Thursday, November 16, 2023

ဆင်စွယ်မှန်ရိုး ပိုးမထိုး

❝ ဆင်စွယ်မှန်ရိုး ပိုးမထိုး ❞

[ ဒါရိုက်တာ ကိုထက်လှိုင် ( ၄၇ နှစ် ) ကို ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုအဖွဲ့ ) ၏ အလုပ်ခန်း မှာ မကြာခဏ ဆုံတွေ့ဖူးသည် ။ ကိုဇော်ဇော် က ကလေး တွေ ကြည့် ဖို့ ရည်ရွယ်ချက် ဖြင့် ဇာတ်ကြီးဆယ်ဖွဲ့ ကို ဗီစီဒီ ရိုက်သည် ။ ကိုထက်လှိုင် က ဇာတ်ညွှန်း ပိုင်း ၊ ဒါရိုက်တာ ကိုထက်လှိုင် က နာမည်ကြီး နှစ်ဦး သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ပါသည် ။ သူ့ အကြောင်း ကို ယခုလို ပြောပြသည် ။ ]

•••••   •••••   •••••   •••••

ကျွန်တော့် ဇာတိရွာ က ကျောက်ဆည်မြို့ အနောက်ဘက် ၁၂ မိုင် လောက် ဝေးတယ် ။ ကျီးအိပ်ရွာ တဲ့ ။ ကျွန်တော်တို့ ခပ်ငယ်ငယ် တုန်း က ဆိုရင် ရွာ က လူတွေ က မန္တလေး မပြော နဲ့ ကျောက်ဆည် တောင် ရောက်ဖူးတဲ့ လူ ခပ် ရှားရှား ရယ် ။ အဖေ က တော့ ရွာလူကြီး မို့ မြို့ ကို အစည်းအဝေးလေး ဘာလေး သွား ရတယ် ။ သတင်းစာ ဖတ်ဖူးတယ် ။ သတင်းစာ ထဲ မှာ မန္တလေး ပန်တျာကျောင်း က သင်တန်းသားသစ် ခေါ်တာ တွေ့တော့ အဖေ က လျှောက်လွှာ တင်ပစ် ခဲ့တယ် ။ သည်လိုနဲ့ ပန်တျာကျောင်း မှာ ကျွန်တော် အက သင်တန်း တက်ဖြစ် သွားတယ် ။ ကျောင်း က ဆင်း ရင် မင်းသား လုပ် စားမယ်ပေါ့ ။

၁၉၇၃ ခုနှစ် ကျောင်း က ဆင်း တော့ မင်းသား သီရိစိန် ရဲ့ ဇာတ် ထဲ မှာ ကျွန်တော် လူရွှင်တော် ဝင် လုပ်တယ် ။ လူရွှင်တော် အေးကျော် ဆိုတဲ့ အမည် နဲ့ ပေါ့ ။

လူရွှင်တော် နှစ်နှစ် လောက် လုပ် ပြီးတော့ ရွှေမန်းကျော်အောင် ဇာတ် ထဲ ကို ယိမ်းမင်းသား အဖြစ် လိုက် သွားတယ် ။ ညည ရွှေမန်းကျော်အောင် က တာ ကို ကျွန်တော် က ညတိုင်း ထိုင် ထိုင် ကြည့်တယ် ။ သူ က “ ငါ့ သား ဘာ စိတ်ဝင်စားသလဲ ” မေးတယ် ။ နောက်ပိုင်း က တာ လို့ ဖြေလိုက်တော့ ကျွန်တော့် ကို နောက်ပိုင်း တင် ပြီး က ခိုင်းတယ် ။

ရွှေမန်းကျော်အောင် နဲ့ တစ်နှစ် လိုက် ပြီးတော့ မန္တလေး မှာ ခေါင်းဆောင် မင်းသား လုပ်ပြီး ကတယ် ။ မင်းသား ပန်တျာနန်းအောင် ဆိုတဲ့ နာမည် နဲ့ က တာ ။

ခေါင်းဆောင် မင်းသား နှစ်နှစ် ပဲ က ပြီး ဇာတ်ဦးစီး ပြောင်း လုပ်တယ် ။ ဇာတ်အဖွဲ့ ကို ငွေကြေး စိုက်ပြီး ထောင် တဲ့ ဇာတ်ဆရာ က ပွဲ က သွား တဲ့ နေရာတိုင်း ကို မလိုက်နိုင်ဘူး ။ ဦးစီး နဲ့ မျက်နှာ လွှဲ တာပဲ ။ အဖွဲ့ တစ်ဖွဲ့ လုံး ကျွေးမွေးမှု က အစ အုပ်ချုပ်ရေး အထိ ဦးစီး က တာဝန် ယူ ရတယ် ။

ပထမဆုံး စ ကိုင် တဲ့ မင်းသား က ကြယ်တာရာသဘင် က ကျော်စိုးဝင်း ။ အဲသည် ဇာတ် မှာ ရှစ်နှစ် ကြာတယ် ။ ဦးစီးလုပ်ရင်း ဆရာဦးခင်မောင်တင့် ဆီ မှာ ပြဇာတ် ဇာတ်ညွှန်း ခွဲပုံ ခွဲနည်း ၊ ပြဇာတ် တစ်ပုဒ် လုံး ကို ပရိသတ် မပျင်း အောင် စိတ်ဝင်စားမှု ရှိအောင် တည်ဆောက်နည်း တွေ သင်ယူတယ် ။

ကျွန်တော် ကိုယ်တိုင် က မင်းသား က လာ ခဲ့တာ ဆိုတော့ အခြား သူ တွေကို က တတ်အောင် ၊ သရုပ်ဆောင် တတ်အောင် လည်း သင်ပေး နိုင်တယ် ။ ဒါကြောင့် ဒါရိုက်တာ အလုပ် ပါ တွဲပြီး တာဝန် ယူ လိုက်တယ် ။ မင်းသား က တုန်း က ယူခဲ့တဲ့ နာမည် နန်းအောင် ဆိုတာ က ပျော့ နေတယ် ။ ကိုယ် က မင်းဒင် တို့ လို ခပ်မာမာ နာမည် ကို ကြိုက်တယ် ။ စာ လည်း ဖတ်တော့ ထင်လင်း ကို ကြိုက်တယ် ။ ဒါနဲ့ ထက်လှိုင် ( ပန်တျာ ) ဆိုတဲ့ အမည် ကို ယူ လိုက်တာ ။

ဇာတ်စာ ရေးတယ် ၊ ဒါရိုက်တာ လုပ်တယ် ဆိုတာက ကိုယ် ပြောချင်တဲ့ သဘောတရား အယူအဆ ကို ဇာတ်လမ်းလေးတွေ နဲ့ ပရိသတ် လက်ခံအောင် တန်ဆာ ဆင် ရတာပါပဲ ။ မိတ်ကပ်ကြီး နဲ့ ပရိသတ် ရှေ့ ထွက်ပြီး ကိုယ်တိုင် မရပ်ချင် မပြောချင်တော့ဘူး ဆိုပါတော့ ။ ပြောချင်တဲ့ စကား နားဝင် ဖို့ဆိုတာ က လည်း ပရိသတ် က ချစ်တဲ့ မျက်နှာမျိုး က ပြော မှ ကိုး ။ အဲသည်တော့ ပရိသတ် ချစ် တဲ့ မင်းသားလေးတွေ ကို ကိုယ် ပြောချင်တဲ့ စကား သင် ပေး ရတယ် ပေါ့ ။ အဲသည် အတွက် ဒါရိုက်တာ လုပ်နေတာ ။

မင်းသားတွေ က လည်း ကိုယ် သင်ပြ တာ ကို နာခံကြပါတယ် ။

မန္တလေး က နာမည် အကြီးဆုံး မင်းသားတွေ ကို တီဗီ လာ ရိုက်မယ် ဆိုတော့ ကျွန်တော် ဦးစီး လုပ်တဲ့ ဇာတ်က မင်းသား မောင်မြင့်လွင် လည်း ပါတယ် ။ မောင်မြင့်လွင် က အကပညာ ပြည့်ဝ အောင် ကန်တော့ပွဲ ခုနစ်ပွဲ ထိုးပြီး ဆရာတွေ ကို ကန်တော့ ပြီး ပညာ ထပ် သင်တယ် ။ သင်ပေးတဲ့ အခါမှာ လည်း သူ ပေါ့သွား မှာ စိုး လို့ ကျွန် တော် က ကြိမ် ကိုင် ပြီး သင်တာ ။ မောင်မြင့်လွင် ဆို ရင် အဲသည် အချိန်က နာမည် သိပ်ကြီး နေတဲ့ မင်းသား ပဲ ၊ ဒါပေမဲ့ မောင်မြင့်လွင် က တော်တယ် ၊ ကြိမ်ရိုက် ခံတယ် ။

မင်းသား က တဲ့ အခါ မှာ လက်ကလေးတွေ ကွေး နေ ရမယ် ။ မကွေး ဘဲ စန့်စန့်ကြီး ဖြစ်နေ တဲ့ လက် ကို ဆရာ က ကြိမ် နဲ့ ဖြတ် ရိုက်ချ လိုက်တယ် ။ နောက် တစ်ကြိမ် က တော့ တန်း နေရင် ကြိမ် နဲ့ ရိုက်တော့မယ် ဆိုတာ စိတ် က သိတော့ လက် က အလိုလို ကွေး သွားတယ် ။ အဲသည်လို သင်ပေး ရတာ ။

ဇာတ်အဖွဲ့ နဲ့ အတူ သွားရင်း ကား မှောက် လို့ ချောက် ထဲ ကျမှာ လို ဖြစ်တဲ့ အခါမျိုးတော့ သည် အလုပ် ကို တော်ပါပြီ အောက်မေ့ ပေ မဲ့ မီးရောင် အောက် ကို ရောက် ရင် သည်အတွေး က ပျောက်သွား ပြန်ရော ။ ဘယ် အလုပ် မဆို အခက်အခဲ တော့ ရှိကြတာပါပဲ ။ သည် အလုပ် က တော့ ကိုယ် စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ သင်ယူခဲ့တဲ့ ပညာ မို့ လုပ်ရတာ စိတ်ချမ်းသာတယ် ။ လူ သက်သာပါတယ် ။

သဘင် အလုပ် ဆိုတာ လှေဦးစို စို ၊ လှေဦးခြောက် ခြောက် ဆိုတဲ့ အလုပ်မျိုး ပါပဲ ။ သည်နှစ်တော့ ဇာတ်ဦးစီး ဇာတ်ဒါရိုက်တာ တစ်ဘက် မှာ လုပ်ရင်း သစ်သီးမျိုးစုံ ရောင်းတဲ့ လုပ်ငန်းကလေး တစ်ခု လည်း တွဲပြီး လုပ်နေတယ် ။ လိမ္မော်သီး တို့ ၊ ကဗ္ဗလာသီး တို့ ၊ ဆီးသီး တို့ ပွဲရုံ က ဝယ်ပြီး ဆိုင်ကလေး ထွက် ရောင်း တာပေါ့ ။ ပွဲ က ရတာ နည်းလို့ သစ်သီးလေး တွဲ ရောင်း နေတာပေါ့ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment