Monday, November 20, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၄ )


 သူမ နှင့် စတင် ဆုံစည်းခြင်း မှာ ဤသို့သာ ဖြစ်၏ ။ ယခု အဖြစ်အပျက် ကို မြင်ရုံ နှင့် ကျွန်တော် ပြောခဲ့သလို သူမ ဆိုးသည် ဟု ထင် နေကြလိမ့် မည် ။ မဆိုးပါ ။ မဆိုးသေးပါ ။ ဤထက် ဆိုးသော အပြုအမူများ ရှိပါသေးသည် ။


သူမ အကြောင်း ခြုံငုံမိရန် ဥပမာ တစ်ခု ပြောပြပါမည် ။ သူမ နှင့် မဆိုင်သည့် သူမ နှင့် သူမ ၏ ပတ်ဝန်းကျင် အကြောင်း ဖြစ်ပါသည် ။


စားသောက်ဆိုင် တစ်ခု ၏ တတိယထပ် တွင် ရေချိန် လွန် နေကြပြီ ဖြစ်သော လူများ အကြောင်း ဖြစ်သည် ။ လူ တစ်ဦး က အာလုံး လျှာလုံး ဖြင့် ပြဿနာ တစ်ခု ကို စတင် သည် ။


“ ဆိုပါစို့ ။ ကမ္ဘာမြေကြီး က ဆွဲငင်အား ရှိတယ်လို့ ဆိုပါတယ် ။ မငြင်းဘူး ။ ဒါကို ပါပါ မငြင်းဘူး ။ ပါပါ တွေ့ရှိချက် က ကမ္ဘာမြေကြီး ကို လေထု က ဖိနှိပ် ထားတယ် ။ ဟိုး ... မိုင်ပေါင်း များစွာ အမြင့် က နေပြီး ဖိနှိပ် လာတဲ့ လေထု ဟာ ကမ္ဘာမြေ နဲ့ နီး ကပ် လေ ပိုပြီး သိပ်သည်း လေလေ ပဲ ။ အဲဒီ သိပ်သည်းစွာ ဖိနှိပ်ထား တဲ့ လေထု ရဲ့ လျှို့ဝှက်ချက် ကို သိပြီ ဆိုလျှင် The Hold Air ခေါ်တဲ့ လေထု ထဲ က အပေါက် ကို တွေ့ လာ လိမ့်မယ် ။ အေ့ ... အဲဒီ အပေါက် ကို တွေ့ရင် မင်း ဟာ အဲဒီ အပေါက် က နေပြီး လေဟာနယ် မှာ မတ်တတ် ရပ် နိုင်ပြီပေါ့ ကွာ ... ဟားဟား ... အေ့ ”


“ ခင်ဗျား က တော့ လုပ်ပြီ ... ကဲ .. လေဟာနယ် ထဲ မှာ တကယ် ရပ်လို့ ရနိုင်တယ် ဆိုရင် .. ခင်ဗျား ရပ်ပြ နိုင်မလား ... အေ့ ”


“ ကောင်းပြီလေ .. ရပ်ပြ မှ ယုံမယ်ဆို ...  ”


ထိုသူ က သူ့ ရင်ဘတ် ကို တစ်အုန်းအုန်း ထု ရင်း ...


“ ရပ်ပြမယ် ... ဟောဒီ ပါပါကိုယ်တိုင် ရပ်ပြမယ် .. အေ့ ”


ထို သူ က ယိုင်ထိုး ယိုင်ထိုး နဲ့ ပြတင်းပေါက် ပေါင်ပေါ် ကမြောက်ကချောက် တက် ၍ လေ ထဲ လမ်းသလား ပြနေသည် ။ ဟုတ်ပါသည် ။ လေဟာနယ် ထဲ တွင် ယိုင်ထိုးယိုင်ထိုး နဲ့ လမ်းလျှောက် ပြနေခြင်း ဖြစ်သည် ။ အောင်မယ် လေ တအေ့အေ့ တက်ရင်း ....


“ ဟား … ဒီလေ ကလဲ ... အေ့ ”


နဲ့ တောင် လုပ်နေ သေးသည် ။


ထိုသူ မှ ယိုင်ထိုးယိုင်ထိုး နဲ့ ပြန်လျှောက် လာပြီး ပြတင်းပေါက် မှ ပြန် ခုန် ဆင်း လာသည် ။


“ ကိုင်း ... ပါပါ မပြောဘူးလား ... လေထု ရဲ့ သိပ်သည်းဆ နဲ့ .. The Hold Air ကို သိရင် လေထု ထဲ မှာ မတ်တတ်ရပ် လို့ရတယ် ဆိုတာ အေ့ ... ခင်များ လည်း မယုံရင်ရပ်ကြည့် ... အိ နေတာပဲ... တယ်ကောင်း ”


အမူး လွန် နေသော မုတ်ဆိတ်မွေး ပါးမြိုင်းမွေး နဲ့ လူကြီးက  ... 


“ အေ့ ... မူဒူ မှ မရပ်ရဲဘူးလားကွ ... ဟေ ... အေး မစမ်းရဲရင် ငါ ပြမယ် ”


ထို လူကြီး က ပြတင်းပေါက် ပေါင် ပေါ် ကို မရမက ကုတ်ကပ် တက်နေ၏ ။ အသက်ကြီး တာ တစ်ကြောင်း မူး တာ တစ်ကြောင်းကြောင့် တော်ရုံ နှင့် အပေါ် မရောက် ။ ပြတင်းပေါက် ပေါင် ပေါ် ရောက် မှ ..


“ အေ့ ...အားလုံး ကြည့်ကြ ... ပါပါ ဆိုတဲ့ လူ ရဲ့အဆို ကို ဘဘ ထောက်ခံတဲ့ အနေနဲ့ လေဟာနယ် မှာ ရပ်ပြမယ် ... လာလေ့ ”


“ ဂွမ်း ... ဒုန်း ”


ထို လူ ပြတင်းပေါက် မှ ကျ သွားခြင်း ဖြစ်သည် ။ လူများ ရုတ်ရုတ်သည်းသည်း ဖြစ် ကုန်၏ ။ ဆိုင်ရှင် ပြေး လာပြီး ပြတင်းပေါက် မှ အောက်ဘက် သို့ ကြည့်သည် ။ ခုနက လူကြီး အမှိုက်ပုံ ထဲ တွင် ဇောက်ထိုးကြီး စိုက် နေပြီ ။ ဆိုင်ရှင် က ပါပါ ဆိုတဲ့ လူကြီး ဘက် လှည့်၍ ဒေါသတကြီး နဲ့ ပြောသည် ။


“ ဟေ့လူ ... စူပါမင်း ... ခင်များ မူး နေရင် လည်း အေးအေးဆေးဆေး နေ ဗျာ .. သူများ ကို လိုက် မကျပ်ပါ နဲ့ ... ဟိုမှာ တစ်ယောက် ကျိုးသွား ပြန်ပြီ ”


သင် မည်သို့ ခံစားရသနည်း ...


သူမ သည် ထို ပုံပြင် ထဲ က ငမူး စူပါမင်း လို လူစားမျိုး ဖြစ်သည် ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment