စံ ဖြစ်သော်လည်း အချစ် နှင့် ကင်းသော ဂုဏ်သိက္ခာ ၊ အချစ် နှင့် ကင်းသော စွမ်းရည် ၊ အချစ် နှင့် ကင်း သော စည်းစိမ်ဥစ္စာ တို့သည် အနှစ် မရှိ နိုင်တော့ချေ ဟု ဘမော် တစ်ယောက် မှတ်ချက် ချ ရတော့မည် လား ။
••••• ••••• ••••• •••••
တပေါင်းလပြည့်နေ့ ။
သည်နေ့ ရုံး ပိတ်သည် ။ ဘမော် သည် စုစု နှင့် မတွေ့တာ ကြာပြီ ဖြစ်၍ သွားတွေ့ ရန် စိတ်ကူး နေသည် ။ ထိုစဉ် ကလေးငယ် တစ်ဦး အိမ် ထဲ ဝင်လာ ၍ သူ့ အား စာ တစ်စောင် ပေးသည် ။ စာအိတ် ကို ကြည့်ရုံ နှင့် စုစု ဆီ က စာမှန်း သိ လိုက်သည် ။ ဘမော် သည် အဆောတလျင် စာအိတ် ဖွင့် ၍ ဖတ်လိုက် သည် ။
သို့
အစ်ကိုမော် ...
သည် စာ ကို စုစု နောက်ဆုံး သံယောဇဉ် နှင့် ရေး လိုက်ပါသည် ။
ဘမော် သည် စာ ကို ဆက် မဖတ်ဘဲ ခဏ ရပ်ထား မိသည် ။ စာ အသွား အလာ သည် ဘမော် အတွက် တစ်မျိုးကြီး ဖြစ်နေသည် ။ နောက်ဆုံး သံယောဇဉ် နှင့် ဆိုတော့ ထူးခြား နေသည် ဟု ကောက်ချက် ချရင်း ဘမော် ရင်ခုန်နှုန်း မြန်စွာ ဖြင့် ဆက် ဖတ်သည် ။
ကိုမော် .... စုစု ကို အပြောင်းအလဲ မြန်တယ်ပဲ ထင်ထင် ၊ ပဲပြားပင် လို လေယူရာ ယိမ်းနွဲ့တယ်ပဲ ပြောပြော ၊ စိမ်းကားတယ် လို့ ဆိုဆို စုစု တော့ ကိုမော့် ကို မေ့ပစ်ဖို့ ဆုံးဖြတ် လိုက်ပြီ ။
ဒါ စင်စစ်တော့ စုစု အမှားပါ ၊ စုစု ကိုယ် ကို စုစု ညာနေ မိတယ် ၊ တကယ်တော့ ကိုမော့် ကို စုစု နှစ်နှစ်ကာကာ ချစ်တာ မဟုတ်ဘူး ၊ ပစ်ပစ်ခါခါ လည်း မမုန်းပါဘူး ။
ဒါပေမဲ့ ကိုမော် ရဲ့ စာပေ အရေးအသား နဲ့ ခံယူချက် ကို လေးစား ကြည်ညို ခဲ့တာပါ ။ စုစု ကို ကျော်ကြားမှု ကို မက်မောတယ် လို့ စွပ်စွဲ ရင်လည်း စွဲ ပေါ့ ။
အဲဒီတုန်းက စုစု လေ သူ့ ကို မိန်းကလေးတစ်ယောက် နဲ့ အထင် လွဲပြီး အဆက် ဖြတ် ခဲ့တယ် ။ သူ ဟာ စုစု ကို သိပ် ချစ်တယ် ဆိုတာ ၊ စုစု အထင် လွဲတယ် ဆိုတာ ခုတော့ စုစု သိ လာပါပြီ ။
သူ နဲ့ ဝေးကွာရတဲ့ တွယ်ရာမဲ့ ဘဝမှာ စုစု ရဲ့ ဝေဒနာ ကို ကိုမော် နဲ့ တွေ့ပြီး ကုစားခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါ စုစု ပွင့်ပွင့်လင်းလင်း ပြောတာပါ ။
သူ ဘယ်သူ ဆိုတာ ကို ကိုမော် သိလား ၊ ကိုမော် သိပါတယ်လေ ကိုမြချို ဟာ စုစု ရဲ့ အချစ်ဦး ပေါ့ အစ်ကို ရယ် ။
ဒါကြောင့် ... စုစု ကို ခွင့်လွှတ်ပါ လို့ တောင်းပန်လိုက်ပါတယ် ။
စုစုခက်
ဘမော် သည် စာ ကို ကိုင်၍ ငိုင် နေ မိသည် ။ “ မြချို နဲ့ စုခက် ” ဒီ နာမည် နှစ်လုံး ကို ရေရွတ် မိသည် ။ တပေါင်းနွေ သည် ချစ်ချစ်တောက် ပူ နေသည် ။ ဘယ်ဝှေ့ ညာကူး နွေ ၏ လေရူး ကြောင့် မခိုင့်တခိုင် ရော်ရွက်ဝါ တို့ မြေပြင် သို့ လွင့်မျော ကြွေကျ နေသည် ။
ဥသြ ... ဥဩ ... ဥဩ ဥသြငှက်ငယ် သည် ဟိုကိုင်း ဒီကိုင်း ခုန်ကူး နေလျက် တစာစာ အော်မြည် နေသည် ။ နွေ ၏ အပူကို ဖြေသိမ့် ပေးနေ သယောင် ဟို အကိုင်း သို့ ခုန်အကူး ကျန် အကိုင်းသည် ထွန့်ထွန့်လူး တုန်ခါ ကျန်ရစ်နေသည် ကို ဘမော် တွေ့ နေ ရသည် ။ သူ ၏ အဖြစ်သည် လည်း ထို နည်း တူ ။
အချစ်ငှက်ငယ်လေး သည် ဘမော် ၏ သည်းပင်ဖျားဝယ် ခေတ္တ ခိုနား ပျံထွက် သွားသောအခါ ဘမော် ၏ ရင်သည် သိမ့်သိမ့်ခါ လှုပ်ရှား ညည်းတွား ကျန်ရစ်ခဲ့စေတော့သည် ။
ဘမော် သည် အချစ် ၏ အမှောင်မူးမူးဝယ် အရူး သဖွယ် တမ်းတမ်းတတ လွမ်းဆ ပွား မနေလိုတော့ ၊ ပျံလေသော အချစ်ငှက်ငယ် အား နားခါ မှ သိမယ် ဆိုသည့် အသိတရား ကလဲ့စား မျိုးလည်း ရင်ဝယ် မထားပိုက် လို ၊ သူ့ တွင် သစ္စာ ရှိသော အဖော် ရှိသည် မဟုတ်ပါလား ။ စာပေ သည် သူ ၏ အဖော်ပင် ၊ စာပေ သည် သူ့ဘဝ ၏ အားမာန် ၊ သူ့ အတွက် လက်နက် သည် စာပေ နှင့် ပြည်သူ့ အတွက် ကိုယ်စား ပြုရဦးမည် ။ အချစ် ကြောင့် နောင့်သည်းဗျာဝေ မတွေဝေ လိုတော့ ။ ရှိပါစေတော့လေ ။
ဘမော် သည် သူ နှစ်သက် သဖြင့် အလွတ် ကျက် ထားသော ကဗျာ ဆရာ လှဆွေ ၏ “ ပျံလေတော့ ငှက်ငယ် ” ကဗျာ မှ နောက်ဆုံးအပိုဒ် ကို တိုးတိုး ရေရွတ် လိုက်သည် ။
အို .. မိန်းကလေး
ပြေးချင်ပြေးပါ ၊ သင်လိုရာကို
ချမ်းသာလိုလား ၊ ကျော်ကြားလိုလား
သွားပါသွားပါ ၊ သွားစမ်းပါလေ
ငါနေရစ်ခဲ့ ချစ်ပေမဲ့လည်း
ကွဲသွားပါစေ ၊ ခွဲသွားပေရော့
သေတူရှင်မျှ ဘဝချင်းကွာ
ပြည်သူများစွာ ၊ ငါ့အိမ်ရာကို
ဝင်လာမစဲ ၊ အသဲသဲပါ
လမ်းခွဲထွက်ခွာ ၊ မိမာယာကို
ဘာပြု တားမြစ် နေမလဲ ။ ။
◾ဖြိုးထိန်
📖 ရုပ်ရှင်အောင်လံမဂ္ဂဇင်း
အောက်တိုဘာလ ၊ ၁၉၇၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment