Wednesday, November 8, 2023

ဖွားမြင်ခန်း


 ❝ ဖွားမြင်ခန်း ❞


ခုတလော ရွာ ထဲ မှာ အရွယ်လွန် တဲ့ အမျိုးသမီးကြီး တွေ ချည်း ရွှေကြာကုမုဒ် မှာ အထုပ်တွေ ပိုက်ပွေ့ ထား တာ အတော် ကို ထူးဆန်း နေတာကလား ။ ဟုတ်တယ်လေ ၊ အကုန် အသက် လေးဆယ် နီးနီး အချို့ဆို လေးဆယ်ကျော် အရွယ်တွေ ဖြစ်နေတာ အတိတ်နိမိတ် တစ်မျိုးမျိုးလား လို့ တောင် ပြောရ မလိုလို ပါဘဲ ။


ဒါက သူ့ ဟာ နဲ့ သူ သူ့ သဘော ကို သူ ဆောင် နေတာလို့ ပြောရမလား မသိတော့ ။ သူတို့ မှာ ထုပ်ပိုးမိ လာတဲ့ အထုပ်အပိုး ကို ရွာ မှာ တာဝန်ကျ တဲ့ သွားဖွားဆရာမ ဆီ မှာ အပ်ကြတယ် ။ ဆရာမ က တာဝန် မယူချင်တာလား ၊ ဒါမှမဟုတ် တာဝန် မယူရဲတာလား ။ သူ က မြို့နယ် ဆရာဝန်ကြီး ဆီ ဘောလီဘော ပုတ် လိုက်တယ် ။ အဲဒီကို သွားပြတော့ မွေးရတာ ခက်ခဲမယ် ဆိုပြီး ပြောတယ် ။ အသက် ကြီး မှ ကိုယ်ဝန် ဆောင် တော့ အန္တရာယ် များသတဲ့ ။ ဒါနဲ့ “ ဘယ်လို မွေးရမလဲ ဆရာ ” မေးတော့ ဆရာဝန်ကြီး က ငါးသလောက်ပြုံးလေး ပြုံး လိုက်ပြီး “ လွယ်ပါတယ် ” တဲ့ ။ ဒီလိုပါပဲ တန်းစီ စောင့်ဆိုင်းနေကြတဲ့ မဗိုက် ၊ ဒေါ်ဗိုက်တွေ က နည်း မှ မနည်းပါဘဲ လား ။ 


အသက် ကြီးတော့ သဘာဝ အတိုင်း ရိုးရိုးတန်းတန်း မွေးရင် အသက်အန္တရာယ် ရှိနိုင်တယ် လို့ ဆိုတဲ့ ဆရာဝန်ကြီး စကား ကြောင့် မဗိုက် ၊ ဒေါ်ဗိုက်တွေ ဟာ ဆရာဝန်ကြီး လက် ထဲ ကို ထိုးအပ် ကြရတော့ တာ ကလား ။ ခွဲစိတ် မွေး ရမယ် ဆိုတော့ ကုသိုလ်ဖြစ် လုပ်ပေး မှာ မှ မဟုတ်ဘဲ ကိုး ။ ရွာ ထဲ က ဒေါ်ရွှေမိ ဆိုရင်တော့ ကွမ်းတစ်ယာ ၊ ဆေးတစ်လိပ် နဲ့ ရနိုင်တာပေါ့ လေ ။ အခုတော့ ဆရာဝန်ကြီး နဲ့ သူ့ ရံရွေ တော် အတွက် ပါ ပူဇော်ကန်တော့ရမှာ လေ ။ တစ်ယောက် ကို ဖွားမြင် ပေးတဲ့ အခါ ရေ တစ်ပုံးခွဲ လောက် လောင်း မှ တဲ့ ။ ဒါနဲ့ ပြီးရောလား ဆိုတော့ ဘယ် ဟုတ်မှာတုံး ။ ဖွားတော် မမြင်ခင် ကြိုတင်ပြီး ဆေးရုံ တက် နေရတာ ရှိသေးတာ ကလား ။ ဒီမှာလည်း ရေတွေ ပုလင်းလိုက် ပုလင်းလိုက် ဟော တစ်ပုလင်း ဟော တစ်ပုလင်း နဲ့ ။ ဒီမှာ စားသောက်စရိတ်တွေ လည်း ရှိသေးပါ သကော ။ နောက် သွားလာ စရိတ် ၊ မုန့်ပဲသရေစာ စတာ စတာတွေ ပေါင်း လိုက်ရင် ဒီမှာလည်း နည်းမှ မနည်းဘဲ ကိုး ။ ရှိတာ ၊ မရှိတာ အသာ ထား ၊ ဒီ အတွက် ရအောင် ရှာ ကြရမှာပါ ပဲ ။ ရှေး ဆိုရိုး ရှိ တယ် မဟုတ်ပေဘူးလား ။ ယောက်ျား ဖောင်စီး ၊ မိန်းမ မီးနေ ဆိုတာလေ ။ ဒါဟာ ခက်ခဲခြင်း ၊ အသက် နဲ့ စပ်ခြင်း ကို ဆိုလိုကြောင်း ကို တင်မြင့်အေး တစ်ယောက် အစ က သဘော မပေါက်ခဲ့ဘူး ။ ခုတော့ ရှင်းလင်းစွာ နားလည် သဘောပေါက် ခဲ့ပြီလေ ။ တင်အေးမြင့် ဟာ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုတာ ကို နားမလည် ခဲ့တာ အခုတော့ နားလည်ချင် သလို လို ဖြစ်လာတယ် ။ အရင် နှစ်ယောက် တုန်း က ဘာ ဒုလ္လဘ မှ မဟုတ်ခဲ့လို့ ရယ်ချင်ခဲ့ ဖူးတယ် ။ သူ့ မှာ ဒီနောက် သတိ မပေါ့မဆ နဲ့ တားရ ဆီးရ တာ ။ ဒီလို နေ နေလာတာ အသက် လေးဆယ် တောင် ကျော်လာခဲ့ ပြီလေ ။ ဒါနဲ့ နောက်ပိုင်းမှာ “ မလိုအပ်တော့ဘူးလေ ” ဆိုပြီး သတိ ကို လျှော့ ပစ်လိုက်တယ် ။ ဒီမှာတင် ပဲ လှစ်ခနဲ မလိုအပ်ဘဲ ဝင်လာတော့တာပါပဲ ။ ဒါနဲ့ ဒုလ္လဘ ဆိုတာ ဘယ်မှာလဲ လို့ မေးချင်တဲ့ အချဉ်စိတ် တွေ လည်ချောင်း ထဲ ယားကျိ ယားကျိ ဖြစ်နေပြန်တယ် ။ 


သူ့ ယောက်ျား ပွကြီး ကို ဒီလို က ဒီလို လို့ ပြောမိပါ တော့ ပွဲကြီး က - 


“ နင် တော်တော် သောက် သုံးမကျဘူး ၊ နည်းနည်းပါးပါး တားတာ ဆီးတာလေး မလုပ်တတ်ဘူး ”


“ ဒီ ကောင်မ က ကမြင်းကြော ထလို့ ရတယ် ထင် သလား ၊ သူ က ပဲ မနေနိုင် မထိုင်နိုင် နဲ့ ၊ ဟင်း ... အား အားရှိတိုင်း ”


“ ဒီက ယောက်ျား ပဲ ကိုးကွ ၊ နင် က အတားအဆီးလေး ဘာလေး လုပ် မထား တတ်အောင် တုံးရသတဲ့လား ”


“ တုံးလို့ မဟုတ်ဘူး ဟေ့ အသက် လေးဆယ် ကျော် လာတော့ မလိုအပ်တော့ဘူး ဆိုပြီး အတွက် လွဲ သွားလို့ လေးဆယ် ကျော် မှ ကံပေါ်တာ ၊ လေးဆယ် ကျော် မှ ကံ ပေါ်တာ ”


တင်မြင့်အေး တစ်ယောက် သူ့ ကလေး ဘာလေး ဆိုတာ တော့ သိချင်တယ် ။ စစဦး နှစ်ကောင် က မျောက်လောင်း နှစ်ကောင် ၊ ထိန်းမနိုင် သိမ်းမနိုင် နဲ့ ။ မိန်းကလေး ပဲ လိုချင်တယ် ။ မိန်းကလေး ဆို လက်တိုလက်တောင်း ခိုင်းလို့ ရတယ် ။ ယောက်ျား ဆိုတာ ကျား ဆို မှ တကယ့် ကျား ။ မိဘ ပြောရင် ပြန်ပြန် ပြော ၊ ထော်လော်ကန့်လန့် လုပ် နဲ့ စိတ် ကုန်တယ် ။ အခု အကြီးကောင် က ကိုးတန်း ၊ မြို့ ကို ပို့ထားရတယ် ။ သူ့ အတွက် စားစရိတ် ရော ၊ ကျောင်းစရိတ် ပါ ရှစ်ပုံး ၊ ကိုးပုံး ။ သူ့ အတွက် မလွယ် ။ အငယ်ကောင် အတွက် က တော့ ရွာ က မူလတန်းလွန်ကျောင်း မှာ မို့ သိပ် တော့ မထောင်းတာလှသေး ။


ဒါပေမဲ့ အစိုးရ မှာ ပညာရေး အသုံးစရိတ် မဆိုစကောင်း ဆိုကောင်း တိုး သုံးလိုက်လို့ ဘွဲ့ ရပြီး မှိုတက်ကာ ချောင် ကို ရောက်နေတဲ့ အလုပ်လက် မဲ့ ရက်စွဲ လွန် ပညာတတ်တွေ ကို ဟော တစ်သုတ် ၊ ဟော တစ်သုတ် ကျောင်းဆရာ ၊ ကျောင်းဆရာမများ ဥုံဖွ ဖြစ်စေသတည်း ၊ ဖြစ်စေသတည်းလို့ အသုတ်လိုက် အသုတ်လိုက် နေ့စား ၊ လရှင်း ၊ ဆွဲခန့် ပစ် လိုက်လို့ ဆရာ ၊ ဆရာမ လက်သစ်တွေ ဖြစ်လာသူတွေ က ရွာ ထဲ က ပျိုးနုတ် ၊ ကောက်စိုက်သူတွေ လောက် တောင် မှ အဆင် မပြေ တော့ သူတို့ ပေး လာခဲ့ ၊ ကမ်း လာခဲ့ ရတဲ့ဟာတွေ ကို အငြိုး အတေး ဖော်ပြီး အချိန်ပို တဲ့ ။ နောက် စာဖတ်ကျောင်း တဲ့ ။ များတော့ သိပ်မများ ၊ ကျောင်းသား တစ်ယောက် ကို တစ်လ ၄ / ၅ ထောင်စီ အခမဲ့ ပညာရေး သရုပ်ကို ပီပီပြင်ပြင် သရုပ် ပါ ပါ ဖော်ပြကြတယ် ။ ဒီအတွက် တင်မြင့်အေး တို့ လို ကျောင်းသား မိဘတွေ မှာ လည်း ယောဆရာ ယိမ်း ထဲ မှာ ပါဝ င်သရုပ်ဆောင်ကြရတော့ ကလား ။ 


တကယ်တော့ တင်မြင့်အေး မှာ လယ်ယာမြေ ဆိုတာ လည်း မဆိုစလောက် ၊ ကိုင်း ဆိုတာ လည်း မစားလောက် ။ တင်မြင့်အေး က မိုးမိုး ၊ ဆောင်းဆောင်း ၊ နွေနွေ ရာသီ မရွေး ငါးပိ ရောင်းတယ် ။ ဒီဟာလေး ကြောင့် တင်မြင့်အေး တို့ အသက်ကလေးရှူ ချောင်တာ ၊ ပွကြီး ကတော့ သစ်ကလေး ၊ ဝါးကလေး အရောင်းအဝယ် လုပ်ပါရဲ့ ။ ဒါပေမဲ့ တစ်ရာသီ လုပ် လို့ စာရင်း ချုပ် လိုက်တော့ အကြွေး ယူတဲ့ ငွေတိုး နဲ့ ဆိုတော့ မြတ် လှတယ် ဆိုတာ သိပ် မရှိဘူး ။ တင်မြင့်အေး မှာ တော့ သူ့ အမေ ဒေါ်ပေါက်ပေါက် က သူ့ ကို ငယ်ငယ် ကတည်း က လက်ထပ် သင်ပေးထားတဲ့ ငါးပိ အရောင်းအဝယ် လုပ်ငန်း က သူ့ မိသားစု အမိုး အကာ ကို ကောင်းကောင်းမွန်မွန် လုံစေတာ ကလား ။ အခု သူ့ မှာ ဝမ်းရွှေကြာတိုက် မှာ အထုပ် ပိုက် မိတော့ အလုပ် မလုပ်နိုင်ဘူး ။ ဒါပေမဲ့ ရှိစေတော့ ၊ အခု ရလာမှာကလေး က ဘာကလေး လို့ သိပ် သိချင် နေတယ် ။ ဒါနဲ့ သူများတွေ လို ပဲ ဓာတ်မှန်လေး ဘာလေး ရိုက် ကြည့်တယ် ။ ဒီမှာတင် ပက်လက်လန် လဲ ကျတော့ မလို့ ။ အခုဟာလည်း မျောက်လောင်းလေး ပါတဲ့ လေ ။ လူ့ ဘ ဝ ဆိုတာ လိုတာ မရတဲ့ ဒုက္ခ နဲ့ မလွတ်ကင်းနိုင် ပါဘူး ဆိုတဲ့ တရား ကို သူ့ အမေ ဒေါ်ပေါက်ပေါက် ဆီ က ကြား နေရလို့ နားဝ မှာ မဆံ့ တော့ဘူး လေ ။ ရှိပါစေတော့ ရတာပဲ ယူတာ ကောင်းတယ် လို့ သူ့ တရား ကို သူ ချတယ် ။ ကောင်းတယ် ၊ ဒါမှ ရှင်ဒကာ ၊ ရှင်အမ တ၀ကြီး ခံယူကြရ မှာလေ ဆိုတဲ့ ယောနိသောမနသိကာရ စိတ် ကို မွေး လိုက် တယ် ။ မြင့်သန်း တို့ မှာ ရှင်ပြု ချင် လို့ သူများ သားသမီး ကို ယူ ပြုရတာနဲ့ စာရင် ကိုယ့် ရင်နှစ်သည်းချာ သား ပုတ္တ ရတနာ ကို ရှစ်ပါးပရိက္ခရာ စုံလင်စွာ နဲ့ ဘာညာ ပါ တဲ့ ဖိတ်စာ ကို အားရပါးရ ရေးသားနိုင် တာပေါ့လေ ဆိုပြီး ဝမ်းသာပီတိ ဖြစ်လိုက်တယ် ဆိုပါတော့ ။ 


ကလေးမျောက်လောင်း ဆိုတော့ နေ့ကောင်းရက်သာ မွေးတာ မှ အဆင်ပြေ မှာလေ ။ ဒါနဲ့ ရွာ က ဆရာကြီး ဆီ သွားပြီး ရက်ကောင်း နေ့သာ ရွေးတယ် ။ ဆေးရုံ မှာ ခွဲစိတ်မွေးမယ် ဆိုတော့ လိုချင် တဲ့ ရက် ကို ရွေးလို့ ရ သတဲ့ ။ ဒါနဲ့ ဆရာဝန် ဆီ သွား ၊ အဲဒီမှာ ညှိတယ် ။ နောက် အပတ် လောက် ဆို မွေးလို့ ရပြီ တဲ့ ။ ဒါနဲ့ ရွာ ကို ပြန်လာ ၊ ရွာ က ဆရာကြီး နဲ့ တွက်ချက် တယ် ။ အင်္ဂါနေ့ ဆိုရင် အစ်ကို နှစ်ယောက် နဲ့ လည်း တည့်မယ် ၊ မိဘ နဲ့ လည်း တည့်မယ် တဲ့ ။ ဒီနှစ် ကောဇာမဟာဘုတ် က အင်္ဂါ အထွန်း တဲ့ ။ နာမက္ခရတိုင် အရ လည်း အင်္ဂါတိုင်ထိပ် မှာ တဲ့ ။ ကိုင်ရိုနည်း နဲ့ ၃ / ၁၂ /၂၁ ရက်တွေ ဟာ ရွေးသင့် တာ လို့ ဆိုပြန်တယ် ။ ဒီ အပတ်မှာ ၃ ရက် မရတော့ ဘူး ။ ၁၂ ရက်နေ့ မနက် အင်္ဂါ ကို ရွေး ပေးလိုက်တယ် ။ ဒါနဲ့ မြို့ ကို ၁ဝ ရက် နေ့ သွား တယ် ။ ဆေးရုံ မှာ နေရတာ မကောင်းလို့ အစ်ကို အိမ် မှာ စခန်းချ နေလိုက်တယ် ။ ၁၂ ရက် မနက် ကျ မှ ဆေးရုံ တက် မွေးမယ်ပေါ့ ။


တင်မြင့်အေး မှာ အရင် ကလေး နှစ်ယောက် တုန်း က သူများတွေ အော်ညည်းသံ နဘန်မိုးထိ ကြား လောက်ပေမပေါ့ ။ ဒါကို ကိုယ် ကလည်း တွေးတွေး ကြောက်နေတယ် ။ တစ်နေ့ ငရုတ်သီး စား မိလို့ ဗိုက် နာတာ ကို ဗိုက်နာတယ် လို့ ညည်းမိတာ နဲ့ အမေတို့ ၊ အစ်မတို့ က ပျာယာခတ်ပြီး မွေးဖွား ဖို့ လက်သည် ခေါ် ၊ ဘာညာကွိကွ လုပ်ကြကိုင်ကြတယ် ။ တကယ်တော့ ကမ္မဇလေ လှုပ် လို့ မှ မဟုတ် တာ ကို နောက်မှ သိရတယ် ။ ဒါကလည်း ရွာ မှာ ဆိုရိုးစကား တစ်ခု ဖြစ်လာခဲ့တဲ့ အထိ ပါ ပဲ ။ တချို့များ မွေးရတာ ငရဲမင်းကြီး ရောက်လာပြီး ညှဉ်းဆဲ နေသလား ထင်ရတယ် ။


ရွာ က မရင်လှ အကြောင်း ကို တွေးမိတယ် ။ သူ့ ခမျာ သေကောင်ပေါင်းလဲ ပါပဲ ။ သူ က ပု တော့ ဒီ ပု တာ ကလည်း မွေးသူ ကို နှိပ်စက် ပါ သတဲ့ ။ မရင်လှ ဟာ တော မှာ နေ နေတာ ။ သူများ ခြံ မှာ ခြံစောင့် နေ နေတာလေ ။ ဆေးရုံဆေးခန်း ဆိုတာ သူတို့ နဲ့ က ပြဒါး တစ်လမ်း ၊ သံ တစ်လမ်း ရယ် ပေါ့ ။ မမွေးနိုင်ဘဲ အော် နေတာ အသံ က ကောင်း ကင်မှာ ။ အာဝေနိက ဒုက္ခ ဆို တာ ဒါပါပဲလား လို့ မရင်လှ ကို ရွာလူတွေ သွားရောက် ကြည့်ရှုကြတယ် ။ ဒီမှာ တစ်ယောက် က -


“ ဟဲ့ သတိရပြီ ၊ ဟို ၊ ဟို ဟာလေ ၊ ဘာတဲ့ အရေး ထဲ မေ့ နေပြန်ပြီ ၊ လက်ညှိုး လေ လက်ညှိုး ”


“ ညည်း ဟာ က ဟယ် ဘာမှန်းလဲ မသိဘူး ” 


“ ဟိုဒင်းလေ လက်ညှိုး ဖြတ်တာ ၊ ဘယ်သူလဲ ၊ အဲဒါ ” 


“ ဟိန္ဒက ပါ ဟဲ့ ”


“ အေး ဟုတ်ပြီ ဟုတ်ပြီ သတိရပြီ ၊ အဲဒါ အင်္ဂုလိမာလ ကိုယ်တော်မြတ် က ကိုယ်ဝန်ဆောင်တွေ မမွေးနိုင် ရင် မွေးဖွားစေနိုင်တဲ့ အင်္ဂုလိမာလသုတ် ပရိတ်တော် ကို ရွတ်ဖတ်ရင် ကလေး မျက်နှာ မမြင်နိုင်တာ မျက်နှာ မြင်နိုင်သတဲ့ ”


ဒီမှာ တစ်ယောက် က “ ဒါဆို ဆရာဝန် တို့ ဘာတို့ မလိုတော့ဘူးပေါ့ ” လို့ ခနဲ့တဲ့တဲ့ ပြောတယ် ။ 


“ ဒီမှာ ယုံတာ မယုံတာ လာလာ မပြောနဲ့ ၊ လုပ်သင့် တာ လုပ်တာ မမှားဘူး ။ ကျွန်မ သား ဘုန်းကြီးကျောင်း မှာ နေတဲ့ ကောင် ပြောတယ် ။ ကျောင်း မှာ ခွေးမ ၊ ကြောင်မ တွေ သား မပေါက်နိုင်ရင် အဲဒီ စာ ကို ရွတ်ကြသတဲ့ ” 


“ ရွတ် ရင် သေရော မဟုတ်လား ”


“ နင် မယုံလဲ နေ ၊ ခုဟာ က သေရေးရှင်ရေး ကိစ္စ ဒါနဲ့ တစ်ယောက် က ဘုန်းကြီးကျောင်း ကို သွား ။ ဆရာတော် ဆီ လျှောက်တယ် ။ ဆရာတော် က ကိုရင်လေး တစ်ပါး နဲ့ ကျောင်းသားလေး တွေ ကို ထည့်ပေး လိုက်တယ် ။ ကလေးတွေ က ဆရာတော် သင်ထားတဲ့ အတိုင်း ဌာန်ကရိုဏ်း ကျကျ ရွတ်ကြတယ် ။ ဘယ်နှခေါက် လို့ မသိတော့ ။ ဒီလို ရွတ်ရင်း ရွတ်ရင်း မှာ မရင်လှ ဟာ သားချော့တေး ဆိုသိပ် သလို ငြိမ်ကျသွားတယ် ။ ဘေးနား မှာ ရှိနေတဲ့ လက်သည် ဒေါ်ရွှေမိ က “ ကိုရင်လေး တော်ပြီ တော်ပြီ ပြန် ကြွလို့ ရပြီ ” လို့ ကိုရင်လေး နဲ့ သူတို့ အုပ်စု ကျောင်း ကို မရောက်ခင်လေး မှာ တင် မရင်လှ ဗိုက် ထဲ က ကလေး အူဝဲ လို့ ကြွေးကြော်ပြီး လူ့ လောကကြီး ကို အလိုမကျ စွာ နဲ့ လူသား တစ်ယောက် ဝင် ရောက်လာခဲ့တော့တယ် ။ ဒါ လည်း ရွာ ထဲ မှာ ပြောစမှတ် စကား တစ်ခု ဖြစ်နေဆဲ ။


နောက် နှင်းနုအေး တို့များ ကလေး မွေးတာ ငှက်ပျောသီး အခွံ နွှာ သလောက် တောင် မခက်ခဲဘူးလေ ။ ည အိပ်နေရင်း တပိုတပါး သွားချင်လို့ အိမ်အောက် ကို ဆင်း ၊ သွားမယ် အလုပ်မှာ ကလေး က ထွက်ကျ လာ ရော ။ ဒါနဲ့ ရွာ က ပုရောဟိတ်တွေ က “ အမှိုက်ပုံ ” လို့ ကလေး ကို အမည်သညာ ခေါ်စရာ ပြု လိုက်ကြတယ် ။ နှင်းနုအေး တို့ အတွက် အာဝေနိက ဒုက္ခ ဆိုတာ ချို နဲ့ လား မေးရ မလို ။ ခု တင်မြင့်အေး တစ်ယောက် အဲဒါတွေ ကို သတိရ တယ် ။ သူ ကိုယ်တိုင် လည်း သားဦး ဘဝ ကို ဖြတ်သန်းတုန်း က ကြုံခဲ့ဆုံခဲ့ရဖူးပြီ လေ ။ အကြီးကောင် သူရကျော်ထင် တုန်း က နှင်းနုအေး လို မလွယ်ပေမဲ့ ခက်ခက်ခဲခဲ တော့ မဟုတ်ခဲ့ဘူး ။ လက်သည် က “ အားနည်းနည်း စိုက်ပေး စိုက်ပေး ” လို့ အဲသလို ပြောနေချိန် အားလေး စိုက် တာ နဲ့ အောင်မြင်စွာ ပြီးမြောက် သွားတယ် ။ 


ဒုတိယ မျောက်လောင်း သူရပေါ်ထင် ကျတော့ လည်း ဘာမှ မခက်ခဲဖူး တဲ့ တင်မြင့်အေး ရယ် လေ ။


အခု အသက် လေးဆယ် ကျော် မှ တတိယ မျောက်လောင်းရတနာ ကို ကျတော့ မှ ဆရာဝန် က ဗိုက်ခွဲ မွေးရမယ် လုပ် ရော ။ သူတို့ ရွာ က သူ နဲ့ ရွယ်တူ ၊ သူ့ လောက် မကြီးသူ တွေ က လည်း မြို့ က ဆေးရုံ ကို သွား ပြ ကြရတယ် ။ ရွာ က ဆရာမ က ဆရာဝန် ဆီ လွှဲ လိုက်တော့ ဆရာဝန် က စေတနာ ဗရပွနဲ့ ဗိုက်တစ်လုံး ကို ရေတစ်ပုံးခွဲ လောက် လောင်း ကြရတယ် ။ 


မညိုအေး သမီးလေး က သူ့ အမေ နဲ့ ပါ သွားတာ ကိုး ။ ဒါနဲ့ သူ တွေ့ ခဲ့ရတာ ကို ပြောပြတယ် ။ ခွဲ တာ ငါးမိနစ် တောင် မှ မကြာပါဘူး တဲ့ ။ ဒီလိုပဲ တစ်နေ့ တစ်နေ့ ကို တစ်ဆယ် ၊ နှစ်ဆယ် ထိ ခွဲ သတဲ့ ။ ဒီလောက်တောင် လွယ်တဲ့ ကိစ္စ ကို တစ်သိန်းခွဲ တောင် တောင်း တာ ကတော့ များ လွန်းသလား လို့ တင်မြင့်အေး တစ်ယောက် ကုန်သည် တွက် တွက် နေမိတယ် ။ တစ် ယောက် ကို တစ်သိန်းခွဲ ၊ တစ်နေ့ အယောက် နှစ်ဆယ် ။ ဟာ မလွယ်ပါလား ၊ တစ်လ ကို ရက်ပေါင်း သုံးဆယ် ၊ အဟယ် နည်း လားလို့ ။ 


သူ့ သား အကြီးကောင် သူရကျော်ထင် ကို ဖြစ်ဖြစ် ၊ အငယ်ကောင် သူရပေါ်ထင် ကို ဖြစ်ဖြစ် ဆရာဝန် ဖြစ်အောင် လုပ်ပေးရမယ် ဆိုတဲ့ ကောင်းမြတ်တဲ့ စိတ်ထား မနသီကလေး တင်မြင့်အေး မှာ ဖြစ် လာခဲ့တယ် ။ ဒါမှ ပဒေသာပင် ပေါက် မယ်လေ ။ အကြီးကောင် နှစ်ကောင် ဆရာဝန် မဖြစ်တောင် မှ ဗိုက် ထဲ က အငယ်ဆုံးကောင် တော့ ဖြစ်အောင် လုပ်မယ် လို့ တင်မြင့်အေး ပိုင်းဖြတ် ထားလိုက်တယ် ။


၁၂ ရက် နေ့ ဆေးရုံ တက် ဗိုက်ခွဲ မွေးရမယ် ဆိုတော့ “ အမယ်လေး မတော်လို့ များ ... ” ဆိုတဲ့ တွေးကြောက် စိတ်တွေ ကျော ထဲ စိမ့်ဝင်လာလို့ ကြက်သီးမွေးညင်းတွေ ထ,မိပါပေါ့ လား ။ “ ဟာ ကြောက်စရာ မှ မဟုတ်တာ ၊ သူများတွေ လည်း ခွဲ မွေး နေကြတာပဲ ။ ဘာမှ မဖြစ်ပါလား ” လို့ ကိုယ့် ဘာသာ ကိုယ် အားပေးတယ် ။ ၁၂ ရက် နေ့ ရက်ချိန်း မို့ လို့ မြို့က အစ်ကို့ အိမ် မှာ တည်းခို ၊ ၁၂ ရက် နေ့ မနက် စောစော ဆေးရုံ ကို သွား ၊ အခွဲ ခံ လိုက်ရုံပဲ ။ 


အဲသလိုပဲ စိတ်လှုပ်ရှားစွာ နဲ့ ၁၂ ရက် ကို စောင့်တယ် ။ ၁၁ ရက် နေ့ ညကြီးမင်းကြီး မှာ တင်မြင့်အေး တစ်မျိုးတစ်မည် ဖြစ်လာတယ် ။ ဗိုက် က ရစ်တစ်တစ် နဲ့ ။ အဖော် ခေါ်လာတဲ့ ညီမ ခင်မြင့်အေး ကို “ ခင်မြင့်အေး ထပါဦး ” လို့ နှိုးတယ် ။ “ အအိပ် ပုပ်တာက လည်း လွန်ပါရော ” လို့ စိတ် ထဲ က ပြောပြီး ထပ် နှိုးတယ် ။ ဒီတော့မှ အင့် ---- နဲ့ အသံ ပြုပြီး နိုးလာတယ် ။ 


“ ဘာလဲ အစ်မ ”


“ ငါ ဗိုက် က ရစ်တစ်တစ် ဖြစ်နေလို့ ” 


“ ဟိုးတစ်ခါ က လို ငရုတ်သီး စားလို့ နာ တာများလား မှ မသိတာ အစ်မ က လည်း ဒါများ ”  


“ ခင်မြင့် နင် တော်တော် လျှာရှည်တယ် ” 


“ ဒါဆို ခင်မြင့် ဘာလုပ် ပေးရမလဲ ပြော ၊ အစ်မ မှာ ၁၂ ရက်နေ့ မနက် မှ ဆို ၊ ခု ၁၀ ရက် ပဲ ရှိသေးတာ ” 


“ အစ်ကို့ ကို နှိုးလိုက်ပါလား ” 


ခင်မြင့်အေး အစ်ကို့ ကို နှိုးတယ် ။


အစ်ကို က နိုးလာတယ် ။ ဆေးရုံ သွားရမယ် ဆိုပြီး တော့ ဆိုက်ကား ရှာ ၊ ဆိုင်ကယ်သုံးဘီး ရှာ နဲ့ အချိန် ကုန်ရော ။ ဒီမှာ တင်မြင့်အေး အခြေအနေ က မဟန်တော့ တာ နဲ့ အိမ် မှာ ရှိတဲ့ ယောက်မ လုပ်သူ ကို အကျိုးအကြောင်း ပြော ၊ နေရာတွေ ဘာတွေ လုပ် လို့ ပြီးတောင် မပြီးခင် မှာတင် “ အူဝဲ ... အူဝဲ ” အသံ က တိတ်ဆိတ်တဲ့ ည အမှောင် ကို ဖြိုခွင်း ပစ် လိုက်လေရော ။


ဆေးရုံ မရောက် ဘာ မရောက် နဲ့ သူများ အိမ် မှာ ညကြီးမင်းကြီး အောင်မြင်စွာ ဖွားမြင်လိုက်တယ် ။ မိခင် ရော ကလေး ပါ ကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်း ပါပဲ ။ 


တင်မြင့်အေး တစ်ယောက် ထုပ်ပိုး ထမ်းထားရ တဲ့ ဝန်ထုပ်ဝန်ပိုး နှစ်ထုပ် ပခုံး ပေါ် က ကျ သွားတာကြောင့် ပေါ့ပါး သွားတယ် ။ တစ်ထုပ် က ခက်ခက်ခဲခဲ ခွဲစိတ်မွေးရ မှာ ကို လွယ်လွယ်ကူကူ ချော ချောမွေ့မွေ့ မွေး လိုက်နိုင်တာ ရယ် ၊ နောက် တစ်ခု က ဆရာဝန်ကြီး ကို လောင်းပေးရမယ့် ရေ တစ်ပုံးခွဲ ရယ် ကို လောင်း ပေးစရာ မလိုလိုက်ဘဲ သက်သာ သွားတာရယ်ကြောင့် ဆို ပါတော့ ။ ဆရာဝန်ကြီး ဟာ လွယ်လွယ်ကူကူ မွေးမယ် ဆိုတာ မသိလို့ လား ၊ ဒါမှ မဟုတ် သိသိ နဲ့ များ ... အင်း .. တင်မြင့်အေး တစ်ယောက် စဉ်းစား မရ ဖြစ်နေလေရှာရဲ့ ။ 


◾ အယ်ကော်


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      စက်တင်ဘာ ၊ ၂၀၁၅


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment