❝ အပ်ငွေ အပ်ကုန် ရှင်းတယ် ခင်ဗျာ့ မရှုပ်ဘူး ခင်ဗျာ့ ❞
“ ဟဲလို ကိုသိန်းတန် ရှိလား ”
“ အပြင် သွားတယ် ဦးလေး ”
“ ကိုသိန်းတန် က ဘာများမှာခဲ့သေးလဲ ဟေ့ ”
“ အစ်ကိုကြီး က မှာ သွားတယ် ၊ ဦးလေး လာရင် ရှင်းပေးလိုက်ပါ တဲ့ ”
“ ဘယ် အချိန်လောက်များ အဆင်ပြေမလဲ မသိ ”
“ လာခဲ့လေ ဦးလေး ရတယ် ”
ကျွန်တော် နာရီ ကြည့်လိုက်ရာ ညနေ ၂ နာရီ ။ စကား ပြော တယ်ဆိုတာ အချိန် နာရီကို ကြည့်ရသေးတယ် ခင်ဗျာ့ ၊ ယခု ကျွန်တော် နဲ့ စကား ပြော သူ မှာ
ရှေ့ဆောင် ပွဲရုံ မှ ပွဲစား ကိုသိန်းတန် ညီမ မမြင့်မြင့်ဌေး ပါ ခင်ဗျာ ။ အရောင်းအဝယ် စကားပါ ။
ညနေ နှစ်နာရီခွဲ ဆိုတော့ ပွဲရုံ မှာ လူရှင်း နေပြီ ။ ပွဲရုံကျ ၊ ပဲစင်းငုံ ၊ နှမ်းစသည့် ကုန်တွေ လည်း
ဈေးပြတ် သွားပြီ ။ ပဲချိန် ၊ ပဲသိမ်း ၊ နှမ်းချိန် ၊ နှမ်းသိမ်း အလုပ် လည်း ပါးသွားပြီ ။ သည်အချိန် ကို တမင် ရွေးရတာ ခင်ဗျာ့ ။ ကျွန်တော် က ပွဲရုံ က ပဲစင်းငုံ ဖိုး ငွေ ထုတ် ယူမယ့် လူ ၊ မမြင့်မြင့်ဌေး က
ငွေထုတ် ပေးမယ့် သူ ။
မနက် ၉ နာရီ ၊ ၁ဝ နာရီ ၊ ၁၁ နာရီ သူတို့ ပွဲရုံ မှာ လူရှုပ် ၊ ကုန်ရှုပ် ။ တောသား
မြို့သား ပွဲစားကုန်သည် ၊ အဝယ်တော် ၊ ပြန်ပဲ ၊ စားကွင်း ၊ နှမ်း ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း
ကုန်မျိုးစုံ ခင်ဗျာ့ ။ လူမျိုးစုံ ခင်ဗျာ့ ။ ပွဲစား ခေါင်း မဖော်နိုင် ၊ အလုပ်သမား ယား လို့ တောင်မကုတ်အား ၊ ထမင်းအသာထား ၊ ရေ တောင်မသောက်ဖြစ်ပါ ခင်ဗျာ ၊
ရှုပ်လိုက်တဲ့ အလုပ် ။ ဒါကြောင့် လူ ရှင်းလောက်ပြီထင် တဲ့ အချိန် ကို ချဉ်းကပ်ရတာပါဗျာ ။ ဒီဇင်ဘာ ၃၁ ရက် နေ့ က ဝယ်၍ အပ်ထားသော ပဲစင်းငုံ တင်း ၅ဝ ကို ဇန်နဝါရီလ ၂၁ ရက် နေ့ မှာ ပေါက်ဈေး ဖြတ်၍ ငွေထုတ် ယူခြင်း ဖြစ်ပါ၏ ။ ဇာတ်လမ်း အစ ကို ပြန် ကောက်ရမည် ဆိုပါက ...
“ ဟဲလို ... ဦးလေး ချမ်းသာ လား ”
“ အေး ...ပြော ”
“ ကျွန်မ ချိုမာရီ ပါ ”
“ အေး ... မှတ်မိတယ် ၊ ညည်းအသံ ကို ကျက်မိတယ် ၊ ဘာလဲ ငွေ အပ်ချင်လို့လား ”
“ ဟုတ်တယ် ဦးလေး ”
“ ပို့လိုက်လေ ”
သည်လို နဲ့ ကျွန်တော့် ထံ သို့ ငွေများ ရောက်လာခြင်း ဖြစ်ပါ၏ ။ ချိုမာရီ က ကျွန်တော့် တူမ ၊ သူ က ကြည့်မြင့်တိုင် ညဈေးတန်း မှာ ဈေးရောင်းတယ် ၊ ရောင်းရတဲ့ အမြတ်ငွေ ထဲ က
နည်းနည်းချင်း ဖဲ့ စု ၊ အိတ်ကလေး ဖောင်း တော့ ကျွန်တော့် ဆီ ပို့ ။ သူ့ ငွေ ကျွန်တော့် ဆီ
ရောက်လာ ၊ အထုပ် က တဖြည်းဖြည်း ကြီး လာ ။ ကျွန်တော် က အတိုး ပေး ရမှာ ။ သူ့ ငွေ ၊ အတိုး ပေးရမည့် ငွေ ၊ ကျွန်တော် ဘာလုပ်မလဲ ၊ အရင်းအနှီး ထဲ ထည့်ထားရ မလား ၊ ကုန် ဝယ်ထားရ မလား ။ သို့နှင့် ကျွန်တော် ပြန့်ပဲ ဝယ်ထားရလေ၏ ။ ပဲစင်းငုံ ဝယ်ထားရလေ၏ ။ ယုံကြည်ရသော ပွဲစားများ ကို အားကိုး အားထား ပြုရလေ၏ ။ ထိုနေ့ ညနေ မမြင့်မြင့်ဌေး ထံ မှ ငွေရင်း ယူခဲ့ပါလေ၏ ။ ပဲစင်းငုံ ဖိုး ။
“ ၆၃၀ဝ ကျပ် နဲ့ ဝယ်အပ် ထားတဲ့ လူတွေ တော့ ဈေးလာ မဖြတ်ကြသေးဘူး ဗျာ ”
ဇန်နဝါရီ ၂၂ ရက် နံနက် က အောင်လံမြို့ မြောက်ပိုင်း ဇော်ပျံလေးပွဲရုံ ရောက် တော့ ပွဲစား ဇော်ပျံလေး က ဆီး ပြော တဲ့ စကား ခင်ဗျာ့ ။
“ အပ် နှမ်း တွေ ကို တော့ လေးဆယ့်လေး ( ၄၅ ပိဿာတစ်အိတ် ၄၄၀၀ဝ ကျပ် ) နဲ့ ထုတ် လိုက်ပြီ ၊ အခု လေးဆယ့်တစ် နဲ့ ပြန် ခွေထားလိုက်တယ် ။ သူ က ဘယ်နေ့ လာပြီး
ဈေး ဖြတ် မှန်း မသိတော့ ဒီလိုပဲ လုပ် ထားလိုက်တယ် ၊ ပင်ကျော် ပေါ့ ”
( ပင်ကျော် ဆိုသည် မှာ ပစ္စည်း တစ်မျိုး ကို ပဲ နောက်တစ်ကြိမ် ပြန်ဝယ် ၊ ပြန်ရောင်းသည် ကို ပင်ကျော်ရိုက်သည် ဟု ဆိုခြင်းပေတည်း ။ )
“ အဲလို ဆိုတော ခုသာ ခံသာ ရှိတာပေါ့ ”
“ အေး ... ဟုတ်တာပေါ့ ကွ ”
“ အပ်ကုန်တော့ လက်ခံချင်ပါရဲ့ဗျာ ၊ ခင်ဗျား အမြင်ပဲ နေရာက ကျပ် နေတယ် ”
မှန်တယ် ၊ ကိုမြစိန်ပွဲရုံ မှာ က ကုန် ထားစရာ နေရာ မရှိတော့ပါ ။
“ တော က တက် လာပြီး ပုံထား ပါရစေ ဆိုတာ တောင် လက် မခံနိုင်ဘူး ဆရာသမား ရေ ”
ကိုမြစိန် က ဆက် ညည်း လေ၏ ။
“ တစ်အိတ် ၂၇၀၀ဝ ကျပ် ဈေး နဲ့ နှမ်းအိတ် ၅ဝ ကြို ရောင်းထားတယ် ဗျာ ”
၄၅ ပိဿာ နှမ်း တစ်အိတ် ၂၇၀၀ဝ ကျပ် နဲ့ ကြို ရောင်း ထားသော ပွဲစားမောင်ခိုင် ၏ စက်တင်ဘာ ၃ဝ ရက် နေ့ က ပြော တဲ့ စကား ခင်ဗျာ့ ။ ဒီဇင်ဘာ ၃၁ ရက် နေ့ မှာ ကုန်အပ် ရမှာ ။
နှမ်းဈေး ကျလိမ့်မည် အထင် နဲ့ ကြို ရောင်းထားခြင်း ဖြစ်ပုံရပါ၏ ။ သူ ကြိုရောင်းချိန် က
နှမ်း တစ်အိတ် ၂၉၀၀ဝ ခင်ဗျာ့ ၊ သူ ကုန် အပ်ရတဲ့ နေ့ ပေါက်ဈေး က နှမ်းနီပြာ တစ်အိတ်
၄၂၀၀ဝ ပါ ခင်ဗျာ ။ ကတိအတိုင်း အပ်လိုက်ရတာပါပဲ ။ အိတ် ၅ဝ မို့ တော်သေး အိတ် ၅၀ဝ ဆို အခက် ပေါ့ ၊ ကြိုရောင်း ကြိုဝယ် မျက်ခုံး လှုပ်လှသကွယ် ။ ကျွန်တော်တို့ အရောင်းအဝယ် လောက မှာ ငွေ အပ်တယ် ၊ ကုန် အပ်တယ် ၊ ဈေး ဖြတ်တယ် ၊ ငွေရင်း ယူ ထားတယ် ။ ကုန် ကြို ရောင်းတယ် ၊ သတ်မှတ်တဲ့ ရက် ရောက်တော့ ကုန် အပ်တယ် ။ တစ်ယောက် ကို တစ်ယောက် ။ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှု နဲ့လုပ်ကြတာ ။
တောမြို့လေး မို့ လို့လား မသိ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment