❝ ပန်း မဲ့ လိပ်ပြာ ❞
ရောင်နီ လာပြီ မို့ ဖယောင်းတိုင် မီး ကို ငြိမ်းသ,တ်ပစ် လိုက်ရသည် ။ မေမေ တို့ အခန်း ဆီ က အမှောင်ရိပ်များ ကို ငေးရင်း နှင်းယုယု ဆိုသည့် မေမေ့ သမီး အသက်ရှင် လျက် ရှိနေသေးတယ် ဆိုတာ အိမ်သား တစ်ယောက် ယောက် သိ သွားဖို့ အော်ဟစ် ပစ် လိုက်ရ ကောင်းမလား လို့ တွေးမိဆဲ ။ ငှက် တစ်ကောင် ရုတ်ခနဲ ထ ပျံသွား သည် ။ တဖြည်းဖြည်း မြင့်တက် ကာ ခပ်မှုန်မှုန် အမည်း စက်ကလေး အဖြစ် လှမ်းမြင် ကျန်ရတော့ အထီးကျန်မှု ဝေဒနာ က ပိုလို့ လေးပိ လာရသည် ။ ခုလိုမျိုး ဆည်းဆာချိန် မှာ အိပ်ခန်းပြတင်း မှ မဟုတ်ဘဲ တိမ်စ ပေါ် က ကြည့်ရ လျှင် ဘယ်လိုများ နေမလဲ ။ အမြင့် က ဆီး ကြည့် ရလို့ ရင်တလှပ်လှပ် ခုန်သွား မှာလား ။ ကြောင့်ကြ အားငယ်မှု မရှိသည့် အနိုင်ကြည့်မျိုး နှင့် ပဲ ကြည့်ဖြစ် မှာ ပါ ထင်ပါရဲ့ ။ အတောင် ဆန့် ပျံနေသည့် ငှက် တစ်ကောင် ရဲ့ လွတ်လပ် ပေါ့ပါးမှုမျိုး လေ ။ မွေးချင်းဖော် သာ ရှိ ခဲ့လျှင် ပခုံး ချင်း ဖက်ပြီး တတွတ်တွတ် ပြောနေ မိမည် ထင်သည် ။
လေစိမ်း က ညဝတ် အင်္ကျီပါးပါးလေး ကို ဆွဲမွေ့ ခါယမ်း ပြီး ဆံပင်တွေ ကို ထိုးဖွ ပစ်လိုက်တော့ မှ ပြတင်း တံခါးတစ်ဖက် ကို စေ့ လိုက်မိသည် ။ စာကြည့်စားပွဲ ပေါ် က ပစ္စည်းတွေ ကို မေမေ့ အကြိုက် နေသားတကျ သိမ်းရဦးမယ်ပေါ့ ။ ပန်းရောင် စာအုပ်လေး ကို လွယ်အိတ် ထဲ ထည့် ။ မေမေ သောက် ခိုင်းပေမယ့် တမင် ဝှက် ထားမိ သည့် အားဆေးပုလင်း ကို စားပွဲ ထိပ် မှာ မြင်သာ အောင် ပြန်ထား ။ ဖယောင်းတိုင် တွေ ကိုကော ... ။ မေမေ မသိ အောင် ခိုး ထွန်း ရသည့် ဖယောင်းတိုင်ကလေး တွေ ကတော့ သည် အလှစိုက် ပန်းအိုး ထဲ မှာ ပဲ နေကြဦးပေါ့ ကွယ် ။
စောစော က ထ ပျံသွား သည့် ငှက်ကလေး ကို သတိ ရတော့ မှ အခန်း တွင်း က မင်းတုပ် ကို ဖွင့်ထွက် လာခဲ့ပြီး မီးဖိုခန်း နှင့် ကပ်လျက် ရှိသည့် မခင်ပု အခန်း ဆီ ထွက် လာ မိသည် ။ အပြင်က မင်းတုပ် ထိုး ပိတ် ထားသည့် မခင်ပု ရဲ့ အခန်း ကို ကြည့်ရင်း ရင် ထဲ မောကျပ် လာပြန်သည် ။
ချစ်သူ ရှိ နေပြီ လို့ ယူဆသည့် နေ့ က စပြီး မေမေ သည် မခင်ပု ကို မျက်နှာ သာ မပေးတော့ ။ ညည အိပ်ခန်း တံခါးကို မင်းတုပ် ထိုး ပိတ်ထား တတ်သည် ။ အိပ် မပျော် သည့် ညတွေ မှာ ယု က တိတ်တဆိတ် တံခါး သွား ဖွင့် ပေး ထားပြီး မေမေ မနိုးမီ တိတ်တဆိတ် ပြန် ပိတ်ထား တတ်မြဲ ။
ကိုယ့် အိပ်ခန်း တံခါး ကို ပိတ်ပြီး ရေး ချင် ရာ ရေး ၊ တွေး ချင် ရာ တွေး လိုက်ရမှ လွတ်လပ်မှု အငွေ့ ကို မျှင်မျှင် ကလေး ရလာ တတ်သည် လို့ ယု ထင်မိသည်ပင် ။ ရဲသည် မဟုတ်ပေမယ့် တံခါး တစ်ခု ကို ခိုးဖွင့် ပြီး နောက် တံခါးတစ်ခု ကို ခိုးပိတ် တတ်သည့် အကျင့် က စွဲခဲ့ပြီ ပေါ့ ။ နှုတ်ခမ်း လှုပ် နေတာ ကို ဘဲဥပုံ ရှေး မှန်အိုကြီး ထဲ မြင်ရတော့ ည က ချရေးမိတဲ့ စာပိုဒ်တွေ များ လား ။ နား ထဲ က ကြား နေရတဲ့ အသံ ကကော ယု အသံ စစ်စစ် မှ ဟုတ်ရဲ့လား ။
နှုတ်ခမ်း ကို ယောင် ၍ ပိတ်ကြည့် မိသည် ။ ကဗျာ ရွတ်သံ ကို တော့ ကြားနေရဆဲ ။
ဖြူဖျော့ပါးလျား မျက်နှာလေး က မည်းနက် ရွှေဆံပင် လှိုင်းများ အလယ် ကယ်သူ မဲ့နေ သလိုပဲ ။ အကြောစိမ်း ထင် လက်ကလေး နှစ်ဖက် နှင့် ဆံပင် ကို သိမ်း ကာ ထုံး နှောင် လိုက်တော့ မေးချွန်ချွန် နှင့် နှုတ်ခမ်း ထူထူလေး က ဘဲဥပုံ ရှေး မှန်အိုကြီး ထဲ မှာ ထင်းခနဲ ပေါ် လာ၏ ။ ကောက်ရိုး တစ်မျှင် ကို စမ်းတဝါးဝါး ရှာဖွေမောရင်း မျက်စိ သူငယ်အိမ် ဟာ အရောင် ပို ဖျော့ လာပြီ ထင်ပါရဲ့ ။
ဘုရား ရှိခိုးသံ ကြား လိုက် ရတော့ ရင် ထဲ က စိုးရွံ့လှိုက်မော လာပြီး ထုံးထားမိသည့် ဆံထုံး ကို ထိတ်လန့် တကြား ပြန် ဖြေချမိ၏ ။ ရေ အေးအေး တစ်ခွက် သောက် ချင်စိတ် နှင့် မိုးရေ ဆင်း ချိုးချင်စိတ် တို့ ရုတ်ခနဲ ပေါ်လာ ခိုက် မှာပဲ မေမေ့ မေတ္တာပို့ အမျှဝေ သံ က တစ်ဖက် နား မှ ပြန် ထွက် သွားလေသည် ။ တုန်အက်အက် ကြေးစည်သံ နောက် မှာ တစ်စုံ တစ်ခု ကို ဖွေရှာ ရင်း နွမ်းနေမိရာ က မှန်တင်ခုံ မှာ မျက်နှာ အပ် လို့ အသက် ပြင်းပြင်း ရှူ နေ မိပြန်သည် ။
အဲသည် ဆုံးမ စကားတွေ ကိုလား ၊ မေမေ့ ကို လား လို့ ခွဲခြား မရတတ်သည့် အခါတွေ မှာတော့ ည အိပ်ရာ ဝင် ဘုရား ကြာကြာ ရှိခိုး နေမိပြီး အိပ် မရ ပြန်တော့ ။ မေမေ ဖတ်လေ့ ရှိသည့် နေမိ ငရဲခန်းပျို့ က အာရုံ ထဲ မှာ ဖျောက် လို့ ကို မရနိုင် ။ အိပ်ပျော် မိ လို့များ အိပ်မက် ထဲ မှာ ငရဲ ဆိုတာ ကို ခံစား နေရဦးမှာလား ။
ကျောင်းဝင်း ထဲ ကို ခြေ ဆယ့်လေးငါးလှမ်း လောက် ကျူးသည် အထိ ကား ပေါ် က စောင့်ကြည့် နေမယ့် ဖေဖေ နှင့် မေမေ ကို ဖြစ်နိုင် လျှင် ‘ ပြန် မလာတော့ဘူး ’ လို့ တအား အော်ဟစ် ကာ အပြီး နှုတ်ဆက် လိုက်ချင်သည် ။ အိမ် မှာ ထက် ပို ချိုသည် ထင် ရသည့် ပြင်ပ လေစိမ်း ကို တစ်ဝကြီး ရှူလိုက် မိ စဉ် တောင်ပံ ခတ်သံ လိုလို ၊ သစ်ရွက် လေတိုးသံ လိုလို ကြားရပြန်တော့ နှင်းရွှဲ နေတဲ့ မြက်ခင်း ပေါ် မှာ တစ်ယောက် ယောက် နှင့် ထိုင် ကြည့် ချင်လိုက် တာ ။ တစ်ယောက် တည်း ဆိုလျှင်တော့ သူတို့ တွေ က ယု ကို ... ။ ငါ ဘာလုပ်ရ ကောင်းမလဲ ဆိုတာ သူငယ်ချင်း တွေ မေး ကြည့်ရ ကောင်း မလား ။ မေးမိ လျှင် လွယ်အိတ် ထဲ က ဖယောင်းတိုင်တွေ တွေ့ သွား တုန်း က လို ဝိုင်းရယ် ကြ မှာလား ။ သနားလိုက်တာ ဟယ်လို့ အတည် ပြောကြ မှာလား ။ ရှပ်အင်္ကျီ နှင့် ယောက်ျားလေး တစ်ယောက် လို နေ တတ်သည့် တူးတူး က ‘ ပိုးဟပ်ဖြူမလေး ကတော့ ဟေ့လို့ ’ ဆိုပြီး ဆိုးဆိုးဆတ်ဆတ် နှင့် ဖက်နမ်း လိုက် လျှင် တော့ ... ။
ယု လမ်းလျှောက် တာ ကို ကြည့်ပြီး ‘ လဲတော့မယ် ၊ လဲတော့မယ် ၊ တွဲခေါ် ပေးရမလား ’ ဆိုသည့် နောက်ပြောင် သံတွေ ကို မေမေ တစ်ခါလောက် ကြားစေ ချင် လိုက် တာ ။ အဲလို ဆိုရင် လည်း တစ်စုံတစ်ခု ကို စိုးရိမ်ပြီး ကျောင်း က နုတ်ပစ်ကြဦးမှာ ။ ဂုဏ်တော် ပို ရွတ်ဖို့ ပြော လာမလား ။
အို ... မောလိုက်တာဟယ် ။
လူချစ်လူခင် များ အောင် ဂုဏ်တော် ရွတ်ဖို့ မေမေ သင်ပေး ထား ပေမယ့် လူတွေ ကို ကြောက်တယ် မေမေ ရဲ့ ။ မေမေ့ စာအုပ် ဗီရို ထဲ က သားရေဖုံး စာအုပ်ထူကြီးတွေက လွဲ လို့ တခြား စာအုပ်တွေကို အဆိပ်အတောက် အန္တရာယ် တွေလို့ ဆိုပြီး ကိုင် မကြည့်မိဖို့ တောင် မှာ ထားတာက ဘာ သဘောပါလိမ့် မေမေ ။ ဆယ်တန်း တုန်း က ယု အတွက် သီးသန့် ခေါ် ထားသည့် ဆရာမ လက် ထဲ က မဂ္ဂဇင်း စာအုပ် ကို မမြင်သာအောင် အလိမ္မာ နှင့် မေမေ တောင်း ထား လိုက်ပုံ ကို ဘယ်လို မေ့ပစ်ရပါ မလဲ ။
ခုတော့ ကျောင်း မှာ လာ ရောင်း တတ်သည့် ကဗျာ စာအုပ်လေးတွေ ၊ ပို့စကတ်လေးတွေ ကို ခိုး ဝယ်ပြီး မေမေ မသိအောင် ဝှက်ထား တတ် နေပြီပေါ့ ။ သည် ပစ္စည်းလေး တွေ အတွက် ကြောင့်ကြစိတ် က ရင် ထဲ မှာ တစစ်စစ် ကိုက်ခဲ နေ သလိုပင် ။ သူများ ကဗျာတွေ ကို အလွတ် ရ နေတာ ၊ ကိုယ့် ဘာသာ ကဗျာ လို့ ထင် ရသည့် စာပိုဒ်လေး တွေ စမ်းရေး နေ မိတာ ကို တော့ မေမေ မသိဘူး မဟုတ် လား ။
မေမေ အိပ်ပျော် နေတုန်း ဖယောင်းတိုင် ခိုး ထွန်းပြီး ကဗျာ ရေးနေတာ ။ ည အမှောင် ထဲ မှာ ကဗျာတွေ တိတ် တိတ်လေး ရွတ်နေတာ ။ အဲဒါ သမီး လေ မေမေ ရဲ့ ။
ကဗျာတွေ ကို ကောက်ရိုးမျှင် လို ဖက်တွယ် ရင်း အိပ် ပျက်ညတွေ များ လာလေသည် ။ ငရဲ ကြီး ရမယ့် အဖြစ် တွေ ၊ စိတ် နောက်ကျုစရာ အတွေးတွေ မပေးပါ နှင့် လား မေမေ ရယ် ။ သဉ္ဇာ နှင့် လဲ့လဲ့ဦး တို့ နှစ်ယောက် ရေကူး စ သင် သည့် နေ့ က ညနေစာ ထမင်း မစားဘဲ နေပစ်လိုက် သည့် ယု ကို နေမကောင်းဘူးလား လို့ မေး သူ ဟာ မေမေ မဟုတ်ဘူး ဆိုလျှင် ... ။ တူးတူး က သူ့ ဖေဖေ မွေးနေ့လက်ဆောင် အဖြစ် လက်မှတ် ထိုး ပေးထားသည့် ‘ အရှေ့က နေဝန်းထွက်သည့်ပမာ ’ စာအုပ် ကို သူငယ်ချင်းတွေ တစ်လှည့် စီ ပေး ဖတ်တာ မြင် ရတော့ ငါ့ အလှည့် ကျ လျှင် လို့ တွေးရင်း အလိုလို မော လာ မိသေးသည် ။
ကိုယ့် အလှည့် တကယ် ကြုံလာတော့ ‘ ခေါင်းခါ လိုက်စမ်း ’ ဆိုတဲ့ မေမေ့ အသံ က…. ။
လွတ်ကျ သွားတဲ့ စာအုပ် ကို ဘယ်သူ ကောက်သိမ်း လိုက်တယ် ဆိုတာ မသိနိုင် လောက်အောင် မျက်နှာဝှက် ထား မိတဲ့ အားငယ်ရမှုမျိုး ကို မင်းတို့ သိကြမှာ မဟုတ်ပါဘူး ဟယ် ။
ဘာလို့မှန်း တော့ မသိ ။ ရည်ညွှန်း စာအုပ် အချို့ ကို ရှာဖို့ စာကြည့်တိုက် ထဲ သို့ တစ်ယောက် တည်း မသွားရဲ ။ ကိုယ့် အရပ် ထက် မြင့်တဲ့ စာအုပ်စင်ကြီးတွေ ရှေ့ မှာ ယု ဆိုတဲ့ ကောင်မလေး ဟာ တကယ့် သေးသေးမှုန်မှုန် လေး ဖြစ်သွားတယ် လို့ ထင်မိသည် ။ သည်မှာ ကော မေမေ အတင်း ဖတ်ခိုင်း တတ်တဲ့ စာအုပ် တွေ ရှိနေပါ သလား မေမေ ။
တစ်ယောက် တည်း မရေမရာ လျှောက်သွား နေမိစဉ် လိပ်ပြာတောင်ပံ ခတ် သလို သွားလာ လှုပ်ရှား နေ သည့် တစ်ခု သော စင်္ကြံကွေ့ မှာ သူ နှင့် လူချင်း တိုက်ခဲ့ မိ သည် ။
သူ ... ဆိုတာလား ။
သူ ဆိုတာ သူ ပေါ့ မေမေ ရဲ့ ။
ပခုံး နှစ်ဖက် ကို ကိုင်ကာ ထူမပေးသည့် သူ့ ကို ပြန် ငေးကြည့် ရင်း အိပ်မက် တစ်ခု ကို ဖြုန်းခနဲ သတိရ လိုက် မိသေးသည် ။ အိပ်မက် ကို ဖျတ်ခနဲ တွေးရင်း ခြေလက် တို့ အေးလာခိုက် ‘ ခင်ဗျား လက် တွေ သိပ် အေးနေတယ် ’ ပြောပြီး စာသင်ခန်းဝ အထိ လိုက်ပို့ ပေးတာကို ပြန်တွေး မိတိုင်း အသက်ရှူ မြန် လာတတ် ပြန်သည် ။ အဲသည် တုန်း က ရင်ခွင် ထဲ ပြုတ်ကျလာသည့် သူ့ တိုက်ပုံအင်္ကျီ ကို ပြန် ပေးတော့ မေမေ မဆူပါဘဲလျက် အင်္ကျီထူပွပွ အောက် က ယု လက်ကလေးတွေ ဘာကြောင့်များ တဆတ်ဆတ် တုန် နေခဲ့တာလဲ ရှင် ။
နောက်နေ့ တွေ မှာ မုန့်စားဆောင် သို့ ပင် မသွားရဲ တော့ ။ မေမေ က ဘယ် ယောက်ျားလေး ကို မျှ မကြည့်ဖို့ အပျို ဖြစ် ကတည်း က မှာထားဖူးသည် လေ ။ တက္ကသိုလ် ရောက် တော့ လည်း တတွတ်တွတ် သတိပေး နေ တတ် တာပါပဲ ။ ယု မှာ ယောက်ျားလေး သူငယ်ချင်းတွေ အများ ကြီး ရှိ နေ လျှင် သူ့ ကို အခုလို ခဏခဏ သတိရ နေဦးမှာ ပဲလား ဆိုတာ စဉ်းစားမိ ပြန်တော့ ဣန္ဒြေ ကြီး လွန်းသည့် မေမေ့ မျက်နှာ က ဖျတ်ခနဲ ဝင် ဝင် လာပြန်သည် ။
လက် ခေါက် ထားသည့် စစ်အင်္ကျီ နှင့် အင်းလေး လွယ်အိတ် အနီရဲရဲ ၊ တစ်ခါတစ်ခါ တိုက်ပုံအင်္ကျီ ကို လက် မှာ ပိုက်ထားပြီး ဆံပင်ရိုင်းတွေ က နဖူးပေါ် မသေ မသပ်ကျ လို့ မုန့်စားဆောင် မှာ ရှိနေကြ ခိုက် ခိုင်နွဲ့တင် က လှမ်း ခေါ်ပြီး မိတ်ဆက် ပေးသည့် အခါ သည်က ရှက် တတ်တာ သူ ဘယ်လိုများ သိ နေပါလိမ့် ။ အားလုံး ရှေ့ မှာ သူ က အခုမှ ပဲ သိကြတဲ့ ပုံမျိုးနဲ့ လေ ။ သူ့ နာမည် ၊ သူ့ အတန်း ၊ သူ့ ဘာသာတွဲ တွေ ကို ဘာမှန်းမျှ မမှတ်မိ အောင် ကဗျာဆရာ ဆို တဲ့ အသိ က စူးနစ် သွား ဆဲ ။ သူ နှင့် စကားရဲဝံ့ ပြောချင်လိုက် တာ လို့ ယု တွေးလိုက် မိသည် ။ သူ နှင့် ခိုင်နွဲ့တင် တို့ ပြောကြ သလို သင်္ကေတ ၊ နိမိတ်ပုံ ၊ အနာဂတ်ဝါဒ ၊ ဝှစ်တ်မင်း ၊ လော်ရကာ ၊ ဟာနန်ဒက်စ် ။ နား ထဲ မှာ အဝိုင်းတွေ ၊ လေးထောင့်တွေ ၊ သုံးမြှောင့်ချိုး တွေ ။ နားလည်နိုင်မည် ဆိုလျှင်တော့ သူတို့ နေထိုင်တတ် သည့် လက်ဖက်ရည်ဆိုင် အထိ ပင် ကြိုးစားပမ်းစား လိုက်ကာ နားထောင် ပစ် လိုက် ချင်ပါသေးတယ် ။ ဒါပေမဲ့ ဒါတွေအားလုံး အပြစ်တွေများ ဖြစ်နေ မလား လို့ အဆုံးသတ် တွေး မိတိုင်း အိမ် က ကား လာ ကြို နေကျ နေရာမှာ သတိ ကြီးစွာ နှင့် ရပ်စောင့် နေမိမြဲ ပင် ။
ဖိတ်စာကတ်ပြားလေး ကို ကျော် ၍ မေမေ့ ခြေမ ကို လှမ်း ကြည့် နေ မိစဉ် မျက်နှာကြက် တစ်ခုလုံး ယု အပေါ် ပြိုပိ ကျ နေသည် ဟု ခံစား လာရပြန်သည် ။ ကန့်ကွက်မည် ကို သိလျက် စွန့် ပြော ကြည့်မိတာ ကို က အမှား တစ်ခု ပေါ့ ။ အချစ်ဆုံး ဆရာမ ရဲ့ မင်္ဂလာပွဲ မို့ ယု တို့ အားလုံး သွားကြဖို့ ညှိ ထားတာ မေမေ ရဲ့ ။ အများနည်းတူ ဝတ်ဆင်ခြယ်သခွင့် မရှိသော် လည်း မေမေ ပြင်ဆင် ပေး သမျှ ဇင်းမယ် လုံချည် မှိုင်းမှိုင်း ၊ အင်္ကျီလက်ရှည် အဖြူ ထူပွပွ နှင့် ကျစ်ဆံမြီး အရှည် မှာ နှင်းဆီဝါ တစ်ပွင့် လောက် ပန်ရ နိုး ပေါ့ ။ မေမေ့ လက်ပွေ့အိတ် အဖြူ ကို လည်း ခဏ လောက် ကိုင် ရမယ် ထင် ပါရဲ့ ။
ခုတော့ ဧည့်ခန်း ထောင့် စားပွဲ ပေါ် က စားပွဲတင် ပန်ကာရွက်တွေ လည် သလို မေမေ့ ခေါင်း ယမ်းပုံ က မြန် လိုက်တာ ။
“ ယု တစ်သက် မှာ လူကြီး ဖြစ် မလာတော့ဘူးလား ၊ ဒီအတွက် အစစ မပြင်ဆင်ရတော့ဘူးလား ။ သမီး ငယ် သေးတယ် ဆိုရင်လည်း သူများတွေ ဒီလို မဟုတ်ဘူး မေမေ ရဲ့ ” လို့ ရင် ထဲ က ပဲ ပြန် ပြော မိတော့ အလိုလို ပင် ပါးပြင် တစ်ဖက် ပူစပ် သွားသည် လို့ ထင်မိပြန်သည် ။ မေမေ မသိသေးသည့် သူ့ အကြောင်းတွေ ကို ပြန် ပြော နေ မိ လျှင် အခက် ။ အတန်း ထဲ က တစ်ယောက် ယောက် အိမ်ထောင် ကျ သွားတိုင်း ယု အပေါ် သံသယ ပို ဆောင်း ပြီး ကြည့် လာတယ် လို့ ထင် ရသည့် မေမေ့ မျက်လုံးတွေ ကို ... ။
ကျောင်း စာသင်ခန်းလေး ထဲ မှာ ငြိမ်သက်စွာ ထိုင် ရင်း မေမေ့ မျက်လုံးများ ကို ပိုမို ကြောက် လာ၏ ။
ခုတလော မေတ္တာပို့တွေ ကို ကဗျာရှည်ကြီး တွေ လို့ ထင် နေမိတာ ကို ကော ဘယ်သူ့ ကို မေးကြည့်ပြီး ထင်မြင် ချက် တောင်း ရလျှင် ကောင်းမလဲ ။ ဘယ်သူ့ ကို မျှ အိမ် လည် မခေါ်ဝံ့တာ ၊ ဘယ်သူ့ အိမ် မျှ အိမ်လည် လိုက်ခွင့် မရှိတာ ၊ ဆံစ မှ ခြေဖျားထိ မေမေ့ သဘောကျ နေ နေရတာ ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေ ကို တရားဝင် ဖတ် ခွင့် မရှိတာ ၊ စကား ပြော ဖော် မဲ့ အချိန်များ ကို ပြန် လို့ တောင် မစဉ်းစား ချင်တာတွေ ဟာ ဝဋ်ဒုက္ခ တစ်မျိုး ကို ခံ နေရတာနဲ့ တူပါတယ်လေ ။ ငရဲ ကြီး မှာ ကို ကြောက်လျက် မေမေ့ ကို ထပ်ထပ် စိတ် နာလာကာ သူ လည်း ပြန် ဝဋ်ခံရမှာ ပဲ လို့ တွေး တတ် လာ၏ ။
မင်္ဂလာဆောင် သွား ခွင့် မရသည့် အကြောင်း ပြောပြ လိုက်တော့ အားလုံး က ဒုက္ခိတမလေး တစ်ယောက် ကို ကြည့် သလို သူ့ ကို ငေး ကြည့်သည် ။ သည်လိုမျိုး အကြည့် ခံရတိုင်း ရင် ထဲ မှာ တစ်ခုခု ကွဲအက် သွားသလို နာကျင် နေမိတာချည်း ပါ ပဲ ။
သူတို့ မုန့်စား သွား လျှင် တစ်ယောက် တည်း တမင် ချန် နေ ရစ်ကာ ခါး ထောက်ပြီး မျက်နှာ မှုန်ကုပ် နေသည့် မိန်းမကြီး တစ်ယောက် ပုံ ကို စိတ် တွင်း မှာ ဆွဲ နေမိ၏ ။ ပုံ က ခြစ်ရာတွေ များ လွန်းလို့ ရှုပ်ထွေး လာတော့ စုန်းမကြီးပုံ လို့ နာမည် ရေးထိုးမည် ကြံဆဲ ။ “ နှင်းယုယု ကို ကျွန်တော် ခေါ်ခိုင်းလိုက်လို့ ” ဆိုသည့် အသံ ကို ကြားရ လေသည် ။
တိုက်ပုံအင်္ကျီ လက် မှာ ပိုက် ထားသည့် ကဗျာဆရာလေး က ယု မျက်နှာ ကို တစ်လှည့် ၊ ကျစ်ကျစ် ဆုပ်ထား သည့် လက်သီးဆုပ်လေး တွေ ကို တစ်လှည့် ကြည့် နေတာ သိတော့မှ ထ လိုက် လာ ခဲ့မိသည် ။ ဘာကြောင့်များ မငြင်းဆန်မိတာ ကို လည်း ဆိုတာ ကို တော့ တမင် မစဉ်း စားဘဲ နေပစ် လိုက်သည် ။
ဂျပ်ဆင် အောက် ရောက်ခါ နီးတော့ “ သူတို့ နဲ့ မတွေ့ ချင်ဘူး ” လို့ ပြောမိတယ် ထင်ပါရဲ့ ။ မျက်လွှာ ချထား သည့် ယု ကို သူ လှမ်း ကြည့် လိုက်သလား ။ သစ်ပင်တွေ ကို ပဲ ကြည့်နေ မလား ။ စုံတွဲတွေ ကို မထူးဆန်း သလို မသိကျိုးကျွန် ကျော်ဖြတ် မိခဲ့ကြသလား ။
အဓိပတိလမ်း ဘက် ချိုးကွေ့ ခါ နီး မှာ “ ဘာ စာအုပ် တွေ ဖတ်နေ သလဲ ” လို့ သူ က မေးသည် ။ ညည အိပ် မပျော်၍ မျက်တွင်းတွေ ချိုင့်ခွက် နေတာ ကို ကဗျာဆရာလေး က စာကြမ်းပိုး လို့ ထင် နေပုံပဲ ။ ပန်းစိုက်အိုး ထဲ က ဖယောင်းတိုင်လေးတွေ ကို တော့ မေမေ မတွေ့ နိုင်ဘူး ထင်ပါရဲ့လေ ။ ရေး ထားတဲ့ ကဗျာတွေ သူ့ ပြ ကြည့် ရ ကောင်း မလား ။ “ ကျွန်မ ကဗျာ ရေးနေတယ် ရှင့် ” လို့ ပြော လိုက်လျှင် သူ ဘယ်လိုများ နေမလဲ ။ ဘာပဲ ဖြစ်နေ ဖြစ်နေ ရင်ခုန် လှိုက်မူးစရာ သည် အခိုက်အတန့်ကလေး ခပ် ပေါ့ပေါ့ ပျောက်ဆုံး သွားမှာ ကို တော့ အစိုးရိမ်မိဆုံးပင် ။
မိုး ရွာ ပြီးစ မြက်ခင်းတွေ က အရောင် ပို တောက်လာ ပြီး ထူပိန်းပိန်း အစိမ်း ထက် မှာ စိန်ပန်းရဲရဲတွေ ကြွေကျ နေပုံက သိပ်လှတာပဲ လို့ တွေးနေဆဲ ။ “ စန္တိနိကေတန် ဆိုတာ ကြားဖူးလား ၊ တဂိုး ရဲ့ ကျောင်း လေ နှင်း ရဲ့ ” လို့ ကဗျာဆရာလေး က ပြော လိုက်သည် ။ အကြောင်းအရာ သစ်တွေ နှင့် ဖွဲ့စည်း ထားသည့် စကားတွေ ထက် ‘ နှင်း ’ လို့ ခေါ်လိုက်သံ က အဆန်းဆုံး ပါ ပဲ ။ တစ်ကိုယ်လုံး ကို ဝှေ့ယမ်း ပြီး စိတ် တံခါးပေါက် တစ်ခု ကို ဆွဲဖွင့် ပေးလိုက် သလိုပါပဲလေ ။ နှင်း တဲ့ ... နှင်း တဲ့ ... လားကွယ် ။ သူ့ စကားရပ်များ ကို နားလည် မလွယ် နိုင် ပေမယ့် ထူးခြား နေသည် မို့ မှတ်မှတ်ထင်ထင် ရှိ နေသည် ။
တောရိပ် တောင်ရိပ် အောက် က ဝါးတဲ အဆောင် တွေ ၊ နွားချေးကျံ အိမ်ခန်းနံရံ နဲ့ ကောက်ရိုးအိပ်ရာ ၊ သစ်ပင်ရိပ် က အကာအရံမဲ့ သင်တန်းတွေ ၊ အနုပညာ ကို လိုလား မြတ်နိုးတဲ့ ကျောင်းသူ ကျောင်းသားတွေ ၊ အကြောင်းအရာ အချက်အလက်သစ်များ နှင့် ထပ်တူ လှုပ်ရှားဟန် နှင့် သူ့ အသံ က အသည်းနှလုံး နံရံ ကို တဖျပ်ဖျပ် ပုတ်နှိုး နေ သလိုပါပဲ ။ “ သမီး မကြည့်နဲ့ လေ ” ဆိုသည့် အသံ တစ်သံ အဝေး က လွင့် လာတာကို ကြားမိ ပေမယ့် “ ငရဲ မကြီးနိုင်ပါဘူး မေမေ ” လို့ ရင် ထဲ မှာ ပြန် ပြောရင်း အမိန့် ကို နာခံ၍ မရတော့ ။ ဒါပေမဲ့ နောက် က ခြေသံ လိုလို ကြား မိတိုင်း မေမေ လား လို့ လှည့်လှည့် ကြည့် မိသေးတာ ကို မိမိ ဘာသာ မကျေနပ်ချင် ။ ကဗျာဆရာလေး က “ ဘာဖြစ်လို့လဲ နှင်း ” လို့ မေးသည် ကို ခေါင်းခါ ပြမိ ပေမယ့် ရင် ထဲ တထင့်ထင့် ဖို ကာ တစ်ခုခု အတွက် ကြောင့်ကြ နေရတာ ကို သူ ရိပ်စားသွား မိ မှာ ပူပန် မိပြန်လေသည် ။
မိုး နှင့် လေ က ခြွေထား သဖြင့် စိန်ပန်းကြွေပွင့်တွေ က မနင်းရက် စရာ ။ အပင် ထက် က လန်းလန်းကော့ကော့ စိန်ပန်းပွင့်များ ၊ မြက်ခင်း ပေါ် မှာ ၊ ကတ္တရာလမ်း ပေါ် မှာ စွေးစွေးနီရဲ ပွင့်ကြွေများ ၊ ရေမြောင်းပေါင် အစပ် မှာ တင် နေသည့် စိန်ပန်းကြွေပုပ် ၊ နီညိုညစ်များ ။ ကဗျာဆရာ လေး ကို “ တဂိုးကျောင်း အကြောင်း ပြောပါဦး ” ဟု ရင် ထဲ က ပူဆာ မိသည် ။ အဲသည်မှာ က သဘာဝ အတိုင်း အသိဉာဏ် ကို ရှင်သန်ခွင့် ပြုထားတော့ ပိုပြီး နိုးကြား တတ်မြောက် လွယ်တယ် ။ ငှက်ကလေးတွေ က လွတ်လွတ်လပ်လပ် ပျံ နေတယ် ။ သူတို့ တေးသီသံ ကို ကြားရမယ် ။ ပန်းပေါင်းစုံ ရနံ့ က လည်း မွှေးလို့ ။ အဲဒီမှာ တိုက် တဲ့ လေပြည် က လည်း ခုန်ပေါက် နေတတ်တယ် တဲ့ ။ ကိုယ် စိတ်နှစ်ပါး ချမ်းသာမှု ဟာ အသိဉာဏ် နဲ့ အာရုံ ကို ဖွင့်တဲ့ တံခါးပေါက် ပဲ တဲ့ ။ သူ ဘယ်လိုများ သိ နေတာလဲ ဟင် ။ ယု ကို နှင်း အဖြစ်နဲ့ လေ ။ ခုနေ ခဏလေး အိမ်ပြန် ပြေးပြီး နှင်း ဆိုတဲ့ ကောင်မလေး အဖြစ် နဲ့ မှန်ရှေ့ ရပ်ကြည့် ချင် လိုက်တာ ။
ကံ့ကော်ပင် ထိပ်ဖျား မှ ဥဩသံတွဲ့တွဲ့ ကို သဲ့သဲ့ ကြား ရတော့ “ မိုးဦး လေဦး မှာ အဖော်ကွဲ ကျန်ရစ် ရှာတဲ့ ငှက်ကလေး ထင်ပါရဲ့ ” ဆိုသည့် အသံ ကို ကြားလိုက် မိဆဲ ။ သူ့ အကြည့် က စံကားပင်တွေ ဆီ ရောက်သွားပြန် တယ် ။
အဝါရောင် ၊ ပန်းရောင် ၊ ဆွတ်ဆွတ်ဖြူ အပွင့်ကြီး ၊ အပွင့်သေး စံကားပွင့်ကြွေတွေ ကို ယု က ကောက်နေဆဲ ။ “ နှင်း ဘယ်အရောင် အကြိုက်ဆုံးလဲ ဟင် ” လို့ မေး သံ ကြား လိုက်ရတော့ အဖြူရောင် စံကားပွင့်လေး ကို ထောင်ပြ လိုက်ပြီး သူ့ ကို တစ်ပွင့် ကမ်းပေးမိသည် ။ “ အရောင်မှိုင်းမှိုင်းတွေ ဆို သိပ်မုန်းတာ ”လို့ ပြောလိုက် မိစဉ် ကဗျာဆရာလေး က ပန်းပွင့် ကို သူ့ နှာခေါင်းချွန်ချွန် လေးနှင့် ဖိကပ် ထား နေပြန်သည် ။
အင်းလျားဆောင် ဘက် အထွက် ဂိတ်စောင့်ရုံလေး ထဲ က စုံတွဲ ကို ပြိုင်တူ လိုလို မျက်နှာ လွှဲ မိကြ၏ ။
လူချင်း ခွဲခါနီး မှာ စာအုပ် တစ်အုပ် လှမ်း ပေးခိုက် ယူ ပြီး လှပ် ကြည့် မိတော့ ‘ နှင်း ဖတ်ဖို့ ’ ဟု တစ်ကြောင်း တည်းရေးထားပြီး ‘ နေအောင် ’ ဟု အောက် မှာ လက်မှတ် ရေးထိုး ထားသည် ။ “ နေ ကို အောင်မယ့် လူ ပေါ့ ” လို့ ဘာ ကြောင့်များ ပေါ့ပါး နှုတ်သွက် မိတာလဲ ။
အားနာစိတ် နှင့် အရှက်ပြေ ရယ်လိုက်မိ ပြီး မှ သည်လို ပေါ့ရှရှ ရယ်တာမျိုး ကို မေမေ မကြိုက်တတ်ဘူး ဆိုတာ သတိရမိပြန်တော့ ‘ အဝါရောင် တောအုပ်လယ် မှာ ’ ဆိုတဲ့ ကဗျာစာအုပ်လေး ကို ကျောင်းစာအုပ် အထူတွေ ကြား မှာ သေသေချာချာ သိမ်း မိသည် ။
အတွေး ထဲ မှာ တော့ စန္တိနိကေတန် ဆို တာ ...
ရွှေစပွင့်ဖတ်တွေ ဖွဲဖွဲကျ နေပုံက ‘ အဝါရောင် တော အုပ် အလယ်မှာ ’ ဆိုသည့် ကဗျာစာအုပ် ထဲ က ပိတောက်ပင်တွေ များလား ။ သူ နဲ့ တွေ့ လို့ မေးမိ ပြန် လျှင် သူ က သဘောကျပြီး ပြုံးဦးမှာလား ။ ‘ နှင်း က ပိတောက် ကို မြတ်နိုးသလား ’ လို့ မေး လာရင် ကော…. ။
ကျောင်း အပြင်ဘက် သည်းသည်းလှုပ်လှုပ် ထွက် လျှံ ကျလာသည့် ဖြူဖြူ ၊ ညိုညို ၊ ဝါဝါ ရောင်စုံပန်းပွင့် လေးတွေ ထဲ မှာ ယု သည် နှင်းပွင့်ရောင်ဝတ်စုံ ကို ဆင်မြန်း ပြီး ဒူးကောက်ကွေး ထိ လု တဲ့ ဆံပင် ကို ဖြန့်ချကာ တစ်လှမ်း ချင်း လှမ်း လာ နေပုံ က စံကားဖြူပွင့်လေး ကြွေကျ လာ နေ သလိုပဲ ။ ပိတောက်ပင် အောက် အရောက် ကဗျာဆရာလေး စောင့် နေသည် ကို မြင် မှ သူ့ မှာ ရော ကိုယ့် မှာ ပါ လွယ်အိတ် ကိုယ်စီ မပါကြ မှန်း သိသည် ။ ဟိုဘက် သည်ဘက် တန်းစီ ပေါက် နေတဲ့ ခရေပင် လမ်း ကို လျှောက်မိ ပြန်တော့ မြေနှင့် မထိမီ ကြွေကျသည့် တစ်ပွင့်စီ ကို လက် နှစ်ဖက် မြှောက်ပြီး လိုက် ဖမ်း ယူ နေမိ သည့် မိမိ ကိုယ်လေး မှာ ခရေပွင့် တို့ နှယ် လေထဲ ဝဲပျံ ပေါ့ပါးလိုက်တာ ။ လက်ခုပ် ထဲ မှာ စုမိ သမျှ ကို သူ့ တိုက်ပုံ အင်္ကျီအိတ် ထဲ မရဲတရဲ ထည့်ပေး လိုက်မိတာ ကို တော့ မေမေ မသိတန်ဘူး ထင်ပါရဲ့ ။
ဝါးတံတားလေး နား ရောက် လျှင် ကဗျာဆရာလေး က သူ့ လက် ကို ကမ်းလင့်ရင်း “ ရဲရဲသာ ကူး ”လို့ ပြောသည့် အခါ အားကိုးတကြီး နှင့် သူ့ လက်အစုံ ကို ဆုပ်ကိုင် မိ သည် ။ ရေ အောက် ရှိ ကျောက်စရစ်ကလေးများ ကို ငုံ့ကြည့်မိတော့ တရိပ်ရိပ် မူးလာ လိုက်တာ ။ အို ... ရေ ထဲ မှာ မေမေ့ မျက်နှာ ။
ဆံပင်ရှည် ဖားလျား မှာ ငြိ နေသည့် ကျောက်နှင်းဆီ အနီရဲရဲလေး ကို သူ က ဖြုတ်ပြီး မျက်နှာ ရှေ့ မှာ လာ ထိ ထားပေးသည် ။ အရောင်အသွေး နှင့် ရနံ့ က ရင် ထဲ စိမ့်ပျော်စီးဝင် နေဆဲ ပန်းပွင့်လေး ကို သူ တစ်ချက် ငုံ့ ရှိုက် လိုက်တော့ ခုနေအခါများ ပန်း ကို လား ၊ လူ ကို လား လို့ မေး လိုက် မိလျှင် သူ ဘယ်လို နေမလဲကွယ် ။
ဝါးတံတားလေး အလွန် တွင် သဲလမ်းကလေး က ဝေ့ဝေ့ဝိုက်ဝိုက် ။ ခြေလှမ်း တို့ ကို ပတ္တလား ခေါက်သံ သဲ့သဲ့က ဆွဲခေါ်ယူ နေစဉ် သဲထဲ ခြေကျွံ ရုန်းရသည် ကို တခစ်ခစ် ရယ်မြူး နေမိသည့် အတွက် ကလေး ဆန်သည် လို့ သူ က မှတ်ချက် ချ မှာ လား ။ ဟိုမှာ သည်မှာ သရက်ပင် တွေ အနှံ့အပြား ။ လူ တွေ ကလည်း စုစု စုစု နှင့် ။ ကိန္နရာ ချောင်းခြားပတ်ပျိုး ဖြင့် ဆိုက နေသည့် ခိုင်နွဲ့တင် ကို အနီးကပ် မြင် နေရစဉ် ကရုဏာရသ က ညိုလဲ့လဲ့ အသည်းနှလုံး ကို တစိမ့်စိမ့် ပွတ်သပ်ကြိတ်ချေ နေ သလိုပဲ ။ မရေရာသည့် အခြေအနေ ၊ တစ်ညတာ ကွဲကွာမှု ၊ ကံကြမ္မာ ၊ အချစ် စသည်တို့က ကြောင့်ကြ စိတ်တွေ ကို အရှိန် မြှင့် ပစ်နိုင်စွမ်းလေသည် ။ ကဗျာဆရာကလေး ရဲ့ လက်မောင်း တစ်ဖက် ကို အားကိုးတကြီး ဆုပ် ကိုင် မိတော့ “ နှင်း ဆံပင်အရှည်ကြီး နဲ့ သူ့ လို က ရင် ပိုပြီး ရသမြောက် မှာ ” ဆိုမှ ရင် ထဲ တင်းတင်းကျပ်ကျပ် ဖြစ်လာမှု က အနည်းငယ် ပြေလျော့ သွားသည် ။ “ ဆံပင် တော့ မဖြတ်နဲ့ နော် ” လို့ သူ ထပ် ပြောတဲ့အခါ မေမေ့ ကို သတိရ မိ ပြန်သည် ။
“ သိပ် ကြောက်တာပဲ ” လို့ ပြောပြီး မှ ဘာမျှ မဟုတ် ကြောင်း သူ့ ကို ညာ ပြောလိုက်မိ ပြန်သည် ။ ‘ နှင်း ရဲ့ မေမေ က နေရာအနှံ့ လိုက်ပို့ပေးဖို့ ကျွန်တော့် ကို မှာ လိုက်တယ် ’ လို့များ သူ ပြောလိုက်သေး သလား ။ သံသယ ရှိလျက် နှင့် ပင် “ တကယ်နော် .… တကယ်နော် ” လို့ လှိုက်လှိုက်ဖိုဖို ဆိုမိရင်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ဖျန်းလျက် ခုန်ပေါက်လု မတတ် ပျော်သွား မိ သေးသည် ။ သူ ကြည့် မနေဘူး ဆိုလျှင် တော့ လျှောက် ပြေးချင် လိုက် တာ ။ ဖဝါး အောက် က ခဲလုံးတွေ ပိုစူးလာသည် ကို ပင် နာကျင်ရမှန်း မသိ ။ ရှေ့ မှာ ရေအိုင် တစ်ခု ကို မြင်တော့ ကဗျာဆရာလေး က ပန်းစည်း တစ်ခု ချီမသည့် နှယ် ယု ကို စွေ့ခနဲ ပွေ့ ကာ ခုန်ကူး လိုက်၏ ။ အသည်း အေး လွန်း သဖြင့် မျက်စိ စုံမှိတ်ပြီး သူ့ အင်္ကျီစ ကို လှမ်းဆုပ် ထားမိသည် မှာ ခဏကလေး ပေမယ့် မူးမူးမေ့မေ့ ။ သည်မှာ ရှင့် မြန်မြန် လွှတ် တော့လေ ၊ မေမေ မြင်ရင် ဘယ်လို လုပ်မလဲ ။ မြေ နှင့် ဖဝါး ပြန် ထိတော့ မှ မျက်နှာ နီထွေး လျက် လူချင်း ခွာပြီး ဆက် လျှောက်မိကြသည် ။
ပင်လုံးမှည့် သရက်ပင် အောက် အရောက် မှာ လေ က ခြွေထား သည့် သရက်သီးမှည့်တွေ ကို ကဗျာဆရာ လေး က သူ့ လက် နိုင် သလောက် ကောက်ယူ နေဆဲ ။ သူ့ အနား မှာ ဒူးတုပ် ထိုင်လိုက် မိသည် ။
“ ဒီက အပြန် ဝါးတံတားကလေး ကျ မှ စမ်းရေ နဲ့ ဆေးပြီး စားရအောင် နော် ” လို့ ပြော မိတော့ သူ က ခေါင်း ညိတ် ပြီး နဖူး ချင်း လာ အထိ လိုက် မှာ သရက်သီးတွေ မြေပေါ် လိမ့်ဆင်းကုန်သည် ။ မေမေ့ ကို ကြောက်လို့ သူ့ ကို တွန်း လိုက်မိတာများ စိတ်ဆိုး သွားလေ မလား ။
ဝါးရွက်ချင်း ပွတ်တိုက်သံ တရှဲရှဲ ကြားရ ပြန်တော့ တိုးဖက် လာသည် ကို သိလျက် နှင့် ပင် ကြောက်စိတ် ဖြင့် သူ့ ရင် မှာ ပါး အပ်ပြီး ဂုဏ်တော် ရွတ်ဖို့ စဉ်းစားမိတော့ အစ ရှာ လို့ မရပြန် ။ ဪ .. သိပြီ ... သိပြီ ။ အထစ်ထစ် အငေါ့ငေါ့ ရွတ်ဆို နေမိသံ က သူ့ ရင်ခုန်သံ အောက် မှာ ။ ကဗျာဆရာလေး ကို လည်း ဂုဏ်တော်ရွတ် တတ်အောင် သင်ပေး ထားဦး မှ ထင်ပါတယ် ။
သူ့ ကဗျာ ရွတ်ဆိုသံ တစ်ခု တည်း သာ ကြား နေရ တော့သည် ။ သွေးအသစ် ကို ရှိန်းနွေးစွာ သွေးကြော တစ်လျှောက် စီးဆင်း လှည့်ပတ်နေဆဲ ။ ‘ သမီး ဖိနပ်စီးလေ ’ ဟု ကြားလိုက်မိ သလိုလို ။ မေမေ လား ။ ဒါ မေမေ ... မေမေ့ အသံပေါ့ နော် …. မေမေ ရေ ။ ‘ ဒီမှာ ဘယ်သူမှ ဖိနပ် မစီးကြဘူး မေမေ ။ မေမေ လိုက်လာတာ သမီး ကို နှောင့် ယှက်တာပဲ ’ လို့ ရဲရဲဝံ့ဝံ့ ပြန် ပြောမိတာ ကို သူ အံ့သြ နေ သလား ။
လူကြီး ဖြစ်တော့မယ့် ယု ကို မေမေ ဘယ်လို မြင် သလဲ ဟင် ။ မေမေ့ သမီး အသက်ရှင် တည်ရှိ နေတာ ကို စိတ်ဝင်စားမယ့် သူ့ အပေါ် မှာ ကော မေမေ ဘယ်လို သဘောထား မှာလဲ ။ သည် ကျောင်း က ဆင်း ရင် ယု ရဲ့ဘဝ မှာ တစ်ခု ခု ပီပြင်လာနိုင်မလား ။ မှန်သည် ထင်လျှင် လုပ်ဝံ့ တဲ့ သတ္တိ ရှိလာသည့် အခါ ယု ရေး ထားသည့် ကဗျာစာအုပ်လေး ကို ထုတ်ဖြစ်မည် ထင်သည် ။ ‘ ပန်းအိမ် သစ် ’ လို့ နာမည် ပေးပြီး အဖုံး ကို မှန်ပေါင် ချိတ် ကာ အိပ်ခန်း ထဲ မှာ မြင်သာ အောင် ချိတ်ထားဦး မှာပေါ့ ။
အဲသည် အချိန် ကျ လျှင် ဘာကိုမျှ သိုဝှက်စရာ မလို တော့ ။ ဖတ်စရာ စာအုပ်တွေ အများကြီး ရှာ ဖတ်ဖို့ ခုကတည်း က ကိုယ့် ကိုယ် ကိုယ် သတိပေး နေ မိသည် ။ နိုင်ငံရပ်ခြား စာတွေ များများ ဖတ်နိုင်ဖို့ သင်တန်းတွေ လည်း တက်ဖို့ လိုအပ်လိမ့်ဦးမယ် ။ မခင်ပု ကို ဖယောင်းတိုင်တွေ ခိုး ဝယ် ခိုင်းစရာ တော့ လုံးဝ မလိုတော့ဘူးပေါ့ ။
ကဗျာဆရာလေး က ပြောတယ် မေမေ ။
“ လွတ်လပ်မှု ဟာ အသိဉာဏ်နဲ့ အာရုံ ကို ဖွင့် တဲ့ တံခါး ပေါက် ပဲ ” တဲ့ ။
“ ရှင် မခင်ပု အိမ်ထောင် ကျ သွားပြီ ”
“ ဘယ်လို … သမီး အလှည့် ၊ ဟုတ်လား ... အမေ ”
“ ဟင့်အင်း .. သမီး အိပ်ခန်းတံခါး ကို အပြင် က ပိတ် မထားပါနဲ့ ”
“ မေမေ ရေ ... ဟင့်အင်း ... ဟင့်အင်း ... ဖွင့်ပေးပါ ”
“ မေမေ ... မေမေ ၊ ဘာပြောတယ် မေမေ ။ သမီး ရဲ့ စာအုပ်လေး ဆုပ်ပစ်လိုက်ပြီ ဟုတ်လား ”
“ ပန်းရောင် အဖုံး နဲ့ ကဗျာစာအုပ်လေး လေ ”
“ မေမေ ရယ် … သမီး ကို တကယ် မချစ်ကြဘူးလား ”
ရင် ထဲ တင်းကျပ် တိုးဝှေ့ လာ မှု ကြောင့် ဖြုန်းခနဲ ထရပ်လိုက်တော့ ဘယ်အချိန် က ဆုတ်ပစ် ထား မိမှန်း မသိသည့် စက္ကူစတွေ က ဖွေး လို့ပါလားကွယ် ။ စိန်ပန်း ကြွေတွေ နှင့် စက္ကူစတွေ ကို ဘယ်သူ ဆုတ်ပစ် လိုက် သလဲ ။ နှမြောစရာကြီး ပေါ့ ။ ကြည့်စမ်း ... စာလုံးလေး တွေ က ငြိမ် လို့ ။ ဟိုမှာ ‘ ကောက်ရိုး တစ်မျှင် ’ ဆိုတဲ့ ခေါင်းစီးလေး ။ ဟယ် ... မိုးစက်တွေ ပြုတ်ကျတာ နဲ့ ဘာလို့များ ငိုကြတာလဲ ။ မင် တွေ ပြန့် ကုန်ပြီ ။ သနားပါတယ် ဟယ် ။ ဝမ်းနည်း လို့ ငိုစတမ်း ဆိုရင် နှင်း လည်း ငိုချင်တာပေါ့ ။ သူများ နာမည် က နှင်း တဲ့ လေ ။ ကဗျာဆရာလေး က နှင်း လို့ ခေါ်တာ စိန်ပန်းပွင့် တွေ ၊ စံကားပွင့် တွေ သက်သေနော် ။ နှင်း ငိုတာ ကို သူ သိသွား ရင် ဘယ်လို လုပ်မလဲ ။ သူ က နှင်း ရင် ထဲ မှာ ပင့်ကူမျှင်လေး လို တွယ် နေတာ ။ မေမေ လား ... ဟင့်အင်း .. ဟင့်အင်း ။ အဲသည် ပင့်ကူမျှင်လေးတွေ ကို သန့်ရှင်း ပေး မလို့ ဟုတ် လား ။ မလုပ်လိုက်ပါ နဲ့ မေမေရယ် ။ မေမေ့ ကို သည် အကြောင်းတွေ ပြောပြမယ် ထင် သလား ။ မေမေ ပြန် တော့နော် ။ ဟို ကျောင်းကြီး က ပြန် မှ တွေ့ကြတာပေါ့ မေမေ ရယ် ။ အို …. ပြေးလို့ ကောင်း လိုက်တာ ။ သံတံခါးကြီး တစ်ခု ကို ဖြတ်မိတော့ ခလုတ် တိုက် မိ မလို ဖြစ် သေးတာ ပေါ့ ။ သည် တံခါး နှစ်ရွက် ကို အောက်ခြေ က ဘာလို့များ သံကြိုး နဲ့ ဆိုင်းထားရတာလဲ ။ ခက်လိုက်တာကွယ် ။ ဒါပေမဲ့ နာမယ် ထင်သလား ။ ခြေထောက် ကို တစ်ချက် ကလေး တောင် ငုံ့ မကြည့်ဘဲ အနီးဆုံး ကား တစ်စင်း ကို လက်ပြ တား ပြီး ...
“ ဒီမှာ ရှင့် ... စန္တိနိကေတန် ကို လိုက် ပို့နိုင်မလား ” လို့ တောင် မေး လိုက်သေးတယ် ။
◾မအိ
📖 ရှုမဝ မဂ္ဂဇင်း
၁၉၈၃ ၊ မတ်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment