Wednesday, November 29, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၂၁ )


 ဒီနှစ် နွေရာသီ အတော် ပူပါသည် ။ တိုက်ခတ် လာသည့် လေများ လည်း နေအပူ ကို ဖြတ်လျှောက် လာရသည် ထင့် ၊ လေပူများ သာ ဖြစ်နေ သည် ။ ထို အပူရှိန်များ ကြောင့် နေရ ထိုင်ရသည် မှာ ငြီးစီစီ နှင့် မို့ အိပ် ပဲ ငိုက်ချင် သလိုလို ၊ အားပဲ နည်း နေ သလိုလို နှင့် တစ်နေကုန် မလန်းမဆန်း နိုင် လှသည် ။


ပို၍ မလန်းသည် က သူ ၏ စိတ်များ ပင် ။ အလိုလို နေရင်း သူမ မျက်နှာ ပြောင်ချော်ချော်ကြီး အတွေး ထဲ ပေါ် လာ ၍ ပင် ဖြစ်သည် ။


တွေး လည်း မတွေးပါ ၊ သတိ မရအောင် လည်း နေပါသည် ။ သို့သော် မည်သည့် ပယောဂ ကြောင့် မသိ သူမ ၏ မျက်နှာကြီး က စိတ်ကူး ထဲ လန်းတန်း လန်းတန်း နှင့် လိုက်ပါ နေသည် ။


ဘာ အလုပ် ပဲ လုပ်လုပ် ကိုယ့် နဘေး နား သူမ ရောက် ရောက် လာ၍ ဘာ လာ ကြပ် ပြန်ပြီးလဲ ဟူ၍ ပ င် လန့် လန့် သွား တတ်၏ ။


ဟုတ်ပါသည် ။ သူမ သာ အနား ရှိနေပါ က သူ့ အား ဒုက္ခ ရောက်ရန် တစ်ခု ခု ကြံစည် နေမှာ သေချာ၏ ။


လုံချည် အောက်နား ကို မီး နဲ့ ရှို့နေသည် ဖြစ်စေ ၊ နားရွက် ကို သားရေကွင်း နဲ့ ထိုင် ပစ်နေသည် ဖြစ်စေ ၊ တစ်ခု ခု တော့ ကြံစည် နေမှာ သေချာ၏ ။ သို့တည်း မဟုတ် သူမ တစ်ယောက် တည်း ငြိမ်ကုပ် ၍ မုန့်တွေ တစ်ခု ပြီး တစ်ခု ဝါး နေတာလည်း ဖြစ်ချင် ဖြစ်မည် ။ ပြီးလျှင် သူ ၏ ပေကျံ နေသော လက် ကို ဆေးခိုင်း ပေလိမ့်မည် ။ သို့မှ မဟုတ် လျှင် သူမ ၏ ပြောင်ချောချော မျက်နှာ ကြီး ကို စူပုပ် ၍ တစ် ခုခု ထိုင် စဉ်းစား နေလိမ့်မည် ။


ထိုသို့ သူမ စဉ်းစား နေသည် မှာ လည်း သူတစ်ပါး ကို ဒုက္ခ ပေး ရန်သာ ဖြစ်ပေလိမ့်မည် ။


ဆိုရသော် သူမ ၏ အပြုအမူများ ကို ဥပမာ တစ်ခု နှင့် ရှင်းပြအံ့ ... ။


မီးရထား တစ်စင်း ပေါ် တွင် အရွယ်တော် ယောက်ျားသား နှစ်ယောက် နှင့် အမျိုးသမီး နှစ်ယောက် တို့ မျက်နှာချင်းဆိုင် ထိုင်ခုံ တွင် အတူ ထိုင် နေရ၏ ။ ယောက်ျားသား နှစ်ဦး မှာ လူရည်သန့် လူငယ်များ ဖြစ်ပြီး တစ်ဦး မှာ အိုင်ယာလန်သား ဖြစ်ပြီး တစ်ဦး မှာ ဂျာမဏီသား ဖြစ်သည် ။ အမျိုးသမီး နှစ်ဦး မှာ တစ်ဦး က အဘွားကြီး ဖြစ်ပြီး နောက် တစ်ဦး မှာ ဖြူစင်နုနယ် ၍ ချောမော လှပသော မိန်းမချောလေး တစ်ဦး တို့ ပင် ဖြစ်သည် ။


ယောက်ျားသား နှစ်ယောက် မှာ အမျိုးသမီးငယ်လေး ကို သာ ပြုတ် ထွက် တော့ မယ့် မျက်လုံးတွေ နဲ့ စိုက် ကြည့် လာကြသည် ။ အဘွားကြီး က သာ ပုတ်သိုး နေ သော မျက်လုံးကြီး နဲ့ ထို လူငယ် နှစ်ယောက် ကို စွေစောင်း ကြည့် ရင်း လိုက်ပါလာသည် ။


ဤသို့ဖြင့် မှောင်မိုက်သော မြေအောက်လမ်း တစ်ခု သို့ ရထား အဖြတ် ဘာမှ မမြင်ရတော့ သော အချိန်ဝယ် ရွှတ်ခနဲ အ သံတစ်ချက် ကြား ပြီး ‘ ဖြောင်း ’ ခနဲ ပါးရိုက်သံ တစ်ချက် ကြားရ လေသည် ။ ရထားကြီး အလင်းရောင် သို့ ပြန် ရောက်လာ သောအခါ လေးယောက်လုံး မှာ ခတ်တည်တည် မျက်နှာ နှင့် ဟန်မပျက် ထိုင် နေကြသည် ။


အဘွားကြီး က ဤသို့ တွေး၏ ။


“ ဘယ်ကောင်လဲ မသိဘူး ... အမှောင် ထဲ မှာ ကောင်မလေး ကို နမ်း တာ ... ကောင်မလေး လက် က လည်း မြန်လိုက်တာ ‘ ဖြောင်း ’ ခနဲ နေ တာပဲ ... တော်တော် လက်သွက် တဲ့ မဟုတ်မခံမလေး .. ဟို သောက်ကောင် တော့ တော်တော် အီသွားမှာပဲ ... ” 


မိန်းမပျိုလေး က ဤသို့ တွေး ပြန်၏ ။


“ ဘယ်ကောင် လဲ တော့ မသိဘူး ... အမှောင် ထဲ မှာ ငါ မှတ်ပြီး နမ်း တာ အဘွားကြီး ကို နမ်းမိ သွားတယ် ... အဘွားကြီး လက် က လည်း ယဉ်ပါ့ ဒါမျိုး တော်တော် အတွေ့အကြုံ ရှိပုံရတယ် ‘ ဖြောင်း ’ ခနဲ ကို နေတာ .. သန်မာ ပုံ က အရွယ် နဲ့ မလိုက်ဘူး .. အသံကြီး က တော်တော် အောင်တယ် ” 


ဂျာမဏီသား က ဤသို့ တွေးပြန်၏ ။


“ တောက် ... အိုင်ယာလန်သား က တော့ လုပ်ပြီ ... နမ်း တာ က သူ ၊ လူ မှားပြီး ပါး ချ ခံရတော့ ငါ ... တောက် ... မျက်လုံး ထဲ မီးပွင့် သွား မလား မှတ်ရတယ် ဟင်း .. ”


အိုင်ယာလန်သား က ဤသို့ တွေး ပြန်၏ ။


“ တောက် ... ကိုယ့် လက် ကိုယ် ကကျွတ်ခနဲ စုပ်ပြီး ဘေး က ကောင် ပါး တီးချ လိုက်တာ မြိန်ပါ့ကွာ ”


ဤသို့သာ ဖြစ်သည် ။ သူမ လည်း သူများ ဒုက္ခ ပေး ရမည် ဆိုလျှင် သူ့ လက် ကို သူ ကျွတ်ခနဲ စုပ်ပြီး ဘေး လူ ပါး ကို ချချင်သော မိန်းမသားမျိုး ဖြစ်သည် ။


ထိုကဲ့သို့ မိန်းမသားမျိုး ကို သူ က ဘယ်လို သဘောထား မည်နည်း ။ 


“ ဟုတ်ကဲ့ .. တွေ့လျှင် ကြောက်ပါသည် မတွေ့လျှင် .. အင်း .. မတွေ့ လျှင် တော့ သတိရမိ ပေါ့ လေ ...”


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment